Monday, August 20, 2018

အေးစက်စက်လေကိုရှူသွင်းနေရတဲ့ဒီမြေမှာ အနေကြာခဲ့သည့်တိုင် အသားမကျသေးတာက ကိုယ့်ရဲ့ဇီဇာကြောင်လွန်းမှူလေလားမသိ
အေးစက်စက်အကြည့်တွေ အေးစက်စက်လေတွေ ကြားထဲ နွေးထွေးတဲ့အကြည့်တစုံကိုတမ်းတမိတော့ ရင်ထဲမှာနွေးကနဲခံစားလိုက်ရတယ်
အချစ်ရယ် စိတ်ကူးလေးနဲ့တောင်ကိုယ့်ရင်ကိုနွေးထွေးနိုင်စွမ်းတယ်
အသစ်ကပြန်စလို့မရတော့တဲ့ ဘဝရဲ့အတိတ်တွေကိုမုန်းလိုက်ချင်ပါရဲ့
ချစ်နေလျက်နဲ့ပေါင်းစည်းလို့မရနိုင်မဲ့အတူတူ မင်းနဲ့ဝေးရာကိုထွက်လာခဲ့မိတာ နောင်တရချင်ချင်
မင်းကိုချန်ထားပြီးထွက်လာခဲ့ရတယ်ဆိုတဲ့အသိက ကိုယ့်ရင်ထဲမှာပူလောင်လွန်းလှတယ်
ရောက်ခါစမှာ ဘယ်လိုမှမနေတတ်အောင် မင်းကိုလွမ်းနေခဲ့တာတွေ မင်းမသိပါဘူး
အိပ်ယာပေါ်မှာတယောက်ထဲလူးလှိမ့်ငိုကြွေးရင်း တရေးမှအိပ်စက်မရခဲ့တာညပေါင်းများစွာ
မင်းရဲ့ပုံလေးတွေခဏခဏထုတ်ကြည့်ရင်း လွမ်းလိုက်တာ အချစ်ရယ်လို့ အခါခါရေရွတ်နေမိခဲ့
ရှေ့တိုးဖို့တွန့်ဆုတ်နေခဲ့တဲ့မင်းနဲ့ လာပါမခေါ်ရက်တဲ့ကိုယ့်အခြေအနေကြောင့် တယောက်ယောက်ကပြတ်သားမှဖြစ်တော့မှာမို့ ကိုယ်ထားခဲ့ရတာပါအချစ်ရယ်
အဝေးကချစ်နေရရင်လဲကိုယ်ကျေနပ်ပါတယ်
ချစ်ခွင့်ရနေတာဟာလည်း ကိုယ့်အတွက်ဘုရားပေးတဲ့ဆုလာဒ်တပါးပေါ့အချစ်ရယ်
အခုတော့ ကိုယ်က မင်းနဲ့ဝေးရာ အဝေးကြီးမှ ဟိုးအဝေးကြီးကိုရောက်နေခဲ့ရပြီ
Marseille မြို့လေးရဲ့ကမ်းနားလမ်းမှာ ညနေတိုင်းလမ်းလျှောက်ထွက်ဖြစ်တယ်အချစ်ရယ်
သိပ်လွမ်းတာဘဲသိလား
စနေနေ့ညနေတိုင်းပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေရောင်းတတ်တဲ့ ပြင်သစ်လင်မယားက တယောက်ထဲလမ်းလျှောက်နေကျကိုယ့်ကို မှတ်မိနေပြီး လှမ်းပြုံးပြတယ်
မင်းရောကိုယ်ရောနှစ်သက်တဲ့အစားအသောက်ထဲမှာပင်လယ်စာလဲပါတာမို့ သူတို့ကိုတွေ့တိုင်း မင်းကိုသတိရမိပြန်ရောအချစ်ရယ်....
ကိုယ်တို့နှစ်ယောက်အတူလျှောက်ဘူးတဲ့ရန်ကုန်မြို့ရဲ့ကမ်းနားလမ်းကို မျက်ဝန်းထဲမြင်ယောင်ရင်း မျက်ရည်ကြည်တွေနဲ့ကိုယ့်မြင်ကွင်းတွေ ဝေဝါးသွားရတာလည်းအခါခါ
အလုပ်ပြန်ချိန်တိုင်းအိမ်တန်းမပြန်ဖြစ်ဘဲဒီနေရာလေးမှာလမ်းလျှောက်ရင်းထိုင်ရင်း အလွမ်းတွေဖြေရတယ်အချစ်ရယ်
မင်းပျော်နေပါစေဆုတောင်းရင်း ကိုယ့်ရဲ့နေ့ရက်တွေကိုအလွမ်းတွေနဲ့ရှင်သန်နေလေရဲ့
ခရစ္စမတ်ပြီးသွားပေမဲ့ နှစ်သစ်ချိန်ထိဖွင့်နေဆဲဖြစ်တဲ့ခရစ္စမတ်ပွဲဈေးတန်းလေးနားရောက်တော့လဲ မင်းကိုဘဲမြင်ယောင်မိပြန်ရောအချစ်ရယ်
အမှတ်တရပစ္စည်းဆိုင်လေးတွေမှာ မင်းနှစ်သက်တာလေးတွေရှိနေမလားငေးကြည့်မိပြန်တယ်
Churros နဲ့ Pancake ဆိုင်တွေရှေ့ရောက်တော့လဲ အစားအသောက် အသစ်အဆန်းတွေဆို အမြဲမြည်းစမ်းချင်တတ်တဲ့မင်းကိုသတိရမိပြန်ရော
ချမ်းအေးတဲ့ရာသီမို့ သစ်သားစည်ပိုင်းထဲထည့်ရောင်းတဲ့ ဝိုင်ပူပူဆိုင်လေးရောက်တော့ မင်းကိုပိုလွမ်းမိတယ်အချစ်ရေ
ဝိုင်ခွက်လေးကိုင် မင်းရဲ့ခါးကိုဖက်ပြီး ဝိုင်နီတွေစိုစွတ်နေမဲ့ လှပသေသပ်တဲ့မင်းရဲ့နှူတ်ခမ်းလေးကိုငေးကြည့်ထိတွေ့ချင်စိတ်တွေက ထိန်းမရတော့တာမို့ မျက်ရည်တွေကအလိုလိုဝဲလာတယ်
ဒီလမ်းကို ကိုယ်တိုင်ရွေးခဲ့တာဘဲလို့စိတ်ဖြေနေရင်း မျက်ရည်ပူတွေက ပါးပြင်ထက်ကို ခုန်ပေါက်ကျဆင်းလာကြတယ်
အချစ်ဟာ ချမ်းအေးတဲ့ရာသီမှာတောင် ကိုယ့်ပါးပြင်ကို မျက်ရည်တွေနဲ့နွေးထွေးစေနိုင်သူလို့ ကြံဖန်ကျေနပ်ရင်း အိမ်ပြန်မဲ့လမ်းလေးဆီ လှမ်းလျှောက်ခဲ့မိတော့တယ်
ခုချိန်ဆို ရန်ကုန်မှာ ညသန်းခေါင်ကျော်ပြီးလို့ မနက်၂နာရီလောက်ရှိနေပြီမို့ အချစ်ကအိပ်မောကျနေလောက်ရောပေါ့
ကိုယ်ကတော့ လေးလံလှတဲ့အလွမ်းခြေလှမ်းတွေနဲ့ ကိုယ်နေထိုင်ရာ အခန်းကျဉ်းလေးရှိရာသို့ တလှမ်းချင်းလှမ်းလျှက်..........