
တစ်နေ့က ခလေးတွေကျောင်းသွားချိန် အိမ်လည်နေတုန်း ဆွေမျိုးတွေလိုဖြစ်နေတဲ့ အစ်ကိုတစ်ယောက်ဆီက ဖုန်းလာတယ်…ဟိုချီမင်းကို အလည်လာတဲ့ မြန်မာအမျိုးသမီးတစ်ယောက် ရန်ကုန်ပြန်ဖို့ အသွားဟိုချီမင်းလေဆိပ်မှာ ပြသနာတက်နေတယ်… သူကပိုက်ဆံအိတ်အလုခံရပြီး အဲဒီထဲမှာ ပတ်စပို့ပါသွားလို့ သံရုံးကထုတ်ပေးတဲ့ ယာယီပတ်စပို့နဲ့ ပြန်အထွက်မှာ ပြသနာတက်ခြင်းဖြစ်ပါတယ်… လေယာဉ်က နောက်တစ်နာရီထွက်မှာဖြစ်ပြီး အဲဒီအမျိုးသမီးကတော့ လိုအပ်တဲ့စာရွက်စာတမ်းတချို့အတွက် မြို့လယ်ခေါင်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကိုသွားရမယ်… အဲဒီအစ်ကိုက လုပ်ငန်းခွင်ထဲမှာ ဖြစ်နေတဲ့အတွက် ကျမကို တဆင့်အကူအညီတောင်းခြင်းဖြစ်ပါတယ်… ချက်ချင်းကိုကူညီရမဲ့ကိစ္စဖြစ်နေတော့ ဦးနှောက်ကိုအရေးပေါ်အလုပ်ပေးလိုက်ပြီး အဲဒီအစ်ကိုကိုဘဲ အကူအညီလိုနေတဲ့ အမျိုးသမီးကို ကျမကူညီပါ့မယ်… လေဆိပ်နဲ့ မြို့ထဲကဝေးတာမို့ လေယာဉ်မမှီတော့မှာသေချာတယ်… လေယာဉ်ကိုအရင်ရက်ရွှေ့ခိုင်းထားလိုက်ပါ… ပြီးရင် အဲဒီအမျိုးသမီးရှိတဲ့နေရာကို ကျမသွားတွေ့လိုက်မယ်လို့ ပြောလိုက်ပါတယ်…
ခဏနေတဲ့အထိဘာသံမှမကြားရတာမို့ ကျမခုနကဖုန်းဆက်တဲ့အစ်ကိုဆီကိုဘဲ ဖုန်းပြန်ဆက်ပြီး သွားတွေ့ရမဲ့နေရာရဲ့လိပ်စာကိုတောင်းပါတယ်… ဟိုဘက်ကပေးမဲ့လိပ်စာကို အဲဒီအစ်ကိုကလဲစောင့်နေတုန်းမို့ အဲဒီအမျိုးသမီးရဲ့ဖုန်းနံပါတ်ကိုဘဲ ကျမတောင်းလိုက်ပါတယ်… ပြီးတော့ ဖုန်းဆက်လိုက်တယ်… ဖုန်းထဲမှာ သူပြောပြနေတာတွေကို ကျမနားထဲမှာမရှင်းပါဘူး… သူရောက်နေတဲ့လိပ်စာကိုလဲသူမသိနေဘူး… သူ့ကိုလောလောဆယ်လိုက်ကူညီပေးနေတဲ့ ဗီယက်နမ်ကောင်လေးတစ်ယောက်သူ့နားမှာရှိနေမှန်းသိလိုက်ရတော့ အဲဒီကောင်လေးကိုဘဲ အခုသူရှိနေတဲ့နေရာကို