Sunday, July 26, 2009

ဖေဖေ(သို့မဟုတ်)ကျမရဲ့HERO




ဟိုတပတ်ကအိမ်ကိုဖုန်းဆက်တော့ဖေဖေနဲ့စကားတွေပြောရင်း... ပြေးတွေ့ချင်စိတ်တွေပေါက်ပြီး.... မတွေ့တာ၃နှစ်ကြာပြီဖြစ်တဲ့ဖေဖေ့ပုံရိပ်ကိုစိတ်ထဲမှာမြင်ယောင်ကြည့်မိတယ်.... အသက်၆၁နှစ်ရှိပြီဖြစ်တဲ့ဖေ့ဖေ့ရဲ့ကျန်းမာရေးကမကောင်းလှဘူး... သားသမီး၆ယောက်ကို လူလားမြောက်အောင်... ပညာတွေတတ်အောင် လူတန်းစေ့နေနိုင်အောင် ကြိုးစားရုန်းကန်ခဲ့ရတဲ့ဖေဖေတယောက် သားသမီးတွေ ပညာစုံကြင်ယာစုံချိန်မှာတော့ ခြေကုန်လက်ပန်းကျပြီး အထီးကျန် နေခဲ့ရပြီ.... ဒီနှစ်ဒီဇင်္ဘာပြန်လာဖို့ကိုကြိုးစားမယ်လို့ဘဲပြောနိုင်တဲ့ ကိုယ့်ကိုကိုယ် တကယ်အားမရဘူး....


ဖေဖေဟာတကယ်တော့ကျမရဲ့Heroပါ... သားသမီးတွေအတွက်အမြဲဂုဏ်ယူချင်တတ်တဲ့ဖေဖေဟာ... အလုပ်ဆင်းလို့အိမ်ပြန်လာရင်တောင်မနားဘဲနဲ့ကျောင်းစာတွေပြန်စစ်တတ်တာ... အင်္ဂလိပ်စကားကိုပြောရဲအောင်လေ့ကျင့်ပေးခဲ့တာတွေ... ကရင်စာတွေကိုသင်ပေးပြီးမောင်နှမတွေအကုန်လုံးကိုစာမေးပွဲစစ်သလိုပြန်စစ်ပြီး.. အတော်ဆုံးသူကိုဆုချခဲ့တာတွေ.... ကျောင်းပိတ်ရက်တိုင်းမှာလက်ရေးလှအောင်လေ့ကျင့်ခိုင်းခဲ့တာတွေကို သတိရမိတိုင်း... ကျမတို့ရဲ့အနာဂါတ်တွေလှပအောင် အပင်ပန်းခံခဲ့တဲ့အဖေ့ကို ကျေးဇူးအရမ်းတင်မိတယ်...


