Monday, June 15, 2015

ရန်ကုန်ကျောင်းဝင်ခွင့်





လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက် မိသားစုနေ့လည်စာထွက်စားကြတဲ့တစ်ရက်မှာ ဘာအဆက်အစပ်မှမရှိ ဆိုင်းမဆင့်ဘုံမဆင့်နဲ့ သမီးလေးက သူ့အဖေကို ဗီယက်နမ်မှာမနေချင်တော့ဘဲ မြန်မာပြည်မှာပြန်နေချင်ကြောင်း ရုတ်တရက်ကြီးတောင်းဆိုလိုက်တယ်... အဖေလုပ်သူက အံ့သြသင့်ပြီး ဘာလို့လဲလို့မေးတော့ မြန်မာပြည်မှာနေရတဲ့ဘဝအတွေ့အကြုံကိုလိုချင်လို့ လို့ပြန်ဖြေတယ်... သူက နောက်ဆိုမိသားစုနဲ့ခွဲပြီး တက္ကသိုလ်ပညာရပ်ကို တနယ်တကျေးမှာသင်ကြားရမှာ... ပညာစုံလို့ လုပ်ငန်းခွင်ဝင်ရတဲ့အခါ ဒီအခွင့်အရေးရနိုင်ပေမဲ့ ကြီးလာလို့အမှတ်တရအကြောင်းလေးတွေပြန်တွေးရင် သူ့ရဲ့အတိတ်မှာ မြန်မာပြည်နဲ့ပတ်သတ်တာတွေ ရှိနေချင်တယ်တဲ့လေ.... အဲဒီအချိန်မှာ ၁၂နှစ်ဘဲရှိသေးတဲ့ ခလေးတစ်ယောက်ရဲ့ လေးနက်တဲ့စကားကို ကျမတို့ဇနီးမောင်နှံနှစ်ယောက် မသိချင်ယောင်ဆောင်နေလို့မရတော့ပါဘူး... ဟိုးအရင်ထဲက တစ်နေ့မှာ မြန်မာပြည်မှာသာပြန်လည်အခြေချနေထိုင်ဘို့စဉ်းစားထားပြီးသားမို့ သိပ်ပြင်ဆင်စရာမလိုပေမဲ့ ဗီယက်နမ်ကလုပ်လက်စလုပ်ငန်းတွေအတွက်တော့ အတော်လေး အချိန်ယူပြင်ဆင်ရပါတယ်... နောက်ဆုံးမှာ ခလေးတွေကိုမြန်မာပြည်ပြန်ထားပြီး အလုပ်ကိစ္စနဲ့ဗီယက်နမ်ကို ၂လ၃လတခါလောက် ပြန်လာကြဘို့ ဆုံးဖြတ်လိုက်ပါတယ်...

ဆုံးဖြတ်ချက်ချပြီးတဲ့အခါ နေဘို့က အဆင်သင့်ရှိပေမဲ့ အဓိက ခေါင်းစားရတာက ခလေးတွေရဲ့ပညာရေးပါ... ဗီယက်နမ်မှာ International School တက်လက်စမို့ ရန်ကုန်က ကျောင်းတွေစုံစမ်းတဲ့အခါထင်သလောက်မလွယ်ပါဘူး... လမ်းတွေသိပ်မပိတ်တဲ့ ... အိမ်နဲ့ကျောင်းသိပ်မဝေးလွန်းတဲ့ကျောင်းတွေရှာရတဲ့အပြင် တက်လက်စကျောင်းနဲ့ ပညာရေးအဆင့်အတန်းသိပ်မကွာတဲ့ကျောင်းကိုရှာရပါတယ်.... တကယ်တော့ ရန်ကုန်ကကျောင်းတွေဟာ လက်ရှိဒီမှာတက်လက်စကျောင်းရဲ့အဆင့်ကိုမှီတာကျောင်းလခတစ်ခုထဲပါ.... တက်လက်စကျောင်းနီးနီးအဆင့်မှီတဲ့ အဆောက်အဦနဲ့ Facilitiesတွေ၇ှိတဲ့ကျောင်းရဲ့ကျောင်းလခက ကျမတို့ရေရှည်မတတ်နိုင်တဲ့နှူန်းထားတွေမို့ ထည့်တောင်မစဉ်းစားရဲ... နောက်ဆုံးတော့ ပညာရေးအဆင့်မှီပြီး အပြင်ပန်းလက္ခဏာလဲ တစ်ခြားကျောင်းတွေလောက်သိပ်မဆိုးလှတဲ့ ကျောင်းလေးတစ်ကျောင်းကို တမိသားစုလုံး သဘောတူရွေးချယ်ခဲ့ပါတယ်...

