Friday, June 22, 2012

ကျေးဇူးတင်လွှာ၃၈



ရှေးဦးစွာ လူ့လောကထဲသို့ ခေါ်ဆောင်ပေးခဲ့သော မိဘနှစ်ပါးကို ကျေးဇူးအထူးတင်ပါသည်…. ထိုနေ့မနက်ခင်းတွင် မိုးဖွဲဖွဲရွာနေခဲ့သည်…. နေ့စေ့လစေ့မီးဖွါးခါနီး ဗိုက်နာနေရင်းက အိမ်မှာကျန်ခဲ့မည့် ခလေးများအတွက် ဆေးရုံမသွားခင် စားစရာများစီမံနေခဲ့ရသည်… ဝန်ထမ်းအိမ်ယာဘေးတဖက်တချက်မှ အိမ်နီးချင်းများကို ခလေးများသာအိမ်မှာကျန်ခဲ့ကြောင်း အသိပေးပြောကြားအပြီး အားလုံးအဆင်သင့်ဖြစ်နေချိန်မှာ မီးဖွါးခါနီးလက္ခဏာဖြစ်သော ဗိုက်နာခြင်းက အနာစိပ်လာခဲ့သည်… အဖေလမ်းထိပ်ထွက်ငှားလာသော အငှားကားအိမ်ရှေ့ရောက်ချိန်မှာ အမေအတော်နာကျင်ပင်ပန်းနေခဲ့သည်… ခလေးအကြီးများမွေးဖွါးရာ မြို့လယ်ခေါင်ဆေးရုံသို့မသွားတော့ဘဲ ပိုနီးမည်ထင်သည့်ဆေးရုံသို့ အမြန်မောင်းခိုင်းခဲ့ရသည်…ဆေးရုံရောက်ခါနီးကားလမ်းဆုံတခုတွင် ကားအဆောင့် ရေမွှာအိတ်ပေါက်ပြီး အပြင်းပြဆုံးနာကျင်မှုနှင့်အတူ နီတာရဲခလေးလေးပါထွက်ကျလာတာမို့ အဖေကလက်နှစ်ဖက်နှင့်ခံထားခဲ့ရသည်… ဆေးရုံအရောက် အရေးပေါ်အကူအညီနှင့် အငှားကားပေါ်မှာတင်ချက်ကြိုးဖြတ်ပေးခဲ့ရသည်…. အမေနှင့်မွေးခါစကျမကို ဆေးရုံခန်းထဲခေါ်ဆောင်သွားချိန်တွင် အဖေက သွေးနှင့်အညစ်အကြေးတွေပေကျံနေသော အငှားကားကို အားနာစွာဆေးပေးခဲ့ရသည်….
ကျမကမွေးစကပင်မိဘများကို ပင်ပန်းစေခဲ့သူဖြစ်သည်…ငယ်စဉ်ဘဝစထဲက ပင်ပန်းခဲ့ကြရုံမက ဖြူပတ်ဖြူရော် သေးသေးကွေးကွေးကျမက အလွန်ချူချာခဲ့သေးသည်မို့ ကျမအတွက် အဖေနှင့်အမေ တောက်လျှောက်ပင်ပန်းခဲ့ကြသည် … ထိုကဲ့သို့ချူချာသူကျမက လူကောင်သေးသေး စိတ်ကကြီးကြီးနှင့် မိဘများမကြိုက်တာမှန်သမျှ လုပ်ချင်တာရောရွဲ့ချင်တာရောပေါင်းပြီး အကုန်လုပ်ခဲ့သူမို့ လူရောစိတ်ပါပင်ပန်းခဲ့ကြသော မိဘနှစ်ပါးကို ခုချိန်မှာပြန်တွေးမိတိုင်း နောင်တတွေတလှေကြီးရမိသည်… ကျမဆိုးသလောက် ကျမအပေါ်အချစ်မပြယ်ခဲ့ကြသော မိဘနှစ်ပါးကို ကျမကျေးဇူးတင်ပါသည်….
