Thursday, May 24, 2012

ကိုယ်အလေးချိန်လျှော့ချခြင်းအားပြန်လည်မျှဝေခြင်း


ပုံကိုGoogleမှယူပါသည်


မနှစ်ကဂျူလိုင်၊သြဂုတ်လတွေမှာ ရန်ကုန်ပြန်လည်ရင်း အရင်တုန်းကရိုက်ထားတဲ့ဓာတ်ပုံဟောင်းတွေ ဗီယက်နမ်ကို ယူလာခဲ့သည်…. ပြန်ရောက်ပြီးအတော်ကြာသည်အထိ သတိမရ… သတိရလို့ထုတ်ကြည့်မိတော့ ကိုရွှေယောင်္ကျားကိုခေါ်ပြမိသောအခါ ဓာတ်ပုံကိုသေသေချာချာကြည့်ပြီး မိန်းမရယ်…အဲဒီတုန်းကလှလိုက်တာတဲ့…. သူကပြောပြီး ပြီးသွားပေမဲ့ ကိုယ့်ရင်ထဲမှာ အဲဒီစကားကတင်ကျန်နေခဲ့သည်… အခုတော့မလှတော့ဘူးဆိုတဲ့သဘောလားစဉ်းစားရင်း ဓာတ်ပုံကိုပြန်ကြည့်မိသည်… မျက်နှာပေါ်မှာဘာမှ သိပ်ထူးထူးခြားခြားပြောင်းလဲတာမရှိ… ပြောင်းလဲတာက ကိုယ်လုံး… ဓာတ်ပုံထဲမှာ ၄၈ကီလိုလောက်ဘဲရှိသည့်ကိုယ်က သတိထားမိချိန်မှာ၆၄ကီလိုဖြစ်နေပြီ….

အဲဒီကစ ကိုယ့်ကိုကိုယ်သတိပေးလိုက်တာက ငါဝိတ်ချမှဖြစ်တော့မယ်လို့… ဝိတ်ချဘို့စဉ်းစားမိတော့ အထူးတလည်ကြိုးစားဖို့တော့မလိုပါ… ဖတ်ထားခဲ့ဖူးသော စာအုပ်များထဲမှ အချက်အလက်တချို့ကို မှတ်မိနေဆဲမို့… မှတ်မိသမျှထဲမှ အစားလျှော့ဖို့ရယ်… အစားလျှော့ရင်းလေ့ကျင့်ခန်းပါတွဲလုပ်ရန်ဖြစ်သည်…. နဂိုကအစားမက်သူမို့ အစားလျှော့ဖို့ခက်မည်ဟု ကိုယ့်ကိုကိုယ်ထင်ထားခဲ့ပေမဲ့ ပိန်ချင်တဲ့စိတ်ကပြင်းပြနေလေတော့ စိတ်ကိုထိန်းနိုင်ခဲ့ပါသည်….ဘယ်လိုပြန်ပိန်သွားလဲဆိုတာလေး shareပေးပါဆိုတဲ့ညီမငယ်သက်မာအတွက် မခက်ခဲတဲ့ကျမရဲ့ဝိတ်ချနည်းလေးကို မျှဝေလိုက်ပါတယ်….