ဖုန်းနဲ့မက်ဆေ့ဂ်ျပို့ပေးခိုင်းရပါတယ်… ၁၀မိနစ်လောက်ကြာတဲ့အထိ မက်ဆေ့ဂ်ျမဝင်လို့ ဖုန်းနောက်တခေါက်ဆက်ပြီး မေးရတယ်… ကောင်လေးဆီက လမ်းနာမည်သိရတော့မှ အဲဒီလမ်းအနီးတဝိုက်က လေယာဉ်လက်မှတ်အေးဂျင့်တွေကိုစဉ်းစားမိပြီး ကျမမှန်းဆမိတဲ့ စူပါမားကတ်ကြီးတခုအောက်မှာရှိတဲ့ အေးဂျင့်လားလို့ဖုန်းနောက်တခါဆက်ပြီးမေးကြည့်မှ ဟုတ်တယ်ဆိုတာနဲ့ ကျမအပြေးအလွှား တက္ကစီငှားပြီးသွားရပါတယ်…
အဲဒီရောက်တော့ အထဲမှာ မြန်မာနဲ့တူတဲ့သူရှာကြည့်တာ တစ်ယောက်မှမတွေ့ပါဘူး… ဗီယက်နမ်တွေနဲ့ အင်ဒီးယန်းအမျိုးသမီးတစ်ယောက်ရယ်ဘဲတွေ့တယ်… အဲဒီအင်ဒီးယန်းလို့ကျမ ထင်တဲ့တစ်ယောက်က ကျမကို အသေအချာ လှမ်းကြည့်နေတော့ သူ့နာမည်လှမ်းခေါ်ကြည့်လိုက်တာ ဟုတ်နေတယ်… ဒါနဲ့ဘဲ သူနဲ့စကားခဏထိုင်ပြော၊ အဖြစ်အပျက်တွေမေးမြန်းရတယ်… သူပြောပြတာတွေ ကျမနားထဲဘယ်လိုမှကို မရှင်းဘူး… နောက် သူ့ကိုကူညီပေးနေတဲ့ ဗီယက်နမ်ကောင်လေးက ဝင်ပြောပြတယ်… လေယာဉ်လက်မှတ် ရက်အရင်လာရွှေ့ကြောင်းနဲ့ ပြီးရင် လူဝင်မှုကြီးကြပ်ရေးရုံးကို သွားရမဲ့အကြောင်းပြောတယ်… ဒါနဲ့ဘဲ ကျမလဲအဲဒီရုံးကိုသူတို့နဲ့အတူလိုက်သွားတယ်… ရုံးရောက်တော့ တနာရီခွဲလောက်ရှိနေပေမဲ့ မဖွင့်သေးဘူး… ဗီယက်နမ်ထုံးစံအရ ရုံးတွေမှာ ၁၁နာရီခွဲရင် နေ့လည်စာစားကြပြီး တရေးအိပ်(သို့) အနားယူကြပြီး ၁နာရီခွဲမှာ အလုပ်ပြန်စကြပါတယ်… တချို့ရုံးတွေမှာ ၁၂နာရီနေ့လည်စာစားပြီး ၂နာရီ အလုပ်ပြန်စကြပါတယ်… ကျမမှာ ခလေးတွေကျောင်းသွားကြိုရဦးမှာမို့ ကျမရဲ့လိပ်စာကဒ်ကို ဗီယက်နမ်ကောင်လေးရဲ့လက်ထဲထည့်ခဲ့ပြီး ဒီရုံးကပြန်ရင် ကျမအိမ်ကို အဲဒီအမျိုးသမီးကို လိုက်ပို့ပေးဖို့မှာခဲ့တယ်… ပြီးတော့ အဲဒီအမျိုးသမီးရဲ့ခရီးဆောင်အိတ်တွေနဲ့ ကျမအိမ်ကို အရင်ပြန်နှင့်ပြီး ခလေးတွေကို ကျောင်းသွားကြိုပါတယ်..
