Wednesday, October 7, 2020

Blog အလွမ်းပြေ


 မဝင်တာကြာတဲ့ ကိုယ့်ရဲ့blogလေးက ကိုယ့်ကို သစ္စာရှိစွာစောင့်မျှော်ပေးနေလို့ အားနာကျေးဇူးတင်ရပါတယ်

ပုံလေးကတော့ လက်ဆောင်ပေါ့နော် 😄😄😄

Mask တပ်ကြပါလို့



အလွမ်းများစွာဖြင့်

Rose of Sharon 

Monday, August 20, 2018

အေးစက်စက်လေကိုရှူသွင်းနေရတဲ့ဒီမြေမှာ အနေကြာခဲ့သည့်တိုင် အသားမကျသေးတာက ကိုယ့်ရဲ့ဇီဇာကြောင်လွန်းမှူလေလားမသိ
အေးစက်စက်အကြည့်တွေ အေးစက်စက်လေတွေ ကြားထဲ နွေးထွေးတဲ့အကြည့်တစုံကိုတမ်းတမိတော့ ရင်ထဲမှာနွေးကနဲခံစားလိုက်ရတယ်
အချစ်ရယ် စိတ်ကူးလေးနဲ့တောင်ကိုယ့်ရင်ကိုနွေးထွေးနိုင်စွမ်းတယ်
အသစ်ကပြန်စလို့မရတော့တဲ့ ဘဝရဲ့အတိတ်တွေကိုမုန်းလိုက်ချင်ပါရဲ့
ချစ်နေလျက်နဲ့ပေါင်းစည်းလို့မရနိုင်မဲ့အတူတူ မင်းနဲ့ဝေးရာကိုထွက်လာခဲ့မိတာ နောင်တရချင်ချင်
မင်းကိုချန်ထားပြီးထွက်လာခဲ့ရတယ်ဆိုတဲ့အသိက ကိုယ့်ရင်ထဲမှာပူလောင်လွန်းလှတယ်
ရောက်ခါစမှာ ဘယ်လိုမှမနေတတ်အောင် မင်းကိုလွမ်းနေခဲ့တာတွေ မင်းမသိပါဘူး
အိပ်ယာပေါ်မှာတယောက်ထဲလူးလှိမ့်ငိုကြွေးရင်း တရေးမှအိပ်စက်မရခဲ့တာညပေါင်းများစွာ
မင်းရဲ့ပုံလေးတွေခဏခဏထုတ်ကြည့်ရင်း လွမ်းလိုက်တာ အချစ်ရယ်လို့ အခါခါရေရွတ်နေမိခဲ့
ရှေ့တိုးဖို့တွန့်ဆုတ်နေခဲ့တဲ့မင်းနဲ့ လာပါမခေါ်ရက်တဲ့ကိုယ့်အခြေအနေကြောင့် တယောက်ယောက်ကပြတ်သားမှဖြစ်တော့မှာမို့ ကိုယ်ထားခဲ့ရတာပါအချစ်ရယ်
အဝေးကချစ်နေရရင်လဲကိုယ်ကျေနပ်ပါတယ်
ချစ်ခွင့်ရနေတာဟာလည်း ကိုယ့်အတွက်ဘုရားပေးတဲ့ဆုလာဒ်တပါးပေါ့အချစ်ရယ်
အခုတော့ ကိုယ်က မင်းနဲ့ဝေးရာ အဝေးကြီးမှ ဟိုးအဝေးကြီးကိုရောက်နေခဲ့ရပြီ
Marseille မြို့လေးရဲ့ကမ်းနားလမ်းမှာ ညနေတိုင်းလမ်းလျှောက်ထွက်ဖြစ်တယ်အချစ်ရယ်
သိပ်လွမ်းတာဘဲသိလား
စနေနေ့ညနေတိုင်းပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေရောင်းတတ်တဲ့ ပြင်သစ်လင်မယားက တယောက်ထဲလမ်းလျှောက်နေကျကိုယ့်ကို မှတ်မိနေပြီး လှမ်းပြုံးပြတယ်
