Sunday, March 4, 2012

မင်္ဂလာနှစ်ပတ်လည်


(ပုံကို Google မှယူပါသည်)


ခွဲခွါရတော့မည်ဆိုသည့်အသိနှင့် ဒီညနေချိန်လေး ကုန်ဆုံးသွားမှာ တုန်လှုပ်စွာကြောက်ရွံ့နေမိသည်…မနက်ဖြန်မနက်ဆို သူ့အလုပ်သစ်အတွက် မြန်မာနိုင်ငံမှထွက်ခွါသွားတော့မည်ဖြစ်သည်…. မနက်အစောကြီး လေယာဉ်ထွက်မှာမို့ အိမ်ကိုဘယ်လိုမှအကြောင်းပြပြီးလေဆိပ်လိုက်ပို့ဘို့မဖြစ်နိုင်သောကြောင့် ဒီညနေသည် ကိုယ်တို့နှစ်ယောက်အတွက် မကုန်ဆုံးစေချင်သောနောက်ဆုံးညနေခင်းလေးဖြစ်ခဲ့သည်… စာမှန်မှန်ရေးမည်၊ဖုန်းဆက်မည်၊ခွင့်ရတိုင်းပြန်လာလည်မည်ဟုပြောနေသောသူ့စကားများက နားထဲဝင်တချက် မဝင်တချက်… အတန်ကြာမှငြိမ်သက်တိတ်ဆိတ်နေသောသူ့ကိုသတိထားမိသွားပြီး ကိုယ့်စိတ်တွေကို ပြန်လည်စုစည်းလိုက်သည်… ဝမ်းနည်းစိတ်ထိခိုက်စရာကြုံတိုင်း သီချင်းတိုးတိုး ဆိုညည်းမိနေကျမို့ သီချင်းဆိုမယ် နားထောင်နော်ဟု ကိုယ်ပြောသောအခါ အားယူပြုံးနှင့် ခေါင်းငြိမ့်ပြသည်… သူ့ပုခုံးပေါ်ခေါင်းတင်မှီထားရင်း သိချင်းတိုးတိုး ဆိုညည်းနေချိန်မှာ ကိုယ့်ခေါင်းကို လက်နှင့်ဖွဖွသပ်ရင်း သူနားထောင်နေခဲ့သည်..
“ Even if you want to go alone….. I will be waiting when you coming home….
If you need someone to ease the pain…. You can lean on me…..
My love will still remain……”



