Saturday, December 31, 2011

HAPPY NEW YEAR 2012


အမဲသားကင်



ကြက်ပေါင်ကင်

ခေါက်ဆွဲကြော်ဘို့အသင့်ပြင်

ခေါက်ဆွဲကြော်

ကြက်အူချောင်း

အာလူးကြော်




ရှန်ပိန်

ကိတ်မုန့်

Sunday, December 18, 2011

မေ့သမီးလေးဆယ်နှစ်ပြည့်အမှတ်တရ


သမီးလေးတစ်နှစ်တစ်လ


သမီးလေးနှစ်နှစ်ကျော်


သမီးလေးငါးနှစ်ပြည့်ခါနီး


သမီးလေး၈နှစ်ကျော်

မေမေသိပ်ချစ်ရတဲ့သမီးလေးရေ…
၂၀၀၁ခုနှစ်ဒီဇင်ဘာလ၂၁ရက်နေ့မနက်၈နာရီနဲ့၁၆မိနစ်မှာ မေမေ့သမီးလေး လူ့လောကထဲရောက်လာခဲ့တယ်… မွေးခန်းထဲကနေအပြင်ကစောင့်နေတဲ့အမျိုးတွေဆီကို ခွဲခန်းထဲကနာ့စ်က သွားပြကထဲက မျက်လုံးပြူးပြူးလေးနဲ့ အသံလာရာဆီကို လိုက်ကြည့်တတ်တဲ့သမီးလေးဟာ ဆွေမျိုးတွေထဲမှာ ပြောစမှတ်ဖြစ်ခဲ့တယ်… မေ့မေ့ရဲ့အပျော်ဆုံးနေ့လေးဟာ သမီးလေးမွေးတဲ့နေ့ပါဘဲ… သမီးလေးကိုကြည့်မဝလို့ ညတွေတောင် မအိပ်ဖြစ်ခဲ့တာများတယ်… မေမေ့သမီးလေး မေမေအိပ်နေချိန် တခုခုဖြစ်သွားမလားတွေးရင်း အိပ်ပျော်သွားမှာစိုးရိမ်မိခဲ့သေးတာ… သမီးလေးကို ခဏခဏနမ်းတဲ့သမီးဖေဖေကိုလည်း ဖွဖွလေးဘဲနမ်းဘို့ခဏခဏသတိပေးခဲ့ရတယ်… နုနယ်လွန်းတဲ့သမီးလေးရဲ့အသားလေးတွေဟာ နှာခေါင်းထိပ်လေးနဲ့နမ်းလိုက်တာတောင် နီရဲပြီးကျန်ရစ်ခဲ့တာမို့လေ…. သမီးလေးတခုခုစိတ်အလိုမကျဖြစ်ချိန် မျက်နှာလေးစမဲ့လာတာနဲ့ သမီးလေးမငိုခင်က မေမေက ချော့နှင့်ပြီးသားဖြစ်နေခဲ့တယ်… မေမေ့ဘဝရဲ့နေ့ရက်တွေဟာ သမီးလေးရောက်လာပြီးမှ အဓိပ္ပါယ်တွေ ပြည့်ဝလာခဲ့တာ… သမီးလေးအတွက် အသက်ရှင်နေတယ်ဆိုတဲ့အသိတွေနဲ့ အရင်က ကျန်းမာရေးတွေဘာတွေဂရုမစိုက်တတ်ခဲ့တဲ့မေမေက ကျန်းမာအောင် နေဘို့ သတိထားတတ်လာခဲ့ပြီ…. သိပ်ချစ်စရာကောင်းတဲ့သမီးလေးကို အပြင်ခေါ်သွားတိုင်း တောင်းချီကြ လာနမ်းကြသူတွေများလွန်းလို့ သမီးလေး ရောဂါတခုခုကူးလာမှာ မေမေစိုးရိမ်ခဲ့လိုက်ရတာကွယ်… သမီးလေး၆လသမီးမှာ ဗီယက်နမ်ပြန်ခေါ်လာခဲ့တော့ မြန်မာပြည်မှာဘဲပျော်တဲ့ အမေတူသမီးလေးက ငိုလိုက်တာမရပ်တမ်း… မေမေ့ရင်တွေကွဲကြေမတတ်ပါဘဲ… သမီးလေးငိုတိုင်း ဆေးခန်းပြေးလွန်းလို့ ဆရာဝန်ကတောင် ဖုန်းဘဲဆက်ခေါ်လိုက်ပါ..သူအိမ်လာခဲ့ပါ့မယ်လို့ ပြောယူခဲ့ရတယ်… ရောက်တဲ့နေရာမှာ အဆင်ပြေအောင်နေတတ်တဲ့ သမီးလေးက တစ်လအတွင်းမှာ အိမ်နီးချင်းတွေနဲ့ခင်မင်သွားပြီး နေသားကျသွားတော့မှ မေမေ့မှာ စိတ်ချမ်းသာရတော့တယ်…
သမီးလေးကျောင်းစတတ်တဲ့နေ့ဟာလဲ မေမေ့အတွက် မမေ့နိုင်တဲ့နေ့တနေ့ပါဘဲ…. သမီးလေးကိုကျောင်းမပို့ခင်ထဲက မေမေကငိုချင်နေခဲ့တာ… စိတ်ကို တင်းထားပြီး သမီးလေးကို ကျောင်းရောက်အောင်ပို့ရပေမဲ့ မေမေကိုယ်တိုင်က သမီးလေးနဲ့ ခဏလေးတောင် မခွဲချင်ခဲ့တာ… ဆရာမတွေရှေ့မှာဘဲ ဖက်ပြီးငိုခဲ့ကြတဲ့ နေ့တွေ ကို ခုထိသတိရနေသေးတယ်သမီးလေးရယ်…မေမေနဲ့မခွဲနိုင်လို့ပါလို့ငိုပြောလေးနဲ့အော်ငိုတဲ့သမီးလေးကို ချော့ရတဲ့ဆရာမတွေ တော်တော်မောခဲ့ကြမှာဘဲ… အတန်းထဲမှာငိုနေတဲ့သမီးလေးကို ဆရာမတွေချော့နေချိန်မှာ အတန်းပြင်မှာငိုနေတဲ့မေမေ့ကိုလဲ ကျောင်းအုပ်ကြီးကလာချော့ခဲ့ရပြီး ခလေးရှေ့ရေးအတွက် စိတ်တင်းထားဘို့ ဆုံးမရှာတဲ့ အဲဒီဆရာကြီးကိုလဲ မေမေကျေးဇူးတင်ပါတယ်… သူ့ဆုံးမစကားတွေကြောင့် မေမေစိတ်တွေတင်းထားနိုင်ခဲ့တာ… သမီးလေးမတွေ့အောင်ကြိတ်ငိုရင်း ကျောင်းပို့ပြီးရင်အိမ်မပြန်နိုင်ဘဲ ကျောင်းနားမှာဘဲ တချိန်လုံးစောင့်နေခဲ့တဲ့နေ့တွေဟာ အခုထိမနေ့ကလိုပါဘဲ….
သမီးအတွက်မောင်လေးမွေးပေးပြီးတဲ့နောက်တပတ်မှာ သမီးလေးဝက်သက်တွေပေါက်တော့ မေမေ့မှာစိတ်မကောင်းလိုက်တာ… တပတ်သားဘဲရှိသေးတဲ့မောင်လေးကို ကူးမှစိုးလို့ ဆရာဝန်က အိပ်ရာခွဲအိပ်ခိုင်းတဲ့အခါ သမီးလေးငိုတော့ မေမေသနားလိုက်တာကွယ်… လေးနှစ်အရွယ်သမီးလေးဟာ မေမေ့ရင်ငွေ့မှာခိုလှုံချင်တုန်းဆိုတာ မေမေနားလည်တာမို့ အဲဒီညတွေမှာ မောင်လေးအိပ်ရင် သမီးဆီပြေး၊ သမီးအိပ်ရင် မောင်လေးဆီပြေးနဲ့ အိပ်ခန်းနှစ်ခန်း ဟိုဒီကူးရင်း မေမေမအိပ်ဖြစ်ဘဲ မိုးလင်းခဲ့ရတဲ့နေ့တွေဟာ အမှတ်တရတွေပါဘဲ… မေမေ့သမီးလေးဟာ သွက်လက်ပြီးဥာဏ်ကောင်းသလို စိတ်ထားမြင့်မြတ်သူလေးလဲဖြစ်တယ်… မောင်လေးအပေါ်အနိုင်ယူ ဗိုလ်ကျ မနာလိုခြင်းတွေလဲမရှိခဲ့ဘူး… သမီးလေးခုနှစ်နှစ်အရွယ်မှာသမီးမောင်လေးကိုလဲ သမီးလေးတတ်တဲ့ကျောင်းမှာဘဲစထားခဲ့တယ်… အဲဒီနှစ်က သမီးတို့ကျောင်းကထုတ်တဲ့ Year Book အတွက် မောင်နှမနှစ်ယောက်စာမေမေ ပိုက်ဆံပေးထားပေမဲ့ ကျောင်းက သမီးလေးကိုဘဲ စာအုပ်ပေးပြီး မောင်လေးအတွက် မပေးလိုက်ဘူးတဲ့… သူ့မောင်လေးစာအုပ်မရမှန်းလဲသိရော သမီးလေးဟာ ကျောင်းရဲ့ ရုံးခန်းကိုသွားပြီး မေမေက မောင်နှမနှစ်ယောက်စာ ပိုက်ဆံပေးထားရက်နဲ့ သူဘဲစာအုပ်ရပြီး သူ့မောင်လေးမရသေးလို့ အခုသူ့မောင်လေးအတွက် တအုပ်ပေးပါလို့ သွားတောင်းခဲ့တယ်… ရုံးခန်ကအမျိုးသမီးက မေမေက တစ်အုပ်စာဘဲပေးထားလို့ သမီးလေးကိုဘဲပေးတဲ့အကြောင်းငြင်းတဲ့အခါ သမီးလေးက မေမေနှစ်ယောက်စာပေးထားတာသေချာကြောင်း ငွေလက်ခံဖြတ်ပိုင်းစာရွက်လဲ သူ့မှာပါမသွားဘဲနဲ့ ခပ်တည်တည်ပြန်ငြင်းပြီး ရုံးခန်းမှာဘဲ ပေရပ်နေတဲ့အခါ အဲဒီအမျိုးသမီးမှာ မနေနိုင်တော့ဘဲ စာရင်းပြန်စစ်ကြည့်မှ နှစ်အုပ်စာပေးထားကြောင်း တွေ့သွားတော့ သမီးလေးကို တောင်းပန်ပြီး မောင်လေးအတွက်တစ်အုပ်ပေးလိုက်တယ်တဲ့… အဲဒီနေ့က မေမေကျောင်းသွားကြိုတော့ သူ့မောင်လေးအတွက် စာအုပ်ရအောင်တောင်းပေးလိုက်နိုင်တဲ့သမီးလေးက ပီတိတွေနဲ့ပြုံးလို့…
သမီးလေးဟာကျောင်းမှာလဲ စာတော်တဲ့စာရင်းဝင်သူဖြစ်တယ်… အကျင့်စာရိတ္တမှာလဲ ဆရာမတွေချီးကျူးရတဲ့သူဖြစ်တယ်… သူငယ်ချင်းတွေချစ်ခင်ခြင်းကိုလဲခံရတဲ့သူဖြစ်တယ်… သမီးလေးသူငယ်ချင်းတွေရဲ့မိဘတွေက လိမ္မာယဉ်ကျေးတဲ့သမီးလေးနဲ့ သူတို့ရဲ့ခလေးတွေ သူငယ်ချင်း ဖြစ်ရတဲ့အတွက် သူတို့ဝမ်းသာကြောင်းပြောကြတဲ့အခါ မေမေသိပ်ဝမ်းသာရတယ်… မေမေ့သမီးလေးဟာ မေမေ့ အသက်ရှင်ရာအကြောင်းရင်းလေးပါကွယ်… သမီးလေးဟာ မေမေ့ဘဝရဲ့အလင်းရောင်ဖြစ်သလို မေမေ့ရဲ့ပျော်ရွှင်ကြည်နူးခြင်းလေးလည်းဖြစ်တယ်… သမီးလေးဟာ မေမေ့သမီးလေးလာဖြစ်နေတာကို မေမေသိပ်ဝမ်းသာသလို ကျေးဇူးလည်းတင်တယ်…. သမီးလေးကြောင့်မေမေ့ဘဝအသက်ရှင်ရပ်တည်မှုဟာ အဓိပ္ပါယ်ရှိလာတာမို့ သမီးလေးကို မေမေသိပ်ကျေးဇူးတင်တယ်…. သမီးလေးကြောင့် မေမေ့ရဲ့ နေထိုင် ပြောဆိုမှုတွေ ကိုယ်နှုတ်အမူအရာတွေဟာ တဖြည်းဖြည်း တည်ငြိမ်ရင့်ကျက်လာခဲ့ရတာ… မေမေဘာလုပ်လုပ် သမီးလေးဟာ မေမေ့ကို အတုယူပြီးလိုက်လုပ်နေမှာဆိုတဲ့အတွေးနဲ့ မေမေ အစစအရာရာ ဆင်ခြင်လာနိုင်ခဲ့တာ… အဲဒါတွေဟာ သမီးလေးကြောင့်မို့ သမီးလေးကို မေမေသိပ်ကျေးဇူးတယ်…
အခုသမီးလေးဆယ်နှစ်ပြည့်တော့မယ်…
သမီးလေးရဲ့ ဆယ်နှစ်ပြည့်မွေးနေ့မှာ သမီးလေးအတွက် ဆယ်ချက်သောဆုကို မေမေတောင်းဆုပြုပေးလိုက်ပါတယ်..
၁။ မေမေ့သမီးလေးလုပ်ဆောင်သမျှအရာရာတိုင်းအောင်မြင်မှုရရှိပါစေ…
၂။ပတ်ဝန်းကျင်က ကိုယ်နဲ့ပတ်သက်တဲ့သူတိုင်းအပေါ် အလင်းပေးလမ်းပြနိုင်သူ နားလည်ပေးနိုင်သူဖြစ်ပါစေ။
၃။ပြသနာတခုခုနဲ့ရင်ဆိုင်ရတိုင်း သူများကို အပြစ်မဖို့တတ်ဘဲ ဥာဏ်ပညာနဲ့ဖြေရှင်းနိုင်တဲ့သူဖြစ်ပါစေ။
၎။အမှားနဲ့အမှန်ကို ခွဲခြားသိမြင်နိုင်တဲ့ ထိုးထွင်းဥာဏ်ရှိသူဖြစ်ပါစေ။
၅။ကိုယ့်အပေါ်မကောင်းမြင် မနာလိုသူတွေနဲ့တွေ့တဲ့အခါ မတုန့်ပြန်ဘဲ သူတို့ရဲ့အားနည်းချက်တွေကိုမြင်တတ်ပြီး နားလည်ခွင့်လွှတ်ကာ မေတ္တာဖြင့်အနိုင်ယူတတ်ပါစေ။
၆။သူများပြောစကားတွေကိုနားမယောင်ဘဲ ကိုယ်ယုံကြည်ရာ အမှန်တရားကို
စွဲမြဲစွာဖက်တွယ်ထားနိုင်တဲ့သူဖြစ်ပါစေ။
၇။အားငယ်သူကိုအားပေးတတ်ပြီး ဆင်းရဲသူကို မေတ္တာပြ ပေးကမ်းနိုင်သူဖြစ်ပါစေ။
၈။ကြီးသူကိုရိုသေ ငယ်သူကို ကြင်နာတတ်ပြီး ယဉ်ကျေးသိမ်မွေ့သူလေးဖြစ်ပါစေ။
၉။ဘဝမှာ မထင်မှတ်တဲ့တိုက်ခိုက်မှုတွေကြုံရတဲ့အခါ မယိုင်လဲဘဲ အဆိုးထဲကနေ အကောင်းတွေကို ရှာကြံသင်ယူတတ်သူဖြစ်ပါစေ။
၁၀။မေ့သမီးလေး ဖြစ်ချင်တာတွေနဲ့ ဖြစ်လာတာတွေ တထပ်တည်းကျပါစေ။

သမီးလေးကိုသိပ်ချစ်တဲ့
မေမေ

Friday, December 9, 2011

စကာင်္ပူသို့ နောက်တခေါက်


စကာင်္ပူသွားဘို့အတွက် အောက်တိုဘာလထဲကကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်… ဒီဇင်ဘာလမှာဟိုတယ်တွေအခန်းပြည့်တတ်တာမို့ ဟိုတင်ဘွတ်ကင်အတွက် အရင် စလှုပ်ရှားရတယ်… ခင်ပွန်းသည်ရော ခလေးတွေပါ နှစ်သက်အဆင်ပြေမဲ့ ဈေးနှုန်းလည်း သင့်တဲ့ဟိုတယ်ကိုရှာရပါတယ်… အကြိုက်တွေ့တဲ့ ဟိုတယ်ရဲ့လိပ်စာရှာ ဆက်သွယ်ပြီးမှ ယောက္ခမမောင်နှံက သူတို့လဲစကာင်္ပူလာခဲ့မယ် ဆိုတော့ ဘွတ်ကင်ကို ပြန်ပြင်ရပါတယ်… ဒါနဲ့တင်မပြီး၊ မလေးရှားက မလ္လကာကိုလည်း နှစ်ရက်သွားလည်ဦးမယ်ဆိုတော့ အဲဒီအတွက် ဟိုတယ်ရှာရပြန်ရော… ဟိုတယ်ဘွတ်ကင်ပြီးတော့ လေယာဉ်လက်မှတ်ဘွတ်ကင်တင်ပြီးသားကိုငွေချေပြီး E Ticket ကို ပရင့်ထုတ် မိတ္တူကူးပြီး စကာင်္ပူဗီဇာလျှောက်ရပါတယ်… မလေးဗီဇာလဲယူရဦးမှာမို့ စကာပူဗီဇာကို အရင်လျှောက်တာလိုက်တာ ဗီဇာလည်းရရော ကိုယ်မလေးကနေ စကာင်္ပူကို ပြန်ဝင်မဲ့နေ့က E Visa ထဲမှာ valid မဖြစ်တော့ဘူး… သံရုံးကိုပြန်ပြောပြတော့ စကာင်္ပူရောက်မှ extention ထပ်လုပ်လိုက်ပါတဲ့… ကိုယ်ကတော့ အရင်လို သုံးလအတွင်း valid ဖြစ်မယ်ထင်လို့ ကြိုလျှောက်လိုက်တာ အခု တစ်လအတွင်းဘဲ valid ဖြစ်တော့ အလုပ်ကတော့ ရှုတ်ရဦးမယ်…
စကာင်္ပူဗီဇာကလျှောက်ရတာ အဆင်ပြေလွယ်ကူပေမဲ့ မလေးဗီဇာက ဟိုတယ်ဘွတ်ကင်နဲ့လေယာဉ်လက်မှတ်တင်မကဘူး… တခြား အထောက်အထားတွေပါပေးရတယ်… သူတို့တောင်းတာတွေ ကိုယ်ပေးနိုင်လို့သာ ဗီဇာပေးတာ… ကိုယ်သွားလေရာ အမြဲခေါ်နေကျ ကိုယ့်ရဲ့အိမ်အကူအတွက်တော့ ဗီဇာမရဘူး… သူ့ကို စကာင်္ပူမှာဘဲနှစ်ရက်ထားခဲ့ရတော့မှာ…
အားလုံးအဆင်သင့်ဖြစ်နေပေမဲ့ အရင်တခေါက်လို ဘလော့ဂါသူငယ်ချင်းတချို့နဲ့တော့ တွေ့ဖြစ်တော့မယ်မထင်ဘူး… ဖုန်းဆက်ပြီးတော့ဘဲနှုတ်ဆက်မယ်လို့ စဉ်းစားထားပါတယ်… အလှုအတွက်ပိုက်ဆံစိုက်ပေးထားတဲ့ ကြွေးရှင်ညီမလေးနှစ်ယောက်နဲ့တော့ တွေ့ဖြစ်မှာပါ… တခြားမောင်နှမတွေနဲ့တွေ့ဘို့ကတော့ အခြေအနေအရပါဘဲ… ယောက္ခမမောင်နှံက တကောက်ကောက် ပါမှာမို့ ကျမဆန္ဒရှိသလို ကျမရဲ့ဘလော့ဂါမောင်နှမတွေနဲ့ မတွေ့ဆုံနိုင်ရမှာကိုတော့ စိတ်မကောင်းပါဘူး… ကျမမှာဖုန်းနံပါတ်ရှိတဲ့ မောင်နှမတွေကိုတော့ ကျမဖုန်းဆက်ပြီးနှုတ်ဆက်မှာပါ…

ရှော့ပင်းစန်တာနဲ့ ကစားကွင်းတွေမှာ ခလေးနှစ်ယောက်လက်တွဲထားတဲ့ မျက်လုံးပြူးပြူး နှုတ်ခမ်းထော်ထော် ဗိုက်ပူပူ မိန်းမတစ်ယောက်ကိုတွေ့ရင် တော့ ကျမပါဘဲ…လှမ်းခေါ်လိုက်ပါနော်…း))

Wednesday, December 7, 2011

အလှုရှင်များသို့နောက်ဆက်တွဲသတင်း

pls see the latest update for the kid operation. The status has been updated at our post at Facebook.

