Thursday, October 3, 2013

ချစ်သောVenice

                                                           တံတားပေါ်ကသမီးနဲ့သား
                                                               လှေပေါ်ကသမီးနဲ့သား


San Marco (Venice) ရဲ့ညနေခင်း






ပုံကိုgoogleမှယူပါသည်




ဟိုးငယ်ငယ်လေးထဲက Time Magazine မှာပါတဲ့ Venice မြို့လေးရဲ့ပုံလေးကိုတွေ့ပြီးသိပ်ရောက်ဖူးချင်ခဲ့တာ… လှေလှော်နေတဲ့ဥရောပနိုင်ငံသားတစ်ယောက်ရဲ့ပုံကကိုယ့်လိုခလေးတစ်ယောက်အတွက်အထူးအဆန်းဖြစ်နေခဲ့သလို ကိုယ့်နိုင်ငံမှာလိုမဟုတ်ဘဲ တိုက်တာအဆောက်အဦးတွေရဲ့လမ်းကြားလေးတွေမှာရေတွေပြည့်ပြီး အဲဒီထဲမှာလှော်ခတ်နေတဲ့လှေလေးထဲကိုယ်ထိုင်စီးဖူးချင်ခဲ့တာ… ရောက်ဖူးချင်လိုက်တာဆိုတဲ့အတွေးလေးသာရှိခဲ့ပြီးအကောင်အထည်ဖော်ဖို့အထိတော့အလေးအနက်မထားမိခဲ့…
ဒီနှစ်တော့ခလေးတွေရဲ့နွေရာသီကျောင်းပိတ်ရက်မှာ ရန်ကုန်တစ်လ၊ပြင်သစ်တစ်လပြန်လည်ကြမယ်ဆုံးဖြတ်ကြတယ်.... ဒီတခါပြင်သစ်သွားရင် အီတလီပါ ဝင်လည်ကြရအောင်လို့ဘာရယ်မဟုတ်ပြောမိလိုက်တဲ့စကားလေးတစ်ခွန်းကအတည်ဖြစ်သွားပြီး အီတလီနိုင်ငံက မီလန်နဲ့ဗန်းနစ်စ်မြို့လေးကိုလည်ကြဖို့ အစီအစဉ်ဆွဲခဲ့လိုက်ကြတယ်…
မီလန်ကိုတော့ရောက်ဖူးတယ်ရှိရုံသာသွားဖြစ်ခဲ့တာ…နဂိုထဲကသိပ်စိတ်မပါခဲ့လို့လားမသိ… မီလန်ကိုကိုယ်မကြိုက်ဘူး… ဈေးကြီးတဲ့အဝတ်အထည်၊ဟိတ်ကြီးဟန်ကြီးစားသောက်ဆိုင်တွေနဲ့ လမ်းဘေးတွန်းလှည်းဆိုင်လေးတွေက လူတန်းစားနှစ်ရပ်ကိုပိုင်းခြားထားလေရဲ့…
အဝတ်အထည်တွေက သူ့Brandနဲ့သူတန်ရာတန်ဈေးမို့ မပြောသာပေမဲ့ စားသောက်ဆိုင်တွေကတော့မတန်တရာ ဈေးကြီးလွန်းပြီး ပေးရတာနဲ့လဲမတန်ဘူးထင်ရဲ့…
အီတလီစာကြိုက်ကြတဲ့ခင်ပွန်းနဲ့သားသမီးတွေမှာစားကြတာတွေကတခုမှမကောင်း… ငွေရှင်းရတော့မတန်တရာဈေးကြီးတဲ့ဟင်းပွဲတွေအတွက်သာမပါ taxကလဲနင့်ကနဲ…
မီလန်မှာစိတ်တိုင်းမကျခဲ့သမျှ Veniceမြို့လေးမှာတော့ ပထမဆုံးခြေလှမ်းလေးအချထဲကကို ဘဝင်တွေ့တာ….