သားသမီးတွေကိုလဲဖေဖေက သူငယ်ချင်းလိုပေါင်းတတ်သေးတယ်.... ဂစ်တာတီးကျွမ်းကျင်တဲ့ ဖေဖေဟာကျမတို့ နှစ်သက်တဲ့ ခေတ်ပေါ်သီချင်းမှန်သမျှကိုတီးခတ်ပေးသေးတာ...(အဲဒီတုန်းကမေဆွိရဲ့ ကိုကို့ကို တို့ မေခလာရဲ့မပြောချင်လို့ကြည့်နေတာကြာပြီသိရဲ့လားတို့ပေါ့)... စနေနေ့တိုင်းမှာလဲနောက်တနေ့ ဘုရားကျောင်းမှာဆိုဘို့ ခရစ်ယာန်ဓမ္မတေးတွေလေ့ကျင့်ပေးခဲ့တာတွေလဲသတိရလွမ်းဆွတ်မိတယ်... Churchမှာဆိုကျမတို့မိသားစုကိုစံပြခရစ်ယာန်အိမ်ထောင်အဖြစ်သတ်မှတ်ထားကြလို့ မိသားစုရှစ်ယောက်လုံး ဘုရားကျောင်းအတူတူသွားကြတိုင်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖေဖေ့ခေါင်းတွေမော့လို့.... အလုပ်ထဲမှာအဆင်မပြေတဲ့အခါ သိပ်ပင်ပန်းလာတဲ့အခါတိုင်း တခွက်တဖလားသောက်ချင်တဲ့ဖေဖေဟာ မေမေ့သဘောကျ အိမ်မှာဘဲခွက်ပုန်းချရတဲ့အခါတိုင်း ကျမရယ်ကျမရဲ့အမရယ်ဟာ ဖေဖေ့ကိုအလွတ်မပေးဘဲ သမီးတို့လဲမြည်းချင်တယ်လို့ပြောတဲ့အခါ ခွက်သေးသေးလေးတွေထဲ အချိုရည်တွေအများကြီးနဲ့ရောပေးပြီး အမြည်းတွေကျွေးတဲ့ဖေဖေတယောက် စိတ်ညစ်ပြေသွားလားမပြေလားတော့မသိ ကျမတို့ညီအမတွေကတော့ အမြည်းလုစားရတာပျော်လို့မဆုံးဘူး... ဖေဖေလခထုတ်တဲ့နေ့တွေဆို အစားအသောက်ကောင်းမက်တဲ့ဖေဖေဟာ မိသားစုကိုအပြင်ခေါ်သွားပြီးစားချင်တာတွေဝယ်ကျွေးတတ်တယ်... အပြင်ဆိုင်တွေမှာဟန်ကောင်းကောင်းနဲ့စားနိုင်ဘို့ ကျမတို့ကို တူကိုင်နည်း၊ဇွန်းခက်ရင်းကိုင်နည်းတွေကိုလဲ ငယ်ငယ်ထဲကသင်ပေးထားခဲ့တယ်... မောင်နှမတွေကြားထဲမှာလူကောင်အသေးဆုံးဖြစ်တဲ့ကျမကိုအရပ်ရှည်အောင် အိမ်မျက်နှာကျက်မှာ ဘားတန်းရိုက်ပြီးခိုခိုင်းခဲ့လို့ အခုကျမအရပ်မရှည်ပေမဲ့ ပုတယ်လို့ခေါ်လို့မရတဲ့၅ပေ၄လက်မဆိုတဲ့အရပ်လေးရှိခဲ့ရတာဖေဖေ့ကျေးဇူးပေါ့... ကျမတို့ညီအမတွေကိုလဲဖေဖေကိုယ်တိုင်ဘဲရေကူးသင်ပေးခဲ့သေးတာ...


ကျမဖေဖေ့ကြောင့်လူတောတိုး လူဝင်ဆန့်ခဲ့တယ်... ဖေဖေ့ကြောင့်ဘုရားကိုသိခဲ့ရတယ်... ဖေဖေ့ကြောင့်သူများတွေနဲ့တန်းတူဘွဲ့တခုရခဲ့တယ်... ဖေဖေ့ကြောင့်အဆိုးအကောင်းကိုခွဲခြားသိရှိနိုင်တဲ့ဥာဏ်ပညာတွေရရှိခဲ့တယ်... ဖေဖေ့ရဲ့ကျေးဇူးတွေက ချရေးရင်ကုန်နိုင်မှာမဟုတ်ပါဘူး...


