Sunday, December 18, 2011

မေ့သမီးလေးဆယ်နှစ်ပြည့်အမှတ်တရ


သမီးလေးတစ်နှစ်တစ်လ


သမီးလေးနှစ်နှစ်ကျော်


သမီးလေးငါးနှစ်ပြည့်ခါနီး


သမီးလေး၈နှစ်ကျော်

မေမေသိပ်ချစ်ရတဲ့သမီးလေးရေ…
၂၀၀၁ခုနှစ်ဒီဇင်ဘာလ၂၁ရက်နေ့မနက်၈နာရီနဲ့၁၆မိနစ်မှာ မေမေ့သမီးလေး လူ့လောကထဲရောက်လာခဲ့တယ်… မွေးခန်းထဲကနေအပြင်ကစောင့်နေတဲ့အမျိုးတွေဆီကို ခွဲခန်းထဲကနာ့စ်က သွားပြကထဲက မျက်လုံးပြူးပြူးလေးနဲ့ အသံလာရာဆီကို လိုက်ကြည့်တတ်တဲ့သမီးလေးဟာ ဆွေမျိုးတွေထဲမှာ ပြောစမှတ်ဖြစ်ခဲ့တယ်… မေ့မေ့ရဲ့အပျော်ဆုံးနေ့လေးဟာ သမီးလေးမွေးတဲ့နေ့ပါဘဲ… သမီးလေးကိုကြည့်မဝလို့ ညတွေတောင် မအိပ်ဖြစ်ခဲ့တာများတယ်… မေမေ့သမီးလေး မေမေအိပ်နေချိန် တခုခုဖြစ်သွားမလားတွေးရင်း အိပ်ပျော်သွားမှာစိုးရိမ်မိခဲ့သေးတာ… သမီးလေးကို ခဏခဏနမ်းတဲ့သမီးဖေဖေကိုလည်း ဖွဖွလေးဘဲနမ်းဘို့ခဏခဏသတိပေးခဲ့ရတယ်… နုနယ်လွန်းတဲ့သမီးလေးရဲ့အသားလေးတွေဟာ နှာခေါင်းထိပ်လေးနဲ့နမ်းလိုက်တာတောင် နီရဲပြီးကျန်ရစ်ခဲ့တာမို့လေ…. သမီးလေးတခုခုစိတ်အလိုမကျဖြစ်ချိန် မျက်နှာလေးစမဲ့လာတာနဲ့ သမီးလေးမငိုခင်က မေမေက ချော့နှင့်ပြီးသားဖြစ်နေခဲ့တယ်… မေမေ့ဘဝရဲ့နေ့ရက်တွေဟာ သမီးလေးရောက်လာပြီးမှ အဓိပ္ပါယ်တွေ ပြည့်ဝလာခဲ့တာ… သမီးလေးအတွက် အသက်ရှင်နေတယ်ဆိုတဲ့အသိတွေနဲ့ အရင်က ကျန်းမာရေးတွေဘာတွေဂရုမစိုက်တတ်ခဲ့တဲ့မေမေက ကျန်းမာအောင် နေဘို့ သတိထားတတ်လာခဲ့ပြီ…. သိပ်ချစ်စရာကောင်းတဲ့သမီးလေးကို အပြင်ခေါ်သွားတိုင်း တောင်းချီကြ လာနမ်းကြသူတွေများလွန်းလို့ သမီးလေး ရောဂါတခုခုကူးလာမှာ မေမေစိုးရိမ်ခဲ့လိုက်ရတာကွယ်… သမီးလေး၆လသမီးမှာ ဗီယက်နမ်ပြန်ခေါ်လာခဲ့တော့ မြန်မာပြည်မှာဘဲပျော်တဲ့ အမေတူသမီးလေးက ငိုလိုက်တာမရပ်တမ်း… မေမေ့ရင်တွေကွဲကြေမတတ်ပါဘဲ… သမီးလေးငိုတိုင်း ဆေးခန်းပြေးလွန်းလို့ ဆရာဝန်ကတောင် ဖုန်းဘဲဆက်ခေါ်လိုက်ပါ..သူအိမ်လာခဲ့ပါ့မယ်လို့ ပြောယူခဲ့ရတယ်… ရောက်တဲ့နေရာမှာ အဆင်ပြေအောင်နေတတ်တဲ့ သမီးလေးက တစ်လအတွင်းမှာ အိမ်နီးချင်းတွေနဲ့ခင်မင်သွားပြီး နေသားကျသွားတော့မှ မေမေ့မှာ စိတ်ချမ်းသာရတော့တယ်…
