Friday, March 30, 2012
မန္တလေးပဲကြော်
မကြော်ခင်
ကြော်နေစဉ်
မန္တလေးပဲကြော်ရပါပြီ
ရန်ကုန်ပြန်တုန်းကသယ်လာတဲ့ ကမ္ဘာ့အဆင့်မီမြန်မာ့ရေနွေးကြမ်းနဲ့သောက်ရင်းစားပါတယ်
red bean အထုတ်
မန္တလေးပဲကြော် ကြော်ဖြစ်သွားရတဲ့အကြောင်းရင်းကတော့ မနော်ကနေစပါတယ်… March လ ၂၂ရက်မနက်က မနော်က Facebook ပေါ်က AaB page မှာ Breakfast Tray လေးလာတင်တယ်… အဲဒီထဲက မန္တလေးပဲကြော်က ကိုယ်သိပ်ကြိုက်ပြီး ကိုယ့်ဟာကိုယ်မလုပ်ဖြစ်လို့ မလုပ်တတ်တော့တဲ့ မုန့်ဖြစ်နေတယ်… အဲဒီအကြောင်းလေး ကော်မန့်ရေးမိတော့ မသက်ဝေက သူကြော်ခဲ့တဲ့ မန္တလေး ပဲကြော်ပုံလေး ကျမဆီ tag ပေးပြီး လုပ်ရတာလွယ်တဲ့အကြောင်းပြောပါတယ်… ကျမက အဲဒီပဲမျိုးရှာဝယ်ဖူးတယ်… ဒီမှာမတွေ့ဘူးဆိုတော့ အမသက်ဝေက ဂူဂယ်ကနေ ပုံနဲ့ အခေါ်အဝေါ်လေးပါပြပါတယ်…. ညီမ ဗစ်နဲ့ ညီမသန္တာ တို့ကလဲ အဲဒီ red bean မရရင် kidney bean နဲ့လုပ်လို့ရကြောင်း ပြောပြကြပါတယ်… မနော်ကလဲ အိန္ဒိယန်းဆိုင်တွေမှာရနိုင်ကြောင်းပြောပါတယ်… March လ ၂၆ရက်နေ့မှာ မချစ် ကလဲ မန္တလေးပဲကြော် ကြော်ပြီး facebook မှာတင်ပါတယ်… ဒါနဲ့ကိုယ်လဲ ရောဂါတခုရသွားသလို မရရအောင် ကြော်မယ်ဆိုတဲ့စိတ်နဲ့ ခလေးတွေကျောင်းသွားချိန် စူပါမားကတ်တကာပတ်ရှာပါတော့တယ်…
ကိုယ်ရောက်ခါစက ကြိုးစားရှာပေမဲ့ မတွေ့လို့လက်လျှော့ထားတာ ဆယ်နှစ်ကျော်ပြီထင်ရဲ့… အခုထရှာတော့ စူပါမားကတ်တိုင်းမှာရှိနေပြီ… အရင်က ပြည်ပဘဲပို့ကြလို့ရှာမရတာလားတွေးမိတယ်… အခုတော့ အဆင်သင့်တွေ့ပြီမို့ ဒီမနက်ဘဲအကောင်းအထည်ဖေါ်လိုက်ပါတယ်… ချက်နည်းကို မဆွိဆီကယူပါတယ်…
Red bean ကိုတစ်ညရေစိမ်ထားပြီး မနက်ကျတော့ microwave ထဲမှာနာရီဝက်ထည့်ပေါင်းပါတယ်... ကြက်သွန်ဖြူရှစ်မွှာနဲ့ ချင်းတတက်ကို ညက်နေအောင်ထောင်းပါတယ်... ပေါင်းပြီးသားပဲကို Blander နဲ့ခြေပါတယ်... ခြေပြီးသားပဲ(80 gram)တွေကို ကောက်ညှင်းမှုန့် (40 gram), ဆား (1 teaspoon), ဆားဆိုဒါ( 1 teaspoon), ထောင်းပြီးသားကြက်သွန်ဖြူ၊ချင်းတွေနဲ့ နယ်လို့ရရုံရေအနည်းငယ်ထည့်ပြီး ဇလုံထဲမှာနယ်ပါတယ်... နယ်ပြီးတော့ နာရီဝက်လောက်နှပ်ထားလိုက်ပြီးမှ မီးနဲနဲနဲ့ကြော်ပါတယ်...
