Tuesday, March 30, 2010

အနီရောင်စာအုပ်လေး


တင်းထားတဲ့မာနတွေ

အရည်(ရေ)မပျော်

တောင့်ထားတဲ့စိတ်ဓာတ်တွေ

ယိုင်နဲ့မသွားစေဘို့

ကြိုးစားထိန်းမတ်

ခက်ခဲစွာခရီးဆက်နေပေမဲ့

မငဲ့ကွက်မစာနာ

ဝေဒနာတွေပေးရက်တယ်....

တကယ်စိတ်ပျက်လွန်းနေပေမဲ့

ခေါင်းမာစွာနဲ့

နာကျင်မှုတွေကိုမျိုချရင်း

စိတ်အကြိမ်ကြိမ်တင်းလျှက်

လက်ထဲမှာ(ခုထက်ထိ)

မြဲမြံစွာဆုပ်ကိုင်ထားမိတာ

(ဟောဒီက)အနီရောင်စာအုပ်လေး။
Rose of Sharon

Friday, March 19, 2010

အတွေးများ

ခုတလောတွေးဖြစ်နေတာတွေကအများကြီး.... များလွန်းလို့အသစ်မတင်ဖြစ်တာတောင်ကြာပေါ့... သတိတရနဲ့တဂ်လာတဲ့ ချစ်ကြည်အေးကိုတောင် ကျေးဇူးတွေတင်မိပါတယ်... နို့မို့ဆိုဒီလထဲဘာမှရေးဖြစ်မှာမဟုတ်တာအသေအချာ....
၂၀၁၀ ဝင်ကတည်းကတွေးနေမိတာက အသက်တစ်နှစ်ကြီးလာပြီဆိုတာပါ... အသက်နဲ့လုပ်ရပ်တွေကိုက်ညီရဲ့လားလို့ ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ရင်း အရာရာကိုနားလည်ပေးတတ်ဘို့ သူများတွေကိုအပြစ်မမြင်တတ်ဘို့ ဒီနှစ်ထဲမှာ ကြိုးစားမယ်လို့ စဉ်းစားရင်းကနေ နားလည်ရခက်တဲ့ကိစ္စတွေ ကြုံလာရတဲ့အခါ သက်ပြင်းတွေအထပ်ထပ်ချရင်း ငြိမ်နေလိုက်တော့ အိုကေသွားတာပါဘဲ...
နောက်ထပ်တွေးနေမိတာက ဒီနှစ်ထဲမှာ လုပ်စရာအလုပ်တွေ သိပ်များနေတဲ့အကြောင်းပေါ့.... အိမ်အဟောင်းရောင်းပြီး ကွန်ဒိုတစ်ခန်းပြန်ဝယ်ပြီးတဲ့အခါ အဲဒီမှာလုပ်စရာတွေကအများသား... ရန်ကုန်ကိုဇူလိုင်လောက်မှဘဲ ပြန်နိုင်မှာမို့ ဒီကနေ အစ်မကိုအကူအညီတောင်းပြီး လုပ်ခိုင်းရတဲ့ကိစ္စတွေက ထင်သလောက်ခရီးမပေါက်... ပတ်စပို့သက်တမ်းတိုးဘို့... ဗီဇာကိစ္စ... ခလေးတွေကာကွယ်ဆေးထိုးဘို့... သားလေးရဲ့မွေးနေ့ပွဲအတွက်စီစဉ်.... ဒီကြားထဲ သင်တန်းတစ်ခုပြေးတက်လိုက်သေးတာ တစ်ပတ်ကိုသုံးရက်... အချိန်တွေမလောက်ရတဲ့ကြားက ဒီသင်တန်းကိုဘာကြောင့်များတက်မိလိုက်တာလဲလို့ ကိုယ့်ကိုကိုယ်မေးခွန်းပြန်ထုတ်မိတယ်...
စိတ်သွားတိုင်းကိုယ်သိပ်မပါနိုင်တော့တာ ဇရာကြောင့်လားလို့တွေးမိတယ်... ခလေးတွေနဲ့ကိုယ်နဲ့ အသက်သိပ်ကွာနေသလားလို့တွေးမိရင်း ရင်တွေမောနေတယ်... သမီးလေးကအခုရှစ်နှစ်ပြည့်ပြီးပြီ... သမီးလေးတက္ကသိုလ်တက်မဲ့အရွယ် အသက်၁၈နှစ်မှာ ကိုယ်က ၄၅နှစ်ကျော်၄၆နှစ်ထဲရောက်နေလောက်ပြီ... သားလေး ၁၈နှစ်မှာ ကိုယ်ကအသက်၅၀.... ကိုယ်တို့လင်မယားနှစ်ယောက်သူတို့ကျောင်းစရိတ်အတွက် ရုန်းကန်နေရဦးမှာ ကိုယ့်အသက်၅၅နှစ်လောက်အထိ၊ ကိုယ့်ထက်လေးနှစ်ကြီးတဲ့ခင်ပွန်းက အသက်၅၉နှစ်အထိ ရှာသမျှက ခလေးတွေကျောင်းစရိတ်... နောက်တစ်ယောက်ယူဘို့ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အတွေးတွေနဲ့ ဒီခလေးနှစ်ယောက်ကိုဘဲ အရိပ်ကြည့်ချစ်နေရင်း ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်တွေ ရှိသမျှပိုင်ဆိုင်မှုတွေ အားလုံး သူတို့အတွက်ပုံအောရင်း ...ရေဆုန်ရေဆန်အကြောင်းတွေးမိလေရဲ့... ဘာမှပြန်ရဘို့မမျှော်လင့်ဘဲ အကောင်းဆုံးတွေဘဲ ပေးလိုက်ချင်တာပါ.....
နောက်ထပ်တွေးမိနေတာက မြန်မာနိုင်ငံကြီးတိုးတက်လာမှာလားလို့ပါ... ကြီးကျယ်သလိုဖြစ်သွားသလား... ကိုယ့်နိုင်ငံသာတိုးတက်တဲ့နိုင်ငံတစ်ခုဆိုရင် ကိုယ့်သားသမီးတွေ ဆွေမျိုးသားချင်းတွေအများကြီးကြားမှာ ပျော်ပျော်ကြီးနေရမှာ... ခုတော့ ဆွေမရှိ မျိုးမရှိ သူများနိုင်ငံမှာ ကြိတ်မှိတ်ပြီးနေနေရတာ လုံးဝဘဝင်မကျပါဘူး... နိုင်ငံရေးသာအကောင်းဘက်ကိုပြောင်းလဲလာခဲ့ရင် တော်ရုံတန်ရုံအရင်းအနှီးလေးနဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုလုပ်ရင်း ကိုယ့်နိုင်ငံမှာဘဲ အခြေချနေထိုင်ချင်တယ်... မျှော်လင့်ချက်ရေးရေးလေးထားမိပါတယ်....
တကယ်တော့တွေးမိသမျှရေးချရရင်ရေးမကုန်နိုင်ပါဘူး... ဒီလောက်ဘဲရေးလိုက်တော့မယ်ချစ်ကြည်အေးရေ... ကျေနပ်တယ်ဟုတ်....