ကိုယ့်ဘက်ကရွေးချယ်တိုင်းလဲ သူတို့ကတန်းလက်မခံပါဘူး... လျှောက်လွှာအရင်တင်ထားရသေးတာ.... အဲဒီလျှောက်လွှာတွေထဲကမှ သူတို့ကရွေးပြီး ဝင်ခွင့်စာမေးပွဲလာဖြေခိုင်း.... အဲဒီကမှ အရည်အချင်းအရှိဆုံးခလေးတွေကို စိစစ်ရွေးချယ်ပြီးမှ သူတို့ကျောင်းကိုတက်ခွင့်ရမှာပါ....

ပထမဆုံးဝင်ခွင့်ဖြေဘို့ အီးမေးလ်ပို့တဲ့အခါ သားလေးကိုဘဲခေါ်တာမို့ ကမန်းကတန်းလေယာဉ်လက်မှတ်ဝယ်ပြီး ရန်ကုန်ပြန်ပြေးရပါတယ်... သမီးလေးကိုပါတခါတည်းခေါ်သွားလိုက်တယ်... ဝင်ခွင့်ဖြေဘို့ခေါ်တဲ့အခါအဆင်သင့်ဖြစ်နေအောင်ပါ... သားလေးဝင်ခွင့်ဖြေတာ တစ်နာရီခွဲလောက်ကြာပါတယ်...နှူတ်ဖြေ ရေးဖြေ သေသေချာချာကို စာမေးပွဲဖြေသလိုစစ်တာပါ...နောက်တစ်ပတ်မှာတော့ သားလေးဝင်ခွင့်အောင်တဲ့အကြောင်း.. ကျောင်းအပ်လို့ရပြီဖြစ်ကြောင်း အကြောင်းကြားပါတယ်... ဒါပေမဲ့ သမီးလေးပါအတူတက်ခွင့်ရမှကျောင်းအပ်မှာဖြစ်တဲ့အကြောင်းပြောထားပြီးသားမို့ ကျောင်းတန်းမအပ်ဘဲစောင့်နေခဲ့ပါတယ်... ဗီယက်နမ်ပြန်ဖို့ရက်နီးလာတဲ့အထိကျောင်းက သမီးလေးဝင်ခွင့်စာမေးပွဲအတွက် မဆက်သွယ်တာမို့ ကျမကဘဲ သမီးလေးကို ဝင်ခွင့်စာမေးပွဲကြိုစစ်ပေးထားဘို့ တောင်းဆိုရပါတယ်... သူတို့ကျောင်းရဲ့ထုံးစံအရ လျှောက်လွှာစောတင်ထားသူတွေ အရင်နှစ်တွေထဲက waiting listနဲ့စောင့်နေသူတွေကို အရင်ခေါ်ဖို့စီစဉ်ထားတာ... ဒါပေမဲ့ ခလေးကသိပ်တော်နေရင်တော့ ဒီအချက်တွေမကြည့်ဘဲ ကျောင်းဝင်ခွင့်ပြုမှာဖြစ်တယ်လို့ ပြောတာကြောင့် သမီးလေးကိုယုံကြည်ပြီး ဝင်ခွင့်ကြိုဖြေခွင့်ပြုဖို့... နောက်မှ တခြားဖြေတဲ့သူတွေနဲ့ ယှဉ်ရွေးဖို့ တောင်းဆိုလိုက်တာပါ...

