Wednesday, March 23, 2011

အချစ်အကြောင်းပြောရအောင်

အချစ်ဆိုတာ ကျမယောင်္ကျားပါ ဆိုတာ မနှစ်ကRose of Sharon: အချစ် ပို့စ်မှာ ရေးခဲ့ဘူးပါတယ်...အခု အမမေငြိမ်းရဲ့
နာမည်ကြီးဝထ္တုဖြစ်တဲ့ "အချစ်အကြောင်းပြောရအောင်" ဆိုတဲ့ခေါင်းစဉ်နဲ့ အမသက်ဝေက တဂ်တဲ့အခါ သူ့အကြောင်းဘဲ ရေးရဦးမှာမို့ အကြောင်းအရာမထပ်အောင် တတ်နိုင်သလောက်ကြိုးစားပြီး ရေးလိုက်ပါတယ်
...........................................................................................................................
မွေးစကနေ ဆယ်ကျော်သက်အရွယ် မတိုင်ခင်လေးအထိမှာ အချစ်အကြောင်းပြောရမယ်ဆိုရင်တော့ မိသားစု မောင်နှမ နဲ့ သူငယ်ချင်းတွေကို ချစ်တဲ့ အချစ်တွေပါဘဲ... နွေးထွေးတယ်... အေးချမ်းတယ်... ပူလောင်မှုမရှိ... အပြစ်ကင်းတဲ့ ချစ်ခြင်းတွေနဲ့ပေါ့....
၁၂နှစ်သမီးအရွယ်မှာတော့ ၁၁နှစ်သားကပေးတဲ့ ပထမဆုံး ရင်ခုန်စရာ ခရစ္စမတ်ကဒ်လေးရခဲ့တယ်...
ကဒ်လေးရဲ့အတွင်းဘက်စာမျက်နှာမှာ
" တကြိမ်တခါ
မလိမ်ညာဘူး
ရင်မှာအမြဲသတိရတယ်"
လို့ သူ့လက်ရေးနဲ့ရေးထားတယ်.... သိပ်မကြာခင် ကိုယ်တို့နေတဲ့ဝန်ထမ်းအိမ်ယာကနေ သူတို့မိသားစုပြောင်းသွားတော့ ဇာတ်လမ်းက အလိုလိုပြတ်သွားတယ်... လွမ်းရမှန်းတောင် မသိသေးတဲ့အရွယ်မို့ ရင်ခုန်မိတာကလွဲလို့ ဘာမှမခံစားလိုက်ရတော့ ရင်ခုန်ခဲ့တာကိုဘဲ အချစ်လို့ ထင်ခဲ့ဘူးတာ....အဲဒီအချိန်တုန်းက အချစ်ဆိုတာ ရင်ခုန်ခြင်းပေါ့...အဲဒီကဒ်လေးကို နှစ်အတော်ကြာတဲ့ အထိသိမ်းထားခဲ့တယ်... နောက်တော့လဲ ဘယ်ရောက်သွားမှန်းမသိပါဘူး... အဲဒီနောက်ပိုင်းမှာ အချစ်လို့ခေါင်းစဉ်တပ်လို့ရတဲ့ ဇာတ်လမ်းလေးတွေက အတ္တတွေဗရဗွနဲ့....ကိုယ်လိုချင်တဲ့ အချက်တွေရှိနေသူကိုမှ ရွေးချယ်လက်ခံခဲ့မိတာ အခုအချိန်မှာတော့ အချစ်စစ်တွေမဟုတ်ခဲ့ဘူးလို့ ယူဆမိပါတယ်....မိသားစုချင်းရင်းနှီးပြီး အိမ်ကိုလဲလာလည်နေကျ အသားဖြူဖြူ ရွယ်တူကောင်လေးကို ရွေးချယ်ဘို့ဆုံးဖြတ်ပြီး အဖြေပေးဘို့အတွက် အတူတွဲလမ်းလျှောက်ထွက်မိတဲ့နေ့မှာဘဲ ကိုယ်နဲ့အရပ်သိပ်မကွာလို့ ဇာတ်လမ်းဖြတ်ခဲ့တယ်... အရင်တုန်းက သတိမထားမိခဲ့တာ ကိုယ့်အမှားပေမဲ့ ကိုယ်မှန်းထားတဲ့ အချက်တစ်ခုနဲ့ လွဲချော်နေသူကို ဘယ်လိုမှ ဆက်မတွဲချင်တာနဲ့ဘဲ အားနာစွာလမ်းခွဲခဲ့ရတယ်...