Wednesday, November 27, 2013

အမှတ်တရများစွာဒီနေရာ



 


ဒီနေရာလေးကနေတကယ်တမ်းပြောင်းရွှေ့ရတော့မဲ့အချိန်နီးလာတဲ့အခါ ရင်ထဲမှာနှမျောမိသလိုခံစားရသည်။ မလွမ်းတတ်တဲ့ကိုယ်က ဒီနေရာလေးကနေပြောင်းရွှေ့သွားပြီးတဲ့အခါ ရင်ထဲမှာ တသသ သတိရနေမိမလားဆိုတာတော့မသေချာ။
တကယ်တော့ကိုယ်က အသည်းမာသည်ဟုပြောလို့ရသောလူစားမျိုးဖြစ်သည်။ထိုကဲ့သို့သောလူစားမျိုးဖြစ်လာအောင်လည်း ဘဝအတွေ့အကြုံမျိုးစုံမှ သင်ယူခဲ့ ခြင်းဖြစ်သည်။
ရောက်သည့်အရပ်မှာပျော်အောင်နေတတ်သောကိုယ်က ငယ်သူငယ်ချင်းများကိုလွမ်းဆွတ်မနေတတ်ခဲ့။ ဟိုးငယ်ငယ်၁၀နှစ်သမီးအရွယ်ထဲက အင်းစိန်ကကျမ်းစာကျောင်းမှာခရစ်ယာန်ဘုရားကျောင်းပေါင်းစုံကဘုရားကျောင်းတစ်ကျောင်းမှာတစ်ယောက်ရွေးချယ်လျှက် တစ်ပတ်တာ campသွင်းပြီး သင်တန်းပေးသည့်ထဲတွင် ကိုယ်တို့ဘုရားကျောင်းမှာကိုယ်အရွေးခံခဲ့ရသည်။ အဲဒီcampမှာ ညဘက်တွေဆို တချို့ခလေးတွေက အိမ်ကိုလွမ်းလို့ငိုတဲ့သူရှိသလို အိပ်ရာပြောင်းလို့အိပ်မရသူတွေရှိခဲ့သည်။ထိုခလေးများထဲတွင်ကိုယ်မပါဝင်ခဲ့ပါ။မိဘများလာလည်လို့ရတဲ့ နေ့ခင်းချိန်တွေမှာ ခလေးတွေကအဆောင်ရှေ့ကခုံတန်းတွေမှာထိုင်ရင်းသူတို့မိဘတွေကိုမျှော်နေတတ်ကြပေမဲ့ ထိုအထဲမှာလည်းကိုယ်မပါဝင်ခဲ့။ အဖေကလာတွေ့တဲ့အခါ ဆရာမတွေကကိုယ့်ကိုလိုက်ရှာပြီး အဖေနှင့်တွေ့ဆုံစေခဲ့ရသည်သာဖြစ်သည်။ ကိုယ်ကတော့ ရောက်တဲ့အရပ်မှာ တွေ့ရတဲ့သူတွေနှင့် ပျော်အောင်နေတတ်သူမို့ မိဘကိုမျှော်နေသည့်ခလေးတစ်ယောက်မဟုတ်ခဲ့။
တစ်ကျောင်းကနေတစ်ကျောင်းပြောင်းတဲ့အခါ အဆင်မပြေဖြစ်တတ်တဲ့ဆယ်ကျော်သက်အရွယ်မှာလည်းကိုယ်က ကျောင်းအသစ်မှာ နှစ်ဝက်မှပြောင်းရွှေ့လာသူဖြစ်ပေမဲ့ အတန်းဖော်များနှင့်အဆင်ပြေစွာပေါင်းသင်းနိုင်ခဲ့သူဖြစ်သည်။ကျောင်းအဟောင်းမှသူငယ်ချင်းဟောင်းများကိုလည်း လွမ်းဆွတ်မနေခဲ့။
အိမ်ထောင်ကျလို့ယောင်နောက်ဆံထုံးပါရတဲ့အခါမှာလည်း တစ်ပတ်တစ်ခါမိဘကိုမှန်မှန်ဖုန်းဆက်တတ်တဲ့ တခြားတစ်နိုင်ငံရောက်နေတဲ့အမလို ကိုယ်တာဝန်မကျေနိုင်ခဲ့။ရင်ထဲကသာချစ်နေတတ်လျှက် လူသိအောင်ထုတ်မပြတတ်တာ၊ လက်ရှိအနေအထားကိုသာ အလေးအနက်ထားတတ်သူကိုယ်က မိသားစုအသိုင်းအဝိုင်းမှာ အသည်းမာသူဖြစ်နေပါလိမ့်မည်။