သမီးလေးကျောင်းစတတ်တဲ့နေ့ဟာလဲ မေမေ့အတွက် မမေ့နိုင်တဲ့နေ့တနေ့ပါဘဲ…. သမီးလေးကိုကျောင်းမပို့ခင်ထဲက မေမေကငိုချင်နေခဲ့တာ… စိတ်ကို တင်းထားပြီး သမီးလေးကို ကျောင်းရောက်အောင်ပို့ရပေမဲ့ မေမေကိုယ်တိုင်က သမီးလေးနဲ့ ခဏလေးတောင် မခွဲချင်ခဲ့တာ… ဆရာမတွေရှေ့မှာဘဲ ဖက်ပြီးငိုခဲ့ကြတဲ့ နေ့တွေ ကို ခုထိသတိရနေသေးတယ်သမီးလေးရယ်…မေမေနဲ့မခွဲနိုင်လို့ပါလို့ငိုပြောလေးနဲ့အော်ငိုတဲ့သမီးလေးကို ချော့ရတဲ့ဆရာမတွေ တော်တော်မောခဲ့ကြမှာဘဲ… အတန်းထဲမှာငိုနေတဲ့သမီးလေးကို ဆရာမတွေချော့နေချိန်မှာ အတန်းပြင်မှာငိုနေတဲ့မေမေ့ကိုလဲ ကျောင်းအုပ်ကြီးကလာချော့ခဲ့ရပြီး ခလေးရှေ့ရေးအတွက် စိတ်တင်းထားဘို့ ဆုံးမရှာတဲ့ အဲဒီဆရာကြီးကိုလဲ မေမေကျေးဇူးတင်ပါတယ်… သူ့ဆုံးမစကားတွေကြောင့် မေမေစိတ်တွေတင်းထားနိုင်ခဲ့တာ… သမီးလေးမတွေ့အောင်ကြိတ်ငိုရင်း ကျောင်းပို့ပြီးရင်အိမ်မပြန်နိုင်ဘဲ ကျောင်းနားမှာဘဲ တချိန်လုံးစောင့်နေခဲ့တဲ့နေ့တွေဟာ အခုထိမနေ့ကလိုပါဘဲ….
သမီးအတွက်မောင်လေးမွေးပေးပြီးတဲ့နောက်တပတ်မှာ သမီးလေးဝက်သက်တွေပေါက်တော့ မေမေ့မှာစိတ်မကောင်းလိုက်တာ… တပတ်သားဘဲရှိသေးတဲ့မောင်လေးကို ကူးမှစိုးလို့ ဆရာဝန်က အိပ်ရာခွဲအိပ်ခိုင်းတဲ့အခါ သမီးလေးငိုတော့ မေမေသနားလိုက်တာကွယ်… လေးနှစ်အရွယ်သမီးလေးဟာ မေမေ့ရင်ငွေ့မှာခိုလှုံချင်တုန်းဆိုတာ မေမေနားလည်တာမို့ အဲဒီညတွေမှာ မောင်လေးအိပ်ရင် သမီးဆီပြေး၊ သမီးအိပ်ရင် မောင်လေးဆီပြေးနဲ့ အိပ်ခန်းနှစ်ခန်း ဟိုဒီကူးရင်း မေမေမအိပ်ဖြစ်ဘဲ မိုးလင်းခဲ့ရတဲ့နေ့တွေဟာ အမှတ်တရတွေပါဘဲ… မေမေ့သမီးလေးဟာ သွက်လက်ပြီးဥာဏ်ကောင်းသလို