လူ့ဘ၀ဆိုတာ ရခဲပါတယ်။ အဲဒီလိုရခဲလှတဲ့ လူ့ဘ၀လေးမှာ ကောင်းမွန်စွာ ရှင်သန်နေနိုင်ဖို့က ပိုပြီးအရေးကြီးလှပါတယ်။ ဒီကလေးလေးဟာ သူ့အသက်နဲ့မမျှတဲ့ အသည်းရောဂါဝေဒနာကို ခံစားနေရရှာပြီး အကြီးစားခွဲစိတ်ကုသမှုကို အချိန်မီရရှိနိုင်မှသာ အသက်ဆက်လက် ရှင်သန်နိုင်မှာဖြစ်ပါတယ်။ ငွေကြေးပိုင်းမှာ အခက်အခဲကြီးမားစွာ ဖြစ်နေသည့်အတွက် မိမိတို့တတ်စွမ်းသလောက် ၀ိုင်းဝန်းကူညီပေးကြမယ်ဆိုရင် ရခဲလှတဲ့ ဒီအသက်လေးတစ်ချောင်းဟာ သူ့ဘ၀လေးကို ဆက်လက်ပျော်ရွှင်စွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။



၂၆၊ နိုဝင်ဘာ၊ ၂၀၁၁
... ကလေးနာမည်က မောင်သန်းဇော်ဦးပါ။ အသက်က ရနှစ်ပါ။ ဖခင်ကတော့ မရှိတော့ပါဘူး။ သူခံစားနေရတဲ့ရောဂါက အသည်းမှာ ရေအိတ်တည်နေတာပါ။ လက်ရှိ စစ်တွေမှာရှိနေပြီး မိခင်ဖြစ်သူနှင့်အတူ တနင်္ဂနွေနေ့ကို ရန်ကုန်ကိုရောက်ပါမယ်။တနင်္လာနေ့မှာ ရန်ကုန်ကလေးဆေးရုံကြီးကို တင်မှာဖြစ်ပါတယ်။ ရရှိရသမျှအခြေအနေများကို ဆက်လက်တင်ပြသွားပါမယ်။

၂၇၊ နိုဝင်ဘာ၊ ၂၀၁၁
မောင်သန်းဇော်ဦးရန်ကုန်သို့ရောက်ရှိပါပြီ။ သူနှင့်အတူ မိခင်၊ အဒေါ်နှင့် ၇လသားညီလေးပါလာပါတယ်။ မနက်ဖြန် အလုံကလေးဆေးရုံကြီးကိုတင်မှာဖြစ်ပါတယ်။

၂၈၊ နိုဝင်ဘာ၊ ၂၀၁၁
မောင်သန်းဇော်ဦးအား ကလေးဆေးရုံကြီး အဆောင် ၁၊ အခန်း ၂၊ ကုတင် ၃ တွင်တင်ထားပြီး လိုအပ်သော ဆေးစစ်မှုများကိုပြုလုပ်လျက်ရှိပါသည်။

၅၊ ဒီဇင်ဘာ၊ ၂၀၁၁
မောင်သန်းဇော်ဦးအား အလုံကလေးဆေးရုံကြီးတွင် တင်ထားပြီး 64 CT Scan ရိုက်ပြီးသွားပါပြီ။ ၆ ရက်နေ့တွင် ဆေးစစ်ချက်အဖြေများရရှိပြီး ကလေး၏အခြေအနေမှာ အသည်းတစ်ခုသာထိခိုက်နေပြီး ကျန်သောကိုယ်တွင်းအင်္ဂါများမှာ ကောင်းမွန်စွာအလုပ်လုပ်လျက်ရှိသည်ဟု သိရှိရပါသည်။ ဆရာဝန်များ၏ ထပ်မံညွှန်ကြားချက်အရ ယနေ့ ၇ရက်နေ့တွင် ဆေးစစ်ရန်နောက်ဆုံးလိုအပ်အချက်အနေဖြင့် ရင်ဘတ်ဓါတ်မှန်ရိုက်ပါမည်။ ခန့်မှန်းထားသည့်အတိုင်း အစစအရာရာအဆင်ပြေပါက နောက်အပါတ်တွင် ခွဲစိတ်မှုကို ပြုလုပ်မည်ဟု ဆရာဝန်များက အကြောင်းကြားထားပါသည်။

လက်ရှိကောက်ခံရရှိသောအလှူငွေများမှာ မြန်မာ၊ စင်ကာပူ၊ ဒူဘိုင်းနှင့် အမေရိကမှဖြစ်ပြီး စုစုပေါင်း ၃၅ သိန်းကျော်ရရှိပြီဖြစ်ပါသည်။ ဆရာဝန်များ၏ ကြိုတင်ခန့်မှန်းကုန်ကျစရိတ်မှာ ၁၀ ~ ၃၀ သိန်း ဖြစ်သဖြင့် ခွဲစိတ်မှုကုန်ကျစရိတ် လုံလောက်ပြီဟု လတ်တလောအနေဖြင့် သတ်မှတ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အလှူငွေကောက်ခံခြင်းကို ရပ်လိုက်ပြီး ခွဲစိတ်မှုပြီးနောက်ထပ်မံလိုအပ်ဦးမည်ဆိုပါက လှူဒါန်းရန်စိတ်ဝင်စားသော အလှူရှင်များအား အကြောင်းကြားပေးပါမည်။ မောင်သန်းဇော်ဦးဓါတ်ပုံနှင့်အကူအညီလိုအပ်ကြောင်းပို့စ်ကိုတင်ပြီးသည့်ရက်မှစ၍ တစ်ပါတ်ကျော်အတွင်း ယခုကဲ့သို့လုံလောက်သောအလှူငွေများရရှိသည့်အတွက် မောင်သန်းဇော်ဦးနှင့်မိသားစုကိုယ်စား အထူးပင်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ လှူဒါန်းကြသောအလှူရှင်အပေါင်းအားလည်း ကျမ မဆုမွန်အောင်၊ မမိုးမိုးအေးဒွေး၊ မငြိမ်းနုဖြူ နှင့် ကာယကံရှင်မိသားစု တို့မှ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါသည်။ ခွဲစိတ်ပြီးအခြေအနေကိုလည်း ဓါတ်ပုံနှင့်တကွ တင်ပေးပါမည်။

လှူဒါန်းထားကြသောအလှူရှင်များအနေဖြင့်ယခင်ဆက်သွယ်ရန်ပေးထားသော ဖုန်းနံပါတ်၊ အီးမေးလ် နှင့် နေရပ်လိပ်စာများအတိုင်း ဆက်သွယ်နိုင်ကြပါသည်။ အလှုရှင်များ၊ လှူဒါန်းငွေအသေးစိတ် နှင့် ခွဲစိတ်မှုကုန်ကျစရိတ်အားလုံးကို စာရင်းနှင့်တကွ ပြန်လည်တင်ပေးပါမည်။ မေးမြန်းစုံစမ်းလိုကြသောသူများအနေဖြင့် ယခု ဖေ့စ်ဘုတ်လိပ်စာကို မက့်ဆေ့ခ်ျပို့၍ မေးမြန်းနိုင်ကြပါသည်။ ကျေးဇူးအထူးတင်ရှိပါသည်။

င်္(Facebook ရဲ့ AaB wall မှာကလူသစ်တင်ထားတာကို Copy, paste လုပ်လိုက်တာပါ)

Saturday, December 3, 2011

အလှုရှင်များသို့




ဒီသတင်းလေးကို The Voice Myanmar
မူရင်းသတင်း မှာဖတ်မိလိုက်ကြမယ်လို့ထင်ပါတယ်... ဒီခလေးလေးဟာ အသည်းရောဂါကြောင့် အခုလိုမြင်တွေ့ရခြင်းဖြစ်ပြီး အချိန်မီ အကြီးစားခွဲစိတ်မှုပြုလုပ်ရန်အတွက် ငွေကျပ်သိန်း၃၀ခန့်လိုအပ်နေပါတယ်... လောလောဆယ် အလှုငွေ၎သိန်းခန့်ရရှိထားတယ်လို့သိရပါတယ်... ဖေ့ဘွတ်စာမျက်နှာပေါ်မှာဖွဲ့စည်းထားတဲ့ AaB အဖွဲ့မှ ဘလော့ဂါများလည်း ခလေးငယ်အတွက် အလှုငွေကောက်ခံလျှက်ရှိပါတယ်... ရန်ကုန်သို့တိုက်ရိုက်လှုဒါန်းမည့်သူများ ဖုန်းနံပါတ် ၀၉၅၀၇၉၇၆၅ သို့ဆက်သွယ်လှုဒါန်းနိုင်ပြီး AaB( All about Bloggers) မှတဆင့်လှုဒါန်းလိုသူများ comment မှာ ဆက်သွယ်ရန် အီမေးလ်လိပ်စာများချန်ထားပေးခဲ့ကြပါက လှုဒါန်းရန်အသေးစိတ်အချက်အလက်များကို အီးမေးလ်နဲ့ပို့ပေးပါမယ်ရှင်...

ကိုယ့်အတွက် ကိုယ်သုံးမဲ့ထဲက နည်းနည်းလေးဖဲ့လှုပြီး အသက်တစ်ချောင်းကို ကယ်တင်နိုင်လိုက်မယ်ဆိုရင် အဲဒီအတွက် ခံစားရတဲ့ကြည်နူးပီတိဟာ ဘာနဲ့မှနှိုင်းယှဉ်လို့မရနိုင်ပါဘူး...
စာဖတ်သူ ဘလော့လာလည်သူမောင်နှမများ စေတနာစိတ်ရှေ့ထားပြီး ဒီခလေးလေးအတွက် လှုဒါန်းနိုင်ကြစေရန်ရည်ရွယ်လျှက်.....

Tuesday, November 22, 2011

ဗီယက်နမ်ကိုလာမယ်ဆို


တစ်နေ့က ခလေးတွေကျောင်းသွားချိန် အိမ်လည်နေတုန်း ဆွေမျိုးတွေလိုဖြစ်နေတဲ့ အစ်ကိုတစ်ယောက်ဆီက ဖုန်းလာတယ်…ဟိုချီမင်းကို အလည်လာတဲ့ မြန်မာအမျိုးသမီးတစ်ယောက် ရန်ကုန်ပြန်ဖို့ အသွားဟိုချီမင်းလေဆိပ်မှာ ပြသနာတက်နေတယ်… သူကပိုက်ဆံအိတ်အလုခံရပြီး အဲဒီထဲမှာ ပတ်စပို့ပါသွားလို့ သံရုံးကထုတ်ပေးတဲ့ ယာယီပတ်စပို့နဲ့ ပြန်အထွက်မှာ ပြသနာတက်ခြင်းဖြစ်ပါတယ်… လေယာဉ်က နောက်တစ်နာရီထွက်မှာဖြစ်ပြီး အဲဒီအမျိုးသမီးကတော့ လိုအပ်တဲ့စာရွက်စာတမ်းတချို့အတွက် မြို့လယ်ခေါင်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကိုသွားရမယ်… အဲဒီအစ်ကိုက လုပ်ငန်းခွင်ထဲမှာ ဖြစ်နေတဲ့အတွက် ကျမကို တဆင့်အကူအညီတောင်းခြင်းဖြစ်ပါတယ်… ချက်ချင်းကိုကူညီရမဲ့ကိစ္စဖြစ်နေတော့ ဦးနှောက်ကိုအရေးပေါ်အလုပ်ပေးလိုက်ပြီး အဲဒီအစ်ကိုကိုဘဲ အကူအညီလိုနေတဲ့ အမျိုးသမီးကို ကျမကူညီပါ့မယ်… လေဆိပ်နဲ့ မြို့ထဲကဝေးတာမို့ လေယာဉ်မမှီတော့မှာသေချာတယ်… လေယာဉ်ကိုအရင်ရက်ရွှေ့ခိုင်းထားလိုက်ပါ… ပြီးရင် အဲဒီအမျိုးသမီးရှိတဲ့နေရာကို ကျမသွားတွေ့လိုက်မယ်လို့ ပြောလိုက်ပါတယ်…

ခဏနေတဲ့အထိဘာသံမှမကြားရတာမို့ ကျမခုနကဖုန်းဆက်တဲ့အစ်ကိုဆီကိုဘဲ ဖုန်းပြန်ဆက်ပြီး သွားတွေ့ရမဲ့နေရာရဲ့လိပ်စာကိုတောင်းပါတယ်… ဟိုဘက်ကပေးမဲ့လိပ်စာကို အဲဒီအစ်ကိုကလဲစောင့်နေတုန်းမို့ အဲဒီအမျိုးသမီးရဲ့ဖုန်းနံပါတ်ကိုဘဲ ကျမတောင်းလိုက်ပါတယ်… ပြီးတော့ ဖုန်းဆက်လိုက်တယ်… ဖုန်းထဲမှာ သူပြောပြနေတာတွေကို ကျမနားထဲမှာမရှင်းပါဘူး… သူရောက်နေတဲ့လိပ်စာကိုလဲသူမသိနေဘူး… သူ့ကိုလောလောဆယ်လိုက်ကူညီပေးနေတဲ့ ဗီယက်နမ်ကောင်လေးတစ်ယောက်သူ့နားမှာရှိနေမှန်းသိလိုက်ရတော့ အဲဒီကောင်လေးကိုဘဲ အခုသူရှိနေတဲ့နေရာကို ဖုန်းနဲ့မက်ဆေ့ဂ်ျပို့ပေးခိုင်းရပါတယ်… ၁၀မိနစ်လောက်ကြာတဲ့အထိ မက်ဆေ့ဂ်ျမဝင်လို့ ဖုန်းနောက်တခေါက်ဆက်ပြီး မေးရတယ်… ကောင်လေးဆီက လမ်းနာမည်သိရတော့မှ အဲဒီလမ်းအနီးတဝိုက်က လေယာဉ်လက်မှတ်အေးဂျင့်တွေကိုစဉ်းစားမိပြီး ကျမမှန်းဆမိတဲ့ စူပါမားကတ်ကြီးတခုအောက်မှာရှိတဲ့ အေးဂျင့်လားလို့ဖုန်းနောက်တခါဆက်ပြီးမေးကြည့်မှ ဟုတ်တယ်ဆိုတာနဲ့ ကျမအပြေးအလွှား တက္ကစီငှားပြီးသွားရပါတယ်…

အဲဒီရောက်တော့ အထဲမှာ မြန်မာနဲ့တူတဲ့သူရှာကြည့်တာ တစ်ယောက်မှမတွေ့ပါဘူး… ဗီယက်နမ်တွေနဲ့ အင်ဒီးယန်းအမျိုးသမီးတစ်ယောက်ရယ်ဘဲတွေ့တယ်… အဲဒီအင်ဒီးယန်းလို့ကျမ ထင်တဲ့တစ်ယောက်က ကျမကို အသေအချာ လှမ်းကြည့်နေတော့ သူ့နာမည်လှမ်းခေါ်ကြည့်လိုက်တာ ဟုတ်နေတယ်… ဒါနဲ့ဘဲ သူနဲ့စကားခဏထိုင်ပြော၊ အဖြစ်အပျက်တွေမေးမြန်းရတယ်… သူပြောပြတာတွေ ကျမနားထဲဘယ်လိုမှကို မရှင်းဘူး… နောက် သူ့ကိုကူညီပေးနေတဲ့ ဗီယက်နမ်ကောင်လေးက ဝင်ပြောပြတယ်… လေယာဉ်လက်မှတ် ရက်အရင်လာရွှေ့ကြောင်းနဲ့ ပြီးရင် လူဝင်မှုကြီးကြပ်ရေးရုံးကို သွားရမဲ့အကြောင်းပြောတယ်… ဒါနဲ့ဘဲ ကျမလဲအဲဒီရုံးကိုသူတို့နဲ့အတူလိုက်သွားတယ်… ရုံးရောက်တော့ တနာရီခွဲလောက်ရှိနေပေမဲ့ မဖွင့်သေးဘူး… ဗီယက်နမ်ထုံးစံအရ ရုံးတွေမှာ ၁၁နာရီခွဲရင် နေ့လည်စာစားကြပြီး တရေးအိပ်(သို့) အနားယူကြပြီး ၁နာရီခွဲမှာ အလုပ်ပြန်စကြပါတယ်… တချို့ရုံးတွေမှာ ၁၂နာရီနေ့လည်စာစားပြီး ၂နာရီ အလုပ်ပြန်စကြပါတယ်… ကျမမှာ ခလေးတွေကျောင်းသွားကြိုရဦးမှာမို့ ကျမရဲ့လိပ်စာကဒ်ကို ဗီယက်နမ်ကောင်လေးရဲ့လက်ထဲထည့်ခဲ့ပြီး ဒီရုံးကပြန်ရင် ကျမအိမ်ကို အဲဒီအမျိုးသမီးကို လိုက်ပို့ပေးဖို့မှာခဲ့တယ်… ပြီးတော့ အဲဒီအမျိုးသမီးရဲ့ခရီးဆောင်အိတ်တွေနဲ့ ကျမအိမ်ကို အရင်ပြန်နှင့်ပြီး ခလေးတွေကို ကျောင်းသွားကြိုပါတယ်..

ကျမတို့သားအမိတွေနဲ့ သူတို့အိမ်ရောက်ချိန်ရှေ့ဆင့်နောက်ဆင့်ပါဘဲ… အဲဒီတော့မှ ကျမမှာ ဗီယက်နမ်ကောင်လေးကို သေသေချာချာမေးရပါတယ်… ဘာတွေကြောင့်ပြသနာဖြစ်တာလဲ… အခုဘာလိုနေတာလဲ… ဘာတွေလုပ်ပြီးပြီလဲဆိုတာတွေပေါ့… ကာယကံရှင်က မပြောပြနိုင်လို့ ဒီကောင်လေးကိုဘဲမေးရတာပါ… အဲဒီတော့မှ တကယ်တမ်းလိုနေတာက ဗီဇာတဲ့.. ဗီဇာတုံးကို ယာယီပတ်စပို့ထဲမှာထုပြီးမှ ဒီနိုင်ငံက ပြန်ထွက်လို့ရမှာ ဖြစ်တယ်… အဲဒီဗီဇာအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကို လူဝင်မှုကြီးကြပ်ရေးရုံးကိုပေးနိုင်မှဗီဇာထုပေးမှာဖြစ်တယ်… သူ့မှာ တခြားစာရွက်စာတမ်းတွေဖြစ်တဲ့ ပျောက်သွားတဲ့ပတ်စပို့ မိတ္တူ၊ ပျောက်သွားတဲ့အကြောင်း အကြောင်းကြားထားတဲ့ ရဲစခန်းထောက်ခံစာ၊ လေယာဉ်လက်မှတ်မိတ္တူတို့ ရှိပေမဲ့ မြန်မာသံရုံးထောက်ခံစာက မြန်မာလိုရေးထားတော့ အဲဒါကို အင်္ဂလိပ်လိုပြန်ရေးပေးခိုင်းပါတယ်… အဲဒီအင်္ဂလိပ်လိုပြန်ထားတဲ့စာရွက်မှာ မြန်မာသံရုံးတံဆိပ်တုံးပါရမယ်ဆိုတော့ အဲဒါက ပြသနာဖြစ်နေတယ်… မြန်မာသံရုံးက ဟနွိုင်းမှာဆိုတော့ ဆက်သွယ်ရတာလဲ အဆင်မပြေပါဘူး… ပြီးတော့ သံရုံးအနေနဲ့လဲ လုပ်ရိုးလုပ်စဉ်အတိုင်း အကုန်လုပ်ပေးပြီးပြီမို့ နောက်ထပ်ထောက်ခံစာအတွက်က အချိန်နောက်တခုထပ်ပေးရမှာဖြစ်တယ်… ဟိုချီမင်းမှာ Consulate ရုံးရှိပေမဲ့ ဗီယက်နမ်တွေအတွက်ဘဲရည်ရွယ်ဖွင့်ထားခြင်းဖြစ်ပြီး မြန်မာတွေရဲ့ အခွန်ကိစ္စ၊ ပတ်စပို့ကိစ္စအတွက်က ဟနွိုင်းကမြန်မာသံရုံးမှာဘဲ လုပ်ပေးတာပါ… ဒါပေမဲ့ လိုက်ကူညီပေးနေတဲ့ဗီယက်နမ်ကောင်လေးက သူတို့လူမျိုးချင်းတောင်းပန်ပြီး မရရအောင် Consulate တံဆိပ်တုံးနဲ့ ထောက်ခံစာ ရအောင်ယူပေးတဲ့အတွက် အဆင်ပြေခဲ့ပါတယ်.. အဲဒီဗီယက်နမ်ကောင်လေးဟာ အခကြေးငွေမယူဘဲနဲ့ စေတနာနဲ့ ကူညီပေးခြင်းဖြစ်ပါတယ်… စိတ်ထားကောင်းပြီး ကူညီတတ်တဲ့ဗီယက်နမ်လူမျိုးတစ်ယောက်ဖြစ်တဲ့ အဲဒီကောင်လေးကို ကျမကျေးဇူးတင်ကြောင်း လေးစားကြောင်း ပြောတဲ့အခါ သူ့အနေနဲ့ ကူညီရတာ ဝမ်းသာကြောင်း ပြန်ပြောပါတယ်…

နောက်တနေ့မှာဗီဇာရပါတယ်… ဒါပေမဲ့ လေယာဉ်ကတနင်္ဂနွေနေ့မှရှိတာမို့ ကျမအိမ်မှာဘဲ သူ့ကို နေခိုင်းပြီး တနင်္ဂနွေနေ့မှ လေဆိပ်ကိုလိုက်ပို့ပေးလိုက်ပါတယ်… လေဆိပ်ရောက်တော့လဲ အင်္ဂလိပ်စကားလည်လည်ဝယ်ဝယ်မပြောနိုင်တဲ့သူ့အတွက် ကျမစိတ်ပူလို့ အပြင်ကနေစောင့်နေခဲ့ပါတယ်…. အဲလိုစောင့်နေတုန်း သူ့သူငယ်ချင်းကိုလေဆိပ်လိုက်ပို့တဲ့ ကျမရဲ့မိတ်တွေတစ်ယောက်နဲ့တိုးတော့ အဆင်ပြေသွားပါတယ်… လေယာဉ်လဲအတူတူဘဲဆိုတော့ အင်္ဂလိပ်စကားရော ဗီယက်နမ်စကားပါပြောနိုင်တဲ့ အဲဒီတစ်ယောက်နဲ့ သူ့ကိုမိတ်ဆက်ပေး၊ အဲဒီသူကိုလဲ ကူညီပေးဖို့ပြောပြီး သူတို့ အထဲဝင်သွားမှ ကျမအိမ်ပြန်ခဲ့ပါတယ်… အိမ်ပြန်ရောက်ပြီး ခဏနေတော့ အဲဒီအမျိုးသမီးဖုန်းဆက်ပါတယ်… အားလုံးအဆင်ပြေကြောင်း ၊ အခုလေယာဉ်ပေါ်တက်တော့မဲ့အကြောင်းပြောရင်း နှုတ်ဆက်ပါတယ်…
သူလဲပျော်ရွှင်စွာ အိမ်ပြန်သွားသလို ကျမလဲ ကြည်နူးခြင်းတွေနဲ့ ကျန်ရစ်ခဲ့ပါတယ်…း))

+++++++++++++++++++++++++++++++++++++++

မိတ်ဆွေသူငယ်ချင်းတွေကိုဝေငှချင်တာကတော့ ဗီယက်နမ်ကိုလာလည်မဲ့သူတွေအနေနဲ့ ရင်းနှီးစွာကူညီမဲ့အသိမိတ်ဆွေမရှိဘူးဆိုရင် ခရီးသွားကုမ္ပဏီတွေနဲ့ဘဲ ချိတ်ဆက်ပြီး အလည်လာကြစေချင်ပါတယ်… ဗီယက်နမ်မှာ ဘာမှမသိထားဘဲ လာလည်မယ်ဆိုရင် ထိုနည်းလည်းကောင်း အဖြစ်မျိုးနဲ့ ကြုံရဘို့များပါတယ်… ခါးပိုက်နှိုက်အရမ်းပေါတယ်…. ပိုက်ဆံအိတ်တွေလုတယ်… အလုခံရတာတွေ့ရင်လည်း ဘေးကလူတွေက မကူညီကြပါဘူး… ဒါကြောင့် နယ်ခံတိုးရစ်စ်ဂိုက်တွေနဲ့ သွားလာတာက လုံခြုံစိတ်ချမှုပေးနိုင်ပါတယ်…
အဲလိုမှမဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့မှ လာချင်တယ်ဆိုရင်တော့ ကိုယ်တည်းတဲ့ အခန်းက safe box ထဲမှာ ပတ်စပို့အပါအဝင် အဖိုးတန်ပစ္စည်းနဲ့ ငွေကြေးတွေကို ထားခဲ့ပါ … သွားလေရာ မယူသွားပါနဲ့… ကိုယ့်အခန်းမှာ မသိမ်းချင်ဘူး၊ သိမ်းစရာ safe box မရှိဘူးဆိုရင် ကိုတည်းတဲ့ နေရာရဲ့ ဧည့်ကြိုကောင်တာမှာအပ်ထားခဲ့ပြီး အပ်ထားခဲ့ကြောင်း အထောက်အထားကိုလည်း သူတို့ဆီက တောင်းထားပါ… လမ်းသွားရင် ကိုယ့်အိတ်ကို လွယ်ရုံလွယ်မထားဘဲ လက်နဲ့လည်း အိတ်ကို ဆုပ်ကိုင်ထားပါ…ဒါမှ လုရင် အလွယ်တကူပါမသွားမှာဖြစ်ပါတယ်… လမ်းလျှောက်နေတုန်းဖုန်းပြောဖြစ်ရင်လည်း ဖုန်းကိုနောက်လက်တဖက်နဲ့အုပ်ထားပြီးပြောရင် အလုခံရဘို့နည်းပါတယ်…
အလုခံရလို့ ပတ်စပို့ပါသွားပြီးဆိုရင်တော့ နီးစပ်ရာရဲစခန်းမှာတိုင်ချက်ဖွင့်ပြီး တိုင်ချက်ဖွင့်ထားကြောင်း ထောက်ခံစာရယူပြီး အဲဒီထောက်ခံစာ နဲ့အတူ ကိုယ်တိုင်ရေး လျှောက်လွှာတစ်စောင်နဲ့ သံရုံးကို ယာယီပတ်စပို့လျှောက်ရပါမယ်… ယာယီပတ်စပို့ရရင် ဗီဇာလျှောက်ပြီး ဗီဇာပါမှ ဗီယက်နမ်နိုင်ငံက ပြန်ထွက်လို့ရမှာဖြစ်ပါကြောင်း ကျမတွေ့ကြုံရသမျှ အတွေ့အကြုံများကို ဝေငှလိုက်ပါတယ်ရှင်…

Saturday, November 12, 2011

ရောင်စုံလူသားများနှင့်ကမ္ဘာ


ရောင်စုံကမ္ဘာကြီးပေါ်မှာရောင်စုံလူသားများနေထိုင်လျှက်ရှိကြသည်… ကောင်းကင်သည် မိုးရွာပြီးစအချိန်မဟုတ်ဘဲနှင့် တချိန်လုံးသက်တံ့ရောင်စဉ် ဖြာတန်းလျှက်ရှိသည်… အပင်များကလည်းရောင်စုံအပင်များဖြစ်၍ တပင်ထဲမှာပင် ပင်စည်ကအနီရောင် အကိုင်းများကမဲနယ်ရောင် အခက်တွေကအညိုရောင် အရွက်တွေကအပြာရောင် အပွင့်တွေက တပွင့်ထဲမှာတွင် ပွင့်ဖက်တွေကရောင်စုံ အသီးတွေကလည်း တစ်လုံးထဲမှာ အရောင်စုံတွေ့ရသည်…
ရောင်စုံကမ္ဘာပေါ်ရှိလူများ၏မျက်နှာတွေကလည်း အရောင်အမျိုးမျိုးကွဲပြားလျှက်ရှိသည်… ဆံပင်ကတစ်ရောင် ခြေထောက်ကတစ်ရောင် လက်ကအရောင်ကလဲတမျိုး မျက်လုံးအရောင်ကလဲတစ်မျက်နှာထဲမှာတင် တဖက်နှင့်တဖက်အရောင်မတူကြ..
တိရိစ္ဆာန်တွေကလဲကိုယ်လုံးပေါ်မှာရောင်စုံအရောင်များတင်မက မျက်နှာ ခြေ လက် နားရွက် နှာခေါင်းတို့ကလည်း အရောင်ကွဲပြားကြသေးသည်..
ရောင်စုံလူသားများ ရောင်စုံမြေကြီးပေါ်မှာ သွားလာလျှက်ရှိသည်… ရောင်စုံခလေးငယ်များ ရောင်စုံ ရောင်စုံရေမြေပေါ်တွင် ရောင်စုံကစားစရာများနှင့် ဆော့ကစားလျှက်ရှိသည်… ရောင်စုံငှက်လေးများ ရောင်စုံကောင်းကင်ထက်တွင် ပျံသန်းလျှက်ရှိသည်… ရောင်စုံတိရိစ္ဆာန်များ ရောင်စုံအပင်များရှိသော ရောင်စုံသစ်တောထဲတွင် ကျင်လည်လျှက်ရှိသည်… ရောင်စုံကမ္ဘာနှင့် ရောင်စုံသက်ရှိသက်မဲ့များ သဟဇာတဖြစ်နေကြသည်…
တနေ့…. ရောင်စုံလူသားများပုံမှန်ကျင်လည်သက်ရှင်သွားလာနေသောထိုတနေ့တွင် ဝုန်းဆိုသော အသံကြယ်ကြီး မြည်ဟီးလျှက် ရောင်စုံကမ္ဘာကြီး ရုတ်တရက်မှောင်အတိကျသွားလေတော့သည်… ရောင်စုံလူသားများ ဘာဆိုဘာမှမမြင်ရတော့… အော်ဟစ်ငိုယိုသံများ ရုတ်ချည်းဆူညံသွားတော့သည်… ရောင်စုံမိဘများက မိမိတို့၏ရောင်စုံသားသမီးများ၏နာမည်များကိုအော်ခေါ်ပြီး သူတို့ရှိရာသို့လာခိုင်းသောအသံများ… ရောင်စုံသားသမီးများ၏ရောင်စုံမိဘများ၏နာမည်များကိုအော်ခေါ်လျှက်ငိုကြွေးနေသံများဖြင့်ဆူညံနေတော့သည်… ဆူညံနေသောအသံများ… လှုပ်ရှားရုန်းကန်သံများ… ထိခိုက်ပြိုလဲသံများ ဖြင့်ရောင်စုံကမ္ဘာကြီး မှောင်အတိကျပြီး နာရီအတော်ကြာသောအခါ ရုတ်တရက် အလင်းတန်းတခုဖြတ်ခနဲပေါ်လာလျှက် ဆူညံသံများရုတ်ချည်းတိတ်ဆိတ်သွားသည်… ထို့နောက် ရောင်စုံလူသားများ အရာအားလုံးအားပြန်လည်မြင်တွေ့နိုင်လာသည်… ရောင်စုံလူသားများ ပျော်ရွှင်စွာအော်ဟစ်သံများဖြင့် ခေတ္တခဏပြန်လည်ဆူညံသွားပြန်သည်… ဆူညံသံများခဏလေးမှာပင် ပြန်လည်ရပ်တန့်သွားသည်… အဘယ်ကြောင့်ဆိုသော် ရောင်စုံလူသားများရပ်တည်နေသောကမ္ဘာကြီးသည် ရောင်စုံကမ္ဘာကြီးမဟုတ်တော့… ကောင်းကင် နှင့် မြေကြီးသည် အဖြူရောင် ဆွတ်ဆွတ် အဖြူရောင်ကမ္ဘာကြီး အဖြစ်သို့ပြောင်းလဲသွားသည်ကို ရောင်စုံလူသားများ အံ့သြမှင်သက်လျှက် ....
ရောင်စုံလူသားများ ပုံမှန်ပြန်လည် အသက်ရှင်လှုပ်ရှားကြရန် အင်တိုက်အားတိုက် ကြိုးစားကြသော်လည်း ပုံမှန်အခြေအနေသို့ ပြန်မရောက်နိုင်ကြ… မိမိတို့နှင့် အသားကျနေပြီးဖြစ်သော ရောင်စုံကမ္ဘာကြီးကိုသာ တမ်းတလျှက် တိတ်ဆိတ်စွာ… အဖြူရောင်ကမ္ဘာကြီးကတော့ ဖြူဖွေးကြည်လင်လျှက် … ရောင်စုံလူသားများကတော့ ရောင်စုံကမ္ဘာကြီးကိုသာတမ်းတလျှက်…. နောက်ဆုံးတော့ ရောင်စုံလူသားများသည် မိမိတို့နှင့် အသားကျပြီးသောရောင်စုံကမ္ဘာကြီးကို ရှာဖွေရန်၊ ရောင်စုံကမ္ဘာကြီးနှင့် ဆင်တူယိုးမှား အရောင်များရှိသော ကမ္ဘာသစ်တခုအား ရှာဖွေရန် အဖြူရောင် ကမ္ဘာကြီး ပေါ်မှ တရွေ့ရွေ့ထွက်ခွါသွားကြလေတော့သည်…

Friday, November 4, 2011

အစားအစာ(၁)



ထမင်းကြော်



ဆော်လမွန်စူရှီ



ကြက်ဥထမင်းကြော်(ကြက်ဥခေါက်ကြော်ထဲမှာထမင်းကြော်ကိုထည့်ပြီးလိပ်ထားတာပါ) နှင့် Sausages



ကြာဇံကြော်



သုံးထပ်သားကင်



ကြက်အသည်းအမြစ် (ဝက်သားမစားတဲ့သူတွေ အချဉ်နဲ့တို့စားဘို့ အခြောက်ချက်ထားတာ)



ဝက်သားဒုတ်ထိုး



အချဉ်ရည်



ဘဲဥ (အချဉ်နဲ့တို့စားဘို့)




လောလောဆယ်စာမရေးဖြစ်လောက်အောင် အလုပ်တွေရှုပ်နေလို့ လာလည်သူတွေကို ချက်စားဖြစ်တာလေးတွေနဲ့ ဧည့်ခံလိုက်ပါတယ်....

Thursday, October 20, 2011

ချစ်သူသိစေ

ရင်ထဲကအကြင်နာတွေကို
မြင်သာအောင်သက်သေပြနေလဲ
တမင်မျက်နှာလွှဲရက်သူ....

ချစ်သူ့ရင်ခွင်မှာ
တွယ်ငင်ကာခိုနားချင်ပေမဲ့
ရှောင်ဖယ်လှည့်ထွက်ရက်သူ....

နာကျင်ဖွယ်စကားတွေဆို
ရှိုက်ငိုအောင်သူနှိပ်စက်
စိမ်းကားစွာထားရစ်ခဲ့သူ....

နှလုံးသားတွေကြေမွ
နွမ်းလျကာခွေယိုင်
ယှဉ်ပြိုင်မစိမ်းရက်နိုင်သူမှာ
ချစ်သူလှည့်ပြန်လာနိုး
တိတ်တိတ်မျှော်ကိုးလျှက်
မနက်ဖြန်တိုင်းကိုကျော်ဖြတ်
အသက်ဆက်လို့နေ
ချစ်သူသိစေ။

Tuesday, October 18, 2011

HAPPY BIRTHDAY KO MIN KO NAING


ကျမအလေးစားရဆုံးသော ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၏မွေးနေ့ပေါင်းများစွာကို သူ့ယုံကြည်ချက်ကို အားပေးထောက်ခံကြသော သူချစ်သောသူများ သူ့ကိုချစ်ခင်ကြသောသူများနှင့် နှစ်တိုင်းဆင်နွှဲနိုင်ပါစေ၊ အမြန်ဆုံးလွတ်မြောက်ပြီး လိုရာဆန္ဒများပြည့်ဝနိုင်ပါစေလို့ ဆုတောင်းလျှက်

Friday, October 7, 2011

မတူညီခြင်းညနေခင်း



ပုံကိုgoogleမှယူပါသည်


ချစ်သူထားရစ်ခဲ့သောထိုညနေကို ဘယ်လိုမှမေ့လို့မရ… အချိန်တွေကြာလာပေမဲ့ ရင်ထဲကဒဏ်ရာက ခုထိတိုင် တဆစ်ဆစ်နာကျင်နေဆဲ…
++++++++++++++++++++++++++++++++++
ချစ်သူနှင့်ကိုယ်တွေ့ဆုံခဲ့ကြတာ ဘာမှသိပ်မထူးခြားသော ညနေခင်းတခုမှာဖြစ်သည်… ပါတီပွဲတစ်ခု၏ တစ်ညနေမှာ မိတ်တွေတစ်ဦး၏မိတ်ဆက်ပေးမှုကြောင့် စတင်သိကျွမ်းခဲ့ကြသော ကိုယ်တို့နှစ်ဦးရဲ့ဆုံစည်းမှုက အလွန်တရာရိုးစင်းလွန်းလှသည်… မရိုးစင်းသည်က ကိုယ်တို့နှစ်ဦး၏မျက်ဝန်းများ… မျက်လုံးချင်းဆုံပြုံးပြကြတဲ့အခိုက်အတန့်မှာ မျက်ဝန်းကြည့်တွေကိုပြန်လည်ရုတ်သိမ်းဘို့ သတိမရတော့အောင် အချိန်အတော်ကြာ မျက်လုံးချင်းဆုံ ပြုံးပြဖြစ်နေကြမှန်း နှစ်ဦးလုံး သတိထားမိသွားတော့ နှစ်ယောက်ပြိုင်တူ ရှက်ရီ ရီမိကြသည်… အတူလာသော သူငယ်ချင်းများကိုမေ့ပြီး နှစ်ယောက်အတူ စကားတွေထိုင်ပြောရင်း ရင်ခုန်ကြည်နူးစွာ အချိန်တွေကုန်မှန်းမသိကုန်လွန်သွားခဲ့တဲ့ ထိုညနေခင်းပုံရိပ်လေးက ရင်ထဲမှာ အမှတ်တယ…
ထိုညနေမှအစပြုတွယ်တာမိသော ကိုယ်တို့နှစ်ယောက်ရဲ့သံယောဇဉ်ရစ်တွယ်မှုက ရုန်းထွက်မရနိုင်တော့အောင်ခိုင်မြဲစွာ ငြိတွယ်သွားမိတော့သည်…မတူညီခြင်းတွေအများကြီးရှိနေကြမှန်းသိရက်နှင့် တွယ်တာမိခဲ့ကြသော သံယောဇဉ်နွံထဲက နှစ်ဦးသားရုန်းထွက်မရနိုင်တာတစ်ခုကတော့ တူညီခဲ့သည်…
နှစ်ဘက်အပေါင်းအသင်းများ အားကျရလောက်အောင် သိပ်ချစ်ခဲ့ကြတဲ့ ကိုယ်တို့နှစ်ဦးရဲ့ချစ်သူဘဝက သူငယ်ချင်းများကြားမှာ ပြောစမှတ်ဖြစ်ခဲ့သည်…တွေ့ဖြစ်ကြတဲ့အချိန်တိုင်းမှာ မတူညီကြတဲ့ အကြောင်းအရာတွေကို ရှောင်ဖယ်မေ့ထားရင်း၊ တစ်ယောက်မျက်နှာမညှိုးအောင် တစ်ယောက်ကကြိုးစားရင်း နားလည်စာနာမှုတွေက ကိုယ်တို့အချစ်ကို ပိုမိုခိုင်မြဲစေခဲ့သည်…
အစထဲက အစမပျိုးခဲ့သင့်တဲ့ များစွာသော မတူညီခြင်းတွေ ဘယ်လောက်ဘဲရှိနေပါစေ… ကိုယ်တို့နှစ်ယောက်ရဲ့ချစ်ခြင်းသံယောဇဉ်ကို ဘယ်လိုအရာကမှ မချိုးဖျက်နိုင်ဟု ခိုင်မာစွာယုံကြည်ခဲ့သည်… ထိုယုံကြည်ခြင်းတွေကဘဲ ကိုယ်တို့နှစ်ယောက်ရဲ့ချစ်သက်တမ်းကို အချိန်ကာလအတော်ကြာအောင်ဆွဲဆန့်ထားနိုင်ခဲ့သည်…
ကိုယ်မထင်မှတ်ထားတဲ့အဖြစ်အပျက်က ကိုယ်မထင်မှတ်ထားတဲ့ညနေခင်းတစ်ခုမှာ ဖြစ်ခဲ့သည်… ထိုမထင်မှတ်ထားခြင်းကို ဖန်တီးသူက ချစ်သူ၏အသိုင်းအဝိုင်းမဟုတ်သလို ကိုယ့်အသိုင်းအဝိုင်းဘက်ကလဲမဟုတ်ဘဲ ချစ်သူကိုယ်တိုင်ဖြစ်နေခြင်းက ကိုယ့်ရင်ကို ပြင်းထန်စွာနာကျင်စေခဲ့သည်…
နှစ်ပေါင်းများစွာ တခါမှမတောင်းဆိုခဲ့ဘူးတဲ့တောင်းဆိုချက်တွေ တပုံတပင်က ထိုညနေခင်းမှာချစ်သူနှင့်အတူလိုက်ပါလာခဲ့သည်… အတူနီးနိုင်ဘို့ဆိုသော စကားတခွန်းက ဖြေရှင်းချက်တစ်ခုဟု ကိုယ်လက်မခံနိုင်ခဲ့…ကိုယ်တို့နီးကြဘို့ဆိုတာ ကိုယ်တို့နှစ်ယောက်၏ချစ်ခြင်း၊ လုံလောက်သောငွေကြေးနှင့် နားလည်မှုဘဲလိုအပ်သည်ဟု နှစ်ပေါင်းများစွာ သဘောတူလာခဲ့ပြီးမှ ရုတ်တရက်ပြောင်းလဲသွားခြင်းကို အဖြေရှာမရခဲ့…ချစ်သူဘဝမှာမလိုအပ်ခဲ့ပေမဲ့ အိမ်ထောင်တစ်ခုတည်ထောင်ဘို့ရန်အတွက် အလေးအနက်စဉ်းစားပြီးတောင်းဆိုခြင်းဖြစ်ကြောင်း ရှင်းပြနေသော ချစ်သူ့မျက်ဝန်းတွေမှာ ချစ်ခြင်းတွေကို အပြေးအလွှားရှာဖွေမိပေမဲ့ မတွေ့ရတော့…
မိန်းကလေးဖြစ်သောကိုယ့်ဘက်က ချစ်သူကို အရှိအတိုင်းလက်ခံနိုင်ရက်နဲ့ ချစ်သူက မတူညီမှုတွေကို တူညီခြင်းသို့ အတင်းအကျပ်ပြောင်းလဲခိုင်းခြင်းကို ကိုယ်ဘယ်နည်းနဲ့မှလက်မခံနိုင်ခဲ့…
ကိုယ့်ဘက်ကမပြောင်းရင် လက်တွဲဘို့မဖြစ်နိုင်ဟု ချစ်သူပြောရက်ခြင်းက ကိုယ့်ရင်ကိုစူးရှစွာနာကျင်စေသည်…သန့်ရှင်းဖြူစင်စွာ၊မြတ်နိုးကြင်နာစွာ၊နားလည်စာနာစွာချစ်တတ်ခဲ့သော ကိုယ့်ချစ်သူသည် သူမဟုတ်တော့…
မတူညီခြင်းတွေရှိနေလျှက်နဲ့ချစ်ခဲ့ကြပြီးမှ ထိုမတူညီခြင်းတွေကြောင့် လမ်းခွဲရတော့မည်ဆိုသည့်အခါ ကိုယ့်ရင်မှာခံစားနိုင်စွမ်းမရှိတော့… ချုံးပွဲချငိုယိုရင်း ချစ်သူကို ကိုယ့်ရှေ့မှ အမြန်ဆုံးထွက်သွားပေးဘို့တောင်းပန်မိသည်….
သွားပါတော့ချစ်သူ၊ထားရစ်ခဲ့ပါတော့… ညနေခင်းခြင်းတူခဲ့ပေမဲ့ ခံစားမှုခြင်းကမတူညီခဲ့သောထိုညနေခင်းများကိုသာ ကိုယ့်အတွက်ထားခဲ့ပေးပါတော့ချစ်သူ…
ညှိယူစရာမလိုတဲ့ နားလည်စွာချစ်မြတ်နိုးခြင်းတွေကိုဘဲ ကိုယ်တန်ဘိုးထားကြည်နူးခဲ့မိတာ… ညနေခင်းတစ်ခုမှာ စတင်ချစ်မြတ်နိုးခဲ့ကြပြီး ညနေခင်းတစ်ခုမှာ နာကျင်စွာလမ်းခွဲခဲ့ရတဲ့ ကိုယ်တို့ရဲ့ချစ်ဇာတ်လမ်းကို အပြီးသတ်ကြပါစို့…ချစ်သူထားရစ်ခဲ့သောထိုညနေကို ဘယ်လိုမှမေ့မရ…အချိန်တွေကြာလာပေမဲ့ရင်ထဲကဒဏ်ရာက ခုထိတိုင်တဆစ်ဆစ်နာကျင်နေဆဲ…
++++++++++++++++++++++++++++++++++
ခုချိန်မှာချစ်သူတစ်ယောက် သူနှင့်တူညီစွာလိုက်ဖက်ညီသူတစ်ဦးနဲ့အတူ အိမ်ထောင်တစ်ခု ထူထောင်နေလောက်ပြီဟုထင်ပါသည်…
ကိုယ်ကတော့ တစ်ယောက်တည်း ပျော်ရွှင်ခြင်းညနေခင်း၊နာကျင်ခြင်းညနေခင်းတို့ကို ယခုထက်တိုင်ရင်မှာသိမ်းဆည်းလျှက်….

Tuesday, October 4, 2011

ဘလော့ဂါဆိုတာဘာလဲ (Tag post)


ညီမလေးအိမ်ဂျယ်လှိုင်တဂ်ထားတာပါ…နောက်တောင်ကျနေပြီ… ဘလော့ဂါဆိုတာဘာလဲ… အရှေ့ပိုင်းရေးသူတွေကတော်တော်များများရေးပြီးသွားကြပြီဆိုတော့ ကျမမှာရေးစရာအိုင်ဒီယာသိပ်မရှိပါဘူး..ဒါကြောင့်လဲမရေးဖြစ်ဘဲကြာနေတာ… ဘလော့ရေးတဲ့သူက ဘလော့ဂါလို့တော့ အကြမ်းဖျင်းပြောလို့ရတာဘဲ… ကျမကတော့ မအယ်ရေးဘူးသလို ကြောင်ချီးဘလော့ဂါဘဲဖြစ်မှာပါ…. ပို့စ်လဲမှန်မှန်မတင်ဖြစ်၊ ဘလော့တွေလဲ သိပ်မလည်ဖြစ်ပါဘူး…
ဘလော့ဂါတစ်ယောက်က သာမန်လူတစ်ယောက်လိုပါဘဲ… သူကခံစားရတာလေးတွေ စာရေးချလိုက်တာဘဲ ကွာပါတယ်…( ကျမအမြင်မှာပေါ့…)ဒီထဲမှာမှ စာရေးဆရာတွေဘလော့ရေးတာရှိတယ်… ဘလော့ရေးရင်း စာရေးဆရာ ဖြစ်သွားသူတွေရှိတယ်… နှစ်ရှည် ဘလော့ဘဲရေးပြီး ဘလော့မှာပျော်နေသူတွေလဲရှိတယ်… သက်ငယ်ပိုင်းဘလော့ဂါလေးတွေ သိပ်အရေးအသားကောင်းသူ၊ ရေးအားကောင်းသူတွေရှိတယ်… သူတို့အားလုံး ဘလော့ဂါတွေပါဘဲ… ဘလော့ရေးနေတာကိုး…
ဘလော့ရေးစက ကိုယ်မှန်ရင်ပြီးရောဆိုပြီး ကိုယ်ရေးကိုယ်တာတွေကိုလဲ မလျှို့ဝှက်ခဲ့ပါဘူး… လျှို့ဝှက်စရာလို့လဲ မထင်ခဲ့ဘူး… ကိုယ်မဟုတ်တာလုပ်ထားတာဘာမှမရှိဘူးဆိုပြီး ခပ်တည်တည်ပါဘဲ… ဓာတ်ပုံတွေလဲတင်… ကိုယ်ရေးကိုယ်တာတွေလဲရေးမိ… တဂ်ပို့စ်တွေမှာပေါ့…
ခုရေးသက်လေး၃နှစ်နီးပါးရှိလာတော့ ပြန်ဆန်းစစ်မိတဲ့အခါ ကိုယ်ရေးကိုယ်တာဆန်လွန်းတဲ့ တဂ်ပို့စ်တချို့ကို ဒီလစ်လုပ်ပစ်ရပါတယ်… ကိုယ်ဘလော့ရေးတာပတ်ဝန်းကျင်အသိုင်းအဝိုင်းက သိနေပြန်တော့ ကိုယ်ရေးတဲ့စာတချို့က သူတို့ရဲ့အဖြစ်အပျက်တွေလားအထင်မှားခံရတာတွေလည်းရှိလာတယ်… ပါစင်နယ်သိပ်မဆန်အောင်ထိန်းရေးရင်းကကို အထင်မှားခံရပြန်တယ်…
ဒီတော့မှ ကိုဇော်ရေးထားတာလေးက အဓိပ္ပါယ်သိပ်ရှိပါလားလို့ သုံးသပ်မိတယ်…
{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }
ဘလော့ကိုတခါတခါမရေးတော့ချင်လောက်အောင် စိတ်ဓာတ်ကျဘူးတယ်… စီဘောက်ပိတ်ထားရတာလည်းခဏခဏ… ဒါပေမဲ့ ဝါသနာကတားမရတော့လည်း ဒီဘလော့လေးကို သံယောဇဉ်မဖြတ်နိုင်ပါဘူး…

ဘလော့ဂါအများစုဟာ တူညီတဲ့ခံစားမှုတွေရှိတယ်… အရေးကြုံရင်သွေးစည်းတယ်ဆိုတာဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကန့်ကွက်ရေးက သက်သေပါ…

ကိုယ့်ကိုယ်ပိုင်အမြင် ကိုယ့်ကိုယ်ကိုယ်သုံးသပ်ပြီးပြောရရင်တော့ ဘလော့ဂါဆိုတာ ဝါသနာပါလို့ဘလော့ရေးတယ်….စာပေစိစစ်ရေးတင်စရာမလိုတာကိုနှစ်သက်လို့ ဘလော့ရေးတယ်… ရေးချင်တာတွေရေးလို့ရလို့ဘလော့ရေးတယ်… ဘလော့ရေးရခြင်းကိုမြတ်နိုးတွယ်တာသူဖြစ်ပါတယ်
(တဂ်သောညီမငယ်အိမ်ဂျယ်လှိုင်အားကျေးဇူးတင်ပါသည်)

Friday, September 30, 2011

ရပ်ကွက်တိုင်းကထိုမိန်းမ


ရပ်ကွက်တိုင်းမှာ ထိုမိန်းမရှိသည်… သင့်ပတ်ဝန်းကျင်မှာထိုမိန်းမရှိသည်… ကျမပတ်ဝန်းကျင်မှာလည်း ထိုမိန်းမရှိနေသည်….

++++++++++++++++++++++++++++++++++++++++++++++

ထိုမိန်းမသည် သူများကိုယ်ရေးကိုယ်တာအကြောင်း၊သူများအိမ်တွင်းရေးကိစ္စနှင့် သူများဘဝနောက်ကြောင်းတွေကို အလွန်သိချင်သူဖြစ်သည်… သူ့ဘဝနောက်ကြောင်းတွေကိုတော့ဖုံးကွယ်ထားသူဖြစ်ပြီး ကောင်းချက်လေးတွေကိုသာရွေးပြီး ထုတ်ဖော်ကြွားဝါတတ်သူဖြစ်သည်… ပွင့်လင်းသည်ဟုခေါင်းစဉ်တတ်ပြီး သူများခံရခက်အောင်ခပ်ကျောကျောစကားတွေပြောတတ်သည် (တကယ်ကပွင့်လင်းခြင်းမဟုတ်၊ဟောင်ဖွာဖွာနိုင်ခြင်းနှင့် စရိုက်ကျခြင်းဖြစ်သည်)
တခြားသူတစ်ယောက်နှင့်ရင်းနှီးနေသူအား သူလည်းထိုသူအကြောင်းသိထားသလိုလိမ်ညာပြီး စကားတွေအစ်အောက်တတ်သည်… ထို့နောက်ထိုတခြားသူတစ်ယောက်နှင့်ရင်းနှီးနေသူအား နင်ကသာခင်နေ ငါကဖြင့်နင့်အကြောင်းတွေ သူအကုန်ပြောသွားလို့သိရတာဆိုပြီး ရန်တိုက်ပေးတတ်သည်…
အခုမှတွေ့သူတစ်ယောက်ကိုလည်း ကိုယ်ရေးကိုယ်တာတွေ အတင်းမေး စပ်စုပြီး မကျေနပ်သေးလျှင် နီးစပ်ရာတွေဆီက အကြောင်းအချက်တွေရယူလျှက် နောက်ကြောင်းရာဇဝင်အသေးစိတ် လိုက်လံစုံစမ်းတတ်သေးသည်…
လူစုနှင့်ဆုံစည်းဖို့စိတ်မဝင်စားဘဲ တစ်ယောက်ချင်းတွေနှင့်တလှည့်စီတွေ့ကာ နင့်ကိုခင်လို့ပြောပြတာနော်ဆိုပြီး မနေ့ကတွေ့ခဲ့သူအကြောင်းမကောင်းပြောလေ့ရှိပြီး ထိုမနေ့ကတွေ့ခဲ့သူနှင့် နောက်တခါပြန်တွေ့ပါလျှင်လည်း သူနှင့်တွေ့ခဲ့ပြီးသူတစ်ယောက်၏မကောင်းကြောင်းကို ခင်လို့ပြောတာဆိုပြီးပြောပြပါဦးမည်…
သူ့ကိုယ်သူသနားစရာသတ္တဝါလေးဖြစ်အောင်လုပ်ကြံပြောပြီး ကျန်တဲ့သူတွေက သူ့ကိုဝိုင်းနှိပ်စက်နေကျသော လူယုတ်မာတွေဖြစ်ကြောင်းလီဆည်ပြောလျှက် သူနှင့်စတင်ဆုံစည်းသူထံမှ အကြင်နာတွေရယူတတ်သူဖြစ်သည်( တကယ်က သူ့ပတ်ဝန်းကျင်ကလူတွေခမျာ သူနှိပ်စက်ထားလို့ ခြေကုန်လက်ပန်းကျနေပြီ)
သူများဆီက ဂရုစိုက်မှုရယူရန်အတွက် ဘာမှမသိနားမလည်သော အပြစ်ကင်းစင်သူလေးကဲ့သို့လည်း ပုံဖမ်းတတ်ပြန်သေးသည်.. တကယ်တော့သူ့ရုပ်သွင်က လိမ်လည်လုပ်ကြံပြောတတ်သူဖြစ်ကြောင်း ဥပတိရုပ်ကပေါ်လွင်နေရက်နဲ့ သိုးဖြူလေးကဲ့သို့ဟန်ဆောင်နေခြင်းက သိပ်တော့မပိရိလှပါ…
မသိနားမလည်ဟုဗြောင်လိမ်လျှက် သူတပါးကိုညာခိုင်းတတ်သူလည်းဖြစ်သည်… အားနာတတ်သူ အချင်းမပွားလိုသူ စိတ်သဘောဖြူစင်သူတို့ကတော့ သူ့ခိုင်းဖတ်ဖြစ်သွားတတ်သည်… သူ့ခိုင်းဖတ်များမသိအောင် သူ့လောက်ပညာမတတ်ဟု သူယူဆမိသူများအပေါ်မှာတော့ ဆရာကြီးလုပ်ဦးဆောင်ပြတတ်သူလည်းဖြစ်သေးသည်…
သူများမှာရှိနေခြင်းမှန်သမျှအား သူ လိုချင်လျှက်မရရှိသည့်အခါ ထိုသူများအားလုံး ၏ရှိသမျှများသည် ကြွားဝါခြင်းဟု သူယူဆလျှက် မြင်ပြင်းကတ်ကာ ထိုသူများအားကျိန်ဆဲနေတတ်သည်…
နောက်ဆုံးတွင်တော့ သူ့အကုသိုလ်နှင့်သူ ရောဂါတွေရ တချိန်လုံး နေမကောင်းဖြစ်တော့သည်…
တခါတခါ သူ့ကိုယ်သူမလုံမလဲဖြစ်လျှက် ပတ်ဝန်းကျင်မှလူများက သူ့ကိုမုန်းတီးနေကြသည်ထင်တာ တိတ်တိတ်ကြိတ် ကြေကွဲနေတတ်သေးသည်…

++++++++++++++++++++++++++++++++++++++++++++++++
ရပ်ကွက်တိုင်းမှာ ထိုမိန်းမရှိသည်… သင့်ပတ်ဝန်းကျင်မှာ ထိုမိန်းမရှိသည်… ကျမပတ်ဝန်းကျင်မှာလည်းထိုမိန်းမရှိနေသည်…

(မည်သူ့ကိုမှမရည်ရွယ်ပါ၊တိုက်ဆိုင်မှုရှိလျှင်ခွင့်လွှတ်ပါ)

Friday, September 23, 2011

ဧရာဝတီသည်ငါတို့မြစ်


ဧရာဝတီသည် ငါတို့မြစ်
ဧရာဝတီသည် ငါတို့အသက်
ဧရာဝတီသည် ငါတို့သမိုင်း
ငါတို့မြစ်(ဧရာဝတီ)ကိုချစ်ပါ
ငါတို့အသက်(ဧရာဝတီ)ကိုမြတ်နိုးပါ
ငါတို့သမိုင်း(ဧရာဝတီ)ကိုလေးစားပါ

ဧရာဝတီဟာ ဒေါင်လိုက်တည့်တည့် မြန်မာ တစ်နိုင်ငံလုံးကို ဖြတ်သန်းစီးဆင်းတဲ့ ငါတို့မြန်မာလူမျိုးတွေအားလုံးနဲ့ဆိုင်တဲ့ ၊ ငါတို့မြန်မာလူမျိုးတွေ အားလုံးပိုင်တဲ့မြစ်

ဧရာတီကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ ဆန်စပါးအထွက်နှုန်းဟာ တစ်နိုင်ငံလုံးဆန်စပါးအထွက်နှုန်းရဲ့ ၆၀% နီးပါးထွက်ရှိနိုင်ခဲ့တာ... မြန်မာနိုင်ငံသားတွေ အသက်ဆက်နိုင်ဘို့ နေ့စဉ်စားသုံးနေရတဲ့ဆန်စပါးဟာ ဧရာဝတီကြောင့် ထွက်ရှိနိုင်ခဲ့တာ... မြန်မာနိုင်ငံသားတွေအသက်ဆက်နိုင်ဘို့က ဧရာဝတီပေါ်မူတည်နေတာ

ဧရာဝတီဟာ မြန့်မာ့လွတ်လပ်ရေးသမိုင်းမှာ အရေးပါအရာရောက် အဓိကကျခဲ့တာ... ဧရာဝတီဟာ မြန့်မာ့လွတ်လပ်ရေးသမိုင်းရဲ့ စစ်ချီရာလမ်းကြောင်း ၊ ဧရာဝတီမြစ်ရိုးဟာ မြန်မာ့လွတ်လပ်ရေးအတွက် ရန်သူကိုခုခံတွန်းလှန်တဲ့ ခံတပ်တွေတည်ဆောက်ရာနေရာ

ငါတို့ရဲ့မြစ်၊ ငါတို့ရဲ့အသက်၊ ငါတို့ရဲ့သမိုင်းကို ဘယ်လိုနည်းနဲ့မှ အဖျက်အဆီးမခံနိုင်ဘူး
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါတယ်

Sunday, September 18, 2011

အမိမြေသို့အပြန် ( အပိုင်း ၄ )


ချစ်သောမနော်၊ချစ်သောဝါဝါ၊ချစ်ညီမမေလေးတို့နှင့်အမှတ်တရ


ဘုရားကျောင်း

ပဲခူးမြို့ကစားသောက်ဆိုင်



စိမ်းလဲ့တင်ကအပြန် လမ်းမှာကားရပ်ပြီးကျွဲကောသီးဝယ်ကြတယ်… ပြီးတော့ပဲခူးမှာနေ့လည်စာစားကြတယ်… အဲဒီစားသောက်ဆိုင်လေးကိုမြင်မြင်ချင်းနှစ်သက်မိပါတယ်… ကရင်ဖားစည်နဲ့ ကရင်ရိုးရာပစ္စည်းလေးတွေတွေ့တာကြောင့် ခလေးတွေကို ကရင်ဖားစည်နဲ့ ကရင်ရိုးရာအကြောင်းတွေကို ကျမသိသလောက်ရှင်းပြခဲ့ပါတယ်… ဆိုင်ပိုင်ရှင်က ကရင်ဖြစ်ပြီး ဝန်ထမ်းတွေအားလုံးလဲကရင်တွေပါဘဲ… အစားအသောက်တွေလဲအရမ်းစားကောင်းပါတယ်… ဈေးလဲမကြီးပါဘူး… (ကရင်ဆိုင်မို့ ညွှန်းခြင်းမဟုတ်ပါ :p )…
အိမ်ကိုညနေ၃နာရီလောက်ပြန်ရောက်ပါတယ်…. ကျမတို့သားအမိတွေအနားယူပြီး ခဏနေမှ အိမ်အောက်ကစူပါမားကတ်မှာလိုတာလေးတွေဆင်းဝယ် ညနေစာစားပြီးအနားယူ.. ခလေးတွေကိုလည်း ခရီးပန်းလာတာမို့ရယ်… နောက်နေ့ မနက်ဘုရားကျောင်းသွားရမှာမို့ရယ် သူတို့လေးတွေကို စောအိပ်ခိုင်းရပါတယ်…
ခလေးတွေကဘုရားကျောင်းတက်ရမှာသိပ်ပျော်ကြပါတယ်… ရန်ကုန်ရောက်မှ မြန်မာလိုဘုရားရှိခိုးရတာမို့ ရန်ကုန်ရောက်တိုင်း တနင်္ဂနွေနေ့တွေမှာ ဘုရားကျောင်းတက်မပျက်ကြပါဘူး… ရောက်ရောက်ချင်းခရီးတွေထွက်… အိမ်လည်…လျှောက်သွားတာတွေများသွားလို့ထင်ရဲ့… ရောက်ပြီး တစ်ပတ်ကျော်ကျော် နှစ်ပတ်နီးပါးလာက်မှာ သားလေးနေမကောင်းဖြစ်ပါလေရော… သားလေးကဖုန်ရှုမိတာများရင် အလာဂျီဖြစ်တတ်တယ်… အဲလိုဖြစ်တိုင်း အသက်ရှုသံတွေပုံမှန်မဟုတ်တော့တဲ့အခါ စက်ကလေးနဲ့ဆေးရည်ထည့်ပြီး ရှုဆေးပေးရပါတယ်… ဒီတခေါက်က အကြောင်းကြောင်းကြောင့် သူဆေးရှုနေကျစက်က ဗီယက်နမ်မှာကျန်ခဲ့တာမို့ အဲဒီစက်မရှိဘဲသက်သာမလားစောင့်ကြည့်ပေမဲ့ မသက်သာလာတာကြောင့် အောက်ထပ်ကဆေးဆိုင်မှာ အဲဒီစက်ရှိလားသွားမေးတော့ ကုန်နေတယ်…မှာပေးမယ်တဲ့… နောက်တနေ့မှာအဲဒီစက်လေးရပါတယ်… ဗီယက်နမ်မှာထက်ဈေးပိုကြီးလို့မတန်မှန်းသိပေမဲ့ သားလေးနေကောင်းဘို့ကအရေးကြီးတာမို့ အဲဒီစက်လေးကို ဝယ်ခဲ့ရပါတယ်… အိမ်ရောက်ရောက်ခြင်း သားလေးကို အဲဒီစက်လေးနဲ့ ဗီယက်နမ်ကယူလာတဲ့ သူသုံးနေကျဆေးရည်လေးထည့်ပြီး ရှုဆေးပေးရပါတယ်.. အဲဒီညမှဘဲ သားလေး အသက်ရှုမှန်ပြီး ကောင်းကောင်းပြန်အိပ်နိုင်တော့တယ်…
သားလေးနေလို့ကောင်းလာပေမဲ့ နောက်ထပ်ပြန်မဖြစ်အောင် သားလေးကို လူထူတဲ့နေရာတွေခေါ်မသွားဖြစ်တော့ပါဘူး… သားလေးက သူ့ကိုမခေါ်သွားရင် ကျမလဲမသွားရဘူးဆိုတော့ ကျမပါအိမ်တွင်းအောင်းရပါတော့တယ်…. ဒါကြောင့် တွေ့ချင်တဲ့သူတွေကိုလည်း မှန်းထားသလိုမတွေ့နိုင်ခဲ့တော့တာကို ဘလော့စာမျက်နှာပေါ်ကနေ အနူးအညွတ်တောင်းပန်ပါတယ်…
ပြန်ခါနီးတပါတ်မှသားလေးလဲနေတော်တော်ကောင်းလာလို့ ပြန်ထွက်ဖြစ်တဲ့အခါ ဆုံတွေ့ခဲ့ရတဲ့ မနော်ဟရီ၊ဝါဝါခိုင်မင်း၊မေလေး၊ကိုကြီး၊မက်မက်၊ခြင်တို့ကိုလည်း ကျမကို အချိန်ပေးတွေ့ဆုံခဲ့တဲ့အတွက် အရမ်းကိုကျေးဇူးတင်မိပါတယ်… ဖုန်းနဲ့နှုတ်ဆက်ခဲ့တဲ့မနန်းကိုလည်းကျေးဇူးတင်ပါတယ်…
အမိမြေသို့ပြန်တဲ့တခဏမှာ ကျမကိုပျော်ရွှင်ကြည်နူးစေခဲ့ကြသူ အမေ၊မောင်နှမ၊ဆွေမျိုးများ၊အခင်ရဆုံးသူငယ်ချင်းများနဲ့ ဘလော့ဂါမောင်နှမများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း သတိတရမှတ်တမ်းတင်ရင်း ကျမရဲ့အမိမြေသို့အပြန် ခရီးသွားပို့စ်လေးကို အဆုံးသတ်လိုက်ပါတယ်…
ချစ်ခင်စွာဖြင့်
နော်ဖော( Rose of Sharon )

Friday, September 9, 2011

အမိမြေသို့အပြန် (အပိုင်း၃)



ကျိုက်ထီးရိုးသွားတဲ့ အဝေးပြေးလမ်းမပေါ်မှာ ရှိတဲ့ စိမ်းလဲ့တင် ဆိုတဲ့နေရာလေးကိုသွားဖို့စီစဉ်ထားကြတယ်… သူငယ်ချင်းတွေက သောကြာနေ့ သွားပြီး တနင်္ဂနွေနေ့ ပြန်လာကြမယ်ဆိုတော့ ကျမအတွက်က ရန်ကုန်ပြန်မှတက်ရတဲ့ ဘုရားကျောင်းတက်ရမဲ့ တနင်္ဂနွေနေ့လေးအမှီရန်ကုန်ပြန်ချင်တယ်… ချစ်စရာကောင်းတဲ့ကျမသူငယ်ချင်းတွေက တစ်ညအိပ်နှစ်ရက် သောကြာနေ့မနက်သွားပြီး စနေနေ့ညနေပြန်ဘို့စီစဉ်ကြတယ်….
သောကြာနေ့မနက်ရှစ်နာရီခွဲ ကျမတို့ကို လာကြိုပြီး နောက်သူငယ်ချင်းတစ်ယောက်ကို ဝင်ကြိုပြီးတဲ့အခါ ရန်ကုန်ကနေ မနက်ကိုးနာရီစထွက်ဖြစ်ပါတယ်… တစ်ချို့ကနှစ်နာရီခွဲနဲ့သုံးနာရီကြား ကားစီးရမယ်လို့ပြောကြတယ်… ဒါပေမဲ့ ကျမတို့က ချောင်ချောင်ချိချိစီးရအောင် Bus ငှားသွားတဲ့အပြင် ခလေးတွေလဲပါတော့ ကားမောင်းတဲ့သူက အရှိန်အနေတော်လေးနဲ့ဘဲမောင်းပေးတာမို့ သုံးနာရီခွဲကျော်ကျော်လောက်စီးလိုက်ရပါတယ်… လမ်းတွေကလဲ ဟိုးအရင်လောက်မဆိုးတော့ပါဘူး… ကား aircon ကအရမ်းအေးလို့ လျှော့ခိုင်းဘို့ပြောပေမဲ့ လျှော့လို့မရဘူးဆိုလို့ ခလေးတွေကို ခြုံထည်ပုဝါလေးတွေ ခြုံထားပေးရတယ်… ကားခက အသွားအပြန်ကို ကျပ်ငွေသုံးသိန်းခွဲပေးရပါတယ်…
ရောက်ရောက်ချင်း ဧည့်ကြိုကောင်တာလဲဝင်စရာမလိုဘဲ တည်းရမဲ့အခန်းကို တန်းသွားခွင့်ပေးပါတယ်… ဒါပေမဲ့ ကြိုတင်ပြင်ဆင်မှုညံ့ဖျင်းတယ်လို့ ကျမတော့ သုံးသပ်မိတယ်…. ဘယ်သူဖြင့်ဘယ်အခန်းဆိုတာမျိုး ကြိုတင်ပြင်ဆင်ပေးထားတာမျိုးမရှိဘဲ ကိုယ်ရပ်မိတဲ့အခန်းရှေ့က နံပါတ်ကိုကြည့်ပြီး အခန်းသော့ရှာဖွင့်ပေးတယ်… အခန်းပြင်ဆင်ထားတာကလဲ အဖြစ်သဘောလောက်ဘဲ… တီဗွီကလဲ ချယ်နယ်နည်းတဲ့အပြင် စာရင်းထဲမှာရေးပြထားတဲ့ချယ်နယ်တွေလဲ တကယ်အကုန်မရပါဘူး…. Airconကလဲ အိပ်ရာရှိတဲ့ဘက်နဲ့ဆန့်ကျင်ဘက် အိမ်သာအရှေ့မှာဖြစ်နေတယ်… ရောက်ရောက်ချင်းဘဲ အခန်းအနေအထားကိုကြည့်ပြီး ဒီဟိုတယ် ကြယ်ပွင့်ပေးဘို့ဆုံးဖြတ်ရမယ်ဆိုရင် ကြယ်နှစ်ပွင့်တောင် မပေးချင်ပေးချင်နဲ့ပေးရမှာပါ… မိသားစုနေလို့ရတဲ့အခန်းလို့သတ်မှတ်ထားတဲ့ ဒီအခန်းမှာ တစ်ယောက်အိပ်ကုတင်သုံးလုံးချထားပေးပါတယ်… wifi ဆိုတာအခန်းထဲမှာမပြောနဲ့ အပြင် စားသောက်ဆိုင်တွေဘက်မှာလဲမရှိပါဘူး....အခန်းခက သုံးသောင်းခွဲဆိုတော့ အဲဒီအချိန်က တစ်ဒေါ်လာ ၇၈၀ နဲ့ဆိုရင် ၄၅ဒေါ်လာ လောက်ကျပါတယ်…
အစားအသောက်ကတော့ပေးရတဲ့ဈေးနှုန်းနဲ့တွက်ကြည့်ရင် မတန်ပါဘူး… လမ်းဘေးစားသောက်ဆိုင်အဆင့်လောက်ဘဲရှိပေမဲ့ ကျမတို့ အုပ်စု တခါစားရင် ၈သောင်းကျော် ၉သောင်းလောက်ရှင်းရပါတယ်…
ရေကူးကန်ရှိပေမဲ့ ထိန်းသိမ်းမှုညံ့ဖျင်းတဲ့အတွက် သန့်ရှင်းမှုမရှိပါဘူး… သမီးလေးကရေခဏဘဲကူးပြီး သားကတော့ ညစ်ပတ်တယ်ဆိုပြီး ရေကန်ထဲတောင် မဆင်းတော့ဘူး… ကစားကွင်းကလဲ သံချေးတက် တဲ့ကစားစရာတွေနဲ့ ဆိုတော့ ခလေးတွေဒါန်းဘဲစီးခဲ့ရပါတယ်… တိရိစ္ဆာန်ရုံလေးကလဲ ညစ်ပတ်နံစော်နေလို့ သားလေးက အန်တောင်အန်လို့ သမီးလေးနောက်တခေါက်သွားချင်တဲ့အခါ သားကို အပြင်မှာစောင့်နေခိုင်းရပါတယ်….
သူတို့ကြော်ငြာထားတာတွေနဲ့တော်တော်ကိုလွဲပါတယ်… အကောင်တွေလဲ ကြော်ငြာထားသလောက်မရှိသလို ကြောငြာထဲကလို ရှိုးပွဲတွေလဲမရှိပါဘူး…
သူ့ဟာသူဆို မြန်မာပြည်မှာဒီလောက်ဘဲရမှာပေါ့လို့တင်းတိမ်နိုင်ပေမဲ့ ကြော်ငြာထားတာနဲ့တခြားစီဖြစ်နေတော့ ဘယ်လိုမှကို စိတ်တိုင်းမကျနိုင်ပါဘူး… တကယ်တော့ ကျမက အဆိုးမြင်ဝါဒီသမားမဟုတ်ပါဘူး… တော်ရုံတန်ရုံလွဲတာမျိုးက လျှော့လျှော့ပေါ့ပေါ့တွေးပေးလိုက်လို့ရပေမဲ့ ခုတော့ ကြောငြာထဲကအတိုင်းထင်ပြီး ခလေးတွေကို အရမ်းကောင်းတယ်လို့ပြောပြီးခေါ်လာမိလေတော့ ကျမက အရင်အညာခံလိုက်ရသလိုခံစားရတဲ့အပြင် ခလေးတွေကိုပါညာခေါ်မိသလိုဖြစ်သွားမိတဲ့အတွက် သွားဖူးသူတွေကိုမမေးမြန်း မစုံစမ်းမိခဲ့ခြင်းအပေါ် နောင်တရမိပါတယ်…
တစ်ညအိပ်ဘဲမို့တော်ပါသေးရဲ့လို့ဖြေသိမ့်ပြီး အောင့်အည်းနေခဲ့ရပါတယ်… စားသောက်ဆိုင်ကဝန်ထမ်းတွေ အိပ်ခန်းဆောင်ကဝန်ထမ်းတွေကတော့ ရိုးသားဖော်ရွေပြီး တတ်နိုင်သလောက်ကူညီကြပါတယ်… ဝန်ထမ်းကောင်းတွေရှိရက်နဲ့ အဆင့်မှီတဲ့ဝန်ဆောင်မှုမပေးနိုင်တာက ပိုင်ရှင်နဲ့ စီမံခန့်ခွဲသူတွေ ညံ့ဖျင်းမှုလို့ ကျမတော့ ယူတမိပါတယ်…
စနေနေ့ညနေမှပြန်ဖို့စဉ်းစားထားပေမဲ့ ကျမတို့အားလုံးညနေအထိမနေချင်ကြတော့တာမို့ မနက်ဆယ်နာရီလောက် check out လုပ်ကြပါတယ်… အဲဒီအချိန်မှဘဲ သူတို့ဆီက လက်ကမ်းစာစောင်လေးထဲမှာ အခန်းခတွေရေးထားတာတွေ့လို့ကြည့်မိတော့ ကျမတို့နေခဲ့တဲ့အခန်းဟာ သုံးသောင်းတန်ဖြစ်နေပါတယ်… ဒါနဲ့ ဧည့်ကြိုကအမျိုးသမီးကိုပြောပြတော့ အဲဒါဈေးအဟောင်း… ခုဈေးတက်သွားတဲ့ဈေးကို ပြင်မရေးရလို့သေးလို့တဲ့…
ကျမတို့တတွေ မကျေနပ်ပေမဲ့ ကျသင့်ငွေရှင်းပြီး ပြန်လာခဲ့ကြပါတယ်… ဒီခရီးစဉ်အပေါ်ကျေနပ်မှုမရှိပေမဲ့
ခင်မင်တဲ့သူငယ်ချင်းတတွေ စိတ်သဘောတူညီစွာ (ကြိုက်တာလဲတူ မကြိုက်တာလဲတူ ) အတူသွားခဲ့ရတဲ့ခရီးလေးမို့ ပျော်စရာကောင်းပါတယ်…

Thursday, September 1, 2011

အမိမြေသို့အပြန် (အပိုင်း၂)


တူလေးတစ်ယောက်ရဲ့မွေးနေ့မှာ မောင်နှမဝမ်းကွဲများပျော်ရွှင်စွာ

ခဏလေးပါဘဲ…. အဲဒီခဏလေးဟာ အသက်ရှုရပ်တန့်သွားမတတ်အောင် ကိုထိတ်လန့်ရပါတယ်… သမီးလေးရဲ့လက်ကိုကိုင်အားပေးစကားတွေကြိုးစားပြောနေပေမဲ့ ကိုယ်တိုင်က ရင်ထဲမှာစိုးရိမ်ထိတ်လန့်နေမိတာ… ဒို့သားအမိတွေရဲ့နောက်ဆုံးနေ့များလားလို့တွေးရင်းပေါ့…. စိတ်ကိုကြိုးစားထိန်းချုပ်ရင်း သမီးလေးကို အရမ်းမကြောက်သွားအောင် မှတ်မိသလောက်ကြိုးစားရှင်းပြရတယ်… လေယာဉ်ပေါ်မှာ အော်တိုထိန်းချုပ်လို့ရတဲ့စနစ်တွေအလုပ်မလုပ်တော့ရင်တောင် Manural နဲ့ထိန်းပြီးမောင်းလို့ရတယ်… အခုမောင်းနေတဲ့လေယာဉ်မှုးဟာ ကျွမ်းကျင်အဆင့်ရှိသူမို့ ပြည်ပနိုင်ငံသွားတဲ့လေယာဉ်ကိုမောင်းနေတာ… သူကသိပ်တော်ပါတယ်…မစိုးရိမ်ပါနဲ့လို့… ပြီးတော့ စိတ်ငြိမ်အောင် ဘုရားသီချင်းတွေဆိုညည်းပြီး သားအမိနှစ်ယောက်ဆုတောင်းကြတယ်…
အဲလိုမျိုးအောက်ကိုထိုးကျသွားလိုက် လူးကာလွန့်ကာပြန်တက်လိုက်နဲ့ သုံးခေါက်လောက်ဖြစ်အပြီးမှာ လေယာဉ်ကအပေါ်ဘက်ကမမောင်းတော့ဘဲ အနိမ့်ကမောင်းတယ်လို့ထင်ပါတယ်… အောက်ကိုလှမ်းမြင်နေရလို့လေ… အနိမ့်ကမောင်းတော့လဲတိမ်ထုနဲ့လွတ်ပေမဲ့ ဘွားခနဲပေါ်လာမဲ့တောင်တွေနဲ့မတိုးမိဘို့ ဆုတောင်းနေရပါသေးတယ်…

ရန်ကုန်လေဆိပ်ကိုဆိုက်တော့မှဘဲ အသက်ဝဝပြန်ရှုရတော့တယ်… တိမ်စိုင်တွေကို ကဗျာဆန်ဆန်မချစ်နိုင်တော့တာတော့ သေချာသွားပြီ….လေယာဉ်ဆိုက်ရမဲ့အချိန်ထက်လဲစောရောက်တာမို့ အိမ်ကလာကြိုသူတွေလဲအံ့သြလို့… သူတို့တွေကအင်မီဂရေးရှင်းထဲထိဝင်လို့ရဖို့ အတွက် လုပ်စရာလေးတွေလုပ်ရအောင်စောရောက်နေကြလို့တော်ပါသေးရဲ့…
လေယာဉ်ဆိုက်တဲ့အချိန်အင်မီဂရေးရှင်းမှာလဲကျမတို့စီးလာတဲ့လေယာဉ်တစီးဘဲရှိတာမို့ လူရှင်းတယ်… နိုင်ငံသားတွေတန်းစီရမဲ့နေရာမှာစီနေရင်း အဲဒီကတာဝန်ကျတဲ့သူကို မှီခိုထောက်ခံစာပြပြီး ဖောင်ဖြည့်ရမှာလားဆိုတော့ အဲဒီလူက ဖြည့်ရမယ်ဆိုပြီး ဖောင်သွားယူပေးတယ်… သူ့ကိုဘဲ ကျမခလေးတွေကနိုင်ငံခြားသားပတ်စပို့နဲ့ဆိုတာဘဲပြောရသေးတယ်… သမီးလေးပတ်စပို့သက်တမ်းအကြောင်းတောင်စကားမစရသေးဘူး ကူညီပါ့မယ်ဆိုပြီး ခလေးတွေပတ်စပို့တောင်းတယ်…( အထဲမှာက ဒေါ်လာ၁၀စီထည့်ထားပြီးသား)
အမပတ်စပို့လဲပေးလိုက်ဆိုပြီး ယူသွားပြီးခဏနေတော့ ကောင်တာကတစ်ယောက်ကလှမ်းခေါ်တယ်… ဘာမှလဲမမေးဘူး… အဝင်တုံးပေါ်မှာမှီခိုဆိုတာလေးရေးပေးလိုက်တယ်… သိပ်မကြာခင် ခလေးတွေပတ်စပို့လဲလာပြန်ပေးတယ်… သမီးလေးရဲ့ပတ်စပို့သက်တမ်းအကြောင်းဘာမှ မပြောလိုက်ဘူး…အားလုံးအဆင်ကိုချောလို့…
အထုတ်တွေလဲအရင်လိုအကြာကြီးမစောင့်ရဘူး… တန်းယူလို့ရတယ်…. ဒီလိုနဲ့ဘဲ လေဆိပ်ကနေ ဆယ်မိနစ်လောက်ဘဲ ကားမောင်းသွားရတဲ့ ကျမတို့နေတဲ့ကွန်ဒိုကိုရောက်ပါတယ်… ခလေးတွေကတော့စောင့်နေကြတဲ့မောင်နှမဝမ်းကွဲတွေနဲ့တန်းကိုဆော့ကြတာ ကျွတ်ကျွတ်ကိုညံလို့…သူတို့ဆော့နေတဲ့အချိန်ကျမကတော့ အမေ၊မောင်နှမတွေနဲ့ စကားတွေပြောကြ သူတို့ချက်ထားတဲ့ မြန်မာအစားအစာတွေစားနဲ့ ညကိုးနာရီထိုးလို့ အမတွေပြန်ကြတော့မယ်ဆိုမှ အချိန်ကုန်မြန်လိုက်တာလို့တွေးမိတယ်… အမတွေပြန်သွားအပြီး ညအတူလာအိပ်ပေးတဲ့ အမေရယ်ညီမရယ်နဲ့ စကားတွေဆက်ထိုင်ပြောကြတာ တော်တော်ညနက်မှအိပ်ဖြစ်တယ်…
နောက်နေ့မှာအောက်ထပ်ကတယ်လီဖုန်းတွေရောင်းတဲ့ဆိုင်လေးမှာ အိုင်ပတ်ချာဂျာရှိလားမေးကြည့်တော့ ရှိတယ်တဲ့… ကြည့်ပါရစေဆိုတော့ ကောင်မလေးကထုတ်ပြတယ်.. အိုင်ပတ်၂ချာဂျာမဟုတ်ဘဲ အိုင်ပတ်၁ချာဂျာဖြစ်နေတော့ ရပါ့မလားစိတ်ပူမိတယ်… ဆိုင်ကကောင်မလေးက အမအိုင်ပတ်ယူလာပြီး ဆိုင်မှာလာစမ်းကြည့်ပြီး အဆင်ပြေမှဝယ်ပါ… ဝယ်ပြီးမှအဆင်မပြေရင် ပြန်လဲလို့မရလို့ပါဆိုပြီးပြောတယ်…အဲဒီတော့ဘေးကပါလာတဲ့သမီးလေးက မြန်မာတွေကစိတ်ထားကောင်းတယ်နော်တဲ့… ကျမတကယ်ကိုဝမ်းသာကြည်နူးမိပါတယ်… ဗီယက်နမ်မှာဒီလိုသဘောကောင်းပြီး ချိုသာယာဉ်ကျေးစွာပြောဆိုရှင်းပြတတ်တဲ့အရောင်းစာရေးမျိုး သမီးလေးတခါမှမတွေ့ဘူးခဲ့လို့ ဒီလိုမှတ်ချက်ချတာလေ…
အိုင်ပတ်ပြန်သွားယူပြီး ချာဂျာစမ်းကြည့်တော့ ချာဂျင်ဝင်ပါတယ်… မြန်မာငွေ၁၆၀၀၀ပေးရပါတယ်… ခလေးတွေလဲပျော်သွားတယ်.. အိုင်ပတ်က ညကထဲကချာဂျင်ကုန်သွားတော့ သူတို့ဆော့လို့မရတော့ဘူးလေ…
ရောက်ခါစပထမပတ်မှာတော့ မိသားစုအတွက်ဘဲအချိန်ပေးပြီး မိသားစုတွေနဲ့ဘဲနေပါတယ်… မောင်နှမတွေ အတူတူချက်စားကြ အတူတူဝိုင်းသောက်ကြနဲ့လူကြီးတွေကတဝိုင်း… ခလေးတွေကဂိမ်းတွေနဲ့တစ်ဝိုင်းနဲ့… ကျမတို့အိမ်ခန်းလေးဟာ အသံမစဲဘဲကို နေ့ရောညရောဆူညံနေတော့တာ… ဘေးခန်းတွေကိုအားနာပေမဲ့ တနှစ်တခါပြန်လာမှ ဒီလိုကြုံကြရတာမို့ သူတို့တွေ သည်းခံကြရှာတယ်…
နောက်နှစ်ရက်လောက်လောက်မှ အရင်က ဗီယက်နမ်မှာလာနေသွားကြတဲ့ သူငယ်ချင်းတွေဆီကိုဖုန်းဆက်ပါတယ်…. သူငယ်ချင်းမိသားစုသုံးစုနဲ့အတူ စုစုပေါင်းမိသားစုလေးစု အတူတူခရီးထွက်ဘို့စီစဉ်ကြပါတယ်…သူတို့တွေနဲ့ကျမတို့မိသားစုဟာ ဗီယက်နမ်ရောက်မှခင်မင်ကြပေမဲ့ စိတ်တူကိုယ်တူ ပေါင်းသင်းလို့ရကြတာမို့ အရမ်းကိုခင်မင်ရင်းနှီးသွားကြရာကနေ… ငယ်ပေါင်းတွေလို၊ဆွေမျိုးတွေလိုကိုဖြစ်သွားတော့တာ….
ပြန်ဆုံဖြစ်ကြတိုင်းအတူတူစုစားကြ၊မိသားစုလိုက်ချိန်းပြီးတွေ့ကြ၊ခရီးတွေထွက်နေကျမို့ အခုတခါလဲ ခရီးအတူထွက်ဖို့စီစဉ်ထားကြတာပါ…

Monday, August 29, 2011

ဘလော့ဒေးအမှတ်တရ


(ပုံကိုgoogleမှယူပါသည်)
ဘလော့ဒေးအမှတ်တရအတွက် သတိတရတဂ်တဲ့ ချစ်သူငယ်ချင်းနတ်သမီးလေးနဲ့ ချစ်ညီမလေးရို့စ်တို့ကိုအထူးဘဲကျေးဇူးတင်ပါတယ်….
သူများတွေရေးထားတာကိုလိုက်ဖတ်လိုက်တော့ ရေးရမှာတကယ်ဘဲလက်တွန့်မိပါတယ်… ကျမက သူများလိုမှတ်ဥာဏ်အားမကောင်းတဲ့အပြင် ဘလော့လည်အားလဲမကောင်းပါဘူး… ကော်မန့်လေးတိုင်းကို ပြန်ချင်ပေမဲ့ တခါတလေ အားလုံးကိုခြုံပြီးတော့ဘဲ ကျေးဇူးတင်ကြောင်းပြောရချိန်တွေလဲ မနည်းပါဘူး… အဲလောက်လူမှုရေးပိုင်းမှာအားနည်းတဲ့ကျမဘလော့လေးကို လာလည်ကြတဲ့ ဘလော့ဂါမောင်နှမများနဲ့ ဘလော့မိတ်ဆွေ(ဘလော့လည်စာလာဖတ်သူ၊ကော်မန့်ရေးသွား၊စီဘောက်မှာနှုတ်ဆက်သွားကြတဲ့ အနောနီးမတ်စ်များ)များအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ဘလော့ဒေးအမှတ်တရအနေနဲ့ပြောပါရစေ….
ကျမဘလော့လေးကိုစရေးဖို့အကြောင်းဖန်လာတာကတော့ ကျမဘဝမှာအလွန်အရေးပါတဲ့ ကျမယောက္ခထီးကြောင့် အများကြီးပါပါတယ်…. သူ့ရဲ့ကျမတို့အိမ်ထောင်ရေးအပေါ်စွက်ဖက်လွန်းမှုတွေ၊ သြဇာပြလွန်းမှုတွေကို မခံမရပ်နိုင်ဖြစ်တာတွေကို ကျမရဲ့ မိဘတွေစိတ်ဆင်းရဲမှာစိုးလို့ ရင်မဖွင့်ရက်တာကြောင့် ဘလော့လေးဖွင့်ပြီး ဒိုင်ယာရီဆန်ဆန်ရေးဖြစ်မိတာက စတာပါ… ဒီလိုနဲ့ စိတ်တွေသိပ်မွန်းကျပ်လာလွန်းရင် ဘလော့လေးပေါ်မှာ ရင်ဖွင့်လိုက်၊ စိတ်ပြေသွားရင် ဒီလိလုပ်လိုက်နဲ့ ဟောင်းလောင်းဖြစ်သွားရင် ခလေးတွေဓာတ်ပုံလေးတွေတင်ပြီးကလိလိုက်နဲ့ နေနေရင်း တချို့ဘလော့တွေလိုက်ဖတ်ကော်မန့်ပေးမိတယ်… တနေ့မှာ အမေရိကားရောက်ခါစဘလောဂါညီမငယ်တစ်ယောက်က ဓာတ်ပုံအောက်မှာ ကော်မန့်ရေးသွားတာတွေ့လိုက်တဲ့အခါ အံ့သြသွားမိပါတယ်… နောက်တခြားနာမည်ကြီးဘလော့ဂါတချို့ပါလာလည်ပြီးကော်မန့်ရေးသွားကြတဲ့အခါ လာလည်တဲ့သူတွေကို အားနာပြီး သူများလာလည်ရင် ဖတ်စရာလေးရှိအောင်ရေးဦးမှဘဲလို့ စိတ်ကူးမိပြီး အဲဒီကစလို့ ဘလော့ပို့စ်လေးတွေ စရေးဖြစ်သွားပါတယ်… သိပ်personal ဆန်တဲ့ပို့စ်တွေကို deleteလုပ်ပစ်လိုက်ရတာတွေလည်းရှိပါတယ်…
အဲဒီကစပြီး ဘလော့လောကလေးမှာကျင်လည်နေတာ ယနေ့ထက်ထိတိုင်ပါဘဲ…ရည်ရွယ်ပြီးရေးခဲ့တာမဟုတ်တာကြောင့် ဘလော့မွေးနေ့ဆိုတာမျိုးတွေလဲ ကျမ မလုပ်ဖြစ်သလို ဘယ်သူတွေ ဘယ်ကလာလို့ ဘယ်နှစ်ယောက်လာလည်သွားတာမျိုး record တွေလည်းကျမမှာမရှိပါဘူး… စီဘောက်တောင်မှ ဘလော့ဂါတစ်ယောက်က ထားခိုင်းလို့ထားလိုက်တာပါ…
ကျမဘလော့မှာ ပို့စ်လဲခပ်စိပ်စိပ်မတင်နိုင်ပါဘူး… ခင်ပွန်းတာဝန်၊ခလေးနှစ်ယောက်တာဝန်တွေကြားမှာ ရေးချင်သလောက်မရေးနိုင်ခဲ့ပါဘူး… အဲလိုကျမရဲ့ဘလော့လေးကိုဘဲ လာလည်ကြကော်မန့်ရေးသွားကြတဲ့ ဘလော့ဂါမောင်နှမများ၊ဘလော့လည်စာဖတ်သူများအားလုံးကို အသိအမှတ်ပြု အထူးဘဲကျေးဇူးတင်ပါတယ်
ကျမဘလော့လေးသက်တမ်း၃နှစ်ပြည့်ခါနီး အခုချိန်မှာ ညီအစ်မလိုချစ်ရတဲ့ ဘလော့ဂါတွေလည်းရှိသလို အစ်ကိုတွေမောင်တွေလိုခင်ရတဲ့ ဘလော့ဂါတချို့လည်းရှိပါတယ်… အပြင်မှာဆုံဖူးပြီးသားသူတချို့ရှိသလို ဆုံဖူးချင်သူများလည်းရှိနေပါသေးတယ်… ဒါ့အပြင် ဘလော့ဂါသူငယ်ချင်းချင်းအပြင်မှာဆုံဖြစ်ပြီး ငယ်ပေါင်းတွေလို ပြောမနာဆိုမနာအရမ်းရင်းနှီးသွားရတဲ့ ဘလော့ဂါတစ်ချို့လည်းရှိပါတယ်… အဲဒီအတွက် ဘလော့ဆိုတာလေးဖြစ်တည်လာဘို့ ဖန်တီးခဲ့ကြသူများကိုလည်းအရမ်းကျေးဇူးတင်မိပါတယ်…
ယောက္ခထီးကိုမကျေနပ်လို့ဘလော့စရေးမိပေမဲ့ အခုချိန်မှာ ကျမရဲ့ယောက္ခထီးနဲ့ကျမလည်း နားလည်မှုရနေပါပြီ… ဒီအတွက်လည်း ဘလော့လေးရှိနေခြင်းအပေါ်ကျေးဇူးတင်မိနေပါတယ်… ဘလော့လေးသာမရှိခဲ့ရင် ကျမမှာတခြားထွက်ပေါက်မရှိဘဲ အိမ်ထောင်ရေးလဲထိခိုက်နိုင်ပါတယ်…ဒီအတွက် ဘလော့ဒေးဖြစ်ပေါ်လာခြင်းအပေါ်အရမ်းကိုကြည်နူးဝမ်းသာကြောင်း မှတ်တမ်းတင်ရင်း ကျမရဲ့ဘလော့ဒေးတဂ်ပို့စ်လေးကို အဆုံးသတ်ပါရစေရှင်…..
(သူငယ်ချင်းနတ်သမီးလေးနဲ့ညီမရို့စ်တို့ရေ… ဒို့ဒိထက်ပိုပြီးမရေးတတ်တော့ဘူးကွယ်)


