Friday, May 4, 2012

ဖယောင်းတုံးလေးများပုံသွင်းဖြင်း




ဖယောင်းတုံးလေးတွေဟာ ပျော့ပြောင်းနေချိန်မှာ လိုရာပုံသွင်းနိုင်တယ်… ပုံသွင်းသူရဲ့တီထွင်နိုင်မှုနဲ့ စွမ်းရည်ဟာ ပုံသွင်းပြီးသားဖယောင်းတုံးလေးတွေကို ကြည့်ရင်သိနိုင်ပါတယ်…
ကျမတို့မိဘတွေအနေနဲ့ ကျမတို့ရဲ့သားသမီးတွေကို ဖယောင်းတုံးလေးတွေသဖွယ် ဘယ်လိုပြုပြင်ပုံသွင်းတယ်ဆိုတာ မိဘရဲ့ သားသမီးထိန်းကျောင်းမှုစွမ်းရည်ပေါ်မှာမူတည်ပါတယ်…
ကျမငယ်ငယ်က ဖယောင်းတိုင်ထိပ်ကမီးစာကြောင့် အရည်ပျော်ကျလာတဲ့ဖယောင်းစက်လေးတွေကို လက်နဲ့တို့ယူပြီး အလုံးလေးတွေစု ခွက်ပုံလေးတွေ ပန်းပုံလေးတွေ ဖော်ခဲ့ဘူးတယ်… အဲလိုဆော့ရတာ သိပ်ကိုပျော်ခဲ့ပါတယ်….
အိမ်ထောင်မကျခင်ထဲက ကိုယ့်ရဲ့သားသမီးလေးတွေကို လိမ္မာယဉ်ကျေးအောင် သွန်သင်ဆုံးမချင်စိတ်လေး ကျမမှာရှိခဲ့ပါတယ်… ခလေးပြုစုပျိုးထောင်ရေး စာအုပ်တွေကိုနီးစပ်ရာရှာဖတ်ခဲ့ပါတယ်…
ခလေးတွေရလာပြီးတဲ့အခါ စာအုပ်ထဲကအတိုင်း တသွေမတိမ်းလိုက်လုပ်ဖို့ တော်တော်ခက်မှန်းနားလည်လာခဲ့တယ်… ခလေးမှာပါလာတဲ့ ဗီဇစိတ်လေးတွေက တအူတုံဆင်း မောင်နှမချင်းတောင် မတူလေတော့ စာအုပ်ကြီးအတိုင်း သွန်သင်ဘို့ဆိုတာ တကယ်ကိုခက်ပါတယ်…
သားသမီးမကောင်း မိဘခေါင်းဆိုတဲ့စကားကရှိတော့ အဓိကက ကိုယ့်သားသမီးကို လိမ္မာယဉ်ကျေးတဲ့ သားသမီးဘဲဖြစ်စေချင်ပါတယ်…  အဖယုတ်တော့ ကိုယ်အမူအရာ ကြမ်းတမ်းပြီး အမိယုတ်တော့ နှုတ်အမူအရာ ကြမ်းတမ်းတယ် ဆိုတဲ့စကားတွေရှိထားတော့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့စေရန် သွန်သင်ဘို့ မိဘတွေမှာတာဝန်ရှိပါတယ်….
သားသမီးကို အဆိုးအကောင်း မလုပ်သင့်တာလုပ်သင့်တာတွေ သင်ကြားပေးထားတဲ့ မိဘတွေဟာ သူတို့ရဲ့သားသမီးကို လူလည်ခေါင်မှာ အော်ဟစ်ဆုံးမစရာမလိုတော့ပါဘူး…. သင်ထားရဲ့သားနဲ့ နားမထောင်ဘူးဆိုတဲ့ ခလေးအများစုရဲ့ မိဘတွေဟာ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ မိဘမျိုးဖြစ်ဖို့များပါတယ်….
