Friday, September 30, 2011

ရပ်ကွက်တိုင်းကထိုမိန်းမ


ရပ်ကွက်တိုင်းမှာ ထိုမိန်းမရှိသည်… သင့်ပတ်ဝန်းကျင်မှာထိုမိန်းမရှိသည်… ကျမပတ်ဝန်းကျင်မှာလည်း ထိုမိန်းမရှိနေသည်….

++++++++++++++++++++++++++++++++++++++++++++++

ထိုမိန်းမသည် သူများကိုယ်ရေးကိုယ်တာအကြောင်း၊သူများအိမ်တွင်းရေးကိစ္စနှင့် သူများဘဝနောက်ကြောင်းတွေကို အလွန်သိချင်သူဖြစ်သည်… သူ့ဘဝနောက်ကြောင်းတွေကိုတော့ဖုံးကွယ်ထားသူဖြစ်ပြီး ကောင်းချက်လေးတွေကိုသာရွေးပြီး ထုတ်ဖော်ကြွားဝါတတ်သူဖြစ်သည်… ပွင့်လင်းသည်ဟုခေါင်းစဉ်တတ်ပြီး သူများခံရခက်အောင်ခပ်ကျောကျောစကားတွေပြောတတ်သည် (တကယ်ကပွင့်လင်းခြင်းမဟုတ်၊ဟောင်ဖွာဖွာနိုင်ခြင်းနှင့် စရိုက်ကျခြင်းဖြစ်သည်)
တခြားသူတစ်ယောက်နှင့်ရင်းနှီးနေသူအား သူလည်းထိုသူအကြောင်းသိထားသလိုလိမ်ညာပြီး စကားတွေအစ်အောက်တတ်သည်… ထို့နောက်ထိုတခြားသူတစ်ယောက်နှင့်ရင်းနှီးနေသူအား နင်ကသာခင်နေ ငါကဖြင့်နင့်အကြောင်းတွေ သူအကုန်ပြောသွားလို့သိရတာဆိုပြီး ရန်တိုက်ပေးတတ်သည်…
အခုမှတွေ့သူတစ်ယောက်ကိုလည်း ကိုယ်ရေးကိုယ်တာတွေ အတင်းမေး စပ်စုပြီး မကျေနပ်သေးလျှင် နီးစပ်ရာတွေဆီက အကြောင်းအချက်တွေရယူလျှက် နောက်ကြောင်းရာဇဝင်အသေးစိတ် လိုက်လံစုံစမ်းတတ်သေးသည်…
လူစုနှင့်ဆုံစည်းဖို့စိတ်မဝင်စားဘဲ တစ်ယောက်ချင်းတွေနှင့်တလှည့်စီတွေ့ကာ နင့်ကိုခင်လို့ပြောပြတာနော်ဆိုပြီး မနေ့ကတွေ့ခဲ့သူအကြောင်းမကောင်းပြောလေ့ရှိပြီး ထိုမနေ့ကတွေ့ခဲ့သူနှင့် နောက်တခါပြန်တွေ့ပါလျှင်လည်း သူနှင့်တွေ့ခဲ့ပြီးသူတစ်ယောက်၏မကောင်းကြောင်းကို ခင်လို့ပြောတာဆိုပြီးပြောပြပါဦးမည်…
သူ့ကိုယ်သူသနားစရာသတ္တဝါလေးဖြစ်အောင်လုပ်ကြံပြောပြီး ကျန်တဲ့သူတွေက သူ့ကိုဝိုင်းနှိပ်စက်နေကျသော လူယုတ်မာတွေဖြစ်ကြောင်းလီဆည်ပြောလျှက် သူနှင့်စတင်ဆုံစည်းသူထံမှ အကြင်နာတွေရယူတတ်သူဖြစ်သည်( တကယ်က သူ့ပတ်ဝန်းကျင်ကလူတွေခမျာ သူနှိပ်စက်ထားလို့ ခြေကုန်လက်ပန်းကျနေပြီ)
သူများဆီက ဂရုစိုက်မှုရယူရန်အတွက် ဘာမှမသိနားမလည်သော အပြစ်ကင်းစင်သူလေးကဲ့သို့လည်း ပုံဖမ်းတတ်ပြန်သေးသည်.. တကယ်တော့သူ့ရုပ်သွင်က လိမ်လည်လုပ်ကြံပြောတတ်သူဖြစ်ကြောင်း ဥပတိရုပ်ကပေါ်လွင်နေရက်နဲ့ သိုးဖြူလေးကဲ့သို့ဟန်ဆောင်နေခြင်းက သိပ်တော့မပိရိလှပါ…
မသိနားမလည်ဟုဗြောင်လိမ်လျှက် သူတပါးကိုညာခိုင်းတတ်သူလည်းဖြစ်သည်… အားနာတတ်သူ အချင်းမပွားလိုသူ စိတ်သဘောဖြူစင်သူတို့ကတော့ သူ့ခိုင်းဖတ်ဖြစ်သွားတတ်သည်… သူ့ခိုင်းဖတ်များမသိအောင် သူ့လောက်ပညာမတတ်ဟု သူယူဆမိသူများအပေါ်မှာတော့ ဆရာကြီးလုပ်ဦးဆောင်ပြတတ်သူလည်းဖြစ်သေးသည်…
သူများမှာရှိနေခြင်းမှန်သမျှအား သူ လိုချင်လျှက်မရရှိသည့်အခါ ထိုသူများအားလုံး ၏ရှိသမျှများသည် ကြွားဝါခြင်းဟု သူယူဆလျှက် မြင်ပြင်းကတ်ကာ ထိုသူများအားကျိန်ဆဲနေတတ်သည်…
နောက်ဆုံးတွင်တော့ သူ့အကုသိုလ်နှင့်သူ ရောဂါတွေရ တချိန်လုံး နေမကောင်းဖြစ်တော့သည်…
တခါတခါ သူ့ကိုယ်သူမလုံမလဲဖြစ်လျှက် ပတ်ဝန်းကျင်မှလူများက သူ့ကိုမုန်းတီးနေကြသည်ထင်တာ တိတ်တိတ်ကြိတ် ကြေကွဲနေတတ်သေးသည်…