အင်္ဂလိပ်၊ပြင်သစ်၊စပိန်စကားတွေပြောနိုင်ကြတဲ့မြို့ခံတွေရယ်၊ ဒီမြို့လေးမှာအလုပ်လာလုပ်ကြတဲ့ဘာသာစကားကျွမ်းကျင်တဲ့အပြင် ဖော်ရွေလွန်းတဲ့ဈေးသည်တွေ စားသောက်ဆိုင်ဝန်ထမ်းတွေရယ်နဲ့ သွားရလာရစားရသောက်ရတာအစစအရာရာအဆင်တွေကိုပြေလို့…
တပတ်စာလတ်မှတ်ဝယ်ထားပြီး အချိန်မရွေးတက်စီးလို့ရတဲ့ အများသုံးသဘောင်္လေးနဲ့ ဟိုကူးဒီကူးလျှောက်လည်ရတာ ပျော်စရာ…
ခလေးတွေကအနက်ရောင်လှေလေးထဲထိုင်စီးချင်ကြသေးတယ်ဆိုလို့ ကိုယ်တိုင်လဲစီးဖူးချင်တာနဲ့ အတော်ဖြစ်သွားတယ်…
ဖော်ရွေပြီးသဘောကောင်းတဲ့လှေထိုးသားက လှေထိုးရုံတင်မက လမ်းဘေးကအဆောက်အဦးတွေရဲ့ သမိုင်းကြောင်းတွေကိုပါ ပြောပြနေတာ မမောနိုင် မပန်းနိုင်... စကားတွေဘဲပြောနေရလို့ထင်ရဲ့... ကိုယ်ကြားဖူးထားသလိုတော့ ဒီလှေထိုးသားက လှေထိုးရင်းသီချင်းမဆိုပြခဲ့....
အစစအရာရာဈေးကြီးပေမဲ့ ကိုယ်နှစ်သက်ရာမို့ နှမျောစိတ်လေးနဲနဲမှမဝင်မိခဲ့ပါ....
လျှောက်လည်တဲ့နေရာတိုင်းမှာ ဂျပန်လူမျိုးတွေ ကိုရီးယားလူမျိုးတွေ တရုတ်လူမျိုးတွေ စတဲ့အာရှတိုက်သားတွေ နေရာမလွဲတွေ့နေရတာမို့ သမီးလေးက မြန်မာလူမျိုးတွေလဲ အဲလိုနေရာတိုင်းမှာတွေ့ရရင်သိပ်ကောင်းမှာဘဲနော်လို့ပြောတော့ တနေ့တော့ဖြစ်လာမှာပေါ့သမီးရယ်လို့ ပြောမိပေမဲ့ သိပ်တော့အားမရှိလှ…
နောက်တစ်ရက်ညနေဟိုတယ်ခန်းထဲမှာနားနေတုန်း ဖေ့ဘွတ်ဖွင့်မိတော့ မက်ဆေ့ဂ်ျဝင်နေတာတွေ့တယ်… ဖတ်မိတော့ ဖေ့ဘွတ်ထဲမှာခင်နေတဲ့အမတစ်ယောက်ပို့ထားတာဖြစ်နေတယ်…သူ့မိသားစုနဲ့Veniceမှာ လျှောက်လည်နေရင်း ကျမကိုလှမ်းတွေ့လိုက်လို့… ရုတ်တရက်မြင်ဖူးသလိုဘဲလို့ စဉ်းစားနေတုန်း ကျမမှန်းမှတ်မိသွားတဲ့အချိန်မှာ သူကျမကိုမတွေ့တော့လို့ မနှုတ်ဆက်လိုက်ရတဲ့အကြောင်းလေးရေးထားတာဖတ်လိုက်ရပြီး အရမ်းကြည်နူးမိပါတယ်… သမီးလေးကိုလဲပြောပြလိုက်တယ်… လျှောက်လည်နေတဲ့လူအုပ်ထဲမှာ မြန်မာတွေလည်းရှိနေပါတယ်သမီးရယ်လို့….
