Friday, September 9, 2011

အမိမြေသို့အပြန် (အပိုင်း၃)



ကျိုက်ထီးရိုးသွားတဲ့ အဝေးပြေးလမ်းမပေါ်မှာ ရှိတဲ့ စိမ်းလဲ့တင် ဆိုတဲ့နေရာလေးကိုသွားဖို့စီစဉ်ထားကြတယ်… သူငယ်ချင်းတွေက သောကြာနေ့ သွားပြီး တနင်္ဂနွေနေ့ ပြန်လာကြမယ်ဆိုတော့ ကျမအတွက်က ရန်ကုန်ပြန်မှတက်ရတဲ့ ဘုရားကျောင်းတက်ရမဲ့ တနင်္ဂနွေနေ့လေးအမှီရန်ကုန်ပြန်ချင်တယ်… ချစ်စရာကောင်းတဲ့ကျမသူငယ်ချင်းတွေက တစ်ညအိပ်နှစ်ရက် သောကြာနေ့မနက်သွားပြီး စနေနေ့ညနေပြန်ဘို့စီစဉ်ကြတယ်….
သောကြာနေ့မနက်ရှစ်နာရီခွဲ ကျမတို့ကို လာကြိုပြီး နောက်သူငယ်ချင်းတစ်ယောက်ကို ဝင်ကြိုပြီးတဲ့အခါ ရန်ကုန်ကနေ မနက်ကိုးနာရီစထွက်ဖြစ်ပါတယ်… တစ်ချို့ကနှစ်နာရီခွဲနဲ့သုံးနာရီကြား ကားစီးရမယ်လို့ပြောကြတယ်… ဒါပေမဲ့ ကျမတို့က ချောင်ချောင်ချိချိစီးရအောင် Bus ငှားသွားတဲ့အပြင် ခလေးတွေလဲပါတော့ ကားမောင်းတဲ့သူက အရှိန်အနေတော်လေးနဲ့ဘဲမောင်းပေးတာမို့ သုံးနာရီခွဲကျော်ကျော်လောက်စီးလိုက်ရပါတယ်… လမ်းတွေကလဲ ဟိုးအရင်လောက်မဆိုးတော့ပါဘူး… ကား aircon ကအရမ်းအေးလို့ လျှော့ခိုင်းဘို့ပြောပေမဲ့ လျှော့လို့မရဘူးဆိုလို့ ခလေးတွေကို ခြုံထည်ပုဝါလေးတွေ ခြုံထားပေးရတယ်… ကားခက အသွားအပြန်ကို ကျပ်ငွေသုံးသိန်းခွဲပေးရပါတယ်…
ရောက်ရောက်ချင်း ဧည့်ကြိုကောင်တာလဲဝင်စရာမလိုဘဲ တည်းရမဲ့အခန်းကို တန်းသွားခွင့်ပေးပါတယ်… ဒါပေမဲ့ ကြိုတင်ပြင်ဆင်မှုညံ့ဖျင်းတယ်လို့ ကျမတော့ သုံးသပ်မိတယ်…. ဘယ်သူဖြင့်ဘယ်အခန်းဆိုတာမျိုး ကြိုတင်ပြင်ဆင်ပေးထားတာမျိုးမရှိဘဲ ကိုယ်ရပ်မိတဲ့အခန်းရှေ့က နံပါတ်ကိုကြည့်ပြီး အခန်းသော့ရှာဖွင့်ပေးတယ်… အခန်းပြင်ဆင်ထားတာကလဲ အဖြစ်သဘောလောက်ဘဲ… တီဗွီကလဲ ချယ်နယ်နည်းတဲ့အပြင် စာရင်းထဲမှာရေးပြထားတဲ့ချယ်နယ်တွေလဲ တကယ်အကုန်မရပါဘူး…. Airconကလဲ အိပ်ရာရှိတဲ့ဘက်နဲ့ဆန့်ကျင်ဘက် အိမ်သာအရှေ့မှာဖြစ်နေတယ်… ရောက်ရောက်ချင်းဘဲ အခန်းအနေအထားကိုကြည့်ပြီး ဒီဟိုတယ် ကြယ်ပွင့်ပေးဘို့ဆုံးဖြတ်ရမယ်ဆိုရင် ကြယ်နှစ်ပွင့်တောင် မပေးချင်ပေးချင်နဲ့ပေးရမှာပါ… မိသားစုနေလို့ရတဲ့အခန်းလို့သတ်မှတ်ထားတဲ့ ဒီအခန်းမှာ တစ်ယောက်အိပ်ကုတင်သုံးလုံးချထားပေးပါတယ်… wifi ဆိုတာအခန်းထဲမှာမပြောနဲ့ အပြင် စားသောက်ဆိုင်တွေဘက်မှာလဲမရှိပါဘူး....အခန်းခက သုံးသောင်းခွဲဆိုတော့ အဲဒီအချိန်က တစ်ဒေါ်လာ ၇၈၀ နဲ့ဆိုရင် ၄၅ဒေါ်လာ လောက်ကျပါတယ်…
