Wednesday, December 9, 2009

ခရစ္စမတ်စ်အကြို


အခါတိုင်းတော့ ခရစ္စမတ်သစ်ပင်ကို အစိမ်းရောင်ဘဲသုံးဖြစ်ပါတယ်... ဒီနှစ်တော့ သမီးလေးက ခရမ်းရောင်ဝယ်ပေးဘို့ပူဆာတယ်... ကျမကတော့ ခရစ္စမတ်စ်သစ်ပင်ကို အဲလိုသဘာဝမကျတဲ့ အရောင်ကြီး မလိုချင်ဘူး... ဒါနဲ့ဘဲ သမီးလေးနဲ့ညှိရင်း အဖြူရောင်နဲ့ သဘောတူသွားကြတယ်.... ဒီနှစ်အခါတိုင်းလို အိမ်တောင်သိပ်မရှင်းဖြစ်ဘူး... အရင်နှစ်တွေဆို နိုဝင်ဘာလနောက်ဆုံးပတ်မှာ အိမ်ရှင်းတယ်.... အဝတ်အဟောင်းတွေကို မိဘမဲ့ကျောင်းကိုလှုတယ်.... အားလုံးရှင်းပြီးမှဘဲ ဒီဇင်ဘာလပထမပတ်မှာ ခရစ္စမတ်စ်သစ်ပင်ကို အလှဆင်တယ်.... ဒီနှစ်ခရစ္စမတ်တော့ ရန်ကုန်ပြန်မှာမို့ရော... သိပ်မအားတာရောကြောင့် အိမ်ကောင်းကောင်းမရှင်းဖြစ်ဘူး... အဝတ်ဟောင်းတွေတောင် မသယ်နိုင်လို့ နိုင်သလောက်လေးဘဲသယ်သွားပြီးလှုရတယ်... ငယ်ငယ်တုန်းကတော့ ဒီလိုအချိန်ဆို မောင်နှမတွေ အရမ်းပျော်ကြတဲ့ အချိန်ပေါ့.... ဖေဖေက လုပ်အားခထဲက ၁၀ပုံ၁ပုံ ဖယ်ထားတဲ့ ဆယ်ဖို့တစ်ဖို့ စုဗူးကြီးကိုဖောက်ပြီး ဘုရားကျောင်းက ဆရာတွေကိုလှုဖို့ စာရင်းလုပ်... ရပ်ကွက်ထဲက ခလေးတွေ ဘယ်နှစ်ယောက်ရှိလဲ စာရင်းကောက်ပြီး လက်ဆောင်ဝယ်ဘို့ သိမ်ကြီးဈေးကိုသွားကြတယ်.... ဒီဇင်ဘာလရောက်တိုင်း ကိုယ်တို့မောင်နှမတွေနဲ့ မခေါ်တဲ့ သူငယ်ချင်းတွေက ကိုယ်တို့ကို အတင်းပြန်လိုက်ခေါ်တယ်... ခရစ္စမတ်လက်ဆောင်မရမှာစိုးလို့လေ... ဒါပေမဲ့ ဖေဖေက အိမ်နားက ခလေးတွေအကုန်လုံးကို အတူတူပေးနေကျပါ.... ပြီးတော့ ဘုရားကျောင်းမှာဆိုဘို့ ခရစ္စမတ်စ်သီချင်းတွေ စပြီးလေ့ကျင့်ချိန်ပေါ့... ဖေဖေက ဂစ်တာတီး မေမေနဲ့ ကျမတို့မောင်နှမတွေက သီချင်းဆို... သိပ်ကိုပျော်စရာကောင်းခဲ့တာပေါ့.... အခုတော့ ဒီလိုအချိန်တွေ ပြန်မရနိုင်တော့ဘူး.... ဒီဇင်ဘာဟာလွမ်းဆွတ်စရာတွေအပြည့်နဲ့.....

ဒါပေမဲ့ ဒီနှစ်တော့ အရင်နှစ်တွေလိုမလွမ်းရတော့ဘူး... နောက်တစ်ပတ်ဆိုရန်ကုန်ပြန်တော့မယ်... မိသားစုတွေနဲ့ အတူခရစ္စမတ်စ်ကို ဆင်နွှဲရတော့မယ်... တွေးရင်းပျော်နေတယ်... ဘလော့ဂါသူငယ်ချင်းတွေ ဘလော့လာလည်နေကျ မောင်နှမတွေကို နှုတ်ဆက်လိုက်ပါတယ်နော်.... ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်စ်ဖြစ်ပါစေ.....

Thursday, December 3, 2009

ဗီယက်နမ်မှာ(၆)


(ဟိုချီမင်းမြို့လမ်းမတစ်နေရာ........ ဟိုချီမင်းမှာ ကားလမ်းတွေက အဲလိုပိတ်ပါတယ်)

ဆရာဝန်ဆီကနေဒီလိုကြားလိုက်ရတော့ ခဏတော့မှင်သက်မိသွားတယ်…. အဓိကကတော့ လေထုညစ်ညမ်းမှုပေါ့… ကျမသူငယ်ချင်းတစ်ယောက်ရဲ့သားလေးလဲ အဲလိုဖြစ်သေးတယ်… ဒါနဲ့သိပ်မကြာခင် ဟိုချီမင်းမြို့ထဲကနေ မြို့စွန်ဘက်ကိုပြောင်းနေလိုက်တော့ ခလေးက သက်သာသွားတယ်ပြောပါတယ်… ကျမအနေနဲ့ကတော့ လက်ရှိနေတဲ့နေရာက ခင်ပွန်းအလုပ်လုပ်ရာနေရာဆိုတော့ သူများလို အိမ်ပြောင်းနေလို့လဲမဖြစ်ပါဘူး… ရန်ကုန်ပြန်နေရင်ကောာင်းမလား စိတ်ကူးမိပေမဲ့ ခလေးတွေကိုလဲ ဖခင်နဲ့ ခွဲမနေစေချင်ပါဘူး…. ကျမရဲ့ခလေးတွေကို မိခင်မေတ္တာရော ဖခင်မေတ္တာပါ နီးကပ်စွာ နွေးထွေးစွာရရှိစေချင်ပါတယ်…. ဒီတော့ ကာကွယ်ဘို့ဘဲပြင်ဆင်ကြပါတယ်…. လိုအပ်တာတွေမှန်သမျှအိမ်မှာ အဆင်သင့်ရှိနေဖို့ဆောင်ထားတယ်… အရေးပေါ်ကာကွယ်နည်းကို သိသွားပြီဖြစ်တဲ့အပြင် ကာကွယ်စရာပစ္စည်းတွေလဲ ရှိနေပြီမို့ နောက်တခေါက်ဒီလိုမဖြစ်တော့မှာလဲ သေချာသလောက်ရှိနေပြီ… ဆရာဝန်ကလဲ ဖုန်းဆက်ခေါ်တိုင်းလာပါတယ်… ကျမတို့ သိပ်စိုးရိမ်တတ်မှန်းသိတော့ ဘယ်တော့ခေါ်ခေါ်အမြဲအရောက်လာတဲ့အပြင် ချက်ချင်းမလာနိုင်တဲ့ အခါ ဖုန်းထဲကနေလှမ်းမေးပြီး ခလေးကို ဘာဆေးဘယ်လောက်တိုက်ထား… ဘယ်လိုလုပ်ထားဆိုတာမျိုးတွေ ပြောပြပေးပါတယ်…. အဲဒီဆရာဝန်မဟာ ကျမတို့မိသားစုအတွက်တော့ ဘုရားသခင်လွှတ်လိုက်တဲ့ ကောင်းကင်တမန်ပါဘဲ…. အခုနောက်ပိုင်း သားလေးလဲ တော်တော်ကျန်းမာနေပါပြီ်…. အခုတော့လည်ဲး ဗီယက်နမ်မှာနေရတာ တော်တော်နေသားကျနေပါပြီ…. ပျော်ရာမှာ မနေရ တော်ရာမှာ နေရ ဆိုတဲ့ စကားဟာ ကျမအတွက် တော်တော်လေး အဓိပ္ပါယ်ရှိပါတယ်…. တော်ရာမှာနေရင်း ပျော်အောင်ကြိုးစားရတာလည်း ရင့်ကျက်မှုတွေတိုးပွားစေပါတယ်…. အဆင်မပြေတာတွေ ကြုံလာရတဲ့အခါတိုင်း တခါတလေလဲ ဖြစ်တတ်ပါတယ်လေ လို့ လျှော့တွေးလိုက်တာပါဘဲ…. ရိုင်းပျစွာဆက်ဆံခံရတဲ့ အခါလဲ သူတို့ အတွက်ဒါဟာရိုင်းတယ်လို့ မထင်တဲ့ အပြုအမူဖြစ်နေမှာပါလေလို့ ဖော့တွေးပေးလိုက်တယ်…. ရောက်တဲ့ အရပ်မှာ ပျော်အောင်နေတတ်ဘို့ ဘဝတက္ကသိုလ်ကြီးက သင်ကြားပေးလိုက်ပြီ……..
အခုတော့ ကျမတို့ မိသားစုတွေ ဗီယက်နမ်မှာနေရတာ ပျော်နေပါပြီ…….. ဆက်နေရမဲ့ နောက်ပိုင်းကာလများမှာလည်း ပျော်နေမှာသေချာတဲ့ ယုံကြည်ချက်တွေနဲ့ ဗီယက်နမ်မှာကြုံခဲ့ရတဲ့ ကျမရဲ့ အတွေ့အကြုံတွေ အကြောင်း “ဗီယက်နမ်မှာ” ကို နိဂုဏ်းချုပ်လိုက်ပါတယ်…. ဗီယက်နမ်မှာနေနေရဆဲမို့ နောက်ပိုင်းတွေမှာ အကြောင်းအရာအလိုက်ဘဲ ခေါင်းစဉ်တပ်ပြီးရေးသွားပါမယ်…. ကျမရဲ့ “ဗီယက်နမ်မှာ” ကို အပိုင်း၁ကနေ နောက်ဆုံး အပိုင်း၆ အထိ အမြဲ လာရောက် ဖတ်ရှုကြတဲ့ ဘလော့ဂါမောင်နှမများ ဘလော့လည်သူမောင်နှမများ အားလုံးကို အထူးဘဲကျေးဇူးတင်ပါတယ်… အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်……..

Monday, November 30, 2009

ညီမငယ်ရုံလေးအတွက်(မြှုးသျှရီ)

ဒီနေ့မနက် အသစ်တက်လာတဲ့ ညီမငယ် မြုးသျှရီရဲ့ ပို့စ်ကို ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်.... မနေ့ကတင်တဲ့ ပို့စ်လေးကို comment ပေးမရထဲက မနက်ဖြန်မှဘဲ ပေးတော့မယ်လို့ စိတ်ကူးထားခဲ့တာ... ဒီမနက်ကျမှဘဲ တမင်ဖြုတ်ထားလိုက်မှန်းသိရတယ်.... ကျန်းမာရေးမကောင်းတဲ့ ညီမငယ်လေးဟာ ထိခိုက်ခံစားလွယ်သူရယ်လို့ အကဲခတ်မိပြီးသားပါ.... comment တွေမှာ Cbox မှာ ချစ်စရာကောင်းအောင် ခလေးဆန်ဆန် ချွဲချွဲနွဲ့နွဲ့လေး comment ရေး နှုတ်ဆက်တတ်တဲ့ ညီမငယ်လေးကို လူမမြင်ဖူးပေမဲ့ သံယောဇဉ်တွယ်နေမိတာ.... အခုလို ရုံလေးတစ်ယောက် ဘလော့ကိုပါခွဲခွါတော့မယ်ဆိုတော့ အံ့သြမိသလို စိတ်မကောင်းလဲဖြစ်မိတယ်... ဘယ်သူတွေကများ ချစ်စရာကောင်းတဲ့ ရုံလေးကို ဒီလောက်ထိ စိတ်ထိခိုက်အောင် လုပ်လိုက်ကြတာလဲ?
ပြောလိုက်တဲ့သူက ပြောပြီးရင်ပြီးသွားပေမဲ့ ခံလိုက်ရတဲ့သူက တစိမ့်စိမ့်နာကျင်နာကျင်ခံစားနေရမှာ.... ဘာကြောင့်များသူများကိုနစ်နာစေရတာလဲ? အဝေဖန်ခံနိုင်သူ ခေါင်းမာသူတွေအဖို့ (ဥပမာကျမပေါ့)ဘာမှမဖြစ်လောက်ပေမဲ့ ထိခိုက်ခံစားလွယ် ဝမ်းနည်းတတ်သူအဖို့က ခံနိုင်ရည်မရှိဘူးလေ.... ကျမရေးတဲ့ စာတွေအပေါ်မှာလည်း တခါတလေ အမည်မသိဆိုတဲ့နာမည်နဲ့ အပေါ်ယံဖတ်ပြီး ဟော့ရှော့လုပ် ဝေဖန်သွားသူတွေ ရှိပါတယ်.... မြန်မာလိုတောင်မရေးနိုင်ပါဘူး.... E လိုခွပ်သွားတာပါ.... ဒါပေမဲ့ ကျမ မမှုပါဘူး.... comment အားလုံးကို ကျမတန်ဖိုးထားပါတယ်.... ဒီလိုရေးတဲ့သူရှိလာတော့ ကိုယ့်ဘလော့ကိုလာလည်တဲ့ သူတွေမှာ ခင်လို့လာလည်တဲ့ ဘလော့ဂါတွေ စာဖတ်ဝါသနာပါသူတွေအပြင် အပြစ်ရှာပြီး ခနဲ့ဖို့ လာဖတ်သူလဲရှိတတ်တယ်ဆိုတာ သတိထားမိသွားခဲ့ပါတယ်... အဲဒီအတွက် အမည်မသိ ဝေဖန်ခနဲ့သွားသူတွေကို ကျေးဇူးတင်ပါတယ်...
ဒါပေမဲ့ ညီမငယ်ရုံလေးဟာ ခလေးဆန်စွာ ချစ်စရာကောင်းပြီး စိတ်ထားဖြူသူလေးပါ... သူကျန်းမာရေးမကောင်းတာရော... ဝမ်းနည်းလွယ်တာ ထိခိုက်ခံစားလွယ်တာ သူ့ကိုချစ်တဲ့ ဘလော့ဂါမောင်နှမတွေ သိကြပါတယ်... သူရေးတဲ့ ဟင်းချက်နည်းလေးတွေဟာ တခါတလေ အဆန်းလေးတွေမို့ သူ့ဘလော့မှာ အသစ်တင်တိုင်း ကျမမှာ အပြေးအလွှား သွားကြည့်ရတာ... အခုတော့ သူဘလော့ကို ပိတ်ပစ်လိုက်တော့မယ်တဲ့ ... comment လဲရေးလို့မရ... Cbox လဲမရှိတော့ပါ.... ညီမငယ်ရုံလေးကို အဲလောက်တောင် စိတ်ဆင်းရဲ စိတ်ထိခိုက်အောင် လုပ်လိုက်တဲ့ သူဘယ်လိုများနေမလဲ? ပျော်နေမှာလား.... ကိုယ့်အမှားကိုသိပြီး တောင်းပန်မှာလားမသိပေမဲ့ ကျမတော့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်... ညီမငယ်ရုံလေးရေ... ပြန်စဉ်းစားပါဦးလားလို့ ဒီပို့စ်လေးကနေ ပြောချင်ပါတယ်.... ညီမငယ်လေး ကို ချစ်တဲ့ ဘလော့ဂါတွေ အများကြီးရှိနေသေးတာ... ညီမငယ်လေးကို အားပေးကြမဲ့ အားပေးကြတဲ့ သူတွေ ရှိနေသေးတာ ညီမလေးသိရင် ညီမလေး ခံစားနေရတဲ့ နာကျင်မှုတွေ လျှော့ပါး ပျောက်ကွယ်သွားပါစေလို့ ရည်ရွယ်ရင်း ဒီပို့စ်လေးကိုရေးလိုက်ပါတယ်...

