Friday, November 23, 2012

နိုဝဘာင်္အတွေးများ



ဒီလထဲမှာမလေးသွားဘို့ပြင်ဆင်တာတွေ… ဗီယက်နမ်ဗီဇာသက်တမ်းတိုးတာတွေနဲ့ အလုပ်တွေရှုတ်နေခဲ့တယ်… မလေးသွားဘို့ လေယာဉ်လက်မှတ်ဘွတ်ကင်အရင်တင်တယ်… တင်ပြီးတာနဲ့တခါထဲဝယ်… ဟိုတယ်ဘွတ်ကင်တင်…အာလုံးပြီးတော့ ဗီယက်နမ်ဗီဇာသက်တမ်းတိုး…ပတ်စပို့ပြန်ရတော့မှ မလေးရှားဗီဇာတင်… ခုတော့အားလုံးအဆင်သင့်…သွားဘို့ဘဲကျန်တော့တယ်…(မလေးခရီးစဉ်အတွက် ဟိုတယ်ဘွတ်ကင်တွေအကူအညီပေးတဲ့သောမတ်စ်ကိုကျေးဇူးအထူးတင်ပါတယ်)
အားလုံးကြိုတင်ပြင်ဆင်ထားတော့ ခလေးတွေကျောင်းသွားနေတုန်း အချိန်ပိုထွက်လာတာနဲ့ သတင်းတွေဘာတွေဖတ် ၊အင်တာနက်ပြန်ထိုင်ဖြစ်တော့ အိမ်ခြံမြေဘက် စိတ်ဝင်စားမိတယ်… တက်လိုက်တဲ့ဈေးတွေက မယုံနိုင်စရာ… ကိုယ်၂၀၀၉ဒီဇင်ဘာမှာ ရောင်းလိုက်တဲ့အိမ်လေးက ကိုယ်ရခဲ့တဲ့ဈေးထက် ၄ဆလောက်တက်နေပြီ… ဟုတ်မှဟုတ်ရဲ့လား… အဲဒီဈေးတွေတကယ်ရောရှိလို့လား… ရောင်းချင်တဲ့သူက သူလိုချင်တဲ့ဈေးကို ပေါက်ဈေးထက်ပိုပြီးတောင်းနေတာလို့ဘဲထင်မိတယ်… ကွန်ဒိုတွေလဲဈေးတွေတက်… မြို့စွန်ကမြေဈေးတွေကလဲ မကြားဖူးတဲ့ဈေးတွေ…
နိုင်ငံကအခုမှဖွင့်စရှိသေး… လူတွေကလောဘတွေတက်ပြီး မြေဈေးတွေအရမ်းတင်နေတော့ တကယ်နေစရာလိုလို့ ဝယ်မဲ့သူတွေအတွက် မတရားသလိုဘဲ… ကိုယ်က အိမ်နဲ့ခြံလေး ပြန်လိုချင်လို့ ဈေးတွေစုံစမ်းကြည့်တာ ဝယ်ချင်စိတ်ကိုပျောက်ရော…
သိပ်လောဘမတက်ဘဲ တန်ရာတန်ဈေးနဲ့ရောင်းမဲ့သူနဲ့ တိုက်ရိုက်တွေ့ချင်စမ်းပါဘိ… ဝယ်တဲ့အခါလည်း နိုင်ငံခြားမှာ Bank to bank ငွေလွှဲပေးလို့ရရင်သိပ်ကောင်းမှာဘဲ… ကိုယ်လိုချင်တာတွေစဉ်းစားမိမှ အိမ်ဈေးတွေတက်ပစ်လိုက်တဲ့အိမ်ရောင်းမဲ့သူတွေကို အားနာသွားတယ်… သူတို့လဲလိုချင်တာတောင်းဆိုခွင့်ရှိတာဘဲ… ရတာမရတာတော့ ဘယ်တတ်နိုင်မလဲနော်…
စီးပွါးရေးလဲ ကိုယ့်နိုင်ငံမှာပြန်လုပ်ချင်စိတ်ပေါက်မိပါရဲ့… ဒါပေမဲ့ မြန်မာပြည်စီးပွါးရေးလောကနဲ့ ၁၄နှစ်လောက်ကင်းကွာနေလေတော့ အစကပြန်စဘို့ သတ္တိမရှိဘူးဖြစ်နေတယ်… သိပ်ပေါများနေလို့ စီးပွါးရေးလုပ်တဲ့သူတွေကိုမယှဉ်ရဲတာအမှန်ဘဲ… သူတို့မှာ တခုရှုံးသွားလဲ ဘာမှမဖြစ်လောက်တဲ့ ကျောထောက်နောက်ခံတွေရှိပေမဲ့ ကိုယ့်မှာက ကိုယ့်နိုင်ငံကိုယ်ပြန်နေချင်လို့ ရှိတာလေးတွေနဲ့ အရင်းတည်ပြီး စလုပ်ရမှာ… အဲဒါလေးပလုံသွားရင် လို့စဉ်းစားမိပြီး ကြောက်နေတာနဲ့ဘဲ လက်ရှိအနေအထားလေးကနေမလှုပ်ရဲတော့ဘူး…
 ဒီနိုင်ငံမှာအနေကြာလာတော့ တခါတလေငြီးငွေ့မိသေးတယ်…ဒါပေမဲ့ မစွန့်စားရဲသမျှတော့ ဒီတိုင်းနေ နေရဦးမှာပါဘဲ… ကိုယ်ပိုင်အလုပ်လေးတခုခုထလုပ်ချင်စိတ်ပေါက်မိပေမဲ့ ဘာကစလုပ်ရမှန်းမသိ၊ဘယ်သူ့ဆီက အကြံဥာဏ်တောင်းရမှန်းမသိ….
                               ဈေးရောင်းပွဲကမီးအိမ်လေး... (မဝယ်ခဲ့ပါဘူး)