Veniceမှာနေခဲ့လည်ခဲ့ကြတဲ့ အချိန်တိုင်းမိနစ်တိုင်းမှာကျမတို့မိသားစု သိပ်ကိုပျော်ခဲ့ကြပါတယ်…
ဥရောပသားတို့ရဲ့ဖော်ရွေမှုကို Venice မှာတွေ့ခဲ့ရတယ်… ဟိုတယ်ဝန်ထမ်းတွေ စားသောက်ဆိုင်ဝန်ထမ်းတွေ အမှတ်တရပစ္စည်းအရောင်းဆိုင်ကဝန်ထမ်းတွေ သူတို့တွေရဲ့ နှိမ့်ချမှုမပါတဲ့ ကိုယ့်ကိုကိုယ်လည်းယုံကြည်မှုရှိပြီး သူများအပေါ်လည်းလေးစားစွာဆက်ဆံတဲ့ အကျင့်စရိုက် အပြုအမူလေးတွေကို ကျမအရမ်းသဘောကျပါတယ်…
Veniceတစ်မြို့လုံးရဲ့အကောင်းဆုံးစားသောက်ဆိုင်ဝန်ထမ်းဆုပေးသင့်တဲ့ စားသောက်ဆိုင်ဝန်ထမ်းတစ်ယောက်ကိုတော့ ဘယ်တော့မှမမေ့ဘဲ အမြဲအမှတ်ရနေမှာပါ… ဘာသာစကား၅မျိုးလောက်ကိုကျွမ်းကျင်စွာပြောတတ်ပြီး တခြားဘာသာစကားတွေအတော်များများကို အနည်းငယ်စီပြောနိုင်တဲ့သူဖြစ်ပါတယ်… စားသုံးသူတွေကိုလည်း ခင်မင်ရင်းနှီးစွာ ငယ်ပေါင်းကြီးဖော်တွေလို စကားပြောနှုတ်ဆက်လေ့ရှိပြီး ဟာသဥာဏ်လေးနဲ့ အရွမ်းဖောက်တတ်တာမို့ သူ့ဆိုင်မှာအမြဲလူပြည့်နေတတ်တယ်…သားနဲ့သမီးကတော့ သူ့ကို ခုထိသတိရပြီး သူ့အကြောင်းတခါတလေပြောနေတတ်ကြလေရဲ့…
Venice ကိုသိပ်ချစ်ပြီး Veniceမှာအေပျာ်တွေလွန်နေခဲ့တဲ့ ကျမတို့မိသားစုရဲ့ အချစ်ကို 
ကိုရွှေVeniceတုံ့ပြန်လိုက်ပုံက တော်တော်တော့ ကြမ်းတယ်ရှင့်… Check out ထွက်ရမှာမနက်ခင်းမို့ ညကတည်းက ဧည့်ကြိုကိုအကြောင်းကြားထားပြီးသား… မနက်ဧည့်ကြိုမှာအဆင်သင့်Check out ထွက်တော့မယ်ဆိုပြီး အခန်းခလက်ကျန်ငွေတွေရှင်းဖို့ ခရက်ဒစ်ကဒ်ထုတ်ပေးတော့ ခင်ပွန်းသည်ရဲ့ကဒ်ကို စက်ကလက်မခံဘူး… ဒီတော့ ကျမကဒ်ထုတ်ပေးလိုက်တယ်… ကျမကဒ်ကိုလည်းလက်မခံပြန်ဘူး… cashနဲ့ရှင်းဖို့ကျတော့လည်း Veniceမှာ၅ရက်တာအပျော်လွန်ပြီး သုံးစွဲလိုက်ကြတာ နေ့လည်စာစားဖို့လောက်ဘဲကျန်တော့တယ်…