ထိုကဲ့သို့ မလွမ်းတတ်သော ချစ်နေတာကိုထုတ်ဖော်မပြတတ်သောကိုယ်က ဒီနေရာလေးကို ချစ်ခင်တွယ်တာနေပါလျှက် နှုတ်ကတော့ ထုတ်ဖော်မပြောဖြစ်ခဲ့။ ဒီနေရာလေးမှာနေရတာ လုံခြုံနွေးထွေးမှုတွေနဲ့ ကျေနပ်စရာဖြစ်ပေမဲ့ ထုတ်ဖော်ချီးကျူးမှုတွေမပြုမိခဲ့။
အိမ်နေရာကျဉ်းကျဉ်းလေးတွေ၊တိုက်ခန်းအဆောက်အဦတွေနဲ့ ဆိုင်ကယ်အိတ်ဇောတွေဖုန်တွေထူထပ်နေတဲ့ ပတ်ဝန်းကျင်ကိုမေ့ထားလို့ရတဲ့ ဒီအိမ်ရာဝင်းလေးဟာ ဒီမြို့ထဲမှာရှားရှားပါးပါးရှိနေခဲ့ပါလျှက် ကိုယ်ကထူးခြားကျေးဇူးမတင်တတ်ခဲ့။
ဒီနေရာလေးမှာကိုယ်တို့ဇနီးမောင်နှံရဲ့အိမ်ထောင်ဦးအမှတ်တရများစွာရှိသည်။ခလေးတွေမွေးဖွားကြီးပြင်းလာရာနေရာလေးဖြစ်သလို သူတို့လေးတွေ ဘေးကင်းလုံခြုံစွာ ပြေးလွှားဆော့ကစားခဲ့သော ပြေးလွှားဆော့ကစားနေဆဲဖြစ်သောနေရာလေးဖြစ်သည်။
စနေ၊တနင်္ဂနွေနေ့တွေမှာ သမီးလေး၏သူငယ်ချင်းများလာရောက်လည်ပတ်ချင်လေ့ရှိသောနေရာလေးဖြစ်သည်။ မနက်မိုးလင်းထဲကသူတို့မိဘတွေ စိတ်ချစွာလာထားခဲ့ပြီး ညနေစောင်းမှာလာပြန်ကြိုကြလေ့ရှိသည်။
ထိုနေ့တွေမှာသမီးလေးကသူငယ်ချင်းများနှင့်အတူရေကူးလိုက် ၊ရေကူးကန်ဘေးကစားသောက်ဆိုင်လေးမှာမုန့်တွေဝယ်စားလိုက်နှင့် ပျော်ရွှင်နေလေ့ရှိသည်။
ခင်ပွန်းသည်လူပျိုဘဝထဲကနေလာသောနေရာလေးမို့ သူက နှမျောတမ်းတလွမ်းဆွတ်နေမှာသေချာသလို သားနှင့်သမီးသည်လည်း အဖေနှင့်ထပ်တူခံစားရပေလိမ့်မည်။
အသည်းမာသည့်ကိုယ်တောင်မှ၁၉၉၉ခုနှစ်ကနေ ခုထိနေထိုင်နေဆဲဒီနေရာလေးကိုမကြာခင်ခွဲခွာရတော့မယ်ဆိုတော့နည်းနည်းလေးလွမ်းတတ်လာသလိုလို။၁၄နှစ်ကျော်ကျော် လုံခြုံနွေးထွေးစွာ သက်တောင့်သက်သာ နေထိုင်ခဲ့ရသောဒီနေရာလေးကို  တမ်းတစွာလွမ်းဆွတ် သတိရမိနေမလားမသေချာပေမဲ့ ခုတော့မပြောင်းခင်ထဲကလွမ်းနေရပြီဖြစ်သည်။
တကယ်တမ်းပြောင်းပြီးလို့ တသသ တမ်းတစွာသတိရမိနေလျှင်လည်း
ဒါလဲနောက်ထပ်တိုးမဲ့ဘဝအတွေ့အကြုံတစ်ခုပေဘဲဟု ကိုယ့်ကိုကိုယ်အားတင်းရမည်သာဖြစ်သည်။
အခုထိတော့ဒီနေရာလေးမှာကိုယ်နေထိုင်နေဆဲဖြစ်သည်။ ယနေ့မှစ မပြောင်းရွှေ့ခင်အချိန်ထိ ဒီနေရာလေးမှာနေထိုင်ရတဲ့ နေ့ရက်တိုင်းကို ကျေးဇူးတင်စွာတန်ဘိုးထားဖြတ်သန်းပါတော့မည်။

