Tuesday, April 8, 2014

ချစ်သူ့မွေးနေ့



 


ဒီနေ့မနက်သည်ခါတိုင်းမနက်တွေထက်အေးချမ်းနေသယောင်ယောင်… ဆိုင်ဂုံမြို့ရဲ့နွေအကုန်ကခါတိုင်းနေ့တွေမှာအစွမ်းကုန်ပူပြင်းလွန်းပေမဲ့ ဒီမနက်မှာတော့အေးမြသောမနက်ခင်းလေးကကြည်လင်နေသောစိတ်ကို ကြည်နူးမှုတွေထပ်တိုးပေးနေပြန်သည်။

ဒီနေ့ခင်ပွန်းသည်မွေးနေ့မှာမှမနေ့ကပူနေသည့်ရာသီဥတုကအေးမြခြင်းသို့ပြောင်းလဲပေးခြင်းလေလားဟု ကိုယ့်ဘာသာတွေးရင်းပြုံးမိသည်။ တစ်မြို့ထဲရှိနေပါရက်နှင့် အတူမရှိနေနိုင်သောမနက်ခင်းကသူ့အကြောင်းတွေပိုတွေးဘို့ဖြစ်လာခဲ့သည်ထင့်။

ညနေမှအိမ်ပြန်လာမည့်ခင်ပွန်းသည်အတွက်မွေးနေ့လက်ဆောင်အဝယ်ထွက်ဘို့စဉ်းစားထားပေမဲ့ အိမ်မှာမီးလာပြင်မည့်အလုပ်သမားတွေကိုစောင့်ရဦးမည်မို့ သူသာရုတ်တရက်စောပြီးအိမ်ပြန်လာလျှင် ကိုယ့်မှာသူ့မွေးနေ့အတွက်ဘာမှပြင်ဆင်ထားခြင်းမရှိသည်မို့ အားနာရမည်ဖြစ်သည်။

လက်ရှိအလုပ်တာဝန်တွေလွှဲပြောင်းပြီးမှအိမ်အသစ်မှာမိသားစုနှင့်အချိန်ပြည့်နေနိုင်မည့်သူက
 လောလောဆယ်တော့ လုပ်ငန်းရှိရာနေရာမှာနေထိုင်နေရဆဲမို့ မိသားစုနှင့်အချိန်ပြည့်မနေနိုင်။
ဒီနေ့တော့သူ့မွေးနေ့မို့အလုပ်ချိန်ပြီးလျှင်မိသားစုနှင့်အတူညစာထွက်စားဘို့စီစဉ်ပြီးသားဖြစ်သည်။

သားနှင့်သမီးကတော့သူတို့ဖခင်အတွက်မွေးနေ့လက်ဆောင်ပြင်ဆင်ပြီးသားဖြစ်သည်။ ကိုယ့်မှာသာအိမ်အသစ်မှာ
အသားကျဘို့တစ်နေ့တစ်နေ့အိမ်ပြင်ခြင်း၊အိမ်မှုကိစ္စများနှင့်
အချိန်ကုန်လို့ကုန်မှန်းမသိနှင့်
ခုတော့မွေးနေ့လက်ဆောင်တောင်ပြင်ဆင်ချိန်မရသေး။
သူကတော့မိသားစုများအပေါ်တာဝန်ကျေလွန်းသူဖြစ်သည်။
ဇနီးနှင့်သားသမီးများကိုလိုလေသေးမရှိအောင်
အစစအရာရာဖြည့်စွမ်းပေးလေ့ရှိကာလိုတရစေသူဖြစ်သည်။

အိမ်ထောင်သက်တမ်း၁၅နှစ်ချစ်သူသက်တမ်း၂နှစ်… ၁၇နှစ်လုံးသူ့ကြောင့်စိတ်ဆင်းရဲမှုများနည်းနည်းမှကိုမခံစားခဲ့ရခြင်းအတွက် ရင်ထဲမှလှိုက်လှဲစွာကျေးဇူးတင်ပါသည်။
အိမ်ထောင်ဦးကာလကြုံတွေ့ရလေ့ရှိသောအဆင်မပြေမှုများကိုလည်း သူ့ဘက်မှနားလည်ခွင့်လွှတ်ခြင်းများဖြင့် အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ကိုယ့်ဘက်ကလစ်ဟင်းခဲ့ခြင်းများစွာကိုလည်း အပြစ်မမြင်ဘဲ 
နားလည်အောင်သင်ယူစေခဲ့သူဖြစ်သည်။
နှစ်ပေါင်းများစွာကြာအောင် ဟိုးအရင်ထဲကနွေးထွေးမှုမျိုးကို ခုချိန်ထိရရှိနေခြင်းအတွက် မြတ်နိုးစွာကျေးဇူးတင်ပါသည်။