++++++++++++++++++++++++++++++++++++++++++++++++
ရပ်ကွက်တိုင်းမှာ ထိုမိန်းမရှိသည်… သင့်ပတ်ဝန်းကျင်မှာ ထိုမိန်းမရှိသည်… ကျမပတ်ဝန်းကျင်မှာလည်းထိုမိန်းမရှိနေသည်…

(မည်သူ့ကိုမှမရည်ရွယ်ပါ၊တိုက်ဆိုင်မှုရှိလျှင်ခွင့်လွှတ်ပါ)

Friday, September 23, 2011

ဧရာဝတီသည်ငါတို့မြစ်


ဧရာဝတီသည် ငါတို့မြစ်
ဧရာဝတီသည် ငါတို့အသက်
ဧရာဝတီသည် ငါတို့သမိုင်း
ငါတို့မြစ်(ဧရာဝတီ)ကိုချစ်ပါ
ငါတို့အသက်(ဧရာဝတီ)ကိုမြတ်နိုးပါ
ငါတို့သမိုင်း(ဧရာဝတီ)ကိုလေးစားပါ

ဧရာဝတီဟာ ဒေါင်လိုက်တည့်တည့် မြန်မာ တစ်နိုင်ငံလုံးကို ဖြတ်သန်းစီးဆင်းတဲ့ ငါတို့မြန်မာလူမျိုးတွေအားလုံးနဲ့ဆိုင်တဲ့ ၊ ငါတို့မြန်မာလူမျိုးတွေ အားလုံးပိုင်တဲ့မြစ်

ဧရာတီကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ ဆန်စပါးအထွက်နှုန်းဟာ တစ်နိုင်ငံလုံးဆန်စပါးအထွက်နှုန်းရဲ့ ၆၀% နီးပါးထွက်ရှိနိုင်ခဲ့တာ... မြန်မာနိုင်ငံသားတွေ အသက်ဆက်နိုင်ဘို့ နေ့စဉ်စားသုံးနေရတဲ့ဆန်စပါးဟာ ဧရာဝတီကြောင့် ထွက်ရှိနိုင်ခဲ့တာ... မြန်မာနိုင်ငံသားတွေအသက်ဆက်နိုင်ဘို့က ဧရာဝတီပေါ်မူတည်နေတာ

ဧရာဝတီဟာ မြန့်မာ့လွတ်လပ်ရေးသမိုင်းမှာ အရေးပါအရာရောက် အဓိကကျခဲ့တာ... ဧရာဝတီဟာ မြန့်မာ့လွတ်လပ်ရေးသမိုင်းရဲ့ စစ်ချီရာလမ်းကြောင်း ၊ ဧရာဝတီမြစ်ရိုးဟာ မြန်မာ့လွတ်လပ်ရေးအတွက် ရန်သူကိုခုခံတွန်းလှန်တဲ့ ခံတပ်တွေတည်ဆောက်ရာနေရာ

ငါတို့ရဲ့မြစ်၊ ငါတို့ရဲ့အသက်၊ ငါတို့ရဲ့သမိုင်းကို ဘယ်လိုနည်းနဲ့မှ အဖျက်အဆီးမခံနိုင်ဘူး
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါတယ်