သူခွင့်ရ၍ အလည်ပြန်လာမည်ဆိုသောအချိန်သည် သူထွက်သွားပြီး၃လအကြာမှာဖြစ်သည်… ထို၃လအတွင်း သူတပတ်တခါ ဖုန်းဆက်ပြီး တလတခါစာရေးခဲ့သည်… သူပြန်လာမည့်အချိန်သည် ည၇နာရီဖြစ်၍ ကိုယ်သွားမကြိုနိုင်ခဲ့… နောက်နေ့မနက်မှ အလုပ်မသွားခင်ဝင်တွေ့ဘို့သူ့ကိုပြောထားခဲ့ပြီးဖြစ်သည်… နောက်နေ့မနက် သူတည်းခိုရာနေရာသို့ သွားတွေ့ခဲ့သည်… ခွဲခွါပြီးမှ ပထမဆုံးပြန်လည်တွေ့ဆုံရမှာမို့ ကိုယ့်စိတ်တွေလှုပ်ရှားနေခဲ့သည်… စကားတွေအတူထိုင်ပြောနေရင်း လက်ထပ်ကြရဘို့ သူစပြောခဲ့သည်… ထိုစကားအဆုံးမှာ အံ့သြသွားရသူက ကိုယ်မဟုတ်ဘဲသူဖြစ်နေခဲ့သည်… ဇာတ်လမ်းတွေထဲကချစ်သူမိန်းခလေးတွေ လပ်ထပ်ခွင့်တောင်းခံရသောကြာင့် ရုတ်တရက် ခံစားရသော ကျေနပ်ပျော်ရွှင်မှုမျိုးအစား ကိုယ့်မျက်နှာပေါ်မှာ ဘာခံစားမှုမျိုးမှရှိမနေခဲ့… သူလက်ထပ်ခွင့်တောင်းတာ ဝမ်းမသာဘူးလားဟု အံ့သြစွာမေးခွန်းထုတ်ခဲ့သည်… တကယ်တော့ကိုယ်က ခံစားချက်ကင်းမဲ့သူမဟုတ်ခဲ့ပါ… သူကိုယ့်အပေါ်အလေးအနက်ထား ချစ်ခဲ့သည်ဆိုတာ သူချစ်ခွင့်ပန်ကထဲက ကိုယ်သိထားနှင့်ခဲ့၍ သူသည် ကိုယ်လက်ထပ်မည့်သူဆိုတာ ကိုယ့်ဟာကိုယ်သေချာနေခဲ့ပြီးဖြစ်သည်….
ကိုယ်ဖြစ်စေချင်သည့်မိသားစုဘဝမျိုးရမည်ဆိုတာသေချာမှ လက်ထပ်ချင်ကြောင်း၊ အိမ်ထောင်သည်ဘဝမှာ ကိုယ်လိုချင်သည့် ခင်ပွန်းတစ်ယောက်၏ ပုံစံမျိုး ကိုယ်ပြောပြသောအခါ သူငြိမ်သက်စွာ နားထောင်ပြီး ဘာမှမတုန့်ပြန်ခဲ့… သူခွင့်စေ့၍ပြန်သွားသောအခါ ကိုယ်ဖြစ်စေချင်သော ခင်ပွန်းတစ်ယောက်၏ပုံစံမျိုး သူမဖြစ်နိုင်လျှင် သူကိုယ့်ဆီပြန်လာတော့မှာမဟုတ်ဟုတွေးမိသည်… သူသည် စကားတစ်ခွန်းကို လွယ်လွယ်မပြောတတ်သလို ကတိကိုလွယ်လွယ်မပေးတတ်ပါ… ပေးပြီးသားကတိကိုလည်း ဘယ်တော့မှဖောက်ဖျက်မည့်သူမဟုတ်ဆိုတာ ကိုယ်သိနေခဲ့သည်… သူကိုယ့်ကို လက်မထပ်တော့ဘူးဆိုလျှင် တကယ်ကြေကွဲဝမ်းနည်းရမည့်သူက ကိုယ်သာဖြစ်သည်ကို သိနေပေမဲ့ တဘဝလုံးစာ သာယာသောအိမ်ထောင်တခုကိုတည်ထောင်ချင်သူမို့ အရာရာသေချာချင်ခဲ့သည်… သူကိုယ့်ကိုထားရစ်ခဲ့မည်ဆိုလျှင်လည်း ခံစားရမည့်လွမ်းဒဏ်ရာကို အချိန်နဲ့ကုစားလိုက်မည်ဟု ကိုယ့်ကိုကိုယ်ဖြေသိမ့်ရင်း စိတ်ကိုလျှော့ချထားခဲ့သည်…


၃လတခါသူပုံမှန်ပြန်လာတိုင်း ထိုအကြောင်းကို ကိုယ့်ဘက်ကစမပြောဖြစ်အောင်ကြိုးစားရင်း သူဘယ်လိုဆုံးဖြတ်မလဲ သိချင်နေခဲ့သည်… သူကတော့ပုံမှန်အတိုင်း သူ့အလုပ်အကြောင်းတွေပြောလိုက်၊ သူ့သူငယ်ချင်းတွေအကြောင်းပြောလိုက်၊ ကိုယ့်အလုပ်အကြောင်းတွေမေးလိုက် ဘာမှထူးခြားပုံမပြ… သူ၃လတခါပြန်လာလည်သော၎ခေါက်မြောက်မပြန်ခင်မှာ နောက်တခေါက်ပြန်လာလျှင် လက်ထပ်ပွဲအတွက် လိုအပ်သောပြင်ဆင်စရာတွေ စတင်ပြင်ဆင်ထားဘို့ပြောတော့မှ ကိုယ့်ရင်ထဲမှာ လှိုက်ခနဲခံစားရပြီး ဝမ်းသာကြည်နူးခဲ့ရသည်…တကယ်ကကိုယ်တောင်းသည့်ကတိတွေအပေါ်သူတွေဝေစဉ်းစားမနေခဲ့ဘဲ အစထဲကကိုယ့်ဆန္ဒတွေကို လိုက်လျှောဘို့သေချာနေခဲ့ခြင်းအတွက် အတိုင်းမသိပျော်ရွှင်ခဲ့ရသည်…
၎၊၃၊၁၉၉၉ ရက်နေ့မနက်၉နာရီ ဧမာနွေလဘုရားကျောင်းတွင် ကျမတို့ လက်ထပ်ခဲ့ကြသည်… ထိုနေ့က ဆရာတော်ပေါလ်ဂျွန်ကောင်းကြီးပေးခဲ့သည့်အတိုင်း ကျမတို့နှစ်ယောက် ယနေ့ထိတိုင် အတူတကွ မခွဲမကွာ ချစ်ကြင်နာနေကြဆဲ….

