chúc mừng năm mới ဆိုတာ ဗီယက္နမ္စကားပါ (ကြ်တ္မြန္နမ္မြီ) လို့အသံထွက်ပြီး အဓိပ္ပါယ်က Happy New Year ပါ... တရုတ်နှစ်သစ်ကူးချိန်မှာဘဲ ဗီယက်နမ်တွေလဲ နှစ်သစ်ကူးကြတယ်... Tết လို့ခေါ်တဲ့ ဗီယက်နမ်နှစ်သစ်ကူးရာသီမှာ ရုံးတွေဆိုင်တွေပိတ်ကြတယ်... ကျမတို့မြန်မာတွေ သင်္ကြန်ချိန်နီးရင် အစားအသောက်တွေစုဆောင်းကြသလို သူတို့တွေလဲ Tết မတိုင်ခင် တစ်ပတ်နှစ်ပတ်လောက်ကတည်းက အစားအသောက်တွေကြိုဝယ်ထားကြလို့ အခုတလော စူပါမားကတ်တွေမှာ ကြိတ်ကြိတ်တိုးနေ ကြတာ ပိုက်ဆံရှင်းရင်လဲ ကောင်တာမှာ တန်းစီစောင့်ရတာ လူတန်းကအရှည်ကြီးမို့ အကြာကြီးပါဘဲ... အဲဒီအချိန်မှာ သူတို့တွေ အလုပ်မလုပ်ကြဘူး... သူတို့အဆိုအရ လယ်သမားလဲနား လယ်ယာမြေလဲနားရတယ်တဲ့... အဲဒီအချိန်အတွင်းမှာ ဝတ်ကောင်းစားလှဝတ်ကြတယ်... စိတ်ကောင်းထားကြရတယ်... အပြုအမူအနေအထိုင်တွေ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတယ်... နှစ်သစ်မှာကောင်းမှ တစ်နှစ်လုံးကောင်းမယ်ပေါ့... သူတို့နှစ်သစ်ကူးဟာ အပြင်ထွက်လည်ကြတာမဟုတ်ဘဲ မိသားစုတွေ ပြန်လည်ဆုံစည်းကြပြီး အတူတူချက်ပြုတ်စားကြလေ့ ရှိတယ်... အဲလိုအချိန်မှာ ရထားလတ်မှတ် အဝေးပြေးကားလတ်မှတ်တွေ ဝယ်မရတော့ဘူး... အကုန်လုံး fullly booked ဘဲ... ကျမတောင် ပင်လယ်ကမ်းခြေဘက်သွားဘို့ကို တစ်လစောပြီး ဘွတ်ကင်တင်ထားရတယ်.... ဒါတောင်မှီရုံလေးရယ်... အားနေတုန်းရိုက်ထားတဲ့ ပုံလေးတွေတင်လိုက်ပါတယ်... မောင်နှမများအားလုံးကို chúc mừng năm mới လို့နှုတ်ဆက်လိုက်ပါတယ်နော်...