Friday, November 27, 2009

နားလို့ဝပြီ




ခုတစ်လော ခလေးနှစ်ယောက်က တစ်လှည့်စီ နေမကောင်းဖြစ်ကြတယ်... ရာသီဥတု အကူးအပြောင်းကြောင့်ပါ... ကျောင်းတွေလဲ တစ်ပတ်မှာ တစ်ယောက်တော့ ပျက်ရတာ နှစ်ပတ်ဆက်တိုက်ရှိပြီ... အခုသူတို့နှစ်ယောက်လုံးနေပြန်ကောင်းသွားတော့ ကျမအလှည့်ရောက်ရော.... အသံက လဲဝင်ပြီး စကားကောင်းကောင်းပြောမရ... ဘာလုပ်လုပ်စိတ်တိုင်းမကျဖြစ်နေရတယ်... အဲဒါကြောင့် ခဏနားလိုက်တာပါ... ခုတော့နားလို့ဝသွားပါပြီ... ဘလော့လေးကို ပစ်ထားမိသလိုဖြစ်သွားတဲ့အတွက် လာလည်သွားတဲ့မောင်နှမများကိုတောင်းပန်ပါတယ်.... သတင်းမေးကြတဲ့ မောင်နှမများကိုလည်း ကျေးဇူးအထူးတင်ပါတယ်.... နောက်တစ်ပတ်ဆို ပို့စ်လဲပုံမှန်ပြန်တင်ပါတော့မယ်.... သမီးနဲ့သားလည်း ကျန်းမာပျော်ရွှင်စွာနဲ့ Game Centerတွေ ကျောင်းပိတ်ရက်တိုင်း ပြန်သွားနိုင်တော့မှာပါ... ပုံထဲက Game Centerက Big C စူပါမားကတ် အပေါ်ထပ်မှာဖွင့်ထားတာပါ... သမီးနဲ့သား ခဏခဏ သွားနေကျနေရာလေးပေါ့ (ဆားချက်တယ်ဘဲ သဘောထားကြပါနော်)


Thursday, November 19, 2009

ခဏနားမယ်

လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ပါတယ်... အခုတလော မအားပါဘူး... ဒါကြောင့် ဒီတပတ်ကျမ ဘလော့ကနေ ခဏလောက် အနားယူမဲ့ အကြောင်း သူငယ်ချင်းများအားလုံးကို အသိပေးပါတယ်...
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေရှင်...

Wednesday, November 11, 2009

ဆီထမင်းနှင့်အာဗြဲခြောက်ကင်

လက်ဖက်ရည်


ဆီထမင်းနှင့်အာဗြဲခြောက်ကင်

ဗယာကြော်၊ ဝက်သုံးထပ်သားသုတ်


ကော်ပြန့်စိမ်းလိပ်ရန်အစာပလာများ



ကော်ပြန့်စိမ်းနှင့်အချဉ်


တစ်နေ့က မနက်မိုးလင်းအိပ်ယာထချိန် ဆီထမင်းစားချင်စိတ်ပေါက်တာနဲ့ ကောက်ညှင်းဆန်လဲ အဆင်သင့်ရှိလို့ ဆီထမင်းချက်စားဖြစ်တယ်... ရန်ကုန်က လူကြုံပေးလိုက်တဲ့ အာဗြဲခြောက်ကင်လေးနဲ့တွဲစားတာကောင်းမှကောင်း...ပြီးတော့ လက်ဖက်ရည်သောက်ချင်တာနဲ့ Tea Mix ဖျော်သောက်တယ်... ပြင်းပြင်းလေးကြိုက်လို့ နှစ်ထုတ်ကို ရေနွေးတစ်ခွက်စာဘဲထည့်တယ်... နို့ဆီ tea spoon တစ်ဇွန်းလောက်ထည့်လောက်တော့ ကောင်းလိုက်တာ... ရန်ကုန်မှာ ဆိုင်ထိုင်သောက်တဲ့ အရသာနဲ့ အတူတူဘဲ... နေ့ခင်းကျတော့ ဗယာကြော်စားချင်စိတ်ပေါက်လာလို့ ကုလားပဲကို နှစ်နာရီလောက်ရေစိမ်... ပြီးတော့ blender နဲ့ကြိတ် ...ဆားရယ် ဂျင်းနဲ့ကြက်သွန်ဖြူထောင်းထားတာရယ် ထည့်နယ်ပြီး ကြော်ပါတယ်... ထမင်းစားခါနီးကျတော့ ဝက်သားသုံးထပ်သားဟင်းချက်ပြီးသားရှိပေမဲ့ ဒီတိုင်းမစားချင်တော့လို့ အတုံးတွေကို ပါးပါးလှီး... သခွါးသီးပါးပါးလှီး ပြီး ငံပြာရည်၊ပဲမှုန့်၊ဆီချက်၊အချိုမှုန့်၊ငရုတ်သီးစိမ်းတို့နဲ့ရောပြီး သုတ်စားလိုက်တယ်....ကော်ပြန့်စိမ်းကတော့ တလောကသူငယ်ချင်းတွေစုပြီးလုပ်စားတာပါ... မောင်နှမတစ်ချို့တောင်းဆိုလို့လုပ်နည်းလေးရေးပေးမလို့ပါ... ဒီမှာကော်ပြန့်စိမ်းလုပ်တဲ့ အဖတ်တွေကို မုန့်ဟင်းခါးဖတ်ရောင်းတဲ့ဆိုင်မှာ ဝယ်လို့ရပါတယ်...အထဲမှာထည့်တဲ့ အစာတွေက မုန်လာဥနီ၊မုန်လာဥဖြူ၊ပဲပြား၊ဂေါ်ဖီနဲ့ ဝက်သားတွေပါ.... မုန်လာဥနီ၊မုန်လာဥဖြူနဲ့ ဂေါ်ဖီတွေကို ပါးပါးလှီးပြီး တစ်ခုချင်းစီကြော်ရပါတယ်... ပဲပြားကိုတော့ အချပ်လေးတွေရအောင်ကြော်ပြီးမှ ပါးပါးပြန်လှီးပါတယ်... ဝက်သားကိုလဲ ပြုတ်ပြီးမှ ပါးပါးလှီးတာပါ(ဝက်သားမစားရင် ကြက်သားကိုပြုတ်ပြီး အသားနွှင်ထည့်၊သက်သက်လွတ်ဆိုရင် ပဲပြားနဲ့ဘဲပေါ့)... အားလုံးအဆင်သင့်ဖြစ်ရင် တစ်ခုချင်းကြော်ထား လှီးထားတာတွေကို ဇလုံတစ်ခုထဲမှာ အကုန်လုံးရောသွားအောင် ထည့်မွှေပါတယ်.. မွှေလို့ပြီးရင် ကော်ပြန့်စိမ်းလိပ်စားဖို့အဆင်သင့်ဖြစ်ပါပြီ.... ဆလပ်ရွက်၊ကြက်သွန်မိတ်တို့နဲ့ရောစားပါတယ်... အချဉ်က ရန်ကုန်ကသယ်လာတဲ့ငရုတ်ဆီပါ... ငရုတ်ဆီထဲကို ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းထောင်းတာရယ်... သကြားအနဲငယ်၊ဆားအနည်းငယ် နဲ့ မန်ကျည်းသီးအနှစ်အနည်းငယ်ရောထည့်ပြီးဖျော်ပါတယ်... ကော်ပြန့်စိမ်းလုပ်စားရတာ အရမ်းလွယ်ပါတယ်...
လာလည်သူမောင်နှမများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...

Thursday, October 29, 2009

ဗီယက်နမ်မှာ(၅)

(ရှစ်လအရွယ်သားငယ်)


၂၀၀၃ခုနှစ်ကနေ၂၀၀၅ခုနှစ်အတွင်း ဗီယက်နမ်မှာ နေခဲ့ရတဲ့ အချိန်တွေဟာ ကျမအတွက် အပျော်ဆုံးအချိန်တွေ လို့ပြောလို့ရပါတယ်.... ဆွေမျိုးတွေလို ရင်းရင်းနှီးနှီး ဆက်ဆံလို့ရတဲ့ မြန်မာလူမျိုး သူငယ်ချင်းတွေရခဲ့တယ်... အိမ်နီးနားချင်းသူငယ်ချင်းတွေထဲက ပြင်သစ်အမျိုးသမီးတစ်ယောက်၊ဖိလစ်ပိုင်သူတစ်ယောက်နဲ့ ဗီယက်နမ်သူငယ်ချင်းတစ်ယောက် တို့ဟာလဲ သိပ်ကိုခင်စရာကောင်းပါတယ်.... သူငယ်ချင်းတွေစုပြီး နေ့လည်စာထွက်စားကြတိုင်း သမီးလေးကို အိမ်ဖော်နဲ့ မထားရက်တဲ့ အတွက် ကျမသွားလေရာ သမီးလေးပါစမြဲ.... ကျမသူငယ်ချင်းတွေကြားမှာ သမီးလေးကတော့ ပျော်လို့.... တစ်အုပ်လုံးမှာ ခလေးခေါ်လာသူဆိုလို့ ကျမတစ်ယောက်ထဲ ရှိပေမဲ့ နားလည်ပေးကြပါတယ်.... တစ်နေ့တော့ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဂျပန်အမျိုးကမီးက ကျမကိုထုတ်ပြောပါတယ်... အရင်တုန်းက ကျမကိုသွားလေရာ ခလေးတန်းလန်းခေါ်လာလို့ သူ့စိတ်ထဲထူးဆန်းနေမိတယ်တဲ့.... အခုတော့ သူက ကျမလာရင် ခလေးမခေါ်လာမှာတောင်စိုးမိတယ်တဲ့.... အဲဒီနှစ်တွေအတွင်းမှာ ဒီဇင်ဘာလရောက်တိုင်း ရန်ကုန်ကို အလည်ပြန်ကြပါတယ်.... သမီးလေးရဲ့ မွေးနေ့ကို ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ ကျင်းပပေးချင်တာရော.... ဒီဇင်ဘာမှာ ကိုယ့်ရဲ့မိခင်အသင်းတော်မှာဘဲ ဘုရားပြန်ရှိခိုးချင်တာတွေကြောင့် နှစ်တိုင်း တစ်လလောက်တော့ ပြန်လည်ဖြစ်တယ်.... အချိန်တန်လို့ ဗီယက်နမ်ပြန်တော့မယ်ဆိုရင် သမီးလေးက လေဆိပ်မှာ ဘယ်လိုမှ ချော့မရအောင် အသည်းအသန်ငိုတယ်.... နဂိုက သမီးလေးကို မျက်နှာတစ်ချက် အပျက်မခံဘဲ အရိပ်ကြည့်နေခဲ့သူမိခင်တစ်ယောက်အနေနဲ့ ကျမ အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်... သမီးလေးကို အမျိုးမျိုးချော့ရင်း ကျမလဲ မျက်ရည်ကျရပါတယ်.... ဟိုမှာ အပေါင်းအသင်းတွေ ဘယ်လောက်ဘဲ ရှိရှိ... ဘယ်လိုဘဲ ကောင်းကောင်းနေရနေရ... မိဘဆွေမျိုးတွေရဲ့ အေးရိပ်မေတ္တာမျိုးတော့ မရနိုင်ဘူးလေ.... ကိုယ်ပျော်ရာ ကိုယ့်နိုင်ငံမှာ မနေရတဲ့အခါ နေရတဲ့နေရာမှာဘဲ ပျော်အောင်ကြိုးစားနေနေကြရတာဘဲလေ... ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာလို့ ကိုယ့်ကိုကိုယ် ပြန်အားပေးရပါတယ်.... ဗီယက်နမ်လေဆိပ်ကို ပြန်ရောက်တိုင်းလည်း ကျမမှာမျက်ရည်ဝဲရပါတယ်.... ထွက်ခွါလာခဲ့တဲ့ ကိုယ့်နိုင်ငံလေဆိပ်နဲ့ ဘာမှမဆိုင်တဲ့ ကွဲပြားခြားနားမှုတွေအတွက် ဝမ်းနည်းမိတယ်.... လေယာဉ်ပေါ်ကဆင်းတာနဲ့ လေဆိပ်ထဲတန်းရောက်....Immigration ကောင်တာတွေအများကြီးရှိတာကြောင့် အကြာကြီးတန်းစီရပ်စရာမလိုတဲ့ အပြင် ကောင်တာကထွက်တာနဲ့ အောက်ထပ်မှာ ကိုယ့်Luggage ကအဆင်သင့်ဆွဲယူရုံဘဲ.... Customကောင်တာမှာလဲခဏလေးဘဲ.... အားလုံးအဆင်ကိုပြေလို့.... သူများနိုင်ငံတိုးတက်တာကိုကြည့်ပြီး ကိုယ့်နိုင်ငံရဲ့ဆုတ်ယုတ်မှုအတွက် အရမ်းဘဲ စိတ်မကောင်းဖြစ်မိတယ်... ကျမလိုဘဲ တခြားသူတွေလဲ ဒီလိုဘဲခံစားကြရမယ်လို့ထင်ပါတယ်..... ဒီလိုနဲ့ဘဲ သမီးလေးအသက်နှစ်နှစ်ခွဲအရွယ်မှာ မူကြိုထားဘို့ အချိန်တန်ပြီဆိုပြီး မူကြိုကျောင်းတွေလိုက်စုံစမ်း စိတ်ကြိုက်တွေ့တဲ့ကျောင်းလေးမှာ သမီးလေးကိုမူကြိုစထားပါတယ်....မှတ်မှတ်ရရ ၂၀၀၄ခုနှစ် ဇူလိုင်လမှာပါ... သမီးလေးမူကြိုမှာ နေသားကျသွားတဲ့ ၂၀၀၅ခုနှစ်မှာ နောက်ထပ်ခလေးတစ်ယောက်ထပ်ယူဘို့ ဆုံးဖြတ်လိုက်ပါတယ်... ကိုယ်ဝန်ရပြီးတဲ့အခါ ဟိုချီမင်းက ဆေးရုံကြီးတစ်ခုမှာ ပြင်သစ်ဆရာဝန်တစ်ယောက်နဲ့ ကိုယ်ဝန်အပ်တယ်.... အားဆေးလဲမသောက်ခိုင်း.... လနုကိုယ်ဝန်သွေးဆင်းတာကိုလဲ ဘာကုသမှုမှမပေးနဲ့ လုံးဝစိတ်တိုင်းမကျပါဘူး... ဒါနဲ့ဘဲ မှန်းထားတဲ့ အချိန်ထက်ရန်ကုန်ကိုစောပြန်ခဲ့ရပါတယ်.... ဘာကြောင့်မှန်းမသိ ကျမစိတ်ထဲမှာ မြန်မာဆရာဝန်တွေကိုဘဲ စိတ်တိုင်းကျပါတယ်.... ကျမကြုံခဲ့ရတဲ့ မြန်မာOG နှစ်ယောက်စလုံးဟာ လူနာတွေအပေါ်တကယ်ဘဲနွေးထွေးပါတယ်.... ဟိုချီမင်းမှာတွေ့ခဲ့ရတဲ့ ပြင်သစ်OGနဲ့ဘာမှမဆိုင်ပါဘူး.... ကျမရန်ကုန်ပြန်မွေးရကျိုးနပ်ပါတယ်.... မိသားစုရဲ့ဂရုစိုက်မှုအောက်မှာ ကျမစိတ်တွေအရမ်းချမ်းသာခဲ့ရတယ်....သမီးလေးအတွက်လဲပူစရာမလို... ဝိုင်းကြည့်ပေးတဲ့အမျိုးတွေကြားမှာ သမီးလေးလဲပျော်လို့... ၂၀၀၆ခုနှစ်မတ်လ၂၁ရက်နေ့မနက်မှာ ချစ်စရာကောင်းတဲ့သားလေးကို မွေးဖွားခဲ့ပါတယ်.... သားလေးတစ်လခွဲမှာ ဗီယက်နမ်ကိုပြန်လာခဲ့ပါတယ်.... သားငယ်လေးအလှည့်မှာတော့ အတွေ့အကြုံရှိပြီးသား ဖြစ်သွားပြီမို့ အစစအရာရာအဆင်ပြေပါတယ်.... မိသားစုအလည်ခရီးတွေလဲ ခဏခဏထွက်ဖြစ်တယ်.... နီးနီးနားနား စင်္ကာံပူနိုင်ငံကိုတော့ ပိုသွားဖြစ်တယ်... ဒါပေမဲ့ကျန်းကျန်းမာမာမွေးဖွားခဲ့တဲ့ သားလေးဟာတစ်နှစ်ခွဲအရွယ်မှာ အရေးပေါ်ဆေးရုံတက်ခဲ့ရတယ်...ခြေမကိုင်မိလက်မကိုင်မိနဲ့ တကယ်ကို သောကရောက်ခဲ့ရတယ်.... အသက်ရှုလမ်းကြောင်းကို ဗိုင်းရပ်စ်ဝင်ပြီး အသက်ရှုလမ်းကြောင်းပိတ်တာပါ.... နောက်ပိုင်းလဲခဏခဏဖြစ်နိုင်တာမို့ ဆရာဝန်က အသက်ရှုလမ်းကြောင်းဖွင့်ပေးတဲ့ ရှုဆေးမှုတ်တဲ့စက်လေးဝယ်ခိုင်းပါတယ်... အဲဒါလေးနဲ့နောက်ပိုင်းမှာ အဆင်ပြေသွားပါတယ်... အရေးပေါ်ကြုံလာရင်တောင် အိမ်မှာဘဲ အရင် ကုသပေးထားလို့ရပါတယ်.... ရင်ကျပ်ပန်းနာရောဂါလိုဖြစ်မှာ စိုးရိမ်လို့ ဆရာဝန်ကိုမေးကြည့်ပါတယ်... ကြီးတဲ့ အထိဖြစ်နေမှာလား... ဘယ်အရွယ်လောက်ထိဆက် ဖြစ်နိုင်လဲလို့ ... ဆရာဝန်ရဲ့အဖြေက ဒီမှာခလေး အများစုအဲလိုဘဲဖြစ်ကြတယ်တဲ့ ... ဗီယက်နမ်မှာ မနေတော့ရင် မဖြစ်တော့ဘူးတဲ့
(ဆက်ရန်)

