Showing posts with label ဝထ္တုတို. Show all posts
Showing posts with label ဝထ္တုတို. Show all posts

Wednesday, January 30, 2013

အေးစက်သွားသောကော်ဖီတစ်ခွက်နှင့်အတူ



မျက်ရည်စများကိုသုတ်လျှက် နောက်သို့လှည့်မကြည့်မိအောင် ကြိုးစားရင်း လမ်းကိုလျှောက်နေမိသည်…
ကတ္တရာလမ်းတို့က မျက်ရည်ပူတွေဝေဝါးနေသော အမြင်မှာ တိမ်လွှာတွေအဖြစ်သို့ ပြောင်းလဲသွားသလိုလို…
ဘယ်ကိုလျှောက်ရမှန်းမသိ ဆက်လျှောက်နေရင်းက ကော်ဖီဆိုင်တခုမှာထိုင်ရင်း စိတ်တွေတည်ငြိမ်အောင် ကြိုးစားဘို့ဆုံးဖြတ်လိုက်သည်…
လွတ်နေသည့်စားပွဲမှာဝင်ထိုင်ပြီး စားပွဲထိုးလေးလာပေးသည့်မီနူးထဲက တခုကိုလက်ထောက်ပြမိရင်း စိတ်တွေကို ပြန်လည်စုစည်းဘို့ကြိုးစားသည်…
ကြိုးစားမိကာမှ မျက်ရည်ပူများက ပါးပြင်ပေါ်သို့အရှိန်အဟုန်ပြင်းစွာလှိမ့်ဆင်းလာကြသည်…
ထိုနေရာကို ကျမ မသွားခဲ့မိရင် သိပ်ကောင်းမှာ… ခုတော့ မမြင်ချင်ဆုံးသောမြင်ကွင်းတခုကို ကျမမြင်တွေ့ခဲ့ရသည်… ကျမလေးစားစွာချစ်မြတ်နိုးခဲ့သောချစ်ခင်ပွန်းက ကောင်မလေးငယ်ငယ်တယောက်ကို ရတနာဆိုင်ထဲမှာ လက်စွပ်လေးစွပ်ပေးနေသည့်မြင်ကွင်းက ထပ်ခါထပ်ခါ ပေါ်လာသည်…
ကျမအပ်ထားတဲ့မင်္ဂလာနှစ်ပတ်လည်စိန်လက်စွပ်နှစ်ကွင်းရွေးရမဲ့နေ့က ဘာကြောင့်ဒီနေ့ဖြစ်နေခဲ့ပါသလဲ?
တိုက်ဆိုင်တာလား… တစုံတယောက်က ကျမကိုဒီမြင်ကွင်းမြင်စေချင်လို့ ကြိုတင်စီစဉ်ခဲ့လေသလား…
တကယ်တော့ထိုရတနာဆိုင်ပိုင်ရှင်သည် ကျမခင်ပွန်း၏သူငယ်ချင်းတစ်ယောက်ဖြစ်သည်…
ကျမရဲ့တချို့သောမွေးနေ့တွေမှာ ခင်ပွန်းသည်က မွေးနေ့လက်ဆောင်ဝယ်ပေးလေ့ရှိသောဆိုင်ဖြစ်သည်…
ထိုဆိုင်သို့မရောက်ဖြစ်သည်မှာနှစ်အတော်ကြာခဲ့ပြီဖြစ်သည်…
ဒီနှစ်မှ မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် စိန်လက်စွပ်နှစ်ကွင်း ကိုအပ်ခဲ့သည်… အပ်သည့်နေ့က ဆိုင်ရှင်ရှိမနေဘဲ ဆိုင်ဝန်ထမ်းလေးနှင့်သာတွေ့ခဲ့ပြီး ဘောင်ချာမှာရေးထားသော ရက်မှာ ကျမထိုဆိုင်သို့ လက်စွပ်ရွေးရန်ရောက်လာခဲ့ခြင်းဖြစ်သည်…
ထိုဆိုင်သည် ရှော့ပင်းစင်တာကြီင်္းတခု၏မြေညီထပ်တွင်ရှိရာ ကျမထိုဆိုင်ရှေ့သို့မရောက်ခင်မှာပင် ဆိုင်ထဲမှာစုံတွဲတတွဲရှိနေတာ မြင်နေခဲ့ပြီးဖြစ်သည်…