ပထမတစ်ရက်နှစ်ရက်မှာ မနက်စာနှင့်နေ့ခင်းစာကိုဘဲစားပြီး ညစာလုံးဝမစားဖို့ဆုံးဖြတ်ထားခဲ့ပေမဲ့ ညဘက်တွေမှာ ဗိုက်အရမ်းဆာပါတယ်……. နောက်နေ့တွေမှာ ညစာအချိန်ကို လိမ္မော်ရည်သောက်ပြီးဘာမှမစားဘဲနေကြည့်ပါတယ်…… ဗိုက်ဆာတိုင်း လိမ္မော်ရည်ကို ဖန်ခွက်အသေးလေးနှင့်တခွက်သောက်ပါတယ်…. သကြားမပါတဲ့၁၀၀%လိမ္မော်ရည်ဖြစ်ပါတယ်….…..မနက်စာကိုမနက်ကိုးနာရီလောက်မှစားပြီး နေ့လည်စာကိုနေ့ခင်း၂နာရီလောက်မှစားပါတယ်….ညဘက်မှာလိမ္မော်ရည်သောက်ပါတယ်..….လမ်းလျှောက်လေ့ကျင့်ခန်းကို တနေ့တနာရီလုပ်ပါတယ်…… စက်ဖြင့်လျှောက်ခြင်းဖြစ်ပြီး တခါတလေ ကျမနေတဲ့ခြံဝင်းထဲမှာဘဲ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ပါတယ်..…. နှစ်လကျော်ကျော် သုံးလနီးပါးတွင် ၅၈ကီလိုသို့ပြန်ကျသွားခဲ့ပါတယ်…… ကျမအသက်အရွယ်အရ ဓာတ်ပုံထဲကလို၄၈ကီလိုဖြစ်အောင်ထိတော့ ဝိတ်မချချင်ပါ…. ဝပြီးမှအရမ်းပိန်သွားရင် အသားအရည်တွေတွန့်ကုန်မှာစိုးတာမို့ ၅၈ကီလိုဟာ ကျမအရပ်၁၆၃စင်တီမီတာနဲ့ အနေတော်ဘဲလို့ယူဆပြီး ၅၈ကီလိုကနေ ထပ်မတိုးအောင်ဘဲ ထိန်းနေပါတော့တယ်…. အခုကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန်ရပြီးတဲ့အခါမှာ ကျမညစာပြန်စားပါတယ်… ညစာကို အသီးအရွက်တွေဘဲစားပါတယ်… သုတ်စားဖြစ်တာများပါတယ်… မြန်မာလို သုတ်စားဖြစ်တဲ့အခါမျိုးမှာ ဆီချက်မထည့်ဘဲ အကြမ်းသုတ်စားပါတယ်… ဥရောပစတိုင်စားဖြစ်ရင်လဲ သံလွင်ဆီနဲနဲနဲ့ ရှာလကာရည်ပိုထည့်ပြီး သုတ်စားပါတယ်… လမ်းလျှောက်လေ့ကျင့်ခန်းလဲဆက်လုပ်နေပါတယ်…အခုထိတော့ ၅၈ကီလိုကိုထိန်းထားနိုင်တာ ၆လလောက်ရှိပါပြီ… ဒီထက်ဝမလာအောင်ထိန်းနေတုန်းပါဘဲ…

(ဖေ့ဘွတ်ကညီမလေးသက်မာရဲ့အမေးကိုဖြေရင်း တခြားသူငယ်ချင်းတွေအတွက်လဲ အသုံးဝင်မလားလို့စိတ်ကူးရင်း ဘလော့ပို့စ်အနေနဲ့ဘဲရေးလိုက်ပါတယ်… )

15 comments:

  1. ဒီနည်းက ရိုးရိုးလေးနဲ့ ထိရောက်တယ်နော်၊ ဝိတ်ချနည်းတွေ အများကြီး ရှိပေမယ့် အဓိက,က ဇွဲနဲ့ ရေရှည်ကို လုပ်သွားဖို့ပဲလို့ ထင်ပါတယ်၊ ကျနော်လည်း ဒီတစ်ခေါက် မြန်မာပြည်သွားတာ အတော်လေး ဝိတ်တက် လာတယ်ဗျ..။း)

    ReplyDelete
  2. ၀ိတ်ချနည်းလေး ရသွားပြီ ကျေးဇူးပါနော်

    ReplyDelete
  3. ရိုးရှင်းပြီး မလုပ်နိုင်စရာ မရှိတဲ့နည်း...။
    မနက်ဖြန် စ၍ ကြိုးစားကြည့်မည်။

    ReplyDelete
  4. ကြိုးစားကြည့်ပါမယ်။အသက်ကလည်းရလာ၊လူကလည်းဝလာဆိုတော့လူပါလေးလံ
    ထိုင်းမှုင်းလာပါတယ်။

    ReplyDelete
  5. အိမ်မက်လဲ ဝိတ်ချမလို့ ကွတ်တိပဲ...
    ဗိုက်ကြီးပဲ အဆီချ ချင်ရင်ရော..ဘယ်လိုလုပ်ရမလဲ ဟင်

    အိမ်မက်စေရာ

    ReplyDelete
  6. ရိုစ်..ကျေးဇူး။ တို့ လည်း လုပ်ဦးမယ်။

    လသာည

    ReplyDelete
  7. သူငယ်ချင်းရေ.... ရန်ကုန်မှာတော့ ချဘို့ တော်တော် မလွယ်တာတော့.... ခုတော့ နဲနဲ ပြန်ကျနေတယ်.... ရန်ကုန်ရောက်ရင် ပြန်ဝမယ်ထင်တယ်.... လေ့ကျင့်ခန်းတော့ လုပ်မှ ရမယ်.... အိမ်မှာ ကက်ဆက်ဖွင့်ပြီးတော့ ဖြစ်ဖြစ် ကမယ်.... အနည်းဆုံးတော့ စိတ်ရွှင်လန်းမှာပဲနော်....