ဘဝရဲ့အမှတ်တရတွေများစွာ တမိုးအောက်မှာ အတူမျှဝေခဲ့ကြသော အစ်ကိုတစ်ယောက်၊အစ်မသုံးယောက်နှင့်ညီမတစ်ယောက်တို့အား ကျေးဇူးတင်ပါသည်… လိုတမျိုးမလိုတမျိုး အပေါင်းအသင်းများအား ခယစွာအတူကစားဘို့ ပေါင်းသင်းနေစရာမလိုဘဲ မောင်နှမတတွေ အတူတူကစားခဲ့ရခြင်းအတွက် ကျေးဇူးတင်ပါသည်… မိဘများအိမ်မှာမရှိတိုင်း ညီမများအားမိဘနေရာဝင်စောင့်ရှောက်ပေးခဲ့သော အစ်ကိုကြီးအား ကျေးဇူးတင်ပါသည်…အရွယ်ရောက်ခါနီးအချိန် ဖြစ်တတ်သော မိန်းခလေးတို့၏သဘာဝကို ကြိုတင်ပြောပြပေးခဲ့သော အမအကြီးနှစ်ယောက်အားကျေးဇူးတင်ပါသည်… အသက်နှစ်နှစ်ထဲပိုငယ်ပေမဲ့ သူကထွားထွား ကိုယ်ကညှက်ညှက်နှင့်မို့ အစစအရာရာ အနစ်နာခံ ကူညီလုပ်ကိုင်ပေးခဲ့သော တကျောင်းထဲတချိန်ထဲကျောင်းအတူတက်ခဲ့ရသော အမလတ်အား ကျေးဇူးတင်ပါသည်… အစ်ကိုအစ်မတွေ အရွယ်ရောက်ချိန် အတူမကစားကြတော့သည့်အခါ ဟိုမရောက်ဒီမရောက်အရွယ်ကျမနှင့် အတူဆော့ကစားပေးခဲ့သော ညီမအငယ်အား ကျေးဇူးတင်ပါသည်….
အိမ်နီးချင်းကောင်းများ၊ အိမ်နီးချင်းဆိုးများ အားလုံးကိုကျေးဇူးတင်ပါသည်… သူတို့တွေရဲ့ အမူအကျင့်တွေထဲက ကောင်းတာတွေ ကိုအတုယူပြီး မကောင်းတာတွေကို ရှောင်ကျဉ်နိုင်ခဲ့ရသည့်အတွက် ကျေးဇူးတင်ပါသည်… အပြစ်ကင်းသော ခလေးဘဝမှငယ်သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါသည်…. အမက၆ရန်ကင်းမှသူငယ်ချင်းများ ၊ အမက၄ရန်ကင်းမှသူငယ်ချင်းများ၊အထက၂ရန်ကင်းမှအလယ်တန်းဘဝသူငယ်ချင်းများနှင့် အထက၁ရန်ကင်းမှအထက်တန်းဘဝသူငယ်ချင်းများ၊ဆရာဆရာမများအားလုံးကိုကျေးဇူးတင်ပါသည်… အဖြူအစိမ်းဝတ်ဘဝမှာ အထီးမကျန်ခဲ့ဘဲ ပျော်ရွှင်စွာဖြတ်သန်းခွင့်ရခဲ့သောကြောင့် ထိုသူငယ်ချင်းများကို ကျေးဇူးတင်ပါသည်…
ဒဂုံတက္ကသိုလ်မှ မေဂျာတူသူငယ်ချင်းများ၊ ဖယ်ရီအတူစီးခဲ့ကြသော ရန်ကင်းမှသူငယ်ချင်းများ၊မေဂျာမတူပေမဲ့ ကန်တင်းအတူထိုင်နေကျသူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါသည်… နိုင်ငံခြားဘာသာတက္ကသိုလ်တွင်ခင်မင်ခဲ့ရသောသူငယ်ချင်းများအားလည်းကျေးဇူးတင်ပါသည်…