ဝင်ခွင့်ကြိုဖြေခွငိ့ပြုလိုက်တာက ကျမတို့်အတွက်ကောင်းသွားတာပါ... မပြန်ခင်တစ်ရကိအလိုမှာသမီးလေး ဝင်ခွင့်သွားဖြေရပါတယ်... အထက်တန်းတက်မှာမို့ သားလေးဖြေတုန်းကထကိ ပိုကြာပါတယ်..၃နာရီလောက် စာဖြေခန်းအပြင်မှာ စောင့်နေခဲ့ရတယ်... သမီးလေးစာဖြေခန်းကထွက်လာတော့ စာစစ်တဲ့ထဲက ဆရာမတစ်ယောက်နဲ့စကားပြောရင်း ကျောင်းရဲ့ရုံးခန်းက သမီးလေးတက်ခွင့်ရဘို့ဖိုမသေချာကြောင်း အရှေ့မှာ နှစ်နဲ့ချီပြီးစောင့်နေတဲ့ ကျောင်းသားတွေကိုဦးစားပေးရမှာဖြစ်တဲ့အကြောင်းပြောထားတာတွေ ပြန်ပြောပြလိုက်ပါတယ်... အဲဒီဆရာမလေးက စိတ်မပူဘို့နဲ့ ဝင်ခွင့်အဖြေလွှာရဲ့ရလာဒ်ကိုဘဲ ကြည့်ပြီးရွေးချယ်မှာဖြစ်တဲ့အကြောင်းပြောပြီး သမီးလေးရဲ့အဖြေလွှာကို သူဘဲယူထားမယ်လို့ပြောတော့ အနည်းငယ်စိတ်အေးရပါတယ်...သူ့ရဲ့ အီးမေးလ်လိပ်စာလဲပေးလိုက်ပါတယ်....

ဒါပေမဲ့တပတ်ကြာတဲ့အထိမဆက်သွယ်တော့ စိတ်ပူမိပြီး အဲဒီကျောင်းနဲ့ပတ်သက်နေတဲ့သူတစ်ယောက်နဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ကိုပြောပြမိတော့ သူက မေးကြည့်ပေးပါတယ်... အဖြေကတော့ စောင့်နေဘို့ပ်ါဘဲ... မေးကြည့်ပေးတဲ့သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်... ဘာမှမသိရတာထက်စာရင် သတင်းလေးမေးလို့ရတာက စိတ်သက်သာရာရစေပါတယ်...
နောက်တပတ်အထိမဆက်သွယ်တာမို့ ဝင်ခွင့်ဖြေပြီး နှစ်ပတ်မြောက်တဲ့နေ့မှာ ကျမဘယ်လိုမှငြိမ်ငြိမ်လေးထိုင်မစောင့်နိုင်တော့ဘဲ ကျမနဲ့စကားပြောထားတဲ့ စာစစ်တဲ့ဆရာမဆီကို အီးမေးလ်လှမ်းပို့လိုက်ပါတယ်...အဲဒီဆရာမက နောက်တနာရီမှာစာပြန်ပါတယ်... သူတို့မှာ ဝင်ခွင့်လျှောက်တဲ့သူအရမ်းများလို့ အချိန်ယူစိစစ်နေရကြောင်း... သို့ပေမဲ့ သမီးလေးက ဖြေထားတဲ့သူတွေထဲက အတော်ဆုံးစာရင်းထဲမှာပါနေကြောင်း... ခဏထပ်စောင့်ပေးဘို့နဲ့ သူပြန်ဆက်သွယ်မဲ့အကြောင်းဖြစ်ပါတယ်... သမီးလေးကတော့ အေးအေးဆေးဆေးပါဘဲ... ကျမကသာစိတ်တွေပူနေတာ... အဲဒီကျောင်းသာဝင်ခွင့်မရရင် တခြားကျောင်းတစ်ကျောင်းထပ်ရှာဘို့အချိန်မရှိတော့သလို ကြုံရာကျောင်းမှာလဲမထားချင်တာမို့ ဗီယက်နမ်မှာဘဲ ဆက်ထားလိုက်တော့မယ်လို့ကို ကြိုတင်စဉ်းစားထားလိုက်တော့တာ... သမီးလေးကျောင်းကနေ တခြားကျောင်းပြောင်းဘို့ ဝင်ခွင့်ဖြေထားတဲ့ခလေးတစ်ချို့ ဝင်ခွင့်အောင်တဲ့သတင်းရလို့ အတန်းထဲမှာ ထခုန်တယ်လို့ သမီးလေးပြန်ပြောပြတော့ သမီးလေးများစိုးရိမ်နေမလားလို့ ကျမကခဏစောင့်ဖို့ဖြောင်းဖျတော့ သူက ရပါတယ်လို့ဘဲပြန်ပြောတယ်....