သူသည်ကိုယ့်အတွက် ဘုရားပေးသောလက်ဆောင်အစစ်အမှန်ဖြစ်သည်။
မိသားစုအတွက်၊ကိုယ့်အတွက်၊သမီးနှင့်သားအတွက် မရှိမဖြစ်လိုအပ်သော ထိုလက်ဆောင်မွန်ကိုတန်ဘိုးထားမြတ်နိုးလျှက် ဆုံးရှုံးရမှာကိုလည်း စိုးရိမ်မိပါသည်။
ထို့အတွက်လည်း သူ့ကျန်းမာရေးအတွက်အမြဲဆုတောင်းပေးလေ့ရှိသည်။
တည်ကြည်သစ္စာရှိသော၊အစဉ်သဖြင့်မိသားစုရှေ့မှာမားမားမတ်မတ်ရပ်တည်ပေးလေ့ရှိသော၊
အဖက်ဖက်မှလိုလေသေးမရှိအောင်ပံ့ပိုးပေးလေ့ရှိသော ခင်ပွန်းကောင်း၊ဖခင်ကောင်း ၏၄၄နှစ်မြောက်သောမွေးနေ့မှစ နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာခြင်းပကတိကိုရရှိလျှက် လိုရာဆန္ဒမှန်သမျှ ပြည့်စုံရပါမည့်အကြောင်း
 ထာဝရဘုရားရှင်ထံဆုမွန်ကောင်းတောင်းပန်အပ်ပါသည်။

သမီးနှင့်သားကိုကျောင်းသွားကြိုရင်းအပြန်မှာမွေးနေ့လက်ဆောင်အတူဝင်ဝယ်ကြပြီး
သူပြန်အလာကိုစောင့်ကြိုနေကြပါမည်။
သူလည်းခုချိန်မှာ အချိန်မှီအိမ်ပြန်လာနိုင်ဘို့ ပြင်ဆင်နေပါလိမ့်မည်။

တကယ်တော့သူ့မွေးနေ့တိုင်းမှာအချိန်ပြည်သူ့အနားရှိနေချင်ပါသည်။
ကိုယ့်ဆန္ဒတွေတွေခုချိန်မှာမပြည့်ဝနိုင်သေးမဲ့
အသက်တွေကြီးလို့ အနားယူချိန်မှာတော့ မွေးနေ့တိုင်းမှာ နှစ်ယောက်အတူအချိန်ပြည့်ရှိနေနိုင်ပါလိမ့်မည်။
ထိုနေ့မျိုးမှာတော့ ကိုယ်တို့ဇနီးမောင်နှံက မိဘအဘိုးအဘွားတွေကိုလာတွေ့မည့် 
သမီးသားနှင့်မြေးများကို အိမ်ဝမှာစောင့်ကြိုနေပါလိမ့်မည်။
ထိုနေ့များကိုမျှော်လင့်စောင့်စားရင်း ဒီနေ့ကျရောက်တဲ့သူ့မွေးနေ့ကို ပျော်ရွှင်ကြည်နူးစွာဖြတ်သန်းလိုက်ပါဦးမည်။


17 comments:

  1. ခင်ပွန်းသည်ကို ချစ်မြတ်နိုးတဲ့ မရို့စ်ရဲ့စိတ်ထားလေးတွေက စာထဲမှာ သိပ်သိပ်သည်းသည်းပါပဲ။

    မရို့စ်ရဲ့ ခင်ပွန်းအတွက် ပျော်ရွှင်ချမ်းမြေ့သော မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ....

    -------------------
    ခင်မင်စွာ...
    ကိုဏီ

    ReplyDelete
  2. မမ နော် ချစ်သောသူ ကျန်းမာသည့်ပြင် ချစ်သောမိသားစုနှင့် အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ့

    မိုး

    ReplyDelete
  3. ချစ်သော မမနော်ရဲ့  ချစ်သူ ကျန်းမာပျော်ရွှင်လို့  မမနော်တို့ မိသားစုအားလုံး အခုလို ပျော်ရွှင်ချမ်းမြေ့ မှုတွေ ထာဝရပိုင်ဆိုင်ပါစေ ဘုရားသခင်ကောင်းချီးပေးပါစေ

    ပိုးပိုး

    ReplyDelete
  4. မနော်ရဲ့ချစ်ချစ်အတွက် Happy Birthdayပါလို့...
    ချစ်ခင်တွယ်တာဖွယ်ရာ မိသားစုဝင်တွေရဲ့ အချင်းချင်း အပြန်အလှန် တန်ဘိုးထားတဲ့ မေတ္တာဖြူဖြူလေးတွေက အင်မတန်မှချစ်စရာပါ မနော်ရေ..

    ReplyDelete
  5. happy birthday to yr dear husband

    ReplyDelete
  6. အာဘွားကြီးကြီးရောပေးလိုက်ရဲ့လား ကိုကိုအန်ထော်နီလေးကို :D စတာနော်.... Happy Birthday Antony

    ReplyDelete
  7. Many happy returns of the day & may God Bless Ma Naw's beloved !

    best wishes,
    T Tint

    ReplyDelete
  8. ချစ်စရာကောင်းလိုက်တာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ
    ဖတ်ပြီး ပီတိဖြစ်ရတယ်

    ReplyDelete
  9. Happy Birthday ပါ လို့
    ပြောပေးနော် မကြီးရိုစ့် 

    ReplyDelete
  10. အစ်မလို ကံကောင်းချင်တယ်။း) တောင်းတဲ့ဆုနဲ့ ပြည့်ဝပါစေနော်။

    ReplyDelete