မင်းရောကိုယ်ရောနှစ်သက်တဲ့အစားအသောက်ထဲမှာပင်လယ်စာလဲပါတာမို့ သူတို့ကိုတွေ့တိုင်း မင်းကိုသတိရမိပြန်ရောအချစ်ရယ်....
ကိုယ်တို့နှစ်ယောက်အတူလျှောက်ဘူးတဲ့ရန်ကုန်မြို့ရဲ့ကမ်းနားလမ်းကို မျက်ဝန်းထဲမြင်ယောင်ရင်း မျက်ရည်ကြည်တွေနဲ့ကိုယ့်မြင်ကွင်းတွေ ဝေဝါးသွားရတာလည်းအခါခါ
အလုပ်ပြန်ချိန်တိုင်းအိမ်တန်းမပြန်ဖြစ်ဘဲဒီနေရာလေးမှာလမ်းလျှောက်ရင်းထိုင်ရင်း အလွမ်းတွေဖြေရတယ်အချစ်ရယ်
မင်းပျော်နေပါစေဆုတောင်းရင်း ကိုယ့်ရဲ့နေ့ရက်တွေကိုအလွမ်းတွေနဲ့ရှင်သန်နေလေရဲ့
ခရစ္စမတ်ပြီးသွားပေမဲ့ နှစ်သစ်ချိန်ထိဖွင့်နေဆဲဖြစ်တဲ့ခရစ္စမတ်ပွဲဈေးတန်းလေးနားရောက်တော့လဲ မင်းကိုဘဲမြင်ယောင်မိပြန်ရောအချစ်ရယ်
အမှတ်တရပစ္စည်းဆိုင်လေးတွေမှာ မင်းနှစ်သက်တာလေးတွေရှိနေမလားငေးကြည့်မိပြန်တယ်
Churros နဲ့ Pancake ဆိုင်တွေရှေ့ရောက်တော့လဲ အစားအသောက် အသစ်အဆန်းတွေဆို အမြဲမြည်းစမ်းချင်တတ်တဲ့မင်းကိုသတိရမိပြန်ရော
ချမ်းအေးတဲ့ရာသီမို့ သစ်သားစည်ပိုင်းထဲထည့်ရောင်းတဲ့ ဝိုင်ပူပူဆိုင်လေးရောက်တော့ မင်းကိုပိုလွမ်းမိတယ်အချစ်ရေ
ဝိုင်ခွက်လေးကိုင် မင်းရဲ့ခါးကိုဖက်ပြီး ဝိုင်နီတွေစိုစွတ်နေမဲ့ လှပသေသပ်တဲ့မင်းရဲ့နှူတ်ခမ်းလေးကိုငေးကြည့်ထိတွေ့ချင်စိတ်တွေက ထိန်းမရတော့တာမို့ မျက်ရည်တွေကအလိုလိုဝဲလာတယ်
ဒီလမ်းကို ကိုယ်တိုင်ရွေးခဲ့တာဘဲလို့စိတ်ဖြေနေရင်း မျက်ရည်ပူတွေက ပါးပြင်ထက်ကို ခုန်ပေါက်ကျဆင်းလာကြတယ်
အချစ်ဟာ ချမ်းအေးတဲ့ရာသီမှာတောင် ကိုယ့်ပါးပြင်ကို မျက်ရည်တွေနဲ့နွေးထွေးစေနိုင်သူလို့ ကြံဖန်ကျေနပ်ရင်း အိမ်ပြန်မဲ့လမ်းလေးဆီ လှမ်းလျှောက်ခဲ့မိတော့တယ်
ခုချိန်ဆို ရန်ကုန်မှာ ညသန်းခေါင်ကျော်ပြီးလို့ မနက်၂နာရီလောက်ရှိနေပြီမို့ အချစ်ကအိပ်မောကျနေလောက်ရောပေါ့
ကိုယ်ကတော့ လေးလံလှတဲ့အလွမ်းခြေလှမ်းတွေနဲ့ ကိုယ်နေထိုင်ရာ အခန်းကျဉ်းလေးရှိရာသို့ တလှမ်းချင်းလှမ်းလျှက်..........