ပြန်စာရပြီး နှစ်ပတ်အကြာ မိသားစုတွေအတူထိုင်စကားပြောနေတုန်း ဖုန်းသံမြည်လို့်ဖွင့်ကြည့်တဲ့အခါ ကျောင်းကအီးမေးလ်ဖြစ်နေတယ်... ဒါဟာ ဝင်ခွင့်ရလာဒ်ဆိုတာ တန်းသိလိုက်ပါတယ်... စာဖတ်အပြီးမှာ သမီးဝင်ခွင့်ရပြီ ကျောင်းအပ်လို့ရပြီလို့ ပြောလိုက်တော့ အိုကေ လို့ဘဲတခွန်းပြန်ပြောတယ်... ဒါနဲ့ကျမက သမီးသူငယ်ချင်းလိုလဲထမခုန်ပါလားဆိုတော့ သူကသိပြီးသားဆိုဘဲ... ပြီးတော့ ပြောလိုက်သေးတယ်...

"သမီးလိုလူကိုသူတို့လက်မခံဘူးဆိုရင်သူတို့အတွက်ဆုံးရှူံးမှူကြီးဖြစ်သွားမှာပေါ့" တဲ့ :D :D :D󾌰󾌰󾌰

Monday, May 18, 2015

၁၁၊၀၅၊၂၀၁၅

ရင်ထဲမှာစိုးရိမ်ခြင်း စိတ်မကောင်းခြင်းများစွာဖြင့် နေမထိထိုင်မသာ... ခလေးတွေကိုကျောင်းပို့်ပြီး အိမ်ပြန်ရောက်ကထဲက သူ့နဲ့ကိုယ်အပြန်အလှန်မက်ဆေ့တွေပို့နေကြသည်... တစ်ယောက်နဲ့တစ်ယောက်လိုအပ်လို့ နှစ်ဦးသဘောတူ အိမ်ထောင်တစ်ခုတည်ထောင်ခဲ့ကြတာမို့ ခုလိုအချိန်မျိုးမှာ သူကိုယ့်ကိုပိုလို့နေအပ်နေမှာအသေအချာ...

သူအရေးပေါ်ခွဲစိတ်ရမည်ဆိုမှ ကိုယ့်ပတ်စပို့သက်တမ်းက ဗီဇာလျှောက်ဘို့ အဆင်မပြေတာမို့ သက်တမ်းတိုးပြီးမှဗီဇာလျှောက်ဘို့ ပြင်ရသည်... သက်တမ်းတိုးအပြီးမှာ ခလေးတွေကျောင်းက စာမေးပွဲတွေရှိနေတာမို့ ဆွေမရှိမျိုးမရှိ တနယ်တကျေးမှာနေထိုင်နေသူများအတွက် ခလေးတွေကိုထားခဲ့လို့လည်းမဖြစ်နိုင်တာကြောင့်
ကိုယ်လိုက်သွားလို့မဖြစ်နိုင်တော့... အရေးပေါ်ခွဲစိတ်စရာမလိုဘဲ အချိန်တခုများစောင့်လို့ရပါခဲ့လျှင် အဆင်ပြေအောင်စီစဉ်လို့ရနိုင်ပေမဲ့ ဆရာဝန်က အချိန်တွေအများကြီးမစောင့်စေချင်ခဲ့... ဟိုးအရင်ထဲကခွဲစိတ်ကုသသင့်တာကို အလုပ်တွေဦးစားပေးပြီးရက်ရွှေ့ခဲ့တာများပြီမို့ ဒီတခါရွှေ့မရတော့....


ခုတော့စိတ်မကောင်းဖြစ်ရုံ.. စိတ်ပူနေရုံထက် ဘာမှမတတ်နိုင်တာမို့ ဝမ်းနည်းစွာငိုကြွေးမိသည်... သူကတော့ စိတ်မပူဘို့ ပြောရင်း သူဆေးရုံတက်ဘို့ စာရင်းသွင်းချိန်... ဆေးရုံမှာသူနေရမဲ့အခန်းနံပါတ် .. တခုပြီးတခု ကိုယ့်ဆီ သတင်းပို့နေခဲ့သည်... အစစအရာရာ အဆင်ပြေကြောင်း သူက ကိုယ့်ကိုပြန်အားပေးနေခဲ့သည်...
သူခွဲခန်းထဲဝင်တော့မည်... သတိရတာနဲ့ မက်ဆေ့ပို့မည်ဆိုသောအခါ ရင်ထဲမှာ အတိုင်းအဆမဲ့ စိုးရိမ်စိတ်တွေက ပိုလို့ကြီးစိုးလာခဲ့သည်... ခလေးများနှင့်အတူ သူ့အတွက်ဆုတောင်းနေရင်း စားလို့်လဲမရ... အိပ်လို့လဲမပျော်... ခွဲစိတ်ခြင်းအောင်မြင်ဘို့... တစုံတရာချွတ်ချော်ခြင်းမဖြစ်ဘို့ တချိန်လုံးဆုတောင်းနေခဲ့ရသည်...