ဒါပေမဲ့ကျမဆိုးခဲ့တယ်.... ဖေဖေခွင့်လွှတ်တယ်ဆိုတာသိပေမဲ့တွေးမိတိုင်းနောင်တရမိတယ်... အချစ်ကိုကိုးကွယ်ခဲ့မိတဲ့ကျမ... ဖေဖေ့ခံစားချက်ကိုဥပေက္ခာပြုခဲ့တယ်.... သူသဘောမတူတဲ့သူနဲ့လက်မထပ်စေချင်လို့... စကားလုံးရင့်ရင့်တွေသုံးပြီးတားခဲ့တဲ့ဖေဖေ့ကိုစိတ်နာ တဇွတ်ထိုးစိတ်နဲ့ မင်္ဂလာပွဲကို ကိုယ့်ဟာကိုယ်စီစဉ်ပြီး ဖေဖေ့ကိုအသိမပေးဘဲကျင်းပနေချိန်မှာ... ကျမဘာလုပ်လုပ်သိနေတဲ့ဖေဖေက သူ့သူငယ်ချင်းတယောက်အိမ်မှာသွားရင်ဖွင့်ပြီးမျက်ရည်တွေကျခဲ့တယ်ဆိုတာ နောက်ကျမှသိခဲ့ရတယ် ကျမ နောင်တတွေရပြီး အချိန်တွေကိုနောက်ပြန်ဆွဲပြီး ပြန်ပြင်ချင်တာတွေပြင်ခွင့်ရချင်လိုက်တာ... တကယ်ဆို ကျမရွေးချယ်မှုမမှားဘူးဆိုတာကိုဖေဖေသိအောင် အချိန်ယူနားချသင့်ခဲ့တာပေါ့... သမီးတွေမင်္ဂလာဆောင်တိုင်း ခရစ်ယာန်ထုံးစံအရ ကိုယ့်သမီးကို သတို့သားလက်ထဲလွဲပြောင်းပေးတဲ့အနေနဲ့ ဧည့်ပရိသတ်တွေအလည်မှာ သတို့သားဆီကို သမီးနဲ့လက်တွဲပြီးလမ်းလျှောက်ခဲ့တဲ့အဖေဟာ ကျမလက်ကိုတွဲပြီးသူသဘောကျတဲ့သူရဲ့လက်ထဲအပ်ဘို့မျှော်လင့်ချက်တွေဆုံးရှုံးခဲ့ရတယ်... ဒါပေမဲ့ခုချိန်မှာကျမရဲ့ခင်ပွန်းနဲ့တွေ့တိုင်း စကားတွေဖောင်ဖွဲ့ပြောတတ်တဲ့ဖေဖေတယောက် ကျမကိုခွင့်လွှတ်တယ်ဆိုတာကျမသိနေပေမဲ့ဒီနောင်တတွေကပျောက်မသွားပါဘူး... ကျမကြောင့်မျက်ရည်ကျခဲ့ရတဲ့ဖေဖေက ကျမငွေလွှဲတာရလို့ကျေးဇူးတင်တယ်ပြောတိုင်း ကျမရင်ထဲမှာ စိတ်မကောင်းဖြစ်မိတယ်... တကယ်ဆိုကျမဘက်က ပေးဆပ်ဘို့အများကြီးလိုအပ်နေသေးတာလေ... အခုဖေဖေ့အကြောင်းရေးရင်းနဲ့ဆုံးဖြတ်ချက်ချလိုက်ပါပြီ... ဒီဇဘာင်္အရောက်ပြန်ခဲ့မယ်ဖေဖေ.... နိုင်ငံရေးအခြေအနေတွေဘယ်လိုရှိရှိ၊ ဘာရောဂါတွေဘယ်လိုဘဲဖြစ်နေဖြစ်နေ သမီးဂရုမစိုက်တော့ပါဘူး... ဖေဖေတွေ့ချင်တဲ့ဖေဖေ့မြေးလေးတွေကိုလက်ဆွဲပြီးသမီးလာခဲ့ပါ့မယ်ဖေဖေ


ဖေဖေ့ကိုချစ်တဲ့ဖေဖေ့သမီးဆိုး


42 comments:

  1. အဖေနဲ့ဒီဇင်ဘာမှာ ပြန်ဆုံနိုင်ပါစေ..
    ကျနော်ကတော့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူး..
    အဖေ မရှိတာ ..ကြာပြီ..
    ဒီပို့စ်ကိုဖတ်ပြီးး..အဖေ့ကို လွမ်းလိုက်တာ..
    အတိတ်ရုပ်ရှင်တစ်ကားလို ပြန်လည်မြင်ယောင်နေတယ်..
    ကျေးဇူး။။