Sunday, September 18, 2011

အမိမြေသို့အပြန် ( အပိုင်း ၄ )


ချစ်သောမနော်၊ချစ်သောဝါဝါ၊ချစ်ညီမမေလေးတို့နှင့်အမှတ်တရ


ဘုရားကျောင်း

ပဲခူးမြို့ကစားသောက်ဆိုင်



စိမ်းလဲ့တင်ကအပြန် လမ်းမှာကားရပ်ပြီးကျွဲကောသီးဝယ်ကြတယ်… ပြီးတော့ပဲခူးမှာနေ့လည်စာစားကြတယ်… အဲဒီစားသောက်ဆိုင်လေးကိုမြင်မြင်ချင်းနှစ်သက်မိပါတယ်… ကရင်ဖားစည်နဲ့ ကရင်ရိုးရာပစ္စည်းလေးတွေတွေ့တာကြောင့် ခလေးတွေကို ကရင်ဖားစည်နဲ့ ကရင်ရိုးရာအကြောင်းတွေကို ကျမသိသလောက်ရှင်းပြခဲ့ပါတယ်… ဆိုင်ပိုင်ရှင်က ကရင်ဖြစ်ပြီး ဝန်ထမ်းတွေအားလုံးလဲကရင်တွေပါဘဲ… အစားအသောက်တွေလဲအရမ်းစားကောင်းပါတယ်… ဈေးလဲမကြီးပါဘူး… (ကရင်ဆိုင်မို့ ညွှန်းခြင်းမဟုတ်ပါ :p )…
အိမ်ကိုညနေ၃နာရီလောက်ပြန်ရောက်ပါတယ်…. ကျမတို့သားအမိတွေအနားယူပြီး ခဏနေမှ အိမ်အောက်ကစူပါမားကတ်မှာလိုတာလေးတွေဆင်းဝယ် ညနေစာစားပြီးအနားယူ.. ခလေးတွေကိုလည်း ခရီးပန်းလာတာမို့ရယ်… နောက်နေ့ မနက်ဘုရားကျောင်းသွားရမှာမို့ရယ် သူတို့လေးတွေကို စောအိပ်ခိုင်းရပါတယ်…
ခလေးတွေကဘုရားကျောင်းတက်ရမှာသိပ်ပျော်ကြပါတယ်… ရန်ကုန်ရောက်မှ မြန်မာလိုဘုရားရှိခိုးရတာမို့ ရန်ကုန်ရောက်တိုင်း တနင်္ဂနွေနေ့တွေမှာ ဘုရားကျောင်းတက်မပျက်ကြပါဘူး… ရောက်ရောက်ချင်းခရီးတွေထွက်… အိမ်လည်…လျှောက်သွားတာတွေများသွားလို့ထင်ရဲ့… ရောက်ပြီး တစ်ပတ်ကျော်ကျော် နှစ်ပတ်နီးပါးလာက်မှာ သားလေးနေမကောင်းဖြစ်ပါလေရော… သားလေးကဖုန်ရှုမိတာများရင် အလာဂျီဖြစ်တတ်တယ်… အဲလိုဖြစ်တိုင်း အသက်ရှုသံတွေပုံမှန်မဟုတ်တော့တဲ့အခါ စက်ကလေးနဲ့ဆေးရည်ထည့်ပြီး ရှုဆေးပေးရပါတယ်… ဒီတခေါက်က အကြောင်းကြောင်းကြောင့် သူဆေးရှုနေကျစက်က ဗီယက်နမ်မှာကျန်ခဲ့တာမို့ အဲဒီစက်မရှိဘဲသက်သာမလားစောင့်ကြည့်ပေမဲ့ မသက်သာလာတာကြောင့် အောက်ထပ်ကဆေးဆိုင်မှာ အဲဒီစက်ရှိလားသွားမေးတော့ ကုန်နေတယ်…မှာပေးမယ်တဲ့… နောက်တနေ့မှာအဲဒီစက်လေးရပါတယ်… ဗီယက်နမ်မှာထက်ဈေးပိုကြီးလို့မတန်မှန်းသိပေမဲ့ သားလေးနေကောင်းဘို့ကအရေးကြီးတာမို့ အဲဒီစက်လေးကို ဝယ်ခဲ့ရပါတယ်… အိမ်ရောက်ရောက်ခြင်း သားလေးကို အဲဒီစက်လေးနဲ့ ဗီယက်နမ်ကယူလာတဲ့ သူသုံးနေကျဆေးရည်လေးထည့်ပြီး ရှုဆေးပေးရပါတယ်.. အဲဒီညမှဘဲ သားလေး အသက်ရှုမှန်ပြီး ကောင်းကောင်းပြန်အိပ်နိုင်တော့တယ်…
သားလေးနေလို့ကောင်းလာပေမဲ့ နောက်ထပ်ပြန်မဖြစ်အောင် သားလေးကို လူထူတဲ့နေရာတွေခေါ်မသွားဖြစ်တော့ပါဘူး… သားလေးက သူ့ကိုမခေါ်သွားရင် ကျမလဲမသွားရဘူးဆိုတော့ ကျမပါအိမ်တွင်းအောင်းရပါတော့တယ်…. ဒါကြောင့် တွေ့ချင်တဲ့သူတွေကိုလည်း မှန်းထားသလိုမတွေ့နိုင်ခဲ့တော့တာကို ဘလော့စာမျက်နှာပေါ်ကနေ အနူးအညွတ်တောင်းပန်ပါတယ်…
ပြန်ခါနီးတပါတ်မှသားလေးလဲနေတော်တော်ကောင်းလာလို့ ပြန်ထွက်ဖြစ်တဲ့အခါ ဆုံတွေ့ခဲ့ရတဲ့ မနော်ဟရီ၊ဝါဝါခိုင်မင်း၊မေလေး၊ကိုကြီး၊မက်မက်၊ခြင်တို့ကိုလည်း ကျမကို အချိန်ပေးတွေ့ဆုံခဲ့တဲ့အတွက် အရမ်းကိုကျေးဇူးတင်မိပါတယ်… ဖုန်းနဲ့နှုတ်ဆက်ခဲ့တဲ့မနန်းကိုလည်းကျေးဇူးတင်ပါတယ်…
အမိမြေသို့ပြန်တဲ့တခဏမှာ ကျမကိုပျော်ရွှင်ကြည်နူးစေခဲ့ကြသူ အမေ၊မောင်နှမ၊ဆွေမျိုးများ၊အခင်ရဆုံးသူငယ်ချင်းများနဲ့ ဘလော့ဂါမောင်နှမများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း သတိတရမှတ်တမ်းတင်ရင်း ကျမရဲ့အမိမြေသို့အပြန် ခရီးသွားပို့စ်လေးကို အဆုံးသတ်လိုက်ပါတယ်…
ချစ်ခင်စွာဖြင့်
နော်ဖော( Rose of Sharon )

Friday, September 9, 2011

အမိမြေသို့အပြန် (အပိုင်း၃)



ကျိုက်ထီးရိုးသွားတဲ့ အဝေးပြေးလမ်းမပေါ်မှာ ရှိတဲ့ စိမ်းလဲ့တင် ဆိုတဲ့နေရာလေးကိုသွားဖို့စီစဉ်ထားကြတယ်… သူငယ်ချင်းတွေက သောကြာနေ့ သွားပြီး တနင်္ဂနွေနေ့ ပြန်လာကြမယ်ဆိုတော့ ကျမအတွက်က ရန်ကုန်ပြန်မှတက်ရတဲ့ ဘုရားကျောင်းတက်ရမဲ့ တနင်္ဂနွေနေ့လေးအမှီရန်ကုန်ပြန်ချင်တယ်… ချစ်စရာကောင်းတဲ့ကျမသူငယ်ချင်းတွေက တစ်ညအိပ်နှစ်ရက် သောကြာနေ့မနက်သွားပြီး စနေနေ့ညနေပြန်ဘို့စီစဉ်ကြတယ်….
သောကြာနေ့မနက်ရှစ်နာရီခွဲ ကျမတို့ကို လာကြိုပြီး နောက်သူငယ်ချင်းတစ်ယောက်ကို ဝင်ကြိုပြီးတဲ့အခါ ရန်ကုန်ကနေ မနက်ကိုးနာရီစထွက်ဖြစ်ပါတယ်… တစ်ချို့ကနှစ်နာရီခွဲနဲ့သုံးနာရီကြား ကားစီးရမယ်လို့ပြောကြတယ်… ဒါပေမဲ့ ကျမတို့က ချောင်ချောင်ချိချိစီးရအောင် Bus ငှားသွားတဲ့အပြင် ခလေးတွေလဲပါတော့ ကားမောင်းတဲ့သူက အရှိန်အနေတော်လေးနဲ့ဘဲမောင်းပေးတာမို့ သုံးနာရီခွဲကျော်ကျော်လောက်စီးလိုက်ရပါတယ်… လမ်းတွေကလဲ ဟိုးအရင်လောက်မဆိုးတော့ပါဘူး… ကား aircon ကအရမ်းအေးလို့ လျှော့ခိုင်းဘို့ပြောပေမဲ့ လျှော့လို့မရဘူးဆိုလို့ ခလေးတွေကို ခြုံထည်ပုဝါလေးတွေ ခြုံထားပေးရတယ်… ကားခက အသွားအပြန်ကို ကျပ်ငွေသုံးသိန်းခွဲပေးရပါတယ်…
ရောက်ရောက်ချင်း ဧည့်ကြိုကောင်တာလဲဝင်စရာမလိုဘဲ တည်းရမဲ့အခန်းကို တန်းသွားခွင့်ပေးပါတယ်… ဒါပေမဲ့ ကြိုတင်ပြင်ဆင်မှုညံ့ဖျင်းတယ်လို့ ကျမတော့ သုံးသပ်မိတယ်…. ဘယ်သူဖြင့်ဘယ်အခန်းဆိုတာမျိုး ကြိုတင်ပြင်ဆင်ပေးထားတာမျိုးမရှိဘဲ ကိုယ်ရပ်မိတဲ့အခန်းရှေ့က နံပါတ်ကိုကြည့်ပြီး အခန်းသော့ရှာဖွင့်ပေးတယ်… အခန်းပြင်ဆင်ထားတာကလဲ အဖြစ်သဘောလောက်ဘဲ… တီဗွီကလဲ ချယ်နယ်နည်းတဲ့အပြင် စာရင်းထဲမှာရေးပြထားတဲ့ချယ်နယ်တွေလဲ တကယ်အကုန်မရပါဘူး…. Airconကလဲ အိပ်ရာရှိတဲ့ဘက်နဲ့ဆန့်ကျင်ဘက် အိမ်သာအရှေ့မှာဖြစ်နေတယ်… ရောက်ရောက်ချင်းဘဲ အခန်းအနေအထားကိုကြည့်ပြီး ဒီဟိုတယ် ကြယ်ပွင့်ပေးဘို့ဆုံးဖြတ်ရမယ်ဆိုရင် ကြယ်နှစ်ပွင့်တောင် မပေးချင်ပေးချင်နဲ့ပေးရမှာပါ… မိသားစုနေလို့ရတဲ့အခန်းလို့သတ်မှတ်ထားတဲ့ ဒီအခန်းမှာ တစ်ယောက်အိပ်ကုတင်သုံးလုံးချထားပေးပါတယ်… wifi ဆိုတာအခန်းထဲမှာမပြောနဲ့ အပြင် စားသောက်ဆိုင်တွေဘက်မှာလဲမရှိပါဘူး....အခန်းခက သုံးသောင်းခွဲဆိုတော့ အဲဒီအချိန်က တစ်ဒေါ်လာ ၇၈၀ နဲ့ဆိုရင် ၄၅ဒေါ်လာ လောက်ကျပါတယ်…