 နောက်ဆုံးမက်ဆေ့ရပြီး ၆နာရီကျော်အကြာမှာ သူ့ဆီက မက်ဆေ့ဝင်လာခဲ့သည်... ပိုက်တွေတန်းလန်းမို့ စာရိုက်ရအဆင်မပြေကြောင်း... သူနေကောင်းကြောင်း စာတိုလေးတွေရေးအပြီးမှာ သူ့လုပ်ငန်းတခုရဲ့ အကောင့်ကိုစစ်ပေးဘို့ ပြောလာသည့်အခါ ကျမစိုးရိမ်စိတ်တွေ တဝက်လောက်လျော့ကျသွားတော့သည်... သူနေကောင်းတာသေချာပြီ... ကျမစိတ်မပူအောင်ပြောနေခြင်းမဟုတ်ကြောင်း ကျမယုံကြည်လိုက်ရပြီ... သူသည် စီးပွါးရေးသမားစစ်စစ်ဖြစ်သည်... သူ့အလုပ်ကိစ္စတွေက သူ့ခေါင်းထဲအမြဲရှိနေတာမို့ သူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်လည်ပတ်လျှက်ရှိကြောင်း ကျမသိလိုက်ရပြီ...
စိုးရိမ်စိတ်တွေလျော့ပါးသွားပေမဲ့ ကျမဆုံးဖြတ်ချက်ချလိုက်ပါသည်... နောက်တခါ ဒီလိုအရေးပေါ်ကိစ္စမျိုး ထပ်မံကြုံတွေ့ခဲ့ရပါလျှင် သူ့နောက်မရရအောင်လိုက်သွားပါမည်ဟု။

Sunday, March 8, 2015

ကိုယ့်အတွက်၂၀၁၅ရဲ့နှစ်ဦး

၂၀၁၅ ရဲ့နှစ်ဦးကို အရောင်နဲ့တင်စားရမယ်ဆိုရင် ကိုယ့်အတွက်တော့ အနက်ရောင်စစ်စစ်သာဖြစ်နေခဲ့...
 ဖြူလွလွအရောင်လေးကို လှမ်းအကိုင်မှာ ကိုယ့်လက်နဲ့ထိချိန်မှ အနက်ရောင်ရုတ်တရက်ပြောင်းသွားခဲ့... အညိုရောင်မြေလမ်းလေးက ကိုယ်ခြေအချမှာ အနက်ရောင်ဖုံးကာ မှောင်မိုက်သွားခဲ့ပြန်...
 နှစ်သစ်ရဲ့အဝါရောင်ပန်းပွင့်လှလှလေးတွေကို ခြေဖျားထောက်လှမ်းဆွတ်ယူပြီးမှ ကိုယ့်လက်ထဲရောက်တဲ့အခါ အနက်ရောင်ပန်းတွေဖြစ်သွားခဲ့...
 ဘာကိုမှမထိမကိုင်ရဲ ဘယ်ကိုမှမသွားရဲတော့အောင် ပြောင်းလဲသွားမဲ့အနက်ရောင်တွေကိုကြောက်လန့်နေရင်း ၂၀၁၅က ကိုယ့်ကိုတုတ်နှောင်သွားခဲ့ပြီ...

၂၀၁၅ရဲ့နှစ်ဦးကို ခံစားမှူနဲ့နှိုင်းယှဉ်ပြရမယ်ဆိုရင် ကိုယ့်အတွက်တော့နာကျင်မှူတွေဘဲ... ဦးစပ်မှခြေဖျားထိ... ဆံပင်အဖျားမှ ခြေသည်းအဆုံးထိ နေရာမလပ်နာကျင်နေလေရဲ့... နာကျင်မှူတွေကိုကြိတ်မှိတ်မြိုချရင်း ဘေးပတ်ဝန်းကျင်ကိုလှမ်းကြည့်မိတဲ့အခါ ကိုယ့်အကြည့်ခံရတဲ့ ပျော်ရွှင်စွာဆော့ကစားနေတဲ့ ခလေးငယ်လေးက ရုတ်တရက်နာကျင်စွာအော်ဟစ်ငိုကြွေးလေတယ်...