Sunday, January 29, 2017

28/01/17

ဘဝမှာ ကိုယ်ကသူများကိုစောင့်နေရတာနဲ့ ကိုယ့်ကိုသူများကစောင့်နေရတဲ့အချိန် ဘယ်ဟာကပိုများလဲလို့ စဉ်းစားမိလိုက်တော့ ကိုယ်ကသူများကိုစောင့်ရချိန်ပိုများခဲ့ပါတယ်
ကိုယ့်ကိုသူများစောင့်နေရရင် အရမ်းတွေအားနာပြီး အထပ်ထပ်တောင်းပန်နေမိတော့တာ
သူများကိုပြန်စောင့်ရတဲ့အခါ နောက်ကျမှရောက်လာမဲ့သူကိုယ့်ကိုအားနာနေမှာစိုးလို့ သူဖြေသာမဲ့စကားတွေ ရှာကြံပြောရင်း ဖြေသိမ့်ဖို့ဘဲကြိုးစားခဲ့ပါတယ်
အများစုကတော့ အကြောင်းအရာတခုခုကြောင့် နောက်မကျချင်ဘဲ နောက်ကျတတ်တာမျိုးက များပါတယ်
ဒါပေမဲ့ တချို့က တမင်ကိုနောက်ကျပြီးမှ လာလေ့ရှိတာမျိုး
ဥပမာအနေနဲ့ ပြောရရင် ၁နာရီချိန်းထားရင် ၁နာရီမှ အိမ်ကထွက်တာမျိုး
သူလဲနောက်ကျမှာပါဘဲဆိုပြီး သူနဲ့နှိုင်းပြီး လျှော့တွက်တာမျိုးဖြစ်နိုင်သလို အရင်ရောက်နေရင် တယောက်ထဲကြောင်တောင်တောင်ဖြစ်မှာကြောက်လို့ သူများရောက်ပြီးမှ ရောက်ချင်တာမျိုးလဲဖြစ်နိုင်ပါတယ်
ဘာဘဲဖြစ်ဖြစ် ကိုယ်ကတော့ ကြိုရောက်နေသူဘဲဖြစ်ချင်ပါတယ်
ဒီစာကို ကြိုရောက်နေရင်း တစုံတယောက်ကိုစောင့်ရင်းရေးပါတယ် 😄😄😄

Monday, January 23, 2017

အချိန်မီလေးပြန်လိုချင်

အများအမြင်မှာ အရာရာပြီးပြည့်စုံနေပေမဲ့ ပျော်နေမယ်ထင်ပါသလား
အရီအပြုံးတွေ မမှတ်မိတော့တာ အတော်ကိုကြာခဲ့ပြီ
အဆင်မပြေတာတွေ ကြုံရတဲ့ခဏ စိတ်ဓာတ်ကျငိုကြွေးနေမယ်ထင်ပါသလား
မျက်ရည်တွေခမ်းခြောက်နေခဲ့တာ အတော်ကိုကြာခဲ့ပြီ
ဘဝရဲ့ အချိုးအကွေ့ အလှည့်အပြောင်းတွေမှာ ဟန်ချက်ညီဖို့ ကြိုးစားရုန်းကန်ရင်း  ခံစားတတ်တဲ့အာရုံတွေ            ဆွံ့ အသွားခဲ့ပြီလို့ သတိထားမိတဲ့အချိန်ဟာအတော်ကိုလွန်သွားခဲ့ပြီ
ပြန်မရနိုင်တော့တဲ့နုပျိုခြင်းတွေမှာ အရာရာလွင့်ပျက် ပျောက်ဆုံးသွားခဲ့ပြီ
လွတ်လပ်စွာဟားတိုက်ရီမောခဲ့ဘူးတာ ကိုယ်မှဟုတ်ရဲ့လားလို့ ဆေးရောင်ပျံ့လွင့်နေတဲ့ ဓာတ်ပုံလေးကို အားကျစွာငေးမောနေမိတာ နာရီပေါင်းများစွာ
ဝမ်းနည်းစွာရှိုက်ငိုခဲ့ဘူးတဲ့ အတိတ်ကအရိပ်ကခပ်မှိန်မှိန်
လက်သီးဆုပ်တွေ အချိန်အတော်ကြာပြန်ဖြည်မရအောင် နာကျည်းစွာမျက်ရည်ကျငိုကြွေးခဲ့ရတဲ့ ကိုယ်က နှလုံးသားထဲကသွေးစိမ်းရှင်ရှင်ထွက်နေတဲ့ဒဏ်ရာနာကျင်မှူအတွက် မျက်ရည်တစက်မှမကျတာ  သိပ်အံ့သြစရာကောင်းမနေဘူးလား
ပြန်မရနိုင်တဲ့နုပျိုမှူတွေကို မတောင့်တမိပေမဲ့ အဆိုးအကောင်းကိုလိုက်ပြီး ခံစားတတ်တဲ့ နှလုံးသားကိုတော့ ပြန်လိုချင်မိပါတယ်
ကိုယ့်ဘဝသက်တမ်း မကုန်ဆုံးခင်လေးအချိန်မီ ပြန်လိုချင်မိပါတယ်

