
(ပုံကို Google မှယူပါသည်)
ဒီတောင်ထိပ်ပေါ်ကို သူရောက်ရှိနေခဲ့သည်မှာ ရက်အတန်ကြာခဲ့ပြီဖြစ်သည်… ယခုထက်ထိထိုတောင်ထိပ်ပေါ်မှ ထွက်ခွါသွားလိုစိတ် သူ့တွင်မရှိသေး…
………………………………………………………………………………………….
ထိုတောင်ထိပ်ပေါ်သို့ သူရောက်ရှိသွားဘို့အတွက် ခက်ခဲစွာဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်… သူ့မှာ အိမ်ထောင်ဖက်နှင့် သားသမီးများ ရှိနေသေးသည်မို့ သူလုပ်ချင်ရာလုပ်ပစ်ဖို့ လွယ်ကူစွာမဆုံးဖြတ်နိုင်ခဲ့… နှစ်အတန်ကြာ စိတ်ဖိစီးမှုများစွာကို အောင့်အည်းသည်းခံလျှက် ထိုနေ့ရက်ရောက်ရှိလာဘို့ကို ရည်မှန်းချက်ပန်းတိုင်တခုအဖြစ် သူနှလုံးသွင်းထားခဲ့သည်….
လုပ်ငန်းခွင်ထဲမှ သူ့ထက်ငါနေရာယူ ပြိုင်ဆိုင်မှုများမှ သူဘေးထွက်ခဲ့ပြီး ကိုယ့်ကိုသတ်မှတ်ပေးထားသော တာဝန်များကိုသာ ကျေပြွန်အောင်သူထမ်းဆောင်ခဲ့သည်… ထိုကဲ့သို့ဘေးထွက်နေရင်းကနေ တိုက်ခိုက်မှုတွေခံရတာမျိုးရှိလာလျှင်လည်း သူအတတ်နိုင်ဆုံးရှောင်ထွက်ခဲ့သည်… ရှောင်ထွက်ရင်းက ကိုယ့်ကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေသူများ ကိုယ်နှင့်ဝေးရာ ပိုမိုကောင်းမွန်သောနေရာများသို့ ရောက်ရှိသွားနိုင်ကြဘို့ ဆုတောင်းပေးနေမိသည်… ကိုယ်ကတော့ဒီကထွက်သွားဘို့မဖြစ်နိုင်တော့သောကြောင့် ဖြစ်သည်… နေရာသစ်တခုသို့ပြောင်းရွှေ့ဘို့ သူမစဉ်းစားတော့ဘဲ သူ့ပန်းတိုင်အောင်မြင်ရေးကိုသာ သူအလေးထားချင်တော့သည်….
သူ့မှာ သူများအပေါ် ပျက်စီးစေလိုစိတ်မရှိဘဲ သူ့ကိုမတိုက်ခိုက်ကြရုံသာရည်ရွယ်တောင်းမိသောထိုဆုကြောင့် သူ့လုပ်ငန်းခွင်ထဲမှ သူ့ကိုတိုက်ခိုက်ကြသူများ သူဆုတောင်းခဲ့သလို သူ့အနားမှ ရာထူးတိုးပြောင်းရွှေ့သွားကြသောအခါ သူလိပ်ပြာသန့်စွာပြုံးနေနိုင်ခဲ့ပါသည်… သူကတော့ ဒီနေရာ ဒီရာထူးမှာပင် တာဝန်တွေကျေအောင်ထမ်းဆောင်ရင်း သူ့ပန်းတိုင်သို့ရောက်ရှိရေးအတွက် အကွက်ချစီစဉ်လျှက်ရှိနေဆဲ…
သူ့အိမ်မှာ ဘာပစ္စည်းအသစ်ဝယ်မလဲ စိတ်ဝင်စားတတ်သော အိမ်နီးချင်းများကိုလည်း အလုပ်ကပြန်လာချိန်မျက်နှာချင်းဆိုင်တွေ့တိုင်း ကြည်လင်စွာပြုံးပြဘို့ သူကြိုးစားခဲ့သည်… သူ့အိမ်မှာ ကိုယ့်အိမ်မှာထက်သာသော ဇိမ်ခံပစ္စည်းများ ကို လာကြည့်လှည့်ပါဟုဖိတ်ခေါ်တတ်သော တအိမ်ကျော်မှ အိမ်နီးချင်းထံသို့ ပြုံးရွှင်စွာ သွားရောက်လည်ပတ်ပြီး ထိုပစ္စည်းများ သူမဝယ်နိုင်ပါကြောင်း ရိုးသားစွာဝန်ခံခဲ့ရခြင်းအား သူဂုဏ်ယူနိုင်ခဲ့ပါသည်… နောက်နောင်မတွေ့ရတော့မည့်ထိုသူများအပေါ် စိတ်ကောင်းကြည်လင်စွာဖြင့် သူဆက်ဆံနိုင်ခဲ့ခြင်းက ထိုပန်းတိုင်ကြောင့်သာဖြစ်သည်… အရင်ကတော့ ထိုအိမ်နီးချင်းများအပေါ် သူစိတ်ပျက်ခဲ့ခြင်းကို ရိုးသားစွာဝန်ခံလိုပါသည်… အခုတော့ သူ့ပန်တိုင်ရောက်ရှိရေးသာ သူ့အာရုံထဲမှာရှိသောကြောင့် လူအမျိုးမျိုးနှင့်စိတ်အထွေထွေများကို သူအရေးမထားတော့ပါ….