Thursday, October 3, 2013

ချစ်သောVenice

                                                           တံတားပေါ်ကသမီးနဲ့သား
                                                               လှေပေါ်ကသမီးနဲ့သား


San Marco (Venice) ရဲ့ညနေခင်း






ပုံကိုgoogleမှယူပါသည်




ဟိုးငယ်ငယ်လေးထဲက Time Magazine မှာပါတဲ့ Venice မြို့လေးရဲ့ပုံလေးကိုတွေ့ပြီးသိပ်ရောက်ဖူးချင်ခဲ့တာ… လှေလှော်နေတဲ့ဥရောပနိုင်ငံသားတစ်ယောက်ရဲ့ပုံကကိုယ့်လိုခလေးတစ်ယောက်အတွက်အထူးအဆန်းဖြစ်နေခဲ့သလို ကိုယ့်နိုင်ငံမှာလိုမဟုတ်ဘဲ တိုက်တာအဆောက်အဦးတွေရဲ့လမ်းကြားလေးတွေမှာရေတွေပြည့်ပြီး အဲဒီထဲမှာလှော်ခတ်နေတဲ့လှေလေးထဲကိုယ်ထိုင်စီးဖူးချင်ခဲ့တာ… ရောက်ဖူးချင်လိုက်တာဆိုတဲ့အတွေးလေးသာရှိခဲ့ပြီးအကောင်အထည်ဖော်ဖို့အထိတော့အလေးအနက်မထားမိခဲ့…
ဒီနှစ်တော့ခလေးတွေရဲ့နွေရာသီကျောင်းပိတ်ရက်မှာ ရန်ကုန်တစ်လ၊ပြင်သစ်တစ်လပြန်လည်ကြမယ်ဆုံးဖြတ်ကြတယ်.... ဒီတခါပြင်သစ်သွားရင် အီတလီပါ ဝင်လည်ကြရအောင်လို့ဘာရယ်မဟုတ်ပြောမိလိုက်တဲ့စကားလေးတစ်ခွန်းကအတည်ဖြစ်သွားပြီး အီတလီနိုင်ငံက မီလန်နဲ့ဗန်းနစ်စ်မြို့လေးကိုလည်ကြဖို့ အစီအစဉ်ဆွဲခဲ့လိုက်ကြတယ်…
မီလန်ကိုတော့ရောက်ဖူးတယ်ရှိရုံသာသွားဖြစ်ခဲ့တာ…နဂိုထဲကသိပ်စိတ်မပါခဲ့လို့လားမသိ… မီလန်ကိုကိုယ်မကြိုက်ဘူး… ဈေးကြီးတဲ့အဝတ်အထည်၊ဟိတ်ကြီးဟန်ကြီးစားသောက်ဆိုင်တွေနဲ့ လမ်းဘေးတွန်းလှည်းဆိုင်လေးတွေက လူတန်းစားနှစ်ရပ်ကိုပိုင်းခြားထားလေရဲ့…
အဝတ်အထည်တွေက သူ့Brandနဲ့သူတန်ရာတန်ဈေးမို့ မပြောသာပေမဲ့ စားသောက်ဆိုင်တွေကတော့မတန်တရာ ဈေးကြီးလွန်းပြီး ပေးရတာနဲ့လဲမတန်ဘူးထင်ရဲ့…
အီတလီစာကြိုက်ကြတဲ့ခင်ပွန်းနဲ့သားသမီးတွေမှာစားကြတာတွေကတခုမှမကောင်း… ငွေရှင်းရတော့မတန်တရာဈေးကြီးတဲ့ဟင်းပွဲတွေအတွက်သာမပါ taxကလဲနင့်ကနဲ…
မီလန်မှာစိတ်တိုင်းမကျခဲ့သမျှ Veniceမြို့လေးမှာတော့ ပထမဆုံးခြေလှမ်းလေးအချထဲကကို ဘဝင်တွေ့တာ….
အင်္ဂလိပ်၊ပြင်သစ်၊စပိန်စကားတွေပြောနိုင်ကြတဲ့မြို့ခံတွေရယ်၊ ဒီမြို့လေးမှာအလုပ်လာလုပ်ကြတဲ့ဘာသာစကားကျွမ်းကျင်တဲ့အပြင် ဖော်ရွေလွန်းတဲ့ဈေးသည်တွေ စားသောက်ဆိုင်ဝန်ထမ်းတွေရယ်နဲ့ သွားရလာရစားရသောက်ရတာအစစအရာရာအဆင်တွေကိုပြေလို့…
တပတ်စာလတ်မှတ်ဝယ်ထားပြီး အချိန်မရွေးတက်စီးလို့ရတဲ့ အများသုံးသဘောင်္လေးနဲ့ ဟိုကူးဒီကူးလျှောက်လည်ရတာ ပျော်စရာ…
ခလေးတွေကအနက်ရောင်လှေလေးထဲထိုင်စီးချင်ကြသေးတယ်ဆိုလို့ ကိုယ်တိုင်လဲစီးဖူးချင်တာနဲ့ အတော်ဖြစ်သွားတယ်…