အစားအသောက်ကတော့ပေးရတဲ့ဈေးနှုန်းနဲ့တွက်ကြည့်ရင် မတန်ပါဘူး… လမ်းဘေးစားသောက်ဆိုင်အဆင့်လောက်ဘဲရှိပေမဲ့ ကျမတို့ အုပ်စု တခါစားရင် ၈သောင်းကျော် ၉သောင်းလောက်ရှင်းရပါတယ်…
ရေကူးကန်ရှိပေမဲ့ ထိန်းသိမ်းမှုညံ့ဖျင်းတဲ့အတွက် သန့်ရှင်းမှုမရှိပါဘူး… သမီးလေးကရေခဏဘဲကူးပြီး သားကတော့ ညစ်ပတ်တယ်ဆိုပြီး ရေကန်ထဲတောင် မဆင်းတော့ဘူး… ကစားကွင်းကလဲ သံချေးတက် တဲ့ကစားစရာတွေနဲ့ ဆိုတော့ ခလေးတွေဒါန်းဘဲစီးခဲ့ရပါတယ်… တိရိစ္ဆာန်ရုံလေးကလဲ ညစ်ပတ်နံစော်နေလို့ သားလေးက အန်တောင်အန်လို့ သမီးလေးနောက်တခေါက်သွားချင်တဲ့အခါ သားကို အပြင်မှာစောင့်နေခိုင်းရပါတယ်….
သူတို့ကြော်ငြာထားတာတွေနဲ့တော်တော်ကိုလွဲပါတယ်… အကောင်တွေလဲ ကြော်ငြာထားသလောက်မရှိသလို ကြောငြာထဲကလို ရှိုးပွဲတွေလဲမရှိပါဘူး…
သူ့ဟာသူဆို မြန်မာပြည်မှာဒီလောက်ဘဲရမှာပေါ့လို့တင်းတိမ်နိုင်ပေမဲ့ ကြော်ငြာထားတာနဲ့တခြားစီဖြစ်နေတော့ ဘယ်လိုမှကို စိတ်တိုင်းမကျနိုင်ပါဘူး… တကယ်တော့ ကျမက အဆိုးမြင်ဝါဒီသမားမဟုတ်ပါဘူး… တော်ရုံတန်ရုံလွဲတာမျိုးက လျှော့လျှော့ပေါ့ပေါ့တွေးပေးလိုက်လို့ရပေမဲ့ ခုတော့ ကြောငြာထဲကအတိုင်းထင်ပြီး ခလေးတွေကို အရမ်းကောင်းတယ်လို့ပြောပြီးခေါ်လာမိလေတော့ ကျမက အရင်အညာခံလိုက်ရသလိုခံစားရတဲ့အပြင် ခလေးတွေကိုပါညာခေါ်မိသလိုဖြစ်သွားမိတဲ့အတွက် သွားဖူးသူတွေကိုမမေးမြန်း မစုံစမ်းမိခဲ့ခြင်းအပေါ် နောင်တရမိပါတယ်…
တစ်ညအိပ်ဘဲမို့တော်ပါသေးရဲ့လို့ဖြေသိမ့်ပြီး အောင့်အည်းနေခဲ့ရပါတယ်… စားသောက်ဆိုင်ကဝန်ထမ်းတွေ အိပ်ခန်းဆောင်ကဝန်ထမ်းတွေကတော့ ရိုးသားဖော်ရွေပြီး တတ်နိုင်သလောက်ကူညီကြပါတယ်… ဝန်ထမ်းကောင်းတွေရှိရက်နဲ့ အဆင့်မှီတဲ့ဝန်ဆောင်မှုမပေးနိုင်တာက ပိုင်ရှင်နဲ့ စီမံခန့်ခွဲသူတွေ ညံ့ဖျင်းမှုလို့ ကျမတော့ ယူတမိပါတယ်…
စနေနေ့ညနေမှပြန်ဖို့စဉ်းစားထားပေမဲ့ ကျမတို့အားလုံးညနေအထိမနေချင်ကြတော့တာမို့ မနက်ဆယ်နာရီလောက် check out လုပ်ကြပါတယ်… အဲဒီအချိန်မှဘဲ သူတို့ဆီက လက်ကမ်းစာစောင်လေးထဲမှာ အခန်းခတွေရေးထားတာတွေ့လို့ကြည့်မိတော့ ကျမတို့နေခဲ့တဲ့အခန်းဟာ သုံးသောင်းတန်ဖြစ်နေပါတယ်… ဒါနဲ့ ဧည့်ကြိုကအမျိုးသမီးကိုပြောပြတော့ အဲဒါဈေးအဟောင်း… ခုဈေးတက်သွားတဲ့ဈေးကို ပြင်မရေးရလို့သေးလို့တဲ့…
ကျမတို့တတွေ မကျေနပ်ပေမဲ့ ကျသင့်ငွေရှင်းပြီး ပြန်လာခဲ့ကြပါတယ်… ဒီခရီးစဉ်အပေါ်ကျေနပ်မှုမရှိပေမဲ့
ခင်မင်တဲ့သူငယ်ချင်းတတွေ စိတ်သဘောတူညီစွာ (ကြိုက်တာလဲတူ မကြိုက်တာလဲတူ ) အတူသွားခဲ့ရတဲ့ခရီးလေးမို့ ပျော်စရာကောင်းပါတယ်…