Rose of Sharon

Thursday, July 7, 2016

မြန်မာပြည်မှာ ကိုယ်ပိုင်ဝင်ငွေရဘို့ ကြိုးစားရတာ ပင်ပန်းတယ်
အလုပ်သမားတွေကိုငွေပေးခိုင်းလို့ရပေမဲ့ အလုပ်သမားကောင်းမရတဲ့အခါစိတ်ပင်ပန်းရတယ်
ထွက်လာတဲ့ရလာဒ်တွေကြောင့်စိတ်ဆင်းရဲရတယ်
စေတနာမပါ ငွေရရုံ အပေါ်ယံပြီးစလွယ်လုပ်သွားလို့ ပြန်လိုက်လုပ်ရတဲ့ အချိန်တွေ ငွေတွေ အတွက်နှမျောရတာ အကြိမ်ကြိမ်
လိုချင်တဲ့အနေအထားတခုရဘို့ ကျသင့်တာထက် အဆပေါင်းများစွာပိုအကုန်အကျခံပြီးတာတောင် သိပ်စိတ်တိုင်းမကျ
ပင်ပန်းရတာနဲ့မတန်တဲ့ ပေးလိုက်ရတဲ့ငွေတွေ အချိန်တွေဟာ သိပ်တန်ဘိုးရှိမှန်းသူတို့မသိကြဘူး
စိတ်ပင်ပန်းမှူများစွာနဲ့နုံးချိလာ ခေါင်းတွေအရမ်းကိုက်ပြီး ထင်သလောက်အလုပ်မတွင်တာနဲ့ ဒီညနေအိမ်မှာနားနေလိုက်တယ်
လူကနားစရာလိုလို့ အိပ်ယာပေါ်လှဲလိုက်ပေမဲ့ ခဏခဏဝင်လာတဲ့ဖုန်းတွေ အီးမေးလ်တွေကြောင့် မနားရမဲ့အတူတူ မီးဖိုထဲဝင်ပြီး ရေခဲသေတ္တာမွှေတော့ ရှောက်သီးတစိတ်တွေ့တာနဲ့ ဓာတ်ကြမ်းတိုက်မယ်လို့ဆုံးဖြတ်လိုက်တယ်
ကြက်သွန်နီ၂လုံး အခွံနွှာ ပါးပါးလှီး ရှောက်သီးမွှာပြီး ငရုတ်သီးစိမ်း၎ထောင့်ပါးပါးလှီးထည့်တယ်
ငရုတ်သီးအကျက်မှူန့်တဇွန်း
ငံပြာရည်တဇွန်း
ပုဇွန်ခြောက်မှူန့်၂ဇွန်း
အားလုံးကိုနယ်ပြီးသုတ်စားလိုက်တာ နေကောင်းသွားသလိုလို

Monday, June 15, 2015

ရန်ကုန်ကျောင်းဝင်ခွင့်





လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက် မိသားစုနေ့လည်စာထွက်စားကြတဲ့တစ်ရက်မှာ ဘာအဆက်အစပ်မှမရှိ ဆိုင်းမဆင့်ဘုံမဆင့်နဲ့ သမီးလေးက သူ့အဖေကို ဗီယက်နမ်မှာမနေချင်တော့ဘဲ မြန်မာပြည်မှာပြန်နေချင်ကြောင်း ရုတ်တရက်ကြီးတောင်းဆိုလိုက်တယ်... အဖေလုပ်သူက အံ့သြသင့်ပြီး ဘာလို့လဲလို့မေးတော့ မြန်မာပြည်မှာနေရတဲ့ဘဝအတွေ့အကြုံကိုလိုချင်လို့ လို့ပြန်ဖြေတယ်... သူက နောက်ဆိုမိသားစုနဲ့ခွဲပြီး တက္ကသိုလ်ပညာရပ်ကို တနယ်တကျေးမှာသင်ကြားရမှာ... ပညာစုံလို့ လုပ်ငန်းခွင်ဝင်ရတဲ့အခါ ဒီအခွင့်အရေးရနိုင်ပေမဲ့ ကြီးလာလို့အမှတ်တရအကြောင်းလေးတွေပြန်တွေးရင် သူ့ရဲ့အတိတ်မှာ မြန်မာပြည်နဲ့ပတ်သတ်တာတွေ ရှိနေချင်တယ်တဲ့လေ.... အဲဒီအချိန်မှာ ၁၂နှစ်ဘဲရှိသေးတဲ့ ခလေးတစ်ယောက်ရဲ့ လေးနက်တဲ့စကားကို ကျမတို့ဇနီးမောင်နှံနှစ်ယောက် မသိချင်ယောင်ဆောင်နေလို့မရတော့ပါဘူး... ဟိုးအရင်ထဲက တစ်နေ့မှာ မြန်မာပြည်မှာသာပြန်လည်အခြေချနေထိုင်ဘို့စဉ်းစားထားပြီးသားမို့ သိပ်ပြင်ဆင်စရာမလိုပေမဲ့ ဗီယက်နမ်ကလုပ်လက်စလုပ်ငန်းတွေအတွက်တော့ အတော်လေး အချိန်ယူပြင်ဆင်ရပါတယ်... နောက်ဆုံးမှာ ခလေးတွေကိုမြန်မာပြည်ပြန်ထားပြီး အလုပ်ကိစ္စနဲ့ဗီယက်နမ်ကို ၂လ၃လတခါလောက် ပြန်လာကြဘို့ ဆုံးဖြတ်လိုက်ပါတယ်...