ဖော်ရွေပြီးသဘောကောင်းတဲ့လှေထိုးသားက လှေထိုးရုံတင်မက လမ်းဘေးကအဆောက်အဦးတွေရဲ့ သမိုင်းကြောင်းတွေကိုပါ ပြောပြနေတာ မမောနိုင် မပန်းနိုင်... စကားတွေဘဲပြောနေရလို့ထင်ရဲ့... ကိုယ်ကြားဖူးထားသလိုတော့ ဒီလှေထိုးသားက လှေထိုးရင်းသီချင်းမဆိုပြခဲ့....
အစစအရာရာဈေးကြီးပေမဲ့ ကိုယ်နှစ်သက်ရာမို့ နှမျောစိတ်လေးနဲနဲမှမဝင်မိခဲ့ပါ....
လျှောက်လည်တဲ့နေရာတိုင်းမှာ ဂျပန်လူမျိုးတွေ ကိုရီးယားလူမျိုးတွေ တရုတ်လူမျိုးတွေ စတဲ့အာရှတိုက်သားတွေ နေရာမလွဲတွေ့နေရတာမို့ သမီးလေးက မြန်မာလူမျိုးတွေလဲ အဲလိုနေရာတိုင်းမှာတွေ့ရရင်သိပ်ကောင်းမှာဘဲနော်လို့ပြောတော့ တနေ့တော့ဖြစ်လာမှာပေါ့သမီးရယ်လို့ ပြောမိပေမဲ့ သိပ်တော့အားမရှိလှ…
နောက်တစ်ရက်ညနေဟိုတယ်ခန်းထဲမှာနားနေတုန်း ဖေ့ဘွတ်ဖွင့်မိတော့ မက်ဆေ့ဂ်ျဝင်နေတာတွေ့တယ်… ဖတ်မိတော့ ဖေ့ဘွတ်ထဲမှာခင်နေတဲ့အမတစ်ယောက်ပို့ထားတာဖြစ်နေတယ်…သူ့မိသားစုနဲ့Veniceမှာ လျှောက်လည်နေရင်း ကျမကိုလှမ်းတွေ့လိုက်လို့… ရုတ်တရက်မြင်ဖူးသလိုဘဲလို့ စဉ်းစားနေတုန်း ကျမမှန်းမှတ်မိသွားတဲ့အချိန်မှာ သူကျမကိုမတွေ့တော့လို့ မနှုတ်ဆက်လိုက်ရတဲ့အကြောင်းလေးရေးထားတာဖတ်လိုက်ရပြီး အရမ်းကြည်နူးမိပါတယ်… သမီးလေးကိုလဲပြောပြလိုက်တယ်… လျှောက်လည်နေတဲ့လူအုပ်ထဲမှာ မြန်မာတွေလည်းရှိနေပါတယ်သမီးရယ်လို့….
Veniceမှာနေခဲ့လည်ခဲ့ကြတဲ့ အချိန်တိုင်းမိနစ်တိုင်းမှာကျမတို့မိသားစု သိပ်ကိုပျော်ခဲ့ကြပါတယ်…
ဥရောပသားတို့ရဲ့ဖော်ရွေမှုကို Venice မှာတွေ့ခဲ့ရတယ်… ဟိုတယ်ဝန်ထမ်းတွေ စားသောက်ဆိုင်ဝန်ထမ်းတွေ အမှတ်တရပစ္စည်းအရောင်းဆိုင်ကဝန်ထမ်းတွေ သူတို့တွေရဲ့ နှိမ့်ချမှုမပါတဲ့ ကိုယ့်ကိုကိုယ်လည်းယုံကြည်မှုရှိပြီး သူများအပေါ်လည်းလေးစားစွာဆက်ဆံတဲ့ အကျင့်စရိုက် အပြုအမူလေးတွေကို ကျမအရမ်းသဘောကျပါတယ်…
Veniceတစ်မြို့လုံးရဲ့အကောင်းဆုံးစားသောက်ဆိုင်ဝန်ထမ်းဆုပေးသင့်တဲ့ စားသောက်ဆိုင်ဝန်ထမ်းတစ်ယောက်ကိုတော့ ဘယ်တော့မှမမေ့ဘဲ အမြဲအမှတ်ရနေမှာပါ… ဘာသာစကား၅မျိုးလောက်ကိုကျွမ်းကျင်စွာပြောတတ်ပြီး တခြားဘာသာစကားတွေအတော်များများကို အနည်းငယ်စီပြောနိုင်တဲ့သူဖြစ်ပါတယ်… စားသုံးသူတွေကိုလည်း ခင်မင်ရင်းနှီးစွာ ငယ်ပေါင်းကြီးဖော်တွေလို စကားပြောနှုတ်ဆက်လေ့ရှိပြီး ဟာသဥာဏ်လေးနဲ့ အရွမ်းဖောက်တတ်တာမို့ သူ့ဆိုင်မှာအမြဲလူပြည့်နေတတ်တယ်…သားနဲ့သမီးကတော့ သူ့ကို ခုထိသတိရပြီး သူ့အကြောင်းတခါတလေပြောနေတတ်ကြလေရဲ့…
Venice ကိုသိပ်ချစ်ပြီး Veniceမှာအေပျာ်တွေလွန်နေခဲ့တဲ့ ကျမတို့မိသားစုရဲ့ အချစ်ကို 