စိတ်ထားမြင့်မြတ်သူလေးလဲဖြစ်တယ်… မောင်လေးအပေါ်အနိုင်ယူ ဗိုလ်ကျ မနာလိုခြင်းတွေလဲမရှိခဲ့ဘူး… သမီးလေးခုနှစ်နှစ်အရွယ်မှာသမီးမောင်လေးကိုလဲ သမီးလေးတတ်တဲ့ကျောင်းမှာဘဲစထားခဲ့တယ်… အဲဒီနှစ်က သမီးတို့ကျောင်းကထုတ်တဲ့ Year Book အတွက် မောင်နှမနှစ်ယောက်စာမေမေ ပိုက်ဆံပေးထားပေမဲ့ ကျောင်းက သမီးလေးကိုဘဲ စာအုပ်ပေးပြီး မောင်လေးအတွက် မပေးလိုက်ဘူးတဲ့… သူ့မောင်လေးစာအုပ်မရမှန်းလဲသိရော သမီးလေးဟာ ကျောင်းရဲ့ ရုံးခန်းကိုသွားပြီး မေမေက မောင်နှမနှစ်ယောက်စာ ပိုက်ဆံပေးထားရက်နဲ့ သူဘဲစာအုပ်ရပြီး သူ့မောင်လေးမရသေးလို့ အခုသူ့မောင်လေးအတွက် တအုပ်ပေးပါလို့ သွားတောင်းခဲ့တယ်… ရုံးခန်ကအမျိုးသမီးက မေမေက တစ်အုပ်စာဘဲပေးထားလို့ သမီးလေးကိုဘဲပေးတဲ့အကြောင်းငြင်းတဲ့အခါ သမီးလေးက မေမေနှစ်ယောက်စာပေးထားတာသေချာကြောင်း ငွေလက်ခံဖြတ်ပိုင်းစာရွက်လဲ သူ့မှာပါမသွားဘဲနဲ့ ခပ်တည်တည်ပြန်ငြင်းပြီး ရုံးခန်းမှာဘဲ ပေရပ်နေတဲ့အခါ အဲဒီအမျိုးသမီးမှာ မနေနိုင်တော့ဘဲ စာရင်းပြန်စစ်ကြည့်မှ နှစ်အုပ်စာပေးထားကြောင်း တွေ့သွားတော့ သမီးလေးကို တောင်းပန်ပြီး မောင်လေးအတွက်တစ်အုပ်ပေးလိုက်တယ်တဲ့… အဲဒီနေ့က မေမေကျောင်းသွားကြိုတော့ သူ့မောင်လေးအတွက် စာအုပ်ရအောင်တောင်းပေးလိုက်နိုင်တဲ့သမီးလေးက ပီတိတွေနဲ့ပြုံးလို့…
သမီးလေးဟာကျောင်းမှာလဲ စာတော်တဲ့စာရင်းဝင်သူဖြစ်တယ်… အကျင့်စာရိတ္တမှာလဲ ဆရာမတွေချီးကျူးရတဲ့သူဖြစ်တယ်… သူငယ်ချင်းတွေချစ်ခင်ခြင်းကိုလဲခံရတဲ့သူဖြစ်တယ်… သမီးလေးသူငယ်ချင်းတွေရဲ့မိဘတွေက လိမ္မာယဉ်ကျေးတဲ့သမီးလေးနဲ့ သူတို့ရဲ့ခလေးတွေ သူငယ်ချင်း ဖြစ်ရတဲ့အတွက် သူတို့ဝမ်းသာကြောင်းပြောကြတဲ့အခါ မေမေသိပ်ဝမ်းသာရတယ်… မေမေ့သမီးလေးဟာ မေမေ့ အသက်ရှင်ရာအကြောင်းရင်းလေးပါကွယ်… သမီးလေးဟာ မေမေ့ဘဝရဲ့အလင်းရောင်ဖြစ်သလို မေမေ့ရဲ့ပျော်ရွှင်ကြည်နူးခြင်းလေးလည်းဖြစ်တယ်… သမီးလေးဟာ မေမေ့သမီးလေးလာဖြစ်နေတာကို မေမေသိပ်ဝမ်းသာသလို ကျေးဇူးလည်းတင်တယ်…. သမီးလေးကြောင့်မေမေ့ဘဝအသက်ရှင်ရပ်တည်မှုဟာ အဓိပ္ပါယ်ရှိလာတာမို့ သမီးလေးကို မေမေသိပ်ကျေးဇူးတင်တယ်…. သမီးလေးကြောင့် မေမေ့ရဲ့ နေထိုင် ပြောဆိုမှုတွေ ကိုယ်နှုတ်အမူအရာတွေဟာ တဖြည်းဖြည်း တည်ငြိမ်ရင့်ကျက်လာခဲ့ရတာ… မေမေဘာလုပ်လုပ် သမီးလေးဟာ မေမေ့ကို အတုယူပြီးလိုက်လုပ်နေမှာဆိုတဲ့အတွေးနဲ့ မေမေ အစစအရာရာ ဆင်ခြင်လာနိုင်ခဲ့တာ… အဲဒါတွေဟာ သမီးလေးကြောင့်မို့ သမီးလေးကို မေမေသိပ်ကျေးဇူးတယ်…
အခုသမီးလေးဆယ်နှစ်ပြည့်တော့မယ်…
သမီးလေးရဲ့ ဆယ်နှစ်ပြည့်မွေးနေ့မှာ သမီးလေးအတွက် ဆယ်ချက်သောဆုကို မေမေတောင်းဆုပြုပေးလိုက်ပါတယ်..
၁။ မေမေ့သမီးလေးလုပ်ဆောင်သမျှအရာရာတိုင်းအောင်မြင်မှုရရှိပါစေ…
၂။ပတ်ဝန်းကျင်က ကိုယ်နဲ့ပတ်သက်တဲ့သူတိုင်းအပေါ် အလင်းပေးလမ်းပြနိုင်သူ နားလည်ပေးနိုင်သူဖြစ်ပါစေ။
၃။ပြသနာတခုခုနဲ့ရင်ဆိုင်ရတိုင်း သူများကို အပြစ်မဖို့တတ်ဘဲ ဥာဏ်ပညာနဲ့ဖြေရှင်းနိုင်တဲ့သူဖြစ်ပါစေ။
၎။အမှားနဲ့အမှန်ကို ခွဲခြားသိမြင်နိုင်တဲ့ ထိုးထွင်းဥာဏ်ရှိသူဖြစ်ပါစေ။
၅။ကိုယ့်အပေါ်မကောင်းမြင် မနာလိုသူတွေနဲ့တွေ့တဲ့အခါ မတုန့်ပြန်ဘဲ သူတို့ရဲ့အားနည်းချက်တွေကိုမြင်တတ်ပြီး နားလည်ခွင့်လွှတ်ကာ မေတ္တာဖြင့်အနိုင်ယူတတ်ပါစေ။
၆။သူများပြောစကားတွေကိုနားမယောင်ဘဲ ကိုယ်ယုံကြည်ရာ အမှန်တရားကို
စွဲမြဲစွာဖက်တွယ်ထားနိုင်တဲ့သူဖြစ်ပါစေ။
၇။အားငယ်သူကိုအားပေးတတ်ပြီး ဆင်းရဲသူကို မေတ္တာပြ ပေးကမ်းနိုင်သူဖြစ်ပါစေ။
၈။ကြီးသူကိုရိုသေ ငယ်သူကို ကြင်နာတတ်ပြီး ယဉ်ကျေးသိမ်မွေ့သူလေးဖြစ်ပါစေ။
၉။ဘဝမှာ မထင်မှတ်တဲ့တိုက်ခိုက်မှုတွေကြုံရတဲ့အခါ မယိုင်လဲဘဲ အဆိုးထဲကနေ အကောင်းတွေကို ရှာကြံသင်ယူတတ်သူဖြစ်ပါစေ။
၁၀။မေ့သမီးလေး ဖြစ်ချင်တာတွေနဲ့ ဖြစ်လာတာတွေ တထပ်တည်းကျပါစေ။

