ဒီနေရာလေးကနေတကယ်တမ်းပြောင်းရွှေ့ရတော့မဲ့အချိန်နီးလာတဲ့အခါ ရင်ထဲမှာနှမျောမိသလိုခံစားရသည်။
မလွမ်းတတ်တဲ့ကိုယ်က ဒီနေရာလေးကနေပြောင်းရွှေ့သွားပြီးတဲ့အခါ ရင်ထဲမှာ တသသ သတိရနေမိမလားဆိုတာတော့မသေချာ။
တကယ်တော့ကိုယ်က အသည်းမာသည်ဟုပြောလို့ရသောလူစားမျိုးဖြစ်သည်။ထိုကဲ့သို့သောလူစားမျိုးဖြစ်လာအောင်လည်း
ဘဝအတွေ့အကြုံမျိုးစုံမှ သင်ယူခဲ့ ခြင်းဖြစ်သည်။
ရောက်သည့်အရပ်မှာပျော်အောင်နေတတ်သောကိုယ်က ငယ်သူငယ်ချင်းများကိုလွမ်းဆွတ်မနေတတ်ခဲ့။
ဟိုးငယ်ငယ်၁၀နှစ်သမီးအရွယ်ထဲက အင်းစိန်ကကျမ်းစာကျောင်းမှာခရစ်ယာန်ဘုရားကျောင်းပေါင်းစုံကဘုရားကျောင်းတစ်ကျောင်းမှာတစ်ယောက်ရွေးချယ်လျှက်
တစ်ပတ်တာ campသွင်းပြီး သင်တန်းပေးသည့်ထဲတွင် ကိုယ်တို့ဘုရားကျောင်းမှာကိုယ်အရွေးခံခဲ့ရသည်။
အဲဒီcampမှာ ညဘက်တွေဆို တချို့ခလေးတွေက အိမ်ကိုလွမ်းလို့ငိုတဲ့သူရှိသလို အိပ်ရာပြောင်းလို့အိပ်မရသူတွေရှိခဲ့သည်။ထိုခလေးများထဲတွင်ကိုယ်မပါဝင်ခဲ့ပါ။မိဘများလာလည်လို့ရတဲ့
နေ့ခင်းချိန်တွေမှာ ခလေးတွေကအဆောင်ရှေ့ကခုံတန်းတွေမှာထိုင်ရင်းသူတို့မိဘတွေကိုမျှော်နေတတ်ကြပေမဲ့
ထိုအထဲမှာလည်းကိုယ်မပါဝင်ခဲ့။ အဖေကလာတွေ့တဲ့အခါ ဆရာမတွေကကိုယ့်ကိုလိုက်ရှာပြီး အဖေနှင့်တွေ့ဆုံစေခဲ့ရသည်သာဖြစ်သည်။
ကိုယ်ကတော့ ရောက်တဲ့အရပ်မှာ တွေ့ရတဲ့သူတွေနှင့် ပျော်အောင်နေတတ်သူမို့ မိဘကိုမျှော်နေသည့်ခလေးတစ်ယောက်မဟုတ်ခဲ့။
တစ်ကျောင်းကနေတစ်ကျောင်းပြောင်းတဲ့အခါ အဆင်မပြေဖြစ်တတ်တဲ့ဆယ်ကျော်သက်အရွယ်မှာလည်းကိုယ်က
ကျောင်းအသစ်မှာ နှစ်ဝက်မှပြောင်းရွှေ့လာသူဖြစ်ပေမဲ့ အတန်းဖော်များနှင့်အဆင်ပြေစွာပေါင်းသင်းနိုင်ခဲ့သူဖြစ်သည်။ကျောင်းအဟောင်းမှသူငယ်ချင်းဟောင်းများကိုလည်း
လွမ်းဆွတ်မနေခဲ့။
အိမ်ထောင်ကျလို့ယောင်နောက်ဆံထုံးပါရတဲ့အခါမှာလည်း တစ်ပတ်တစ်ခါမိဘကိုမှန်မှန်ဖုန်းဆက်တတ်တဲ့
တခြားတစ်နိုင်ငံရောက်နေတဲ့အမလို ကိုယ်တာဝန်မကျေနိုင်ခဲ့။ရင်ထဲကသာချစ်နေတတ်လျှက် လူသိအောင်ထုတ်မပြတတ်တာ၊
လက်ရှိအနေအထားကိုသာ အလေးအနက်ထားတတ်သူကိုယ်က မိသားစုအသိုင်းအဝိုင်းမှာ အသည်းမာသူဖြစ်နေပါလိမ့်မည်။