ကိုရွှေVeniceတုံ့ပြန်လိုက်ပုံက တော်တော်တော့ ကြမ်းတယ်ရှင့်… Check out ထွက်ရမှာမနက်ခင်းမို့ ညကတည်းက ဧည့်ကြိုကိုအကြောင်းကြားထားပြီးသား… မနက်ဧည့်ကြိုမှာအဆင်သင့်Check out ထွက်တော့မယ်ဆိုပြီး အခန်းခလက်ကျန်ငွေတွေရှင်းဖို့ ခရက်ဒစ်ကဒ်ထုတ်ပေးတော့ ခင်ပွန်းသည်ရဲ့ကဒ်ကို စက်ကလက်မခံဘူး… ဒီတော့ ကျမကဒ်ထုတ်ပေးလိုက်တယ်… ကျမကဒ်ကိုလည်းလက်မခံပြန်ဘူး… cashနဲ့ရှင်းဖို့ကျတော့လည်း Veniceမှာ၅ရက်တာအပျော်လွန်ပြီး သုံးစွဲလိုက်ကြတာ နေ့လည်စာစားဖို့လောက်ဘဲကျန်တော့တယ်…
ဟိုတယ်ရဲ့စက်ကြောင့်များလားလို့ အပြင်က ATMမှာထုတ်ကြည့်တော့လဲမရ… Credit card ရဲ့ပင်ရင်းကုမ္ပဏီကိုလှမ်းဖုန်းဆက်တော့ သူတို့စစ်ပေးမယ် ခဏနေမှပြန်ဆက်ပါတဲ့… အဲဒီအချိန်မှာ Milanကိုပြန်မဲ့ရထားထွက်ချိန်ကနာရီဝက်လောက်ဘဲလိုတော့တယ်… ရထားလက်မှတ်ဝယ်ပြီးသားရော… မီလန်ကဟိုတယ်မှာလဲ ငွေကြိုချေပြီးသားမို့ ခင်ပွန်းသည်က ကျမတို့ သားအမိတွေကို အရင်သွားနှင့်ခိုင်းပြီး သူ့ဟာသူပြသနာရှင်းပြီးနောက်ကလိုက်ခဲ့မယ်လို့ပြောပါတယ်…
ကျမကတော့ အဲလိုပြသနာကြီးနဲ့ခင်ပွန်းသည်ကိုမထားခဲ့ချင်ပါဘူး… အခက်အခဲကြုံလာရင် အတူရင်ဆိုင်ချင်တာပါဘဲ… သမီးလေးကတော့ သွားရမယ်ဆိုသွားနှင့်မယ်လေဆိုပေမဲ့ သားလေးက သူ့အဖေကို ကျမစိတ်နဲ့ထပ်တူမထားခဲ့ချင်ပါဘူး… ဒီလိုနဲ့ဘဲဘာလုပ်ရမှန်းမသိ ကျမတို့သားအမိတွေက ဧည့်ကြိုခန်းကဆိုဖာမှာထိုင်ငိုင်နေကြတုန်း ခင်ပွန်းသည်က Credit Card ရဲ့ပင်ရင်းကုမ္ပဏီကို ဖုန်းထပ်ဆက်ပါတယ်… အဲဒီတော့ ဟိုဖက်ကဖုန်းဖြေတဲ့ဝန်ထမ်းက ဘဏ့်အကောင့်မှာဘာပြသနာမှမရှိပါဘူး… Veniceရဲ့ Networkကဖြစ်နေတဲ့ပြသနာပါလို့ပြောတော့ ဟိုတယ်ဝန်ထမ်းက ကျမတို့ရဲ့ကဒ်ကိုနောက်တစ်ခေါက်ထပ်တောင်းပြီး Tryကြည့်တဲ့အခါ accessဖြစ်သွားပြီး ငွေရှင်းလို့ရသွားပါတယ်…  ဒီတော့မှကျမတို့မိသားစု ခရီးဆောင်အိတ်တွေဆွဲပြီး ရထားမီအောင်ပြေးရပါတော့တယ်… ရထားထွက်ဖို့၅မိနစ်အလိုမှာ ဘူတာရုံကိုရောက်ပြီး ရထားထွက်ချိန်သီသီလေးကတ်မီပြီး ရထားပေါ်ကထိုင်ခုံနေရာမှာထိုင်မိကြတော့မှဘဲ ကျမတို့မိသားစုလေးယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တဟားဟားရီကြပါတော့တယ်… နောက်တခေါက် Veniceကိုပြန်လာကြဦးမှာလားဆိုတော့ ခလေးတွေကတစ်သံတည်း လာဦးမှာလို့ဖြေကြပါတယ်…
ဒါကြောင့်ဖြစ်မယ်… ကျမတို့သိပ်ချစ်တဲ့ Veniceက သူ့ကိုသိပ်ချစ်မှန်းသိလို့ ကျမတို့ကိုချစ်စနိုးကျီစားလိုက်တာ.… အမှတ်တရတွေနဲ့ ဘယ်တော့မှမမေ့အောင် ပျော်စရာ ရင်ခုန်စရာ ခံစားချက်တွေပေးခဲ့တဲ့နေရာလေးကို အခါအခွင့်သင့်ရင် နောက်တစ်ခေါက်တော့ သွားထပ်လည်ဦးမှာ….