ကိုယ့်ဟာကိုယ်ကြော်ပြီး စားကြည့်တော့စားကောင်းလိုက်တဲ့ဖြစ်ခြင်း… မြန်မာပြည်ပြန်ပြီး international standard အကြော်ဆိုင်လေး ပြန်ဖွင့်ရင်စီးပွါးဖြစ်နိုင်မယ်ထင်ရဲ့…
Tuesday, March 20, 2012
ချစ်သားငယ်လေး၆နှစ်ပြည့်
အတန်းရှေ့မှာ
ဝိုင်းဝိုင်းလည်
မွေးနေ့ကိတ်ဖယောင်းတိုင်မှုတ်ခါနီး
အတန်းဖော်သူငယ်ချင်းများနှင့်အမှတ်တရ
ဒင်နာအတွက်မွေးနေ့ကိတ်
အာလူးဟင်းနဲ့နံပြား
ဆိတ်သားဒံပေါက်
မွေးနေ့လက်ဆောင်
သားလေးဒီနေ့၆နှစ်ပြည့်ပါတယ်... သူ့သူငယ်ချင်းတွေနဲ့ အတန်းထဲမှာ မွေးနေ့ပွဲလုပ်ပေးဖို့ ပူဆာထားတာနဲ့ မနက်ဘက်ကျောင်းသွားပို့ထဲက မွေးနေ့ကိတ်ရယ်... သူ့အတန်းဖော်တွေကိုဝေပေးဘို့ လက်ဆောင်အိတ်လေးတွေရယ်... သူ့ဆရာမကိုပေးခဲ့ပြီး ဓာတ်ပုံရိုက်ပေးဘို့ ကင်မရာပါပေးထားခဲ့ပါတယ်... အခုတင်ထားတဲ့ပုံတွေက သူ့ဆရာမရိုက်ပေးထားတာပါ...
အိမ်မှာတော့ မနက်ပိုင်း မုန့်ဟင်းခါးနဲ့ ဟင်းတစ်ချို့ချက်ပြီး နေ့လည်ဘက်အားတဲ့သူငယ်ချင်းတွေကို ဖိတ်ပါတယ်... ညဘက်မှာတော့ မိသားစုဝင်တွေဘဲ သက်သက် မွေးနေ့ပွဲလေးထပ်လုပ်ပေးဖြစ်ပါတယ်... အိန္ဒိယန်းဆိုင်က ကုလားစာမှာစားကြပါတယ်... သားလေးကတော့ကျေနပ်စွာပျော်ရွှင်နေလေရဲ့...
Wednesday, March 14, 2012
Monsoon Restaurant & Bar
ငါးမြင်းဆီပြန်ဟင်း
မုန့်ဟင်းခါး
လက်ဖက်သုပ်
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ မြန်မာအစားအသောက်အချို့ပါ မှာယူစားသောက်နိုင်တဲ့ စားသောက်ဆိုင်လေးကို လွန်ခဲ့တဲ့တစ်လလောက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်….
မြန်မာနိုင်ငံ ရန်ကုန်မြို့က Monsoon ရဲ့ဆိုင်ခွဲဖြစ်ပါတယ်… ဗီယက်နမ်မှာ ပထမဆုံးမြန်မာအစားအသောက်ရတဲ့ ဆိုင်မို့ ဟိုချီမင်းမြို့မှာနေတဲ့ မြန်မာတွေ ခဏခဏသွားအားပေးကြပါတယ်… Menu ထဲမှာ ဟင်းအမယ်သိပ်မများပေမဲ့ မြန်မာအစားအသောက်နဲ့ ဝေးနေရသူတွေအတွက်တော့ အလွမ်းပြေစေပါတယ်…
ကျမတို့လို မြန်မာအမျိုးသမီးအိမ်ရှင်မတွေအတွက်ကတော့ ကိုယ့်ဟာကိုယ်အိမ်မှာချက်စားနေကျမို့ မြန်မာအစားအသောက်ကို လွမ်းလို့သွားစားဖြစ်တာမဟုတ်ဘဲ မြန်မာအစားသောက်ရောင်းချခြင်းကို ကျေနပ်သဘောကျစိတ်သက်သက်နဲ့ သွားရောက်အားပေးကြတာဖြစ်ပါတယ်... ဗီယက်နမ်မှာနေသူမြန်မာမိတ်ဆွေများ၊ ဗီယက်နမ်ကို လာလည်ဘို့ စိတ်ဝင်စားသူများအတွက် ဝေငှပေးခြင်းဖြစ်ပါတယ်…
Monsoon Restaurant & Bar Saigon
No.1 , Cao Ba Nha , Nguyen Cu Trinh ,
District 1 , Ho Chi Minh City , Vietnam.