                                 Turkishအမျိုးသမီးတွေရောင်းတဲ့ဆိုင်

                                 International ladies in Vietnamရဲ့ရံပုံငွေဈေးရောင်းပွဲ

                                 လက်မှုပစ္စည်းမျိုးစုံအရောင်းဆိုင်


နိုဝင်ဘာလထဲမှာ ဒီဇင်ဘာအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ ရံပုံငွေဈေးရောင်းပွဲတွေလဲ အတော်များတယ်…အဲဒီတွေထဲက ဗီယက်နမ်ရောက်နေတဲ့ နိုင်ငံတကာကအမျိုးသမီးတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့လေးရဲ့ဈေးရောင်းပွဲကို သွားဖြစ်ခဲ့တယ်… Turkish အမျိုးသမီးရောင်းတဲ့ မုန့်အချိုနဲ့  ဖိလစ်ပိုင်ကအမျိုးသမီးတစ်ယောက်ရောင်းတဲ့ ခြုံပုဝါလေးတစ်ထည်ဘဲ ဝယ်ဖြစ်လိုက်တယ်… မတွေ့တာကြာတဲ့ မလေးရှားသူ သူငယ်ချင်းနဲ့တွေ့လို့ စကားတွေအကြာကြီး ပြောဖြစ်တယ်…
တခြားနိုင်ငံသူတွေနဲ့စကားပြောဖြစ်တိုင်း ကိုယ့်ကိုကိုယ်မိတ်ဆက်ပြီး မြန်မာနိုင်ငံကပါလို့ ပြောမိတဲ့အခါ သူတို့တွေရဲ့မျက်နှာပေါ်က ဖြတ်ပြေးသွားတဲ့ အရိပ်ပေါ်မှာ အသိအမှတ်ပြုမှုတွေက ဟိုးအရင်နှစ်တွေကထက် ထူးခြားလာတာကို ဂုဏ်ယူဝမ်းသာမိပါတယ်….
မေ့တေ့တေ့ဖြစ်နေတဲ့သမိုင်းကြောင်းတွေထဲက ကိုယ့်နိုင်ငံဂုဏ်တက်စေမဲ့ အကြောင်းအရာတွေကို ရွေးချယ်ပြီး ပြန်နွှေးနေရတယ်… ဘယ်သွားသွားမြန်မာပါလို့ပြောရင်ဝိုင်းမေးကြလွန်းလို့ အခုတော့ ကြိုတင်ပြင်ဆင်ထားရတယ်… မြန်မာနိုင်ငံရဲ့ပြောင်းလဲမှုတွေကို နိုင်ငံတကာကစိတ်ဝင်စားနေကြမှန်း သိရတော့ သတင်းတွေကို အရင်ကထက်ပိုပြီး အလေးအနက်ထားလိုက်ဖတ်ပြီး မှတ်သားရတယ်.. သူများမေးရင်ဖြေနိုင်အောင်လို့…
ကိုယ်လိုချင်နေတဲ့ အပြောင်းအလဲကတော့ နိုင်ငံတကာဘဏ်တွေမှာ တခြားနိုင်ငံသားတွေနဲ့တန်းတူ မြန်မာနိုင်ငံသားတွေ ချွင်းချက်မရှိ အကောင့်ဖွင့်လို့ရ၊ငွေလွှဲလို့ရဖို့ရယ်… နောက်တခုက ဘယ်နိုင်ငံတွေကိုသွားသွား တခြားနိုင်ငံသားတွေလို ဗီဇာလွယ်လွယ်ကူကူရနိုင်ဖို့ပါ….
ရတာမရတာအပထား မျှော်လင့်မိတာပေါ့နော်… မျှော်လင့်ခွင့်လေးရလာနေတာကလဲ မျှော်လင့်ခွင့်တောင်မရှိခဲ့တဲ့အချိန်တွေနဲ့ နှိုင်းစာရင်တော့ ကျေနပ်စရာပါဘဲလေ….
အချိန်ပိုလေးရတုန်း စဉ်းစားမိတာတွေကို ချရေးမိတာပါ… သူများတွေလို ဝထ္တုလေးတွေရေးဘို့ နိဒါန်းတွေပျိုးထားပေမဲ့ mood မဝင်တော့ဆက်ရေးလို့မရဘူး… တွေးမိတာတွေ ရေးချရင်းနဲ့ဘဲ လာလည်ကြတဲ့မိတ်ဆွေတွေကို နှုတ်ဆက်လိုက်ပါတယ်… အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ….