
ဒီလိုနေ့တွေတိုင်းမှာတစ်ယောက်သူကို အမြဲသတိရတယ်…. ခင်ပွန်းသည်က ကိုယ့်အနားရှိနေပေမဲ့ ကိုယ်သတိရမိတာ သူ့ကိုသာ… စိတ်ထဲကလဲ ခင်ပွန်းသည်ကို တောင်းပန်နေမိတယ်… တစ်နှစ်မှာတစ်ရက်သာ ထိုတစ်ယောက်သောသူအား သတိရမိခြင်းကို ခွင့်လွှတ်ပေးပါလို့….
ဟိုးလွန်ခဲ့တဲ့ ၁၄နှစ်တုန်းက ထိုတစ်ယောက်သောသူနဲ့ကိုယ်နဲ့ သိပ်ချစ်ခဲ့ကြတယ်… ကိုယ့်အပေါ် အရာရာသိတတ်နားလည်လွန်းသူ… ကိုယ်မျက်နှာပျက်ရင်မနေတတ်သူ… ကိုယ်ငိုရင် သူပါမျက်ရည်တွေဝိုင်းလာတတ်သူ… ကိုယ်နဲ့ခွဲရတော့မဲ့ အချိန်မှာ ကိုယ်မသိအောင်ကြိတ်ငိုတတ်ခဲ့သူ… ကိုယ့်မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ချစ်လိုက်တာလို့ပြောတတ်သူ… အဝေးရောက်နေချိန်တွေမှာ မိဘမောင်နှမတွေဆီတောင် စာမရေးတတ်သူက ကိုယ့်ဆီစာတွေမှန်မှန်ရေးတတ်သူ… ရည်းစားများခဲ့ဖူးတဲ့ ကိုယ့်ကိုမယုံကြည်ဖို့ မနာလိုသူတွေ သွေးထိုးကြပေမဲ့ ကိုယ့်အပေါ်မေတ္တာမပျက် သံသယမဖက်ဘဲ အကြွင်းမဲ့ ယုံကြည်ခဲ့သူ….သူများတွေအားကျလောက်အောင်ကိုယ့်ကိုသိပ်ချစ်ခဲ့တဲ့သူ… အခုတော့ သူကိုယ့်အနားမှာမရှိတော့ဘူး…
အခုကိုယ့်အနားမှာရှိနေသူကကိုယ့်ကိုဒီလိုချစ်ခဲ့သူဆိုတာ ကိုယ်တစ်ယောက်ဘဲသိနေနိုင်တော့တယ်… ခလေးတွေရဲ့ကျန်းမာရေး…စားဝတ်နေရေး…ပညာရေး…အနာဂတ်အရေးတွေ ကကိုယ်တို့နှစ်ယောက်လုံး အတွေးထဲမှာ နေရာယူစိုးမိုးလာတဲ့အခါ ဟိုးအရင်ကလို ကိုယ်တို့နှစ်ယောက် ကဗျာမဆန်နိုင်ကြတော့ဘူး… တခြားစုံတွဲတွေရော ကိုယ်တို့လိုဘဲလားလို့တွေးမိတယ်… ခလေးမရှိကြသေးတဲ့ စုံတွဲတွေတော့ နှစ်ပေါင်းဘယ်လောက်ကြာကြာ ကဗျာဆန်နိုင်ကြဦးမယ်ထင်ရဲ့… တစ်ချို့စုံတွဲတွေတော့ အဲလိုနေ့မျိုးမှာ ခလေးတွေကို ဆွေမျိုးသို့မဟုတ် အိမ်ဖော်နဲ့ထားခဲ့ပြီး အပြင်ထွက်တာမျိုးတွေ ရှိပါတယ်… ကိုယ်တို့နှစ်ယောက်လုံးက ခလေးတွေကို ကျောင်းသွားနေချိန်ကလွဲလို့ ကိုယ်တို့မျက်စိအောက်မှာဘဲ အမြဲရှိနေစေချင်တော့ အဲလိုတွေလဲ မလုပ်ဖြစ်ဘဲ အိမ်မှာဘဲ မိသားစု တခုခုလုပ်ဖြစ်ကြတယ်…
ဒီလိုနေ့ရောက်တိုင်း ကိုယ်တို့နှစ်ယောက်ရဲ့ဟိုးအရင် ချစ်သူဘဝကိုတော့ ပြန်လည်တမ်းတမိတယ်… သူရော သူ့ကိုအရိပ်ကြည့်ချစ်ခဲ့ဘူးတဲ့… သူ့ရဲ့ကျွတ်သွားတဲ့ မျက်တောင်လေးကိုတောင် ကောက်ပြီး တယုတယသိမ်းထားခဲ့ဘူးတဲ့… သူ့ပုခုံးကိုမှီပြီး ချွဲနွဲ့စွာသီချင်းတွေဆိုပြတတ်တဲ့… သူချစ်တာထက်သူ့ကိုပိုချစ်တာလို့ အမြဲပြောတတ်တဲ့ သူ့ချစ်သူ ဖြစ်ခဲ့တဲ့ ကိုယ့်ကို ဒီလိုနေ့မျိုးမှာ သတိရနေမှာလား….