ကျမတို့သားအမိတွေနဲ့ သူတို့အိမ်ရောက်ချိန်ရှေ့ဆင့်နောက်ဆင့်ပါဘဲ… အဲဒီတော့မှ ကျမမှာ ဗီယက်နမ်ကောင်လေးကို သေသေချာချာမေးရပါတယ်… ဘာတွေကြောင့်ပြသနာဖြစ်တာလဲ… အခုဘာလိုနေတာလဲ… ဘာတွေလုပ်ပြီးပြီလဲဆိုတာတွေပေါ့… ကာယကံရှင်က မပြောပြနိုင်လို့ ဒီကောင်လေးကိုဘဲမေးရတာပါ… အဲဒီတော့မှ တကယ်တမ်းလိုနေတာက ဗီဇာတဲ့.. ဗီဇာတုံးကို ယာယီပတ်စပို့ထဲမှာထုပြီးမှ ဒီနိုင်ငံက ပြန်ထွက်လို့ရမှာ ဖြစ်တယ်… အဲဒီဗီဇာအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကို လူဝင်မှုကြီးကြပ်ရေးရုံးကိုပေးနိုင်မှဗီဇာထုပေးမှာဖြစ်တယ်… သူ့မှာ တခြားစာရွက်စာတမ်းတွေဖြစ်တဲ့ ပျောက်သွားတဲ့ပတ်စပို့ မိတ္တူ၊ ပျောက်သွားတဲ့အကြောင်း အကြောင်းကြားထားတဲ့ ရဲစခန်းထောက်ခံစာ၊ လေယာဉ်လက်မှတ်မိတ္တူတို့ ရှိပေမဲ့ မြန်မာသံရုံးထောက်ခံစာက မြန်မာလိုရေးထားတော့ အဲဒါကို အင်္ဂလိပ်လိုပြန်ရေးပေးခိုင်းပါတယ်… အဲဒီအင်္ဂလိပ်လိုပြန်ထားတဲ့စာရွက်မှာ မြန်မာသံရုံးတံဆိပ်တုံးပါရမယ်ဆိုတော့ အဲဒါက ပြသနာဖြစ်နေတယ်… မြန်မာသံရုံးက ဟနွိုင်းမှာဆိုတော့ ဆက်သွယ်ရတာလဲ အဆင်မပြေပါဘူး… ပြီးတော့ သံရုံးအနေနဲ့လဲ လုပ်ရိုးလုပ်စဉ်အတိုင်း အကုန်လုပ်ပေးပြီးပြီမို့ နောက်ထပ်ထောက်ခံစာအတွက်က အချိန်နောက်တခုထပ်ပေးရမှာဖြစ်တယ်… ဟိုချီမင်းမှာ Consulate ရုံးရှိပေမဲ့ ဗီယက်နမ်တွေအတွက်ဘဲရည်ရွယ်ဖွင့်ထားခြင်းဖြစ်ပြီး မြန်မာတွေရဲ့ အခွန်ကိစ္စ၊ ပတ်စပို့ကိစ္စအတွက်က ဟနွိုင်းကမြန်မာသံရုံးမှာဘဲ လုပ်ပေးတာပါ… ဒါပေမဲ့ လိုက်ကူညီပေးနေတဲ့ဗီယက်နမ်ကောင်လေးက သူတို့လူမျိုးချင်းတောင်းပန်ပြီး မရရအောင် Consulate တံဆိပ်တုံးနဲ့ ထောက်ခံစာ ရအောင်ယူပေးတဲ့အတွက် အဆင်ပြေခဲ့ပါတယ်.. အဲဒီဗီယက်နမ်ကောင်လေးဟာ အခကြေးငွေမယူဘဲနဲ့ စေတနာနဲ့ ကူညီပေးခြင်းဖြစ်ပါတယ်… စိတ်ထားကောင်းပြီး ကူညီတတ်တဲ့ဗီယက်နမ်လူမျိုးတစ်ယောက်ဖြစ်တဲ့ အဲဒီကောင်လေးကို ကျမကျေးဇူးတင်ကြောင်း လေးစားကြောင်း ပြောတဲ့အခါ သူ့အနေနဲ့ ကူညီရတာ ဝမ်းသာကြောင်း ပြန်ပြောပါတယ်…
နောက်တနေ့မှာဗီဇာရပါတယ်… ဒါပေမဲ့ လေယာဉ်ကတနင်္ဂနွေနေ့မှရှိတာမို့ ကျမအိမ်မှာဘဲ သူ့ကို နေခိုင်းပြီး တနင်္ဂနွေနေ့မှ လေဆိပ်ကိုလိုက်ပို့ပေးလိုက်ပါတယ်… လေဆိပ်ရောက်တော့လဲ အင်္ဂလိပ်စကားလည်လည်ဝယ်ဝယ်မပြောနိုင်တဲ့သူ့အတွက် ကျမစိတ်ပူလို့ အပြင်ကနေစောင့်နေခဲ့ပါတယ်…. အဲလိုစောင့်နေတုန်း သူ့သူငယ်ချင်းကိုလေဆိပ်လိုက်ပို့တဲ့ ကျမရဲ့မိတ်တွေတစ်ယောက်နဲ့တိုးတော့ အဆင်ပြေသွားပါတယ်… လေယာဉ်လဲအတူတူဘဲဆိုတော့ အင်္ဂလိပ်စကားရော ဗီယက်နမ်စကားပါပြောနိုင်တဲ့ အဲဒီတစ်ယောက်နဲ့ သူ့ကိုမိတ်ဆက်ပေး၊ အဲဒီသူကိုလဲ ကူညီပေးဖို့ပြောပြီး သူတို့ အထဲဝင်သွားမှ ကျမအိမ်ပြန်ခဲ့ပါတယ်… အိမ်ပြန်ရောက်ပြီး ခဏနေတော့ အဲဒီအမျိုးသမီးဖုန်းဆက်ပါတယ်… အားလုံးအဆင်ပြေကြောင်း ၊ အခုလေယာဉ်ပေါ်တက်တော့မဲ့အကြောင်းပြောရင်း နှုတ်ဆက်ပါတယ်…
သူလဲပျော်ရွှင်စွာ အိမ်ပြန်သွားသလို ကျမလဲ ကြည်နူးခြင်းတွေနဲ့ ကျန်ရစ်ခဲ့ပါတယ်…း))
+++++++++++++++++++++++++++++++++++++++
မိတ်ဆွေသူငယ်ချင်းတွေကိုဝေငှချင်တာကတော့ ဗီယက်နမ်ကိုလာလည်မဲ့သူတွေအနေနဲ့ ရင်းနှီးစွာကူညီမဲ့အသိမိတ်ဆွေမရှိဘူးဆိုရင် ခရီးသွားကုမ္ပဏီတွေနဲ့ဘဲ ချိတ်ဆက်ပြီး အလည်လာကြစေချင်ပါတယ်… ဗီယက်နမ်မှာ ဘာမှမသိထားဘဲ လာလည်မယ်ဆိုရင် ထိုနည်းလည်းကောင်း အဖြစ်မျိုးနဲ့ ကြုံရဘို့များပါတယ်… ခါးပိုက်နှိုက်အရမ်းပေါတယ်…. ပိုက်ဆံအိတ်တွေလုတယ်… အလုခံရတာတွေ့ရင်လည်း ဘေးကလူတွေက မကူညီကြပါဘူး… ဒါကြောင့် နယ်ခံတိုးရစ်စ်ဂိုက်တွေနဲ့ သွားလာတာက လုံခြုံစိတ်ချမှုပေးနိုင်ပါတယ်…
အဲလိုမှမဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့မှ လာချင်တယ်ဆိုရင်တော့ ကိုယ်တည်းတဲ့ အခန်းက safe box ထဲမှာ ပတ်စပို့အပါအဝင် အဖိုးတန်ပစ္စည်းနဲ့ ငွေကြေးတွေကို ထားခဲ့ပါ … သွားလေရာ မယူသွားပါနဲ့… ကိုယ့်အခန်းမှာ မသိမ်းချင်ဘူး၊ သိမ်းစရာ safe box မရှိဘူးဆိုရင် ကိုတည်းတဲ့ နေရာရဲ့ ဧည့်ကြိုကောင်တာမှာအပ်ထားခဲ့ပြီး အပ်ထားခဲ့ကြောင်း အထောက်အထားကိုလည်း သူတို့ဆီက တောင်းထားပါ… လမ်းသွားရင် ကိုယ့်အိတ်ကို လွယ်ရုံလွယ်မထားဘဲ လက်နဲ့လည်း အိတ်ကို ဆုပ်ကိုင်ထားပါ…ဒါမှ လုရင် အလွယ်တကူပါမသွားမှာဖြစ်ပါတယ်… လမ်းလျှောက်နေတုန်းဖုန်းပြောဖြစ်ရင်လည်း ဖုန်းကိုနောက်လက်တဖက်နဲ့အုပ်ထားပြီးပြောရင် အလုခံရဘို့နည်းပါတယ်…
အလုခံရလို့ ပတ်စပို့ပါသွားပြီးဆိုရင်တော့ နီးစပ်ရာရဲစခန်းမှာတိုင်ချက်ဖွင့်ပြီး တိုင်ချက်ဖွင့်ထားကြောင်း ထောက်ခံစာရယူပြီး အဲဒီထောက်ခံစာ နဲ့အတူ ကိုယ်တိုင်ရေး လျှောက်လွှာတစ်စောင်နဲ့ သံရုံးကို ယာယီပတ်စပို့လျှောက်ရပါမယ်… ယာယီပတ်စပို့ရရင် ဗီဇာလျှောက်ပြီး ဗီဇာပါမှ ဗီယက်နမ်နိုင်ငံက ပြန်ထွက်လို့ရမှာဖြစ်ပါကြောင်း ကျမတွေ့ကြုံရသမျှ အတွေ့အကြုံများကို ဝေငှလိုက်ပါတယ်ရှင်…