ဆုံးဖြတ်ချက်ချပြီးတဲ့အခါ နေဘို့က အဆင်သင့်ရှိပေမဲ့ အဓိက ခေါင်းစားရတာက ခလေးတွေရဲ့ပညာရေးပါ... ဗီယက်နမ်မှာ International School တက်လက်စမို့ ရန်ကုန်က ကျောင်းတွေစုံစမ်းတဲ့အခါထင်သလောက်မလွယ်ပါဘူး... လမ်းတွေသိပ်မပိတ်တဲ့ ... အိမ်နဲ့ကျောင်းသိပ်မဝေးလွန်းတဲ့ကျောင်းတွေရှာရတဲ့အပြင် တက်လက်စကျောင်းနဲ့ ပညာရေးအဆင့်အတန်းသိပ်မကွာတဲ့ကျောင်းကိုရှာရပါတယ်.... တကယ်တော့ ရန်ကုန်ကကျောင်းတွေဟာ လက်ရှိဒီမှာတက်လက်စကျောင်းရဲ့အဆင့်ကိုမှီတာကျောင်းလခတစ်ခုထဲပါ.... တက်လက်စကျောင်းနီးနီးအဆင့်မှီတဲ့ အဆောက်အဦနဲ့ Facilitiesတွေ၇ှိတဲ့ကျောင်းရဲ့ကျောင်းလခက ကျမတို့ရေရှည်မတတ်နိုင်တဲ့နှူန်းထားတွေမို့ ထည့်တောင်မစဉ်းစားရဲ... နောက်ဆုံးတော့ ပညာရေးအဆင့်မှီပြီး အပြင်ပန်းလက္ခဏာလဲ တစ်ခြားကျောင်းတွေလောက်သိပ်မဆိုးလှတဲ့ ကျောင်းလေးတစ်ကျောင်းကို တမိသားစုလုံး သဘောတူရွေးချယ်ခဲ့ပါတယ်...

ကိုယ့်ဘက်ကရွေးချယ်တိုင်းလဲ သူတို့ကတန်းလက်မခံပါဘူး... လျှောက်လွှာအရင်တင်ထားရသေးတာ.... အဲဒီလျှောက်လွှာတွေထဲကမှ သူတို့ကရွေးပြီး ဝင်ခွင့်စာမေးပွဲလာဖြေခိုင်း.... အဲဒီကမှ အရည်အချင်းအရှိဆုံးခလေးတွေကို စိစစ်ရွေးချယ်ပြီးမှ သူတို့ကျောင်းကိုတက်ခွင့်ရမှာပါ....