Tel: +848 6290 8899
Sunday, March 4, 2012
မင်္ဂလာနှစ်ပတ်လည်
(ပုံကို Google မှယူပါသည်)
ခွဲခွါရတော့မည်ဆိုသည့်အသိနှင့် ဒီညနေချိန်လေး ကုန်ဆုံးသွားမှာ တုန်လှုပ်စွာကြောက်ရွံ့နေမိသည်…မနက်ဖြန်မနက်ဆို သူ့အလုပ်သစ်အတွက် မြန်မာနိုင်ငံမှထွက်ခွါသွားတော့မည်ဖြစ်သည်…. မနက်အစောကြီး လေယာဉ်ထွက်မှာမို့ အိမ်ကိုဘယ်လိုမှအကြောင်းပြပြီးလေဆိပ်လိုက်ပို့ဘို့မဖြစ်နိုင်သောကြောင့် ဒီညနေသည် ကိုယ်တို့နှစ်ယောက်အတွက် မကုန်ဆုံးစေချင်သောနောက်ဆုံးညနေခင်းလေးဖြစ်ခဲ့သည်… စာမှန်မှန်ရေးမည်၊ဖုန်းဆက်မည်၊ခွင့်ရတိုင်းပြန်လာလည်မည်ဟုပြောနေသောသူ့စကားများက နားထဲဝင်တချက် မဝင်တချက်… အတန်ကြာမှငြိမ်သက်တိတ်ဆိတ်နေသောသူ့ကိုသတိထားမိသွားပြီး ကိုယ့်စိတ်တွေကို ပြန်လည်စုစည်းလိုက်သည်… ဝမ်းနည်းစိတ်ထိခိုက်စရာကြုံတိုင်း သီချင်းတိုးတိုး ဆိုညည်းမိနေကျမို့ သီချင်းဆိုမယ် နားထောင်နော်ဟု ကိုယ်ပြောသောအခါ အားယူပြုံးနှင့် ခေါင်းငြိမ့်ပြသည်… သူ့ပုခုံးပေါ်ခေါင်းတင်မှီထားရင်း သိချင်းတိုးတိုး ဆိုညည်းနေချိန်မှာ ကိုယ့်ခေါင်းကို လက်နှင့်ဖွဖွသပ်ရင်း သူနားထောင်နေခဲ့သည်..
“ Even if you want to go alone….. I will be waiting when you coming home….
If you need someone to ease the pain…. You can lean on me…..
My love will still remain……”
သူခွင့်ရ၍ အလည်ပြန်လာမည်ဆိုသောအချိန်သည် သူထွက်သွားပြီး၃လအကြာမှာဖြစ်သည်… ထို၃လအတွင်း သူတပတ်တခါ ဖုန်းဆက်ပြီး တလတခါစာရေးခဲ့သည်… သူပြန်လာမည့်အချိန်သည် ည၇နာရီဖြစ်၍ ကိုယ်သွားမကြိုနိုင်ခဲ့… နောက်နေ့မနက်မှ အလုပ်မသွားခင်ဝင်တွေ့ဘို့သူ့ကိုပြောထားခဲ့ပြီးဖြစ်သည်… နောက်နေ့မနက် သူတည်းခိုရာနေရာသို့ သွားတွေ့ခဲ့သည်… ခွဲခွါပြီးမှ ပထမဆုံးပြန်လည်တွေ့ဆုံရမှာမို့ ကိုယ့်စိတ်တွေလှုပ်ရှားနေခဲ့သည်… စကားတွေအတူထိုင်ပြောနေရင်း လက်ထပ်ကြရဘို့ သူစပြောခဲ့သည်… ထိုစကားအဆုံးမှာ အံ့သြသွားရသူက ကိုယ်မဟုတ်ဘဲသူဖြစ်နေခဲ့သည်… ဇာတ်လမ်းတွေထဲကချစ်သူမိန်းခလေးတွေ လပ်ထပ်ခွင့်တောင်းခံရသောကြာင့် ရုတ်တရက် ခံစားရသော ကျေနပ်ပျော်ရွှင်မှုမျိုးအစား ကိုယ့်မျက်နှာပေါ်မှာ ဘာခံစားမှုမျိုးမှရှိမနေခဲ့… သူလက်ထပ်ခွင့်တောင်းတာ ဝမ်းမသာဘူးလားဟု အံ့သြစွာမေးခွန်းထုတ်ခဲ့သည်… တကယ်တော့ကိုယ်က ခံစားချက်ကင်းမဲ့သူမဟုတ်ခဲ့ပါ… သူကိုယ့်အပေါ်အလေးအနက်ထား ချစ်ခဲ့သည်ဆိုတာ သူချစ်ခွင့်ပန်ကထဲက ကိုယ်သိထားနှင့်ခဲ့၍ သူသည် ကိုယ်လက်ထပ်မည့်သူဆိုတာ ကိုယ့်ဟာကိုယ်သေချာနေခဲ့ပြီးဖြစ်သည်….
