အပေါင်းအသင်းများစွာရှိခဲ့ဖူးပါသည်… ထိုအပေါင်းအသင်းများကိုစစ်မှန်စွာခင်တွယ်လျှက်
သူတို့တောင်းသောအကူအညီမှန်သမျှကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးခဲ့ပါသည်… ထိုသူငယ်ချင်းများစွာထဲမှ
ဝေဆိုသောသူမကို ဘယ်သောအခါမှမေ့နိုင်တော့မည်မထင်….
..........................................................................
ဆယ်တန်းကျောင်းသူကျောင်းသားများဖြစ်သောကျမနှင့်တိုးက အထက်တန်းကျောင်း၂ကျောင်းသာရှိသော မြို့နယ်လေးမှာ တစ်ကျောင်းစီတက်ရင်းဆုံစည်းခဲ့ကြခြင်းဖြစ်သည်…
တိုးကသူငယ်ချင်းဝေနှင့်တစ်ကျောင်းထဲဖြစ်သလို တစ်ရပ်ကွက်ထဲနေ
အိမ်နီးချင်းများဖြစ်သည်…ထိုရပ်ကွက်လေးထဲမှ ကိုယ့်အတန်းဖော်သူငယ်ချင်းတစ်ယောက်နှင့်သူတို့ကသိနေပြန်ကာ
အချိန်တိုအတွင်းမှာရင်းနှီးသွားခဲ့ရသည်… အတန်းဖော်သူငယ်ချင်းမိတ်ဆက်ပေးမှုကြောင့် ရင်းနှီးခဲ့ရသောဝေနှင့်
ကိုယ်ကငယ်ပေါင်းတွေလိုအချိန်တိုအတွင်းခင်မင်ခဲ့ရခြင်းမှာ
ဝေ့ရဲ့ပွင့်လင်းဖော်ရွေမှုတွေကြောင့်ဖြစ်မည်ထင်ပါသည်…
ကိုယ်တက်နေတဲ့ကျူရှင်နဲ့ဝေတို့အိမ်ကနီးသည်မို့ ကျူရှင်မတက်ခင်သူ့အိမ်သို့အမြဲဝင်လည်စေချင်သောဝေကြောင့်
အိမ်ကအမြဲစောထွက်လျှက် ဝေနားမလည်သောစာတွေကိုရှင်းပြပြီး တခါတရံဝေတို့အိမ်ရှေ့မှာစကားရပ်ပြောနေလေ့ရှိသည်…
ထိုသို့စကားရပ်ပြောနေချိန်တိုင်း ဝေတို့အိမ်နား ယောင်လည်လည်ရောက်ရောက်လာတတ်သော
တိုးကိုကျမသတိထားမိသွားသည်... သူ့သူငယ်ချင်းတစ်ချို့နှင့်ဝေတို့အိမ်နားမှာ ကျောင်းပိတ်ရက်တိုင်း
ခြင်းလာခတ်လေ့ရှိသော၊
ဝေတို့အိမ်နားကမုန့်ဆိုင်နားမှာ မကြာခဏတွေ့ရတတ်သော တိုးကို ကိုယ်သတိထားမိချိန်မှာ
လှမ်းကြည့်တတ်တဲ့တိုးမျက်ဝန်းလေးတွေကို အလိုလိုအဓိပ္ပါယ်ဖော်တတ်သွားခဲ့ပြီ… တိုးနှင့်သူ့သူငယ်ချင်းတစ်စု
