Monday, August 29, 2011

ဘလော့ဒေးအမှတ်တရ


(ပုံကိုgoogleမှယူပါသည်)
ဘလော့ဒေးအမှတ်တရအတွက် သတိတရတဂ်တဲ့ ချစ်သူငယ်ချင်းနတ်သမီးလေးနဲ့ ချစ်ညီမလေးရို့စ်တို့ကိုအထူးဘဲကျေးဇူးတင်ပါတယ်….
သူများတွေရေးထားတာကိုလိုက်ဖတ်လိုက်တော့ ရေးရမှာတကယ်ဘဲလက်တွန့်မိပါတယ်… ကျမက သူများလိုမှတ်ဥာဏ်အားမကောင်းတဲ့အပြင် ဘလော့လည်အားလဲမကောင်းပါဘူး… ကော်မန့်လေးတိုင်းကို ပြန်ချင်ပေမဲ့ တခါတလေ အားလုံးကိုခြုံပြီးတော့ဘဲ ကျေးဇူးတင်ကြောင်းပြောရချိန်တွေလဲ မနည်းပါဘူး… အဲလောက်လူမှုရေးပိုင်းမှာအားနည်းတဲ့ကျမဘလော့လေးကို လာလည်ကြတဲ့ ဘလော့ဂါမောင်နှမများနဲ့ ဘလော့မိတ်ဆွေ(ဘလော့လည်စာလာဖတ်သူ၊ကော်မန့်ရေးသွား၊စီဘောက်မှာနှုတ်ဆက်သွားကြတဲ့ အနောနီးမတ်စ်များ)များအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ဘလော့ဒေးအမှတ်တရအနေနဲ့ပြောပါရစေ….
ကျမဘလော့လေးကိုစရေးဖို့အကြောင်းဖန်လာတာကတော့ ကျမဘဝမှာအလွန်အရေးပါတဲ့ ကျမယောက္ခထီးကြောင့် အများကြီးပါပါတယ်…. သူ့ရဲ့ကျမတို့အိမ်ထောင်ရေးအပေါ်စွက်ဖက်လွန်းမှုတွေ၊ သြဇာပြလွန်းမှုတွေကို မခံမရပ်နိုင်ဖြစ်တာတွေကို ကျမရဲ့ မိဘတွေစိတ်ဆင်းရဲမှာစိုးလို့ ရင်မဖွင့်ရက်တာကြောင့် ဘလော့လေးဖွင့်ပြီး ဒိုင်ယာရီဆန်ဆန်ရေးဖြစ်မိတာက စတာပါ… ဒီလိုနဲ့ စိတ်တွေသိပ်မွန်းကျပ်လာလွန်းရင် ဘလော့လေးပေါ်မှာ ရင်ဖွင့်လိုက်၊ စိတ်ပြေသွားရင် ဒီလိလုပ်လိုက်နဲ့ ဟောင်းလောင်းဖြစ်သွားရင် ခလေးတွေဓာတ်ပုံလေးတွေတင်ပြီးကလိလိုက်နဲ့ နေနေရင်း တချို့ဘလော့တွေလိုက်ဖတ်ကော်မန့်ပေးမိတယ်… တနေ့မှာ အမေရိကားရောက်ခါစဘလောဂါညီမငယ်တစ်ယောက်က ဓာတ်ပုံအောက်မှာ ကော်မန့်ရေးသွားတာတွေ့လိုက်တဲ့အခါ အံ့သြသွားမိပါတယ်… နောက်တခြားနာမည်ကြီးဘလော့ဂါတချို့ပါလာလည်ပြီးကော်မန့်ရေးသွားကြတဲ့အခါ လာလည်တဲ့သူတွေကို အားနာပြီး သူများလာလည်ရင် ဖတ်စရာလေးရှိအောင်ရေးဦးမှဘဲလို့ စိတ်ကူးမိပြီး အဲဒီကစလို့ ဘလော့ပို့စ်လေးတွေ စရေးဖြစ်သွားပါတယ်… သိပ်personal ဆန်တဲ့ပို့စ်တွေကို deleteလုပ်ပစ်လိုက်ရတာတွေလည်းရှိပါတယ်…