Friday, October 23, 2009

ကော်ပြန့်စိမ်း

လက်ဖက်သုပ်နဲ့ရေနွေးကြမ်း
ကော်ပြန့်စိမ်းလိပ်ဖို့ အစာပလာများ

ကော်ပြန့်စိမ်းနှင့်အချဉ်


ကန်ပွန်းချဉ်ရွက်ကြော်၊ပန်းဂေါ်ဖီကြော်၊ပုဇွန်နှင့်အာလူးဟင်း



ကြက်သားဒံပေါက်၊ငါးနီတူခြောက်အစပ်ကြော်၊ငါးရံ့ခြောက်မီးဖုတ်




ပို့စ်အသစ်တင်ဘို့ mood မဝင်ဖြစ်နေပါတယ်... ခလေးတွေကလဲ တလှည့်စီနေမကောင်း.... farmtown မှာ တစ်သန်းတန်အိမ်ဝယ်ဘို့ လုံးပန်းနေရတာနဲ့ တခြားအကြောင်းကြောင်းတွေကြောင့် ဒီတပတ် ပို့စ်မတင်ဖြစ်ပါဘူး...ဒါပေမဲ့ တပတ်ကို အနည်းဆုံး ပို့စ်တစ်ခုတော့ တင်မယ်လို့ ဆုံးဖြတ်ထားတာကြောင့် ဒုတိယ အကြိမ်ဆားချက်လိုက်ပါတယ်... ကော်ပြန့်စိမ်းက သူငယ်ချင်း တစ်ယောက်အိမ်မှာ စုပြီးလုပ်စားဖြစ်တာပါ... ဓာတ်ပုံတွေက လက်ကိုင်ဖုန်းနဲ့ ရိုက်လို့ သိပ်မကောင်းဘူး... နဂိုထဲက ဓာတ်ပုံရိုက်တာလဲ မတော်တော့ သည်းခံပြီး ရှုစားသွားကြပါနော်...
ဘလော့ဂါမောင်နှမများနဲ့ လာလည်သူအားလုံးကိုချစ်တဲ့
rose of sharon



Tuesday, October 13, 2009

ဗီယက်နမ်မှာ(၄)

(ရ)လ အရွယ်သမီးလေး



၂၀၀၂ခုနှစ် နှစ်လည်ပိုင်း အဲဒီတခေါက်ပြန်လာတဲ့ အချိန်မှာ ဗီယက်နမ်ဟာ တော်တော်တိုးတက်နေပါပြီ... မီတာနဲ့မောင်းတဲ့တက္ကစီတွေလဲ နေရာတိုင်းမှာရနေပြီ.... အိမ်ကနေဖုန်းနဲ့လှမ်းခေါ်ရုံနဲ့ ၅မိနစ်၁၀မိနစ်အတွင်း အိမ်ရှေ့ကိုရောက်လာပါတယ်... လာရတဲ့အတွက်လဲပေးစရာမလိုဘဲ ကိုယ်စဝင်ထိုင်တဲ့ အချိန်ကနေဘဲ မီတာစမှတ်ပါတယ်.... နိုင်ငံတကာ အဆင့်မှီဆေးရုံတွေလဲ ရှိနေပြီ....... ခါးပိုက်နှိုက်တွေ ရှိနေသေးပေမဲ့ အရင်လောက် မများတော့ဘူး..... စူပါမားကတ်တွေလဲ များလာတယ်.... ၁၉၉၉ခုနှစ် ကထက် အများကြီးနေလို့ကောင်းလာတယ်.....
သမီးလေးက ခြောက်လကျော်ရုံလေးရှိသေးတာမို့ ခလေးသုံးပစ္စည်းတွေ ရောက်ပြီးနောက်တစ်ရက်မှာ အမြန်ပြေးဝယ်ရပါတယ်.... ခလေးကူထိန်းပေးမဲ့ ခလေးထိန်းလဲ အမြန်ရှာရပါတယ်... အပြင်သွားတိုင်း ချစ်စရာကောင်းတဲ့ သမီးလေးကို သူများတွေ တောင်းတောင်းချီကြလို့ စိတ်ညစ်ရပါတယ်... ခလေးက နုနယ်တဲ့ အရွယ်မို့ ကိုယ်မရင်းနှီး အကြောင်းမသိတဲ့ သူတွေမှာ ရောဂါတခုခုရှိပြီး သမီးလေးကို ကူးမှာ စိုးရိမ်လို့ပါ.....ဈေးသွားတိုင်းလည်း သမီးလေးပါရင် ဈေးသည်တွေက ခလေးကချစ်စရာကောင်းလိုက်တာဆိုပြီး ဝယ်တာထက် ပိုပြီင်္း အများကြီးအပိုပေးကြပါတယ်.... ရောက်ခါစမှာ သမီးလေးက ပတ်ဝန်းကျင်အပြောင်းအလဲကို လက်မခံချင်ဘူးထင်ရဲ့... မရပ်မနားငိုပါတယ်... မောရင်အိပ်သွားလိုက်... ဗိုက်ဆာရင်အစားစားလိုက် ပြီးရင်ပြန်ငိုလိုက်နဲ့.... သားဦးမို့ အတွေ့အကြုံ မရှိတဲ့ ကျမ တကယ်ကို အရူးတပိုင်း ဖြစ်ခဲ့ရပါတယ်.... ခလေးငိုတိုင်း ဆေးရုံကိုပြေးလွန်းလို့ နောက်ပိုင်းမှာ ဆေးရုံကဆရာဝန်မလေးက သူ့ဖုန်းနံပါတ် ပေးထားပြီး တခုခုဖြစ်ရင် သူ့ဆီ အရင်ဖုန်းဆက်ခိုင်းပြီး ဘာဖြစ်လဲ အရင်မေးပါတယ်...လိုအပ်မှ ဆေးရုံကိုလာခိုင်းပါတယ်.... အဲဒီဆရာဝန်မလေးကို အခုအချိန်ပြန်မတွေ့ရတော့ပေမဲ့ စဉ်းစားမိတိုင်း အရမ်းကျေးဇူးတင်မိပါတယ်.... တကယ့်စေတနာဆရာဝန်မလေးပါ....... သမီးလေးတဖက်နဲ့ ဟိုချီမင်းနဲ့ ဟနွိုင်းကို တလတခါ အမြဲသွားရတယ်... ခလေးရှိလာတဲ့အခါ ဟိုချီမင်းမှာနေရတာ ပိုအဆင်ပြေပါတယ်... ဟနွိုင်းမြို့လေးက အေးချမ်းပေမဲ့ လိုချင်တဲ့ ပစ္စည်း ရှာဝယ်ရတာ အဆင်မပြေသေးပါဘူး(၂၀၀၂ခုနှစ်မှာပါ)..... ဟိုချီမင်းမှာတော့ အဲဒီအချိန်ထဲက နိုင်ငံတကာ အဆင့်မှီ စူပါမားကတ်တွေ ရှိနေပါပြီ.... အဲဒီနှစ်ထဲမှာဘဲ ခင်မင်ခဲ့ရတဲ့ အခုချိန်ထိ ဆွေမျိုးရင်းချာတွေလို ရင်းနှီးသွားခဲ့တဲ့ သီသီ၊ဝါဝါ နဲ့ မအဲတို့ဟာ ကျမအတွက် ဟိုချီမင်းအမှတ်တရတွေပါဘဲ...ရေခြားမြေခြားမှာ ဆုံတွေ့ခဲ့ရပြီး ပြောမနာဆိုမနာ တယောက်ကိုတယောက် ဖေးဖေးမမနဲ့ ခင်မင်ခဲ့ကြရတာတွေကြောင့် သူတို့ကို ကျမဘယ်တော့မှ မမေ့ပါဘူး.... အဲဒီကစလို့ ဟိုချီမင်းမှာ မြန်မာအမျိုးသမီးတွေ တအိမ်အိမ်မှာ အမြဲစုပြီး မြန်မာ အစားအစာ တွေချက်စားကြတာ အစဉ်အလာတခုလိုဖြစ်သွားခဲ့တာပါ......... မြန်မာတိုင်းတော့ မဟုတ်ပါဘူး..... မြန်မာလို့ပြောရမှာ ရှက်တဲ့သူတွေလဲရှိပါတယ်... အဲလိုလူမျိုးတွေကတော့ ကျမတို့လို ကိုယ့်အိတ်ကိုယ်စိုက်ပြီး မြန်မာလိုက်စုတတ်သူတွေကို ရှောင်ပါတယ်.......တခါတုန်းကလဲ ကျမသူငယ်ချင်းတယောက်က ရန်ကုန်မှာမျက်မှန်းတန်းထားသူတယောက်ကို ဟိုချီမင်းတနေရာမှာ တွေ့လိုက်ရလို့ ဝမ်းသာအားရသွားနှုတ်ဆက်တဲ့ အခါ ဘာတွေလာပြောနေတာလဲ...နားမလည်ဘူးလို့ English လိုပြန်ပြောလိုက်တယ်....... နောက်တခါ စားသောက်ဆိုင်တခုမှာ ကျမနဲ့ တခြားမြန်မာ၃ယောက် နေ့လည်စာစားနေတုန်း တခြားဝိုင်းမှာထိုင်နေတဲ့ မြန်မာတယောက်က သူ့ဘေးကလူကို သူမြန်မာဖြစ်ကြောင်း ကျမတို့ကို မပြောပြဘို့မှာကြောင်း နောက်ပိုင်းမှာ ပြန်သိရပါတယ်....... လွန်ခဲ့တဲ့၆လလောက်တုန်းကလဲ ကျမရဲ့ခင်ပွန်းသည်က သူ့ရုံးခန်းကိုအခုလာခဲ့ဘို့ မှာပါတယ်..... ဘာမှန်းမသိ ကမန်းကတန်း ထလိုက်သွားမိတယ်... ဟိုရောက်တော့ သူ့ဆီကို အလုပ်ကိစ္စနဲ့ တခြားCompanyက လာတွေ့တဲ့သူက မြန်မာဖြစ်နေလို့ ကျမနဲ့မိတ်ဆက်ပေးဖို့ပါ.... စကားတွေပြောရင်း ဖုန်းနံပါတ်လဲကြတယ်... နောက်မြန်မာတွေဆုံမဲ့ အစီအစဉ်ရှိရင် လှမ်းဖုန်းဆက်မယ်လို့ ပြောလိုက်တယ်... နောက်တပါတ်မှာ မြန်မာတွေဆုံမဲ့နေရာကို ဖုန်းဆက်ပြောတော့ အဲဒီတယောက် ဖုန်းမကိုင်ပါဘူး.... တခြားတယောက်လာကိုင်ပြီး မရှိဘူးလို့ပြောပါတယ်... လာကိုင်တဲ့သူပြောတာ မြန်မာသံပေါက်တဲ့ Englishစကားသံနဲ့ပါ.... ကျမလဲ အကျိုးအကြောင်းကို English လိုဘဲပြောပြလိုက်ပြီး သူပြန်လာရင် ဖုန်းပြန်ဆက်ခိုင်းဘို့ mesage ထားခဲ့လိုက်တယ်... ခဏနေတော့ ဖုန်းပြန်ခေါ်ပြီး မလာနိုင်ကြောင်းပြောပါတယ်... ကျမလဲနောက်ပိုင်း မဆက်သွယ်တော့ဘဲ ကြံဖန်ပြီးတော့ဘဲ နားလည်ပေးလိုက်ပါတယ်... အဲလိုမြန်မာလို့အသိမခံချင်သူတွေ မြန်မာအသိုင်းအဝိုင်းကို ရှောင်ချင်သူတွေဟာ..... တနေနေရာရာမှာ မြန်မာမို့လို့ ဆိုးဆိုးရွားရွား အနှိမ်ခံခဲ့ရဘူးတာမျိုး ဒါမှမဟုတ် မြန်မာအချင်းချင်းစိတ်နာစရာ တွေကြုံခဲ့ရတာမျိုး တခုခုရှိခဲ့လို့ နေမှာပါလို့ ဖြေတွေးပေးလိုက်ပါတယ်...... အကြောင်းအရာတိုင်းမှာသူ့ reason နဲ့သူတော့ရှိကြတာဘဲလေ.....
(ဆက်ရန်)

Thursday, October 8, 2009

သူငယ်ချင်းကောင်းဆိုတာ

(သူငယ်ချင်းတစ်ယောက် email ပို့ပေးတာကို မျှဝေပေးတာပါ)






Friend ( သူငယ်ချင်းကောင်းဆိုတာ)

A - Accepts you as you are.

သင့်ကိုအရှိအတိုင်းလက်ခံသူ

B - Believes in ''you'' .

သင့်ကိုယုံကြည်သူ

C - Calls you just to say ''HI'' .

"နေကောင်းရဲ့လား"ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ

D - Doesn't give up on you.

သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ

E - Envisions the whole of you (even the unfinished parts)

သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအ၀င်)ကို
မှန်းမျှော်ပီတိဖြစ်နေသူ

F - Forgives your mistakes.

သင့်အမှားများကို ခွင့်လွှတ်တတ်သူ

G - Gives unconditionally.

ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတတ်သူ

H - Helps you.

ကူညီဖေးမသူ

I - Invites you over.

နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ

J - Just ''be'' with you.

သင်နှင့်အတူရှိနေတာကို ကျေနပ်သူ

K - Keeps you close at heart.

လှိုက်လှဲပွင့်လင်းစွာ ခင်မင်သူ

L - Loves you for who you are.

ဆင်းရဲ ချမ်းသာမပါသော ချစ်ခြင်းဖြင့်ချစ်ခင်သူ

M - Makes a difference in your life.

သင့်ဘ၀မှာ သူရှိနေသည့်အတွက် အပြောင်းအလဲဖြစ်စေသူ

N - Never judges.

အပြစ်တင်ဝေဖန်ခြင်းမပြုသူ

O - Offer support.

သင့်ဘက်မှ ရပ်တည်ထောက်ခံပေးမည့်သူ

P - Picks you up.

ဝမ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးမည့်သူ

Q - Quiets you fears.