Friday, August 26, 2011

အမိမြေသို့အပြန်( အပိုင်း၁)


တစ်လအလိုလောက်ထဲကကြိုတင်ပြင်ဆင်ထားတဲ့အိတ်တွေသယ်ပြီးလေဆိပ်ဆင်းရုံပါဘဲ… အားလုံးအဆင်သင့်ကြိုတင်ပြင်ဆင်ထားရက်နဲ့ သွားခါနီးမှ ဖိနပ်စီးနေတုန်း လက်ထဲကအိုင်ပတ်ချာ့ဂျာကကျန်နေခဲ့တာ ကားထွက်ပြီးမှ သတိရလို့ ပြန်လှည့်မယူတော့ဘူး… ရန်ကုန်မှာဝယ်လို့ရမယ်လို့ထင်တယ်… လေဆိပ်ရောက်တော့လဲအေးအေးဆေးဆေးပါဘဲ ၂နာရီ၁၅မိနစ်လောက်စောရောက်နေတော့ ကောင်တာတောင်အဆင်သင့်မဖြစ်သေးဘူး… အရှေ့မှာကိုယ့်ထက်စောရောက်နေတဲ့သူသုံးယောက်လောက်တန်းစီနေကြတယ်… ကိုယ့်အလှည့်ရောက်တော့ အခါတိုင်းလိုအေးဆေးဘဲထင်ထားတာ သမီးလေးပတ်စပို့က သက်တမ်း၆လမကျန်လို့တဲ့ ခဏစောင့်ပါဆိုပြီး ကောင်တာကအမျိုးသမီးက သူ့အထက်လူကြီးကိုသွားမေးတယ်… သူတို့ကပြောတယ်… မြန်မာဘက်ကိုဝင်ရင် ပြသနာတက်လိမ့်မယ်တဲ့… သက်တမ်း၆လမရှိရင် သူတို့နိုင်ငံထဲပေးမဝင်ဘူးတဲ့… ဒါနဲ့ကျမကလဲပြောပြရတယ်… ငါကမြန်မာပါ… ဟိုဘက်ကအပိုင်းကို ငါ့ဟာငါရှင်းနိုင်တယ်… boarding passဘဲပေးပါလို့… သူတို့တွေလဲခေါင်းချင်းဆိုင်သွားတယ်… ခဏနေတော့ ရာထူးပိုကြီးပုံရတဲ့အမျိုးသမီးကထွက်လာပြီး နင်တာဝန်ယူတယ်ဆိုရင် လက်မှတ်ထိုးသွားပါတဲ့… ပြသနာဖြစ်လာရင် သူတို့အဲလိုင်းနဲ့မဆိုင်ပါဘူး… ကိုယ့်ဟာကိုယ်တာဝန်ယူပါ့မယ်ဆိုတာလက်မှတ်ထိုးခဲ့ရပါတယ်… အဲဒီအမျိုးသမီးကပြောသေးတယ်… ဗီယက်နမ်ဆိုရင် တလသက်တမ်းကျန်သေးရင်တောင် အဝင်လက်ခံတယ်တဲ့ (ဒါဟဲ့ ဒို့ဗမာ.. ပေါ့သေးသေးတော့မဟုတ်ဘူး…အဝင်ထဲကခြောက်ထားတာ)
ဗီယက်နမ်အင်မီဂရေးရှင်းကတော့ အဝင်လွယ်သလို အထွက်လဲလွယ်ပါတယ်… စာအုပ်ထဲက အဝင်တုံးကိုရှာပြီး အဲဒီဘေးမှာ အထွက်တုံးလေးထုပေးလိုက်တာပါဘဲ … ဘာစကားမှပြောစရာမလိုပါဘူး… သူ့နိုင်ငံကနေပြန်ထွက်ရင် ဒေါ်လာ၅၀၀၀ထက်ပိုယူသွားခွင့်မရှိဘူး( အရင်ကဒေါ်လာ၇၀၀၀) ဆိုပေမဲ့ အိတ်တွေသေချာဖွင့်ခိုင်းပြီးစစ်တာမျိုးတော့မရှိပါဘူး….

လေယာဉ်စောင့်နေချိန်မှာမြန်မာသုံးလေးယောက်လောက်တွေ့ပေမဲ့ ကျမတို့သားအမိတွေ မြန်မာစကားပြောနေသံကြားတော့ ကျမတို့နားကထထွက်သွားကြတဲ့အခါ ကျမလဲ မသိချင်ယောင်ဘဲဆောင်နေလိုက်ပါတော့တယ်… အရင်ကဆို မြန်မာစကားသံကြားရင် မြန်မာလားဟင်လို့မေးပြီး ဖုန်းနံပါတ်ပေး မိတ်ဆက်တတ်ပေမဲ့ အခုနောက်ပိုင်းတော့ မြန်မာချင်းအပေါင်းအသင်းမလုပ်ချင်သူတချို့နဲ့ ဆုံပြီးတဲ့နောက်ပိုင်း သူများကရှောင်တယ်လို့ခံစားမိရင် ကိုယ်လည်း မသိသလိုနေတတ်လာပါပြီ…
လေယာဉ်ကစထွက်ပြီးသိပ်မကြာခင် တိမ်တွေဖြတ်တဲ့အခါ လေယာဉ်ခါတာအရမ်းဘဲ… ခဏနေတော့ လေယာဉ်မှုးကကြေငြာတယ်… မမျှော်လင့်ထားတဲ့ စက်ချို့ယွင်းမှုဖြစ်နေတာတဲ့…ဘုရားဘုရားလို့ ဘုရားတနေတုန်း ရင်ထဲမှာလှိုက်ခနဲဖြစ်ပြီး လေယာဉ်အောက်ကိုဒုန်းခနဲထိုးကျသွားတာခံစားလိုက်ရတယ်… သားလေးကအိပ်နေလို့မသိလိုက်ပေမဲ့ သမီးလေးခမျာကြောက်ပြီး လက်ဖျားတွေချက်ချင်းအေးခဲသွားတာ သနားလိုက်တာ….
(ဆက်ပါဦးမည်)

Sunday, July 24, 2011

နှုတ်ဆက်

ဒီနေ့ ရန်ကုန်ပြန်ရတော့မယ်... လွဲချော်မှုတွေက လွတ်မြောက်ပြီး ကိုယ်မျှော်လင့်စောင့်စားခဲ့တဲ့ အချိန်ကို ရောက်လာပါပြီ... အိမ်မှာစောင့်ကြိုနေမဲ့ အမေ... လေဆိပ်လာကြိုမဲ့ မောင်နှမတွေနဲ့ တူ၊တူမတွေ နဲ့ တွေ့ရတော့မယ်... ခလေးတွေလဲအရမ်းပျော်... ကိုယ်လဲစိတ်တွေလှုပ်ရှားနေတယ်... မနက်ဖြန်မှာသူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ရှိတယ်... ပြီးတော့ သူငယ်ချင်းမိသားစုတွေနဲ့ စိမ်းလဲ့တင်ဆိုတဲ့နေရာကို နှစ်ညအိပ်သွားလည်မယ်... ခလေးတွေကို ကစားကွင်းတွေပို့မယ်... အမျိုးတွေအိမ် လျှောက်လည်မယ်... သူတို့ကျွေးတာစားမယ်... ဘလော့ဂါသူငယ်ချင်းတစ်ချို့နဲ့တွေ့မယ်... တနင်္ဂနွေနေ့မှာ ဘုရားကျောင်းတက်မယ်... Sunday School တက်တုန်းက သူငယ်ချင်းတွေနဲ့ ပြန်ဆုံမယ်... အို...တွေးရင်းနဲ့ပျော်လိုက်တာလေ...
ဘလော့နဲ့တော့ ခဏကင်းကွာနေမယ်... ဗီယက်နမ်ပြန်ရောက်မှဘဲ ပြန်ပြီးဘလော့လည်နိုင်မှာမို့ ဘလော့မိတ်ဆွေတွေကို ၂၅ရက်စာနှုတ်ဆက်လိုက်ပါတယ်နော်...
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ...

Tuesday, July 5, 2011

အိုဘယ့် ယောက္ခထီး

ရန်ကုန်ပြန်ဖို့အားလုံးအဆင်သင့်ပါဘဲ… လေယာဉ်ကလဲ အရင်လို ဘန်ကောက်ကနေတဆင့် ပြောင်းစီးစရာမလိုတော့ဘူး… ဗီယက်နမ်လေကြောင်းလိုင်းက ၂၀၁၀ အောက်တိုဘာကစပြီး ဟိုချီမင်းကနေ ရန်ကုန်ကို တိုက်ရိုက်ပြေးဆွဲနေပြီမို့ ခလေးတွေလဲ ခရီးမပန်းတော့ဘူးပေါ့… ခလေးတွေအတွက်ဗီဇာလဲရပြီ… ကိုယ့်အတွက် မှီခိုထောက်ခံစာလဲရပြီ…. အားလုံးကအဆင်သင့်… အထုတ်တွေလဲပြင်ပြီးပြီ… ခလေးတွေလဲ မောင်နှမတဝမ်းကွဲတွေနဲ့တွေ့ရတော့မှာမို့ အရမ်းပျော်နေကြပြီ… ကျမကိုယ်တိုင်က ကျေးဇူးရှင်ဖခင်မရှိတော့လို့ စိတ်မကောင်းဖြစ်ရပေမဲ့ မိခင်ဖြစ်သူနဲ့တွေ့ရမှာမို့ ဝမ်းသာမိသလို အစ်ကို၊အစ်မနဲ့ ညီမတွေမိသားစု အားလုံးနဲ့ တရုံးရုံး ဖြစ်ကြရဦးမှာတွေးပြီး ပျော်နေတာ ညတောင် တော်တော်နဲ့အိပ်မရ…

……………………………………………………..

အဲဒီအပေါ်ကစာပိုဒ်လေးကို ဇွန်လတတိယပတ်လောက်ကရေးခဲ့ပါတယ်… ဘလော့ပို့စ်တင်ဘို့ရည်ရွယ်ပြီးရေးတာပါ…ဒါပေမဲ့ ခလေးတွေကျောင်းပိတ်ခါနီးမို့ ရန်ကုန်ပြန်လက်ဆောင်တွေ သူတို့ကျောင်းသွားတုန်း အဝယ်ထွက်.. ကျောင်းဆင်းချိန်နားနီးရင် အိမ်ပြန် အထုတ်တွေချ ခလေးတွေကျောင်းသွားကြိုနဲ့ ပို့စ်လေးက တင်တဲ့ဆီမရောက် ဆက်မရေးဖြစ်ဘဲ ဒီတပိုဒ်နဲ့တင်တန့်နေခဲ့တာ… ခလေးတွေကျောင်းပိတ်သွားရင် အခုလို ဈေးဝယ်ထွက်ချိန်မရနိုင်တော့တာမို့ အချိန်ရှိခိုက် လုံ့လစိုက်ပြီး တနေ့တနေ့ ဈေးဝယ်ထွက်တာနဲ့တင် အချိန်တွေ ကုန်မှန်းမသိကုန်သွားတာ…
ကျမရဲ့အကျင့်ကိုက ဘာမဆို အနီးကပ်မှ ဝုန်းဒိုင်းကြဲလုပ်ရတာကို မကြိုက်ဘူး… အစိုးရိမ်ကြီးတတ်တာလဲတကြောင်းမို့ ဘာလုပ်လုပ် အမြဲ သေချာအောင်စီစဉ်လေ့ရှိတယ်… အခုလဲ ရန်ကုန်ပြန်ဘို့ကို လေယာဉ်လက်မှတ်လဲ တလစောဝယ်… ခလေးတွေအတွက်ဗီဇာနဲ့ ကိုယ့်အတွက် မှီခိုနဲ့နေထိုင်ကြောင်းထောက်ခံစာတွေ သုံးပတ်စောယူ.. လက်ဆောင်တွေလဲဝယ်အပြီး.. luggageတွေလဲ နှစ်ပတ်အလိုထဲက အဆင်သင့်ပြင်ဆင်ပြီးသား… ၇ရက်နေ့မှ လေဆိပ်တန်းဆင်းယုံ အဆင်သင့်ပြင်ဆင်ပြီးခါမှ တပတ်အလိုမှာ ယောက္ခထီးဆီက အီးမေးလ်ဝင်လာတယ်… သူဗီယက်နမ်လာလည်မဲ့အကြောင်း အကြောင်းကြားတာ…


………………………………………………….

ယောက္ခမရိုသေအသက်ရှည်… ယောက္ခမရှိခိုးသွားမကျိုးတဲ့… အရာရာသူစိတ်ကူးပေါက်ရာ သူ့သဘောချည်း ဖြစ်စေချင်တဲ့ ကျမရဲ့ယောက္ခထီးကို ဆန့်ကျင်လိုက်ချင်စိတ်တွေ ရင်ထဲမှာတဖွားဖွား… ဒါပေမဲ့ ချစ်ခင်ပွန်းရဲ့တောင်းပန်ကြည့်တခုနဲ့တင် ကျမစိတ်တွေ လျှော့ချလိုက်ရပါတော့တယ်…
လေယာဉ်လက်မှတ်နောက်ဆုတ်ဘို့တောင် သူပြန်မဲ့ရက်သိရမှ ဆိုတော့ ရန်ကုန်က သြဂုတ်လ ၁၈ရက်နေ့ပြန်လာမှာသာသေချာတာ… ဘယ်နေ့ရန်ကုန်ရောက်မှန်းတောင်မသိ…ဂျူလိုင်၂၄ရက်နေ့တော့မှန်းထားတယ်….
စိတ်တွေလျှော့ချပြီးမှစဉ်းစားမိတာက ဒါပါဘဲအိမ်ထောင်ရေးဆိုတာ… ကိုယ့်သဘော ကိုယ့်စိတ်ကြိုက် ကိုယ့်စိတ်ကူးတွေကို ဥပေက္ခာပြုလိုက်ရတာတွေရှိမယ်…ပြောချင်တာတွေ ပြောပစ်လိုက်.. လုပ်ချင်တာတွေလုပ်ပစ်လိုက် ချင်တဲ့စိတ်တွေကို တခါတလေ မျိုချပစ်နိုင်ရမယ်…ကိုယ်ရွေးတဲ့လမ်းဖြောင့်ဖြူးဖို့ ကိုယ်တိုင်ဘဲကြိုးစားရမယ်…. လို့…..

ဒါနဲ့ဘဲ ယောက္ခထီးနဲ့ပတ်သက်လာရင် ကျမမှာ အသက်တွေရှည် သွားတွေမကျိုးတော့ဘူးပေါ့

Thursday, June 16, 2011

ဖခင်များနေ့အမှတ်တရ(၁၉၊၀၆၊၂၀၁၁)

ကမ္ဘာပေါ်ကဖခင်များနေ့ကို
ဆင်နွှဲခွင့်မရှိတော့တဲ့ဖခင်တစ်ယောက်
သူကောင်းကင်ရောက်နှင့်သွားခဲ့ပြီ…
ဒီကမ္ဘာမှာသူဖခင်ဖြစ်စဉ်က
သူသိပ်ချစ်ခဲ့ရတဲ့
သူ့ဇနီး၊သားသမီးတွေကို
ကောင်းကင်ထက်ကအဖေ
အပြုံးတွေနဲ့လှမ်းကြည့်နေပါလိမ့်မယ်….
အိမ်ထောင်ရက်သားကျ
ကိုယ်ပိုင်မိသားစုဘဝတွေ
အဆင်ပြေနေနိုင်ဘို့ရုန်းကန်ရင်း
အဖေ့အတွက်ငဲ့မကြည့်နိုင်ခဲ့တဲ့သားသမီးတွေကိုလည်း
ကောင်းကင်ထက်ကအဖေ
နားလည်စွာခွင့်လွှတ်နေပါလိမ့်မယ်….
သူမရှိတော့မှငို
တမ်းတစွာသူ့ကိုလွမ်းဆွတ်နေကြသူတွေကိုလည်း
ကောင်းကင်ထက်ကအဖေ
ကြင်နာစွာငေးကြည့်နေပါလိမ့်မယ်…
အဖေဆိုတဲ့သမီးတို့အဖေ
သားသမီးတွေအတွက်ရုန်းကန်ခဲ့
ချစ်ဇနီးကိုဖေးမကြင်နာခဲ့
မကျန်းမာနေချိန်အထီးကျန်စွာနေထိုင်ခဲ့
အနီးကသားသမီးတွေအတွက်ပူပန်ခဲ့
အဝေးရောက်သားသမီးတွေကိုလွမ်းဆွတ်ခဲ့တဲ့
သိပ်ချစ်စရာကောင်း၊လေးစားစရာကောင်းတဲ့
နာကျင်ခံစားရသမျှတွေလွတ်မြောက်သွားပြီဖြစ်တဲ့အဖေ
ကောင်းကင်ထက်မှာငြိမ်းချမ်းနေပါစေ
သမီးချစ်တဲ့အဖေ……

Sunday, June 12, 2011

ဘာမှန်းမသိတဲ့ပို့စ်

ခုတလော ဘာတွေနဲ့ မအားနေမှန်းကိုမသိ… ကိုယ့်ဘလော့လဲ ဝင်မရတာနဲ့ မဝင်ဖြစ်တာတွေနဲ့ ကိုယ့်ဘလော့တောင် ကိုယ်မရောက်ဖြစ်… သူများဘလော့တွေ လိုက်လည်တော့လဲ ကော်နက်ရှင်မကောင်းချိန်နဲ့တိုးရင် ကော်မန့်ပေးလို့မဝင်…. ဖေ့စ်ဘွတ်လဲ ထိုနည်းလည်းကောင်းဘဲ… ဗီယက်နမ်တွေ မြန်မာ အစိုးရနဲ့ပေါင်းမိသွားကတည်းက တိုက်ဆိုင်တာလားတော့မသိ… အင်တာနက်ကော်နက်ရှင်တွေမကောင်းတော့.. ကောင်းချိန်ကျပြန်တော့လည်း လူမှုရေးဝက်ဘ်ဆိုဒ်တွေက ပိတ်ထားပြန်… ဖေ့ဘွတ်မှာ ကော်မန့်ရေးလဲမဝင် ဝင်ပြီးသားလေး ခဏကြာသွားပြန်ကြည့်မိတော့ စာကြောင်းတွေထပ်နေတာနဲ့ ကိုယ့်ကော်မန့်လေးဝင်တာသေချာအောင် ကလစ်မိလိုက်တာ ဒီလိ ဖြစ်သွားပြန်… အော်… ဘဝများ ရောက်ရာအရပ်မှာ ပျော်အောင်နေနေရသူကို စိတ်အနှောက် အယှက် အမျိုးမျိုးပေးရက်တယ်… :P
တကယ်က ရန်ကုန်ပြန်ဘို့ပြင်ဆင်နေတာတွေရော… ခလေးတွေကျောင်းကပိတ်ခါနီးဆိုတော့ ကျောင်းက လုပ်တဲ့ ပွဲသေး ပွဲကြီး တွေ ခဏခဏ သွားနေရတာရော… ဝယ်လို့ခြမ်းလို့ မပြီးနိုင်သေးတာတွေရော… စုံလို့… ဘာတွေနဲ့ မအားနေတာလည်းမေးရင် တိတိကျကျပြောစရာက သိပ်မရှိ… ဆရာတယောက်ပြောဘူးသလိုဘဲ… အလုပ်မဟုတ်တဲ့ အလုပ်တွေနဲ့ အလုပ်တွေရှုတ်နေကြတယ်ဆိုတာ ဒါမျိုးကိုပြောတာနေမှာ…
အခုလုပ်စရာတွေတော့ သိပ်မကျန်တော့ပါဘူး… လေယာဉ်လက်မှတ်လဲဝယ်ပြီးပြီ… မှီခိုထောက်ခံစာကဒီတပတ်မှ သံရုံးကိုလျှောက်ရမှာ… သံရုံးက ဟနွိုင်းမှာ..စာအသွားအလာနဲ့ ဘာနဲ့ဆို တပတ်လောက်ကြာဦးမှာ…
လေယာဉ်လက်မှတ်ဝယ်တာနောက်ကျသွားတော့ ဇွန်လကုန်ရန်ကုန်ပြန်မဲ့ဟာ ဇူလိုင် ရရက်နေ့မှရတယ်… လေယာဉ်လက်မှတ်ဝယ်မဲ့ပိုက်ဆံက ကျောင်းကခလေးတွေကျောင်းဆက်တက်မယ်ဆိုရင် Deposit 2000$ ကြိုသွင်းထားရမယ်ဆိုတာနဲ့ အဲဒါအရင်သွင်းလိုက်တော့ လက်မှတ်အတွက် နောက်မှပိုက်ဆံထုတ်ပြီးဝယ်ရတာတော့ ကိုယ်လိုချင်တဲ့နေ့မရတော့ဘူး…
တကယ်တော့ ကိုယ့်ဘလော့လေးမှာ ရသမပါတဲ့စာတွေ တခုခုကျန်မနေမဲ့ ဘာမှမဟုတ်တဲ့စာတွေ မရေးချင်ပါဘူး… ဒါကြောင့် တချို့ပို့စ်တွေတောင် ဖျက်ထားလိုက်တာ… အခုက တကယ် ဘာမှန်းမသိတဲ့ ဘာမှမဟုတ်တဲ့အကြောင်းကိုဘဲ ကော်နက်ရှင်လေးကောင်းတုန်း ဘလော့ဝင်လို့ရတုန်းရေးလိုက်တယ်…
စာလာဖတ်တဲ့သူတွေကိုတော့ ဒီပို့စ်မှာ ပေးစရာဘာMessage မှမပါတာကြောင့် အားနာပေမဲ့ အားနာနာနဲ့ ဒီပို့စ်လေးတင်လိုက်ပါတယ်… သူငယ်ချင်းတို့ရေ… ခွင့်လွှတ်ပါနော်…

Sunday, May 29, 2011

လတ်တလောစိတ်ဆန္ဒများ

ညီမငယ်လေးအနော်ကတဂ်ထားတယ်…. လက်တလောစိတ်ဆန္ဒများတဲ့…. ရေးမယ်ရေးမယ်နဲ့ အလုပ်တွေမအားတာရော ပျင်းနေတာရောကြောင့် အခုမှရေးဖြစ်တော့တယ်… Sorryအနော်လေးရေ…

တကယ်တော့ကျမမှာ ဖြစ်ချင်တဲ့ဆန္ဒတွေမယ်မယ်ရရမရှိတာ ကြာခဲ့ပြီဘဲ…. ရောက်ရာအရပ်မှာပျော်အောင်နေ နေတတ်ရင်ကျေနပ်စရာပါလို့တွေး အဆင်မပြေတာတွေကြုံလာရင် ဖြစ်တတ်ပါတယ်လေလို့ သဘောထားရင်းနေရာလိုက်တာ… ဆန္ဒဆိုတာ ဘာမှန်းတောင်မသိတော့သလိုပါဘဲ… သားသမီးတွေရဲ့ လုပ်ချင်သမျှ သွားချင်သမျှတွေကိုသာ ဖြည့်ဆည်းပေးရင်း သူတို့ပျော်တာမြင်နေရရင် ရလာတဲ့ပီတိတွေအပေါ်မှာဘဲ ကျေနပ်နေမိတော့တာ…

………………………………………………………………………………………..
1.အစားချင်ဆုံးအစားအစာ…............. မရှိ
2.နေ့တိုင်းစားဖြစ်တဲ့အစား…............. သတ်သတ်မှတ်မှတ်မရှိပါ…ကြုံသလိုပါဘဲ
3.အလိုချင်ဆုံးရေမွှေး…............... မရှိ
4.သုံးဖြစ်နေတဲ့ရေမွှေး….............. ISSEY MIYAKE, TRE’SOR IN LOVE
5.အလိုချင်ဆုံးမွေးနေ့လက်ဆောင်….............. မရှိ
6.အလိုချင်ဆုံးဖုန်း…............... မရှိ
7.သုံးဖြစ်နေတဲ့ဖုန်း…............... NOKIA
8.အရူးသွပ်ဆုံးအရာ…................ မရှိ
9.အနီးစပ်ဆုံးဂီတ….................. ဂစ်တာ
10.အလိုချင်ဆုံးစာအုပ်…................. မရှိ
11.အခုဖတ်ဖြစ်နေတဲ့စာအုပ်…............ မရှိ(ဖတ်စရာစာအုပ်တွေကုန်သွားပြီ..ရန်ကုန်ပြန်မှဝယ်ရမှာ)
12.အကြားချင်ဆုံးစကား................ ရန်ကုန်မှာဘဲပြန်နေကြတော့မယ်
13.အဖြစ်ချင်ဆုံးဆန္ဒ…............. မရှိ
14.အလိုချင်ဆုံးဆု…............... မရှိ
15.အသွားချင်ဆုံးနေရာ…............. အမိမြေ
16.သွားဖြစ်နေတဲ့နေရာတွေ…............. သူငယ်ချင်းတွေအိမ်၊စူပါမားကတ်
17.အကြည့်ချင်ဆုံးရုပ်ရှင်….............. မရှိ
18.အပြောချင်ဆုံးစကား…................ အမှန်အတိုင်းပြောကြပါ..အရှိအရှိအတိုင်းပေါ့
19.အယုံကြည်ဆုံးလူသား…................ ကိုယ့်ကိုကိုယ်
20.မယုံကြည်ဆုံးအရာ….............. လောကမှာမယုံကြည်စရာတွေကများလွန်းလို့ မယုံကြည်ဆုံးအရာရယ်လို့ မရှိ
21.အမုန်းဆုံးအရာ…............... လိမ်ပြောတာ၊လျှောက်ပြောတာ၊မဟုတ်တာတွေကို အတင်းကြီး
ဟုတ်သယောင်ဗြောင်လိမ်တာ

22.အသောက်ဖြစ်ဆုံးအအေး…............. မရှိ
23.လတ်တလောအထိတွေ့ဆုံးအရာ…............... ကွန့်ပျူတာဂိမ်း
24. မကောင်းတဲ့ကျန်းမာရေး….............. ခေါင်းမူးတာ၊အပူမခံနိုင်တာ
25.အကောင်းဆုံးအဖော်…................. သမီးနဲ့သား
26.လက်ရှိအကြိုက်ဆုံးသီချင်း................. အိမ်ပြန်ချင်တယ်..ဟူး… အနွေးထွေးဆုံးအမေ့အိမ်
27.အကြောက်ဆုံးအလုပ်…............... ရှုတ်ရှုတ်ယှက်ယှက်အလုပ်
28.တန်ဘိုးအထားဆုံးအရာ….............. မိသားစု
29.အကြောက်ဆုံးတိရိစ္ဆာန်…............... မရှိ( အကုန်ကြောက်တာ၊ကြောင်ကလွဲလို့)
30.တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ…............... တွေ့ဖြစ်နေတာမရှိပါ… ဗီယက်နမ်မှာ ဘလော့ရေးဖော်မရှိပါ..
တွေ့ဖူးတဲ့ ဘလော့ဂါတွေတော့ရှိတယ်... သူတို့တော့မသိဘူး..
ကိုယ်ကတော့ တခါတွေ့တာနဲ့တင် အရမ်းကိုခင်သွားတာ

31.အပြင်သွားတိုင်းပါတဲ့ပစ္စည်း…............. အစုံထည့်ထားတဲ့ လက်ကိုင်အိတ်
32.စိတ်အညစ်ဆုံးအချိန်…................. မရှိ
33.အနေချင်ဆုံးနေရာ…................ အမိမြေ
34.ကြားလိုက်မိတဲ့ဟာသလေးတစ်ခု............... တစ်ခုမကဘူး… မဟုတ်တာတွေကို အဟုတ်လုပ်ပြောတာတွေ
ကြားရသမျှ ကိုယ့်အတွက်ဟာသ
35.ပေးချင်တဲ့သတင်းတစ်ခု….............. ရန်ကုန်မှာမီးမှန်နေပြီတဲ့
36.အပျော်ဆုံးဖြစ်မဲ့အချိန်…............... မသိ

…………………………………………………………………………………………………………………………….
ဒါပါဘဲအနော်လေးရေ… ရေးရမှာပျင်းနေတုန်း ပေါ့ပေါ့ပါးပါးလေး တဂ်တာကျေးဇူးပါညီမလေး…

Tuesday, April 19, 2011

ရက်စက်စွာလှပသော

ရက်ရက်စက်စက်လှတယ်ဆိုတဲ့ အပြောမျိုး ကြားဖူးနေတာတော့ ကြာပါပြီ… ဒါပေမဲ့ ကိုယ့်အလှကိုအသုံးချပြီး သူများမျက်ရည်ကျအာင် လုပ်ရက်ကြသူတွေကို တွေ့ရဖန်များလာတော့ ရက်စက်စွာလှပသူများအကြောင်း စာတစ်ပုဒ်ရေးဖို့ စိတ်ကူးရပြီး ဒီပို့စ်လေးကို ရေးလိုက်ပါတယ်….
…………………………………………………………………………………………..
စန္ဒာကိုကို့နောက်ကို လိုက်ရတော့မည်မို့ အပျော်ကြီးပျော်နေမိသည်… စန္ဒာ့ဘဝမှာ ကိုကို့တစ်ယောက်ထဲကိုသာချစ်ခဲ့ဘူးပြီး ကိုကို့ကို လက်ထပ်ခွင့်ရသည့်အတွက် စန္ဒာ ကိုယ့်ကိုကိုယ် ကံအကောင်းဆုံးသူတစ်ယောက်ကဲ့သို့ ခံစားမိသည်… စန္ဒာသိပ်ချစ်သည့်ကိုကိုနှင့် နှစ်ပေါင်းများစွာ ချစ်သူတွေဖြစ်ခဲ့ကြပြီး ကိုကိုက ဗီယက်နမ်နိုင်ငံသို့ အလုပ်လုပ်ရန်ထွက်သွားခဲ့သည်…. သူငယ်ချင်းများက ဗီယက်နမ်မလေးတွေသိပ်ချောကြောင်း၊ ကိုကို့ကိုလွှတ်မထားသင့်ကြောင်း ဝိုင်းပြောကြသော်လည်း စန္ဒာ ကိုကို့ကို ယုံကြည်သည်… ကိုကို့ကိုစန္ဒာ သဝန်မတိုမိခဲ့… ဒီလိုနဲ့နေလာရင်း ကိုကို ရန်ကုန်သို့ အလည်ပြန်လာသောတစ်နေ့တွင် စန္ဒာ့ထံ လက်ထပ်ခွင့်တောင်းခဲ့သည်… ကိုကို့ကိုသိပ်ချစ်သောစန္ဒာကချက်ချင်းပင် လက်ခံခဲ့ပြီး နှစ်ဘက်မိဘများသဘောတူညီချက်ဖြင့် လက်ထပ်လိုက်ကြသည်… ထို့နောက်စန္ဒာ ကိုကို့နောက်လိုက်ဖို့ စတင်ပြင်ဆင်တော့သည်….
………………………………………………………………
ဗီယက်နမ်ရောက်တော့ ကိုကို့အလုပ်ကပေးသောအိမ်မှာ စန္ဒာတို့ အတူနေရင်း ပျော်ရွှင်ခဲ့ကြသည်… စန္ဒာက ကိုကို့ကို သိပ်ချစ်သလို လေးစားရသူမို့ အစစ အရာရာ ကိုကို့ကိုသာဦးစားပေးရင်း ကိုကို့သဘောကျနေထိုင်ခဲ့သည်… ကိုကို့အလိုကျ ငွေကိုချွေတာသုံး ကိုကို့စကားတွေကို မြေဝယ်မကျနားထောင်ရင်း ကိုကိုသွားခိုင်းသော အလုပ်အင်တာဗျူးများစွာကိုလည်း စန္ဒာသွားခဲ့သည်… ရန်ကုန်မှာထဲက ကုမ္ပဏီတစ်ခုမှာစာရင်းကိုင် လုပ်ဖူးတာမို့ အလုပ်ကတော့မရှား…ဒါပေမဲ့ လစာကနည်းလွန်းတော့ လမ်းစာရိတ်နဲ့တင် ကာမိမှာမဟုတ်… ကိုယ်လိုချင်သည့်လစာရဘို့က နိုင်ငံခြား အသိအမှတ်ပြု အောင်လက်မှတ်တခုလောက်တော့ ရထားဖို့လိုသည်… ဗီယက်နမ်မှာ အဲလိုလက်မှတ်ရဖို့တက်ရမဲ့သင်တန်းက စာရိတ်ကြီးလွန်းသည်… ဒီတော့ ကိုကိုက စန္ဒာ့ကို ရန်ကုန်မှာ ဘဲသင်တန်းပြန်တက်ပြီး အောင်လက်မှတ်ရမှ ဗီယက်နမ်ပြန်လာပြီး အလုပ်ရှာဖို့ပြောသည်…. စန္ဒာ ကကိုကို့စကားကိုမြေဝယ်မကျနားထောင်နေကျမို့ ရန်ကုန်ပြန်ဘို့ချက်ချင်းပင် ပြင်ဆင်တော့သည်….
………………………………………………………………….
စန္ဒာ့ဘက်ကကိုကို့နောက်လိုက်ဖို့ အဆင်သင့်ဖြစ်ခဲ့ပြီ… နိုင်ငံခြားမှာ အလုပ်ရနိုင်မဲ့ အောင်လက်မှတ်တခုလည်းရခဲ့ပြီ… ဒါပေမဲ့ ကိုကိုက စန္ဒာ့ကိုမလာခိုင်းတော့ပါ… စန္ဒာ့ရင်မှာ စတင်ပြီးသံသယဝင်မိပြီ… စုံစမ်းကြည့်တော့ ကိုကို့မှာ ဗီယက်နမ်မချောချောလေးတစ်ယောက်ရှိနေပြီ…ကိုကိုကစန္ဒာ့ကို စကားလက်ခံမပြောတော့… စန္ဒာအမျိုးမျိုး ကြိုးစားသော်လည်း ကိုကို့မှာစန္ဒာ့အပေါ်ချစ်ခဲ့ဘူးတဲ့အချစ်တွေ မရှိတော့မှန်းသာသိလိုက်ရသည်… စန္ဒာနာကျည်းစွာ ကွာရှင်းမယ်ဆိုတော့လည်း ကိုကိုနှင့်က ဘယ်လိုမှ တွေ့ခွင့်မရတော့… စန္ဒာစိတ်နာစွာ လျှော်ကြေးတောင်းတော့လည်း စန္ဒာအောင်လက်မှတ်ရဖို့ သင်တန်းစရိတ်ပေးပြီးသား… သူ့ဘက်ကဘာလျှော်ကြေးမှပေးစရာမလိုဘူးတဲ့….
စန္ဒာကိုကို့ကို သိပ်ချစ်ခဲ့သလို ခုတော့သိပ်ကိုနာကျည်းနေမိပြီ… စန္ဒာလည်း အရည်အချင်းရှိသူတစ်ယောက်မို့ ခုတော့ ဗီယက်နမ်မဟုတ်သောနိုင်ငံတခုမှာ သင့်တင့်သောလစာငွေဖြင့် အလုပ်လုပ်ရင်း မိမိအိမ်ထောင်ရေးကြောင့် စိတ်ဆင်းရဲနေရသော မိဘအိုနှစ်ဦးအား အလုပ်အကျွေးပြုလျှက် ဘဝလမ်းကို ဆက်လက်လျှောက်လှမ်းနေပါသည်…. စန္ဒာ့လို အဖြစ်မျိုးနှင့်မကြုံကြစေဘို့ စန္ဒာနှင့် ရင်းနှီးသော ညီမလေးများအား ကိုယ့်ကိုကိုယ် ဥပမာပေးရင်း ခင်ပွန်းကို အယုံအကြည်မလွန်ကြဘို့ စန္ဒာအမြဲပြောပြဖြစ်နေတော့သည်….
……………………………………………………………….
ဗီယက်နမ်မှာတကယ်ဖြစ်သွားတဲ့ အဖြစ်အပျက်လေးတစ်ခုကို နာမည်နဲ့ အကြောင်းအရာတစ်ချို့လွှဲပြီးရေးထားတာပါ… ဗီယက်နမ်မလေးတွေဟာ အသားအရေလှပ၊ ရုပ်ရည်ချောမောပြီး သူတို့အလှအပကိုလည်း အလေးပေးကြပါတယ်…ဒါပေမဲ့ သူတို့ရဲ့အလှတွေကိုအသုံးချပြီး သူများအိမ်ထောင်တွေကိုဖျက်စီး၊ဖျက်စီးနိုင်ခြင်းကိုလည်း ဂုဏ်ယူနေကြတဲ့အခါ သူတို့ရဲ့အလှအပေါ်မှာမုဒိတာမပွားနိုင်တော့ပါဘူး…( အကုန်လုံးကို မပြောလိုပါဘူး… ရိုးသားတဲ့ဗီယက်နမ်မလေးတွေလည်းရှိပါတယ်…) ကျမဗီယက်နမ်ရောက်ခါစထဲက ဗီယက်နမ်မချောချောလေးတွေကိုယူ မယားကြီးကိုကန်ထုတ်ကြတဲ့ နိုင်ငံခြားသားများစွာကို တွေ့ဖူးခဲ့ပါတယ်… အဲလိုသူများယောကျာင်္းကိုယူနိုင်ပြီး အဲဒီယောင်္ကျားက မယားကြီးကို သူ့နိုင်ငံပြန်ပို့တာတို့၊ မယားကြီးက သည်းမခံနိုင်လို့ အဲဒီယောကျာင်္းကို ကွာပြီး သူ့နိုင်ငံပြန်သွားအောင်လုပ်နိုင်တာတို့ကို သူတို့တွေက ဂုဏ်ယူကြတာ… အဲလိုအဖြစ်မျိုးတွေ ကျမရဲ့အိမ်နီးနားမှာ အမြဲတွေ့နေရတာပါ… ဒါပေမဲ့ ကိုယ့်မြန်မာမလေးကိုယ်တိုင် ဒီအဖြစ်မျိုးနဲ့ကြုံရတဲ့အခါ ကျမသိပ်စိတ်ထိခိုက်ခံစားရပြီး ဝမ်းနည်းမိသလို အဲလိုမိန်းမမျိုးကို စက်ဆုတ်ရွံရှာမိပါတယ်..... ကိုယ့်အလှကိုတန်ဖိုးထားတတ်မယ်ဆိုရင် သူ့တန်ဖိုးနဲ့ညီတဲ့ ယောကျာင်္းတစ်ယောက် အချိန်တန်ရင်ရနိုင်ပါလျှက်နဲ့ … ဘာလို့များသူများအိမ်ထောင်ကိုဖျက်စီးချင်ကြရတာလဲ… အဲဒီခြံခုန်ဖူးတဲ့ယောင်္ကျားကရော… ဒိထက်သာတဲ့သူတစ်ယောက်ထပ်တွေ့ခဲ့ရင် ပါမသွားနိုင်ဖူးလို့ အာမခံနိုင်ပါသလား…. ကျမအတွက်တော့ သူတို့ရဲ့ ရက်စက်တဲ့အလှတွေဟာ ရွံစရာကောင်းတယ်လို့ဘဲမြင်ပါတယ်….
လှပသောမိန်းကလေးများမိမိအလှကို တန်ဖိုးထားပြီး တလွဲအသုံးမချမိစေဘို့ရည်ရွယ်လျှက်......

Wednesday, April 13, 2011

Daily dislikes

နှစ်သက်တာတွေ အများကြီး ရေးခဲ့ပြီးပါပြီ... မနှစ်သက်တာတွေ ရေးရမယ်ဆိုတော့လဲ ရေးစရာတွေက စဉ်းစားလိုက်တော့ အများကြီး...( ကိုယ်လဲလေလောကီသားပေမို့ :P )... အကျဉ်းချုံးပြီးတော့ဘဲရေးလိုက်ပါတယ်.... ...........................................................................................................

  • ကိုယ့်တိုင်းပြည်မှာကိုယ်မနေရတာ မကြိုက်ဘူး



  • တက္ကစီစီးရင် ပိုက်ဆံပိုရအောင် ပတ်မောင်းတတ်တဲ့ ဗီယက်နမ်က တက္ကစီမောင်းသူတွေကိုမကြိုက်ဘူး


  • အင်္ဂလိပ်လိုလဲ မပြောနိုင် ကိုယ်က သူတို့စကားနဲ့ပြောတော့လဲ နိုင်ငံခြားသားပြောတဲ့ သူတို့စကားကို အသံဖမ်းနားမလည်ပေးနိုင်တဲ့ အတီးအတ ဗီယက်နမ်တွေကို မကြိုက်ဘူး


  • ဗီယက်နမ်မှာ ယောင်္ကျားတွေကြည့်ချင်စရာ ကောင်မလေးချောချောတွေ အများကြီးရှိပြီး မိန်းမတွေကြည့်ချင်စရာ ကောင်လေးချောချောတွေ တစ်ယောက်မှမရှိတာ မကြိုက်ဘူး


  • သားသမီးကို လိမ္မာယဉ်ကျေးအောင် မဆုံးမတတ်၊ဗဟုသုတလဲမရှိ၊လေ့လဲမလေ့လာ၊အသိဥာဏ်နည်းတဲ့ ခလေးတွေကျောင်းက မိဘတစ်ချို့ကိုမကြိုက်ဘူး (သူတို့သားသမီးတွေက ကိုယ့်ခလေးတွေကို ဗိုလ်လာလာကျလို့)


  • မနက်၅နာရီထက်စောပြီး အိပ်ရာထရတာကို မကြိုက်ဘူး


  • ခေါင်းခဏခဏမူးတတ်တာကို မကြိုက်ဘူး


  • စကားတွေအပိုလုပ်ပြော၊တကယ်မဟုတ်ဘဲ ကြွားတတ်ကြတဲ့သူတွေကို မကြိုက်ဘူး


  • သူတို့လုပ်တာမှအကောင်းထင်၊သူတို့လုပ်တာတွေလိုက်လုပ်မှ ကောင်းတယ်ထင်တတ်ကြသူတွေကို မကြိုက်ဘူး


  • စားချင်တာတွေမစားရတာမကြိုက်ဘူး


  • ရေးချင်တာတွေရေးချိန်မရတာမကြိုက်ဘူး


  • ဗီယက်နမ်မှာအင်တာနက် လိုင်းတွေမကောင်းတော့တာမကြိုက်ဘူး


  • တနင်္ဂနွေနေ့တွေမှာ တခါတလေ မေ့မေ့ဆီဖုန်းဆက်လို့မရရင် မကြိုက်ဘူး


  • ဆွေမျိုးတွေ တခါတလေ စိတ်အခန့်မသင့်ဖြစ်ကြတာ ကြားရရင် မကြိုက်ဘူး


  • နေအရမ်းပူတာမကြိုက်ဘူး


  • လေအရမ်းတိုက်တာမကြိုက်ဘူး


  • စူနာမီကိုမကြိုက်ဘူး


  • ငလျှင်လှုပ်တာမကြိုက်ဘူး


  • ရာသီဥတုတွေဖောက်ပြန်တာမကြိုက်ဘူး
မကြိုက်ဘူး ....မကြိုက်ဘူး.... မကြိုက်ဘူး.... မကြိုက်ဘူး.... မကြိုက်ဘူး....မကြိုက်ဘူး.... (ခြင် နှင့် ဝက်ဝံလေး တို့အား တဂ်ပါသည်)

Thursday, April 7, 2011

Daily likes

အိပ်ရာနိုးနိုးချင်း ကိုယ့်ရဲ့ဘယ်ဘက်မှာအိပ်နေတဲ့သားလေးနဲ့ ညာဘက်မှာအိပ်နေတဲ့သမီးလေးကို ဖွဖွလေးနမ်းရတာနှစ်သက်တယ်…


အလုပ်သွားခါနီးခင်ပွန်းအတွက်နဲ့ ကျောင်းသွားခါနီးသားနဲ့သမီးအတွက် မနက်စာချက်ပြုတ်ပြင်ဆင်ပေးရတာကိုနှစ်သက်တယ်…


မနက်စောစော ပဲဆီနဲ့နှပ်ထားတဲ့ လက်ဖက်အသားကို ပဲကြော်၊ပုဇွန်ခြောက်၊ထမင်းဖြူတွေနဲ့ နယ်စားပြီး ကော်ဖီပူပူမွှေးမွှေးလေးမှုတ်သောက်ရတာနှစ်သက်တယ်…


သားနဲ့သမီးကို ဘယ်ညာလက်တွဲပြီး ကျောင်းလိုက်ပို့ရတာကို နှစ်သက်တယ်…


ခင်ပွန်းကအလုပ်သွား ခလေးတွေကကျောင်းသွားချိန်မှာ ဘလော့လည် ဖေ့ဘွတ်ဝင် ဂိမ်းတွေဆော့ရတာကိုနှစ်သက်တယ်…


ခလေးတွေကျောင်းသွားနေတုန်း သူတို့ဆော့လက်စ ကွန်ပျူတာဂိမ်းတွေကို level တက်အောင် ကူဆော့ပေးရတာ နှစ်သက်တယ်…


အင်တာနက်ကော်နက်ရှင်မကောင်းတဲ့နေ့တွေမှာ ရှော့ပင်းစန်တာတွေမှာ ဈေးထွက်ဝယ်ရတာကို နှစ်သက်တယ်…


သူငယ်ချင်းတွေနဲ့ချိန်းပြီး နေ့လည်စာထွက်စားရတာကို နှစ်သက်တယ်…


မြန်မာအစားအစာတွေချက်ပြီး သူငယ်ချင်းတွေကို ဖိတ်ကျွေးရတာ နှစ်သက်တယ်…


သူငယ်ချင်းတွေအိမ်သွားလည်ပြီး သူတို့ချက်တာတွေ စားရတာကိုနှစ်သက်တယ်…


သားနဲ့သမီးကို ကျောင်းသွားကြိုရတာကို နှစ်သက်တယ်…


ခလေးတွေကျောင်းကဆရာ ဆရာမတွေနဲ့ ခလေးတွေအကြောင်း ဆွေးနွေးရတာ နှစ်သက်တယ်…


အလုပ်ကပြန်လာတဲ့ခင်ပွန်းကို အပြုံးနဲ့ကြိုဆိုရတာ နှစ်သက်တယ်…


ခင်ပွန်းကို ခလေးတွေရဲ့ တနေ့တာ ကျောင်းကအကြောင်းတွေကို ပြောပြရတာ နှစ်သက်တယ်…


ခင်ပွန်းက လစာထုတ်တဲ့နေ့တိုင်း လစာအပ်တာကို နှစ်သက်တယ်…


အိမ်မှာတခုခု အရေးပေါ်လိုအပ်တိုင်း ခင်ပွန်းက ဆိုင်ကယ်နဲ့ အပြင်ထွက်သွားဝယ်ပေးတတ်တာကို နှစ်သက်တယ်…


ခင်ပွန်းက အပြင်ကပြန်လာတိုင်း စားစရာတခုခု ဝယ်လာပေးတတ်တာကို နှစ်သက်တယ်…


ရုံးပိတ်ရက်တိုင်း ခင်ပွန်းက wet market မှာ ဟင်းချက်စရာတွေ သွားဝယ်ပေးတတ်တာကို နှစ်သက်တယ်…


စနေတနင်္ဂနွေနေ့တွေမှာ မိသားစုအပြင်ထွက်ပြီး ရှော့ပင်ထွက် နေ့လည်စာထွက်စားရတာကို နှစ်သက်တယ်…


အိပ်ရာဝင်ခါနီးတိုင်း ခလေးတွေနဲ့ အတူတူ ဘုရားရှိခိုးရတာကို နှစ်သက်တယ်…


အိပ်ခါနီးတိုင်း ခလေးနှစ်ယောက်ကို ဖွဖွလေးနမ်းပြီး I love you လို့ပြောရတာကိုနှစ်သက်တယ်…



(Kiki, ခြင် နှင့် ဝက်ဝံလေးတို့ကို တဂ်ပါသည်... ရေးပေးကြတော်မူပါ)

Sunday, April 3, 2011

စကာင်္ပူနေသူများသို့

ဒီတစ်ခေါက်ခလေးတွေကျောင်းက ၂၉ ရက် ဧပြီလကနေ ၉ရက် မေလအထိပိတ်တယ်… ဗီယက်နမ်ထဲမှာလဲ beach တွေဘဲသွားနေရတာရိုးလာတာရယ်… သမီးလေးနဲ့သားလေး လိုချင်တာတစ်ချို့ဗီယက်နမ်မှာ ဝယ်မရတာရယ်ကြောင့် စကာင်္ပူသွားလည်ဖို့ဆုံးဖြတ်လိုက်ပါတယ်… ခလေးတွေရဲ့အဖေပါလိုက်နိုင်မယ်ဆိုရင် တစ်ပတ်လောက်နေဘို့စဉ်းစားထားပေမဲ့ သူအလုပ်မအားလို့ မလိုက်နိုင်တော့တာကြောင့် ကျမတို့သားအမိတွေချည်းမို့ ၄ရက်ဘဲနေပါတော့မယ်… အရင်အခေါက်တွေက နေရာတွေစုံအောင်ရောက်ဖူးပြီးသွားပြီမို့ အခုထိတော့ လည်မယ့်နေရာတွေ မစဉ်းစားထားပါဘူး… ခလေးတွေသွားချင်တဲ့နေရာတွေဘဲ လိုက်ပို့ဖြစ်မှာပါ… စကာင်္ပူရောက်တိုင်း နေ့တိုင်းသွားဖြစ်တာက Bugis Junction ပါ… သမီးလေးက အဲဒီအပေါ်ထပ်က ဂိမ်းစင်တာကို သဘောကျတယ်… တခြားမှာ ဒိထက်ကောင်းတဲ့ ကစားကွင်းတွေ ရှိလဲ အဲဒီနေရာကိုဘဲ သူနေ့တိုင်းသွားချင်တာမို့ ဒီတစ်ခေါက်လဲ အဲဒီဘဲနေ့တိုင်းသွားဖြစ်မှာဆိုတော့ ဟိုတယ်ကို အဲဒီနားမှာရှာထားပါတယ်… တခြားနိုင်ငံတွေခရီးထွက်တိုင်း ဟိုတယ်ကို Asiatravel ကနေရှာနေကြမို့ ဒီတခေါက်လဲ သူတို့ဝက်ဘ်ဆိုက်ကနေဘဲရှာပါတယ်… ၄ယောက်တခန်းရဘို့က ဝက်ဆိုဒ်ကနေရှာရတာ ခက်ပါတယ်… လူကြီး၂ယောက်နဲ့ခလေးတစ်ယောက် နေလို့ရတဲ့အခန်းတွေဘဲများတယ်... Bugis Juction နဲ့လဲနီး ၄ယောက်နေလို့ရမဲ့အခန်း ကရမဲ့ရတော့ သိပ်မကောင်းမှန်းသိပေမဲ့ ယူလိုက်ပါတယ်… ကျမက စိတ်မြန်တော့ အရင်တွေ့တဲ့ဟာကိုဘဲ ချက်ချင်းဘွတ်ကင်တင်လိုက်တာ တန်းရသွားတော့ နောင်တ တောင်နဲနဲရလိုက်တယ်… ဒါပေမဲ့ ခလေးတွေကို ပြကြည့်တော့ ကြိုက်ပါတယ် ဆိုတာနဲ့ စိတ်အေးသွားပါတယ်…ပိုက်ဆံလည်း အင်တာနက်ကနေ တခါတည်း အကြေချေရတာမို့ မကြိုက်ကြရင်လည်း ဘာမှမတတ်နိုင်ပါဘူး….
စကာင်္ပူကမရောက်ဖြစ်တာ၃နှစ်လောက်ရှိပြီ…. ငယ်သူငယ်ချင်းတချို့လဲရှိနေတာမို့ သူတို့နဲ့တွေ့ရမှာပျော်နေပါတယ်…ဒီတခေါက်တော့ လူမမြင်ဘူးဘဲ ဘလော့ပေါ်မှာရင်းနှီးနေတဲ့ သူငယ်ချင်းတစ်ချို့နဲ့လဲတွေ့ဖြစ်မှာမို့ အရင်အခေါက်တွေထက် ပိုပျော်ရမှာသေချာတယ်… ကိုယ့်ကိုဆက်သွယ်မဲ့သူတွေကိုဘဲတွေ့ဖြစ်မှာပါ… ကိုယ်ကဘလော့ဂါတွေအားလုံးကိုတွေ့ချင်ပေမဲ့ ကိုယ်ကစတွေ့ဘို့မတောင်းဆိုချင်ပါဘူး… အကြောင်းရင်းကတော့ ကိုယ်ကတွေ့ဘို့တောင်းဆိုမိရင် အငြင်းခံလိုက်ရမှာစိုးရိမ်လို့ပါ (ကျမက ရှက်တတ်တယ်ရှင့်)…. အရင်တုန်းက ဘလော့ပေါ်မှာ ဖေ့ဘွတ်ပေါ်မှာ အစားအသောက်တွေဓာတ်ပုံရိုက်တင်ကြလို့ ကိုယ်ကစားချင်တယ်ပြောဖူးတဲ့အခါ စကာင်္ပူလာလည်ရင် ချက်ကျွေးမယ်လို့ ပြောထားကြဘူးသူတွေ သတိရကြပါစေ.. :P…. မှတ်မှတ်ရရ စကာင်္ပူလာရင်စားချင်တာတွေချက်ကျွေးမယ်ဆိုတဲ့ ဘလော့ဂါခြောက်ယောက်လောက်ရှိပါတယ်…. တွေ့ကြသေးတာပေါ့…. တကယ်ပြောတာဟုတ်မဟုတ်ဆိုတာ သိရတော့မယ်… :P… (တကယ်က ကျမမှာ အိမ်လည်လျှောက်စားဖို့ အချိန်မရှိပါဘူး… လေးရက်အတွင်းမှာ ခလေးတွေသွားချင်တဲ့ ကစားလို့ရတဲ့နေရာတွေဘဲသွားဖြစ်မှာပါ…)
၎ရက်ဆိုတဲ့အချိန်ကတိုတိုလေးဆိုတော့ ခလေးတွေနဲ့ဘယ်နေရာကိုသွားလည်သင့်တယ်ဆိုတာလေးတွေ အကြံပေးကြပါလို့ တောင်းဆိုပါတယ်… အခါတိုင်းက ယောင်္ကျားက ဦဆောင်ပြီး ကိုယ်နဲ့ခလေးတွေက နောက်ကလိုက်ရုံဘဲ… အခုသူမပါတော့ ကိုယ့်ဟာကို စီစဉ်ရမှာ… ( သနားစရာနော်  )
အခုတော့ အရင်ကသွားဖူးပြီးသားနေရာတွေထဲက သူတို့ဘယ်တွေပြန်သွားချင်လဲ မေးနေတုန်းပါဘဲ… Bugis Junction ကတော့နေ့တိုင်းသွားဖြစ်မှာပါ… အပြင်မှာတခါမှမဆုံဖူးပေမဲ့ ဘလော့ပေါ်မှာသိပြီး ဖေ့ဘွတ်ပေါ်မှာ ရင်းနှီးခဲ့ရတဲ့ ဘလော့ဂါသူငယ်ချင်းလေးက လေဆိပ်လာကြိုမယ်ဆိုတော့ အရမ်းကိုဝမ်းသာမိပါတယ်… အရင်အခေါက်တွေကလာတိုင်း လေဆိပ်ကနေ တက္ကဆီစီးပြီးတည်းမဲ့ နေရာကိုသွားနေကျပါ… တကူးတကလာကြိုမဲ့ သူ့ရဲ့ဖော်ရွေခင်မင်မှုကို တကယ်ဘဲတန်ဘိုးထားမိပါတယ်…. ကျမမြင်ဖူးချင်သော ဘလော့ဂါသူငယ်ချင်းများကို အခွင့်ရရင်တွေ့ချင်ပါတယ်… တွေ့ခွင့်မရရင်တောင် ဖုန်းလေးနဲ့တော့နှုတ်ဆက်ချင်ပါတယ်… ကျမရဲ့ မေးလ်ကို ဖုန်းနံပါတ်လေးပို့ပေးမယ်ဆိုရင် ကျမဖုန်းဆက်ပြီးနှုတ်ဆက်ချင်ပါတယ်… (ကျေးဇူးပြု၍ဖုန်းနံပါတ်လေးများမစပါ)
(ဒီလိုဘဲတုံးတိတိနှင့်ပို့စ်ကို အဆုံးသတ်လိုက်ပါသည် :P )

Wednesday, March 23, 2011

အချစ်အကြောင်းပြောရအောင်

အချစ်ဆိုတာ ကျမယောင်္ကျားပါ ဆိုတာ မနှစ်ကRose of Sharon: အချစ် ပို့စ်မှာ ရေးခဲ့ဘူးပါတယ်...အခု အမမေငြိမ်းရဲ့
နာမည်ကြီးဝထ္တုဖြစ်တဲ့ "အချစ်အကြောင်းပြောရအောင်" ဆိုတဲ့ခေါင်းစဉ်နဲ့ အမသက်ဝေက တဂ်တဲ့အခါ သူ့အကြောင်းဘဲ ရေးရဦးမှာမို့ အကြောင်းအရာမထပ်အောင် တတ်နိုင်သလောက်ကြိုးစားပြီး ရေးလိုက်ပါတယ်
...........................................................................................................................
မွေးစကနေ ဆယ်ကျော်သက်အရွယ် မတိုင်ခင်လေးအထိမှာ အချစ်အကြောင်းပြောရမယ်ဆိုရင်တော့ မိသားစု မောင်နှမ နဲ့ သူငယ်ချင်းတွေကို ချစ်တဲ့ အချစ်တွေပါဘဲ... နွေးထွေးတယ်... အေးချမ်းတယ်... ပူလောင်မှုမရှိ... အပြစ်ကင်းတဲ့ ချစ်ခြင်းတွေနဲ့ပေါ့....
၁၂နှစ်သမီးအရွယ်မှာတော့ ၁၁နှစ်သားကပေးတဲ့ ပထမဆုံး ရင်ခုန်စရာ ခရစ္စမတ်ကဒ်လေးရခဲ့တယ်...
ကဒ်လေးရဲ့အတွင်းဘက်စာမျက်နှာမှာ
" တကြိမ်တခါ
မလိမ်ညာဘူး
ရင်မှာအမြဲသတိရတယ်"
လို့ သူ့လက်ရေးနဲ့ရေးထားတယ်.... သိပ်မကြာခင် ကိုယ်တို့နေတဲ့ဝန်ထမ်းအိမ်ယာကနေ သူတို့မိသားစုပြောင်းသွားတော့ ဇာတ်လမ်းက အလိုလိုပြတ်သွားတယ်... လွမ်းရမှန်းတောင် မသိသေးတဲ့အရွယ်မို့ ရင်ခုန်မိတာကလွဲလို့ ဘာမှမခံစားလိုက်ရတော့ ရင်ခုန်ခဲ့တာကိုဘဲ အချစ်လို့ ထင်ခဲ့ဘူးတာ....အဲဒီအချိန်တုန်းက အချစ်ဆိုတာ ရင်ခုန်ခြင်းပေါ့...အဲဒီကဒ်လေးကို နှစ်အတော်ကြာတဲ့ အထိသိမ်းထားခဲ့တယ်... နောက်တော့လဲ ဘယ်ရောက်သွားမှန်းမသိပါဘူး... အဲဒီနောက်ပိုင်းမှာ အချစ်လို့ခေါင်းစဉ်တပ်လို့ရတဲ့ ဇာတ်လမ်းလေးတွေက အတ္တတွေဗရဗွနဲ့....ကိုယ်လိုချင်တဲ့ အချက်တွေရှိနေသူကိုမှ ရွေးချယ်လက်ခံခဲ့မိတာ အခုအချိန်မှာတော့ အချစ်စစ်တွေမဟုတ်ခဲ့ဘူးလို့ ယူဆမိပါတယ်....မိသားစုချင်းရင်းနှီးပြီး အိမ်ကိုလဲလာလည်နေကျ အသားဖြူဖြူ ရွယ်တူကောင်လေးကို ရွေးချယ်ဘို့ဆုံးဖြတ်ပြီး အဖြေပေးဘို့အတွက် အတူတွဲလမ်းလျှောက်ထွက်မိတဲ့နေ့မှာဘဲ ကိုယ်နဲ့အရပ်သိပ်မကွာလို့ ဇာတ်လမ်းဖြတ်ခဲ့တယ်... အရင်တုန်းက သတိမထားမိခဲ့တာ ကိုယ့်အမှားပေမဲ့ ကိုယ်မှန်းထားတဲ့ အချက်တစ်ခုနဲ့ လွဲချော်နေသူကို ဘယ်လိုမှ ဆက်မတွဲချင်တာနဲ့ဘဲ အားနာစွာလမ်းခွဲခဲ့ရတယ်...ကိုယ်မှန်းထားသလို အသားလည်းဖြူ အရပ်လည်းရှည် မိဘလက်ခံနိုင်သူကိုတွေ့လို့ ခေါင်းညိမ့်လက်ခံတဲ့နေ့မှာဘဲ သူက သူ့ကို မောင် လို့ခေါ်ခိုင်းတဲ့ အခါ စိတ်ပျက်သွားရပြန်ရော... ကိုယ့်ထက်ငယ်တဲ့သူနဲ့ ရွယ်တူကိုဘဲ မောင်လို့ခေါ်ချင်တာ... ကိုယ့်ထက် ၉နှစ်ကျော်လောက် အသက်ပိုကြီးသူကို မောင်လို့ မှမခေါ်ချင်ဘဲ... နောက်တစ်ယောက်ကလည်း ကိုယ်လိုချင်တဲ့ အချက်အတော်များများနဲ့ကိုက်ညီလို့ ချစ်သူအဖြစ်ရွေးချယ်ခဲ့ပြီးခါမှ သူ့အဖေက မိန်းမနှစ်ယောက်ယူထားပြီး တအိမ်ထဲမှာ နှစ်မိသားစုအတူနေကြတယ်လို့ သိရတဲ့အခါ ကိုယ်နောက်ဆုတ်လိုက်ရပြန်တယ်... အဲလိုမိသားစုထဲမဝင်ချင်တဲ့အပြင် မျိုးရိုးဗီဇလိုက်မှာကိုလဲ စိုးရိမ်မိတယ်လေ... နောက်တစ်ယောက်ကတော့ ရည်မွန်တယ် စိတ်ထားကောင်းတယ်... ဘာသာမတူပေမဲ့ အစွဲမကြီးသူမို့ ပြသနာမရှိနိုင်ဘူးထင်ပေမဲ့ အလုပ်အရမ်းလုပ်ပြီး ငွေနောက်လိုက်လွန်းတဲ့အခါ မိသားစုအတွက် အချိန်မပေးနိုင်ရင် ကိုယ်လိုချင်တဲ့ နွေးထွေးတဲ့ မိသားစုဘဝလေး မရနိုင်ဘူးထင်လို့ လမ်းခွဲလိုက်ရပြန်တယ်...ဒီလိုနဲ့ဘဲ ကိုယ့်အတ္တနဲ့ မကိုက်ညီလိုက် ဇာတ်လမ်းဖြတ်လိုက်နဲ့ ပြတ်ခဲ့ရတဲ့ဇာတ်လမ်းတွေ အတော်များခဲ့တယ်....အဲဒီအရွယ်တုန်းက အချစ်အကြောင်းပြောရအောင်ဆိုပြီး စာရေးဖြစ်မယ်ဆိုရင် အတ္တတွေနဲ့ပေကျံနေတဲ့ အချစ်အကြောင်းတွေဘဲ ရေးဖြစ်မှာပါ....
တကယ့်အချစ်စစ်ကိုတွေ့ရှိခဲ့ချိန်မှာတော့ ကိုယ်လိုချင်ခဲ့တဲ့ အချက်တွေနဲ့ လုံးဝကို ဆန့်ကျင်နေတော့တာ... ကိုက်ညီတာဆိုလို့ ရုပ်ရည်ချောမောခြင်းတချက်ဘဲရှိတယ်...အရပ်လည်း ကိုယ်လိုချင်သလောက်မရှည်... ဘာသာကလဲတူတယ်ပြောမရတဲ့အပြင် လူမျိုးကလည်းခြားတာမှအဝေးကြီး... ပြီးတော့ အလုပ်ပြုတ်တော့မဲ့ အနာဂတ်မရေရာတဲ့သူ....
သူကကိုယ့်ကိုမြင်မြင်ချင်းချစ်ခဲ့တာဆိုပေမဲ့ ကိုယ့်ဘက်ကတော့ ဖခင်ကိုစိတ်နာ မိခင်မေတ္တာငတ်ရှာသူ စိတ်ဓာတ်တွေကျနေတဲ့သူ့ကို ဘာဆိုဘာမှ မလေ့လာနိုင်ဘဲ အကြင်နာတွေပို သူတောင့်တနေတဲ့ နွေးထွေးတဲ့ မေတ္တာတွေပေးမယ်ဆိုပြီး သူ့ကိုလက်ခံခဲ့တာ..... မိဘအသိုင်းးအဝိုင်းကိုဆန့်ကျင်ကာ သူ့ကိုရွေးချယ်ခဲ့ပြီး ကိုယ့်ထက်၎နှစ်ကြီးတဲ့သူ့ကို နွဲ့ဆိုးဆိုးဖို့လဲ မစဉ်းစားဘဲ သူငတ်မွတ်ခဲ့တဲ့ မိခင်မေတ္တာမျိုးနဲ့ ပေးဆပ်ပြီးချစ်ခဲ့တာ... သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ရပိုင်ခွင့်တွေဟာ ကိုယ်မမျှော်လင့်ခဲ့တဲ့အရာတွေ.... အဲဒီတုန်းကသာ အချစ်အကြောင်းပြောခွင့်ရခဲ့မယ်ဆိုရင်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းဖြင့်ရယူခြင်းပေါ့....
ခုတော့ အချိန်တွေကြာလာတဲ့အခါ ကိုယ့်အတွက် အချစ်ဆိုတာ အိမ်ထောင်တခုထူထောင်ဘို့ လိုအပ်တဲ့ ပျိုးပင်ပေါက်လေးပါ.... ချစ်ခြင်းနဲ့ အစပျိုးခဲ့တဲ့အိမ်ထောင်ရေးမှာ အတ္တတွေကိုခဝါချပြီး နားလည်ခြင်း ခွင့်လွှတ်သည်းခံခြင်းတွေနဲ့ ရေလောင်းပေါင်းသင်လိုက်တဲ့အခါ အချစ်ဆိုတဲ့ ပျိုးပင်လေးဟာ နွေးထွေးခြင်း ငြိမ်းချမ်းခြင်း ကြည်နူးခြင်း အညွန့်အခက်တွေ ဝေဝေဆာဆာနဲ့ စိမ်းလမ်းစိုပြေလာတော့တာ....