Sunday, July 24, 2011

နှုတ်ဆက်

ဒီနေ့ ရန်ကုန်ပြန်ရတော့မယ်... လွဲချော်မှုတွေက လွတ်မြောက်ပြီး ကိုယ်မျှော်လင့်စောင့်စားခဲ့တဲ့ အချိန်ကို ရောက်လာပါပြီ... အိမ်မှာစောင့်ကြိုနေမဲ့ အမေ... လေဆိပ်လာကြိုမဲ့ မောင်နှမတွေနဲ့ တူ၊တူမတွေ နဲ့ တွေ့ရတော့မယ်... ခလေးတွေလဲအရမ်းပျော်... ကိုယ်လဲစိတ်တွေလှုပ်ရှားနေတယ်... မနက်ဖြန်မှာသူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ရှိတယ်... ပြီးတော့ သူငယ်ချင်းမိသားစုတွေနဲ့ စိမ်းလဲ့တင်ဆိုတဲ့နေရာကို နှစ်ညအိပ်သွားလည်မယ်... ခလေးတွေကို ကစားကွင်းတွေပို့မယ်... အမျိုးတွေအိမ် လျှောက်လည်မယ်... သူတို့ကျွေးတာစားမယ်... ဘလော့ဂါသူငယ်ချင်းတစ်ချို့နဲ့တွေ့မယ်... တနင်္ဂနွေနေ့မှာ ဘုရားကျောင်းတက်မယ်... Sunday School တက်တုန်းက သူငယ်ချင်းတွေနဲ့ ပြန်ဆုံမယ်... အို...တွေးရင်းနဲ့ပျော်လိုက်တာလေ...
ဘလော့နဲ့တော့ ခဏကင်းကွာနေမယ်... ဗီယက်နမ်ပြန်ရောက်မှဘဲ ပြန်ပြီးဘလော့လည်နိုင်မှာမို့ ဘလော့မိတ်ဆွေတွေကို ၂၅ရက်စာနှုတ်ဆက်လိုက်ပါတယ်နော်...
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ...

Tuesday, July 5, 2011

အိုဘယ့် ယောက္ခထီး

ရန်ကုန်ပြန်ဖို့အားလုံးအဆင်သင့်ပါဘဲ… လေယာဉ်ကလဲ အရင်လို ဘန်ကောက်ကနေတဆင့် ပြောင်းစီးစရာမလိုတော့ဘူး… ဗီယက်နမ်လေကြောင်းလိုင်းက ၂၀၁၀ အောက်တိုဘာကစပြီး ဟိုချီမင်းကနေ ရန်ကုန်ကို တိုက်ရိုက်ပြေးဆွဲနေပြီမို့ ခလေးတွေလဲ ခရီးမပန်းတော့ဘူးပေါ့… ခလေးတွေအတွက်ဗီဇာလဲရပြီ… ကိုယ့်အတွက် မှီခိုထောက်ခံစာလဲရပြီ…. အားလုံးကအဆင်သင့်… အထုတ်တွေလဲပြင်ပြီးပြီ… ခလေးတွေလဲ မောင်နှမတဝမ်းကွဲတွေနဲ့တွေ့ရတော့မှာမို့ အရမ်းပျော်နေကြပြီ… ကျမကိုယ်တိုင်က ကျေးဇူးရှင်ဖခင်မရှိတော့လို့ စိတ်မကောင်းဖြစ်ရပေမဲ့ မိခင်ဖြစ်သူနဲ့တွေ့ရမှာမို့ ဝမ်းသာမိသလို အစ်ကို၊အစ်မနဲ့ ညီမတွေမိသားစု အားလုံးနဲ့ တရုံးရုံး ဖြစ်ကြရဦးမှာတွေးပြီး ပျော်နေတာ ညတောင် တော်တော်နဲ့အိပ်မရ…

……………………………………………………..