သမီးလေးကိုသိပ်ချစ်တဲ့
မေမေ

35 comments:

  1. Happy birthday သမီးလေး

    ReplyDelete
  2. မရပ်မနား စီးဆင်းနေတဲ့ မြစ်တစ်စင်းကို တွေ့လိုက်ရသလိုပဲ..

    ReplyDelete
  3. ချစ်စရာ သမီးလေး ၁၀နှစ်ပြည့်မှသည်
    နှောင်နှစ်ပေါင်းများစွာ စိတ်၏ချမ်းသာခြင်း
    ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပါစေ။
    ဆန္ဒတိုင်းပြည့်ဝပါစေ။
    သမီးမေမေ ဆုတောင်း ဆယ်ချက်လည်း
    ပြည့်ဝပါစေ။

    ReplyDelete
  4. Happy Birthday ပါ သမီးလေးရေ...လိမ်မာရေးခြားရှိပြီး ထက်မြက်သွက်လက်တဲ့ သမီးလေးကို ပိုင်ဆိုင်ခွင့်ရတဲ့သမီးကို သိပ်ချစ်ကြတဲ့ မိသားစု သူငယ်ချင်း ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြားမှာ အတူတူပျော်ရွှင်ရင်း သမီးမေမေဆုတောင်းတဲ့အတိုင်း သိပ်ကိုအဖိုးတန်တဲ့ဆုတွနဲ့ ပြည့်စုံပါစေလေ...

    ReplyDelete
  5. သမီးလေး အတွက် ရေးတဲ့စာမှာ မေတ္တာရေတံခွန်ကြီး အရှိန်အဟုန်နဲ့ စီးဆင်းနေတာကိုတွေ့လိုက်ပြီး.... မျက်ရည်လည်မိတယ် သူငယ်ချင်းရယ်.... အမေခြင်းခြင်း အတိအကျကို နားလည်မြင်တွေ့လိုက်တယ်.... အရမ်းချစ်ကျတဲ့မေမေနဲ့ သမီး လေးရဲ့ မေတ္တာ အဟုန်ကြောင့် ဖောတို့ရဲ့ ကမ္ဘာလေး ပန်းများစွာဖူးပွင့်သာယာပါစေ.... ဟတ်ပီးဘသ်ဒေး ပါချစ်သမီးလေး....

    ( မနေ့ကပဲ စဉ်းစားမိနေသေးတယ်... သမီးနဲ့ သားရဲ့ မွေးစကပုံလေးတွေ မမြင်ဘူးလို့ တောင်းကြည့်ချင်နေတာ.... ကျေးဇူးသူငယ်ချင်းးး )


    ချစ်တဲ့ ခိုင်

    ReplyDelete
  6. မိခင်တိုင်းရဲမေတ္တာကို မီးမောင်းထိုးပြလိုက်တဲ့အတွက်
    ကြည်နူးစွာနဲ့ဖတ်သွားတယ် Rose ရေ။
    သမီးလေးရဲ့ ပျော်ရွှင်ဖွယ်မွေးနေ့လေးမှာ နွေးထွေးတဲ့
    မေတ္တာများကိုခံယူရင်းနှစ်ပေါင်းများစွာဖြတ်သန်းနိုင်ပါစေလို့
    တောင်းဆုပြုခဲ့တယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. အစ်မရေ.သမီးလေးပုံတွေ.ကြည့်ရင်းကြည့်ရင်း
    ဘိုမလေးနဲ့.တူတူလာတယ်း)
    (ဟိုမှာ.အနေများလို့နဲ့တူတယ်နော်)
    ဆယ်နှစ်ပြည့်မှသည်..
    နောင်နှစ်ပေါင်းများစွာတိုင်အောင်
    သက်ရှည်ကျန်းမာပြီး
    မိသားစုအပေါ်.တတ်သိ.လိမ္မာတဲ့
    သမီးရတနာလေးဖြစ်ပါစေရှင်