Saturday, January 29, 2011
chúc mừng năm mới
chúc mừng năm mới ဆိုတာ ဗီယက်နမ်စကားပါ (ကျွတ်မွန်နမ်မွီ) လို့အသံထွက်ပြီး အဓိပ္ပါယ်က Happy New Year ပါ... တရုတ်နှစ်သစ်ကူးချိန်မှာဘဲ ဗီယက်နမ်တွေလဲ နှစ်သစ်ကူးကြတယ်... Tết လို့ခေါ်တဲ့ ဗီယက်နမ်နှစ်သစ်ကူးရာသီမှာ ရုံးတွေဆိုင်တွေပိတ်ကြတယ်... ကျမတို့မြန်မာတွေ သင်္ကြန်ချိန်နီးရင် အစားအသောက်တွေစုဆောင်းကြသလို သူတို့တွေလဲ Tết မတိုင်ခင် တစ်ပတ်နှစ်ပတ်လောက်ကတည်းက အစားအသောက်တွေကြိုဝယ်ထားကြလို့ အခုတလော စူပါမားကတ်တွေမှာ ကြိတ်ကြိတ်တိုးနေ ကြတာ ပိုက်ဆံရှင်းရင်လဲ ကောင်တာမှာ တန်းစီစောင့်ရတာ လူတန်းကအရှည်ကြီးမို့ အကြာကြီးပါဘဲ... အဲဒီအချိန်မှာ သူတို့တွေ အလုပ်မလုပ်ကြဘူး... သူတို့အဆိုအရ လယ်သမားလဲနား လယ်ယာမြေလဲနားရတယ်တဲ့... အဲဒီအချိန်အတွင်းမှာ ဝတ်ကောင်းစားလှဝတ်ကြတယ်... စိတ်ကောင်းထားကြရတယ်... အပြုအမူအနေအထိုင်တွေ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတယ်... နှစ်သစ်မှာကောင်းမှ တစ်နှစ်လုံးကောင်းမယ်ပေါ့... သူတို့နှစ်သစ်ကူးဟာ အပြင်ထွက်လည်ကြတာမဟုတ်ဘဲ မိသားစုတွေ ပြန်လည်ဆုံစည်းကြပြီး အတူတူချက်ပြုတ်စားကြလေ့ ရှိတယ်... အဲလိုအချိန်မှာ ရထားလတ်မှတ် အဝေးပြေးကားလတ်မှတ်တွေ ဝယ်မရတော့ဘူး... အကုန်လုံး fullly booked ဘဲ... ကျမတောင် ပင်လယ်ကမ်းခြေဘက်သွားဘို့ကို တစ်လစောပြီး ဘွတ်ကင်တင်ထားရတယ်.... ဒါတောင်မှီရုံလေးရယ်... အားနေတုန်းရိုက်ထားတဲ့ ပုံလေးတွေတင်လိုက်ပါတယ်... မောင်နှမများအားလုံးကို chúc mừng năm mới လို့နှုတ်ဆက်လိုက်ပါတယ်နော်...
Tuesday, January 18, 2011
နှစ်သစ်မှာ
အဲလိုအကောင်းဆုံးအသက်ရှင်နေထိုင်ဘို့ ဖေဖေ့ဆီက ပုံသက်သေတွေ စံနမူနာယူလေ့ရှိတယ်... ဒီနှစ်ဖေဖေမရှိတော့တဲ့အခါ ဖေဖေ အသက်ရှင်တုန်းက ကျမအနှစ်သက်ဆုံး ဖေဖေ့ဆီက ပုံသက်သေအတိုင်း နေထိုင်မယ်လို့ ဆုံးဖြတ်မိတယ်....
ဖေဖေဟာ ကျမတို့ကို ဖြောင့်မှန်စွာ အသက်ရှင်နေထိုင်ဖို့ သွန်သင်ဆုံးမခဲ့တဲ့ အပြင် သူသင်တဲ့အတိုင်း သူကိုယ်တိုင်ကျင့်ကြံ ခဲ့သူလည်းဖြစ်တယ်....
ကျမအနှစ်သက်ဆုံးဖေဖေ့ဆီက ပုံသက်သေက သူများကိုယ့်အပ်ါမကောင်းကြံပါစေ ကိုယ့်ဘက်က သူ့ကို ဘာမှမတုန့်ပြန်ဘဲ ကိုယ့်ဟာကိုယ် အကောင်းဆုံးစိတ်ထားနဲ့ နေတတ်ဘို့ပါဘဲ...