    ReplyDelete
  2. အဖေ့ရဲ့မေတ္တာအတိမ်အနက်ကိုသိပြီး ခုလိုလှလှပပပိုစ်လေး
    တစ်ခု တင်ထားတာတွေ့ရတော့ အဖေချစ်တဲ့ကျနော်လည်း
    ထပ်တူခံစားရပါသည်ပေါ့။
    အစ်မပြောသလိုပါပဲ အဖေဟာကျနော်တို့ရဲ့အမြဲတမ်းသော
    heroပါ မိသားစုအတွက်အဖေတို့ရဲ့ပေးဆပ်မှုကသိပ်ကြီးမားခဲ့ရသလို
    ထပ်တူညီမျှတဲ့တန်ပြန်သက်ရောက်မှုမရခဲ့ရင်လည်း အဖေဆိုတာက သားသမီးတွေကို ခွင့်လွှတ်တတ်ခဲ့မြဲပါ။
    အစ်မဖေဖေဂစ်တာတီးကျွမ်းတယ်ဆိုလို့အားကျတယ်ဗျာ
    ကျနော်ကရင်စာသင်ဖူးသေးတယ်ခင်ဗျ ဒါပေမယ့် ခုမေ့ကုန်ပြီ ဟီးးးးး တလုံးစ နှစ်လုံးစပဲ သိတော့တယ်

    ReplyDelete
  3. PAUK>ပထမဆုံးcommentလာပေးသွားတာကျေးဇူးနော်... အဖေ့ကိုဘယ်လောက်လွမ်းနေမယ်ဆိုတာကိုယ်ချင်းစာနားလည်မိပါတယ် :(

    ReplyDelete
  4. အမရေ ဒီပို့စ်လေးဖတ်ပီး အဖေ့ကို လွမ်းသွားပီ
    အမေ့ကိုပဲ လွမ်းတယ် အမေ့ကို သတိရတယ်လို့ ဖုန်းဆက်တိုင်းပြောတိုင်း
    အဖေက နောက်ကနေ ကျန်းမာအောင်နေလို့ပြောတယ် အမရယ်
    အဖေနဲ့ စကားပြောခွင့်ရရင်လဲ ကျန်တာတွေ နောက်မှမေးပါ သမီးငယ်ရယ်
    နေကောင်းရဲ့လား ကျောင်းစာရော လိုက်နိုင်ရဲ့လားနဲ့ အမြဲမေးတယ်
    အဖေ့ရဲ့ လက်ဖောင်းဖောင်းတုတ်တုတ်ကြီးတွေကို သတိရတယ်
    အနော် အိမ်ပြန်နောက်ကျတိုင်း လမ်းထိပ်မှာ စောင့်နေတတ်တဲ့ အဖေ့ကို အခုမှ ပိုပီး သတိရနေမိတယ် :((

    ReplyDelete
  5. သားကြီးရေ ဟုတ်တယ် အဖေတိုင်းကသားသမီးတွေရဲ့HEROပါ... ကရင်စကားသင်ဖူးတယ်ဆိုတော့တချို့တော့မှတ်မိအုန်းမှာပေါ့နော်...
    အနော်ရေ...အဖေ့ကိုလွမ်းအောင်လုပ်မိသွားတယ်... ဒို့လဲသူများတွေအဖေအကြောင်းရေးရင်ကိုယ့်အဖေကိုပိုလွမ်းမိတတ်တယ် အတူတူလွမ်းကြမယ်နော်....