ခလေးတွေဟာ မြင်လေရာကို အတုခိုးသင်ယူတတ်ကြတာမို့ ပါးစပ်ကနေသင်ကြားရုံနဲ့ မလုံလောက်ပါဘူး… မိဘတွေအနေနဲ့ပါ နည်းပေးလမ်းပြအနေနဲ့ သားသမီးတွေ အတုယူစေချင်တဲ့အရာတွေကို ကိုယ်ကကျင့်ကြံပါမှ ကိုယ့်ခလေးတွေကို လိုရာပုံသွင်းယူနိုင်မှာပါ….
မိဘကဘယ်လိုဘဲနှုတ်နဲ့သွန်သင်ပါစေ… အဲဒီမိဘဟာ တကိုယ်ကောင်းဆန်ရင် ခလေးကလဲတကိုယ်ကောင်းဆန်တာကိုဘဲ အတုယူမှာပါ… မိဘက ဆဲဆိုတတ်ရင် ခလေးကလိုက်ဆဲမှာပါဘဲ… မိဘဟာ ကိုယ့်ဘဝအခြေအနေကို မတင်းတိမ်မရောင့်ရဲဘဲ သူများဘဝအခြေအနေတွေကို အားကျပြီး သူများအပေါ်မနာလိုစိတ်တွေ များတတ်သူဆိုရင် သူ့သားသမီးတွေလည်း သူ့စိတ်ဓာတ်နဲ့ သူ့အမူအကျင့်တွေကိုဘဲ အတူယူဖြစ်ဘို့များပါတယ်… အဲလိုမိဘရဲ့သားသမီးတွေဟာ သူများခလေးကစားနေတဲ့ ပစ္စည်းကိုမှ လိုချင်ပြီး လုယူတတ်တာ၊ဒိထက်ဆိုးလာရင်  ခလေးချင်းဆော့ကစားရင်း အခြေအတင်ဖြစ်ရင် လက်ပါတတ်တာမျိုးအထိ လုပ်တတ်ပါတယ်…
မိဘဟာ သားသမီးကိုရန်မဖြစ်တတ်ဘို့ ဆုံးမပေမဲ့ ရန်လိုတတ်တဲ့မိဘရဲ့သားသမီးဟာ မိဘက တခြားသူနဲ့ဆက်ဆံတဲ့အခါ ရန်လိုနေသရွေ့ ရန်မဖြစ်နဲ့ဆိုတဲ့စကားကိုနားထောင်မှာမဟုတ်ပါဘူး….
ရန်မဖြစ်နဲ့လို့ဆုံးမမဲ့အစား ကိုယ့်သားသမီး သူများကို လုပ်လာရင် ဝမ်းသာဂုဏ်ယူတတ်တဲ့ မိဘမျိုးလဲရှိပါတယ်…. အဲလိုမိဘမျိုးရဲ့သားသမီးတွေဟာ ဘယ်တော့မှာ လူယဉ်ကျေးလေးတွေ ဖြစ်လာနိုင်တော့မှာမဟုတ်ပါဘူး….
သားသမီးကို လိမ်မပြောရဘူးလို့ဆုံးမပေမဲ့ မိဘက လူလည်ခေါင်မှာ မဟုတ်ဘဲနဲ့ အပိုတွေပြော ကြွားဝါတတ်တဲ့ အကျင့်ရှိရင် သားသမီးက မိဘရဲ့လိမ်မပြောရဘူးဆိုတဲ့ ဆုံးမခြင်းကို နာခံဖို့ ရာခိုင်နှုန်းနည်းပါတယ်…
ကျမတို့ရဲ့သားသမီးလေးတွေကို လိမ္မာယဉ်ကျေးတဲ့ သားသမီးများအဖြစ်ဂုဏ်ယူချင်တယ်ဆိုရင် မိဘကိုယ်တိုင်က လိမ္မာယဉ်ကျေးပြရမှာဖြစ်ပါတယ်….
ဖယောင်းတုံးလေးများကို လှပစွာလိုရာပုံဖော်နိုင်သကဲ့သို့ ကျမတို့ရဲ့သားသမီးများ ကျမတို့ရဲ့ ကောင်းသောအမူအကျင့်များကို အတုယူကျင့်သုံးပြီး လူဘုံအလယ်မှာ တင့်တယ်တဲ့လူရည်ချွန် လူရည်မွန်လေးများဖြစ်စေဘို့  မိဘများရဲ့လှပနူးညံ့တဲ့ စိတ်နှလုံးကောင်းများနဲ့ ပုံသွင်းကြပါစို့လားရှင်….

