Friday, October 7, 2011
မတူညီခြင်းညနေခင်း
ပုံကိုgoogleမှယူပါသည်
ချစ်သူထားရစ်ခဲ့သောထိုညနေကို ဘယ်လိုမှမေ့လို့မရ… အချိန်တွေကြာလာပေမဲ့ ရင်ထဲကဒဏ်ရာက ခုထိတိုင် တဆစ်ဆစ်နာကျင်နေဆဲ…
++++++++++++++++++++++++++++++++++
ချစ်သူနှင့်ကိုယ်တွေ့ဆုံခဲ့ကြတာ ဘာမှသိပ်မထူးခြားသော ညနေခင်းတခုမှာဖြစ်သည်… ပါတီပွဲတစ်ခု၏ တစ်ညနေမှာ မိတ်တွေတစ်ဦး၏မိတ်ဆက်ပေးမှုကြောင့် စတင်သိကျွမ်းခဲ့ကြသော ကိုယ်တို့နှစ်ဦးရဲ့ဆုံစည်းမှုက အလွန်တရာရိုးစင်းလွန်းလှသည်… မရိုးစင်းသည်က ကိုယ်တို့နှစ်ဦး၏မျက်ဝန်းများ… မျက်လုံးချင်းဆုံပြုံးပြကြတဲ့အခိုက်အတန့်မှာ မျက်ဝန်းကြည့်တွေကိုပြန်လည်ရုတ်သိမ်းဘို့ သတိမရတော့အောင် အချိန်အတော်ကြာ မျက်လုံးချင်းဆုံ ပြုံးပြဖြစ်နေကြမှန်း နှစ်ဦးလုံး သတိထားမိသွားတော့ နှစ်ယောက်ပြိုင်တူ ရှက်ရီ ရီမိကြသည်… အတူလာသော သူငယ်ချင်းများကိုမေ့ပြီး နှစ်ယောက်အတူ စကားတွေထိုင်ပြောရင်း ရင်ခုန်ကြည်နူးစွာ အချိန်တွေကုန်မှန်းမသိကုန်လွန်သွားခဲ့တဲ့ ထိုညနေခင်းပုံရိပ်လေးက ရင်ထဲမှာ အမှတ်တယ…
ထိုညနေမှအစပြုတွယ်တာမိသော ကိုယ်တို့နှစ်ယောက်ရဲ့သံယောဇဉ်ရစ်တွယ်မှုက ရုန်းထွက်မရနိုင်တော့အောင်ခိုင်မြဲစွာ ငြိတွယ်သွားမိတော့သည်…မတူညီခြင်းတွေအများကြီးရှိနေကြမှန်းသိရက်နှင့် တွယ်တာမိခဲ့ကြသော သံယောဇဉ်နွံထဲက နှစ်ဦးသားရုန်းထွက်မရနိုင်တာတစ်ခုကတော့ တူညီခဲ့သည်…
နှစ်ဘက်အပေါင်းအသင်းများ အားကျရလောက်အောင် သိပ်ချစ်ခဲ့ကြတဲ့ ကိုယ်တို့နှစ်ဦးရဲ့ချစ်သူဘဝက သူငယ်ချင်းများကြားမှာ ပြောစမှတ်ဖြစ်ခဲ့သည်…တွေ့ဖြစ်ကြတဲ့အချိန်တိုင်းမှာ မတူညီကြတဲ့ အကြောင်းအရာတွေကို ရှောင်ဖယ်မေ့ထားရင်း၊ တစ်ယောက်မျက်နှာမညှိုးအောင် တစ်ယောက်ကကြိုးစားရင်း နားလည်စာနာမှုတွေက ကိုယ်တို့အချစ်ကို ပိုမိုခိုင်မြဲစေခဲ့သည်…
အစထဲက အစမပျိုးခဲ့သင့်တဲ့ များစွာသော မတူညီခြင်းတွေ ဘယ်လောက်ဘဲရှိနေပါစေ… ကိုယ်တို့နှစ်ယောက်ရဲ့ချစ်ခြင်းသံယောဇဉ်ကို ဘယ်လိုအရာကမှ မချိုးဖျက်နိုင်ဟု ခိုင်မာစွာယုံကြည်ခဲ့သည်… ထိုယုံကြည်ခြင်းတွေကဘဲ ကိုယ်တို့နှစ်ယောက်ရဲ့ချစ်သက်တမ်းကို အချိန်ကာလအတော်ကြာအောင်ဆွဲဆန့်ထားနိုင်ခဲ့သည်…
ကိုယ်မထင်မှတ်ထားတဲ့အဖြစ်အပျက်က ကိုယ်မထင်မှတ်ထားတဲ့ညနေခင်းတစ်ခုမှာ ဖြစ်ခဲ့သည်… ထိုမထင်မှတ်ထားခြင်းကို ဖန်တီးသူက ချစ်သူ၏အသိုင်းအဝိုင်းမဟုတ်သလို ကိုယ့်အသိုင်းအဝိုင်းဘက်ကလဲမဟုတ်ဘဲ ချစ်သူကိုယ်တိုင်ဖြစ်နေခြင်းက ကိုယ့်ရင်ကို ပြင်းထန်စွာနာကျင်စေခဲ့သည်…
နှစ်ပေါင်းများစွာ တခါမှမတောင်းဆိုခဲ့ဘူးတဲ့တောင်းဆိုချက်တွေ တပုံတပင်က ထိုညနေခင်းမှာချစ်သူနှင့်အတူလိုက်ပါလာခဲ့သည်… အတူနီးနိုင်ဘို့ဆိုသော စကားတခွန်းက ဖြေရှင်းချက်တစ်ခုဟု ကိုယ်လက်မခံနိုင်ခဲ့…ကိုယ်တို့နီးကြဘို့ဆိုတာ ကိုယ်တို့နှစ်ယောက်၏ချစ်ခြင်း၊ လုံလောက်သောငွေကြေးနှင့် နားလည်မှုဘဲလိုအပ်သည်ဟု နှစ်ပေါင်းများစွာ သဘောတူလာခဲ့ပြီးမှ ရုတ်တရက်ပြောင်းလဲသွားခြင်းကို အဖြေရှာမရခဲ့…ချစ်သူဘဝမှာမလိုအပ်ခဲ့ပေမဲ့ အိမ်ထောင်တစ်ခုတည်ထောင်ဘို့ရန်အတွက် အလေးအနက်စဉ်းစားပြီးတောင်းဆိုခြင်းဖြစ်ကြောင်း ရှင်းပြနေသော ချစ်သူ့မျက်ဝန်းတွေမှာ ချစ်ခြင်းတွေကို အပြေးအလွှားရှာဖွေမိပေမဲ့ မတွေ့ရတော့…
မိန်းကလေးဖြစ်သောကိုယ့်ဘက်က ချစ်သူကို အရှိအတိုင်းလက်ခံနိုင်ရက်နဲ့ ချစ်သူက မတူညီမှုတွေကို တူညီခြင်းသို့ အတင်းအကျပ်ပြောင်းလဲခိုင်းခြင်းကို ကိုယ်ဘယ်နည်းနဲ့မှလက်မခံနိုင်ခဲ့…
ကိုယ့်ဘက်ကမပြောင်းရင် လက်တွဲဘို့မဖြစ်နိုင်ဟု ချစ်သူပြောရက်ခြင်းက ကိုယ့်ရင်ကိုစူးရှစွာနာကျင်စေသည်…သန့်ရှင်းဖြူစင်စွာ၊မြတ်နိုးကြင်နာစွာ၊နားလည်စာနာစွာချစ်တတ်ခဲ့သော ကိုယ့်ချစ်သူသည် သူမဟုတ်တော့…
မတူညီခြင်းတွေရှိနေလျှက်နဲ့ချစ်ခဲ့ကြပြီးမှ ထိုမတူညီခြင်းတွေကြောင့် လမ်းခွဲရတော့မည်ဆိုသည့်အခါ ကိုယ့်ရင်မှာခံစားနိုင်စွမ်းမရှိတော့… ချုံးပွဲချငိုယိုရင်း ချစ်သူကို ကိုယ့်ရှေ့မှ အမြန်ဆုံးထွက်သွားပေးဘို့တောင်းပန်မိသည်….
သွားပါတော့ချစ်သူ၊ထားရစ်ခဲ့ပါတော့… ညနေခင်းခြင်းတူခဲ့ပေမဲ့ ခံစားမှုခြင်းကမတူညီခဲ့သောထိုညနေခင်းများကိုသာ ကိုယ့်အတွက်ထားခဲ့ပေးပါတော့ချစ်သူ…
ညှိယူစရာမလိုတဲ့ နားလည်စွာချစ်မြတ်နိုးခြင်းတွေကိုဘဲ ကိုယ်တန်ဘိုးထားကြည်နူးခဲ့မိတာ… ညနေခင်းတစ်ခုမှာ စတင်ချစ်မြတ်နိုးခဲ့ကြပြီး ညနေခင်းတစ်ခုမှာ နာကျင်စွာလမ်းခွဲခဲ့ရတဲ့ ကိုယ်တို့ရဲ့ချစ်ဇာတ်လမ်းကို အပြီးသတ်ကြပါစို့…ချစ်သူထားရစ်ခဲ့သောထိုညနေကို ဘယ်လိုမှမေ့မရ…အချိန်တွေကြာလာပေမဲ့ရင်ထဲကဒဏ်ရာက ခုထိတိုင်တဆစ်ဆစ်နာကျင်နေဆဲ…
++++++++++++++++++++++++++++++++++
ခုချိန်မှာချစ်သူတစ်ယောက် သူနှင့်တူညီစွာလိုက်ဖက်ညီသူတစ်ဦးနဲ့အတူ အိမ်ထောင်တစ်ခု ထူထောင်နေလောက်ပြီဟုထင်ပါသည်…
ကိုယ်ကတော့ တစ်ယောက်တည်း ပျော်ရွှင်ခြင်းညနေခင်း၊နာကျင်ခြင်းညနေခင်းတို့ကို ယခုထက်တိုင်ရင်မှာသိမ်းဆည်းလျှက်….
20 comments:
  1. သူငယ်ချင်းရေ မတူညီတိုင်းသာ အတူမနေရဘူးဆိုရင်... ( အင်း.... အဲတာ ရူးသွပ်တဲ့ တောင့်တချက်အစစ်ပေါ့လေ...) ကဘာပေါ်မှာ ဘာနဲ့ ဘာနဲ့ မှမှ မတူကြတာကြီးကို.... ဟီးဟီး
    ReplyDelete
  2. ခြင်ရေ....ဟုတ်ပနော်... စာရေးသူတော်တော်ဆိုး
    ReplyDelete
  3. မတူတာတွေထားလို့.. တူတာတွေ တွဲ လုပ်ကြ မယ် ဆိုလား..ခုတလော ကြားနေရတဲ့ သီအိုရီ တခု ။
    ဪ.. မတူရင်လည်း တူအောင် ညှိ ကြ ပေါ့ ကွယ်..
    ( လို အပ်ရင် ဘူဒိုဇာ လေး ဘာလေး သုံး မှ ပေါ့ ..)။
    ခု တော့ .. ခု တော့ .. ဘယ် များ ရောက်သွား ပြီ လည်း..
    ReplyDelete
  4. ရေးတုန်းကဘူဒိုဇာကိုမေ့သွားတယ် ကိကိရေ...