Sunday, September 1, 2013

Happy Blogger's Day (31st August)



 

ကိုယ်ပိုင်ဘလော့လေးကိုစဖွင့်ခဲ့သည်မှာ ၂၀၀၈ခုနှစ်ကုန်ခါနီးလောက်မှာဖြစ်သည်။
နာဂစ်ရေဘေးအချိန်မှာဘလော့တွေနှင့်စတင်ရင်းနှီးခဲ့ရပြီး စိတ်ထဲရှိသမျှရေးချလို့ရမဲ့ကိုယ်ပိုင်စာမျက်နှာလေးတစ်ခုဖွင့်ဘို့စိတ်ကူးမိပေမဲ့ လက်တွေ့မှာတော့ချက်ချင်း အကောင်အထည်မဖော်ဖြစ်ခဲ့။
အိမ်ထောင်ရှင်မတစ်ယောက်၊ခလေးတို့ရဲ့မိခင်တစ်ယောက်အနေနှင့် ကိုယ့်အတွက်ဆိုတာရှေ့တန်းမတင်တာကြာပြီမို့ ကိုယ့်ဆန္ဒမှန်သမျှ ချက်ချင်းအကောင်အထည်မဖော်ဖြစ်တာ အကျင့်လိုဖြစ်နေခဲ့ပြီထင်ရဲ့။
တကယ်တမ်းစရေးဖြစ်တော့လည်း ကိုယ်ရေးကိုယ်တာ ရင်ဖွင့်စရာလေးများနှင့်စခဲ့သည်။( အခုတော့ ကိုယ်ရေးကိုယ်တာပို့စ်အချို့ကိုဖျက်လိုက်ပါသည်) ဘလော့သက်လေးရလာတော့ စိတ်ကူးထဲကအကြောင်းလေးတွေ၊ ပတ်ဝန်းကျင်ကစရိုက်လေးတွေကို စာဖွဲ့ပြီးရေးမိသည်။
ဒီလိုရေးမိမှဘဲဘလော့လောကနှင့် ပုံနှိပ်လောကရဲ့ကွာဟမှုအချို့ကိုသိသာစွာမြင်လာခဲ့ရသည်။
ကိုယ်ကအပေါင်းအသင်းများသူမို့ ကိုယ့်အပေါင်းအသင်းထဲမှာ ကိုယ့်အပေါ်ကောင်းသူမကောင်းသူများကရောနှောနေခဲ့သည်။ မိသားစုအရေးသာဦးစားပေးသူမို့ ကိုယ့်အပေါ်မကောင်းသူတွေကိုလွယ်လွယ်ဥပေက္ခာပြုနိုင်ပေမဲ့ ကိုယ်ရေးတဲ့အရေးအသားအပေါ် စော်ကားခဲ့မှုများကိုတော့ ဥပေက္ခာပြုနိုင်ဘို့ အတော်ကြိုးစားခဲ့ရသည်။
ကိုယ်ရေးသမျှကိုယ့်ဇာတ်လမ်းလား၊ သူတို့ကိုစောင်းမြောင်းရေးလေသလားအထင်နှင့် အမြင်ကျဉ်းသူတစ်ချို့ကြောင့် ဘလော့ရေးခြင်းကို စိတ်အနည်းငယ်ပျက်ခဲ့ဘူးပါသည်။
ပုံနှိပ်လောကထဲမှာစာရေးရင်သာတကယ့်စာပေထင်သူများအကြားမှာ ဘလော့ရေးတယ်လို့ပြောရမှာ စိတ်မသက်မသာဖြစ်ခဲ့ဘူးပါသည်။
သို့ပေမဲ့ ဝါသနာအရရေးသူမို့ လွတ်လပ်စွာပေါ့ပါးစွာရေးသားနိုင်သောဘလော့လေးကို စွန့်လွှတ်ဖို့ဘယ်တုန်းကမှစိတ်မကူးခဲ့မိပါ။
ဘလော့ရေးမှခင်မင်ခဲ့ရသော ဘလော့ဂါမောင်နှမများနှင့်ရရှိခဲ့သည့်ခင်မင်မှုကိုကျမတန်ဘိုးထားပါသည်။
ငယ်ပေါင်းကြီးဖော်တွေလိုဖြစ်သွားခဲ့သောဘလော့ဂါသူငယ်ချင်းများက ကျမအတွက် ဘလော့ရေးခြင်းမှရရှိသော အကျိုးအမြတ်ဖြစ်သည်။
ဘလော့ရေးခြင်း၏စာပေလွတ်လပ်မှုကိုကျမမြတ်နိုးပါသည်။ ပုံနှိပ်လောကသို့ကူးပြောင်းဖို့လည်း ကျမမှာရည်မှန်းချက်ပန်းတိုင်မရှိပါ။ စာရေးခြင်းကိုဝါသနာပါ၊မြတ်နိုးသော်လည်း ဇွဲကြီးကြီးနှင့်ထိုင်ခုံပေါ်မှာအကြာကြီးစာထိုင်ရေးနိုင်သူတစ်ယောက်လည်းမဟုတ်ပါ။စာအရှည်ကြီးရေးရမှာ အလွန်ပျင်းပါသောကြောင့်
ပုံနှိပ်လောကသို့ဝင်ရောက်ရန်ကြိုးစားအားထုတ်မှုမျိုးကျမမှာမရှိကြောင်း ဝန်ခံပါသည်။
စာတိုလေးတွေသာ ဝါသနာအရရေးရင်း လွတ်လပ်သောဘလော့ဂါဘဝကိုသာ တွယ်ဖက်နေပါဦးမည်။
ဘလော့ရေးခြင်းကိုကျမဘယ်တော့မှစွန့်လွှတ်မည်မဟုတ်ကြောင်း ဘလော့ဒေးမှာသစ္စာဆိုပါသည်။