ဟိုတယ်ရဲ့စက်ကြောင့်များလားလို့ အပြင်က ATMမှာထုတ်ကြည့်တော့လဲမရ… Credit card ရဲ့ပင်ရင်းကုမ္ပဏီကိုလှမ်းဖုန်းဆက်တော့ သူတို့စစ်ပေးမယ် ခဏနေမှပြန်ဆက်ပါတဲ့… အဲဒီအချိန်မှာ Milanကိုပြန်မဲ့ရထားထွက်ချိန်ကနာရီဝက်လောက်ဘဲလိုတော့တယ်… ရထားလက်မှတ်ဝယ်ပြီးသားရော… မီလန်ကဟိုတယ်မှာလဲ ငွေကြိုချေပြီးသားမို့ ခင်ပွန်းသည်က ကျမတို့ သားအမိတွေကို အရင်သွားနှင့်ခိုင်းပြီး သူ့ဟာသူပြသနာရှင်းပြီးနောက်ကလိုက်ခဲ့မယ်လို့ပြောပါတယ်…
ကျမကတော့ အဲလိုပြသနာကြီးနဲ့ခင်ပွန်းသည်ကိုမထားခဲ့ချင်ပါဘူး… အခက်အခဲကြုံလာရင် အတူရင်ဆိုင်ချင်တာပါဘဲ… သမီးလေးကတော့ သွားရမယ်ဆိုသွားနှင့်မယ်လေဆိုပေမဲ့ သားလေးက သူ့အဖေကို ကျမစိတ်နဲ့ထပ်တူမထားခဲ့ချင်ပါဘူး… ဒီလိုနဲ့ဘဲဘာလုပ်ရမှန်းမသိ ကျမတို့သားအမိတွေက ဧည့်ကြိုခန်းကဆိုဖာမှာထိုင်ငိုင်နေကြတုန်း ခင်ပွန်းသည်က Credit Card ရဲ့ပင်ရင်းကုမ္ပဏီကို ဖုန်းထပ်ဆက်ပါတယ်… အဲဒီတော့ ဟိုဖက်ကဖုန်းဖြေတဲ့ဝန်ထမ်းက ဘဏ့်အကောင့်မှာဘာပြသနာမှမရှိပါဘူး… Veniceရဲ့ Networkကဖြစ်နေတဲ့ပြသနာပါလို့ပြောတော့ ဟိုတယ်ဝန်ထမ်းက ကျမတို့ရဲ့ကဒ်ကိုနောက်တစ်ခေါက်ထပ်တောင်းပြီး Tryကြည့်တဲ့အခါ accessဖြစ်သွားပြီး ငွေရှင်းလို့ရသွားပါတယ်…  ဒီတော့မှကျမတို့မိသားစု ခရီးဆောင်အိတ်တွေဆွဲပြီး ရထားမီအောင်ပြေးရပါတော့တယ်… ရထားထွက်ဖို့၅မိနစ်အလိုမှာ ဘူတာရုံကိုရောက်ပြီး ရထားထွက်ချိန်သီသီလေးကတ်မီပြီး ရထားပေါ်ကထိုင်ခုံနေရာမှာထိုင်မိကြတော့မှဘဲ ကျမတို့မိသားစုလေးယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တဟားဟားရီကြပါတော့တယ်… နောက်တခေါက် Veniceကိုပြန်လာကြဦးမှာလားဆိုတော့ ခလေးတွေကတစ်သံတည်း လာဦးမှာလို့ဖြေကြပါတယ်…
ဒါကြောင့်ဖြစ်မယ်… ကျမတို့သိပ်ချစ်တဲ့ Veniceက သူ့ကိုသိပ်ချစ်မှန်းသိလို့ ကျမတို့ကိုချစ်စနိုးကျီစားလိုက်တာ.… အမှတ်တရတွေနဲ့ ဘယ်တော့မှမမေ့အောင် ပျော်စရာ ရင်ခုန်စရာ ခံစားချက်တွေပေးခဲ့တဲ့နေရာလေးကို အခါအခွင့်သင့်ရင် နောက်တစ်ခေါက်တော့ သွားထပ်လည်ဦးမှာ….