အဲဒီကစပြီး ဘလော့လောကလေးမှာကျင်လည်နေတာ ယနေ့ထက်ထိတိုင်ပါဘဲ…ရည်ရွယ်ပြီးရေးခဲ့တာမဟုတ်တာကြောင့် ဘလော့မွေးနေ့ဆိုတာမျိုးတွေလဲ ကျမ မလုပ်ဖြစ်သလို ဘယ်သူတွေ ဘယ်ကလာလို့ ဘယ်နှစ်ယောက်လာလည်သွားတာမျိုး record တွေလည်းကျမမှာမရှိပါဘူး… စီဘောက်တောင်မှ ဘလော့ဂါတစ်ယောက်က ထားခိုင်းလို့ထားလိုက်တာပါ…
ကျမဘလော့မှာ ပို့စ်လဲခပ်စိပ်စိပ်မတင်နိုင်ပါဘူး… ခင်ပွန်းတာဝန်၊ခလေးနှစ်ယောက်တာဝန်တွေကြားမှာ ရေးချင်သလောက်မရေးနိုင်ခဲ့ပါဘူး… အဲလိုကျမရဲ့ဘလော့လေးကိုဘဲ လာလည်ကြကော်မန့်ရေးသွားကြတဲ့ ဘလော့ဂါမောင်နှမများ၊ဘလော့လည်စာဖတ်သူများအားလုံးကို အသိအမှတ်ပြု အထူးဘဲကျေးဇူးတင်ပါတယ်
ကျမဘလော့လေးသက်တမ်း၃နှစ်ပြည့်ခါနီး အခုချိန်မှာ ညီအစ်မလိုချစ်ရတဲ့ ဘလော့ဂါတွေလည်းရှိသလို အစ်ကိုတွေမောင်တွေလိုခင်ရတဲ့ ဘလော့ဂါတချို့လည်းရှိပါတယ်… အပြင်မှာဆုံဖူးပြီးသားသူတချို့ရှိသလို ဆုံဖူးချင်သူများလည်းရှိနေပါသေးတယ်… ဒါ့အပြင် ဘလော့ဂါသူငယ်ချင်းချင်းအပြင်မှာဆုံဖြစ်ပြီး ငယ်ပေါင်းတွေလို ပြောမနာဆိုမနာအရမ်းရင်းနှီးသွားရတဲ့ ဘလော့ဂါတစ်ချို့လည်းရှိပါတယ်… အဲဒီအတွက် ဘလော့ဆိုတာလေးဖြစ်တည်လာဘို့ ဖန်တီးခဲ့ကြသူများကိုလည်းအရမ်းကျေးဇူးတင်မိပါတယ်…
ယောက္ခထီးကိုမကျေနပ်လို့ဘလော့စရေးမိပေမဲ့ အခုချိန်မှာ ကျမရဲ့ယောက္ခထီးနဲ့ကျမလည်း နားလည်မှုရနေပါပြီ… ဒီအတွက်လည်း ဘလော့လေးရှိနေခြင်းအပေါ်ကျေးဇူးတင်မိနေပါတယ်… ဘလော့လေးသာမရှိခဲ့ရင် ကျမမှာတခြားထွက်ပေါက်မရှိဘဲ အိမ်ထောင်ရေးလဲထိခိုက်နိုင်ပါတယ်…ဒီအတွက် ဘလော့ဒေးဖြစ်ပေါ်လာခြင်းအပေါ်အရမ်းကိုကြည်နူးဝမ်းသာကြောင်း မှတ်တမ်းတင်ရင်း ကျမရဲ့ဘလော့ဒေးတဂ်ပို့စ်လေးကို အဆုံးသတ်ပါရစေရှင်…..
(သူငယ်ချင်းနတ်သမီးလေးနဲ့ညီမရို့စ်တို့ရေ… ဒို့ဒိထက်ပိုပြီးမရေးတတ်တော့ဘူးကွယ်)