အဲဒီအပေါ်ကစာပိုဒ်လေးကို ဇွန်လတတိယပတ်လောက်ကရေးခဲ့ပါတယ်… ဘလော့ပို့စ်တင်ဘို့ရည်ရွယ်ပြီးရေးတာပါ…ဒါပေမဲ့ ခလေးတွေကျောင်းပိတ်ခါနီးမို့ ရန်ကုန်ပြန်လက်ဆောင်တွေ သူတို့ကျောင်းသွားတုန်း အဝယ်ထွက်.. ကျောင်းဆင်းချိန်နားနီးရင် အိမ်ပြန် အထုတ်တွေချ ခလေးတွေကျောင်းသွားကြိုနဲ့ ပို့စ်လေးက တင်တဲ့ဆီမရောက် ဆက်မရေးဖြစ်ဘဲ ဒီတပိုဒ်နဲ့တင်တန့်နေခဲ့တာ… ခလေးတွေကျောင်းပိတ်သွားရင် အခုလို ဈေးဝယ်ထွက်ချိန်မရနိုင်တော့တာမို့ အချိန်ရှိခိုက် လုံ့လစိုက်ပြီး တနေ့တနေ့ ဈေးဝယ်ထွက်တာနဲ့တင် အချိန်တွေ ကုန်မှန်းမသိကုန်သွားတာ…
ကျမရဲ့အကျင့်ကိုက ဘာမဆို အနီးကပ်မှ ဝုန်းဒိုင်းကြဲလုပ်ရတာကို မကြိုက်ဘူး… အစိုးရိမ်ကြီးတတ်တာလဲတကြောင်းမို့ ဘာလုပ်လုပ် အမြဲ သေချာအောင်စီစဉ်လေ့ရှိတယ်… အခုလဲ ရန်ကုန်ပြန်ဘို့ကို လေယာဉ်လက်မှတ်လဲ တလစောဝယ်… ခလေးတွေအတွက်ဗီဇာနဲ့ ကိုယ့်အတွက် မှီခိုနဲ့နေထိုင်ကြောင်းထောက်ခံစာတွေ သုံးပတ်စောယူ.. လက်ဆောင်တွေလဲဝယ်အပြီး.. luggageတွေလဲ နှစ်ပတ်အလိုထဲက အဆင်သင့်ပြင်ဆင်ပြီးသား… ၇ရက်နေ့မှ လေဆိပ်တန်းဆင်းယုံ အဆင်သင့်ပြင်ဆင်ပြီးခါမှ တပတ်အလိုမှာ ယောက္ခထီးဆီက အီးမေးလ်ဝင်လာတယ်… သူဗီယက်နမ်လာလည်မဲ့အကြောင်း အကြောင်းကြားတာ…


………………………………………………….

ယောက္ခမရိုသေအသက်ရှည်… ယောက္ခမရှိခိုးသွားမကျိုးတဲ့… အရာရာသူစိတ်ကူးပေါက်ရာ သူ့သဘောချည်း ဖြစ်စေချင်တဲ့ ကျမရဲ့ယောက္ခထီးကို ဆန့်ကျင်လိုက်ချင်စိတ်တွေ ရင်ထဲမှာတဖွားဖွား… ဒါပေမဲ့ ချစ်ခင်ပွန်းရဲ့တောင်းပန်ကြည့်တခုနဲ့တင် ကျမစိတ်တွေ လျှော့ချလိုက်ရပါတော့တယ်…
လေယာဉ်လက်မှတ်နောက်ဆုတ်ဘို့တောင် သူပြန်မဲ့ရက်သိရမှ ဆိုတော့ ရန်ကုန်က သြဂုတ်လ ၁၈ရက်နေ့ပြန်လာမှာသာသေချာတာ… ဘယ်နေ့ရန်ကုန်ရောက်မှန်းတောင်မသိ…ဂျူလိုင်၂၄ရက်နေ့တော့မှန်းထားတယ်….
စိတ်တွေလျှော့ချပြီးမှစဉ်းစားမိတာက ဒါပါဘဲအိမ်ထောင်ရေးဆိုတာ… ကိုယ့်သဘော ကိုယ့်စိတ်ကြိုက် ကိုယ့်စိတ်ကူးတွေကို ဥပေက္ခာပြုလိုက်ရတာတွေရှိမယ်…ပြောချင်တာတွေ ပြောပစ်လိုက်.. လုပ်ချင်တာတွေလုပ်ပစ်လိုက် ချင်တဲ့စိတ်တွေကို တခါတလေ မျိုချပစ်နိုင်ရမယ်…ကိုယ်ရွေးတဲ့လမ်းဖြောင့်ဖြူးဖို့ ကိုယ်တိုင်ဘဲကြိုးစားရမယ်…. လို့…..

ဒါနဲ့ဘဲ ယောက္ခထီးနဲ့ပတ်သက်လာရင် ကျမမှာ အသက်တွေရှည် သွားတွေမကျိုးတော့ဘူးပေါ့