ပထမဆုံးဝင်ခွင့်ဖြေဘို့ အီးမေးလ်ပို့တဲ့အခါ သားလေးကိုဘဲခေါ်တာမို့ ကမန်းကတန်းလေယာဉ်လက်မှတ်ဝယ်ပြီး ရန်ကုန်ပြန်ပြေးရပါတယ်... သမီးလေးကိုပါတခါတည်းခေါ်သွားလိုက်တယ်... ဝင်ခွင့်ဖြေဘို့ခေါ်တဲ့အခါအဆင်သင့်ဖြစ်နေအောင်ပါ... သားလေးဝင်ခွင့်ဖြေတာ တစ်နာရီခွဲလောက်ကြာပါတယ်...နှူတ်ဖြေ ရေးဖြေ သေသေချာချာကို စာမေးပွဲဖြေသလိုစစ်တာပါ...နောက်တစ်ပတ်မှာတော့ သားလေးဝင်ခွင့်အောင်တဲ့အကြောင်း.. ကျောင်းအပ်လို့ရပြီဖြစ်ကြောင်း အကြောင်းကြားပါတယ်... ဒါပေမဲ့ သမီးလေးပါအတူတက်ခွင့်ရမှကျောင်းအပ်မှာဖြစ်တဲ့အကြောင်းပြောထားပြီးသားမို့ ကျောင်းတန်းမအပ်ဘဲစောင့်နေခဲ့ပါတယ်... ဗီယက်နမ်ပြန်ဖို့ရက်နီးလာတဲ့အထိကျောင်းက သမီးလေးဝင်ခွင့်စာမေးပွဲအတွက် မဆက်သွယ်တာမို့ ကျမကဘဲ သမီးလေးကို ဝင်ခွင့်စာမေးပွဲကြိုစစ်ပေးထားဘို့ တောင်းဆိုရပါတယ်... သူတို့ကျောင်းရဲ့ထုံးစံအရ လျှောက်လွှာစောတင်ထားသူတွေ အရင်နှစ်တွေထဲက waiting listနဲ့စောင့်နေသူတွေကို အရင်ခေါ်ဖို့စီစဉ်ထားတာ... ဒါပေမဲ့ ခလေးကသိပ်တော်နေရင်တော့ ဒီအချက်တွေမကြည့်ဘဲ ကျောင်းဝင်ခွင့်ပြုမှာဖြစ်တယ်လို့ ပြောတာကြောင့် သမီးလေးကိုယုံကြည်ပြီး ဝင်ခွင့်ကြိုဖြေခွင့်ပြုဖို့... နောက်မှ တခြားဖြေတဲ့သူတွေနဲ့ ယှဉ်ရွေးဖို့ တောင်းဆိုလိုက်တာပါ...

ဝင်ခွင့်ကြိုဖြေခွငိ့ပြုလိုက်တာက ကျမတို့်အတွက်ကောင်းသွားတာပါ... မပြန်ခင်တစ်ရကိအလိုမှာသမီးလေး ဝင်ခွင့်သွားဖြေရပါတယ်... အထက်တန်းတက်မှာမို့ သားလေးဖြေတုန်းကထကိ ပိုကြာပါတယ်..၃နာရီလောက် စာဖြေခန်းအပြင်မှာ စောင့်နေခဲ့ရတယ်... သမီးလေးစာဖြေခန်းကထွက်လာတော့ စာစစ်တဲ့ထဲက ဆရာမတစ်ယောက်နဲ့စကားပြောရင်း ကျောင်းရဲ့ရုံးခန်းက သမီးလေးတက်ခွင့်ရဘို့ဖိုမသေချာကြောင်း အရှေ့မှာ နှစ်နဲ့ချီပြီးစောင့်နေတဲ့ ကျောင်းသားတွေကိုဦးစားပေးရမှာဖြစ်တဲ့အကြောင်းပြောထားတာတွေ ပြန်ပြောပြလိုက်ပါတယ်... အဲဒီဆရာမလေးက စိတ်မပူဘို့နဲ့ ဝင်ခွင့်အဖြေလွှာရဲ့ရလာဒ်ကိုဘဲ ကြည့်ပြီးရွေးချယ်မှာဖြစ်တဲ့အကြောင်းပြောပြီး သမီးလေးရဲ့အဖြေလွှာကို သူဘဲယူထားမယ်လို့ပြောတော့ အနည်းငယ်စိတ်အေးရပါတယ်...သူ့ရဲ့ အီးမေးလ်လိပ်စာလဲပေးလိုက်ပါတယ်....