ဆိုင်ရှေ့အရောက်မှာတော့ ကောင်မလေးကို လက်စွပ်စွပ်ပေးနေသော အမျိုးသား၏ဘေးတိုက်မျက်နှာကိုမြင်လိုက်ရသောအခါ ကျမခြေလှမ်းတွေရပ်တန့်သွားခဲ့သည်…
တကယ်ကဒီအချိန်သူရုံးခန်းမှာရှိနေရမှာ… ကောင်မလေးက ခြေဖျားလေးထောက်ပြီး
 ကျေးဇူးတင်အနမ်းလေးလှမ်းပေးလိုက်ချိန်မှာ မတ်တပ်ရပ်ကြည့်နေမိသော ကျမခြေထောက်များ ညွတ်ခွေသွားတော့သည်…
လုံခြုံရေးဝန်ထမ်းတစ်ဦး အနားရောက်လာပြီး ကျမကိုထူမပေးချိန်မှာ ဝိုင်းကြည့်နေကြသော မျက်ဝန်းများကို ရှက်ရွံ့ကာ ကျမပြေးထွက်လာမိသည်…
ခုတော့ ဆိုင်ထဲမှာ ထိုင်ငိုနေမိတာ အချိန်အတော်ကြာသွားပြီလားမသိ… ဘယ်အချိန်ကလာချထားမှန်းမသိလိုက်သော ကော်ဖီခွက်တခွက်က စားပွဲပေါ်မှာငြိမ်သက်စွာ….
သူကျမကိုတွေ့သွားလား မတွေ့သွားလား ကျမ မသိလိုက်ပါ…
အိမ်ပြန်ရောက်ရင် သူ့ကိုဘယ်လိုရင်ဆိုင်ပြီး ဘယ်လိုစကား စပြောရမလဲ ကျမစဉ်းစားမရ…
ငဲ့ညှာစရာ ကျမတို့ရဲ့တစ်ဦးတည်းသောသမီးလေးသာမရှိခဲ့ရင် ကျမဘာမှစဉ်းစားစရာမလို… ခုတော့ သမီးလေးအတွက်ထည့်စဉ်းစားရမည်…
ကတောက်ကဆဖြစ်ချိန်တိုင်းမှာ သမီးလေးကိုပေးမသိစေချင်သည့်သူက ဒီကိစ္စမှာလဲ သမီးလေးကို ပိုလို့တောင်အသိပေးချင်မှာမဟုတ်တာသေချာသည်…
ကျမကတော့ အရွယ်ရောက်စပြုပြီဖြစ်သော သမီးလေးအား အရာရာတိုင်ပင်နေကျမို့ ပြောကိုပြောပြမှာဖြစ်သည်… သို့သော် သမီးလေးကိုတော့ မနာကျင်စေလိုပါ…သမီးလေးက ဒယ်ဒီကဘာလို့ဒီလိုလုပ်တာလဲဟုမေးလာလျှင် အဖြေရှိအောင် ကျမအရင်စဉ်းစားရပါမည်….
ဒါဆို သူဖောက်ပြန်ရခြင်းအကြောင်းရင်းကို ကျမက အရင်စဉ်းစားရမည်ဖြစ်သည်… ဘာဖြစ်လို့များပါလိမ့်…
တကယ်ဆိုကျမက ကျမရဲ့ဘဝတစ်ခုလုံးကို ဒီသမီးနှင့်ဒီခင်ပွန်းအတွက်သာ ပေးဆပ်နေခဲ့သူဖြစ်သည်… ခင်ပွန်းအလိုကျ မိမိရဲ့အရည်အချင်း အလုပ်အကိုင်တွေကို စွန့်ပစ်ပြီး အိမ်ထောင်ရှင်မအဖြစ် လိုလေသေးမရှိအောင် ပေးဆပ်နေခဲ့သူဖြစ်သည်… ခင်ပွန်းအတွက် ဇနီးကောင်း သမီးလေးအတွက် မိခင်ကောင်းအဖြစ် ရပ်တည်ရင်းသာ ဘဝကိုကျေနပ်နေခဲ့သူဖြစ်သည်…