 ကိုယ့်မျက်နှာအလွှဲမှာ ခလေးငယ်ကိုချော့မြှူဖို့အပြေးရောက်လာတဲ့ ခလေးမိခင်နဲ့မျက်နှာချင်းဆိုင်မိ...
သူမရုတ်တရက် ကြမ်းပြင်ပေါ်လဲကျ နာကျင်စွာလူးလှိမ့်... ဘယ်သူ့ကိုမှမကြည့်ရဲတော့... ကိုယ့်ရဲ့နာကျင်မှူတွေ တခြားသူဆီမကူးစက်စေဘို့ ၂၀၁၅က ကိုယ့်ကို အိပ်ခန်းကျဉ်းထဲမှာ အကျယ်ချုပ်ထားခဲ့ပြီ....

၂၀၁၅ရဲ့နှစ်ဦးကိုအရသာတစ်မျိုးနဲ့ဥပမာပြရပါလျှင် ကိုယ့်အတွက်တော့ခါးသီးခြင်းပါဘဲ...

 မြည်းစမ်းကြည့်သမျှအရာရာခါးလွန်းနေတော့တာ....
 ခံတွင်းထဲဝင်လာသမျှ ခါ်းလို့သာနေခဲ့... 
မိတ်ဆွေတွေနဲ့စားဝိုင်းဖွဲ့လေတိုင်း ဒါလေးကောင်းလိုက်တာ ဆိုသမျှ ကိုယ့်အတွက်တော့ခါးလွန်းနေတာ... ဘာကိုမျှစားချင်စိတ်မဖြစ်အောင်ထိန်းသိမ်းရင်း ၂၀၁၅ဟာ ကိုယ့်ကိုဆာလောင်ငတ်မွတ်စေခဲ့ပြီ...

၂၀၁၅ရဲ့နှစ်ဦးမှာ ကြားရသမျှဟာ ပေါက်ကွဲသံတွေသာဖြစ်နေခဲ့...

 သေနတ်ပစ်သံ...ဗုံးပေါက်သံတွေက အိပ်မရအောင်နှိပ်စက်နေခဲ့...
 ကျေးလက်ရိုးရာတေးလေးတွေနားထောင်ဘို့ ကတ်ဆက်ခလုပ်ကိုနှိပ်လိုက်တဲ့အခါ ရုတ်တရက်ကြားလိုက်ရတဲ့ပေါက်ကွဲသံတွေကြောင့် အရုပ်ကြိုးပြတ်လဲကျ...
 ဘုရားကျောင်းထဲက ဓမ္မတေးသံကြားချင်စိတ်နဲ့ ယောင်လည်လည်ရောက်သွားတဲ့အခါ နားထဲမှာ ပေါက်ကွဲပြိုလဲသံတွေသာဖုံးလွှမ်းသွားခဲ့...
 ဘာသံမှမကြားရဲတော့အောင် ၂၀၁၅ဟာ ကိုယ့်အကြားအာရုံတွေကို ဖျက်စီးထားခဲ့...

၂၀၁၅ရဲ့နှစ်ဦးဟာ ပုတ်အတ်အတ်အနံ့တွေနဲ့ဆီးကြိုနေခဲ့လေရဲ့...

 စွဲစွဲမြဲမြဲသုံးလာတဲ့ အီစီမီယာကီ ရေမွှေးပုလင်းက အပုတ်နံ့တွေထွက်လာတဲ့အခါ လန့်ဖြန့် ပြီးပေါက်ခွဲမိခဲ့...
 ကော်ဖီနံ့မွှေးမွှေးလေးဟာ ပုတ်အတ်တဲ့အနံ့တွေပြောင်းလဲသွားခဲ့...
 စားသောက်ဆိုင်တွေနားကအဖြတ် ရနေကျရနံ့မွှေးမွှေးတွေအစား အပုတ်နံ့တွေသာ ရှူရှိုက်ခဲ့ရ.... ၂၀၁၅ရဲ့နှစ်ဦးဟာ မွှေးရနံ့တွေကိုပုတ်ပျက်သွားစေခဲ့တယ်...

၂၀၁၅ရဲ့ကျန်တဲ့အချိန်တွေကို ဘယ်လိုခွန်အားတွေနဲ့ဆက်လှမ်းရပါ့မလဲ...