ကြောက်ရွံ့စိတ်ကို ပြေပျောက်စေသူ

R - Raises your spirits.

စိက်ဓာတ်မြှင့်ပေးသူ

S - Says nice things about you.

သင့်ရဲ့ကောင်းကွက်လေးများကိုသာ ရွေးချယ်ပြောသည့်သူ

T - Tells you truth when you need to hear it.

သင့်ကိုယ်ချင်းစာစိတ်ဖြင့်နားထောင်ပါက အမှန်ကိုပြောမည့်သူ

U - Understand you.

သင့်ကိုနားလည်သူ

V - Values you.

သင့်ကိုတန်ဖိုးထားသူ

W - Walks beside you.

သင့်နားမှာ လျှောက်လှမ်းပေးမည့်သူ

X - Xplains thing you don't understand.

သင်နားလည်လာသည်အထိ ရှင်းပြပေးမည့်သူ

Y - Yells when you won't listen.

သူ့စကားကိုနားမထောင်ပါက အော်တတ်သူ

Z - Zaps you back to reality.
သင့်အားအမှန်တရားဘက်သို့ပို့ဆောင်ပေးမည့်သူ

Monday, September 28, 2009

Virtual world မှာ

Restaurant city
Pet society

Farm town


Farm ville



တနေ့တနေ့Virtual world မှာအချိန်တွေ ကုန်နေတယ်.... ဒါပေမဲ့ကျေနပ်တယ်.... တနေ့တနေ့ ကိုယ့်ဘလော့လေးရယ် Facebook ရယ် အလှည့်ကျလည်ပတ်ရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတယ်.... Facebook ထဲမှာနဲ့ ကိုယ့်ဘလော့လေးမှာ ကိုယ့်ဘဝအမှန်ရှိတယ်.... နာမည်အရင်းနဲ့ ဘလော့နာမည်က အဓိပ္ပါယ် အတူတူဘဲ.... ဘလော့လေးကို ဖွင့်မယ်.... comment လေးတွေ.... c box ကနှုတ်ဆက် စကားလေးတွေနဲ့ ကြည်နူးမှုတွေ အစပြုတယ်.... ပြီးရင် လင့်ထားတဲ့ ဘလော့ list တွေထဲက အသစ်တက်လာသမျှ အကုန်လိုက်လည်တယ်... post မတင်တာ ကြာသွားတဲ့ မောင်နှမတွေကို c box မှာ လိုက်နှုတ်ဆက်တယ်.... post အသစ်တွေ ဖတ်ပြီးရင် ကိုယ် ခံစားနားလည် တဲ့အတိုင်း comment ရေးခဲ့တယ်.... Face book မှာ friend request တွေကို add လုပ်တယ်... friend suggestions ထဲက ကိုယ်သိတဲ့သူတွေကို add လုပ်တယ်.... home page မှာ ပေါ်လာတဲ့ လင့်တွေကို comment ရေးတယ်... ပြီးရင် Farmtown,Farmville,Pet society,restaurant city ဆော့တယ်... Mafia wars တော့ တခါတလေမှ ကလစ်လုပ်တယ်.... ကိုယ့်ဘဝလေး Virtual world မှာငြိမ်းချမ်းတယ်....

Tuesday, September 15, 2009

အပျင်းပြေ

ဘယ်နှစ်အိမ်ရှိလဲ...မှန်းကြည့်လို့ရတယ်ဟုတ် .... သွားကြားထိုးတံတချောင်းကို ဒေါင်၅၀၀၀ သတ်မှတ်ပြီး ပွဲပြီးမှ သွားကြားထိုးတံအရေအတွက်နဲ့ ပိုက်ဆံရှင်းပါတယ်


ပြီးခဲ့တဲ့စနေနေ့တုန်းက သမီးလေးကိုပြင်သစ်စာသင်တန်းလိုက်ပို့ရင်း အဲဒီနားမှာနေတဲ့ သူငယ်ချင်းတစ်ယောက် အိမ်ကိုဝင်လည်ဖို့စဉ်းစားလိုက်တယ်... သားနဲ့ရွယ်တူခလေး တစ်ယောက်လဲ သူ့မှာရှိတော့ သားလေးကိုပါခေါ်သွားလိုက်တယ်... သူငယ်ချင်းကလဲ သူ့ယောင်္ကျား ခရီးထွက်မယ် အတော်ဘဲတဲ့... ဟိုချီမင်းက အိမ်ထောင်ရှင်မြန်မာအမျိုးသမီးများရဲ့ထုံးစံအတိုင်း ပွဲတော်ကျင်းပကြမယ်ပေါ့.... အသုတ်စုံလုပ်စားဖို့တိုင်ပင်ကြတယ်.... သူ့အိမ်ရောက်သွားတော့ တံခါးလာဖွင့်တာက သူ့ခင်ပွန်း.... ဟင်...ခရီးထွက်မယ်ဆိုလို့မေးတော့ အချိန်ပြောင်းသွားတာတဲ့ ညနေမှသွားတော့မှာတဲ့... ဒါပေမဲ့ စီစဉ်ပြီးသားဆိုတော့ ပွဲက မပျက်ပါဘူး... ခလေးတွေတဝုန်းဝုန်း စကားသံတညံညံနဲ့ သူ့ခင်ပွန်းခင်မျာ ကွန်ပျုတာနဲ့ အခန်းထဲမှာဘဲ ဝင်နေရှာပါတယ်....


လူကလဲ စုံသလောက်ရှိတော့ အပျင်းပြေ ဖဲကစားဖို့ ကြိုတင်စီစဉ်ထားတဲ့ အတိုင်းပိုကာဆွဲကြပါတယ်... အပျော်ကစားတာမို့ လောင်းကြေးတော့နဲပါတယ်.... ဗီယက်နမ်ဒေါင် ၅၀၀၀ ပါ... usတဒေါ်လာကို ဗီယက်နမ်ဒေါင် ၁၈၀၀၀ ဝန်းကျင်ရှိပါတယ်.....


အပျော်ကစားတာဆိုပေမဲ့ အရှိန်ကတက်သွားတယ်.... စားပြီးသောက်ပြီးချိန် နေ့လည်တနာရီခွဲလောက်က ပွဲစလိုက်တာ ကျမခင်ပွန်းသည်က dinner အပြင်မှာထွက်စားကြမယ်ဆိုပြီး ဆိုင်ကိုလိုက်လာဘို့ ဖုန်းလှမ်းဆက်တော့မှဘဲ ၆နာရီကျော်ကျော်မှာ ခလေးတွေနဲ့ထပြန်ခဲ့ပါတယ်.... လောင်းကြေးနဲတာတောင် ဒေါင်၅သိန်းခွဲရှုံးပါတယ်... ဒေါ်လာ၃၀ လောက်ရှိမှာပေါ့... ဒါပေမဲ့ တခါတလေ မို့ရှုံးပျော်ပါတယ်...

Wednesday, September 9, 2009

ဆားချက်ခြင်း

ပုဇွန်အသေးလေးတွေ ရလို့ ခြောက်ခြောက်လေးနဲ့စပ်စပ်လေးချက်ထားတာ...
ဒါက ခလေးတွေစားဘို့ Fish fingers ( Fingers fish လို့လဲခေါ်လားမသိဘူး၊ ငါးအချောင်းကြော် လို့လဲ ခေါ်ကြတယ်)

အခုတလော စာရေးဖို့ mood မဝင်ပါဘူး.... စိတ်ထဲမှာမပျော်လို့ပါ... ဆားချက်ဖူးတယ်ရှိအောင် ချက်ကြည့်လိုက်ပါတယ်... ဘလော့လေးကို ပစ်မထားချင်လို့ပါ...

Friday, September 4, 2009

အကြိုက်ဆုံးဘလော့များ

ချစ်စရာကောင်းတဲ့ ဝက်ဝံလေးက တဂ်ထားတယ်.... အကြိုက်ဆုံးဘလော့၅ခုနှင့်ဘာကြောင့်ကြိုက်နှစ်သက်ရသလဲဆိုတဲ့ အကြောင်းလေး ....
အကြိုက်ဆုံးလို့ရွေးရမှာ ကျမအတွက် တော်တော်ခက်ပါတယ်... ကျမရဲ့ဘလော့စာမျက်နှာမှာလင့်ထားတဲ့ ဘလော့တွေဟာ ကျမကြိုက်နှစ်သက်လို့ အသစ်တင်တိုင်း သိရအောင် လင့်ထားတာပါ...
အကုန်လုံးက ကိုယ့်ထက်စာရေးကောင်းသူတွေချည်းပါဘဲ....
အမှတ်တရလေးများ၊မေလေး(ဆုံနိုင်ခွင့်)၊ခြေလှမ်းသစ်၊နဒီမိုးညို၊ကိုလူထွေး၊ Craton၊ စိတ်ကူးယဉ်အိမ်မက်၊ Idiotlove၊ ငှက်ကလေးရဲ့စာမျက်နှာ၊ MANORHARY၊ We She Me၊ The world of Moe Thanzin၊ ဆုံစည်းရာ၊ဂျာမုန်းဒန်၊ ရေခဲပြင်မှာပွင့်တဲ့ပန်း၊ Thu Hnin See၊ စူးနွယ်ရဲ့ကမ္ဘာ၊ မျက်မှန်လေး၊ Nine Nine Sanay၊ စန္ဒကူး၊ Nge Naing၊ ရွက်လွှင့်ခြင်း၊ သားကြီး၊ ထမင်းအိုး၊ မြူးသျှရီ၊ My little world၊ Kin Oo May၊ Sonata-Cantata၊ ပန်ဒိုရာ၊ပြည့်စုံ၊ လသာည၊ လေနုအေး၊ သက်ဝေ၊ လူအအိမ်မက်၊ ရင်ခွင်တစ်ခုဖန်ဆင်းခြင်း၊ စုဗူးအိမ်၊ K ၊ Ah-Pauk၊ ကြယ်ကလေး၊ ပေါက်ကရအတွေးအပိုင်းအစများ၊ ဖြူစင်ကြယ်၊ ကျောပိုးအိတ်၊ မီးမီးချစ်၊ အိမ့်ချမ်းမြေ့၊ May Nyane၊ ယုယနွေးထွေးသောဘဝလေးတစ်ခု၊ My Nc Diary၊ မိုးစက်အိမ်၊ Prosper & Peace၊ Evergreen Phyo၊ နုသွဲ့ရဲ့ကမ္ဘာ၊ မေတ္တာရပ်ဝန်းမီးဖိုဆောင်၊ Smoke and Spice၊ ဟိန်းနီ၊ Shinlay၊ အာဇာနည်၊ ကိုမင်းဒင်၊ မိုးသီးဇွန်..... အများကြီးဘဲ... ဒါတောင် မမှတ်မိလို့ ကျန်ခဲ့တာတွေရှိသေးတယ်... ဘယ်လိုလုပ်ရမလဲ?
ကိုယ်ကြိုက်တဲ့ အဲဒီအများကြီးထဲက ၅ခုဘဲရွေးရမှာ တော်တော် ခေါင်းစားပါတယ်... ကဲ ၃၄ခေါက်စဉ်းစားပြီး... အချိန်တွေ အများကြီးပေးပြီးရွေးထုတ်လိုက်ပါတယ်...
We She Me....ကိုယ်ဘလော့မရေးခင်ကထဲက အမြဲသွားလည်ဖြစ်တာပါ... လူမှုရေး၊ ပညာရေး ဗဟုသုတတွေ အများကြီးရလို့ပါ....
MANORHARY.... အရေးအသား အဖွဲ့အနွဲ့ အရမ်းကိုကောင်းလွန်းတယ်... တစ်ချို့စာတွေဆို ၂ခေါက်လောက်ပြန်ဖတ်ရတယ်... သိပ်ကိုအားကျမိလို့ပါ...
Nine Nine Sanay... ဗဟုသုတရတယ်.... ဘာသာပြန်တွေ သဘောကျတယ်... လူမှုရေး စိတ်ဓာတ်ကို ချီးကျုးမိတယ်...
May Nyane.... လေးစားတယ်... အရေးအသားကို သဘောကျတယ်... ဘဝဇာတ်ကြောင်းတွေရေးတာ စိတ်ဝင်စားဘို့ကောင်းတယ်... ပညာလဲရတယ်... အတုယူစရာတွေလဲတွေ့တယ်....
အာဇာနည်.... နိုင်ငံရေးသတင်းတွေ up to date သိရတယ်....
ကိုလူထွေး.... အရေးအသားကောင်းတယ်... ပညာသားပါတယ်.... ရသစုံပေးနိုင်တယ်....
မေလေး.... ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်တတ်နိုင်သလောက် ဒုက္ခရောက်သူကိုကူညီတယ်... စိတ်ဓာတ်လေးဖြူစင်တယ်.... ကိုယ့်ထက်ငယ်ပေမဲ့ တကယ်ကိုလေးစားတယ်....
ကဲ... ငါးခုရွေးရတာနဲလွန်းတယ်... ယုံတယ်ဟုတ်... တော်တော်လေးစိစစ်ပြီးရွေးတာတောင်၇ခုထွက်တယ်....
ဘယ်သူ့ကိုမှဆက်မတဂ်တော့ဘူး... ကိုယ့်လိုဘဲရွေးရခက်နေကြမှာစိုးလို့....

Thursday, August 20, 2009

ငါ့စိုက်ခင်းများလန်းချင်ပြီ

ဒီကဗျာလေးကို ဖတ်ပြီး heart ထိသွားလို့
Blogger မောင်နှမများအတွက်
ဝေငှပေးလိုက်ပါတယ်
ကဗျာဆရာရဲ့ရင်တွင်းဖြစ်စစ်စစ်ပါ
သူကတော့(ရင်တွင်းညှစ်)လို့ပြောပါတယ်










ငါ့စိုက်ခင်းများလန်းချင်ပြီ


နှလုံးသားပတ်ပတ်လည်မှာ

နေပျောက်မထိုးအောင်ကာရံထားတဲ့

ငါ့ရင်ထဲကနာမည်လေးတစ်ခုဟာ

ဂါဇာအရပ်ကအုတ်တံတိုင်းတွေထက်

ပိုမိုအေးစက်မာကျောခဲ့ပါတယ်

တစ်စိုက်မက်မက်ကျင့်သုံးခဲ့တဲ့မူဝါဒက

ဥပေက္ခာ

ပို့လွှတ်ခဲ့တဲ့ချစ်ခြင်းမှာ

ယမ်းစိမ်းနံ့တွေပေးမဝေနိုင်ခဲ့ဘူး

တစ်ဝုန်းဝုန်းကျရောက်ပေါက်ကွဲခဲ့တဲ့

ဒုံးကျည်အစင်းစင်းဟာ...ငါ့ရင်ထဲ

မသိကျေးကျွန်ပြုမှုရဲ့တစ်စွန်းတစ်စထဲ

ဘဝတစ်ခုလုံးစာတောက်လောင်မြည်ဟီးလို့

ငါကမင်းဖတ်ချင်စိတ်မရှိတဲ့အပေါ့စားဂျာနယ်

ပျင်းစရာကောင်းလွန်းတဲ့ကျမ်းစာအုပ်တစ်အုပ်နဲ့

နားထောင်စရာမလိုတဲ့သတင်းတစ်ပုဒ်ဖြစ်ချင်ဖြစ်မယ်

မျိုသိပ်ထားရတဲ့ကိစ္စတွေထဲ

ဒါဝင်ရဲ့မျောက်တွေစပ်စုတာကအစ

ဆံပင်တွေရှည်လာတဲ့ဖြစ်စဉ်အဆုံး

မီးနီမီးစိမ်းပြတာကအစ

နှုတ်မဆက်ဘဲပြန်တာအဆုံး

စကားလက်ဆုံကျချင်တာကအစ

ဝါးပင်တွေစက္ကူဖြစ်တာအဆုံး

ပြောင်းဝတဲ့တဲ့ကငါ့မျက်နှာကို

ငါ့လက်ကလေးမကွေးနိုင်သေးသ၍

ခိုလှုံရာမဲ့ငါ့စိတ်ကလေး

အညောင်းမိမပုပ်သိုးသေးသ၍

ကျည်မကုန်ခင်ကတည်းက

အလံဖြူပြခဲ့သူပါ

ငါ့စိုက်ခင်းများလန်းချင်ပြီ။



မင်းစစ်အိမ်

(ကဗျာပိုင်ရှင်မင်းစစ်အိမ် ဟာဟိုချီမင်းမြို့မှာ အလုပ်လုပ်ရင်း အချိန်မရတဲ့ကြားက ဝါသနာအရ ကဗျာရေးနေသူပါ... လူပျိုကြီးဖြစ်ပါတယ်)