အစားအသောက်ကတော့ပေးရတဲ့ဈေးနှုန်းနဲ့တွက်ကြည့်ရင် မတန်ပါဘူး… လမ်းဘေးစားသောက်ဆိုင်အဆင့်လောက်ဘဲရှိပေမဲ့ ကျမတို့ အုပ်စု တခါစားရင် ၈သောင်းကျော် ၉သောင်းလောက်ရှင်းရပါတယ်…
ရေကူးကန်ရှိပေမဲ့ ထိန်းသိမ်းမှုညံ့ဖျင်းတဲ့အတွက် သန့်ရှင်းမှုမရှိပါဘူး… သမီးလေးကရေခဏဘဲကူးပြီး သားကတော့ ညစ်ပတ်တယ်ဆိုပြီး ရေကန်ထဲတောင် မဆင်းတော့ဘူး… ကစားကွင်းကလဲ သံချေးတက် တဲ့ကစားစရာတွေနဲ့ ဆိုတော့ ခလေးတွေဒါန်းဘဲစီးခဲ့ရပါတယ်… တိရိစ္ဆာန်ရုံလေးကလဲ ညစ်ပတ်နံစော်နေလို့ သားလေးက အန်တောင်အန်လို့ သမီးလေးနောက်တခေါက်သွားချင်တဲ့အခါ သားကို အပြင်မှာစောင့်နေခိုင်းရပါတယ်….
သူတို့ကြော်ငြာထားတာတွေနဲ့တော်တော်ကိုလွဲပါတယ်… အကောင်တွေလဲ ကြော်ငြာထားသလောက်မရှိသလို ကြောငြာထဲကလို ရှိုးပွဲတွေလဲမရှိပါဘူး…
သူ့ဟာသူဆို မြန်မာပြည်မှာဒီလောက်ဘဲရမှာပေါ့လို့တင်းတိမ်နိုင်ပေမဲ့ ကြော်ငြာထားတာနဲ့တခြားစီဖြစ်နေတော့ ဘယ်လိုမှကို စိတ်တိုင်းမကျနိုင်ပါဘူး… တကယ်တော့ ကျမက အဆိုးမြင်ဝါဒီသမားမဟုတ်ပါဘူး… တော်ရုံတန်ရုံလွဲတာမျိုးက လျှော့လျှော့ပေါ့ပေါ့တွေးပေးလိုက်လို့ရပေမဲ့ ခုတော့ ကြောငြာထဲကအတိုင်းထင်ပြီး ခလေးတွေကို အရမ်းကောင်းတယ်လို့ပြောပြီးခေါ်လာမိလေတော့ ကျမက အရင်အညာခံလိုက်ရသလိုခံစားရတဲ့အပြင် ခလေးတွေကိုပါညာခေါ်မိသလိုဖြစ်သွားမိတဲ့အတွက် သွားဖူးသူတွေကိုမမေးမြန်း မစုံစမ်းမိခဲ့ခြင်းအပေါ် နောင်တရမိပါတယ်…
တစ်ညအိပ်ဘဲမို့တော်ပါသေးရဲ့လို့ဖြေသိမ့်ပြီး အောင့်အည်းနေခဲ့ရပါတယ်… စားသောက်ဆိုင်ကဝန်ထမ်းတွေ အိပ်ခန်းဆောင်ကဝန်ထမ်းတွေကတော့ ရိုးသားဖော်ရွေပြီး တတ်နိုင်သလောက်ကူညီကြပါတယ်… ဝန်ထမ်းကောင်းတွေရှိရက်နဲ့ အဆင့်မှီတဲ့ဝန်ဆောင်မှုမပေးနိုင်တာက ပိုင်ရှင်နဲ့ စီမံခန့်ခွဲသူတွေ ညံ့ဖျင်းမှုလို့ ကျမတော့ ယူတမိပါတယ်…
စနေနေ့ညနေမှပြန်ဖို့စဉ်းစားထားပေမဲ့ ကျမတို့အားလုံးညနေအထိမနေချင်ကြတော့တာမို့ မနက်ဆယ်နာရီလောက် check out လုပ်ကြပါတယ်… အဲဒီအချိန်မှဘဲ သူတို့ဆီက လက်ကမ်းစာစောင်လေးထဲမှာ အခန်းခတွေရေးထားတာတွေ့လို့ကြည့်မိတော့ ကျမတို့နေခဲ့တဲ့အခန်းဟာ သုံးသောင်းတန်ဖြစ်နေပါတယ်… ဒါနဲ့ ဧည့်ကြိုကအမျိုးသမီးကိုပြောပြတော့ အဲဒါဈေးအဟောင်း… ခုဈေးတက်သွားတဲ့ဈေးကို ပြင်မရေးရလို့သေးလို့တဲ့…
ကျမတို့တတွေ မကျေနပ်ပေမဲ့ ကျသင့်ငွေရှင်းပြီး ပြန်လာခဲ့ကြပါတယ်… ဒီခရီးစဉ်အပေါ်ကျေနပ်မှုမရှိပေမဲ့
ခင်မင်တဲ့သူငယ်ချင်းတတွေ စိတ်သဘောတူညီစွာ (ကြိုက်တာလဲတူ မကြိုက်တာလဲတူ ) အတူသွားခဲ့ရတဲ့ခရီးလေးမို့ ပျော်စရာကောင်းပါတယ်…