ကျမ အရမ်းငယ်တုန်းက အဖြစ်အပျက်လေးပေမဲ့ အခုထိ မှတ်မိနေသေးတဲ့ ဖြစ်ရပ်တစ်ခုပေါ့.... ကျမတို့ငယ်ငယ်က ဖေဖေဟာ အစိုးရဝန်ထမ်းမို့ ဝန်ထမ်းအိမ်ယာမှာ နေကြတယ်.... သစ်သားအိမ်လေးတွေကို ဖြတ်ပြီးရင် ခြောက်ခန်းဘဲရှိတဲ့ တိုက်အိမ်လေးမှာ ကျမတို့မိသားစုနေတယ်.... ကျမတို့ အိမ်ဘေးမှာ နတ်မျိုးစုံကိုးကွယ်တဲ့ နတ်ကတော် တစ်ယောက်နေတယ်...သူ့အမျိုးသားကဖေဖေနဲ့ အလုပ်တူတယ်....သူတို့မှာလည်း ခလေးတွေရှိတော့ ကျမတို့တွေ ကစားဖော် အိမ်နီးချင်းတွေ ဖြစ်ခဲ့တယ်... ဒါပေမဲ့ ဘာလို့မှန်းမသိ အဲဒီနတ်ကတော် အမျိုးသမီးဟာ ကျမတို့ကို ကြည့်မရဘူး... ကျမအမေကို မနာလိုဘူး... ကျမက ငယ်သေးတော့ သူဘယ်လောက်အထိ ကျမတို့ မိသားစုကို ပုတ်ခက်စော်ကားခဲ့တယ် အသေးစိတ် မမှတ်မိတော့ဘူး.... နောက်ဆုံးဇာတ်ရှိန်မြင့်လာမှ ခလေးတစ်ယောက်ဖြစ်ပေမဲ့ သတိထားမိသွားတာ... ကျမသိတဲ့ အချိန် ဒီအမျိုးသမီးရဲ့ မနာလိုစိတ်ဟာ အထွတ်အထိပ်ကို ရောက်နေပြီ... နာမည်တပ်ပြီးအော်ဆဲတဲ့အထိကို ဆိုးလာတယ်... ကျမမေမေက သိပ်အနေအေးတယ်... တချို့မိန်းမတွေလို အိမ်မလည်တတ်တဲ့မေမေဟာ ရန်ဖြစ်ရတာလဲ ရှက်တတ်သူဖြစ်တယ်... မေမေစိတ်မကောင်းဖြစ်ပြီးငိုတာဘဲ ကျမမှတ်မိတယ်... သူ့ကိုဘာမှ မတုန့်ပြန်လေ သူ့ရဲ့ဒေါသစိတ်က ပြင်းထန်လေဖြစ်ပြီး နောက်ဆုံး ကျမတို့တအိမ်လုံးကို အောက်လမ်းပညာနဲ့ ဖျက်ဆီးမယ် ဆိုပြီး မန်းထားတယ်ဆိုလား အဲဒီစာရွက်တွေကို မီးရှို့ပြီး ကျမတို့ ခြံထဲကို ပစ်ချတယ်... သူ့နတ်စင်ပေါ်က ဘာလုပ်ထားတယ်ဆိုလဲမသိ ရေတွေ သွန်ချတယ်.... ကျမမှတ်မိတာ အဲလိုတွေလုပ်နေတာ ညဘက်ကြီး.... ကျမတို့ခလေးတွေကကြောက်နေပြီ... ဒီအချိန်မှာ ဖေဖေက တည်ငြိမ်စွာဘဲ မိသားစုအားလုံးကို အတူတူဝိုင်းထိုင်ခိုင်းပြီး ဘုရားဆုတောင်းတယ်... ဘေးအန္တရယ်က ဘုရားရှင် ကွယ်ကာပေးဘို့ ဖေဖေနဲ့ မေမေ တလှည့်စီ ဆုတောင်းကြတယ်... ပြီးတော့ ဓမ္မသီချင်းတွေဆိုတယ်... ဆုတောင်းလိုက် ဓမ္မသီချင်းတွေဆိုလိုက်နဲ့ ကျမတို့ ခလေးတွေရှေ့ဆင့်နောက်ဆင့် အိပ်ပျော်သွားကြပေမဲ့ ဖေဖေနဲ့ မေမေက တစ်ညလုံးမအိပ်ဘဲ ဆက်ဆုတောင်းနေခဲ့ ကြတယ်... နောက်နေ့မနက် ကျမတို့ အိပ်ယာနိုးတဲ့ အချိန်မှာ ကျမတို့ အိမ်နားဝန်းကျင်မှာ ရုတ်ရုတ်သဲသဲတွေဖြစ်နေတယ်... ဖေဖေနဲ့မေမေကတော့ စိတ်မကောင်းပုံပေါ်ပေမဲ့ တည်တည်ငြိမ်ငြိမ်ပါဘဲ... ရပ်ကွက်ထဲက တစ်ချို့လူတွေကတော့ ကျမ အဖေနဲ့အမေက အဲဒီအမျိုးသမီးကို သည်းမခံနိုင်တော့လို့ ပြုစားလိုက်တယ်လို့ ပြောကြတယ်... တကယ်တော့ဖေဖေနဲ့မေမေက ဘေးအန္တရယ်က ကွယ်ကာဘို့ဘဲ ဆုတောင်းခဲ့တာပါ... စိတ်ရောဂါအထူးကုဆေးရုံကိုပို့ရလောက်အောင် ညတွင်းချင်းရူးသွားရတာက သူ့အတ္တနဲ့သူ ဖြစ်တာလို့ ကျမယူဆပါတယ်...
ကျမဖေဖေ့ဆီက သင်ယူမိတာက ဘယ်သူကိုယ့်အပေါ်ဘယ်လိုဘဲ မကောင်းကြံပါစေ... ကိုယ့်ဘက်က မတုန့်ပြန်ဘဲ ကိုယ့်ဟာကိုယ် မှန်မှန်နေဘို့ပါဘဲ... ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုတာ ကျမလက်ခံပါတယ်.... အဲဒီအတိုင်းလဲ ကျင့်သုံးပါတယ်... ပတ်ဝန်းကျင်မှာ ကိုယ့်အပေါ်မကောင်းကြံမှု၊ ကိုယ့်ကွယ်ရာမှာ ကိုယ့်ကို မကောင်းဘူးရယ်လို့ လုပ်ကြံပြောခံရတာတွေ ကြုံခဲ့ဘူးပါတယ်... ကျမဖေဖေ့လောက်တော့ တည်ငြိမ်စွာ မနေနိုင်ခဲ့ပါဘူး... ဒါပေမဲ့ ဘယ်တော့မှ မတုန့်ပြန်ဘဲ ဖေဖေ့လိုတည်ငြိမ်ခြင်းနဲ့ ဒါတွေကို ကျော်ဖြတ်နိုင်ဘို့ ဆုတောင်းခဲ့ပါတယ်... အမှန်တရားက အချိန်တန်ရင်ပေါ်လာမြဲပါဘဲ... ဒါပေမဲ့ အဲဒီ အမှန်တရားပေါ်မလာသေးခင်ကာလမှာ ကိုယ့်အပေါ်မကောင်းသူတွေကို ဘာမှမဖြစ်သလို တည်ငြိမ်စွာဆက်ဆံနိုင်ဘို့ ဖေဖေ့ဆီက ပုံသက်သေလက်ဆောင်တစ်ခု ရလိုက်တာ ကျမအတွက် အရမ်းကိုတန်ဘိုးရှိပါတယ်...
ဒီနှစ်မှာလဲ မနှစ်ကလို ကိုယ့်ဘက်ကနေဘဲ ကိုယ့်ဟာကိုယ် ကောင်းအောင်နေထိုင်ဘို့ သူများကိုယ့်အပေါ်မကောင်းတာတွေကို ဥပေက္ခာပြုနိုင်ဘို့ ဘုရားရှင်ထံမှခွန်အားယူရင်း နှစ်သစ်ကိုလျှောက်လှမ်းပါဦးမည်...