လင်တော်မောင်ခရီးသွားတဲ့အခါ

ဝက်သားဒုတ်(ခက်ရင်း)ထိုး
မုန့်ဟင်းခါး

ဒီတပတ်ဆုံဖြစ်ကြမယ်ဆိုတော့ ကျမလက်ရာမုန့်ဟင်းခါးလေးချက်ကျွေးဖို့ စဉ်းစားမိပါတယ်.... ဒါပေမဲ့ ကုလားပဲက အခြမ်းဝယ်မရတော့ အလုံးလိုက်ကို ရေစိမ်ပြီး အခွံချွတ်ရတာ အတော်လက်ဝင်ပါတယ်... ပြီးတော့လဲပြီးသွားတာပါဘဲ... မချက်ခင်တရက်အလိုမှ ဆန်မှုန့်မရှိမှန်းသိလို့ ဖုန်းလိုက်ဆက်မိတော့ အမတယောက်ဆီမှာ ရှိတယ်ဆိုလို့ သွားပြေးယူရပါတယ်... မဟုတ်ရင် ဆန်ကိုလှော် အမှုန့်ထောင်းနဲ့ အတော်အလုပ်ရှုပ်မှာ... နောက်ဆုံးတော့ အားလုံးစုံစုံ လင်လင်နဲ့ မုန့်ဟင်းခါးတစ်အိုး ချက်ဖြစ်သွားပါတယ်.... တချို့ကတောင်းဆိုတာကြောင့် ဝက်သားဒုတ်ထိုးလေးလဲ လုပ်လိုက်ပါသေးတယ်... ဓာတ်ပုံက နောက်မှရိုက်ဖြစ်လို့ နဲနဲလေးဘဲပုံမှာ ပါသွားတယ်... ညီမလေးတယောက်က အချိုပွဲအတွက် မာလကာသီး၊ ပီလောပီနံပေါင်း၊ ငှက်ပျောပေါင်းတွေ ယူလာပါတယ်... နောက်တယောက်က ကိတ်မုန့်၊ သူငယ်ချင်း ရခိုင်အမျိုး သမီးက ထုံးစံအတိုင်း မုန့်တီ သုတ်စားချင်သူများ စားနိုင်အောင် အစာပလာတွေ သယ်လာပါတယ်... အဲဒီနေ့ ကလဲ အရင်တပတ်ကလိုပါဘဲ... အားလုံးပျော်ပျော် ရွှင်ရွှင်စားကြသောက်ကြနဲ့ ဓာတ်ပုံရိုက်ဘို့ အချိန် မရလိုက်ပါဘူး...


ကဲ.. ဒီလောက်ပါဘဲ... အခုတလော ဘလော့ကိုပစ်ထားမိသလို ဖြစ်နေပါတယ်... လာလည်သူမောင်နှမများ ခွင့်လွှတ်ကြပါနော်....


Sunday, August 16, 2009

ခုတလော

ငှက်ကလေးဆီသွားလည်ရင်းမရေးရသေးသူများကိုtagထားတဲ့ ခုတလော လေးကို ပေါ့ပေါ့ပါးပါးလေးမို့ ရေးလိုက်ပါတယ်...

တွေးနေမိတာက

ကလေးတွေရဲ့ရှေ့ရေး

ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက

ရင့်ကျက်ဘို့လိုသေးတယ်

ကျန်းမာရေး

မဆိုးပါဘူး

ဖတ်ဖြစ်တဲ့စာအုပ်တွေက

ကလေးတွေကျောင်းပိတ်ထားလို့စာအုပ်ဖတ်ချိန်မရှိပါဘူး

ရောက်ဖြစ်နေတာက

shopping center,game center(ကလေးတွေကိုလိုက်ပို့တာ)

ရေးဖြစ်နေတာက

ခုတလောtag

နားထောင်ဖြစ်နေတာက

သမီးနဲ့သား အော်ဆိုနေသောသီချင်းများ

ရွတ်နေမိတဲ့ကဗျာက

သံယောဇဉ်အမျှင်တန်းကို၊ရှင်ခန်းဘယ်သူဖြတ်နိုင်ပ

ဖြစ်ချင်နေတာက

ကိုယ်ကျိုးစွန့်ဝန်ထမ်း

စားဖြစ်နေတတ်တာက

ငါးပိရည်၊မုန့်ဟင်းခါး၊ရခိုင်မုန့်တီ

သနားနေမိတာက

နယ်စပ်ကဒုက္ခသည်တွေ

လွမ်းနေမိတာက

ခရီးထွက်နေတဲ့ချစ်ခင်ပွန်း

မေ့လျော့ပစ်နေမိတာက

မေ့ချင်တာမှန်သမျှ

ခါးသက်နေမိတာ

အူခါး(အူချိုနဲ့မှားဝယ်လာတာ)

တမ်းတနေမိတာက

ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ

ကြိတ်ပြီးအထင်သေးနေမိတာက

ကွယ်ရာမှာသူများအကြောင်းသွားပုတ်လေလွင့်ပြောတဲ့သူတွေ

ကြိတ်ပြီးချီးကျုးမိနေတာက

ကိုယ်ပိုက်ဆံနဲ့ကိုယ်ဒုက္ခရောက်သူကိုကူညီနေသူတွေ
မေလေး(ဆုံနိုင်ခွင့်လေး)

ဆန္ဒမရှိတဲ့နေရာ

ယောက္ခမအိမ်

ဆန္ဒရှိနေတဲ့ကိစ္စ

နယ်စပ်ကဒုက္ခသည်ကလေးငယ်တွေကိုစာသင်ပေးချင်တယ်(ကိုယ့်စားရိတ်နဲ့ကိုယ်)

မုန်းတီးနေမိတာက

မမုန်းမိအောင်ကြိုးစားတယ်... ရုပ်ရင့်မှာစိုးလို့

ချစ်နေတာက

ချစ်ခင်ပွန်း၊ချစ်သားသမီး၊ချစ်မိဘ၊ချစ်မောင်နှမ၊ချစ်သူငယ်ချင်းများ

စိတ်ပျက်နေမိတာက

ပျော်ရာမှာမနေရတဲ့ကိုယ့်ဘဝ

စွဲလမ်းနေမိတာက

ဖတ်ချင်ပြီးမဖတ်ရသေးတဲ့စာအုပ်တွေ

လိုအပ်နေတာက

ရင့်ကျက်မှု

တောင်းနေမိတဲ့ဆု

မြန်မာနိုင်ငံသူနိုင်ငံသားများဆင်းရဲတွင်းမှလွတ်မြောက်ရစေရန်၊ဘယ်နိုင်ငံသွားသွားမြန်မာလူမျိုးများ တခြားနိုင်ငံသားများနှင့်တန်းတူညီတူဆက်ဆံခြင်းခံရရန်

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

(ဘာမှမအော်ဟစ်မိဘူးထင်တယ်)

ဝန်ခံချင်တာက

I am nothing.

(ချစ်သူငယ်ချင်းလေးလသာညကိုဆက်tagပါတယ်)

Friday, August 14, 2009

ထူးအိမ်သင်အမှတ်တရ


သူ့သီချင်းလေးတွေကိုခံစားရင်း ဆယ်ကျော်သက်အရွယ်မှာရင်ခုန်ခဲ့ဘူးတယ်... တနေ့နေ့တော့ချစ်လာလိမ့်မည် ဆိုတဲ့သီချင်းလေးကိုသဘောကျပြီး အဲဒီသီချင်းထဲကအတိုင်း ထီးနီနီနဲ့ ဖိနပ်နီနီလေး ဝယ်ပေးဘို့ အမေ့ကိုပူဆာခဲ့ဘူးတယ်.... ရထားနဲ့ခရီးထွက်ရတိုင်း အမေ့အိမ်သီချင်းထဲက ရထားခုတ်သံလေးကို လွမ်းမိတယ်... ဘယ်သူနဲ့ဝေးဝေး သူ့ရဲ့ ဝေးသွားတဲ့အခါ ဆိုတဲ့သီချင်းလေး ဖွင့်ပြီး ကြွေခဲ့ဘူးတယ်... ကျောင်းဆင်းခေါင်းလောင်းထိုးတိုင်း ခေါင်းလောင်းလေးတွေမြည်နေပြီလို့ အတန်းထဲမှာ သူငယ်ချင်းတွေ အော်ဆိုခဲ့ဘူးတယ်...

ရင်ခုန်ခံစားခဲ့ရသမျှ သူ့သီချင်းစာသားတိုင်းကိုသာ ချရေးရရင် ကုန်နိုင်မယ်မထင်ပါဘူး... အခု သူမရှိတော့တဲ့အခါ ရင်ခုန်လို့ကောင်းတဲ့သီချင်းလေးတွေ လက်တွေ့ဘဝအခြေအနေကို သီကုံးထားတဲ့သံစဉ်လေးတွေ သူ့ကိုယ်စားဘယ်သူက ဖန်ဆင်းပေးနိုင်မှာလဲ....

(ထူးအိမ်သင်ပုံကို htooeainthin.com မှယူပါသည်။)

Saturday, August 8, 2009

လေးစားရသောတိုင်းရင်းသားတစ်ယောက်


တကယ်တော့ဒီtagဟာအလေးအနက်ထားပြီးရေးရမှာဖြစ်တဲ့အတွက် ရေးရမှာမရဲလို့အချိန်တွေကြာနေတာကို ကိုလူထွေးတယောက်နားလည်ပေးမယ်ထင်ပါတယ်... ကိုယ်တိုင်က ကရင်လူမျိုးဖြစ်တဲ့အတွက် ရေးမဲ့ရေးတော့လည်းကရင်တိုင်းရင်းသားခေါင်းဆောင် အကြောင်းဘဲရေးချင်ပါတယ်... မရေးတတ်ရေးတတ်နဲ့ ဘလော့ပါးလဲမဝသေးတာကြောင့် အမှားပါရင်ခွင့်လွှတ်ကြဘို့ ပထမဆုံး တောင်းပန်ချင်ပါတယ်....
ကျမလေးစားမိတဲ့တိုင်းရင်းသားခေါင်းဆောင်တယောက်ကတော့ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ဖြစ်ပါတယ်...သူဟာကရင့်သမိုင်းမှာသာမကဘဲ မြန်မာနိုင်ငံလွတ်လပ်ရေးရဘို့ကြိုးပမ်းခဲ့ရာမှာလည်း မြန်မာ့သမိုင်းဝင်ထင်ရှားတဲ့ခေါင်းဆောင်တစ်ဦးလဲဖြစ်ပါတယ်... ၁၉၄၆ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးစံနစ်ပြန်လည်ဖော်ဆောင်ရာမှာ အင်္ဂလိပ်တို့ကဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အစိုးရအဖွဲ့ကိုဖွဲ့စည်းပေးခဲ့ရာ ဝတ်လုံတော်ရစောဘဦးကြီးဟာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်... ဖဆပလအဖွဲ့ကြီးရဲ့ဗဟိုကော်မတီမှာလည်း ဝတ်လုံတော်ရစောဘဦးကြီးဟာ ဗဟိုကော်မတီဝင် အဖြစ်ထည့်သွင်းဖွဲ့စည်းတဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်... ၁၉၄၇ခုနှစ်အတွင်း မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းဦဆောင်တဲ့မြန်မာကိုယ်စားလှယ် အဖွဲ့မှာ စောဘဦးကြီးဟာ ကန္ဒီအစည်းအဝေးသို့ လိုက်ပါတက်ရောက်ခဲ့ပါတယ်... ဗိုလ်ချုပ်နဲ့အတူ လွတ်လပ်ရေးရဘို့ ကြိုးပမ်းတဲ့ကာလမှာ အတူတကွ လက်တွဲဆောင်ရွက်ခဲ့ပါတယ်... ၁၉၄၈ခုနှစ် ဇန်နဝါရီလ၄ရက်နေ့ လွတ်လပ်ရေးနေ့မတိုင်ခင် ဗိုလ်ချုပ်ကျဆုံးခဲ့ပြီး လွတ်လပ်ရေးရပြီး မကြာမီ စောဘဦးကြီးကျဆုံးခဲ့ပါတယ်... စောဘဦးကြီးဟာ အစိုးရ ရာထူးဂုဏ်ရှိန်ကို မမက်မောဘဲ ကရင်အမျိုးသားရေးအတွက် ရာထူးဂုဏ်ရှိန်ကိုစွန့်လွှတ်ခဲ့ပါတယ်... "ကရင်တကျပ်သား၊ဗမာတကျပ်သား" ဆိုပြီး တန်းတူညီတူ ရရှိမှု အတွက် ကြွေးကြော်သံကိုချမှတ်ခဲ့ပါတယ်... ၁၉၅၀ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ နဘူးမြို့နယ် ကော့ကိုးကျေးရွာအနီး လယ်တဲထဲမှာ တောလှန်ရေးတာဝန်ထမ်းဆောင်နေရင်း သစ္စာဖောက်ထီးစွမ်းရွာသား မောင်အဲ၏ သစ္စာဖောက်မှုကြောင့် ရန်သူ၏ပစ်ခတ်မှုများကို အင်အားမမျှသော်လည်း လက်မမြှောက်ဘဲ ပြန်လည်ခုခံရင်း ကျဆုံးခဲ့ရပါတယ်....
သြဂုတ်လ၁၂ရက်နေ့(ကရင်အမျိုးသားအာဇာနည်နေ့)တွင် ကျဆုံးခဲ့သော ကရင်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီး နှင့်တကွ ကရင့်တော်လှန်ရေး ရဲဘော်အပေါင်းတို့အား ဦးညွတ်ဂါရဝပြုလျှက်
Rose of Sharon
မှတ်ချက်။ ။ကရင်အမျိုးသားစောဘဦးကြီး၏ပုံနှင့်မှတ်တမ်းအထောက်အထားများကို ဖားစည်သံ ကရင်ဘလော့မှယူပါသည်။

Tuesday, August 4, 2009

လင်တော်မောင်ခရီးသွားတဲ့အခါ

ရခိုင်မုန့်တီအသုတ်နှင့်အရည်သောက်
ဆိတ်သားနဲ့အာလူးဟင်း၊ကြက်အသည်းအမြစ်ဆီပြန်
ငါးပိရည်ဖျော်နှင့်ဓညင်းသီးပြုတ်

ကျမတို့ဟိုချီမင်းမြို့မှာနေတဲ့အိမ်ထောင်ရှင်မြန်မာအမျိုးသမီးအများစုမှာထုံးစံလိုလုပ်ဖြစ်နေတဲ့ ဓလေ့တခုရှိပါတယ်.... ကိုယ့်ခင်ပွန်းသည်ခရီးထွက်တဲ့အခါ အိမ်မှာမြန်မာသူငယ်ချင်းတွေဖိတ်ပြီး မြန်မာအစားအစာတွေစုပြီးချက်စားကြတာပါ... ခလေးတွေတရုံးရုံး... လူကြီးတွေတပြုံးပြုံးနဲ့ပေါ့...
ဒီတခေါက်တော့ကျမရဲ့ကျေးဇူးရှင်ခင်ပွန်းသည်ပြင်သစ်ကို၃ပတ်ခရီးထွက်ပါတယ်... ဒါကြောင့်ကျမအိမ်မှာသူငယ်ချင်းတွေဖိတ်ပြီးစုစားကြပါတယ်...ကျမသူငယ်ချင်း ရခိုင်အမျိုးသမီးကရခိုင်မုန့်တီချက်ပါတယ်.... ကျမကဆိတ်သားနဲ့အာလူးဟင်း ၊ကြက်အသည်းအမြစ်ဆီပြန်ဟင်း၊ ငါးပိရည်ဖျော်နဲ့ကန်ဇွန်းရွက်ချဉ်ရည်ဟင်းချက်ပါတယ်... ကန်ဇွန်းရွက်ချဉ်ရည်ဟင်းကဓာတ်ပုံရိုက်ဖို့မေ့သွားပါတယ်... အမတယောက်ကရွှေကြည်မုန့်ထိုးလာပါတယ်... ဓာတ်ပုံရိုက်ဖို့အချိန်မမှီလိုက်ပါဘူး... နောက်တယောက်ကကိတ်မုန့်ယူလာတယ်... ဓာတ်ပုံရိုက်ဖို့ကြည့်လိုက်တော့အမြင်မလှတော့တာနဲ့မရိုက်လိုက်တော့ပါဘူး... နောက်တယောက်ကဝိုင်တပုလင်းသယ်လာပါတယ်... လင်တော်မောင်ပြန်လာရင်ရွှေစိတ်တော်ညိုမှာစိုးလို့ဝိုင်ပုလင်းကိုလဲဓာတ်ပုံမရိုက်လိုက်ပါဘူး... နောက်တပတ်လဲတခုခုလုပ်ဖြစ်ပါအုန်းမယ်... ဒီနေ့တော့ဒီလောက်ပါဘဲ...နားလိုက်ပါအုန်းမယ်...