    ReplyDelete
  6. အခုရက်အတွင်း ပင်ပန်းနေမူတွေများတော့ ငိုချင်စိတ်ဝင်ဝင်လာတယ်။ ဒီလိုဖြစ်တိုင်း အားပေးစကားအမြဲပြောတတ်တဲ့ ဖေဖေကိုပိုလွမ်းမိတယ်။ ဒီပို့စ်လေးဖတ်ပြီး အစ်မroseနဲ့ အတူတူ ပိုလွမ်းသွားတယ်။ ဒီဇင်ဘာခရီးလေးကို အဆင်ပြေပြေ စီစဉ်နိုင်ပါစေ။ မိသားစုအားလုံး ကြည်နူးပြုံးပျော်စွာ ပြန်ဆုံစည်းနိုင်ပါစေလို့ ကူဆုတောင်းပေးပါတယ်နော်။ ခင်တဲ့ လသာည

    ReplyDelete
  7. အဖေနဲ့ အတူမနေဘူးတာဘဝရဲ့ သုံးချိုးတချိုးမက ဘူးထင်တယ်
    သေခြာတာတော့ သားဆိုးကိုချစ်တဲ့
    သွန်သင်ဆုံးမတာတော်တဲ့ အဖေ ရှိတယ်

    အမအဖေနဲ့အမတွေ.ရင်ကျနော်. အတွက်ပါပိုပျော်လိုက် :)

    ReplyDelete
  8. Thanks လသာည မအားတဲ့ကြားကလာလည်ပြီး ကော်မန့်ရေးသွားတာကျေးဇူးတင်ပါတယ်.... ခံစားချက်ကိုနားလည်ပါတယ်... အဖေဟာသားသမီးအတွက်... အားကိုးရာ ရင်ခွင်ကျယ်ကြီးလဲဖြစ်သေးတယ်...

    ReplyDelete
  9. ကျေးဇူး ကြယ်ကလေး ပိုပျော်ပေးခဲ့မယ်နော်... :)

    ReplyDelete
  10. မရှာရွန်းရေ........ အဖေကိုချစ်တဲ့ မရဲ့ စိတ်ဓာတ်လေးကို လေးစားချစ်ခင်မိပါတယ်။ အဖေတိုင်းဟာ သားသမီးတွေရဲ့ Hero ကြီး ဖြစ်သလို၊ သမီးရဲ့ Hero ကြီးဟာလဲ အဖေပါပဲ။ ချစ်တဲ့ Hero ကြီးဆီကို ချစ်တဲ့ ဘုရားရဲ့လက်ဆောင်နှစ်ပါးနဲ့ အမြန်ဆုံးသွားတွေ့နိုင်ပါစေလို့ ။ ပျော်ရွှင်ပါစေနော်။ အဖေကိုချစ်တဲ့ သားသမီးတွေရဲ့ ခံစားချက်လေးတွေဒီစာမျက်နှာမှာ မြင်ရလို့ ကြည်နူးမိပါတယ်။ အဖေများအားလုံး ချမ်းမြေ့ပါစေ။

    ReplyDelete
  11. Rose ရေ..ကျမ အဖေကတော့ ကျမ နဲ့ အတူတူ မရှိခဲ့ ဘူး။
    ကျမသိတတ်တဲ့ အရွယ်ရောက်တော့ သူက မိသားစု အသစ်ဆီမှာ...
    တာဝန်ကျေတဲ့ အဖေတွေ အကြောင်းဖတ်တိုင်း မေးခွန်းတွေအများကြီး
    မေးမိတယ်။ ကျမ အဖေနဲ့ တွေ့ ခွင့်မရတာကြာခဲ့ပြီ။

    ReplyDelete
  12. အခုမှရောက်ဖူးတာ...းဝ)

    အဖေ့အိမ်ကို ပြန်မယ့် အဖေကိုချစ်တဲံ သမီးဆိုး
    အစစအရာရာ အဆင်ပြေ အောင်မြင်ပြီး
    လိုရာခရီးကို ချောချောမောမော ရောက်နိုင်ပါစေဗျာ...