ကိုယ်မှန်းထားသလို အသားလည်းဖြူ အရပ်လည်းရှည် မိဘလက်ခံနိုင်သူကိုတွေ့လို့ ခေါင်းညိမ့်လက်ခံတဲ့နေ့မှာဘဲ သူက သူ့ကို မောင် လို့ခေါ်ခိုင်းတဲ့ အခါ စိတ်ပျက်သွားရပြန်ရော... ကိုယ့်ထက်ငယ်တဲ့သူနဲ့ ရွယ်တူကိုဘဲ မောင်လို့ခေါ်ချင်တာ... ကိုယ့်ထက် ၉နှစ်ကျော်လောက် အသက်ပိုကြီးသူကို မောင်လို့ မှမခေါ်ချင်ဘဲ... နောက်တစ်ယောက်ကလည်း ကိုယ်လိုချင်တဲ့ အချက်အတော်များများနဲ့ကိုက်ညီလို့ ချစ်သူအဖြစ်ရွေးချယ်ခဲ့ပြီးခါမှ သူ့အဖေက မိန်းမနှစ်ယောက်ယူထားပြီး တအိမ်ထဲမှာ နှစ်မိသားစုအတူနေကြတယ်လို့ သိရတဲ့အခါ ကိုယ်နောက်ဆုတ်လိုက်ရပြန်တယ်... အဲလိုမိသားစုထဲမဝင်ချင်တဲ့အပြင် မျိုးရိုးဗီဇလိုက်မှာကိုလဲ စိုးရိမ်မိတယ်လေ... နောက်တစ်ယောက်ကတော့ ရည်မွန်တယ် စိတ်ထားကောင်းတယ်... ဘာသာမတူပေမဲ့ အစွဲမကြီးသူမို့ ပြသနာမရှိနိုင်ဘူးထင်ပေမဲ့ အလုပ်အရမ်းလုပ်ပြီး ငွေနောက်လိုက်လွန်းတဲ့အခါ မိသားစုအတွက် အချိန်မပေးနိုင်ရင် ကိုယ်လိုချင်တဲ့ နွေးထွေးတဲ့ မိသားစုဘဝလေး မရနိုင်ဘူးထင်လို့ လမ်းခွဲလိုက်ရပြန်တယ်...ဒီလိုနဲ့ဘဲ ကိုယ့်အတ္တနဲ့ မကိုက်ညီလိုက် ဇာတ်လမ်းဖြတ်လိုက်နဲ့ ပြတ်ခဲ့ရတဲ့ဇာတ်လမ်းတွေ အတော်များခဲ့တယ်....အဲဒီအရွယ်တုန်းက အချစ်အကြောင်းပြောရအောင်ဆိုပြီး စာရေးဖြစ်မယ်ဆိုရင် အတ္တတွေနဲ့ပေကျံနေတဲ့ အချစ်အကြောင်းတွေဘဲ ရေးဖြစ်မှာပါ....
တကယ့်အချစ်စစ်ကိုတွေ့ရှိခဲ့ချိန်မှာတော့ ကိုယ်လိုချင်ခဲ့တဲ့ အချက်တွေနဲ့ လုံးဝကို ဆန့်ကျင်နေတော့တာ... ကိုက်ညီတာဆိုလို့ ရုပ်ရည်ချောမောခြင်းတချက်ဘဲရှိတယ်...အရပ်လည်း ကိုယ်လိုချင်သလောက်မရှည်... ဘာသာကလဲတူတယ်ပြောမရတဲ့အပြင် လူမျိုးကလည်းခြားတာမှအဝေးကြီး... ပြီးတော့ အလုပ်ပြုတ်တော့မဲ့ အနာဂတ်မရေရာတဲ့သူ....
သူကကိုယ့်ကိုမြင်မြင်ချင်းချစ်ခဲ့တာဆိုပေမဲ့ ကိုယ့်ဘက်ကတော့ ဖခင်ကိုစိတ်နာ မိခင်မေတ္တာငတ်ရှာသူ စိတ်ဓာတ်တွေကျနေတဲ့သူ့ကို ဘာဆိုဘာမှ မလေ့လာနိုင်ဘဲ အကြင်နာတွေပို သူတောင့်တနေတဲ့ နွေးထွေးတဲ့ မေတ္တာတွေပေးမယ်ဆိုပြီး သူ့ကိုလက်ခံခဲ့တာ..... မိဘအသိုင်းးအဝိုင်းကိုဆန့်ကျင်ကာ သူ့ကိုရွေးချယ်ခဲ့ပြီး ကိုယ့်ထက်၎နှစ်ကြီးတဲ့သူ့ကို နွဲ့ဆိုးဆိုးဖို့လဲ မစဉ်းစားဘဲ သူငတ်မွတ်ခဲ့တဲ့ မိခင်မေတ္တာမျိုးနဲ့ ပေးဆပ်ပြီးချစ်ခဲ့တာ... သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ရပိုင်ခွင့်တွေဟာ ကိုယ်မမျှော်လင့်ခဲ့တဲ့အရာတွေ.... အဲဒီတုန်းကသာ အချစ်အကြောင်းပြောခွင့်ရခဲ့မယ်ဆိုရင်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းဖြင့်ရယူခြင်းပေါ့....
ခုတော့ အချိန်တွေကြာလာတဲ့အခါ ကိုယ့်အတွက် အချစ်ဆိုတာ အိမ်ထောင်တခုထူထောင်ဘို့ လိုအပ်တဲ့ ပျိုးပင်ပေါက်လေးပါ.... ချစ်ခြင်းနဲ့ အစပျိုးခဲ့တဲ့အိမ်ထောင်ရေးမှာ အတ္တတွေကိုခဝါချပြီး နားလည်ခြင်း ခွင့်လွှတ်သည်းခံခြင်းတွေနဲ့ ရေလောင်းပေါင်းသင်လိုက်တဲ့အခါ အချစ်ဆိုတဲ့ ပျိုးပင်လေးဟာ နွေးထွေးခြင်း ငြိမ်းချမ်းခြင်း ကြည်နူးခြင်း အညွန့်အခက်တွေ ဝေဝေဆာဆာနဲ့ စိမ်းလမ်းစိုပြေလာတော့တာ....