ထိုကဲ့သို့ မလွမ်းတတ်သော ချစ်နေတာကိုထုတ်ဖော်မပြတတ်သောကိုယ်က
ဒီနေရာလေးကို ချစ်ခင်တွယ်တာနေပါလျှက် နှုတ်ကတော့ ထုတ်ဖော်မပြောဖြစ်ခဲ့။ ဒီနေရာလေးမှာနေရတာ
လုံခြုံနွေးထွေးမှုတွေနဲ့ ကျေနပ်စရာဖြစ်ပေမဲ့ ထုတ်ဖော်ချီးကျူးမှုတွေမပြုမိခဲ့။
အိမ်နေရာကျဉ်းကျဉ်းလေးတွေ၊တိုက်ခန်းအဆောက်အဦတွေနဲ့ ဆိုင်ကယ်အိတ်ဇောတွေဖုန်တွေထူထပ်နေတဲ့
ပတ်ဝန်းကျင်ကိုမေ့ထားလို့ရတဲ့ ဒီအိမ်ရာဝင်းလေးဟာ ဒီမြို့ထဲမှာရှားရှားပါးပါးရှိနေခဲ့ပါလျှက်
ကိုယ်ကထူးခြားကျေးဇူးမတင်တတ်ခဲ့။
ဒီနေရာလေးမှာကိုယ်တို့ဇနီးမောင်နှံရဲ့အိမ်ထောင်ဦးအမှတ်တရများစွာရှိသည်။ခလေးတွေမွေးဖွားကြီးပြင်းလာရာနေရာလေးဖြစ်သလို
သူတို့လေးတွေ ဘေးကင်းလုံခြုံစွာ ပြေးလွှားဆော့ကစားခဲ့သော ပြေးလွှားဆော့ကစားနေဆဲဖြစ်သောနေရာလေးဖြစ်သည်။
စနေ၊တနင်္ဂနွေနေ့တွေမှာ သမီးလေး၏သူငယ်ချင်းများလာရောက်လည်ပတ်ချင်လေ့ရှိသောနေရာလေးဖြစ်သည်။
မနက်မိုးလင်းထဲကသူတို့မိဘတွေ စိတ်ချစွာလာထားခဲ့ပြီး ညနေစောင်းမှာလာပြန်ကြိုကြလေ့ရှိသည်။
ထိုနေ့တွေမှာသမီးလေးကသူငယ်ချင်းများနှင့်အတူရေကူးလိုက်
၊ရေကူးကန်ဘေးကစားသောက်ဆိုင်လေးမှာမုန့်တွေဝယ်စားလိုက်နှင့် ပျော်ရွှင်နေလေ့ရှိသည်။
ခင်ပွန်းသည်လူပျိုဘဝထဲကနေလာသောနေရာလေးမို့ သူက နှမျောတမ်းတလွမ်းဆွတ်နေမှာသေချာသလို
သားနှင့်သမီးသည်လည်း အဖေနှင့်ထပ်တူခံစားရပေလိမ့်မည်။
အသည်းမာသည့်ကိုယ်တောင်မှ၁၉၉၉ခုနှစ်ကနေ ခုထိနေထိုင်နေဆဲဒီနေရာလေးကိုမကြာခင်ခွဲခွာရတော့မယ်ဆိုတော့နည်းနည်းလေးလွမ်းတတ်လာသလိုလို။၁၄နှစ်ကျော်ကျော်
လုံခြုံနွေးထွေးစွာ သက်တောင့်သက်သာ နေထိုင်ခဲ့ရသောဒီနေရာလေးကို တမ်းတစွာလွမ်းဆွတ် သတိရမိနေမလားမသေချာပေမဲ့
ခုတော့မပြောင်းခင်ထဲကလွမ်းနေရပြီဖြစ်သည်။
တကယ်တမ်းပြောင်းပြီးလို့ တသသ တမ်းတစွာသတိရမိနေလျှင်လည်း
ဒါလဲနောက်ထပ်တိုးမဲ့ဘဝအတွေ့အကြုံတစ်ခုပေဘဲဟု ကိုယ့်ကိုကိုယ်အားတင်းရမည်သာဖြစ်သည်။
အခုထိတော့ဒီနေရာလေးမှာကိုယ်နေထိုင်နေဆဲဖြစ်သည်။ ယနေ့မှစ
မပြောင်းရွှေ့ခင်အချိန်ထိ ဒီနေရာလေးမှာနေထိုင်ရတဲ့ နေ့ရက်တိုင်းကို ကျေးဇူးတင်စွာတန်ဘိုးထားဖြတ်သန်းပါတော့မည်။