Saturday, January 15, 2011
ပျောက်ဆုံး

သတိတွေထားပြီးပြောနေစရာမလိုတဲ့စကားတွေ
တဝကြီးပြန်ပြောနေချင်မိ
လူတွေဘာကြောင့်များ
ငယ်ရာကကြီးလာရပါလိမ့်
စိတ်အလိုမကျတိုင်း
နေရာမရွေးအော်ငိုချင်တယ်
ကိုယ့်ကိုစိတ်အနှေက်အယှက်ပေးသူတွေကို
တွေ့ရာနဲ့ပြေးထုချင်တယ်
ဘာဘဲလုပ်လုပ် ခလေးမို့ဆိုတဲ့အတွေးတွေနဲ့
ခွင့်လွှတ်ခြင်းတွေရချင်တယ်
ခုတော့
စကားအပြောအဆိုတွေ
ဆင်ခြင်နေရ
စိတ်ထဲမပါလဲ
ပြုံးပြနေရ
စော်ကားခံရတိုင်းလဲ
မြိုချနေရ
သြော်…….
စိတ်လွတ်လပ်မှုတွေပျောက်ဆုံးနေရ
ငါ့ဘဝ။
Monday, January 3, 2011
ံHAPPY NEW YEAR 2011

၂၀၁၀နဲ့လမ်းခွဲလိုက်ရတာ အရမ်းပျော်တယ်...ကိုယ့်အတွက် ကောင်းခြင်းတွေနည်းပြီး မကောင်းခြင်းတွေများခဲ့တဲ့ ဒီ၂၀၁၀ဟာ တကယ်ကိုမလွမ်းလောက်ပါဘူး....
ဒီနှစ် နှစ်သစ်ကူးကို အခါတိုင်းလို အိမ်မှာမနေဘဲ ခလေးတွေနဲ့ ပင်လယ်ကမ်းခြေကို ခရီးထွက်ပြီး နှစ်သစ်ကိုကြိုဆိုခဲ့တယ်... ၂၀၁၁ ဟာ ကောင်းခြင်းတွေသယ်ဆောင်လာမယ်လို့ မျှော်လင့်ရင်းနဲ့....
ငယ်ငယ်တုန်းကတော့ နှစ်သစ်ကူးညတွေဆို ဘုရားကျောင်းမှာ ဘုရားရှိခိုးပြီး ည၁၂နာရီတိတိမှာ Happy New Year လို့အော်ကြတယ်... အရွယ်ရောက်လာတော့ အိမ်ကလူတွေနဲ့ ဘုရားကျောင်းသွားပေမဲ့ ဘုရားကျောင်းရောက်ပြီးမှ တိတ်တိတ်လေးခိုးထွက်ပြီး အပြင်မှာကြိုစောင့်နေတဲ့သူငယ်ချင်းတွေနဲ့ တံတားဖြူဘက်သွားကြတယ်... နောက်မှ အဆူခံလိုက်တယ်....
အခုတော့ခလေးတွေနဲ့ပင်လယ်ကမ်းခြေမှာ နှစ်သစ်ကူးဖို့ စီစဉ်ထားပေမဲ့ ကျေးဇူးရှင်တွေက မျောက်ရှုံးအောင် ဆော့ထားကြတော့ ၁၂နာရီထိနေဖို့မပြောနဲ့ ၉နာရီနဲ့တင်အိပ်သွားကြလို့ ၁၂နာရီထိုးချိန်မှာ ကိုယ်တစ်ယောက်ထဲရယ်.... ဒါနဲ့ဘဲ Happy New Year မအော်တော့ဘဲ ဖုန်းနဲ့ဘဲ သူငယ်ချင်းတွေဆီကို message လိုက် ပို့တော့တယ်... HAPPY NEW YEAR 2011 လို့.... ဒီဘလော့လေးကို လာလည်ကြတဲ့ မိတ်ဆွေများလိုလဲ နှစ်သစ်နှုတ်ခွန်းဆက်ပါတယ်.... HAPPY NEW YEAR 2011
Tuesday, December 21, 2010
Happy Birthday
Pork rib and Chicken wing
Prawn and Sausage
Fruit platter
Sea food fried rice
Spagetti cabonara
Spring roll
Birthday Cake
Tuesday, November 30, 2010
အကြွေစောသောပန်းပွင့်ဖြူ

……………………………………………………………………………………………………………………………………...