14 comments:

  1. ဟုတ်တယ်နော် အမ ..သူတို့ကိုတော်စေချင်ရင် ကိုယ် က အရင် တော်အောင် ကြိုးစားရမယ်..(ကျမကတော့ ငပျင်း)

    ReplyDelete
    Replies
    1. တူတူပါဘဲ ညီမသန္တာရယ်..း)

      Delete
  2. စာဖတ်ရတာကောင်းလိုက်တာ
    သားသမီးတွေက တကယ်ကိုဖယောင်းပျော့လေးတွေပါပဲ

    ReplyDelete
    Replies
    1. ကျေးဇူးပါစံပယ်ချို

      Delete
  3. ဒီလိုတော်ပြီးသိတဲ့မိဘတွေရဲ. ကလေးတွေဟာယဉ်ကျေးလိမ္မာကြပါတယ်။

    ReplyDelete
  4. အဟုတ်ပဲ Rose ရေ သိတော့သိတယ် ဒါပေမဲ့ အကျင့်ပါနေတော့ တခါတခါ သားနဲ့လည်း ဖက်ပြိုင်ပြီး ငြင်းခုန်နေရတာက ခက်တယ်။

    ReplyDelete
    Replies
    1. ဒီလိုပါဘဲငယ်နိုင်ရယ်.. ကိုယ်လဲ ကိုယ့်ကိုကိုယ် သတိပေးနေရတာပါဘဲ.. ဒါ့ကြောင့် ကိုယ်သတိထားပြီးနေရအောင် မြင်သမျှသိသမျှတွေ ချရေးပြီးဝေမျှတာပါ....

      Delete
  5. စကားမစပ် မေ့ကျန်ခဲ့လို့ ဖယောင်းတုန်းလေးတွေ လှလိုက်တာ အခုဈေးသွားဖို့ ပြင်နေတာ ဖယောင်းခွက်တွေ ဖယောင်းတုံးတွေလည်း ၀ယ်ဖို့ရှိတယ် ဒီလိုလှလှလေးတွေ တွေ့ရင်သိပ်ကောင်းမှာပဲ။

    ReplyDelete
  6. ခိုင်May 5, 2012 at 1:57 PM

    ငါလဲ သမီးကို တတ်သလောက်တော့ သင်ပေးပေမယ့်.... တခါတလေ.... အမေကိုယ်နှိုက်က စိတ်ပျော့ လွန်း အားငယ်လွန်းတတ်တာတွေ သမီးလေး ဆီမှာ ထိတယ် ဆိုတာ တွေ့ရတယ် ဖောရေ..... ရှောင်ပေမယ့်လဲ... ဒီသမီးလေးပဲ ကိုယ့် အနားကပ်နေတာ ဆိုတော့.... သူလဲ သိနေပြီး သူပါ အားငယ်တတ်တယ်....

    ReplyDelete
    Replies
    1. ခိုင်ရေ... အမေကအားငယ်တတ်ပေမဲ့ အဖေဆီက ဦးဆောင်တဲ့ အရည်အချင်းတွေလဲ ခိုင့်သမီးလေးမှာ ရှိနေမှာပါ....

      Delete
  7. ဒီစာလေးကို သဘောကျမိတယ်။ နောက်ဆုံးစာကြောင်းလေးတွေကို အထူးထောက်ခံပါတယ်။
    သားသမီးတွေကို ရိုက်နှက်ဆုံးမတာတို့၊ ချစ်ရင် ကလေးအိပ်နေမှခိုးနမ်းပြီး ကလေးရှေ့မှာ ခပ်တင်းတင်းနေတာတို့ကို မြတ်က လုံးဝ မနှစ်သက်သူမို့ သားသမီးလေးတွေရဲ့ စံပြအဖြစ် မိဘကိုယ်တိုင်က နေပြပြီး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိတာကို သဘောကျတယ်။

    လေးစားစွာဖြင့်
    မြတ်

    ReplyDelete
  8. ယခုပို့စ်ကို.နှစ်သက်သဘောကျမိပါတယ်။

    ReplyDelete