Friday, August 26, 2011

အမိမြေသို့အပြန်( အပိုင်း၁)


တစ်လအလိုလောက်ထဲကကြိုတင်ပြင်ဆင်ထားတဲ့အိတ်တွေသယ်ပြီးလေဆိပ်ဆင်းရုံပါဘဲ… အားလုံးအဆင်သင့်ကြိုတင်ပြင်ဆင်ထားရက်နဲ့ သွားခါနီးမှ ဖိနပ်စီးနေတုန်း လက်ထဲကအိုင်ပတ်ချာ့ဂျာကကျန်နေခဲ့တာ ကားထွက်ပြီးမှ သတိရလို့ ပြန်လှည့်မယူတော့ဘူး… ရန်ကုန်မှာဝယ်လို့ရမယ်လို့ထင်တယ်… လေဆိပ်ရောက်တော့လဲအေးအေးဆေးဆေးပါဘဲ ၂နာရီ၁၅မိနစ်လောက်စောရောက်နေတော့ ကောင်တာတောင်အဆင်သင့်မဖြစ်သေးဘူး… အရှေ့မှာကိုယ့်ထက်စောရောက်နေတဲ့သူသုံးယောက်လောက်တန်းစီနေကြတယ်… ကိုယ့်အလှည့်ရောက်တော့ အခါတိုင်းလိုအေးဆေးဘဲထင်ထားတာ သမီးလေးပတ်စပို့က သက်တမ်း၆လမကျန်လို့တဲ့ ခဏစောင့်ပါဆိုပြီး ကောင်တာကအမျိုးသမီးက သူ့အထက်လူကြီးကိုသွားမေးတယ်… သူတို့ကပြောတယ်… မြန်မာဘက်ကိုဝင်ရင် ပြသနာတက်လိမ့်မယ်တဲ့… သက်တမ်း၆လမရှိရင် သူတို့နိုင်ငံထဲပေးမဝင်ဘူးတဲ့… ဒါနဲ့ကျမကလဲပြောပြရတယ်… ငါကမြန်မာပါ… ဟိုဘက်ကအပိုင်းကို ငါ့ဟာငါရှင်းနိုင်တယ်… boarding passဘဲပေးပါလို့… သူတို့တွေလဲခေါင်းချင်းဆိုင်သွားတယ်… ခဏနေတော့ ရာထူးပိုကြီးပုံရတဲ့အမျိုးသမီးကထွက်လာပြီး နင်တာဝန်ယူတယ်ဆိုရင် လက်မှတ်ထိုးသွားပါတဲ့… ပြသနာဖြစ်လာရင် သူတို့အဲလိုင်းနဲ့မဆိုင်ပါဘူး… ကိုယ့်ဟာကိုယ်တာဝန်ယူပါ့မယ်ဆိုတာလက်မှတ်ထိုးခဲ့ရပါတယ်… အဲဒီအမျိုးသမီးကပြောသေးတယ်… ဗီယက်နမ်ဆိုရင် တလသက်တမ်းကျန်သေးရင်တောင် အဝင်လက်ခံတယ်တဲ့ (ဒါဟဲ့ ဒို့ဗမာ.. ပေါ့သေးသေးတော့မဟုတ်ဘူး…အဝင်ထဲကခြောက်ထားတာ)
ဗီယက်နမ်အင်မီဂရေးရှင်းကတော့ အဝင်လွယ်သလို အထွက်လဲလွယ်ပါတယ်… စာအုပ်ထဲက အဝင်တုံးကိုရှာပြီး အဲဒီဘေးမှာ အထွက်တုံးလေးထုပေးလိုက်တာပါဘဲ … ဘာစကားမှပြောစရာမလိုပါဘူး… သူ့နိုင်ငံကနေပြန်ထွက်ရင် ဒေါ်လာ၅၀၀၀ထက်ပိုယူသွားခွင့်မရှိဘူး( အရင်ကဒေါ်လာ၇၀၀၀) ဆိုပေမဲ့ အိတ်တွေသေချာဖွင့်ခိုင်းပြီးစစ်တာမျိုးတော့မရှိပါဘူး….

လေယာဉ်စောင့်နေချိန်မှာမြန်မာသုံးလေးယောက်လောက်တွေ့ပေမဲ့ ကျမတို့သားအမိတွေ မြန်မာစကားပြောနေသံကြားတော့ ကျမတို့နားကထထွက်သွားကြတဲ့အခါ ကျမလဲ မသိချင်ယောင်ဘဲဆောင်နေလိုက်ပါတော့တယ်… အရင်ကဆို မြန်မာစကားသံကြားရင် မြန်မာလားဟင်လို့မေးပြီး ဖုန်းနံပါတ်ပေး မိတ်ဆက်တတ်ပေမဲ့ အခုနောက်ပိုင်းတော့ မြန်မာချင်းအပေါင်းအသင်းမလုပ်ချင်သူတချို့နဲ့ ဆုံပြီးတဲ့နောက်ပိုင်း သူများကရှောင်တယ်လို့ခံစားမိရင် ကိုယ်လည်း မသိသလိုနေတတ်လာပါပြီ…
လေယာဉ်ကစထွက်ပြီးသိပ်မကြာခင် တိမ်တွေဖြတ်တဲ့အခါ လေယာဉ်ခါတာအရမ်းဘဲ… ခဏနေတော့ လေယာဉ်မှုးကကြေငြာတယ်… မမျှော်လင့်ထားတဲ့ စက်ချို့ယွင်းမှုဖြစ်နေတာတဲ့…ဘုရားဘုရားလို့ ဘုရားတနေတုန်း ရင်ထဲမှာလှိုက်ခနဲဖြစ်ပြီး လေယာဉ်အောက်ကိုဒုန်းခနဲထိုးကျသွားတာခံစားလိုက်ရတယ်… သားလေးကအိပ်နေလို့မသိလိုက်ပေမဲ့ သမီးလေးခမျာကြောက်ပြီး လက်ဖျားတွေချက်ချင်းအေးခဲသွားတာ သနားလိုက်တာ….
(ဆက်ပါဦးမည်)