သူမလေးအမည်က နှင်းယုခိုင်... အသက်က၂၉နှစ်…. မိဘကိုလုပ်ကျွေးနေရှာနေသူလေး….မောင်ငယ်နှမငယ်လေးများကိုလည်း ကျောင်းထားပေးနေသူ…မိသားစု၏အားကိုးအားထားရာ… ဘဝကို အရှိအတိုင်း ကျေနပ်ရောင့်ရဲလျှက် ပျော်ရွှင်လန်းဆန်း စွာနေတတ်သူလေး…. ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ ဇာထိုးပန်းထိုးစက်ရုံ တခြား မြန်မာ အမျိုးသမီးလေးများ အယောက်၂၀ ကျော်နှင့်လာရောက် အလုပ်လုပ်နေသူလေး…. ညဆိုင်းအလုပ်ဆင်းပြန်လာ အိမ်ပေါ်မှာ အဝတ်တက်လှန်းရင်း ဝရန်တာမှပြုတ်ကျသေဆုံးခြင်း ကံကြမ္မာသည် သူမအပေါ်ရက်စက်လွန်းလှသည်ဟုထင်ပါသည်….သူမနှင့်သူမ၏ အဖော်များ စက်ရုံဝန်းအတွင်းမှာဆောက်ထားသော အဆောင်မှာပင်နေရင်း ညဆိုင်းအလုပ်လုပ်ကြရသည်…. နှစ်နှစ်တစ်ခါ မြန်မာပြည် ပြန်လည်ခွင့်ရကြသည်… သူမတို့ရရှိသောလစာ တစ်လ ဒေါ်လာ ၁၂၀ ကို မိသားစုများက ရန်ကုန်ရှိ စက်ရုံခွဲတွင် ထုတ်ယူကြသည်….. သူမတို့တစ်တွေ အချိန်ပိုအလုပ်ဆင်းရင်းရရှိသော လုပ်အားခများကိုသာ သုံးစွဲကြသည်… ထိုအချိန်ပိုလုပ်အားခများကိုပင် စုထားပြီး ရန်ကုန်အလည်ပြန်ချိန်တွင် မိသားစုများအတွက် လက်ဆောင် ဝယ်သွားကြသေးသည်…. အလုပ်ရုံတွင် နေစရိတ် စားစရိတ် အပြီးအငြိမ်းမို့ ထိုကဲ့သို့စုနိုင်ကြခြင်းဖြစ်ကြောင်းသိရသည်…. ကျမ အနေနှင့်တော့ ညဆိုင်းဆင်းရသော ဒီလခက နည်းသည်ဟုထင်ပါသည်… နှစ်နှစ်တစ်ခါမှ အလည်ပြန်ရခြင်းကိုလည်း တစ်နှစ်တစ်ခါ ဖြစ်သင့်သည်ဟုထင်ပါသည်… ဒါပေမဲ့ သူတို့အားလုံးက ကျေနပ်ရောင့်ရဲနေကြသောအခါ ဘေးလူအနေနှင့် ဘာမှမပြောာသာ… သူတို့ထဲတွင် အိမ်ထောင်သည်တစ်ချို့လည်းပါသည်ဟုသိရသောအခါ စိတ်မကောင်းဖြစ်မိရသေးသည်….