    ခင်မင်စွာဖြင့်..
    မိစံ

    ReplyDelete
  8. အမ သမီးလေးက အချောလေးပဲ .. ဘိုမ လေးနဲ့ တူတယ်..:)
    Happy Birthday ပါ မီးမီးရေ...
    မာမီ့တူလို့နေမှာ မီးမီး ကသိပ်ချော... :D

    ချစ်ခင်လျက်

    ReplyDelete
  9. tha mee lay is very cute and pretty....I am thinking when you were young, do you look like her?

    You may be very beautiful and popular among the people.....

    ReplyDelete
  10. ပီတိတွေနဲ့ ပြုံးပြီးဖတ်သွားပါတယ်..

    Happy Birthday Kiddo!!

    ချစ်ခင်စွာဖြင့်,
    အန်တီအိမ့်ချမ်းမြေ့

    ReplyDelete
  11. Happy Birthday ပါသမီးလေး။ မိဘကျေးဇူး သိတတ်ပြီး ထူးချွန်ထက်မြက်တဲ့သမီးလေး ဖြစ်ပါစေ။

    ReplyDelete
  12. happy birthday Thamielay

    Rose...great respect to your Mitta ( မေတ္တာ)!!!

    ReplyDelete
  13. Happy Birthday ပါ သမီးလေးရေ.... မေတ္တာတွေ ထုံမွမ်းနေတဲ့ မိဘ အရိပ်အောက်မှာ ထာဝရ အေးချမ်းစွာ ပျော်ရွင်မှုတွေနဲ့ ရပ်တည်နိုင်ပါစေလို့ ဆန္ဒပြုရင်း....

    ReplyDelete
  14. ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ.. သမီးချောလေး...


    pifpif

    ReplyDelete
  15. မိခင်တယောက်ရဲ့  မေတ္တာများစွာကို တွေ့ လိုက် မြင်လိုက်ရလို့ ကိုယ့်မိဘနှစ်ပါးကိုယ့်အပေါ် ရှိခဲ့တဲ့ ကျေးဇူးတရားတွေကို ပြန်ဆင်ချင်မိသွားတယ်.. ဖေါဖေါ ရေ.. သမီးလေး ၊ သားလေး တို့ နဲ့ အတူ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်စုလေး ထာဝစဉ်ပိုင်ဆိုင်နိုင်ပါစေ..
    Happy Birthday ပါ..သမီးလေး ရေ ..

    ReplyDelete
  16. ဟက်ပီးဘက်ဒေးပါ အစ်မရှာရွန်၏ သမီးကြီးလေး။ သမီးလေး မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်စွာသော မိသားစုနှင့် အစဉ် ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete
  17. ညီမဖောရေးတာ ဖတ်ပြီး အမက မျက်ရည်ကျလို့... မိခင်မေတ္တာ ပေါ်လွင်လိုက်တာ ။ သမီးလေးလဲ ပေးတဲ့ဆုတွေပြည့်ပါစေ။ ပျော်ရွှင်ဘွယ် ဘ၀ကိုပဲ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    အမ ခင်မင်းဇော်

    ReplyDelete
  18. အစ်မ သမီးလေးက ချစ်စရာလေးနော်...
    မိခင် တစ်ယောက်ရဲ့ မေတ္တာကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်သွားပါတယ် အစ်မ...