ကိုယ်တို့စကားပြောနေတဲ့အချိန်ဘေးကဖြတ်သွားတုန်း ကိုယ်မသိချင်ယောင်ဆောင်နေတဲ့အခါ “ချစ်ရတဲ့သူရေ…မျက်လုံးလေးများဝင့်ကာ…ခေါ်နေတာကိုလှည့်ကြည့်ပါဦး”
လို့အနားကပ် သီချင်းလေးညည်းသွားတဲ့အခါ ကိုယ့်ရင်တွေတဖျက်ဖျက်ခုန်သွားရခြင်းရဲ့အကြောင်းရင်းကို
ကိုယ်နားလည်လာတတ်ပြီ…နောက်ပိုင်းမှာ အသားလတ်လတ် အရပ်ရှည်ရှည် နှုတ်ခမ်းပါးလေးနှင့်တိုးကို
ကိုယ်မတွေ့ရမနေနိုင်အောင်စွဲလမ်းလာမိမှန်း တိုးရိပ်မိသွားတဲ့အခါ
လျှောက်သံပြန်ပေးအဆင့်ကနေ သူထပ်တိုးလာခဲ့သည်… ဝေနှင့်ကိုယ်စကားရပ်ပြောတတ်သည့်အချိန်တိုင်း
တိုးလဲရောက်လာခါ ကိုယ့်အနားလာရပ်ပြီး စကားတွေလာပြောတတ်တဲ့အခါ ဝေ့မိဘတွေမကြိုက်မှာစိုးမိသောကိုယ်က
စကားရပ်မပြောတော့ဘဲ ကျူရှင်သို့တန်းသွားလိုက်တော့သည်... ထိုအခါတိုင်းမှာ သူအနားကကပ်ပါလာတာမို့ ခြေလှမ်းတွေပျက်လုလု…
အစ်ကိုတစ်ယောက်အမသုံးယောက်ရှိပြီး စည်းကမ်းကြီးတဲ့မိဘများကိုကြောက်ရသောကိုယ်က
ဆယ်တန်းမအောင်ခင်ရည်းစားထားဘို့စိတ်မကူးရဲခဲ့ပါ… ကျူရှင်သွားတိုင်းအနားမှာကပ်ပါလာတတ်သောတိုးကိုမလိုက်လာနဲ့လို့လဲပြောမထွက်သောကိုယ့်မှာ
ကြည်နူးခြင်း..ကြောက်ရွံ့ခြင်းတို့ရောထွေးလျှက် ရင်ခုန်သံတွေဆူညံနေခဲ့သည်…
တစ်ရက်မှာတိုးထံမှစာတိုလေးတစ်စောင်ကိုယ့်လက်ထဲရောက်လာခဲ့သည်…
ကိုယ့်ကိုသူချစ်နေမိပြီဆိုတဲ့စာတိုလေးကိုရင်မှာအပ်လျှက် ကြည်နူးပျော်ရွှင်နေခဲ့တာ အတိုင်းအဆမဲ့စွာ…
နှစ်ယောက်သားနားလည်မှုယူလိုက်ကြတာက ဆယ်တန်းစာမေးပွဲပြီးမှ ချစ်သူဖြစ်ကြောင်းအထိမ်းအမှတ်
လျှောက်လည်ကြဖို့ဖြစ်သည်…
စာကျက်မပြတ်ဘို့ စာကြိုးစားဘို့ တစ်ယောက်ကိုတစ်ယောက်အားပေးရင်း
စာမေးပွဲကြီးလည်းပြီးခဲ့ပြီ… စည်းကမ်းကြီးသောမိဘတွေကြောင့် ကျူရှင်တက်စရာမရှိတော့သောအခါ အပြင်ထွက်ဖို့အခွင့်မသာခဲ့သောကိုယ်က ဝေနှင့်သာတဆင့်ဆက်သွယ်ခဲ့ရသည်… သင်္ကြန်ပြီးရင်အောင်စာရင်းထွက်တော့မည်မို့