သူတို့တွေရှိလို့ရှိမှန်းတောင် မသိခဲ့ရခြင်းအပေါ် လွန်စွာစိတ်မကောင်းဖြစ်ရပေမဲ့ ဒီမြေပေါ်မှာ ကိုယ့်လူမျိုးများရှိနေခြင်းကို သိရသည့်အတွက်တော့ ဝမ်းသာမိပါသည်… ဒါပေမဲ့ သူတို့တွေနှင့်ဆုံတွေ့ရခြင်းအကြောင်းရင်းက သူမလေးသေဆုံးခြင်းဖြစ်နေတာ အလွန်ဝမ်းနည်းစရာကောင်းပါသည်… ကျမတို့ ဒီသတင်းကြားရသည့်အခါ ဖုန်းနံပါတ်စုံစမ်း သူတို့လိပ်စာမေးရင်း သွားတွေ့သည့်အခါ သူတို့တွေလည်းပျော်ကြသည်… ရောက်သည့်နေရာမှာပျော်အောင်နေတတ်တဲ့ စိတ်ဓာတ်များက ကျမထက်သာကြပါသည်… လန်းဆန်းသောအပြုံးများနှင့်ရိုးသားသောစိတ်ဓာတ်ပိုင်ရှင်လေးများကို နှုတ်ဆက်ပြန်လာခဲ့ပြီး အပြန်လမ်းတစ်လျှောက်ရင်ထဲမှာ စိတ်မကောင်းခြင်းများစွာဖြင့်….
အဖြူရောင်ပန်းပွင့်လေးများ ထိုကဲ့သို့သော အဖြစ်ဆိုးများနှင့် နောက်ထပ်မကြုံကြရပါစေနဲ့ဟုဆုတောင်းရင်း….
Monday, October 11, 2010
2010

၂၀၁၀ သည်ကျမအတွက် ကောင်းခြင်းများကို မသယ်ဆောင်လာခဲ့ပါ... ကံကိုမယုံသောကြောင့် ကံဆိုးသည်ဟုမသုံးချင်သော်လည်း အလွယ်ပြောရလျှင်တော့ ၂၀၁၀သည် ကျမအတွက် ကံဆိုးသောနှစ်ဖြစ်ပါသည်... ၂၀၀၉ သည် ကျမကို ကောင်းမွန်စွာကြိုဆိုခဲ့ သလို ကောင်းမွန်စွာနှုတ်ဆက်ထွက်ခွာသွားခဲ့ပေမဲ့ ၂၀၁၀ ကတော့ ကျမအပေါ် အလွန်ရက်စက်ခဲ့ပါသည်... ၂၀၀၉ သည် နှစ်ကုန်ခါနီး အထိ ကျမလုပ်ကိုင်သမျှ အရာရာ အဆင်ပြေခဲ့သော်လည်း ၂၀၁၀ သည် နှစ်စ မှစတင်ပြီး မကောင်းခြင်းများကို သယ်ဆောင်လာခဲ့သည်...
ခင်ပွန်းသည်က ဇန္နဝါရီလဆန်းမှာ စိုးရိမ်ရသော အခြေအနေထိ ကျန်းမာရေးဆိုးရွားခဲ့သည်... သူသက်သာလာတော့ ကျမခြေထောက်ခေါက်ချော်လဲပြီး တစ်ပတ်လောက် လမ်းမလျှောက်နိုင်ဖြစ်ခဲ့သည်... ထော့နဲ့နဲ့ နှင့်ပင် ခလေးများကို ကျောင်းကြို ကျောင်းပို့လုပ်ရသည်... ပြီးတော့ ခလေးတွေ တလှည့်စီ ဖျားကြသည်...
အဆိုးရွားဆုံးက ကျေးဇူးရှင်ဖေဖေ ကျမအား ခွဲခွါသွားခဲ့ခြင်းပင်ဖြစ်သည်.... ၂၀၀၉ တုန်းက ရန်ကုန်ပြန်ဖြစ်ခဲ့ပေမဲ့ သားလေးနေမကောင်းဖြစ်တာရယ် အိမ်အရောင်းအဝယ်ကိစ္စတွေရယ်နှင့် အလုပ်တွေ ရှုတ်နေခဲ့သောကြောင့် ဖေဖေ့ဆီကို ဂျူလိုင်လမှာ သက်သက်ပြန်လာလည်မယ်လို့ ကတိပေးခဲ့သော်လည်း မေလ၄ရက်နေ့မှာ ဖေဖေကောင်းကင်ဘုံသို့ ခေါ်တော်မူခြင်းခံရသည်... ဘာနဲ့မှ အစားထိုးမရနိုင်တဲ့ဆုံးရှုံးမှုကို ၂၀၁၀မှာ ကြုံတွေ့ခဲ့ရသည်....