    ReplyDelete
  19. Happy Birthday,သမီးလေး။
    သမီးလေးမှာ ဒီလိုမျိုး မေတ္တာတရားတွေနဲ့မိခင်တစ်ယောက်ရှိနေမှတော့ သမီးလေး ရုပ်အဆင်းရော၊ စိတ်အဆင်းပါ လှနိုင်ပြီပေါ့ သမီးရယ်။
    စာရေးကောင်းတယ်နော်။ အမြဲလာဖတ်ပါတယ်။ ခုမှ မန့်ဖြစ်တယ်။
    (လီယို)

    ReplyDelete
  20. ကိုအောင်(ပျူနိုင်ငံ)December 18, 2011 at 10:12 PM

    Happy Birthday ...
    မွေးနေ့မှာ သမီးလေးေ၇ာ တစ်မိသားစုလုံး ပျော်၇ွှင်ပါစေ ...

    ReplyDelete
  21. မမရေ ကြည်နူးစရာ ကောင်းတဲ့ မိခင်မေတ္တာကို အပြည့်အဝ မြင်လိုက်ရတယ်.. မျက်ရည်တောင် ဝဲတယ်.. ညီမလေးကိုလဲ ဟက်ပီးဘက်ဒေးပါနော်..

    ReplyDelete
  22. Happy Birthday Thamae lay
    Aunty Moe

    ReplyDelete
  23. ချစ်စရာလိမ္မာယဉ်ကျေးတဲ့သမီးလေးကိုပြောပေးပါ။
    အဝေးတနေရာကအန်တီအိုင်အိုရာက သမီးလေးကသိပ်ချစ်စရာကောင်းပြီး မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ အတိပြည့်စုံပါတယ်လို့ ။ သမီးလေးအရွယ်ရောက်လာချိန်မှာဒီစာလေးတွေလည်းအမှတ်တရရှိနေစေချင်ပါတယ်လို့ ။ သမီးမေမေတောင်းတဲ့ဆုတွေ အပြင်သမီးလိုချင်တဲ့ဆုတွေလည်းပြည့်ပါစေလို့ ။
    နောက်ဆုံး..သမီးမေမေလည်းကျန်းမာချမ်းသာပြီး စိတ်သွားတိုင်းကိုယ်ပါပါစေလို့ ။
    အိုင်အိုရာ

    ReplyDelete
  24. မမနော်ရဲ့  ချစ်ချင်းတွေအပြည့်နဲ့ ပိုစ့်လေးကိုဖတ်ပီး မျက်ရည်တောင်လည်တယ် စာဖတ်ရင်းနဲ့  မိခင်တယောက်ရဲ့  အချစ်တွေ မေတ္တာတွေကိုအပြည့်အ၀ တွေ့ လိုက်ရတာ သိပ်ကြည်နူးစရာကောင်းတာပဲ
    သမီးလေး ဆယ်နှစ်ပြည့်မှသည် နှစ်တရာတိုင် မိဘမောင်နှမစုံ၂လင်၂နဲ့  ပျော်ရွှင်ချမ်းမြေ့ တဲ့ဘ၀ကိုပိုင်ဆိုင်ပါစေ မိဘအပေါ်သိတတ်နားလည်တဲ့ ပညာတတ်ကြီးဖြစ်ပါစေ ဒိထက်မက ပိုပီးချောလှပါစေ

    ပိုးပိုး

    ReplyDelete
  25. Happy Birthday ပါ သမီးလေးရေ
    သမီးလေးက ကြီးလေ ချောလာလေလေပဲနော်
    တီဂျက်တော့သမီးလေးကိုချစ်သွားပြီကွယ်