လွန်ခဲ့သောသုံးလေးလခန့်က သူငယ်ချင်းတစ်ယောက်က ခင်ပွန်းသည်ကိုကောင်မလေးတစ်ယောက်နှင့်တွေ့လိုက်ကြောင်းဖုန်းနဲ့လှမ်းပြောတော့ ကျမနည်းနည်းလေးမှမယုံကြည်ခဲ့…. အခါတိုင်းလည်း အလုပ်သဘောအရ ဧည့်သည်တွေနဲ့ နေ့လည်စာစားတတ်သူမို့ သံသယမဝင်ခဲ့ပါ… ပြောသံတွေကြားရဖန်များလို့ မေးကြည့်တော့ အသိမိတ်ဆွေတွေပါဟုသာပြန်ပြောလျှက် စကားလမ်းကြောင်းလွှဲသွားခဲ့သည်…
ကျမဘဝမှာ ခင်ပွန်းနှင့်သမီးကိုသာ အလေးထားသလို သူသည်လည်းဇနီးနှင့်သမီးကိုသာအလေးထားမည်ဟု ကိုယ့်စိတ်နှင့်နှိုင်းကာ ယုံကြည်ခဲ့မိသည်…
ခုတော့ထိုယုံကြည်ချက်များတဒင်္ဂအတွင်းများ ပျောက်ပျက်သွားခဲ့လေပြီ… အိမ်ပြန်ရောက်တာနှင့် မျက်နှာချင်းဆိုင်မေးမြန်းပြောဆိုရတော့မည်… သူ့ဘက်ကပေးမည့်ဆင်ခြေတွေကို သည်းခံနားထောင်ရင်း မယုံကြည်ဖို့ကိုတော့ ကိုယ့်ကိုယ်အထူးသတိပေးစရာမလိုတော့…
သမီးလေးကိုမနာကျင်စေချင်မဲ့ အဖြစ်မှန်တွေကိုတော့ သမီးလေးကိုသိစေချင်ပါသည်… မိသားစုပြသနာကို သမီးလေးက ပတ်ဝန်းကျင်ပြောမှသိရလျှင် ပိုပြီးနာကျင်ရပါလိမ့်မည်…
သူ့ကိုရင်ဆိုင်ဘို့ တည်ငြိမ်လောက်ပြီဟု ယူဆမိချိန် နာရီကြည့်မိတော့ အချိန်ကြာကြာထိုင်နေမိကြောင်း သတိပြုမိသည်… ကော်ဖီခွက်ထဲကကော်ဖီရည်များလည်း အတော်ကိုအေးစက်နေခဲ့ပြီ…
ကော်ဖီတန်ဘိုးထက်အနည်းငယ်ပိုမည်ဖြစ်သော ငွေစက္ကူကို ကော်ဖီခွက်အောက်ထားခဲ့ပြီး ဆိုင်မှထွက်လာခဲ့သည်… ကျန်နေခဲ့သောကော်ဖီရည်များနှင့်ထပ်တူ ကျမနှလုံးသားက အေးစက်လျှက်

Friday, October 7, 2011

မတူညီခြင်းညနေခင်း



ပုံကိုgoogleမှယူပါသည်


ချစ်သူထားရစ်ခဲ့သောထိုညနေကို ဘယ်လိုမှမေ့လို့မရ… အချိန်တွေကြာလာပေမဲ့ ရင်ထဲကဒဏ်ရာက ခုထိတိုင် တဆစ်ဆစ်နာကျင်နေဆဲ…
++++++++++++++++++++++++++++++++++
ချစ်သူနှင့်ကိုယ်တွေ့ဆုံခဲ့ကြတာ ဘာမှသိပ်မထူးခြားသော ညနေခင်းတခုမှာဖြစ်သည်… ပါတီပွဲတစ်ခု၏ တစ်ညနေမှာ မိတ်တွေတစ်ဦး၏မိတ်ဆက်ပေးမှုကြောင့် စတင်သိကျွမ်းခဲ့ကြသော ကိုယ်တို့နှစ်ဦးရဲ့ဆုံစည်းမှုက အလွန်တရာရိုးစင်းလွန်းလှသည်… မရိုးစင်းသည်က ကိုယ်တို့နှစ်ဦး၏မျက်ဝန်းများ… မျက်လုံးချင်းဆုံပြုံးပြကြတဲ့အခိုက်အတန့်မှာ မျက်ဝန်းကြည့်တွေကိုပြန်လည်ရုတ်သိမ်းဘို့ သတိမရတော့အောင် အချိန်အတော်ကြာ မျက်လုံးချင်းဆုံ ပြုံးပြဖြစ်နေကြမှန်း နှစ်ဦးလုံး သတိထားမိသွားတော့ နှစ်ယောက်ပြိုင်တူ ရှက်ရီ ရီမိကြသည်… အတူလာသော သူငယ်ချင်းများကိုမေ့ပြီး နှစ်ယောက်အတူ စကားတွေထိုင်ပြောရင်း ရင်ခုန်ကြည်နူးစွာ အချိန်တွေကုန်မှန်းမသိကုန်လွန်သွားခဲ့တဲ့ ထိုညနေခင်းပုံရိပ်လေးက ရင်ထဲမှာ အမှတ်တယ…
ထိုညနေမှအစပြုတွယ်တာမိသော ကိုယ်တို့နှစ်ယောက်ရဲ့သံယောဇဉ်ရစ်တွယ်မှုက ရုန်းထွက်မရနိုင်တော့အောင်ခိုင်မြဲစွာ ငြိတွယ်သွားမိတော့သည်…မတူညီခြင်းတွေအများကြီးရှိနေကြမှန်းသိရက်နှင့် တွယ်တာမိခဲ့ကြသော သံယောဇဉ်နွံထဲက နှစ်ဦးသားရုန်းထွက်မရနိုင်တာတစ်ခုကတော့ တူညီခဲ့သည်…
နှစ်ဘက်အပေါင်းအသင်းများ အားကျရလောက်အောင် သိပ်ချစ်ခဲ့ကြတဲ့ ကိုယ်တို့နှစ်ဦးရဲ့ချစ်သူဘဝက သူငယ်ချင်းများကြားမှာ ပြောစမှတ်ဖြစ်ခဲ့သည်…တွေ့ဖြစ်ကြတဲ့အချိန်တိုင်းမှာ မတူညီကြတဲ့ အကြောင်းအရာတွေကို ရှောင်ဖယ်မေ့ထားရင်း၊ တစ်ယောက်မျက်နှာမညှိုးအောင် တစ်ယောက်ကကြိုးစားရင်း နားလည်စာနာမှုတွေက ကိုယ်တို့အချစ်ကို ပိုမိုခိုင်မြဲစေခဲ့သည်…
အစထဲက အစမပျိုးခဲ့သင့်တဲ့ များစွာသော မတူညီခြင်းတွေ ဘယ်လောက်ဘဲရှိနေပါစေ… ကိုယ်တို့နှစ်ယောက်ရဲ့ချစ်ခြင်းသံယောဇဉ်ကို ဘယ်လိုအရာကမှ မချိုးဖျက်နိုင်ဟု ခိုင်မာစွာယုံကြည်ခဲ့သည်… ထိုယုံကြည်ခြင်းတွေကဘဲ ကိုယ်တို့နှစ်ယောက်ရဲ့ချစ်သက်တမ်းကို အချိန်ကာလအတော်ကြာအောင်ဆွဲဆန့်ထားနိုင်ခဲ့သည်…
ကိုယ်မထင်မှတ်ထားတဲ့အဖြစ်အပျက်က ကိုယ်မထင်မှတ်ထားတဲ့ညနေခင်းတစ်ခုမှာ ဖြစ်ခဲ့သည်… ထိုမထင်မှတ်ထားခြင်းကို ဖန်တီးသူက ချစ်သူ၏အသိုင်းအဝိုင်းမဟုတ်သလို ကိုယ့်အသိုင်းအဝိုင်းဘက်ကလဲမဟုတ်ဘဲ ချစ်သူကိုယ်တိုင်ဖြစ်နေခြင်းက ကိုယ့်ရင်ကို ပြင်းထန်စွာနာကျင်စေခဲ့သည်…