17 comments:

  1. Happy anniversary and Happy family Ma Ma naw <3 Poe Poe

    ReplyDelete
  2. facebook မှာ လို like button မရှိဘူးကွာ

    ကြည်နူးစွာဖတ်သွားပါတယ် ..... Happy Anniversary ပါနော်

    ReplyDelete
  3. ဖတ်ရတာကြည်နူးစရာလေး မနော်ရေ

    ReplyDelete
  4. ယနေ့မှ စ၍ အနှစ်တရာတိုင်ပါစေ သူငယ်ချင်း...

    ReplyDelete
  5. ကြည်နူးစရာကောင်းလိုက်တာအစ်မရယ်....၊ယနေမှစ နောင်နှစ်ပေါင်းများစွာတိုင်ပါစေဗျာ...။
    " တဘဝလုံးစာ သာယာသောအိမ်ထောင်တခုကိုတည်ထောင်ချင်သူမို့ အရာရာသေချာချင်ခဲ့
    သည်… " ဆိုတဲ့ စကားစုလေးကို တော့သဘောအကျဆုံးပဲအစ်မ.....။

    ReplyDelete
  6. ၁၉၉၉ ဆိုကျနော် ၁၀ တန်းအောင်တဲ့နှစ်ပဲ အမ။
    အခုဆို ၁၃နှစ် ရှိသွားပြီပေါ့။
    ပျော်ရွှင်စရာ မင်္ဂလာနှစ်ပတ်လည်မှသည် ရွှေ ငွေ ရတုထိ တိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပျော်ရွှင်ပါစေ။

    ReplyDelete
  7. wow... Happy Anniversary sis ... ပျော်ရွှင်ဖွယ်ရာ မင်္ဂလာနှစ်ပတ်လည်လေးပါပဲ.... ကြည်နူးစရာလေးပါလား..း))))....

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  8. Happy Anniversity !!!
    နှစ်ပေါင်းများစွာ..ချစ်တဲ့သူနဲ့  ... အတူတူပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete
  9. အားကျတယ်အစ်မ..း))
    ယနေ့မှစကာ..ရတုအဆက်ဆက်တိုင်အောင်..
    သားသားမီးမီးတို့နဲ့အတူ..
    နှစ်ပေါင်းများစွာပျော်ရွှင်ချမ်းမြေ့ပါစေရှင်။


    ချစ်ခင်လျှက်
    မိစံ

    ReplyDelete
  10. Happy Anniversary...!!!
    From here to Eternity... :)

    ReplyDelete
  11. ၀တ္ထုတိုလေး တစ်ပုဒ်လိုပါပဲ၊ ပိုစ့်တွေ အရမ်းကောင်းနေတယ်။

    ကြည်နူးစရာပဲ၊

    ပြီးတော့

    ပျော်ရွှင်ဖွယ်သော မင်္ဂလာနေ့ရက်လေးပါ။

    ယနေ့မှစ နှစ်တရာတိုင်။

    ReplyDelete
  12. ပျော်ရွှင်ဖွယ် မင်္ဂလာနှစ်ပတ်လေးမှသည် နှစ်ပေါင်းများစွာ စာတွေအများကြီးရေးပြီးဆင်နွှဲနိုင်ပါစေ မမရေ

    ReplyDelete
  13. Happy anniversity!!
    Ma Moe

    ReplyDelete
  14. Happy Anniversary !!!!


    sinsin

    ReplyDelete
  15. Happy Anniversity ရိုစ့်ရေ
    မသိလိုက်ဘူး။
    ခုမှ အိမ်လိုက်လည်ရင်း သိလို့ ပျော်စရာ၊ ကြည်နူးစရာလေးရယ်။
    ခုတော့ ချစ်စရာ မီးမီးလေးရော၊ သားသားလေးရော
    ရိုစ့်နဲ့ ရိုစ့်ရဲ့သူ ရယ် မီးမီး၊ သားသား မိသားစုလေးအတွက် ပျော်ရွှင်စရာနေ့လေးတွေနေ့တိုင်းဖြစ်ပါစေကြောင်း ဆုတောင်းပေးပါတယ်။

    ReplyDelete
  16. တွဲသော လက်တွေမဖြုတ်စတမ်း မပြုတ်တမ်း။အိုအောင်မင်းအောင်ပေါင်းဖော်နိုင်ပါစေ
    လို.ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  17. ဖတ်ပြီးတော့ ကျွန်မ လွမ်းလွမ်းဆွတ်ဆွတ် ခံစားရတယ်။ ပျော်ရွှင်ဖွယ်ရာ မင်္ဂလာနှစ်ပတ်လည်လေး ဖြစ်ပါစေရှင်။

    လေးစားစွာဖြင့်
    မြတ်

    ReplyDelete