16 comments:

  1. ဟုတ်တယ် မမ ခရီးသွားတယ် ဆိုတာ စိတ်ပြေလက်ပျောက် အပန်းဖြေချင်လို့  အဲ့ဒါကို တည်းတဲ့နေရာ စားတာသောက်တာ အဆင်မပြေရင် အရမ်းစိတ်ညစ်ရတယ် မြန်မာ မှာက အဲ့ဒီ့ ဝန်ဆောင်မှု အရမ်းအားနည်းတယ် တဖြည်းဖြည်းနဲ့ တော့ မြန်မာလည်း အဆင့်အတန်းမှီအောင် လုပ်လာမယ်လို့ မျှော်လင့်ရတာပဲ အထူးသဖြင့် အိမ်သာတွေကအစ သန့် ရှင်းပီး ကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုအပ်တာ

    ဗီယက်နမ်ကို လွမ်းနေတဲ့ ညီမ

    ReplyDelete
  2. အမကလေးလေးတွေကချစ်စရာလေးတွေ ပုံတင်ပေးတဲ့အတွက် ကျေးဇူး...။ အဲဒီစိမ်းလဲ့တင်ကို နှစ်စတုန်းက ကျိုက်ထီးရိုးသွားတော့ တစ်ညတည်းဖြစ်သေးတယ် ဟုတ်တယ်... ညစ်ပတ်တယ် ယူတဲ့ ပိုက်ဆံနဲ့မတန်ဘူး သာမန်တည်းခိုခန်းသာသာပဲရှိတာ...။

    ReplyDelete
  3. ရို့စ်ရေ ... ဒီလိုပါပဲ... ပြန်ဖြစ်တဲ့အခါတိုင်း စိတ်လျှော့ထားပါတယ်။ ရန်ကုန်မှာတော့ တက္ကစီတွေ ညစ်ပတ်တာ၊ စုတ်တာတော့ လက်ဖျားခါတယ်။ တစ်ခါတစ်လေ တက္ကစီက တံခါးတောင်ပြုတ်နေလို့ စီးတဲ့သူက ကိုင်ပေးရသေးတယ် ... တကယ် ...

    ReplyDelete
  4. စိမ်းလဲ့တင် ဆိုတာတွေ့တော့ မသိသေးတဲ့ နေရာအသစ်တစ်ခုအကြောင်း သိရပြီဆိုပြီး ဝမ်းသာအားရ ဖတ်လာတာ...၊ အခုလို သိရတာ ကျေးဇူးပါပဲ မရိုစ့်ရေ..၊ ဝန်ဆောင်မှုဆိုတာ ဘာလဲဆိုတာ ဒီလိုနေရာတွေ ဖွင့်ထားသူတွေ ကိုယ်တိုင် ကောင်းကောင်းသိဖို့ လိုသလို၊ သိတဲ့အတိုင်းလည်း တကယ်ပေး နိုင်အောင် အားထုတ်သင့်ပါတယ်၊ အထူးသဖြင့် ကြော်အောင် မညာ(ငြာ) ဘဲနဲ့ အရှိအတိုင်း ရိုးရိုးသားသားပဲ ဖြစ်သင့်တယ်..။

    ReplyDelete
  5. http://kthwe.blogspot.com/2007/07/sein-lei-tin_27.html

    တို့တွေ့ခဲ့တဲ့ စိမ်လဲံတင် ထက် ဆိုးနေပီလေား..း(

    ReplyDelete
  6. အမလဲ ၀င်ရေးမလို့ ကေသွယ် စိမ်းလဲ့တင်အကြောင်း ရေးဖူးတယ်ဆိုတာ။

    ReplyDelete
  7. စိမ်းလဲ့တင်က နာမည်ကြိးနေတာ မမရေ အဲလိုကြီးလား မကောင်းပါဘူးနော် ..ဆိုးပ :(