အောင်စာရင်းထွက်တဲ့နေ့မှာ သူငယ်ချင်းတွေနဲ့သွားတွေ့မည်ဟု အိမ်ကိုလိမ်ပြောကာ တိုးနှင့်လျှောက်လည်ဘို့
စီစဉ်ထားခဲ့မိသည်… လျှောက်လည်မည့်နေ့တွင်ဝေတို့အိမ်ရှေ့မှာဆုံပြီးအတူသွားကြဘို့ဖြစ်သည်…
ဝေ့ထံမှကြားရသောစကားအရ တိုးကရုပ်ရှင်လက်မှတ်ကြိုဝယ်ထားပြီးဖြစ်ကြောင်း…
ရုပ်ရှင်ကြည့်ပြီးလျှင် ပန်းခြံတစ်ခုထဲက မုန့်ဆိုင်လေးမှာ နေ့လည်စာစားကြဖို့ စီစဉ်ထားကြောင်းသိရသည်…
တိုးနှင့်အတူလျှောက်လည်ကြမည့်အရေးကို ရင်ခုန်စွာတွေးတောလျှက် မအိပ်ဖြစ်ဘဲမိုးလင်းခဲ့ရသည်
…
မနက်စောစောထဲကတက်ကြွနေသောကိုယ့်ကိုအမေက သူငယ်ချင်းတွေနှင့်ခဏဘဲတွေ့ပြီး
နေ့လည်စာချိန်အမှီအိမ်ပြန်လာခဲ့ဘို့မှာလိုက်သည်… ကိုယ်ကတော့ ဟုတ်ကဲ့ဟုလွယ်လွယ်နှင့်ပြန်ဖြေခဲ့ပြီး
အိမ်ပြန်ရောက်မှ အဆူခံရင်ခံရပါစေဟုတွေးလိုက်သည်…
ချိန်းထားတဲ့အချိန်ထက်စောရောက်လာတဲ့ကိုယ့်ကို ဝေက အတော်ဘဲပြောစရာရှိတယ်…အိမ်ထဲမှာပြောမယ်ဟုဆိုကာ
သူ့အိပ်ခန်းထဲခေါ်ပြီး ကိုယ်မမျှော်လင့်ထားတဲ့စကားကိုပြောတော့သည်…
“ငါလဲအရမ်းအံ့သြသွားတာ…သူ့ကိုအဲလိုမထင်ခဲ့ဘူးလေ… ရေပက်ခံကားပေါ်မှာဖြစ်ပျက်နေလိုက်တာဟယ်…
လမ်းပေါ်ကခေါ်တင်လာတဲ့ကောင်မလေးနဲ့ .. ရွံဖို့ကောင်းလိုက်တာ”
……………………………………………………………………………….
ထိုနေ့ကကျမဝေ့ထံစောရောက်သွားခဲ့တာကံကောင်းသည်ဟု အချိန်အတော်ကြာသည်အထိယုံကြည်ထားခဲ့မိသည်…
ဖြူစင်သောချစ်ခြင်းကိုသာလိုလားခဲ့သော ၁၆နှစ်သမီးတစ်ယောက်ရဲ့ ဆယ်ကျော်သက်အရွယ်ကို ညစ်ညမ်းမခံလိုသောကြောင့်
တိုးရောက်မလာခင် အိမ်သို့အပြေးပြန်မိခဲ့သည်…
ထိုသို့သောကောင်လေးနှင့် ရုပ်ရှင်ရုံမှောင်မှောင်ထဲမှာအတူကပ်ထိုင်ဘို့
မစဉ်းစားရဲတော့ပါ… ပန်းခြံထဲကနေ့လည်စာဆိုတာ ဘာအကြံအစည်နဲ့လဲဟုဆက်မတွေးရဲတော့…
သတင်းပေးသောဝေ့ကိုကျေးဇူးတွေတင်ရင်း နောက်နေ့မှာကျေးဇူးတင်စကားပြောဘို့ကြိုးစားခဲ့ပေမဲ့
ဝေနှင့်အဆက်အသွယ်မရတော့… ဖုန်းဆက်တိုင်းအိမ်မှာမရှိသည့်ဝေ့ကို ဖုန်းမဆက်ဘဲလည်းသွားမတွေ့ချင်…