ရန်ကင်းမြို့နယ်၊ကျောက်ကုန်းရှိ ကံဘဲ့နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ လူကြီးမိဘဆရာသမားများ၊ခရစ်ယာန်ညီအစ်ကိုမောင်နှမအားလုံးကိုကျေးဇူးတင်ပါသည်.... ခရစ်ယာန်နှစ်ခြင်းအဖွဲ့ချုပ်၊ပဲခူးသာသနာနယ်နှင့် သာသနာဂိုဏ်းပေါင်းစုံမှ သူငယ်ချင်းများအား ကျေးဇူးတင်ပါသည်....

ကျမအား မြှောက်ပင့်ပေါင်းသင်းခဲ့ကြသော၊နှိမ့်ချပေါင်းသင်းခဲ့ကြသော အပေါင်းအသင်းများကိုကျေးဇူးတင်ပါသည်.... ဘဝရဲ့အနိမ့်အမြင့် အချိုးအကွေ့တိုင်းမှာ ဟန်ချက်ညီစွာရပ်တည်နိုင်ဘို့ ဘဝသင်ခန်းစာများ သူတို့ထံမှသင်ယူခဲ့ရသောကြောင့်ကျေးဇူးတင်ပါသည်....
အင်္ဂလိပ်စကားပြောသင်တန်း၊လက်နှိပ်စက်သင်တန်း၊ကွန်ပျူတာသင်တန်း၊လုပ်ငန်းခွင်သင်တန်းများမှသူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါသည်… အိမ်ထောင်မကျခင်အထိအလုပ်လုပ်ခဲ့သော Nikko Hotel မှသူငယ်ချင်းများအားကျေးဇူးတင်ပါသည်… ကျမကိုချစ်ခဲ့ကြသော ကျမကိုမုန်းခဲ့ကြသော ရည်းစားဟောင်းများကိုလည်းကျေးဇူးတင်ပါသည်…
ကျမအပေါ်ကောင်းခဲ့ကြသောသူငယ်ချင်းများကို တန်ဘိုးထားကျေးဇူးတင်ပါသည်… အိမ်ထောင်ကျပြီးနောက်ပိုင်းမှ ခင်မင်ရင်းနှီးခဲ့ရသော သူငယ်ချင်းများ၊အပေါင်းအသင်းများကိုလည်း ကျေးဇူးတင်ပါသည်…ကျမကိုမနာလိုခဲ့ကြသောအပေါင်းအသင်းများကြောင့် ကိုယ့်အခြေအနေကိုယ်သိခဲ့ရခြင်းအတွက်လည်းကျေးဇူးတင်ပါသည်… ကျမကိုမကောင်းပြောခဲ့ကြသော အပေါင်းအသင်းများကြောင့် ကိုယ့်ကိုကိုယ် ပိုမိုဆင်ခြင်စွာနေထိုင်လာတတ်ခဲ့ခြင်းအတွက် ကျေးဇူးတင်ပါသည်…. ကြီးမှတွေ့ပြီးပေါင်းဖြစ်ကြသော်လည်း ငယ်ပေါင်းများကဲ့သို့ ခင်မင်ရင်းနှီး ပွင့်လင်းဖော်ရွေစွာ ပေါင်းသင်းခဲ့ရသော သူငယ်ချင်းများအား မြတ်နိုးတန်ဘိုးထား ကျေးဇူးတင်ပါသည်….
ဘလော့အသိုင်းအဝိုင်းမှမြင်ဖူးသော ဘလော့ဂါများ၊ မမြင်ဖူးသော ဘလော့ဂါများအား ကျေးဇူးတင်ပါသည်… ကျမကို ဘလော့အသိုင်းအဝိုင်းမှာ ပျော်မွေ့စေသော ဘလော့ဂါအသိုင်းအဝိုင်းလေးကို ကျမအလွန်တန်ဘိုးထားလျှက် ခင်မင်ရင်းနှီးခဲ့ရသော ဘလော့ဂါများအားလုံးကိုကျေးဇူးတင်ပါသည်…ဘလော့မှတဆင့် ဖေ့ဘွတ်မှတဆင့် ခင်မင်ခဲ့ရသော နာမည်ကြီး စာရေးဆရာ၊ဆရာမများကိုလည်း လေးစားစွာ ကျေးဇူးတင်ပါသည်....
ကျမရေးသမျှကောင်းကောင်းမကောင်းကောင်း လာအားပေးကြသော စာဖတ်သူများအားကျေးဇူးတင်ပါသည်…ဖေ့ဘွတ်မှသူငယ်ချင်းများအား ကျေးဇူးတင်ပါသည်…ဖေ့ဘွတ်မှမွေးနေ့ဆုတောင်းပေးခဲ့ကြသော ဖေ့ဘွတ်ရောင်းရင်းများအားကျေးဇူးတင်ပါသည်… မွေးနေ့ဆုတောင်းတရာကျော်အတွက် အတိုင်းမသိဝမ်းသာကြည်နူးမိပါသည်…
နောက်ဆုံးအနေနှင့် ကျမချစ်သောကျမကိုချစ်သော ကျမ၏မိသားစုလေးကိုကျမကျေးဇူးတင်ပါသည်… ချစ်ခင်ပွန်းချစ်သားသမီးများနှင့် ဘဝခရီးကိုအတူလျှောက်နေရသောကြောင့် ကျမဘဝ၏ရှင်သန်ခြင်းက အဓိပ္ပါယ်ရှိနေခြင်းဖြစ်သည်…
ကျမနှင့်ပတ်သက်သောအရာရာတိုင်းကိုကျမကျေးဇူးတင်ပါသည်…..