နှစ်ပေါင်းများစွာ တခါမှမတောင်းဆိုခဲ့ဘူးတဲ့တောင်းဆိုချက်တွေ တပုံတပင်က ထိုညနေခင်းမှာချစ်သူနှင့်အတူလိုက်ပါလာခဲ့သည်… အတူနီးနိုင်ဘို့ဆိုသော စကားတခွန်းက ဖြေရှင်းချက်တစ်ခုဟု ကိုယ်လက်မခံနိုင်ခဲ့…ကိုယ်တို့နီးကြဘို့ဆိုတာ ကိုယ်တို့နှစ်ယောက်၏ချစ်ခြင်း၊ လုံလောက်သောငွေကြေးနှင့် နားလည်မှုဘဲလိုအပ်သည်ဟု နှစ်ပေါင်းများစွာ သဘောတူလာခဲ့ပြီးမှ ရုတ်တရက်ပြောင်းလဲသွားခြင်းကို အဖြေရှာမရခဲ့…ချစ်သူဘဝမှာမလိုအပ်ခဲ့ပေမဲ့ အိမ်ထောင်တစ်ခုတည်ထောင်ဘို့ရန်အတွက် အလေးအနက်စဉ်းစားပြီးတောင်းဆိုခြင်းဖြစ်ကြောင်း ရှင်းပြနေသော ချစ်သူ့မျက်ဝန်းတွေမှာ ချစ်ခြင်းတွေကို အပြေးအလွှားရှာဖွေမိပေမဲ့ မတွေ့ရတော့…
မိန်းကလေးဖြစ်သောကိုယ့်ဘက်က ချစ်သူကို အရှိအတိုင်းလက်ခံနိုင်ရက်နဲ့ ချစ်သူက မတူညီမှုတွေကို တူညီခြင်းသို့ အတင်းအကျပ်ပြောင်းလဲခိုင်းခြင်းကို ကိုယ်ဘယ်နည်းနဲ့မှလက်မခံနိုင်ခဲ့…
ကိုယ့်ဘက်ကမပြောင်းရင် လက်တွဲဘို့မဖြစ်နိုင်ဟု ချစ်သူပြောရက်ခြင်းက ကိုယ့်ရင်ကိုစူးရှစွာနာကျင်စေသည်…သန့်ရှင်းဖြူစင်စွာ၊မြတ်နိုးကြင်နာစွာ၊နားလည်စာနာစွာချစ်တတ်ခဲ့သော ကိုယ့်ချစ်သူသည် သူမဟုတ်တော့…
မတူညီခြင်းတွေရှိနေလျှက်နဲ့ချစ်ခဲ့ကြပြီးမှ ထိုမတူညီခြင်းတွေကြောင့် လမ်းခွဲရတော့မည်ဆိုသည့်အခါ ကိုယ့်ရင်မှာခံစားနိုင်စွမ်းမရှိတော့… ချုံးပွဲချငိုယိုရင်း ချစ်သူကို ကိုယ့်ရှေ့မှ အမြန်ဆုံးထွက်သွားပေးဘို့တောင်းပန်မိသည်….
သွားပါတော့ချစ်သူ၊ထားရစ်ခဲ့ပါတော့… ညနေခင်းခြင်းတူခဲ့ပေမဲ့ ခံစားမှုခြင်းကမတူညီခဲ့သောထိုညနေခင်းများကိုသာ ကိုယ့်အတွက်ထားခဲ့ပေးပါတော့ချစ်သူ…
ညှိယူစရာမလိုတဲ့ နားလည်စွာချစ်မြတ်နိုးခြင်းတွေကိုဘဲ ကိုယ်တန်ဘိုးထားကြည်နူးခဲ့မိတာ… ညနေခင်းတစ်ခုမှာ စတင်ချစ်မြတ်နိုးခဲ့ကြပြီး ညနေခင်းတစ်ခုမှာ နာကျင်စွာလမ်းခွဲခဲ့ရတဲ့ ကိုယ်တို့ရဲ့ချစ်ဇာတ်လမ်းကို အပြီးသတ်ကြပါစို့…ချစ်သူထားရစ်ခဲ့သောထိုညနေကို ဘယ်လိုမှမေ့မရ…အချိန်တွေကြာလာပေမဲ့ရင်ထဲကဒဏ်ရာက ခုထိတိုင်တဆစ်ဆစ်နာကျင်နေဆဲ…
++++++++++++++++++++++++++++++++++
ခုချိန်မှာချစ်သူတစ်ယောက် သူနှင့်တူညီစွာလိုက်ဖက်ညီသူတစ်ဦးနဲ့အတူ အိမ်ထောင်တစ်ခု ထူထောင်နေလောက်ပြီဟုထင်ပါသည်…
ကိုယ်ကတော့ တစ်ယောက်တည်း ပျော်ရွှင်ခြင်းညနေခင်း၊နာကျင်ခြင်းညနေခင်းတို့ကို ယခုထက်တိုင်ရင်မှာသိမ်းဆည်းလျှက်….