    ReplyDelete
  8. ကောင်းလိုက်တာ ညီမ...
    အမတော့ ပျင်းနေတာနဲ့ လမ်းမလျှောက်ဖြစ်တာတောင် ကြာပြီ... ကီလိုက မတက်လာပေမယ့် လူက အဆီတွေ တက်လာသလို ခံစားရတယ်... နည်းနည်းတော့ ပြန်ချမလား စဉ်းစားမိတယ်... ညီမ စာ ဖတ်လိုက်တာ အဖေါ်ရှိသွားသလို ခံစားရတယ်... အဟိ..

    ReplyDelete
  9. သဘောကျသွားပြီ..
    ဟုတ်တယ် ညစာမစားရင် ဗိုက်အရမ်းဆာတာဘဲ.. မနေနိုင်တော့ စားမိပြန်ရော..
    ကိုယ့်ကိုယ်ကို 60 kg တော့ အသာလေးရှိတယ်ထင်မိတယ် ..
    လျှော့ဦးမှပါနော်

    ReplyDelete
  10. လက်တွေ့ ကျတာလေးကို အတွေ့ အကြုံ နဲ့ ဖေါ်ပြပေးတာအလွန်ကောင်းပါတယ်။

    ReplyDelete
  11. အခုလို ဝိတ်ပြန်ကျ သွားတော့ အစ်ကိုက ဘာပြောသေးလဲ အစ်မ... စပ်စုသွားပါသည်...

    ReplyDelete
  12. ကျေးဇူးပါ အမ
    အမဝိတ်ကျတာသိသိသာသာပဲ၊ဘာဖြစ်လို့ လဲဆိုတော့ အမဘလော့ ကို စဖတ်ကာစကအမတင်ထားတဲ့ profile (မျက်နှာလေးပဲလေ)ပုံက ဝနေတယ် ခုFB မှာရော၊သင်္ကြန်ရေကစားပုံတွေရောကအရမ်းslimပြီးပိုငယ် သွားပြီ။
    အားကျတယ်အမရိုးရှင်းပြီးထိရောက်တယ်သက်မာကြိုးစားကြည့် ဦးမယ်။

    ReplyDelete
  13. အားကျလိုက်တာ ဖေါဖေါရယ် ...
    အားသာကျတာ ..ပါးစပ်ကြီးက ညစာ ရော ညလယ်စာရော မစားပဲ မနေနိုင်လို့ ဝိတ်မကျတဲ့ အပြင် တက်တက် နေတယ် .. ညဘက် ပြေး ပြေး ပြီး ပြန်လာရင် စားနေတော့တာပဲလေ ..
    အားတင်းပြီး လုပ်ကြည့်အုံးမယ် .. ခုလောလောဆယ် မှာတော့ BMI 28 ဖြစ်နေပြီ ဟီးဟီးး

    ကိကိ

    ReplyDelete
  14. ခုတော့ ဝိတ်ချဖို့  မလိုသေးပေမယ့် လိုအပ်ရင်ချဖို့  ဖတ်သွားတယ် အမ..နည်းလေးက ရှင်းရှင်းလေးနဲ့  ထိရောက်တယ်...

    ReplyDelete
  15. လမ်းလျှောက်လေ့ကျင့်ခန်းကတော့ တကယ့်ကို ထိရောက်တယ် နော်ဖောရေ။ တီတင့်တို့ ညီအစ်မနှစ်ယောက် မနက်တိုင်းလမ်းလျှောက်တဲ့ အလေ့အကျင့်ရှိလို့ထင်တယ် ဝိတ်အတက်အကျ မရှိသလောက်ပဲ။ မျှဝေပေးတာလေး ဖတ်မှတ်သွားတယ်နော်။ ကျေးဇူးပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete