Monday, March 10, 2014

ညီမလေးနှင်းရဲ့ တဂ်ပို့စ်



ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားနဲ့ ကြိုတင်မသိမြင်တဲ့အကြောက်တရား နှစ်ခုစလုံးကတော့   ကြောက်လန့်စရာကောင်းတာတွေချည်းပါဘဲ။
ကိုယ့်အတွက်တော့ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားတွေနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ဘူးသလို ကြိုတင်မသိမြင်နိုင်ခဲ့တဲ့ အကြောက်တရားတွေနဲ့လဲရင်ဆိုင်ခဲ့ဘူးပါတယ်…
ကြိုတင်ပြင်ဆင်မှုနဲ့ကာကွယ်မှုတွေလုပ်ဆောင်ထားနိုင်ခဲ့ရင်တော့ ကြောက်စရာကောင်းတဲ့အဖြစ်အပျက်မျိုးတွေရင်ဆိုင်ရတဲ့အခါ ကြိုတင်မပြင်ဆင်ထားတာထက်တော့ ခံနိုင်ရည်ပိုရှိစေပါတယ်…
ကိုယ့်အသက်၂၆နှစ်ကျော်ကျော်မှာကိုယ်ဝန်ဆောင်ရတော့ မွေးဖွားတဲ့အခါနာကျင်ခံစားရမှာကိုကြောက်ပြီး ခွဲမွေးဖို့ဆုံးဖြတ်ခဲ့တယ်… ဒါကကြိုတင်မြင်နိုင်တဲ့အကြောက်တရားအတွက်ကြိုတင်ပြင်ဆင်ဆုံးဖြတ်ခဲ့တာပေါ့…
ဒါပေမဲ့တကယ်မွေးရမဲ့ရက်ထက်၃ပတ်စောပြီးညသန်းခေါင်မှာဗိုက်တွေနာတာကကြိုတင်မပြင်ဆင်ထားမိတဲ့၊ ကိုယ်မမြင်နိုင်ခဲ့တဲ့အကြောက်တရားပါဘဲ…
ကိုယ်ပြနေတဲ့ဆရာဝန်ကဆေးရုံကိုအစောကြီးမရောက်လာခင် သဘာဝအတိုင်းမွေးရတော့မယ်အထင်နဲ့ကြောက်စိတ်တွေဝင်နေခဲ့ရတယ်…
တကယ်တမ်းသားအိမ်ကမပွင့်တော့ ခွဲစိတ်ဖို့ဆရာဝန်ကိုစောင့်ရတော့မယ်ဆိုတာသိရတဲ့အခါ ခလေးလေးအထဲမှာအသက်ရှင်နေပါ့မလားလို့စိတ်တွေပူကြောက်လန့်နေခဲ့ရတာပြန်တွေးတိုင်း အသက်ရှုတွေကျပ်ချင်သလို…
အိမ်မှာခင်ပွန်းသည်မရှိတဲ့အချိန်သူခိုးဝင်တာ… ကားရပ်ထားတုန်း ကားအခိုးခံရတာတွေကြုံရတဲ့အခါဖြစ်ခဲ့တဲ့ကြောက်စိတ်တွေကလည်းတွေးမိတိုင်းရင်တုန်မိတုန်းရယ်…
နောက်တစ်ခုကကိုယ့်ထက်အရင်ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်လောကထဲကထွက်ခွာသွားမှာကို အရမ်းကြောက်ပါတယ်…
အဲဒါကသေတစ်နေ့မွေးတစ်နေ့မို့ ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားဖြစ်သလို ဘယ်တော့မှန်းကြိုမသိရဘဲရုတ်တရက်ခွဲခွါသွားမှာမျိုးက  ကြိုတင်မသိမြင်နိုင်တဲ့အကြောက်တရားမို့   ကြောက်မိတာချင်းကအတူတူပါဘဲ…
အပေါင်းအသင်းနဲ့ပတ်သက်လာရင်တော့ကြိုတင်မသိမြင်နိုင်တဲ့ နောက်ကျောဓါးထိုးမှုမျိုးကိုပိုကြောက်မိတယ်…
အကြိမ်ကြိမ်ခံခဲ့ရဘူးပေမဲ့ ခုထက်ထိကြောက်နေရတာမို့   ကိုယ့်အတွက်အကြောက်ရဆုံးကအဲလိုအပေါင်းအသင်းမျိုးကိုပါ…
ကိုယ့်အတွက်ဘယ်အရာကိုပိုကြောက်တယ်ဆိုတာ ကြောက်ရမဲ့အနေအထားပေါ်မှာမူတည်တာမို့   ကြောက်စရာအခြေအနေအတွက် တတ်နိုင်သမျှကြိုတင်ပြင်ဆင်ထားလိုက်တာပါဘဲ…
ကိုယ်တို့တွေရုတ်တရက်သေဆုံးသွားခဲ့ရင် ကျန်ရစ်ခဲ့မဲ့ခလေးတွေအတွက် စိုးရိမ်ကြောက်လန့်မိခြင်းကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကိုယ်တို့ရဲ့ပိုင်ဆိုင်မှုဘာတွေရှိတယ်ဆိုတာခလေးတွေကိုပြောပြထားတယ်… ရုတ်တရက်အခြေအနေမျိုးမှာဆက်သွယ်ဘို့ ဆွေမျိုးတစ်ချို့ရဲ့ဖုန်းနံပါတ်တွေသူတို့ဖုန်းထဲမှာထည့်ပေးထားတယ်…
နောက်ကျောဓါးနဲ့အထိုးခံရမှာကြောက်ပေမဲ့ သွေးအေးတဲ့ကိုယ့်ပင်ကိုယ်စိတ်အရ စိတ်ကိုတည်ငြမ်အောင်ထိန်းထားတတ်တာမို့ သိပ်တော့ကြိုတင်ပြင်ဆင်စရာမလိုဘူးလို့ထင်မိပါတယ်..
ချစ်ညီမလေးနှင်းရဲ့တဂ်ပို့စ်လေးကိုအဆုံးသတ်ရမယ်ဆိုရင် ဘယ်အရာကိုမှပိုမကြောက်မိပါဘူး… ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားကိုကြောက်မိသလို ကြိုတင်မသိနိုင်တဲ့အကြောက်တရားကိုလဲကြောက်တာပါဘဲလို့…..
ချစ်ခင်စွာဖြင့်

Rose Of Sharon

13 comments:

  1. အစ်မနော်ဖော်ရေးထားတာလဲ တစ်မျိုးလေး.

    ReplyDelete
  2. တဂ်ပို့စ်လေး ကြည်နူးစွာနဲ့ဖတ်သွားတယ် မနော်ရေ.. မိခင်ရဲ့မေတ္တာ ကြီးမားပုံလေးကို ဖတ်ရင်းမြင်တွေ့လိုက်ရတယ်။ လူရယ်လို့ ခံယူမှတော့ အခက်အခဲအမျိုးမျိုးနဲ့ ကြုံဆုံရတာ သဘာဝပေါ့နော်။

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  3. ကြောက်တာကတော့ လူတိုင်း အနည်းနဲ့ အများဆိုသလို ကြောက်တတ်ကြမှာပါပဲ မရို့စ်ရာ...။
    မရို့စ်လို ကိုယ်ကြောက်တဲ့အရာကို ကြိုတင်ပြင်ဆင်မှုတွေနဲ့ စီမံထားတာ အတုယူစရာပဲ...

    ခင်မင်စွာ.....
    ကိုဏီ

    ReplyDelete
  4. မြသွေးလဲ ကိုယ်က ရိုးရိုးမွေးမှာဆိုတော့ သားပြည့်ကို မမွေးခင်ကဆို တွေးကြောက်သေးတယ်။ နင်လားငါလားမွေးတော့လဲ အလိုလို ကျော်ဖြတ်နိုင်သွားတာ အံ့သြစရာအဖြစ် သိလိုက်ရတယ်။ အမှန်တော့ ကြောက်စိတ်က စိုးရိမ်စိတ်က မြစ်ဖျားခံလာတာ။ ကျော်ဖြတ်ပြီးချိန်ကြပြန်တော့ ယုံကြည်မှုတစ်ခု ထပ်တိုးပြန်ရောနော်။

    ReplyDelete
  5. အပေါင်းအသင်းနဲ့ပတ်သက်လာရင်တော့ကြိုတင်မသိမြင်နိုင်တဲ့ နောက်ကျောဓါးထိုးမှုမျိုးကိုတော့ပိုကြောက်မိတယ်(အကြိမ်များစွာ ခံစားခဲ့ရဖူးတယ်)

    ReplyDelete
  6. မမရေ တက်ဂ်ပို့စ်လးရေးပေးတဲ့အတွက် ကျေးဇူးပါ...အမေတစ်ယောက်ပီပီ ကလေးတွေအတွက် ကြိုတင်ပြီး ပူပန်တတ်တာ သဘာဝပါပဲနော်... အထူးသဖြင့် သားသမီးဇောနဲ့ အကြောက်တရားတွေကို မေ့ပြီး သတ္တိတွေရှိလာတာ မိဘတွေ ( အထူးသဖြင့် သားသမီးမွေးဖူးတဲ့ မိခင်တွေ)။
    နောက်ကျောဓါးနဲ့ထိုးတဲ့ကိစ္စတွေကတော့ ရှိတတ်ပါတယ် မမရယ်.... မကြောက်ပါနဲ့... ကိုယ့်စေတနာက ကိုယ့်ကို အကျိုးပေးမှာပါ... တခါသေဖူးပျဉ်ဖိုးနားလည်ဆိုပေမယ့် ကိုယ်တိုင်လည်း ခဏခဏ သေနေတာတောင် ပျဉ်ဖိုးနားမလည်နိုင်ဘူးဖြစ်နေတယ်...
    ချစ်သော
    နှင်း

    ReplyDelete
  7. ဟန်ကြည်March 10, 2014 at 10:31 PM

    တစ်ခါတစ်ခါတော့လည်း ကိုယ်ကြောက်တဲ့အရာက ဘာကြောင့်ကြောက်ရမှန်းမသိတာကြီးကလည်း ကြောက်ဖို့ကောင်းတာပါပဲဗျို့...

    ReplyDelete
  8. နောက်ကျော ဒါးထိုးခံရတဲ့ ခံစားချက်ကတော့တကယ်ကို မလွယ်တာ
    အမရေ..
    ခံစားဖူးတဲ့သူချင်းမို့ သိတာ....

    ReplyDelete
  9. မြတ်ကောပဲ ကြိုတင်မြင်နိုင်တာတွေကော ကြိုတင်မမြင်နိုင်တာတွေကော အကုန်လုံးကို ကြောက်လို့ ဘာကိုမှ မကြောက်ဘူးလို့ပဲ ပြောရတော့မလား၊ အကုန်လုံးကို ကြောက်တယ်လို့ပဲ ဆိုရတော့မလား တစ်ယောက်တည်း တွေးရင်း တွေဝေ။

    ReplyDelete
  10. ခလေးလေးအထဲမှာအသက်ရှင်နေပါ့မလားလို့စိတ်တွေပူကြောက်လန့်နေခဲ့ရတာပြန်တွေးတိုင်း အသက်ရှုတွေကျပ်ချင်သလို…ဒီခံစားချက်လေးကို ကိုယ်ချင်းစာ နှစ်ခြိုက်စွာ အား
    ပေးသွားပါတယ် ။

    ReplyDelete
  11. တစ်ခါတစ်လေ အတွေးနဲ့ တွေးကြောက်ရတာတောင် အသက်ရူ မဝသလိုပါပဲလားမမရေ..။

    ReplyDelete
  12. အစ်မ ကြိုတင်ပြင်ဆင်ထားပုံလေးက အတုယူစရာ...ဘယ်လောက်ပဲ ပြင်ဆင်ထားထား ကြိုတင်မမြင်နိုင်တဲ့ အဖြစ်အပျက်တွေလည်း ရှိသား..ညီမလုံး နှစ်မျိုးလုံး ကြောက်တယ်...း)

    ReplyDelete