Saturday, August 1, 2009

မျက်ရည်


တခါတခါ

ဘဝမှာ

လိုတာတွေမရတဲ့အခါ....

တခါတခါ

ဘဝမှာ

လိုတာတွေရတဲ့အခါ....

တခါတခါ

ဘဝမှာ

ကိုယ်ဟာအဖော်မဲ့နေတဲ့အခါ....

တခါတခါ

ဘဝမှာ

ဘော်ဒါဟောင်းတွေနဲ့ပြန်ဆုံတဲ့အခါ....

မျက်ရည်တွေက

ပျော်ရင်ကျတယ်

ကြေကွဲရလဲ

ကျရတာဘဲ

ကိုယ့်ဘဝထဲ

သူလဲ...မရှိမဖြစ်အရေးပါတယ်.....


(ဘာရယ်မဟုတ်ပါဘူး... မအားတာရယ်... ဘလော့လေးကိုလဲပစ်မထားချင်တာရယ်ကြောင့်... ပေါ့ပေါ့ပါးပါးကဗျာလေးဘဲ စပ်လိုက်တာပါ)

Sunday, July 26, 2009

ဖေဖေ(သို့မဟုတ်)ကျမရဲ့HERO




ဟိုတပတ်ကအိမ်ကိုဖုန်းဆက်တော့ဖေဖေနဲ့စကားတွေပြောရင်း... ပြေးတွေ့ချင်စိတ်တွေပေါက်ပြီး.... မတွေ့တာ၃နှစ်ကြာပြီဖြစ်တဲ့ဖေဖေ့ပုံရိပ်ကိုစိတ်ထဲမှာမြင်ယောင်ကြည့်မိတယ်.... အသက်၆၁နှစ်ရှိပြီဖြစ်တဲ့ဖေ့ဖေ့ရဲ့ကျန်းမာရေးကမကောင်းလှဘူး... သားသမီး၆ယောက်ကို လူလားမြောက်အောင်... ပညာတွေတတ်အောင် လူတန်းစေ့နေနိုင်အောင် ကြိုးစားရုန်းကန်ခဲ့ရတဲ့ဖေဖေတယောက် သားသမီးတွေ ပညာစုံကြင်ယာစုံချိန်မှာတော့ ခြေကုန်လက်ပန်းကျပြီး အထီးကျန် နေခဲ့ရပြီ.... ဒီနှစ်ဒီဇင်္ဘာပြန်လာဖို့ကိုကြိုးစားမယ်လို့ဘဲပြောနိုင်တဲ့ ကိုယ့်ကိုကိုယ် တကယ်အားမရဘူး....


ဖေဖေဟာတကယ်တော့ကျမရဲ့Heroပါ... သားသမီးတွေအတွက်အမြဲဂုဏ်ယူချင်တတ်တဲ့ဖေဖေဟာ... အလုပ်ဆင်းလို့အိမ်ပြန်လာရင်တောင်မနားဘဲနဲ့ကျောင်းစာတွေပြန်စစ်တတ်တာ... အင်္ဂလိပ်စကားကိုပြောရဲအောင်လေ့ကျင့်ပေးခဲ့တာတွေ... ကရင်စာတွေကိုသင်ပေးပြီးမောင်နှမတွေအကုန်လုံးကိုစာမေးပွဲစစ်သလိုပြန်စစ်ပြီး.. အတော်ဆုံးသူကိုဆုချခဲ့တာတွေ.... ကျောင်းပိတ်ရက်တိုင်းမှာလက်ရေးလှအောင်လေ့ကျင့်ခိုင်းခဲ့တာတွေကို သတိရမိတိုင်း... ကျမတို့ရဲ့အနာဂါတ်တွေလှပအောင် အပင်ပန်းခံခဲ့တဲ့အဖေ့ကို ကျေးဇူးအရမ်းတင်မိတယ်...


သားသမီးတွေကိုလဲဖေဖေက သူငယ်ချင်းလိုပေါင်းတတ်သေးတယ်.... ဂစ်တာတီးကျွမ်းကျင်တဲ့ ဖေဖေဟာကျမတို့ နှစ်သက်တဲ့ ခေတ်ပေါ်သီချင်းမှန်သမျှကိုတီးခတ်ပေးသေးတာ...(အဲဒီတုန်းကမေဆွိရဲ့ ကိုကို့ကို တို့ မေခလာရဲ့မပြောချင်လို့ကြည့်နေတာကြာပြီသိရဲ့လားတို့ပေါ့)... စနေနေ့တိုင်းမှာလဲနောက်တနေ့ ဘုရားကျောင်းမှာဆိုဘို့ ခရစ်ယာန်ဓမ္မတေးတွေလေ့ကျင့်ပေးခဲ့တာတွေလဲသတိရလွမ်းဆွတ်မိတယ်... Churchမှာဆိုကျမတို့မိသားစုကိုစံပြခရစ်ယာန်အိမ်ထောင်အဖြစ်သတ်မှတ်ထားကြလို့ မိသားစုရှစ်ယောက်လုံး ဘုရားကျောင်းအတူတူသွားကြတိုင်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖေဖေ့ခေါင်းတွေမော့လို့.... အလုပ်ထဲမှာအဆင်မပြေတဲ့အခါ သိပ်ပင်ပန်းလာတဲ့အခါတိုင်း တခွက်တဖလားသောက်ချင်တဲ့ဖေဖေဟာ မေမေ့သဘောကျ အိမ်မှာဘဲခွက်ပုန်းချရတဲ့အခါတိုင်း ကျမရယ်ကျမရဲ့အမရယ်ဟာ ဖေဖေ့ကိုအလွတ်မပေးဘဲ သမီးတို့လဲမြည်းချင်တယ်လို့ပြောတဲ့အခါ ခွက်သေးသေးလေးတွေထဲ အချိုရည်တွေအများကြီးနဲ့ရောပေးပြီး အမြည်းတွေကျွေးတဲ့ဖေဖေတယောက် စိတ်ညစ်ပြေသွားလားမပြေလားတော့မသိ ကျမတို့ညီအမတွေကတော့ အမြည်းလုစားရတာပျော်လို့မဆုံးဘူး... ဖေဖေလခထုတ်တဲ့နေ့တွေဆို အစားအသောက်ကောင်းမက်တဲ့ဖေဖေဟာ မိသားစုကိုအပြင်ခေါ်သွားပြီးစားချင်တာတွေဝယ်ကျွေးတတ်တယ်... အပြင်ဆိုင်တွေမှာဟန်ကောင်းကောင်းနဲ့စားနိုင်ဘို့ ကျမတို့ကို တူကိုင်နည်း၊ဇွန်းခက်ရင်းကိုင်နည်းတွေကိုလဲ ငယ်ငယ်ထဲကသင်ပေးထားခဲ့တယ်... မောင်နှမတွေကြားထဲမှာလူကောင်အသေးဆုံးဖြစ်တဲ့ကျမကိုအရပ်ရှည်အောင် အိမ်မျက်နှာကျက်မှာ ဘားတန်းရိုက်ပြီးခိုခိုင်းခဲ့လို့ အခုကျမအရပ်မရှည်ပေမဲ့ ပုတယ်လို့ခေါ်လို့မရတဲ့၅ပေ၄လက်မဆိုတဲ့အရပ်လေးရှိခဲ့ရတာဖေဖေ့ကျေးဇူးပေါ့... ကျမတို့ညီအမတွေကိုလဲဖေဖေကိုယ်တိုင်ဘဲရေကူးသင်ပေးခဲ့သေးတာ...


ကျမဖေဖေ့ကြောင့်လူတောတိုး လူဝင်ဆန့်ခဲ့တယ်... ဖေဖေ့ကြောင့်ဘုရားကိုသိခဲ့ရတယ်... ဖေဖေ့ကြောင့်သူများတွေနဲ့တန်းတူဘွဲ့တခုရခဲ့တယ်... ဖေဖေ့ကြောင့်အဆိုးအကောင်းကိုခွဲခြားသိရှိနိုင်တဲ့ဥာဏ်ပညာတွေရရှိခဲ့တယ်... ဖေဖေ့ရဲ့ကျေးဇူးတွေက ချရေးရင်ကုန်နိုင်မှာမဟုတ်ပါဘူး...


ဒါပေမဲ့ကျမဆိုးခဲ့တယ်.... ဖေဖေခွင့်လွှတ်တယ်ဆိုတာသိပေမဲ့တွေးမိတိုင်းနောင်တရမိတယ်... အချစ်ကိုကိုးကွယ်ခဲ့မိတဲ့ကျမ... ဖေဖေ့ခံစားချက်ကိုဥပေက္ခာပြုခဲ့တယ်.... သူသဘောမတူတဲ့သူနဲ့လက်မထပ်စေချင်လို့... စကားလုံးရင့်ရင့်တွေသုံးပြီးတားခဲ့တဲ့ဖေဖေ့ကိုစိတ်နာ တဇွတ်ထိုးစိတ်နဲ့ မင်္ဂလာပွဲကို ကိုယ့်ဟာကိုယ်စီစဉ်ပြီး ဖေဖေ့ကိုအသိမပေးဘဲကျင်းပနေချိန်မှာ... ကျမဘာလုပ်လုပ်သိနေတဲ့ဖေဖေက သူ့သူငယ်ချင်းတယောက်အိမ်မှာသွားရင်ဖွင့်ပြီးမျက်ရည်တွေကျခဲ့တယ်ဆိုတာ နောက်ကျမှသိခဲ့ရတယ် ကျမ နောင်တတွေရပြီး အချိန်တွေကိုနောက်ပြန်ဆွဲပြီး ပြန်ပြင်ချင်တာတွေပြင်ခွင့်ရချင်လိုက်တာ... တကယ်ဆို ကျမရွေးချယ်မှုမမှားဘူးဆိုတာကိုဖေဖေသိအောင် အချိန်ယူနားချသင့်ခဲ့တာပေါ့... သမီးတွေမင်္ဂလာဆောင်တိုင်း ခရစ်ယာန်ထုံးစံအရ ကိုယ့်သမီးကို သတို့သားလက်ထဲလွဲပြောင်းပေးတဲ့အနေနဲ့ ဧည့်ပရိသတ်တွေအလည်မှာ သတို့သားဆီကို သမီးနဲ့လက်တွဲပြီးလမ်းလျှောက်ခဲ့တဲ့အဖေဟာ ကျမလက်ကိုတွဲပြီးသူသဘောကျတဲ့သူရဲ့လက်ထဲအပ်ဘို့မျှော်လင့်ချက်တွေဆုံးရှုံးခဲ့ရတယ်... ဒါပေမဲ့ခုချိန်မှာကျမရဲ့ခင်ပွန်းနဲ့တွေ့တိုင်း စကားတွေဖောင်ဖွဲ့ပြောတတ်တဲ့ဖေဖေတယောက် ကျမကိုခွင့်လွှတ်တယ်ဆိုတာကျမသိနေပေမဲ့ဒီနောင်တတွေကပျောက်မသွားပါဘူး... ကျမကြောင့်မျက်ရည်ကျခဲ့ရတဲ့ဖေဖေက ကျမငွေလွှဲတာရလို့ကျေးဇူးတင်တယ်ပြောတိုင်း ကျမရင်ထဲမှာ စိတ်မကောင်းဖြစ်မိတယ်... တကယ်ဆိုကျမဘက်က ပေးဆပ်ဘို့အများကြီးလိုအပ်နေသေးတာလေ... အခုဖေဖေ့အကြောင်းရေးရင်းနဲ့ဆုံးဖြတ်ချက်ချလိုက်ပါပြီ... ဒီဇဘာင်္အရောက်ပြန်ခဲ့မယ်ဖေဖေ.... နိုင်ငံရေးအခြေအနေတွေဘယ်လိုရှိရှိ၊ ဘာရောဂါတွေဘယ်လိုဘဲဖြစ်နေဖြစ်နေ သမီးဂရုမစိုက်တော့ပါဘူး... ဖေဖေတွေ့ချင်တဲ့ဖေဖေ့မြေးလေးတွေကိုလက်ဆွဲပြီးသမီးလာခဲ့ပါ့မယ်ဖေဖေ


ဖေဖေ့ကိုချစ်တဲ့ဖေဖေ့သမီးဆိုး


Thursday, July 23, 2009

ဖူးစာ(သို့မဟုတ်)နံရိုး


ကျမတို့ဆယ်ကျော်သယ်အရွယ်လောက်တုန်းက ညီအမတွေ သူငယ်ချင်းတွေ အားလုံးလိုလို ကိုယ့်ဖူးစာရှင်ဘယ်သူဖြစ်မလဲလို့ အရမ်းသိချင်ပြီး ကြားဖူးသမျှတွေနဲ့စမ်းသပ်ခဲ့ကြတယ်... အများစုကဖူးစာရှင်လို့ပြောကြတယ်... ကျမတို့ခရစ်ယာန်အသိုင်းအဝိုင်းမှာတော့ နံရိုးပိုင်ရှင်လို့ပြောကြပါတယ်...အာဒံအတွက်လက်တွဲဖော်ကိုဘုရားသခင်ကဖန်ဆင်းတော့ အာဒံရဲ့ကိုယ်ထဲကနေနံရိုးတချောင်းကိုထုတ်ပြီး ဧဝကိုဖန်ဆင်းခဲ့လို့ပါ... အိမ်ထောင်ရေးအဆင်မပြေကြရင် ဖူးစာလွဲလို့ သို့မဟုတ် နံရိုးလွဲလို့ ဆိုပြီးပြောကြတာ ကြားဖူးပါတယ်... ဖူးစာရှင်သိချင်လို့စမ်းသပ်ကြသူ သူငယ်ချင်းတချို့က မအိပ်ခင်ကြက်ဥစားပြီးရေမသောက်ဘဲအိပ်တယ်တဲ့... အိပ်မက်ထဲမှာဖူးစာရှင်ကရေလာတိုက်မယ်ဆိုဘဲ... တချို့ကအပင်ပေါ်ကကြွေတဲ့ပန်းကိုမြေမခခင်ကောက်ပြီးခေါင်းအုံးအောက်ထားအိပ်ရင် ဖူးစာရှင်ကိုအိပ်မက်မက်လိမ့်မယ်တဲ့... စမ်းသပ်တဲ့သူငယ်ချင်းတွေအားလုံး အိပ်မက်ထဲမှာတယောက်ယောက်တော့တွေ့ကြတယ်... အပြင်မှာအဲဒီသူနဲ့တကယ်တွေ့ပြီးလက်ထပ်ဖြစ်လားမဖြစ်လားတော့ကျမ မသိပါဘူး... ကျမကတော့ပန်းပွင့်လေးနဲ့စမ်းသပ်ဘူးပါတယ်... ဒါပေမဲ့ဘယ်သူ့ကိုမှအိပ်မက်ထဲမှာမတွေ့ပါဘူး... ဘယ်နှစ်ခါစမ်းသပ်စမ်းသပ် မတွေ့ပါဘူး... တခါတခါစဉ်းစားမိတယ်... သူတို့ကျတွေ့ရပြီးငါ့ကျမှဘာလို့မတွေ့ရပါလိမ့် အပျိုကြီးဖြစ်မှာမို့လို့လားလို့...