ဒါပေမဲ့တပတ်ကြာတဲ့အထိမဆက်သွယ်တော့ စိတ်ပူမိပြီး အဲဒီကျောင်းနဲ့ပတ်သက်နေတဲ့သူတစ်ယောက်နဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ကိုပြောပြမိတော့ သူက မေးကြည့်ပေးပါတယ်... အဖြေကတော့ စောင့်နေဘို့ပ်ါဘဲ... မေးကြည့်ပေးတဲ့သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်... ဘာမှမသိရတာထက်စာရင် သတင်းလေးမေးလို့ရတာက စိတ်သက်သာရာရစေပါတယ်...
နောက်တပတ်အထိမဆက်သွယ်တာမို့ ဝင်ခွင့်ဖြေပြီး နှစ်ပတ်မြောက်တဲ့နေ့မှာ ကျမဘယ်လိုမှငြိမ်ငြိမ်လေးထိုင်မစောင့်နိုင်တော့ဘဲ ကျမနဲ့စကားပြောထားတဲ့ စာစစ်တဲ့ဆရာမဆီကို အီးမေးလ်လှမ်းပို့လိုက်ပါတယ်...အဲဒီဆရာမက နောက်တနာရီမှာစာပြန်ပါတယ်... သူတို့မှာ ဝင်ခွင့်လျှောက်တဲ့သူအရမ်းများလို့ အချိန်ယူစိစစ်နေရကြောင်း... သို့ပေမဲ့ သမီးလေးက ဖြေထားတဲ့သူတွေထဲက အတော်ဆုံးစာရင်းထဲမှာပါနေကြောင်း... ခဏထပ်စောင့်ပေးဘို့နဲ့ သူပြန်ဆက်သွယ်မဲ့အကြောင်းဖြစ်ပါတယ်... သမီးလေးကတော့ အေးအေးဆေးဆေးပါဘဲ... ကျမကသာစိတ်တွေပူနေတာ... အဲဒီကျောင်းသာဝင်ခွင့်မရရင် တခြားကျောင်းတစ်ကျောင်းထပ်ရှာဘို့အချိန်မရှိတော့သလို ကြုံရာကျောင်းမှာလဲမထားချင်တာမို့ ဗီယက်နမ်မှာဘဲ ဆက်ထားလိုက်တော့မယ်လို့ကို ကြိုတင်စဉ်းစားထားလိုက်တော့တာ... သမီးလေးကျောင်းကနေ တခြားကျောင်းပြောင်းဘို့ ဝင်ခွင့်ဖြေထားတဲ့ခလေးတစ်ချို့ ဝင်ခွင့်အောင်တဲ့သတင်းရလို့ အတန်းထဲမှာ ထခုန်တယ်လို့ သမီးလေးပြန်ပြောပြတော့ သမီးလေးများစိုးရိမ်နေမလားလို့ ကျမကခဏစောင့်ဖို့ဖြောင်းဖျတော့ သူက ရပါတယ်လို့ဘဲပြန်ပြောတယ်....

ပြန်စာရပြီး နှစ်ပတ်အကြာ မိသားစုတွေအတူထိုင်စကားပြောနေတုန်း ဖုန်းသံမြည်လို့်ဖွင့်ကြည့်တဲ့အခါ ကျောင်းကအီးမေးလ်ဖြစ်နေတယ်... ဒါဟာ ဝင်ခွင့်ရလာဒ်ဆိုတာ တန်းသိလိုက်ပါတယ်... စာဖတ်အပြီးမှာ သမီးဝင်ခွင့်ရပြီ ကျောင်းအပ်လို့ရပြီလို့ ပြောလိုက်တော့ အိုကေ လို့ဘဲတခွန်းပြန်ပြောတယ်... ဒါနဲ့ကျမက သမီးသူငယ်ချင်းလိုလဲထမခုန်ပါလားဆိုတော့ သူကသိပြီးသားဆိုဘဲ... ပြီးတော့ ပြောလိုက်သေးတယ်...

"သမီးလိုလူကိုသူတို့လက်မခံဘူးဆိုရင်သူတို့အတွက်ဆုံးရှူံးမှူကြီးဖြစ်သွားမှာပေါ့" တဲ့ :D :D :D󾌰󾌰󾌰

Monday, May 18, 2015

၁၁၊၀၅၊၂၀၁၅

ရင်ထဲမှာစိုးရိမ်ခြင်း စိတ်မကောင်းခြင်းများစွာဖြင့် နေမထိထိုင်မသာ... ခလေးတွေကိုကျောင်းပို့်ပြီး အိမ်ပြန်ရောက်ကထဲက သူ့နဲ့ကိုယ်အပြန်အလှန်မက်ဆေ့တွေပို့နေကြသည်... တစ်ယောက်နဲ့တစ်ယောက်လိုအပ်လို့ နှစ်ဦးသဘောတူ အိမ်ထောင်တစ်ခုတည်ထောင်ခဲ့ကြတာမို့ ခုလိုအချိန်မျိုးမှာ သူကိုယ့်ကိုပိုလို့နေအပ်နေမှာအသေအချာ...