    ReplyDelete
  13. Angel Shaper,ရှင်လေး,ကိုလူထွေး commentရေးသွားတာ၊ လာလည်သွားတာ၊ ဆုတွေတောင်းပေးသွားတာတွေအတွက် ကျေးဇူးအထူးတင်ပါတယ်... :)

    ReplyDelete
  14. မိဘဆိုတာ ပေးဆပ်သူသက်သက်ပါ...
    အခုလို မိဘမေတ္တာကို နားလည်သိတတ်တဲ့အတ္ဂက် ...ဘုရားက အနားမှာ အမြဲရှိနေ ကောင်းချီးပေးနေမှာပါ...
    ပြီးတော့ ပျော်စရာ မိသားစု ကမ္ဘာလေးထဲမှာ ကျန်းမာရွှင်လန်း အပြုံးပန်းတ္ဂေ ဝေေ၀ဆာဆာ ပ္ဂင့်ဖူးနိုင်ပါစေလို့...
    လေးစားစ္ဂာဖြင့်
    လင်းကြယ်ဖြူ

    ReplyDelete
  15. ဖေဖေ့ကို ပိုလွမ်းသွားတယ် အစ်မရယ်.......
    ညီမရဲ့ Hero ဟာလည်း ဖေဖေပါ
    သမီးကို အချစ်ပိုတဲ့ ဖေဖေ့ ကို နေ့တိုင်း လွမ်းနေတယ်........
    ဒီနှစ်တော့ မပြန်နိုင်သေးလို့ ရှေ့နှစ်မှပဲ တွေ့ရတော့မယ် ထင်ပါရဲ့
    အစ်မအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဒီဇင်ဘာလေး ဖြစ်ပါစေလို့နော်..
    ညီမလည်း အစ်မလိုပဲ မြည်းကြည့်ခဲ့တယ်.....ဖေ့ဆီကး)

    ReplyDelete
  16. လင်းကြယ်ဖြူ>လာလည်သွားတဲ့အတွက်၊ဆုမွန်ကောင်းများအတွက် ကျေးဇူးတင်ပါတယ်
    Anonymous>လာလည်သွားတာကျေးဇူး၊ ညီမမြည်းတာဘာလဲဟင် (ဝါသနာပါလို့ပါ)

    ReplyDelete
  17. တို့အတွက်တော့ အမေကဟီးရိုးပါ..
    ဒါပေမဲ့အဖေကို တို့အရမ်းချစ်ပါတယ်..
    ပျော်ရွှင်ပါစေ....

    ဆိုင်း

    ReplyDelete
  18. မဆိုးတော့တဲ့ မကြီးနဲ့ ခွင့်လွတ်တတ်တဲ့ ဦးဦးတို့ အပျော်ရွင်ဆုံး မြန်မြန်ဆုံးတွေ့နိုင်ပါစေ..

    ReplyDelete
  19. ဆိုင်းရေ... လာလည်သွားတာရော.. comment အတွက်ရော ကျေးဇူး..
    ရေတမာ>ဆုတောင်းပေးတာကျေးဇူး... လာလည်သွားတာကျေးဇူး :)

    ReplyDelete
  20. မရေးးးးးးးး....မရဲ့ စာကိုဖတ်ပြီးတော့ အဖေ့ကိုတောင်
    သတိရမိသွားတယ်....
    ခင်တဲ့
    ယွန်းလေး

    ReplyDelete
  21. အဖေ၊အမေနဲ့ပြန်ဆုံမယ့်နေ့တွေကိုရေတွက်ရင်
    မိသားစုပြန်ဆုံချိန်ကိုတွေးပြီးပျော်နေမိတယ်..
    အဖေနဲ့မကြာခဏပြန်တွေ့နိုင်ပါစေ၊

    ReplyDelete
  22. ယွန်းလေး...လာလည်သွားတာကျေးဇူးနော်...:)
    ရန်မျိုး...ဟုတ်တယ်နော်...တွေးကြည့်ရုံနဲ့တောင်ပျော်စရာကြီး... ဆုတောင်းအတွက်ကျေးဇူး

    ReplyDelete
  23.်မိုးရွာနေတဲ့အချိန် ဒီပိုစ့်လေးဖတ်ပြီး ဖေဖေ့ကိုသတိယပြီး မျက်ရည်တောင်ကျမိတယ် မိဘတွေနဲ့  ဒီဇင်ဘာမှာ ပြန်လည်ဆုံတွေ့ နိုင်ပါစေ

    ReplyDelete
  24. အစ်မရဲ့ တိုက်ဆိုင်လိုက်တာ။ အစ်မ ဘလော့ကို ခုမှရောက်ဖူးတာ။ စာတွေဖတ်သွားတယ်။ အမ အဖေကျန်းမာပါစေ။

    ReplyDelete
  25. ကျေးဇူးPoe Poe
    jr.လွင်ဦး>ဟုတ်ပနော်.... လာလိုက်တာကျေးဇူး...