ကိုယ်ဖြစ်စေချင်သည့်မိသားစုဘဝမျိုးရမည်ဆိုတာသေချာမှ လက်ထပ်ချင်ကြောင်း၊ အိမ်ထောင်သည်ဘဝမှာ ကိုယ်လိုချင်သည့် ခင်ပွန်းတစ်ယောက်၏ ပုံစံမျိုး ကိုယ်ပြောပြသောအခါ သူငြိမ်သက်စွာ နားထောင်ပြီး ဘာမှမတုန့်ပြန်ခဲ့… သူခွင့်စေ့၍ပြန်သွားသောအခါ ကိုယ်ဖြစ်စေချင်သော ခင်ပွန်းတစ်ယောက်၏ပုံစံမျိုး သူမဖြစ်နိုင်လျှင် သူကိုယ့်ဆီပြန်လာတော့မှာမဟုတ်ဟုတွေးမိသည်… သူသည် စကားတစ်ခွန်းကို လွယ်လွယ်မပြောတတ်သလို ကတိကိုလွယ်လွယ်မပေးတတ်ပါ… ပေးပြီးသားကတိကိုလည်း ဘယ်တော့မှဖောက်ဖျက်မည့်သူမဟုတ်ဆိုတာ ကိုယ်သိနေခဲ့သည်… သူကိုယ့်ကို လက်မထပ်တော့ဘူးဆိုလျှင် တကယ်ကြေကွဲဝမ်းနည်းရမည့်သူက ကိုယ်သာဖြစ်သည်ကို သိနေပေမဲ့ တဘဝလုံးစာ သာယာသောအိမ်ထောင်တခုကိုတည်ထောင်ချင်သူမို့ အရာရာသေချာချင်ခဲ့သည်… သူကိုယ့်ကိုထားရစ်ခဲ့မည်ဆိုလျှင်လည်း ခံစားရမည့်လွမ်းဒဏ်ရာကို အချိန်နဲ့ကုစားလိုက်မည်ဟု ကိုယ့်ကိုကိုယ်ဖြေသိမ့်ရင်း စိတ်ကိုလျှော့ချထားခဲ့သည်…
၃လတခါသူပုံမှန်ပြန်လာတိုင်း ထိုအကြောင်းကို ကိုယ့်ဘက်ကစမပြောဖြစ်အောင်ကြိုးစားရင်း သူဘယ်လိုဆုံးဖြတ်မလဲ သိချင်နေခဲ့သည်… သူကတော့ပုံမှန်အတိုင်း သူ့အလုပ်အကြောင်းတွေပြောလိုက်၊ သူ့သူငယ်ချင်းတွေအကြောင်းပြောလိုက်၊ ကိုယ့်အလုပ်အကြောင်းတွေမေးလိုက် ဘာမှထူးခြားပုံမပြ… သူ၃လတခါပြန်လာလည်သော၎ခေါက်မြောက်မပြန်ခင်မှာ နောက်တခေါက်ပြန်လာလျှင် လက်ထပ်ပွဲအတွက် လိုအပ်သောပြင်ဆင်စရာတွေ စတင်ပြင်ဆင်ထားဘို့ပြောတော့မှ ကိုယ့်ရင်ထဲမှာ လှိုက်ခနဲခံစားရပြီး ဝမ်းသာကြည်နူးခဲ့ရသည်…တကယ်ကကိုယ်တောင်းသည့်ကတိတွေအပေါ်သူတွေဝေစဉ်းစားမနေခဲ့ဘဲ အစထဲကကိုယ့်ဆန္ဒတွေကို လိုက်လျှောဘို့သေချာနေခဲ့ခြင်းအတွက် အတိုင်းမသိပျော်ရွှင်ခဲ့ရသည်…
၎၊၃၊၁၉၉၉ ရက်နေ့မနက်၉နာရီ ဧမာနွေလဘုရားကျောင်းတွင် ကျမတို့ လက်ထပ်ခဲ့ကြသည်… ထိုနေ့က ဆရာတော်ပေါလ်ဂျွန်ကောင်းကြီးပေးခဲ့သည့်အတိုင်း ကျမတို့နှစ်ယောက် ယနေ့ထိတိုင် အတူတကွ မခွဲမကွာ ချစ်ကြင်နာနေကြဆဲ….
Subscribe to:
Posts (Atom)