    ReplyDelete
  8. အမရယ် ကင်ပွန်းစခန်း နီးနေပြီပဲ ကျိုက်ထီးရိုးတောင်ပေါ် ကားနဲ့တက်ပြီး ကျိုက်ထိုဟော်တယ်မှာ တစ်ညအိပ် နောက်နေ့နေ့လယ်မှာ ပြန်ဆင်းရင် စနေညအမှီ ရန်ကုန်ပြန်ရောက်ပါတယ်။

    တောင်ပေါ်တက်ရင် လေကောင်းလေသန့်လဲ ရှူလို့ရသလို ကလေးတွေလဲ ဗဟုသုတရပြီး ပျော်မှာသေချာပါတယ်။

    ReplyDelete
  9. စိမ်းလဲ့တင်ကို ဖြတ်သွားဖြတ်လာ တွေ့ရတာတော့ သိပ်ကောင်းတော့မလိုနဲ့
    တစ်ခေါက်တောင် သွားတည်းဖို့စိတ်ကူးမိတာ
    ဒီလိုပုံဆို နည်းနည်းစဉ်းစားသွားမိပြီ။

    ReplyDelete
  10. ကျွန်တော်ရောက်ခဲ့တဲ့ စိမ်းလဲ့တင်က အဲ့လိုဟုတ်ဘူးဗျ...၊ရေကူးကန်တွေလည်း
    သန်ု့သား...၊အင်း...လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်ကပေါ့နော်..၊ခုတော့ ထိန်း
    သိမ်းမှုညံဖျင်းလို့ထင်ရဲ့.....။

    ReplyDelete
  11. ဒီလိုတွေကြီးဘဲ ဆိုးထာ ညီမရယ် ရှက်စရာကောင်းပါတယ်

    ReplyDelete
  12. ဗဟုသုတရသွား၏. ကျိုက်ထီးရိုးသွားချင်တယ် ညီမရေ. အချိန်တွေ နမျောစရာ။ ရန်ကုန်နေတဲ့ရှားရှားပါးပါးအချိန်လေး နစ်ရက် ကုန်သွားတာ သိတ်သမျှောတယ်။ ပိုက်လဲကုန်သေး ဒေါသလဲထွက်ရသေး။ ရက်တွက်ပြီးလာရတဲ့သူ သနားပါတယ်။

    ReplyDelete
  13. http://redroseofburma.blogspot.com/ ဘလော့ပိတ်ထားတယ်နော်.ဘာဖြစ်လို့လဲမသိ.

    ReplyDelete
  14. စိမ်းလဲ့တင် အစားအစာတွေက အကြိုက်တွေ့ပါတယ် ရွေးစရာသိပ်မရှိတာပါပဲ၊ သနပ်ခါးတောင် အလားကားလိမ်းလို့ရတယ်၊ နည်းနည်းမြင့်တဲ့ လမ်းဘေး စားသောက်ဆိုင်ပါပဲ၊ တည်းခိုးတဲ့သူနည်းသလောက်ပဲ ရှားရှားပါးပါး သွားတည်းရတယ်လို့၊

    ReplyDelete
  15. ဟယ်...ဒီပုံစံအတိုင်းသာဆို ကမ္ဘာလှည့်ခရီးသည်တွေ မြန်မာပြည်ကို ဝင်ရောက်လည်ပတ်တဲ့ အခါ ...အဆင့်မြင့် မဟုတ်တောင် အဆင့်မှီတည်းခိုဖို့  မလွယ်သေး ပါလား ။
    ဒီနိုင်ငံမှာတော့ ကြော်ငြာထဲက အတိုင်းမဟုတ်ရင် လျော်ကြေးတောင်းလို့  ရတယ် ။ ( ဖွပေးလိုက်သည် )...
    ဖွကိ...

    ReplyDelete
  16. အစ်မရောက်ဘူးတဲ့စိမ်းလဲ့တင် ဆိုတာ2011မှာကျန်ခဲ့ပါပြီ။
    အခုစိမ်းလဲ့တင်ကိုလာလည်ကြည့်ပါ။အစ်မ ကျေနပ်မှုမရှိရင် အစ်မကြိုက်သလိုဝေဖန်ပြောဆိုနိုင်ပါတယ်။အခုလို အမှားတစ်ခုကို
    ဝေဖန်ပေးတာကျေးဇူးအများကြီးတင်ပါတယ်။အစ်ကို၊အစ်မတို့
    ကျွန်တော့်နာမည်ကောင်းသန့်ဇင်ပါအီးမေးလ်လိပ်စာic.bestthant@gmail.com/saneleisan@gmail.com
    www.bestthant.blogspot.com,www.yesagyogate.ning.com

    ReplyDelete