    ReplyDelete
  5. Roseရေ...ဒီ ကလေးတို့ အမေနှစ်ယောက်... ၀တ်ထု ရေးချင်တဲ့ စိတ်တွေ ပေါ်ပြီး၊ ရေးဖြစ် ပို့စ်တင်ဖြစ်တာတွေ တူနေတယ် :)
    Hi Five!
    ReplyDelete
  6. အကုန်တူညီမှသာယူရရင်တော့လည်း
    ReplyDelete
  7. အား၊
    ပျော်ရွှင်ခြင်းညနေ၊ နာကျင်ခြင်းညနေကို လိုက်ပါခံစားမိတယ်။
    ReplyDelete
  8. ကမ္ဘာပေါ်မှာ အဲလို မတူညီမှုတွေနဲ့ အတူမနေနိုင်ကြတဲ့ချစ်သူတွေ အများကြီးနေမှာနော်......း(
    ReplyDelete
  9. ကိုယ်သာဆိုရင်ဆိုတဲ့ အတွေးနဲ့ မောသွားတယ်မမ :( ခံစားနိုင်မယ် မထင်ဘူး....
    ReplyDelete
  10. ထားခဲ့တဲ့သူနဲ့ကျန်ခဲ့တဲ့သူနဲ့ဘယ်သူပိုခံစားရလဲ
    ဆိုတာသေချာသိချင်တယ် အမရေ
    ချစ်သူတိုင်းမညားနိုင်ကြသလို..
    ချစ်သူတိုင်းကိုလည်းမကွဲစေချင်ဘူးအမရယ်..
    ReplyDelete
  11. Very touching story, sis... I wonder what are their differences, background, religion??? hmm :))
    ReplyDelete
  12. နာကြင်ခြင်းတွေကို ပျော်ရွှင်ကြည်နူးမှုလေးတွေနဲ့ အစားထိုးနိုင်ပြီး ဘဝအမောတွေ ပြေနိုင်ပါစေလို့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  13. အတူညီလဲရပါတယ် အချစ်ကအချစ်ပါပဲနော်...
    ReplyDelete
  14. မတူညီတဲ့ စိတ်သဘောထားကြောင့် လမ်းခွဲကြရတဲ့ချစ်သူတွေ ဘယ်လောက်များ ရှိနေမလဲနော်
    ဝတ္ထုလေးဖတ်ပြီး အဲဒီလို ညနေမျိုးကို အမှတ်ရသွားမိတယ်။
    အတိတ်ဆိုတာ ဒဏ်ရာတစ်မျိုးဘဲနော်။ ဘာဘဲဖြစ်ဖြစ် အချိန်ကြာလာတော့လည်း သက်သာသွားရတာပါဘဲ။
    အနာရွတ်လေးကျန်ခဲ့တာကလွဲရင်ပေါ့
    ReplyDelete
  15. မတူညီတဲ့ သူနှစ်ယောက်အကြောင်း ခံစားသွားပါတယ်။
    ReplyDelete
  16. Vista, အပြုံးပန်း၊ မိုးငွေ့၊ Angelhlaing,blackroze,rose,mstint,jasmine,ချော... ကော်မန့်လေးတွေအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်...
    ReplyDelete
  17. လွမ်းရဲလို့ လမ်းခွဲခဲ့ပြီပဲလေ
    ဒီရင်ဘတ်ထဲလည်း
    တစ်ခြမ်းပြတ်စွယ်တော်တွေ တဆတ်ဆတ်နဲ့ကို နာလို့။။။။
    ReplyDelete
  18. အားပေးခံစားသွားပါတယ် အမရေ။။။
    ReplyDelete
  19. ကံပေါ့ရှင်။ ဘယ်တတ်နိုင်ပါ့မလဲ။ ဖူးစာပါရင် ဆုံကြမှာပေါ့လေ။
    ခင်တဲ့
    မေသိမ့်
    ReplyDelete