ကျမအသက်၂၃နှစ်မှာ ကျမသိပ်ချစ်ရတဲ့သူ ကိုကျမအလုပ်လုပ်တဲ့နေရာမှာ ဆုံစည်းခဲ့ပြီး ၂၅နှစ်ပြည့်ဘို့ ၃လကျော်ကျော်လောက်အလိုမှာလက်ထပ်ခဲ့ပါတယ်... အခုအိမ်ထောင်သက်ဆယ်နှစ်ကျော်မှဒီအကြောင်းပြန်စဉ်းစားမိတော့... ငယ်ငယ်ကဘာကြောင့်အိမ်မက်ထဲမှာသူ့ကိုမတွေ့ခဲ့ရတာလဲဆိုတဲ့အဖြေကို ကိုယ့်ဟာကိုယ်ဘဲပြန်ဖြေမိတော့တယ်... သူနဲ့ကိုယ်နဲ့က တယောက်နဲ့တယောက် ဆုံစည်းနိုင်မယ်မထင်ရတဲ့ တမြေစီကမို့ ဖူးစာရေးနတ်က ကျမရဲ့အိပ်မက်ထဲသူ့ကိုအချိန်မီမပို့ပေးနိုင်ခဲ့ဘူးရယ်လို့လေ....

Saturday, July 18, 2009

မိသားစုအပန်းဖြေခရီး


ခလေးတွေကျောင်းပိတ်တိုင်းကျမတို့မိသားစု အလည်ခရီးထွက်ကြပါတယ်... စကာင်္ပူနဲ့ဘန်ကောက်ကတော့ အမြဲသွားလည်နေကျပေါ့... ဒါပေမဲ့ ဒီနှစ်တော့ swine flu ကြောက်လို့ပြည်တွင်းခရီးဘဲထွက်ဖို့ဆုံးဖြတ်ပြီး မိသားစုအေးအေးချမ်းချမ်းအနားယူနိုင်ဘို့ private beach လေးရှိတဲ့ Anoasis resort ကိုရွေးချယ်ခဲ့ပါတယ်... ဟိုချီမင်းမြို့ကနေအဲဒီနေရာကိုရောက်ဖို့ ကားနဲ့သွားရင် ၁နာရီနဲ့၄၅မိနစ်ဘဲကြာမယ်လို့ မြေပုံအညွှန်းမှာ ရေးထားပေမဲ့ တကယ်တမ်းသွားတဲ့အခါအိမ်ကနေမြို့ပြင်ရောက်တဲ့အထိကိုနာရီဝက်လောက်ကားမောင်းရတော့ စုစုပေါင်း ကြာချိန်က ၂နာရီခွဲလောက်ရှိပါတယ်... ဒီခရီးစဉ်ကကျမအတွက် တကယ့်ကိုအပန်းဖြေခရီးပါဘဲ... ခလေးတွေအတွက်ဟင်းချက်စရာမလိုတဲ့အပြင် သူတို့ကိုအိမ်မှာလို activities တွေတခုပြီးတခုမပျင်းရအောင်စီစဉ်စရာလဲမလိုပါဘူး... ဗိုက်ဆာတယ်ဆိုစားသောက်ဆိုင်ခေါ်သွားလိုက်တယ် ဆော့ချင်တယ်ဆိုခလေးကစားခန်းလေးဆီပို့ပေးတယ်... အဲဒါပြီးရင် သူတို့အဖေနဲ့ရေကူးကြတယ်... ညနေဆိုပင်လယ်ကမ်းခြေမှာခရုထွက်ကောက်ကြတယ်...

သူတို့အတွက်က အပျော်ခရီး ကျမအတွက်တော့အပန်းဖြေခရီးပေါ့...

အခုတော့အားရပါးရနားလို့ဝသွားပါပြီ... ကျမ မရှိပေမဲ့ကျမဘလော့လေးဆီလာလည်သွားကြတဲ့ ကျမရဲ့ဘလော်ဂါမောင်နှမများကိုအထူးကျေးဇူးတင်ပါတယ်... အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေရှင်...

Thursday, July 9, 2009

Facebook ကောင်းမှု


ကိုးတန်းနှစ်တုန်းကကျမမှာသိပ်ချစ်စရာကောင်းတဲ့သူငယ်ချင်းတစ်ယောက်ရှိခဲ့ဘူးတယ်... ဒါပေမဲ့မိဘတွေရဲ့တားမြစ်ချက်ကြောင့်ကျမနဲ့သူနဲ့ဝေးခဲ့ရတယ်... ကျမတို့နှစ်ယောက်သိပ်ခင်ခဲ့ကြပါတယ်... ၁၉၈၈ခုပညာသင်နှစ်အစပိုင်းဇွန်လနဲ့ဇူလိုင်လဆန်းမှာကျမတို့သူငယ်ချင်းနှစ်ယောက်ခင်မင်ပျော်ရွှင်စွာနဲ့ ကျောင်းတက်ခဲ့ကြပါတယ်... ဒါပေမဲ့ဇူလိုင်ပထမပတ်လားဒုတိယပတ်လားတော့သေချာမမှတ်မိတော့ဘူး ကျမတို့ကျောင်းသားတွေအချင်းချင်းလက်တို့ပြီး ရွှေတိဂုံစေတီမှာဟောပြောပွဲရှိတဲ့အကြောင်း ဘယ်နေ့၊ဘယ်နေရာမှာစုမဲ့အကြောင်းသတင်းတွေတိတ်တိတ်လေးလက်ဆင့်ကမ်းကြပါတယ်... ကျမတို့သူငယ်ချင်းနှစ်ယောက်ကျောင်းပြေးပြီးသွားဖို့ဆုံးဖြတ်လိုက်တယ်... အဲဒီနေ့ရွှေတိဂုံစေတီကိုသွားကြတဲ့ကျမတို့ကျောင်းကအဖွဲ့မှာမိန်းခလေးဆိုလို့ကျမတို့နှစ်ယောက်ဘဲပါပါတယ်... ရွှေတိဂုံစေတီကိုရောက်တော့ကျမသူငယ်ချင်းရဲ့အစ်ကိုနဲ့တိုးလို့သူ့ခမျာပတ်ပြေးရပါသေးတယ်... ကျမတို့နှစ်ယောက်မျက်နှာမှာထောက်လှန်းရေးတွေမမှတ်မိအောင်ပဝါတွေစည်းထားတာတောင်မှ သူ့အစ်ကိုကမှတ်မိတာအံ့ရော... သိပ်မကြာပါဘူးလုံထိန်းတွေရောက်လာတာနဲ့ကျမတို့ထဲကကောင်လေးတွေကကျမတို့ကို အရင်လွတ်အောင်ထွက်ပြေးခိုင်းပါတယ်... အဲဒီနေ့ကအဖမ်းမခံရ၊ဘေးမသီရန်မခဘဲအိမ်ပြန်ရောက်ပါတယ်... (ဖိနပ်တော့ဘယ်ကျွတ်ကျန်နေခဲ့မှန်းမသိပါဘူး)...

နောက်နေ့ကျောင်းရောက်တော့ကျမတို့ရဲ့နာမည်စာရင်းတွေကရုံးခန်းရောက်နေပြီ...

ကျမတို့နှစ်ယောက်ကိုအတန်းရှေ့ခေါ်ထုတ်ပြီးဆရာမရိုက်ပါတယ်... ဒဏ်ပေးခံရတဲ့အပြင်ခွင့်တိုင်စရာမလိုဘဲအိမ်မှာနားလိုက်ရပါတယ်... အိမ်မှာလဲကောင်းကောင်းမနားရပါဘူး... အဖေနဲ့အမေကတလှည့်စီမနားတမ်းဆူပါတယ်... အပြင်လဲပေးမထွက်ပါဘူး... အဖေတို့ငယ်ငယ်တုန်းက စစ်တပ်နဲ့ကရင်တွေနဲ့တိုက်ပွဲဖြစ်ရင် စစ်တပ်ကတွေ့သမျှ ကရင်တွေထောင်ထဲမှာထားပြီးနှိပ်စက်တယ်တဲ့၊အစားလဲမကျွေးဘဲအငတ်ထားတယ်တဲ့.... အဖေတို့မှာဗိုက်ဆာလွန်းလို့ငိုလိုက်ရတာတဲ့ တော်သေးတာပေါ့အဖေကကျမကိုအိမ်ထဲမှာထောင်ချထားပေမဲ့အငတ်မထားလို့... အတိုချုံးရရင်သြဂုတ်လမှာ(၈၊၈၊၈၈)တနိုင်ငံလုံးဆန္ဒပြကြတဲ့အထိ ကျမမှာမလွတ်လပ်ခဲ့ပါဘူး... တဝက်တပြတ်နိုင်ငံရေးစိတ်ဓါတ်လေးနဲ့ကျမ ဘယ်လိုမှမအောင့်နိုင်တော့ဘဲရေချိုးခန်းပြတင်းပေါက်ကခုန်ချပြီး ချီတက်ဆန္ဒပြတဲ့ဆီပြေးပါတော့တယ်... ထင်တဲ့အတိုင်းကျမသူငယ်ချင်းလေးကကျမကိုကြိုလို့ပေါ့.... အဲဒီနေ့ညနေအိမ်ပြန်ရင်ဘယ်တော့မှပြန်မထွက်ရမှန်းသိလို့ကျမသူငယ်ချင်းကသူ့အိမ်လိုက်ခဲ့ဘို့ခေါ်ပါတယ်... ဒီလိုနဲ့ဘဲစိတ်တူကိုယ်တူသူငယ်ချင်းနှစ်ယောက်ပိုလို့ရင်းနှီးခဲ့ရပါတယ်...

ဒါပေမဲ့မကြာပါဘူး... အဆာငတ်ခံဆန္ဒပြနေတုန်းအစာအိမ်ရောဂါရှိတဲ့ကျမရဲ့ကျန်းမာရေးအခြေအနေကြောင့် အိမ်ပြန်ခဲ့ရပါတယ်... အဲဒီတုန်းကကျမသာကျန်းမာရေးကောင်းခဲ့ရင် နိုင်ငံရေးကိုအဆုံးထိလုပ်ခဲ့မိမယ်ထင်ရဲ့... ဒီလိုနဲ့ဘဲကျောင်းတွေအကြာကြီးပိတ်သွားပါတယ်... ကျောင်းတွေပြန်ဖွင့်တော့လဲအစိုးရိမ်ကြီးလွန်းတဲ့ကျမရဲ့မိဘတွေက စိတ်တူကိုယ်တူကျမရဲ့သူငယ်ချင်းလေးကို မပေါင်းရဘူးလို့အမိန့်ထုတ်ပါတယ်.. ကျမလဲမိဘအရိပ်အောက်မှာမှီခိုနေရတော့မကျေမနပ်နဲ့ဘဲမိဘစကားနားထောင်ခဲ့ရပါတယ်... ဆယ်တန်းနှစ်မှာကျမတို့သူငယ်ချင်းနှစ်ယောက်အတန်းကွဲသွားတဲ့နောက်ပိုင်းသိပ်မတွေ့ဖြစ်တော့ပါဘူး... ဒီလိုနဲ့တခါတလေမှဘဲဆုံဖြစ်ကြပါတော့တယ်... နှစ်တွေအတော်ကြာပြီးမှငယ်ငယ်တုန်းကအကြောင်းတွေ ပြန်တွေးဖြစ်တဲ့အခါ အဲဒီသူငယ်ချင်းလေးကိုအရမ်းသတိရမိပါတယ်... မနှစ်ကFacebook မှာသူငယ်ချင်းဟောင်းတွေပြန်ရှာလို့ရတဲ့အကြောင်းသတင်းရလို့ကျမသူ့နာမည်လေးအကွက်ထဲမှာ ထည့်ပြီးရှာတာမတွေ့ပါဘူး... ဒါပေမဲ့လွန်ခဲ့တဲ့နှစ်လလောက်က friend request တစ်ခုရောက်လို့ဖွင့်ကြည့်မိတော့အဲဒီသူငယ်ချင်းလေး ဖြစ်နေလို့ကျမအရမ်းကိုပျော်သွားပြီး ချက်ချင်းဆက်သွယ်လိုက်တဲ့အခါသူလဲဝမ်းသာအားရနဲ့ ကျမတို့နှစ်ယောက်စကားတွေအကြာကြီးပြောကြပါတယ်...

အခု ကျမတို့နှစ်ယောက် အရင်လိုပြန်ဖြစ်နေပါပြီ... ရီကြမောကြ၊တစ်ယောက်အကြောင်းတစ်ယောက်စပ်စုကြနဲ့ပေါ့.... နှစ်ယောက်စလုံးကခလေးနှစ်ယောက်အမေတွေဖြစ်နေပေမဲ့စကားအတူပြောနေကြတဲ့အခါ ဟိုတုန်းက၁၄၊၅နှစ်အရွယ်လေးတွေလိုဘဲနုပျိုလို့....

ကျမရဲ့Bloggerသူငယ်ချင်းတွေလဲငယ်ငယ်တုန်းကသူငယ်ချင်းတွေနဲ့ပြန်လည်ဆုံဆည်းချင်တဲ့ဆန္ဒရှိခဲ့ရင် Facebook ကနေတဆင့်ရှာကြည့်ကြပါလို့အကြံပေးရင်း Facebook အကြောင်းအခမဲ့ကြော်ငြာလိုက်ပါတယ်ရှင်။


Monday, July 6, 2009

Federerနိုင်ပြီ


မနေ့ညကအိပ်ရာဝင်နောက်ကျတယ်...တင်းနစ်ဖိုင်နယ်ကိုပြီးတဲ့အထိကြည့်ချင်တာကိုး...ခင်ပွန်းသည်ကRoddickကိုအားပေးပြီး ကျမကFedererကိုအားပေးပါတယ်...အရင်ပွဲတွေသူရှုံးတုန်းကငိုတဲ့ပုံကိုသတိရပြီး သူမငိုရပါစေနဲ့လို့ဆုတောင်းပေးနေမိတယ်...ပြီးတော့ပွဲတိုင်းမှာအမြဲလိုက်ပါအားပေးတဲ့သူ့ရဲ့လက်တွဲဖော်လေးကိုလဲပျော်ရွှင်စေချင်တယ်... ကိုယ်ဝန်ကြီးနဲ့ဝမ်းမနည်းစေချင်ဘူး... ဒီပွဲရဲ့ရလာဒ်ဟာသူမွေးလာမဲ့ခလေးလေးအတွက်ဘုရားပေးတဲ့ဆုလေး ဖြစ်စေချင်တယ်... ကျမဆုတောင်းပြည့်ပါတယ်... အားကုန်သုံးပြီးကစားတဲ့Roddickကိုသူနိုင်သွားပါတယ်...

Roddick ကစားတာပိုကောင်းနေပေမဲ့ ပုံမှန်အတိုင်းခံစစ်ကနေကစားသွားးတဲ့ Federer ကနောက်ဆုံး ၃ မိနစ်လေးနဲ့ကပ်ပြီးအနိုင်ရရှိသွားပါတယ်... Roddick အတွက်တော့စိတ်မကောင်းပါဘူး... သူတကယ်ကိုအကောင်းဆုံးကစားသွားခဲ့တာပါ... Tennis မှာပူးတွဲဆုပေးတဲ့အစဉ်အလာသာရှိခဲ့ရင်သိပ်ကောင်းမှာဘဲလို့စဉ်းစားမိတယ်.. ရှုံးတဲ့သူကိုသနားလို့..

အခုတော့Federer တစ်ယောက် မနှစ်ကလက်လွှတ်ခဲ့ရတဲ့ World No 1နေရာကိုပြန်လည်ရရှိသွားခဲ့ပါပြီ... ဒါ့အပြင် Sampras ထက် Grand Slam ဆုတစ်ခုအသာနဲ့ Greatest player အဖြစ် သမိုင်းဝင်သွားခဲ့ပါပြီ.. အနာဂတ်မှာFederer တစ်ယောက် သူချစ်တဲ့ဇနီး၊လာခြင်းကောင်းသောသူ့ရင်သွေးလေးနဲ့အတူအောင်မြင်မှုတွေ ဒိထက်တိုးပြီးရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...

Thursday, July 2, 2009

ကျောင်းတွေပိတ်တော့မည်


ဒီခလေးလေးနှစ်ယောက်ကကျမသိတ်မြတ်နိုးရတဲ့ကျမရဲ့အဖိုးတန်ရတနာလေးတွေပေါ့....ဘာနဲ့မှကိုမလဲနိုင်ပါဘူးရှင်...သူတို့လေးတွေကြောင့်ကျမရဲ့ဘဝအသက်ရှင်မှုကအဓိပါယ်ရှိနေတာပါ...အပေါ်ကပုံလေးကသူတို့မောင်နှစ်မနှစ်ယောက်အိမ်နောက်ဘက်ခြံထဲမှာဆော့နေတဲ့ပုံပါ...သူတို့နှစ်ယောက်ပျော်နေဖို့ကျမအမြဲကြိုးစားပါတယ်..ကျမငယ်ငယ်တုန်းကတော့ကျမတို့မိဘတွေကကျမတို့ ပျော်အောင်ကြိုးစားအားထုတ်စရာမလိုအပ်ခဲ့ပါဘူး...မောင်နှစ်မခြောက်ယောက်ရှိတဲ့အတွက်အငယ်ကိုအကြီးက တဆင့်စီထိန်းရင်း ကစားနည်းမျိုးစုံမရိုးအောင်ကစားခဲ့ကြတာပါ...ကစားစရာတွေလည်းအထူးတလည်မလိုအပ်ခဲ့ပါဘူး...အစ်ကိုအကြီးဆုံးက တွန်းလှည်းလေးတွေကိုရာဘာဖိနပ်ဟောင်း၊ဝါးလုံး၊သားရေကွင်းတွေနဲ့ တီထွင်တတ်တယ်...အစ်မတစ်ယောက်ကကတ်ထူစာရွက်နဲ့အရုပ်မလေးတွေ အဝတ်တွေလုပ်တတ်တယ်...ကျန်တဲ့အစ်မတစ်ယောက်ကပေါက်ပေါက်ရှာရှာကစားနည်းတွေကိုဦးဆောင်ကစားတတ်ပါတယ်...ကျောင်းပိတ်တဲ့နေ့တွေဆိုကျမတို့ဘယ်တော့မှမပျင်းရပါဘူး...ခုတော့ကျမခလေးတွေလက်ထက်မှာကျမငယ်ငယ်ကလိုမောင်နှစ်မအများကြီးနဲ့မနေရတဲ့အပြင် ဆွေမျိုးတွေနဲ့လဲမတွေ့ရဘဲနိုင်ငံခြားမှာနေ နေရတဲ့အတွက်သူတို့ကိုပျော်အောင်၊သူတို့အရိပ်အခြေကိုတချိန်လုံးစောင့်ကြည့်ပြီး လိုအပ်ချက်မရှိရအောင်အစွမ်းကုန်ကြိုးစားပါတယ်...နောက်ထပ်ခလေးယူဘို့လဲဘယ်လိုမှ မဖြစ်နိုင်ဘူးလေ...စားစရိတ်တတ်နိုင်ပေမဲ့ပညာရေးစရိတ်မတတ်နိုင်လို့ပါ...သူတို့ရဲ့ကျန်းမာရေးကိုလဲအရမ်းဂရုစိုက်ရပါတယ်...ဖုန်းဆက်ခေါ်တိုင်းလာပေးနိုင်တဲ့ ဗီယက်နမ်ဆရာဝန်မတစ်ယောက်နဲ့သိထားလို့တော်သေးရဲ့...ကျောင်းထားတော့လဲစိတ်ထဲတထင့်ထင့်နဲ့ထားရတာပါ...သမီးလေးကိုကျောင်းစ ထားတုန်းကဆိုသားဦးအရူးဆိုတဲ့အတိုင်းကျမမှာအရူးမကြီးလိုပါဘဲ...အတန်းထဲမှာငိုနေတဲ့သမီးလေးကိုအပြင်ကနေချောင်းကြည့်ပြီးအိမ်မပြန်ဘဲထိုင်ငိုနေလို့ ကျောင်းအုပ်ဆရာကြီးနဲ့တခြားအတန်းကဆရာမတွေကျမကို ဝိုင်းချော့ကြရတာကိုသိထားတဲ့ သူငယ်ချင်းတွေဆို ခုထိသတိရတိုင်းပြောပြီးရီနေကြတုန်း...
ကျမလဲအခုမှရှက်ရကောင်းမှန်းသိပြီး သားအလှည့်ကျအဲဒီကျောင်းမှာမထားတော့ပါဘူး..ကျောင်းကကောင်းပါတယ်...ကိုယ့်ဟာကိုယ်ရှက်လို့ပါ..အခုတော့သမီးလေးလဲကျောင်းပျော်၊သားလေးလဲကျောင်းမှာနေသားကျနေပါပြီ...နောက်တပတ်ဆိုခလေးတွေကျောင်းပိတ်ပြီ...နှစ်လလုံးလုံးသူတို့လေးတွေ ကျမမျက်စေ့အောက်မှာဘဲရှိနေမှာမို့ကျမအရမ်းပျော်နေပါတယ်...သူတို့လေးတွေကိုဘယ်နေရာတွေလိုက်ပို့ပေးရမလဲ၊ သူတို့လေးတွေနဲ့ဘယ်လိုဆော့ပေးရမလဲ၊ သူတို့ပျော်အောင်ဘာလုပ်ပေးရမလဲ...စဉ်းစားနေရပါပြီ...သူတို့လေးတွေနဲ့အချိန်ပြည့် နေပေးရတော့မှာမို့ အရင်လိုဘလော့တွေသိပ်မလည်ဖြစ်တော့ရင် ဘလော့မောင်နှစ်မများနားလည်ပေးကြပါနော်...

Monday, June 29, 2009

အမှား(၁)

ကျမဘဝမှာလုပ်ခဲ့ဘူးတဲ့အမှားတွေအကြောင်းသတိရသလောက်ရေးချင်ပါတယ်..ပထမဆုံးသတိရမိတဲ့အမှားကတော့ရှစ်တန်းနှစ်တုန်းကအဖြစ်အပျက်လေးပါ..ကျမရှစ်တန်းနှစ်တဝက်မရှိတရှိမှာရန်ကင်းအထက(၂)ကနေရန်ကင်းအထက(၁)ကိုပြောင်းရပါတယ်..နောက်ကျမှကျောင်းဝင်တဲ့အတွက်အမြဲရှေ့ဆုံးတန်းမှာထိုင်ခဲ့တဲ့ကျမအတွက်နောက်ဆုံးတန်းမှာဘဲနေရာရခဲ့တယ်
အတူထိုင်ရတဲ့သူငယ်ချင်းနှစ်ယောက်ဟာကျမထက်အသက်ကြီးကြတယ်သူတို့နှစ်ယောက်နာမည်ကညိုနဲ့ဖြူပေါ့
အဲဒီနှစ်ယောက်မှာညိုကရိုးသားပွင့်လင်းသလောက်ဖြူကလျှို့ဝှက်ပါတယ်..ကျမတို့တွေအရမ်းခင်သွားကြပြီးတယောက်အိမ်တယောက်လိုကလည်ကြပါတယ်ဒါပေမဲ့ဖြူကသူ့အိမ်ကိုဘယ်တော့မှအ
လည်မခေါ်ပါဘူး...ကြာလာတော့ကျမနဲ့ညိုကသူဘာကြောင့်များကျမတို့ကိုအိမ်အလည်မခေါ်လဲလို့စဉ်းစားရင်းသူ့အိမ်ကိုရောက်ဖူးချင်
စိတ်တွေတနေ့ထက်တနေ့ပိုပြင်းပြလာတယ်...ဖြူကသူတို့မိသားစုဘယ်လောက်ချမ်းသာတာတို့ ဘာတို့ပြောလေကျမတို့သူ့အိမ်ရောက်ဖူးချင်လေဘဲ..ကျမနဲ့ညိုနဲ့ကသာမန်လူလတ်တန်းစားမိဘတွေရဲ့သားသ
မီးတွေဆိုတော့သိပ်ချမ်းသာတဲ့ဖြူတို့အိမ်ကိုတကယ်ကိုရောက်ဖူးချင်တာပါ..ဒါနဲ့ဘဲကျမတို့နှစ်ယောက်ရဲ့ကြိုးစားအားထုတ်မှူကြောင့်ဖြူ့အိမ်လိပ်စာကိုရခဲ့ပါတယ်..စနေနေ့ကျောင်းပိတ်ရက်တရက်မှာကျမနဲ့ညိုနဲ့မိဘတွေကိုခွင့်တောင်းပြီးဖြူ့ကိုအသိမပေးဘဲသူ့အိမ်လိပ်စာကိုင်
ပြီးသွားခဲ့တယ်...သူ့အိမ်လိပ်စာအရကျမတို့တွေ့လိုက်ရတဲ့ဖြူ့အိမ်ဟာကျမတို့်ကိုပါးစပ်ဟောင်းလောင်းဖြစ်သွားစေတယ်
ကျူးကျော်ရပ်ကွက်ရဲ့တဲသာသာအိမ်လေးပါ..မယုံနိုင်လွန်းလို့တံခါးခေါက်ကြည့်တော့အဝတ်ခပ်နွမ်းနွမ်းဝတ်ထားတဲ့အဒေါ်ကြီးတယောက်ထွက်လာပြီးဖြူမရှိဘူး
လို့ပြောပါတယ်..အဲဒီအဒေါ်ကြီးကဖြူ့အမေပါ...သဘောကောင်းပါတယ်..
အဲဒီနေ့ရဲ့ရလာဒ်ကတော့ဖြူတယောက်ကျမတို့ကိုအရင်လောက်စကားမပြောတော့ပါဘူး..ကျောင်းလဲမမှန်တော့ဘူး...အဲဒီနှစ်မှာဖြူရှစ်တန်းကျပါတယ်...ကျမကိုးတန်းနှစ်မှာသူကမနှစ်ကအခန်းမှာရှစ်တန်းပြန်တက်ပါတယ်...ဒါပေမဲ့ဖြူကကျမကိုလုံးဝမခေါ်တော့ပါဘူး...နောက်ပိုင်းတော့ကျမလဲသူငယ်ချင်းအသစ်တွေနဲ့ဆိုတော့ဖြူ့ကိုမေ့သွားပါတယ်..ဒါပေမဲ့အိမ်ထောင်တွေကျအသက်တွေကြီးလာတော့ငယ်ငယ်တုန်းကအကြောင်းတွေပြန်တွေးမိတိုင်းဒီအဖြစ်
ကိုသတိရတဲ့အခါနောင်တရမိသလိုလိုအမှားတခုကိုကျူးလွန်မိခဲ့သလိုခံစားမိပါတယ်...
ခုချိန်မှာဖြူဟာအရင်လိုမဟုတ်ဘဲကိုယ့်ဘဝကိုရှိတဲ့အခြေအနေတိုင်းကျေနပ်ရောင့်ရဲတဲ့အမျိုးသမီးတယောက်
ဖြစ်နေပြီဆိုရင်ကျမသူ့ကိုသွားတွေ့ပြီးတောင်းပန်ချင်ပါတယ်...
ငယ်ငယ်တုန်းကတောင်းပန်ရကောင်းမှန်းမသိခဲ့လို့ပါ...အခုအချိန်ဖြူများဒီစာကိုဖတ်မိခဲ့ရင်ကျမကိုနားလည်
ခွင့်လွှတ်နိုင်ပါစေလို့မျှော်လင့်ရင်း.....

Saturday, June 27, 2009

ဝက်အူချောင်းနဲ့အာလူးချောင်းကြော်


သမီးလေးအတွက်ညစာပါ..

ဝက်အူချောင်းကိုအပေါ်ယံလေးဓါးနဲ့ပါးပါးလေးမွှန်း၊

ေ၇နည်းနည်း ထောပတ်နည်းနည်းနဲ့မီးဖိုပေါ်မှာတည်၊

ရေခမ်းရင်ဒယ်အိုးထဲမှာကျန်တဲ့ထောပတ်ဆီလေးနဲ့

ဟိုလှိမ့်ဒီလှိမ့်လုပ်ပြီးမီးဖိုပေါ်ကချ၊ဝက်အူချောင်းကိုပန်းကန်ထဲထည့်၊

ဒယ်အိုးထဲကိုဆီထပ်ထည့်ပြီးအားလူးချောင်းကြော်ပါတယ်..

စားလို့ရတဲ့အနေရရင်မီးဖိုပေါ်ကချ၊ပန်းကန်ထဲထည့်၊

ခရမ်းချဉ်သီးလေးပါးပါးလှီးပြီးဘေးမှာထည့်၊

အချိန်တိုအတွင်းမှာခဏလေးပြီးပါတယ်..

ဟင်းချက်ရမှာပျင်းတဲ့နေ့တွေဆိုအဲလိုလေးဘဲအလွယ်ချက်လိုက်ပါတယ်..

သမီးလေးကကြိုက်လို့တော်ပါသေးရဲ့...

Wednesday, June 24, 2009

ကွာခြားချက်များ


ခလေးဘဝတုန်းကတော့သူငယ်ချင်းတွေနဲ့ကစားတိုင်း ကိုယ်ဘဲနိုင်ချင်ခဲ့တယ်


အရွယ်ရောက်လာတော့သူငယ်ချင်းတွေအပေါ် ကိုယ်ရှုံးခဲ့တုန်းက ခံစားခဲ့ရတာနဲ့နှိုင်းယှဉ်ပြီး


ကိုယ်ချင်းစာ အလျှော့ပေး တတ်လာတယ်......


အချိန်တွေပြောင်းလဲလာတာနဲ့အမျှ လှပတဲ့ဘဝကြီးက ကျမကိုအများကြီးပြောင်းလဲပေးခဲ့တယ်....


ကိုယ်သားသမီးဖြစ်ရတုန်းကအတွေ့အကြုံ ခံစားချက်တွေကို နမူနာယူရင်း


ကိုယ့်သားသမီးတွေအပေါ် နားလည် ကြင်နာမှုတွေနဲ့ အစွမ်းကုန်ချစ်ရင်း


လှပတဲ့ ဘဝကြီးကိုအရမ်းဘဲ ကျေးဇူးတင်ပါတယ်

Monday, June 22, 2009

ကျမချစ်မိ အပြစ်ရှိသည်။

ကျမငယ်ငယ်တုန်းကနှစ်သက်ခဲ့မိတဲ့ကဗျာလေးကိုခံစားကြည့်ပါနော်.....


သံယောဇဉ်ဖြင့်
နှောင်ငင်တွယ်ရစ်
ကျမချစ်မိ
အပြစ်ရှိသည်။

တွယ်ငြိခြင်းဖြင့်
ရင်တွင်းစူးနစ်
ကျမချစ်မိ
အပြစ်ရှိသည်။

အတွယ်အတာ
ဘယ်အရာဖြင့်
ဖယ်ခွါလို့ရ
ကျမ မသိ
ဝဋ်ရှိလေသမျှ
ချစ်မိနေရပါသလား။

နှလုံးသားမှာ
အနာတရ
ထာဝရဖြစ်တည်
ခုတော့.....
ကျမချစ်မိအပြစ်ရှိသည်။

(မောင်စိန်ဝင်း-ပုတီးကုန်း)

မေ့သမီး


မေမေအ၇မ်းချစ်၇တဲ့သမီးလေး၇ဲ့ဘဝတလျှောက်လုံးမှာဘု

၇ားသခင်ထံမှကောင်းကြီးမင်္ဂလာများကြွယ်ဝစွာခံစား၇ပါစေ။