Sunday, March 13, 2011

၁၁၊၀၃၊၂၀၁၁။


ကင်မ်ချီထမင်းကြော်

ဝက်သားကင်နှင့်ကောက်ညှင်း

သရက်သီးသုတ်

သင်္ဘောသီးထောင်း

ဝက်သားကင်နှင့်ထမင်းကြော်

ချစ်သမီးနှင့်ချစ်သား


၁၁ရက်နေ့သောကြာနေ့တုန်းက ခလေးတွေကျောင်းမှာ တိရိစ္ဆာန်တွေကို ညှာတာဘို့နဲ့ ဆေးကုသဘို့လိုအပ်တဲ့ တိရိစ္ဆာန်လေးတွေ အတွက် ရည်ရွယ်ပြီး"Dress as your favourite animal" Dayလုပ်တယ်... Animal costume ဝတ်လာတဲ့ခလေးတွေက အလှုငွေထည့်ဝင်ရတယ်...
တစ်ချို့ခလေးတွေကတော့ ကျောင်းဝတ်စုံဘဲဝတ်လာကြတယ်... အလှုငွေက တော့စေတနာရှိသလောက်ထည့်လို့ရပါတယ်.. သမီးလေးက လိပ်ပြာအနီရောင်လေးနဲ့ သားလေးကတော့ ပင်ဂွင်းလေးပါ...
ပြီးတော့ အဲဒီနေ့မှာဘဲ ခလေးတွေကျောင်းသွားချိန် သူငယ်ချင်းတွေနဲ့ နေ့လည်စာထွက်စားဖြစ်တယ်.. ကျမကဝက်သားကင်ထမင်းကြော်နဲ့ သဘောင်္သီးထောင်းစားတယ်... သူငယ်ချင်းတွေက ဝက်သားကင်ကောက်ညှင်း၊ သရက်သီးသုတ်နဲ့ ကင်မ်ချီထမင်းကြော်မှာစားတယ်... သူတို့မစားခင် ဓာတ်ပုံတောင်းရိုက်ထားလိုက်တယ်... အခုတလော ဗီယက်နမ်မှာ အင်တာနက်ကော်နက်ရှင်တွေ အရမ်းဆိုးပါတယ်... ဖေ့စ်ဘွတ်ဆို လုံးဝဝင်မရသလောက်ဘဲ... ဂိမ်းတွေဆော့လို့မရတော့ဘူး... စိတ်ညစ်ရင်းနဲ့ ဒီပို့စ်လေးတင်လိုက်တာပါ... :(
(ဆားချက်တဲ့ပို့စ်များဖြစ်သွားသလား... :D )

Sunday, March 6, 2011

12th Wedding Anniversary




နှလုံးသားနုနုမှာ
နူးညံ့တဲ့မေတ္တာတွေ
စတင်နေရာယူလာတဲ့နေ့
ဒီနေ့...

ကိုယ်မှန်တယ်ထင်
ဘယ်တော့မှမပြင်
တဇွတ်ထိုးတတ်တဲ့
စိတ်ဓာတ်နဲ့မာနတွေကို
လိုက်လျှောညီထွေတတ်စေဘို့
စတင်ပြောင်းလဲပစ်ခဲ့ရတဲ့နေ့
ဒီနေ့...

နှစ်ယောက်ပေါင်းလျှောက်ရမဲ့လမ်း
ရွေးချယ်လှမ်းခဲ့ကြပြီမို့
အတ္တတွေထောင်ချ
အိမ်ထောင်ကျခဲ့တဲ့နေ့
ဒီနေ့…

၁၂နှစ်ပြည့်တဲ့ထိ
အတူညှိနှိုင်းခဲ့
အတူပျော်ရွှင်ခဲ့
အတူဝမ်းနည်းခဲ့
အတူကြည်နူးခဲ့
အတူစိတ်ကောက်ခဲ့ကြ
အေးအတူပူအမျှ
ပိုတိုးလို့ရလာတဲ့
နားလည်ရင်းနှီးမှုတွေနဲ့
နှစ်ယောက်အတူလှမ်းခဲ့ကြတဲ့
သာယာဖွယ်ဒီလမ်းကို
ဟန်နီရေ…
ဒို့အတူလက်တွဲလို့
သက်ဆုံးထိလျှောက်ကြစို့။