13 comments:

  1. သစ်သစ်June 22, 2012 at 11:14 AM

    မမမွေးနေ့က ဒီနေ့ဆိုတော့ သစ်သစ်နဲ့မွေးနေ့တူတယ် မမ....
    မွေးနေ့မှာပျော်ရွှင်ပါစေနော်...

    ReplyDelete
    Replies
    1. ကျေးဇူးပါညီမလေးရေ....

      Delete
    2. Thit Thit,
      sar ma yay tot bu lar...don't do that, u r a good writer.

      Delete
    3. သစ်သစ်June 27, 2012 at 10:53 AM

      စာရေးဖို့မုမလာဘူးဖြစ်နေလို့ပါ ... ဆက်ရေးဖြစ်ဖို့ကြိုးစားမယ်နော်
      ကပေါက်တိကပေါက်ချာကိုအားပေးလို့ကျေးဇူးး)

      Delete
  2. Happy Birthday Ma Ma Sharon.

    ReplyDelete
  3. မွေးနေ့မှ စပြီး အရာရာပြည့်စုံ
    အောင်မြင်ပြီး
    ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများလဲ ပြည့်ဝပါစေ

    ReplyDelete
  4. ကျေးဇူးတင်ပါတယ်စံပယ်ချို

    ReplyDelete
  5. ကျမကိုချစ်ခဲ့ကြသော ကျမကိုမုန်းခဲ့ကြသော ရည်းစားဟောင်းများကိုလည်းကျေးဇူးတင်ပါသည်… :P (သဘောကျလို့..)

    ပျော်ရွှင်ချမ်းမြေ့ဖွယ်မွေးနေ့ရက်ပေါင်းများစွာကို..
    ကျေးဇူးတင်ထိုက်သူများနဲ့အတူ..ဖြတ်သန်း၊ဆင်နွှဲနိုင်ပါစေ..
    ပြီးပြည့်စုံတဲ့မိသားစုဘ၀လေးကို..အမြဲပိုင်ဆိုင်နိုင်ပါစေ“မွေးနေ့ရှင်” :)

    ReplyDelete
  6. ကျေးဇူးသိတတ်ခြင်းက မင်္ဂလာတစ်ပါးပဲ။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့မွေးနေ့ ဖြစ်ပါစေ။
    ( ကလေးတွေကိုနှုတ်ဆက်ပေးပါနော်)

    ReplyDelete
  7. ဖယောင်းတိုင်လေး ၃၈ချောင်းမှ သည် အချောင်းပေါင်းများစွာကို မိသားစုနဲ့အတူတူ ထွန်းညှိနိုင်ပါစေ..
    ပျော်ရွှင်စိတ်ချမ်းသာခြင်းကို တစ်သက်တာပတ်လုံး ပိုင်ဆိုင်ခွင့်ရပါစေနော်.

    ReplyDelete
  8. ဖဘမှာ wishလုပ်ပြီး ဒီကိုခုမှရောက်ဖြစ်တော့မယ် ...ပျော်ရွှင်အေးချမ်းတဲ့မွေးနေ့လေးမှစပြီး နောက်နှစ်ပေါင်းများစွာအထိ ချစ်တဲ့မိသားစုအနဲ့အတူရှိပါစေ အမ...။

    ReplyDelete
  9.ံHappy Birthday Belated မရို့ စ်..မွေးနေ့ မှသည် ကျန်းမာပျော်ရွှင်စွာဖြင့် စာတွေအများကြီးရေးနိုင်ပါစေ

    ReplyDelete