(မိတ်ဆက်ပေးချင်တဲ့ဘလော့ကတော့တစ်ခုဘဲရှိပါသည်။
 http://kaillivingwithlove.blogspot.com
သွားရောက်လည်ပတ်လက်တွဲခေါ်ယူဘို့တိုက်တွန်းလိုပါသည်။)
 


ဘလော့ဂါမောင်နှမအားလုံးကိုလေးစားချစ်ခင်လျှက်
Rose of Sharon

Tuesday, August 27, 2013

မသက်ဝေတဂ်တဲ့ အိတ်မှောက်ဖာသွန် နှစ်ဆယ့်ခွန်



အစ်မသက်ဝေဘလော့ပို့စ်လေးတင်တော့ကိုယ်ကတတိယမြောက်လားစတုထ္တမြောက်လားမသိဖတ်ကြည့်ပြီးသဘောတကျနဲ့ကော်မန့်ရေးဖြစ်တယ်… ခဏနေတော့ facebookမှာအမသက်ဝေကရေးဘို့တဂ်တဲ့အခါဝမ်းသာအားရရေးမယ်လို့ဆုံးဖြတ်မိပေမဲ့ ခလေးတွေကျောင်းသွားကြိုရဦးမှာမို့ ညကျမှရေးဖို့စဉ်းစားထားခဲ့တယ်…
တကယ်တမ်းရေးတော့မယ်ဆိုတော့ အိပ်ရာပေါ်မှာအိပ်ကိုမှောက်ချလိုက်တဲ့အခါ ကိုယ့်ဟာကိုယ်တောင်ဘယ်လိုပြန်ရှင်းရမှန်းမသိတော့လို့ခဏလောက်ထိုင်နေမိတယ်…
ဇွန်လကုန်ထဲကခရီးတွေဆက်တိုက်ထွက်ရင်း မရှင်းဖြစ်ခဲ့တဲ့အိတ်ထဲကထွက်ကျလာသမျှရဲ့၅၀ရာခိုင်နှုန်းက ငွေရှင်းပြေစာနဲ့လိပ်စာကဒ်တွေ။
ဗီယက်နမ်၊ရန်ကုန်၊ပြင်သစ်နဲ့အီတလီကစားသောက်ဆိုင်၊ဈေးဝယ်စင်တာတွေကငွေရှင်းပြေစာတွေကျွတ်ကျွတ်အိတ်အလတ်နဲ့တအိတ်စာလောက်ရှိတယ်… ကိုယ့်အိတ်အလတ်စားလေးထဲမဆန့်မပြဲထိုးသိပ်ထည့်ထားလိုက်တာတွေ အိတ်ခလေးကိုအားနာမိပါရဲ့…
လွန်ခဲ့တဲ့ခြောက်လလောက်ကမှကိုယ့်လက်ထဲရောက်လာတဲ့တောင့်တောင့်တင်းတင်းအိတ်လေးက သခင်နှိပ်စက်မှုအောက်မှာ အကူအညီမပါဘဲ မတ်တပ်တောင်မရပ်နိုင်တော့ဘူးရယ်….
၁။ မရှိမဖြစ်ဖုန်း
၂။နေကာမျက်မှန်တလက်( ထည့်ထားပြီးထုတ်မတပ်ဖြစ်တဲ့နေကာမျက်မှန်လေး ကိုင်းတွေတောင်ကျိုးနေမလားမသိ)
၃။Clinique face powder (သူ့ကိုတော့ ခလေးတွေကိုမနက်ကျောင်းသွားပို့လို့ကျောင်းနောက်ကျတဲ့နေ့တွေမှာ မျက်နှာဗြောင်ကိုဖုံးဘို့သုံးတယ်)
၎။Estee Lauder နှုတ်ခမ်းနီအညိုဖျော့(တစ်ခါတစ်လေမှထုတ်ဆိုးဖြစ်တာ)