    ReplyDelete
  26. ပိုစ့်ထဲမှာ မေတ္တာရေစီးသံလေး တသွင်သွင်စီးဆင်းနေတာကို ကြားလိုက်ရလို့ ကြည်နူးပီတိဖြစ်စွာနဲ့ ဖတ်နေမိပါတယ်.
    သမီးလေး ၁၀နှစ်ပြည့်မှာ ပျော်ရွှင်ကျန်းမာပါစေ
    လိမ္မာသိတတ် မွန်မြတ်သော သမီးကောင်းရတနာ ပညာတတ်လေးအဖြစ် မိဘတွေရဲ့ စိတ်နှလုံးကို ရွှင်လန်းစေနိုင်ပါစေလို့ ဆုမွန်တောင်းပေးပါတယ်နော်။.
    ဒီပိုစ့်လေးဖတ်ပြီး အမေ့ကိုသတိရလိုက်တာ အမေကလည်း သားသမီးတွေအကြောင်းကို ခုလို စာလေးတွေ ရေးတတ်တယ်. အမေ့ကို သတိရတယ်

    ReplyDelete
  27. ချစ်စရာကောင်းတဲ့ သမီးချောလေးရဲ့ မေမေ ရင်ဘတ်နဲ့ရေးထားတဲ့ စာကို ဖတ်ပြီး မျက်ရည်တွေတောင် အိုင်ထွန်းလာမိတယ်..။ မိဘမေတ္တာဆိုတာမျိုးက ဆွဲငင်အားတွေ ဘယ်လောက်တောင် ရှိတယ်ဆိုတာ၊ ဘယ်လောက် တန်ဘိုးမဖြတ်နိုင်ဘူးဆိုတာ စာဖတ်သူတွေကို သမီးလေးနဲ့ မေမေရဲ့ မေမေက ပြောပြလိုက်တာပါ။

    ReplyDelete
  28. ချစ်စရာကောင်းတဲ့မီးမီးလေးကို
    happy birthday ပါလို့..ပြောပေးပါနော်..

    ReplyDelete
  29. ဟန်ကြည်December 20, 2011 at 8:38 AM

    မနှင်းဆီရဲ့သမီးလေး ချစ်စရာကောင်းလိုက်တာဗျာ...ပြုံးတဲ့ အပြုံးကအစ ရိုးသားဖြူစင်ပြီး ကြည်လင်နေတာပဲ...ပွင့်သောပန်းတိုင်းမွှေးပါစေ မနှင်းဆီရေ...

    ReplyDelete
  30. အမရေးထားတာ ဖတ်ပြီး ငိုတောင် ငိုချင်လာတယ် happy birthday သမီးလေး

    ReplyDelete
  31. Happy Birthday ပါသမီးလေး...
    မိသားစုတွေ မခွဲမခွာနဲ့ ပြီးပြည့်စုံပါစေလို့ ဆုတောင်းသွားပါတယ်။
    သမီးလေးကို ချစ်လို့ ပုံတွေကို အမြဲလာကြည့်ပါတယ်။ အခုလည်း သတိရလို့  စာလာဖတ်ရင်း ပုံလေးတွေလာကြည့်သွားပါတယ်။
    လာဖတ်တာနောက်ကျသွားတယ် မမရေ။

    Khaing

    ReplyDelete
  32. အလုပ်တွေ များနေလို့ အခုမှပဲ ရောက်လာရတော့တယ်ဗျာ...၊

    ငယ်တုန်းက ချစ်စရာကောင်းပြီး ကြီးတော့ ချောလာတဲ့ သမီးလေး.. ဘုရားရှေ့၊ လူရှေ့မှာ အစဉ်အတိုင်းကြီးပြီး၊ ဥာဏ်ပညာနဲ့ ပြည့်စုံတဲ့ သမီးလေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်..။

    ReplyDelete
  33. Happy Birthday Belated သမီးလေးက အရမ်းချစ်ဖို့ ကောင်းတယ်..ဒီလို သမီးလေးရတာ အမအတွက် ကံကောင်းသလို သမီးလေးလည်း အမလိုအမေရတာ ကံကောင်းပါတယ်..ပို့ စ်လေးက ချစ်ခြင်းမေတ္တာတွေ ထုံမွှန်းနေတယ်..

    ReplyDelete
  34. Ma Ma,
    It is so touching. Love it.
    Thanks.
    Daffodil, California

    ReplyDelete