တိုးနှင့်ဆုံမိမှာစိုးသောကြောင့်လည်းဖြစ်သည်…
အချိန်တွေကြာလာပေမဲ့ဝေ့ကိုတခါတလေသတိရမိလေ့ရှိသည်…
မနှစ်ကရန်ကုန်ပြန်တော့ ဆယ်တန်းတုန်းကအတန်းတူသူငယ်ချင်းဖြစ်ခဲ့ဖူးသောသူငယ်ချင်းနှင့်ဆုံတွေ့ခဲ့သည်…
မထင်မှတ်ထားသောနေရာမှာဆုံတွေ့ကြတာမို့ ရုတ်တရက်အံ့သြကာ လက်ရှိအခြေအနေတွေအကြောင်းတလှည့်စီစပ်စုဖြစ်ကြသည်…
သူငယ်ချင်းရောကိုယ်ရော အိမ်ထောင်ကျနေပြီး ခလေး၂ယောက်စီရှိနေကြပြီဖြစ်သည်…
ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်း တိုးလဲအိမ်ထောင်ကျနေပြီဖြစ်ကြောင်းသူပြောပြသည်…
နင်တို့ဘယ်လိုဖြစ်သွားတာလဲဟုရီရင်းမေးသည့်အခါ
ကိုယ်က ချိန်းထားတဲ့နေ့မှာတင် မတွေ့ဖြစ်တော့တဲ့အကြောင်းပြောပြတော့ သူငယ်ချင်းကအလွန်အံ့သြသွားလျှက်
ဝေကတကယ်ဘဲအဲလိုပြောခဲ့သလားဟုမေးသည်…
တကယ်ပြောတာလေ…ဘာလဲမယုံဘူးလားဆိုတော့သူက
“တိုးနဲ့နင်နဲ့အကြောင်းငါသိလိုက်ပေမဲ့ နင်ကပေါ်မလာတော့ဘဲ
ဝေကတိုးကိုအရမ်းလိုက်ကပ်နေလို့ငါကအံ့သြနေတာ… ဒါနဲ့တိုးကိုငါက နင်နဲ့ကဘယ်လိုလဲလို့မေးတော့
နင့်မှာတခြားကောင်လေးတစ်ယောက်ရှိနေလို့ချိန်းထားတဲ့နေ့က နင်မလာခဲ့ဘူးတဲ့… သူအရမ်းကြေကွဲနေချိန်မှာ
ဝေကသူ့ကိုအားပေးခဲ့လို့ သူဖြေသာတာတဲ့… ငါကသူ့မှာတခြားကောင်လေးတစ်ယောက်ရှိနေမှန်းနင်ဘယ်လိုလုပ်သိတာလဲဆိုတော့
ဝေပြောပြတာတဲ့”
ရုတ်တရက်ဘာပြန်ပြောရမှန်းမသိတော့အောင်ဆွံ့အသွားတော့သည်…
သူငယ်ချင်းကတော့ သူအခုမှတွေ့လို့ ခုမှပြောပြဖြစ်တာ ခွင့်လွှတ်ပါတဲ့…
” မလိုပါဘူးသူငယ်ချင်းရယ်…
အခုချိန်မှသိရတာကျေးဇူးတင်ပါတယ်… ဒို့တွေလဲ ကိုယ့်အိမ်ထောင်နဲ့ကိုယ်ငြိမ်းချမ်းနေကြပြီဘဲ…
ပြီးခဲ့တာတွေပြီးပါစေတော့…” လို့ပြန်ဖြေရင်း ဝေ့ကိုသတိရစိတ်တွေက ပိုမိုပြင်းထန်လာခဲ့သည်…
ဝေသည် ကိုယ်ဘယ်တော့မှမေ့ဖြစ်မှာမဟုတ်သော သူငယ်ချင်းဟောင်းတစ်ယောက်ဖြစ်လေသည်…..