၅။ပိုက်ဆံအိတ်အမည်းရောင်(သူနဲ့တင်တော်တော်လေးတာ၊ ခရက်ဒစ်ကဒ်တစ်ကဒ်နဲ့ကျန်တာကdiscount card/member cardမျိုးစုံရယ်… မိသားစုဝင်လေးယောက်လုံးရဲ့ပတ်စပို့ဓာတ်ပုံတွေရယ်ဖုန်းကဒ်နဲ့အရေးကြီးတဲ့ဘောင်ချာတွေရယ်… ဗီယက်နမ်မှာငွေကြေးကဖောင်းပွတော့အပြင်ထွက်ရင်ပိုက်ဆံကိုသန်းချီသယ်ရသေးတာ :D )
၆။Eumovate cream(အထိခိုက်လွယ်အသားအရေကိုပိုင်ဆိုင်ထားတဲ့ကိုယ်ရယ်သားလေးရယ်အတွက် အရေးပေါ်သုံးနိုင်ဖို့ အမြဲဆောင်ထားရတယ်)
၇။Cetrizine ဆေးကဒ်(အစားမှား၊ဖုန်ရှုရင် အလာဂျီဖြစ်တတ်တဲ့ ကိုယ်နဲ့သားလေးအတွက် မရှိမဖြစ်)
၈။တစ်ရှုးထုတ်( wetရောdryရောအမြဲဆောင်ထားရတယ်… ခလေးတွေအတွက်wetကအမြဲလိုလို့)
၉။Strepsils (ဖုန်ထူတဲ့နေရာရောက်တိုင်း လည်ပင်းထဲယားကျိကျိဖြစ်ပြီးချောင်းဆိုးတတ်တဲ့ကိုယ်နဲ့သားအတွက်အဖော်မွန်)
၁၀။မှတ်စုစာအုတ်အသေးလေးနဲ့ဘောပင်(ဖုန်းနံပါတ်မှတ်ဖို့၊မှတ်ထားတဲ့ဖုန်းနံပါတ်တွေကြည့်ဖို့နဲ့…အဲဒီစာအုပ်လေးထဲမှာအရေးကြီးတဲ့နေ့တွေအပြင် ခလေးတွေရဲ့အရပ်နဲ့ကိုယ်အလေးချိန် သုံးလတစ်ခါတိုင်းထားတာပါရှိသေးတာ)
၁၁။ရှုဆေးဗူး(ခဏခဏခေါင်းမူးတတ်လို့ ဆောင်ထားတာ၊ တခါတလေကားမောင်းတဲ့သူနံနေရင်လဲ နှာခေါင်းပိတ်ဘို့အထောက်အကူရတယ်)
၁၂။အိမ်သော့(သိပ်မကြီးတဲ့အိမ်သော့လေးပါ၊ကီးချိန်းလေးမှာကိုယ်နေတဲ့နေရာရယ်အိမ်နာမည်လေးရယ်ရေးထားတယ်)
 

တကယ် တော့ဒီစာရင်း၁၂ခုကအိတ်ရှင်းပြီးမှအိတ်ထဲပြန်ထည့်မဲ့ပစ္စည်းတွေပါ...ပုံလေးထဲမှာသပ်သပ်ရပ်ရပ်ရှိသွားတာ မသက်ဝေကိုကျေးဇူးတင်ပါတယ်... မသက်ဝေသာမတဂ်ခဲ့ရင် ခုထိအိတ်ရှင်းဖြစ်မှာမဟုတ်ဘူး... ကိုယ့်အတွက်တော့ဒီပို့စ်လေးကို ခေါင်းစဉ်နောက်တစ်ခုသာထပ်ပေးရမယ်ဆိုရင် ပေးလိုက်ချင်ပါတယ်... 
'အိတ်ရှင်းဖြစ်သောနေ့တစ်နေ့"လို့..........