Thursday, September 1, 2011

အမိမြေသို့အပြန် (အပိုင်း၂)


တူလေးတစ်ယောက်ရဲ့မွေးနေ့မှာ မောင်နှမဝမ်းကွဲများပျော်ရွှင်စွာ

ခဏလေးပါဘဲ…. အဲဒီခဏလေးဟာ အသက်ရှုရပ်တန့်သွားမတတ်အောင် ကိုထိတ်လန့်ရပါတယ်… သမီးလေးရဲ့လက်ကိုကိုင်အားပေးစကားတွေကြိုးစားပြောနေပေမဲ့ ကိုယ်တိုင်က ရင်ထဲမှာစိုးရိမ်ထိတ်လန့်နေမိတာ… ဒို့သားအမိတွေရဲ့နောက်ဆုံးနေ့များလားလို့တွေးရင်းပေါ့…. စိတ်ကိုကြိုးစားထိန်းချုပ်ရင်း သမီးလေးကို အရမ်းမကြောက်သွားအောင် မှတ်မိသလောက်ကြိုးစားရှင်းပြရတယ်… လေယာဉ်ပေါ်မှာ အော်တိုထိန်းချုပ်လို့ရတဲ့စနစ်တွေအလုပ်မလုပ်တော့ရင်တောင် Manural နဲ့ထိန်းပြီးမောင်းလို့ရတယ်… အခုမောင်းနေတဲ့လေယာဉ်မှုးဟာ ကျွမ်းကျင်အဆင့်ရှိသူမို့ ပြည်ပနိုင်ငံသွားတဲ့လေယာဉ်ကိုမောင်းနေတာ… သူကသိပ်တော်ပါတယ်…မစိုးရိမ်ပါနဲ့လို့… ပြီးတော့ စိတ်ငြိမ်အောင် ဘုရားသီချင်းတွေဆိုညည်းပြီး သားအမိနှစ်ယောက်ဆုတောင်းကြတယ်…
အဲလိုမျိုးအောက်ကိုထိုးကျသွားလိုက် လူးကာလွန့်ကာပြန်တက်လိုက်နဲ့ သုံးခေါက်လောက်ဖြစ်အပြီးမှာ လေယာဉ်ကအပေါ်ဘက်ကမမောင်းတော့ဘဲ အနိမ့်ကမောင်းတယ်လို့ထင်ပါတယ်… အောက်ကိုလှမ်းမြင်နေရလို့လေ… အနိမ့်ကမောင်းတော့လဲတိမ်ထုနဲ့လွတ်ပေမဲ့ ဘွားခနဲပေါ်လာမဲ့တောင်တွေနဲ့မတိုးမိဘို့ ဆုတောင်းနေရပါသေးတယ်…

ရန်ကုန်လေဆိပ်ကိုဆိုက်တော့မှဘဲ အသက်ဝဝပြန်ရှုရတော့တယ်… တိမ်စိုင်တွေကို ကဗျာဆန်ဆန်မချစ်နိုင်တော့တာတော့ သေချာသွားပြီ….လေယာဉ်ဆိုက်ရမဲ့အချိန်ထက်လဲစောရောက်တာမို့ အိမ်ကလာကြိုသူတွေလဲအံ့သြလို့… သူတို့တွေကအင်မီဂရေးရှင်းထဲထိဝင်လို့ရဖို့ အတွက် လုပ်စရာလေးတွေလုပ်ရအောင်စောရောက်နေကြလို့တော်ပါသေးရဲ့…
လေယာဉ်ဆိုက်တဲ့အချိန်အင်မီဂရေးရှင်းမှာလဲကျမတို့စီးလာတဲ့လေယာဉ်တစီးဘဲရှိတာမို့ လူရှင်းတယ်… နိုင်ငံသားတွေတန်းစီရမဲ့နေရာမှာစီနေရင်း အဲဒီကတာဝန်ကျတဲ့သူကို မှီခိုထောက်ခံစာပြပြီး ဖောင်ဖြည့်ရမှာလားဆိုတော့ အဲဒီလူက ဖြည့်ရမယ်ဆိုပြီး ဖောင်သွားယူပေးတယ်… သူ့ကိုဘဲ ကျမခလေးတွေကနိုင်ငံခြားသားပတ်စပို့နဲ့ဆိုတာဘဲပြောရသေးတယ်… သမီးလေးပတ်စပို့သက်တမ်းအကြောင်းတောင်စကားမစရသေးဘူး ကူညီပါ့မယ်ဆိုပြီး ခလေးတွေပတ်စပို့တောင်းတယ်…( အထဲမှာက ဒေါ်လာ၁၀စီထည့်ထားပြီးသား)
အမပတ်စပို့လဲပေးလိုက်ဆိုပြီး ယူသွားပြီးခဏနေတော့ ကောင်တာကတစ်ယောက်ကလှမ်းခေါ်တယ်… ဘာမှလဲမမေးဘူး… အဝင်တုံးပေါ်မှာမှီခိုဆိုတာလေးရေးပေးလိုက်တယ်… သိပ်မကြာခင် ခလေးတွေပတ်စပို့လဲလာပြန်ပေးတယ်… သမီးလေးရဲ့ပတ်စပို့သက်တမ်းအကြောင်းဘာမှ မပြောလိုက်ဘူး…အားလုံးအဆင်ကိုချောလို့…
အထုတ်တွေလဲအရင်လိုအကြာကြီးမစောင့်ရဘူး… တန်းယူလို့ရတယ်…. ဒီလိုနဲ့ဘဲ လေဆိပ်ကနေ ဆယ်မိနစ်လောက်ဘဲ ကားမောင်းသွားရတဲ့ ကျမတို့နေတဲ့ကွန်ဒိုကိုရောက်ပါတယ်… ခလေးတွေကတော့စောင့်နေကြတဲ့မောင်နှမဝမ်းကွဲတွေနဲ့တန်းကိုဆော့ကြတာ ကျွတ်ကျွတ်ကိုညံလို့…သူတို့ဆော့နေတဲ့အချိန်ကျမကတော့ အမေ၊မောင်နှမတွေနဲ့ စကားတွေပြောကြ သူတို့ချက်ထားတဲ့ မြန်မာအစားအစာတွေစားနဲ့ ညကိုးနာရီထိုးလို့ အမတွေပြန်ကြတော့မယ်ဆိုမှ အချိန်ကုန်မြန်လိုက်တာလို့တွေးမိတယ်… အမတွေပြန်သွားအပြီး ညအတူလာအိပ်ပေးတဲ့ အမေရယ်ညီမရယ်နဲ့ စကားတွေဆက်ထိုင်ပြောကြတာ တော်တော်ညနက်မှအိပ်ဖြစ်တယ်…
နောက်နေ့မှာအောက်ထပ်ကတယ်လီဖုန်းတွေရောင်းတဲ့ဆိုင်လေးမှာ အိုင်ပတ်ချာဂျာရှိလားမေးကြည့်တော့ ရှိတယ်တဲ့… ကြည့်ပါရစေဆိုတော့ ကောင်မလေးကထုတ်ပြတယ်.. အိုင်ပတ်၂ချာဂျာမဟုတ်ဘဲ အိုင်ပတ်၁ချာဂျာဖြစ်နေတော့ ရပါ့မလားစိတ်ပူမိတယ်… ဆိုင်ကကောင်မလေးက အမအိုင်ပတ်ယူလာပြီး ဆိုင်မှာလာစမ်းကြည့်ပြီး အဆင်ပြေမှဝယ်ပါ… ဝယ်ပြီးမှအဆင်မပြေရင် ပြန်လဲလို့မရလို့ပါဆိုပြီးပြောတယ်…အဲဒီတော့ဘေးကပါလာတဲ့သမီးလေးက မြန်မာတွေကစိတ်ထားကောင်းတယ်နော်တဲ့… ကျမတကယ်ကိုဝမ်းသာကြည်နူးမိပါတယ်… ဗီယက်နမ်မှာဒီလိုသဘောကောင်းပြီး ချိုသာယာဉ်ကျေးစွာပြောဆိုရှင်းပြတတ်တဲ့အရောင်းစာရေးမျိုး သမီးလေးတခါမှမတွေ့ဘူးခဲ့လို့ ဒီလိုမှတ်ချက်ချတာလေ…
အိုင်ပတ်ပြန်သွားယူပြီး ချာဂျာစမ်းကြည့်တော့ ချာဂျင်ဝင်ပါတယ်… မြန်မာငွေ၁၆၀၀၀ပေးရပါတယ်… ခလေးတွေလဲပျော်သွားတယ်.. အိုင်ပတ်က ညကထဲကချာဂျင်ကုန်သွားတော့ သူတို့ဆော့လို့မရတော့ဘူးလေ…
ရောက်ခါစပထမပတ်မှာတော့ မိသားစုအတွက်ဘဲအချိန်ပေးပြီး မိသားစုတွေနဲ့ဘဲနေပါတယ်… မောင်နှမတွေ အတူတူချက်စားကြ အတူတူဝိုင်းသောက်ကြနဲ့လူကြီးတွေကတဝိုင်း… ခလေးတွေကဂိမ်းတွေနဲ့တစ်ဝိုင်းနဲ့… ကျမတို့အိမ်ခန်းလေးဟာ အသံမစဲဘဲကို နေ့ရောညရောဆူညံနေတော့တာ… ဘေးခန်းတွေကိုအားနာပေမဲ့ တနှစ်တခါပြန်လာမှ ဒီလိုကြုံကြရတာမို့ သူတို့တွေ သည်းခံကြရှာတယ်…
နောက်နှစ်ရက်လောက်လောက်မှ အရင်က ဗီယက်နမ်မှာလာနေသွားကြတဲ့ သူငယ်ချင်းတွေဆီကိုဖုန်းဆက်ပါတယ်…. သူငယ်ချင်းမိသားစုသုံးစုနဲ့အတူ စုစုပေါင်းမိသားစုလေးစု အတူတူခရီးထွက်ဘို့စီစဉ်ကြပါတယ်…သူတို့တွေနဲ့ကျမတို့မိသားစုဟာ ဗီယက်နမ်ရောက်မှခင်မင်ကြပေမဲ့ စိတ်တူကိုယ်တူ ပေါင်းသင်းလို့ရကြတာမို့ အရမ်းကိုခင်မင်ရင်းနှီးသွားကြရာကနေ… ငယ်ပေါင်းတွေလို၊ဆွေမျိုးတွေလိုကိုဖြစ်သွားတော့တာ….
ပြန်ဆုံဖြစ်ကြတိုင်းအတူတူစုစားကြ၊မိသားစုလိုက်ချိန်းပြီးတွေ့ကြ၊ခရီးတွေထွက်နေကျမို့ အခုတခါလဲ ခရီးအတူထွက်ဖို့စီစဉ်ထားကြတာပါ…