၂၀၁၀ သည်ကျမအတွက် ကောင်းခြင်းများကို မသယ်ဆောင်လာခဲ့ပါ... ကံကိုမယုံသောကြောင့် ကံဆိုးသည်ဟုမသုံးချင်သော်လည်း အလွယ်ပြောရလျှင်တော့ ၂၀၁၀သည် ကျမအတွက် ကံဆိုးသောနှစ်ဖြစ်ပါသည်... ၂၀၀၉ သည် ကျမကို ကောင်းမွန်စွာကြိုဆိုခဲ့ သလို ကောင်းမွန်စွာနှုတ်ဆက်ထွက်ခွာသွားခဲ့ပေမဲ့ ၂၀၁၀ ကတော့ ကျမအပေါ် အလွန်ရက်စက်ခဲ့ပါသည်... ၂၀၀၉ သည် နှစ်ကုန်ခါနီး အထိ ကျမလုပ်ကိုင်သမျှ အရာရာ အဆင်ပြေခဲ့သော်လည်း ၂၀၁၀ သည် နှစ်စ မှစတင်ပြီး မကောင်းခြင်းများကို သယ်ဆောင်လာခဲ့သည်...
ခင်ပွန်းသည်က ဇန္နဝါရီလဆန်းမှာ စိုးရိမ်ရသော အခြေအနေထိ ကျန်းမာရေးဆိုးရွားခဲ့သည်... သူသက်သာလာတော့ ကျမခြေထောက်ခေါက်ချော်လဲပြီး တစ်ပတ်လောက် လမ်းမလျှောက်နိုင်ဖြစ်ခဲ့သည်... ထော့နဲ့နဲ့ နှင့်ပင် ခလေးများကို ကျောင်းကြို ကျောင်းပို့လုပ်ရသည်... ပြီးတော့ ခလေးတွေ တလှည့်စီ ဖျားကြသည်...
အဆိုးရွားဆုံးက ကျေးဇူးရှင်ဖေဖေ ကျမအား ခွဲခွါသွားခဲ့ခြင်းပင်ဖြစ်သည်.... ၂၀၀၉ တုန်းက ရန်ကုန်ပြန်ဖြစ်ခဲ့ပေမဲ့ သားလေးနေမကောင်းဖြစ်တာရယ် အိမ်အရောင်းအဝယ်ကိစ္စတွေရယ်နှင့် အလုပ်တွေ ရှုတ်နေခဲ့သောကြောင့် ဖေဖေ့ဆီကို ဂျူလိုင်လမှာ သက်သက်ပြန်လာလည်မယ်လို့ ကတိပေးခဲ့သော်လည်း မေလ၄ရက်နေ့မှာ ဖေဖေကောင်းကင်ဘုံသို့ ခေါ်တော်မူခြင်းခံရသည်... ဘာနဲ့မှ အစားထိုးမရနိုင်တဲ့ဆုံးရှုံးမှုကို ၂၀၁၀မှာ ကြုံတွေ့ခဲ့ရသည်....
ဖေဖေ့ဈာပနကိစ္စများပြီးလို့ ဗီယက်နမ်ပြန်ရောက်တဲ့ အခါခလေးများကျောင်းမှ ကျောင်းလခတိုးသည့် သတင်းကစောင့်ကြိုနေခဲ့သည်... တစ်နှစ်ခြားတစ်ခါ ကျောင်းလခတိုးသည့်ဒဏ်ကို မခံနိုင်တော့သောကြောင့် ကျောင်းပြောင်းဖို့ဆုံးဖြတ်ပြီး ကျောင်းတွေလိုက်စုံစမ်းရသည်... အားလုံးပြီးလို့နားမယ် ကြံတုန်း ပင်လယ်စာနှင့်မတဲ့သောကျမ ခလေးများပန်းကန်ထဲမှ ဆော်လမွန်ငါးအသားလွှာနှစ်ပြားကို နှမြောလို့ စားမိရာမှ Allergy တွေဖြစ်တာ တော်တော်နှင့်မသက်သာ... သက်သာလာတော့ အနာရွတ်တွေ ကျန်ခဲ့တာမြင်မကောင်း...
တစ်မိသားစုလုံးခဏခဏနေမကောင်းဖြစ်ကြတာ တကယ်စိတ်ညစ်ရပါသည်...အရင်နှစ်တွေက ဒီလောက်တခါမှ မဖြစ်ဖူးဘဲ ဒီနှစ်ထဲကျမှ ဖြစ်ကြတာ တကယ်ကို စိတ်မသက်သာစရာ...
အခုတော့ အောက်တိုဘာလထဲရောက်ပြီမို့ ၂၀၁၀ ကုန်လွန်တော့မှာကို ဝမ်းသာမိသည်... နှစ်လလောက်ဘဲကျန်တော့သည့် အချိန်မှာ အတတ်နိုင်ဆုံး ၂၀၁၀ ကို အကောင်းမြင်ကြည့်ဘို့ကြိုးစားမိပါသည်... ဒီဇင်ဘာမှာ ရန်ကုန်ပြန်ပြီး ၂၀၁၀ကို မိသားစုနှင့်အတူ ပျောရွှင်စွာလက်ပြနှုတ်ဆက်ဘို့ စဉ်းစားထားမိသည်... နောင်တတွေနှင့် ကျန်ရစ်ခဲ့သောမေမေ့ အနားမှာ အားပေးအဖော်ပြုပေးပြီး ဘုရားကျောင်းအတူတက်ဘို့ စိတ်ကူးထားသည်...
သို့သော် ၂၀၁၀ ကကျမကို မျက်နှာသာမပေးချင်ပါ... ဟိုတနေ့ကယောက္ခမဆီမှဖုန်းလာသည်... ဒီဇင်ဘာမှာ ဗီယက်နမ်ကိုလာလည်မည်တဲ့... ကျမမေမေနှင့်ဒီနှစ်ခရစ္စမတ်မှာ အတူတူဘုရားကျောင်းတက်ချင်တဲ့ ဆန္ဒကို အကောင်အထည်မဖော်နိုင်တော့ပါ...
ဒါပေမဲ့ စိတ်တော့မလျှော့ချင်သေးပါဘူး... ဘာလေးများကောင်းတာတွေ ဖြစ်လာဦးမလဲလို့တော့ ကျန်ရှိနေသေးတဲ့ နှစ်လလောက် အချိန်တွေကို မျှော်လင့်ခြင်းတွေ နဲ့ ခရီးဆက်လိုက်ပါဦးမည်...
လာလည်ကြသောသူငယ်ချင်းများအား ကျေးဇူးအထူးတင်လျှက်
No comments:
Post a Comment