Rose of Sharon

Friday, February 6, 2015

သမီးလေးမွေးနေ့

(ဖေ့ဘွတ်မှာဘဲဖုန်းနဲ့ရေးတင်ဖြစ်ပြီးဘလော့မှာမတင်ရသေးလို့ပါ... ဘလော့လေးခြောက်ကပ်နေလို့ တင်လိုက်ခြင်းပါ)







ဒီနှစ်သမီးလေးရဲ့မွေးနေ့ကတနင်္ဂနွေနေ့ကျတာမို့ သူ့ကျောင်းကသူငယ်ချင်းတွေနှင့်သောကြာနေ့ထဲက သူ့မွေးနေ့လေးကျင်းပပြီးခဲ့ပြီဖြစ်သည်... ကျောင်းကနေ့တဝက်လွှတ်တာမို့ ကျောင်းကအပြန်သူငယ်ချင်းများနှင့်မွေးနေ့အမှတ်တရပွဲလေးကျင်းပဖို့ သူ့ဟာသူစီစဉ်ခဲ့ခြင်းဖြစ်သည်...
ကျောင်းအပြန်မှာ သမီးနှင့်အတူ သူ့သူငယ်ချင်းမလေးများကို ကားဖြင့်ကြိုလျှက် အိမ်နားက ဈေးဝယ်စင်တာသို့ ပို့ပေးပြီး ကျမကအောက်ထပ်မှာ ကော်ဖီသောက်ရင်းထိုင်စောင့်နေခဲ့သည်...
ကော်ဖီသောက်ရင်း သမီးလေးရှစ်နှစ်အရွယ်ကအကြောင်းကိုသတိရပြီးပြုံးမိသွားသည်...
သူရှစ်နှစ်အရွယ် သောကြာနေ့တရက် ကျောင်းကပြန်အလာမှာ သူ့သူငယ်ချင်းနှင့်စနေနေ့ချိန်းထား၍ လိုက်ပို့ပေးဖို့ပြောလာသည်...
သေချာရဲ့လားသမီးရယ်ဆိုတော့ ခပ်တည်တည်နှင့် သေချာတယ် မနက်ကိုးနာရီတိတိ စီဒိုးနားဟိုတယ်ကရေကူးကန်မှာဆုံဖို့ချိန်းခဲ့တာလို့ပြန်ဖြေသည်...
ကျမတို့ဇနီးမောင်နှံနှစ်ယောက်မှာ ဟုတ်မှဟုတ်ရဲ့လားလို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း သမီးလေးအလစ်မှာ ဘယ်လိုလုပ်ရမလဲတိုင်ပင်ကြရသည်... နောက်တော့ ဘာဘဲဖြစ်ဖြစ်လိုက်ပို့ပေးလိုက်ပြီး တကယ်ဟုတ်မဟုတ်စောင့်ကြည့်ရန်..တကယ်မဟုတ်ပါကလည်း ရောက်လက်စနှင့် ရေဆင်းကူးခိုင်းလိုက်မည်ဆုံးဖြတ်လိုက်ကြသည်...
နောက်နေ့ချိန်းထားသည့်အချိန်မှာ သူ့သူငယ်ချင်းမလေးက တကယ်ကိုရောက်လာခဲ့ပါသည်.. သူ့မိဘများကလည်း မယုံရဲရဲနှင့်လိုက်ပို့ရခြင်းဖြစ်ကြောင်း ရီမောပြောဆိုကြရင်း မိဘချင်းပါမိတ်ဆွေများဖြစ်သွားခဲ့သည်... နောက်ပိုင်းမှာတော့ သမီးလေးကို သူငယ်ချင်းများနှင့်တွေ့ဘို့ချိန်းလျှင် မိဘထံမှာအရင်ခွင့်တောင်းရမည်ဖြစ်ကြောင်း နားလည်အောင်ရှင်းပြသွန်သင်ခဲ့ရသည်..
အစောကြီးစကားပြောတဲ့အပြင် ပြောတဲ့စကားတွေက ပီသနေတဲ့အခါ ကျမအံ့သြရင်း သမီးလေးသည် ဘာသာစကားတွင်ထူးချွန်သူဖြစ်လေမလားဟု မှန်းဆကြည့်ခဲ့ဖူးသည်...