    ReplyDelete
  26. မမ မမဖေဖေနဲ့ ဒီဇင်ဘာမှာပြန်ဆုံပါစေနော်။
    မေလေးလဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက အိမ်ပြန်တုန်းက ပါးပါးနဲ့မားမားကို ကြည့်ရတာ ရင်ထဲမကောင်းဘူး။ ပိုပြီးအိုစာသွားသလို ခံစားလိုက်ရတယ်။

    ဟုတ်တယ်မမရယ်
    ငွေလွှဲတိုင်း သမီးကိုကျေးဇူးတင်ပါတယ် ပြောတတ်တဲ့ မိဘတွေကို သနားမိတယ်။ ငါ့သမီးကျေးဇူးရှိတယ် ပြောရင် တသက်လုံးလူတစ်လုံး သူတစ်လုံးဖြစ်လာအောင် ပြုစုလာတဲ့ ကျေးဇူးတွေကို အမှတ်ပိုရမိတယ် မမရယ်။

    ReplyDelete
  27. ဒီဇင်ဘာမှာ မိသားတစုလုံး ပြန်ဆုံနိုင်ပါစေနော်

    ReplyDelete
  28. ဟုတ်တယ်မေလေးရယ်...လာလည်သွားတာကျေးဇူးနော်း)
    ကျေးဇူးတင်ပါတယ် မီယား)

    ReplyDelete
  29. အမရေ ဒီပို.စ်လေးဖတ်ရတာ စိတ်မကောင်းဘူးဗျာ
    ဘယ်လိုသော အခက်အခဲတွေ ရှိနေပါစေဗျာ
    အဖေကိုချစ်တဲ. သမီးတစ်ယောက်ရဲ. ဆန္ဒတွေ
    ပြည်.၀နိုင်မှာပါဗျာ...မိသားစုလေး ပျော်ရွှင်စွာ
    တွေ.ဆုံနိုင်ပါစေလို. ဆုတောင်းပေးပါတယ် မကြီးရေ...

    ReplyDelete
  30. ကျေးဇူးတင်ပါတယ်မိုးစက်အိမ် :)

    ReplyDelete
  31. ဒီမှာတော့ ဖေဖေ အကြောင်းက စာရေးမချနိုင်တဲ့ အကြောင်း...ပါလို့ ဒီပို့စ်မှာ ကော်မန့်လေး တကြောင်း ရေးခဲ့ပါရစေနော်

    ReplyDelete
  32. ဟုတ်ကဲ့မသီတာ... လာလည်သွားတာကျေးဇုးနော်...

    ReplyDelete
  33. အမရေ မိသားစုအပေါ် တာဝန်ကျေတဲ့ ဖခင်ကောင်းတွေအများကြီးပါနော်။
    ညီမရဲ့ ဖေဖေကိုလည်းသတိရသွားမိတယ်။

    အမရဲ့ ဖေဖေလိုပါပဲ ညီမဖေဖေဆိုလည်း အလုပ်ဆင်းလို့အိမ်ပြန်လာရင်တောင်မနားဘဲနဲ့ အင်္ဂလိပ်စကားကိုပြောရဲအောင်လေ့ကျင့်ပေးခဲ့တာတွေ ပြန်သတိရမိတယ်။

    ဒီဇင်ဘာမှာ ပြန်ဖြစ်အောင်ပြန်လိုက်ပါ အမရေ...။ အမ ဖေဖေ အမတို့မိသားစုလေးကိုတွေ့ခြင်နေမှာပါ..။ အဖေဆိုတာကတော့ အမေတွေလို သားသမီးတွေနဲ့ရင်းရင်းနှီးနှီးရှိစေမယ့် အပြောအဆို အနေအထိုင်မျိုး မပြောတတ် မလုပ်တတ်ကြပေမယ့် သားသမီးတွေကို ချစ်တာခြင်းတော့ အတူတူပဲလို့ ယုံကြည်မိပါတယ် အမရေ..။
    ဖေဖေတွေက silence loverတွေပေါ့နော်

    ခင်မင်စွာဖြင့်
    မေသစ္စာမောင်

    ReplyDelete
  34. ဟုတ်ကဲ့မေသစ္စာမောင်... ဖေဖေ့ကိုဒီဇင်္ဘာပြန်လာမယ့်အကြောင်းပြောလိုက်ပါပြီ...လာလည်တာကျေးဇူးနော်

    ReplyDelete
  35. အမရေ လေးစားပါတယ် အဖေကို အရမ်းချစ်တတ်လို့ အဖေနဲ့ အမြန်ပြန်တွေ့နိုင်ပါစေလို့.. ဆုတောင်းရင်း..

    ReplyDelete
  36. မင်္ဂလာပါအမရေ..။

    ဒီနေ့ အကြွေးတွေလိုက်ဆပ်နေတာ
    မိဘကျေးဇူးကိုသိတတ်နားလည်းတဲ့
    သားကောင်းရတနာတွေ၊ သမီးကောင်းရေတနာတွေ
    အများကြီးကိုတွေ့လိုက်ရတယ် ဗျာ...။

    အရမ်းကိုဝမ်းသာမိတယ်
    အရမ်းကိုလည်းလေးစားမိတယ်

    ဒီဇင်ဘာ ပြန်ဆုံမှာပါ အမရေ စိတ်သာချ..။
    ခင်မင်စွာဖြင့်
    စည်သူ။

    ReplyDelete
  37. ကိုဇော်(ခြေလှမ်းသစ်)၊စည်သူ ကျေးဇူးတင်ပါတယ်...

    ReplyDelete
  38. လာလည်commentရေးသွားသူအားလုံးကိုကျေးဇူးအထူး တင်ပါတယ်ရှင်...

    ReplyDelete
  39. တို့လဲ သမီးဆိုးတယောက်ထဲ ပါနေတယ်၊ မျက်ရည်လည်စွာ ဖတ်သွားမိတယ်၊ ဒီဇင်ဘာမှာပြန်နိုင်ပါစေနော်၊ တို့လဲ ပြန်ဖို့ကြိုးစားနေတယ်၊

    ReplyDelete
  40. ကောင်းကင်ပြာရေ...ဒို့ပြန်ဖြစ်ဖို့က၉၉%သေချာနေပြီ... လာလည်တာ၊ဆုတောင်းပေးတာကျေးဇူးအထူးတင်ပါတယ်...း)

    ReplyDelete
  41. ခုတလော ဘာကြောင့်မှန်းမသိ အိမ်အလွမ်းတွေနဲ့ စိတ်ထဲမှာ ထိခိုက်နေတာ ဒီပိုစ့်လေးဖတ်လိုက်တော့ ဝမ်းနည်းတာရယ်... ကြည်နူးတာရယ် ပေါင်းပြီး မျက်ရည်ကျလုလု ဖြစ်သွားတယ်...
    စိတ်ချမ်းသာပျော်ရွှင်စွာနဲ့ ဖေဖေ့ဆီ အမြန်ဆုံး ပြန်နိုင်ပါစေ...

    ReplyDelete
  42. ကျေးဇူးတင်ပါတယ်သက်ဝေ လာလည်သွားတဲ့အတွက်ရော ကော်မန့်ရေးသွားတာရော ကျေးဇူးအရမ်းတင်ပါတယ်....

    ReplyDelete