ခုတလောတွေမှာ
တကယ်ကိုမအားတာ… ဘလော့လေးကိုပစ်ထားရတာ စိတ်တော့မကောင်း…ဒါပေမဲ့ ခလေးနှစ်ယောက် တလှည့်စီနေမကောင်းဖြစ်တဲ့အခါ
ဘယ်ဘက်မှလှည့်မကြည့်အားအောင်ကို စိတ်တွေပူပြီး ညတောင်မအိပ်နိုင်အောင်ပါဘဲ… ကိုယ်မှေးခနဲအိပ်ပျော်သွားချိန်
သူတို့တွေ အဖျားတက်မှာ တခုခုဖြစ်မှာစိုးရိမ်တာနဲ့ ကောင်းကောင်းမအိပ်ရဲဘူး…
သူတို့နေပြန်ကောင်းပြန်တော့
ကိုယ့်ပတ်စပို့သက်တမ်းတိုးဘို့ပြင်ရပြန်ရော… ဟိုချီမင်းမှာ သံရုံးမရှိတော့ သံရုံးရှိရာ
ဟနွိုင်းကိုသွားဘို့ပြင်ဆင်ရတော့တယ်… ကိုယ်သွားမယ်ဆို ကိုယ့်ရဲ့မီးရထားတွဲကြီးကတန်းလန်းတန်းလန်း…
ခလေးနှစ်ယောက်ရယ်၊ ရန်ကုန်ကခေါ်လာတဲ့အိမ်အကူရယ် ကိုယ့်အတွက်ရယ်…လေယာဉ်လက်မှတ်ဝယ်၊ဟိုတယ်ဘွတ်ကင်တင်ပြီး
ဟနွိုင်းကိုပြေးရပြန်တယ်…
ဟနွိုင်းကသံရုံးမှာမနက်လျှောက်လွှာတင်၊လက်ဗွေနှိပ်ပြီးထားခဲ့၊ညနေသွားပြန်ယူ၊
အစစအရာရာအဆင်ပြေပါတယ်…နောက်နေ့ ဟနွိုင်းမှာတနေကုန်လျှောက်လည်တယ်… နောက်တနေ့မှာဆိုင်ဂုံပြန်ရောက်တယ်…
ဆိုင်ဂုံပြန်ရောက်ချိန်ခလေးတွေကျောင်းပိတ်ထားတုန်းမို့
ခလေးတွေသွားစစ်ဘို့ ရက်ချိန်းယူ၊ဆေးခန်းသွားနဲ့ အဲဒီတပတ်လည်း သူငယ်ချင်းတွေအတွက်အချိန်မပေးနိုင်ခဲ့။
၂၁ရက်နေ့ညနေမှာစိတ်မကောင်းစရာကြုံရတယ်…
ကိုယ်တို့နေတဲ့ဝင်းထဲမှာလာနေတဲ့နိုင်ငံခြားသားတစ်ချို့ကကြောင်တွေကို မွေးတတ်ကြတယ်…
သူတို့အလုပ်တာဝန်ပြီးဆုံးလို့ သူတို့နိုင်ငံအပြီးပြန်ကြတဲ့အခါ တချို့က မွေးထားတဲ့ကြောင်လေးတွေကို
ထားခဲ့တတ်ကြတယ်… ကိုယ်က အဲလိုကျန်ခဲ့တဲ့ကြောင်လေးတွေကိုသနားပြီး ကိုယ့်အိမ်ခြံဝင်းထဲမှာခေါ်ထားလေ့ရှိတယ်…
အဲလိုခေါ်ထားရင်းနဲ့ ကိုယ့်ခြံထဲနေမှာနေတဲ့ကြောင်တွေအများကြီးဖြစ်လာတယ်… အဲဒီအများကြီးထဲကနောက်ပေါက်တဲ့ကြောင်လေးတစ်ကောင်ကို
ခွေးကိုက်သွားတယ်…ကိုက်တာထက် ကိုယ်တို့တွေ့တဲ့အချိန်မှာ ခွေးနှစ်ကောင်အဲဒီကြောင်လေးကိုဆွဲနေတာ…