အိမ်ထောင်ဖက်နှင့်သားသမီးများ၏ လိုအပ်ချက်များစွာအတွက် နည်းနည်းမှ မညည်းညူတော့ဘဲ တနေ့ရစေရမည်ဖြစ်ကြောင်း ကတိပေးနိုင်လာသည်…ထိရည်မှန်းချက်ပန်းတိုင် ချမှတ်ပြီးချိန်မှပြီး သူ့စိတ်တွေငြိမ်းချမ်းလာခဲ့ကြောင်း သူသတိထားမိသည်…
ခုတော့သူ့ရည်မှန်းချက်ပြည့်ဝတော့မည်ဖြစ်သည်…သူအနှစ်နှစ်အလလစုဆောင်းခဲ့သော ငွေကြေးဖြင့် လုပ်ငန်းအသေးစားတခု ၊ လုပ်ငန်းလည်ပတ်ရန်အတွက် သူစိတ်ချရသောဝန်ထမ်းများ အရာအားလုံးကို သူ့အိမ်ထောင်ဖက်ထံလွှဲပြောင်းပေးခဲ့ပြီးဖြစ်ပြီး သားသမီးများလည်း ပညာစုံ အလုပ်ကိုယ်စီနှင့်ဖြစ်သောကြောင့် သူ့မှာနောက်ဆံတင်းစရာ ဘာတခုမှမရှိတော့ဟု သဘောထားပြီး ထိုခရီးကိုသူထွက်လာခဲ့တော့သည်…
………………………………………………………………………………………………………………………………………
သူထိုတောင်ထိပ်ပေါ်တွင်ထိုင်ရင်း သူ့ကိုယ်သူကျေနပ်နေခဲ့သည်…သူ့မှာပိုင်ဆိုင်သမျှသည် ခုချိန်တွင် မိုးကာတဲလေး၊အိတ်ထဲတွင်ရှိသော ထမင်းခြောက်များနှင့်အဝတ်အနည်းငယ်သာဖြစ်သည်… တောင်အောက်ကစမ်းချောင်းလေးတွင် သူလိုအပ်သမျှသယ်ယူရန် လုံလောက်သောရေရှိသည်… ဘဝတွင် ဘာမှမလိုအပ်သော ထိုခံစားချက်ကို တစိမ့်စိမ့်ခံစားရင်း တောင်ထိပ်ပေါ်တွင် သဘာဝတရားများနှင့် လက်ပွန်းတတီးရှိနေလိုသော သူ၏ရည်မှန်းချက်ပန်းတိုင်ပြည့်ဝခဲ့ခြင်းအတွက် ကြည်နူးပီတိဖြစ်မိသည်…
ဒီတောင်ထိပ်ပေါ်ကို သူရောက်ရှိနေခဲ့သည်မှာ ရက်အတန်ကြာခဲ့ပြီဖြစ်သည်… ယခုထက်ထိထိုတောင်ထိပ်ပေါ်မှ ထွက်ခွါသွားလိုစိတ် သူ့တွင်မရှိသေး….