သူ၂နှစ်သမီးအရွယ်မှာ အိမ်အကူကောင်မလေးက မီးမီးရေ ..အပြင်သွားဖို့နပ်နပ်လာစီးဟုပြောသည့်အခါ အဲဒါနပ်နပ်မဟုတ်ဘူး..ဖိနပ်လို့ခေါ်တယ်..မှတ်ထားနော်ဟုပြောသောအခါ် လူကြီးတွေက သဘောကျရီမောခဲ့ရဖူးသည်...
အရောင်တွေမှာ အဖြူ..အနီ..အစိမ်း..အပြာ ဆိုပြီး အရှေ့က'အ'ထည့်ခေါ်တာမို့ ပန်းရောင်ကိုလည်း အပန်းရောင်လို့ခေါ်ရမည်ဟုဆိုလျှက် သူ့ဟာသူပြင်ခေါ်ခဲ့ဖူးသည်...
မြန်မာတွေဟာ heart shapeကို အသည်းပုံလို့ခေါ်တာမှားတယ်... အသည်းဆိုတာ liver ဟုပြောသောအခါ ဟုတ်သားဘဲလို့သဘောတူခဲ့ရသည်.. ရန်ကုန်ခဏပြန်ချိန်တွေမှာ နိုင်ငံခြားမှာနေပေမဲ့ မြန်မာလိုကျွမ်းကျင်စွာပြောဆိုနိုင်သောသမီးလေးကို အိမ်နီးချင်းအချို့က မြန်မာစာပေါမောက္ခဟု ချစ်စနိုးခေါ်ခဲ့ကြသည်...
အခုအသက်၁၃နှစ်ပြည့်ချိန်မှာ သမီးလေးက မြန်မာ..အင်္ဂလိပ်နှင့်ပြင်သစ်ဘာသာစကားကိုကျွမ်းကျင်စွာပြောဆိုနိုင်သလို အီတလီစကားလည်းအတော်လေးပြောဆိုနေနိုငိပြီဖြစ်သည်... လွန်ခဲ့တဲ့တလကရသည့်ကျောင်းရီပို့ကတ်မှာလည်း ဘာသာစုံ excellentရသည့်အတွက်ဂုဏ်ယူခဲ့ရသည်...
ထူးချွန်ထက်မြက်သည့်သမီးလေး ဆယ်ကျော်သက်အရွယ်သို့ရောက်လာပြီမို့ စိုးရိမ်စိတ်ကလည်းနေ့စဉ်နှင့်အမျှစိုးမိုးလျှက်ရှိသည်... သမီးလေးအပေါ်င်းအသင်းမှားမှာ... အားမကျသင့်တာတွေကိုအားကျမှာ ကျမစိုးရိမ်လှပါသည်...
သမီးလေးရဲ့ဆယ်ကျော်သက်ဘဝကို မိဘဆွေမျိုးအသိုင်းအဝိုင်းရဲ့ နွေးထွေးတဲ့အကြင်နာမေတ္တာရိပ်မှာ ဖြတ်သန်းနိုင်ဖို့ ကျမတောင်းဆုပြုခဲ့ဖူးပါသည်... ထိုဆုတောင်းလေး မကြာခင်ပြည့်ဝတော့မည်မို့ ဝမ်းသာကြည်နူးရပါသည်...
သမီးလေးသည်ဘုရားပေးသောဆုဖြစ်သည်
သမီးလေးသည်ကျမရဲ့ကမ္ဘာဖြစ်သည်
သမီးလေးသည်ကျမဘဝရှင်သန်းခြင်းအကြောင်းရင်းဖြစ်သည်
ကျမဘဝထဲသို့ဝင်ရောက်လာခဲ့သောသမီးလေးအားကျမသမီးလေးဖြစ်လာခြင်းအတွက်ကျေးဇူးအထူးတင်ပါသည်
သမီးလေးလျှောက်လှမ်းရမဲ့ရှေ့အသက်တာခရီးမှာ ထာဝရဘုရားထံမှ ကောင်းကြီးမင်္ဂလာများ ကြွယ်ဝစွာ အစဉ်သဖြင့်ရရှိနိုင်စေရန်ဆုတောင်းရင်း
ဆယ်ကျော်သက်သမီးတစ်ယောက်၏မိခင်ဘဝကိုယနေ့(၂၁.၁၂.၂၀၁၄)မှစ၍အစပြုပါတော့မည်...
Rose Of Sharon