ကိုယ်တို့လင်မယားခွေးတွေကိုမောင်းထုတ်ပြီးကြောင်လေးကိုလှောင်အိမ်လေးထဲထည့် အစာကျွေးပြီး
ဆေးခန်းပို့ဖို့လုပ်တော့ တနင်္ဂနွေပိတ်ရက်မှာဆေးခန်းတွေက ပိတ်တယ်… အင်တာနက်ကနေရှာတော့
ခပ်ဝေးဝေးတနေရာမှာဖွင့်တဲ့ဆေးခန်းတခုရှာတွေ့တာနဲ့ ဆေးခန်းပို့ဖို့အဲဒီကြောင်လေးကို
ခေါ်တော့ သူအသက်မရှိတော့ဘူး… ကိုယ့်မျက်စိရှေ့တင်ဖြစ်သွားတာမို့ တော်တော်စိတ်မကောင်းဖြစ်ရတယ်…သမီးလေးဆို
နောက်နေ့မနက်ထိငိုတုန်း… ကိုယ်ကတော့ တပတ်လောက်အကြာမှာစိတ်မကောင်းဖြစ်နေသေးပေမဲ့ သူ့ကံဘဲလေလို့
ဖြေတွေးလို့ရသွားတယ်…
ခလေးတွေကျောင်းပြန်ဖွင့်တော့
ဒီဇင်ဘာကျောင်းပိတ်ရက်အတွက် အပန်းဖြေခရီးထွက်ဖို့ စီစဉ်ရပြန်ရော…
ခရီးတွေလည်းခလေးတွေကျောင်းပိတ်တိုင်းထွက်နေတော့
သွားစရာနေရာတွေလည်းထပ်နေပြီ…စီစဉ်လို့တော့ပြီးသလောက်ရှိနေပါပြီ….
ဒီတပတ် ကျောင်းမှာ
Halloween ပွဲလည်းရှိတော့ costumeရှာဝယ်ရသေးတယ်… ဒီနေ့တော့ အဲဒါတွေဝတ်ပြီးကျောင်းသွားကြလေရဲ့…
မနေ့က ဘလော့ရေးမှခင်ဖြစ်ပေမဲ့
ငယ်ပေါင်းကြီးဖေါ်တွေလို ရင်းနှီးသွားပြီး ချစ်ခင်တွယ်တာရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့မို့
ဖုန်းဆက်နှုတ်ဆက်ဖြစ်ပါတယ်… သူ့အတွက် ဝယ်ထားတဲ့ မွေးနေ့လက်ဆောင်လေးတော့ လူချင်းတွေ့မှပေးတော့မယ်…
ဒီအောက်တိုဘာလထဲမှာ
အလုပ်တွေရှုတ်နေလိုက်တာ ခုမှဘလော့ပို့စ်တင်ဖြစ်တယ်…
နောက်လတော့
ရေးလက်စတန်းလန်းလေးတွေ အပြီးသတ်ဖြစ်မလား မသေချာသေး…
ခလေးတွေကြီးလာရင်တော့
တခြားဘလော့ဂါမောင်နှမတွေလို ပုံမှန်ရေးနိုင်မယ်ထင်ရဲ့….
ခုတော့ ဘလော့လေးက
ဆန့်ငင်ဆန့်ငင် အသက်ဆက်နေရရှာတယ်…
ပုံမှန်မရေးဖြစ်ပေမဲ့
ဒီဘလော့လေးကို
လာလည်ကြတဲ့မိတ်ဆွေမောင်နှမများကို
အထူကျေးဇူးတင်လျှက်
Robin Hood နဲ့ Lady Vampire ကျောင်းသွားခါနီးအိမ်ကအထွက်
ROSE OF
SHARON