ဖေဖေ့ဈာပနကိစ္စများပြီးလို့ ဗီယက်နမ်ပြန်ရောက်တဲ့ အခါခလေးများကျောင်းမှ ကျောင်းလခတိုးသည့် သတင်းကစောင့်ကြိုနေခဲ့သည်... တစ်နှစ်ခြားတစ်ခါ ကျောင်းလခတိုးသည့်ဒဏ်ကို မခံနိုင်တော့သောကြောင့် ကျောင်းပြောင်းဖို့ဆုံးဖြတ်ပြီး ကျောင်းတွေလိုက်စုံစမ်းရသည်... အားလုံးပြီးလို့နားမယ် ကြံတုန်း ပင်လယ်စာနှင့်မတဲ့သောကျမ ခလေးများပန်းကန်ထဲမှ ဆော်လမွန်ငါးအသားလွှာနှစ်ပြားကို နှမြောလို့ စားမိရာမှ Allergy တွေဖြစ်တာ တော်တော်နှင့်မသက်သာ... သက်သာလာတော့ အနာရွတ်တွေ ကျန်ခဲ့တာမြင်မကောင်း...
တစ်မိသားစုလုံးခဏခဏနေမကောင်းဖြစ်ကြတာ တကယ်စိတ်ညစ်ရပါသည်...အရင်နှစ်တွေက ဒီလောက်တခါမှ မဖြစ်ဖူးဘဲ ဒီနှစ်ထဲကျမှ ဖြစ်ကြတာ တကယ်ကို စိတ်မသက်သာစရာ...
အခုတော့ အောက်တိုဘာလထဲရောက်ပြီမို့ ၂၀၁၀ ကုန်လွန်တော့မှာကို ဝမ်းသာမိသည်... နှစ်လလောက်ဘဲကျန်တော့သည့် အချိန်မှာ အတတ်နိုင်ဆုံး ၂၀၁၀ ကို အကောင်းမြင်ကြည့်ဘို့ကြိုးစားမိပါသည်... ဒီဇင်ဘာမှာ ရန်ကုန်ပြန်ပြီး ၂၀၁၀ကို မိသားစုနှင့်အတူ ပျောရွှင်စွာလက်ပြနှုတ်ဆက်ဘို့ စဉ်းစားထားမိသည်... နောင်တတွေနှင့် ကျန်ရစ်ခဲ့သောမေမေ့ အနားမှာ အားပေးအဖော်ပြုပေးပြီး ဘုရားကျောင်းအတူတက်ဘို့ စိတ်ကူးထားသည်...
သို့သော် ၂၀၁၀ ကကျမကို မျက်နှာသာမပေးချင်ပါ... ဟိုတနေ့ကယောက္ခမဆီမှဖုန်းလာသည်... ဒီဇင်ဘာမှာ ဗီယက်နမ်ကိုလာလည်မည်တဲ့... ကျမမေမေနှင့်ဒီနှစ်ခရစ္စမတ်မှာ အတူတူဘုရားကျောင်းတက်ချင်တဲ့ ဆန္ဒကို အကောင်အထည်မဖော်နိုင်တော့ပါ...
ဒါပေမဲ့ စိတ်တော့မလျှော့ချင်သေးပါဘူး... ဘာလေးများကောင်းတာတွေ ဖြစ်လာဦးမလဲလို့တော့ ကျန်ရှိနေသေးတဲ့ နှစ်လလောက် အချိန်တွေကို မျှော်လင့်ခြင်းတွေ နဲ့ ခရီးဆက်လိုက်ပါဦးမည်...
လာလည်ကြသောသူငယ်ချင်းများအား ကျေးဇူးအထူးတင်လျှက်