သူအရေးပေါ်ခွဲစိတ်ရမည်ဆိုမှ ကိုယ့်ပတ်စပို့သက်တမ်းက ဗီဇာလျှောက်ဘို့ အဆင်မပြေတာမို့ သက်တမ်းတိုးပြီးမှဗီဇာလျှောက်ဘို့ ပြင်ရသည်... သက်တမ်းတိုးအပြီးမှာ ခလေးတွေကျောင်းက စာမေးပွဲတွေရှိနေတာမို့ ဆွေမရှိမျိုးမရှိ တနယ်တကျေးမှာနေထိုင်နေသူများအတွက် ခလေးတွေကိုထားခဲ့လို့လည်းမဖြစ်နိုင်တာကြောင့်
ကိုယ်လိုက်သွားလို့မဖြစ်နိုင်တော့... အရေးပေါ်ခွဲစိတ်စရာမလိုဘဲ အချိန်တခုများစောင့်လို့ရပါခဲ့လျှင် အဆင်ပြေအောင်စီစဉ်လို့ရနိုင်ပေမဲ့ ဆရာဝန်က အချိန်တွေအများကြီးမစောင့်စေချင်ခဲ့... ဟိုးအရင်ထဲကခွဲစိတ်ကုသသင့်တာကို အလုပ်တွေဦးစားပေးပြီးရက်ရွှေ့ခဲ့တာများပြီမို့ ဒီတခါရွှေ့မရတော့....


ခုတော့စိတ်မကောင်းဖြစ်ရုံ.. စိတ်ပူနေရုံထက် ဘာမှမတတ်နိုင်တာမို့ ဝမ်းနည်းစွာငိုကြွေးမိသည်... သူကတော့ စိတ်မပူဘို့ ပြောရင်း သူဆေးရုံတက်ဘို့ စာရင်းသွင်းချိန်... ဆေးရုံမှာသူနေရမဲ့အခန်းနံပါတ် .. တခုပြီးတခု ကိုယ့်ဆီ သတင်းပို့နေခဲ့သည်... အစစအရာရာ အဆင်ပြေကြောင်း သူက ကိုယ့်ကိုပြန်အားပေးနေခဲ့သည်...
သူခွဲခန်းထဲဝင်တော့မည်... သတိရတာနဲ့ မက်ဆေ့ပို့မည်ဆိုသောအခါ ရင်ထဲမှာ အတိုင်းအဆမဲ့ စိုးရိမ်စိတ်တွေက ပိုလို့ကြီးစိုးလာခဲ့သည်... ခလေးများနှင့်အတူ သူ့အတွက်ဆုတောင်းနေရင်း စားလို့်လဲမရ... အိပ်လို့လဲမပျော်... ခွဲစိတ်ခြင်းအောင်မြင်ဘို့... တစုံတရာချွတ်ချော်ခြင်းမဖြစ်ဘို့ တချိန်လုံးဆုတောင်းနေခဲ့ရသည်...

 နောက်ဆုံးမက်ဆေ့ရပြီး ၆နာရီကျော်အကြာမှာ သူ့ဆီက မက်ဆေ့ဝင်လာခဲ့သည်... ပိုက်တွေတန်းလန်းမို့ စာရိုက်ရအဆင်မပြေကြောင်း... သူနေကောင်းကြောင်း စာတိုလေးတွေရေးအပြီးမှာ သူ့လုပ်ငန်းတခုရဲ့ အကောင့်ကိုစစ်ပေးဘို့ ပြောလာသည့်အခါ ကျမစိုးရိမ်စိတ်တွေ တဝက်လောက်လျော့ကျသွားတော့သည်... သူနေကောင်းတာသေချာပြီ... ကျမစိတ်မပူအောင်ပြောနေခြင်းမဟုတ်ကြောင်း ကျမယုံကြည်လိုက်ရပြီ... သူသည် စီးပွါးရေးသမားစစ်စစ်ဖြစ်သည်... သူ့အလုပ်ကိစ္စတွေက သူ့ခေါင်းထဲအမြဲရှိနေတာမို့ သူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်လည်ပတ်လျှက်ရှိကြောင်း ကျမသိလိုက်ရပြီ...
စိုးရိမ်စိတ်တွေလျော့ပါးသွားပေမဲ့ ကျမဆုံးဖြတ်ချက်ချလိုက်ပါသည်... နောက်တခါ ဒီလိုအရေးပေါ်ကိစ္စမျိုး ထပ်မံကြုံတွေ့ခဲ့ရပါလျှင် သူ့နောက်မရရအောင်လိုက်သွားပါမည်ဟု။