Thursday, June 16, 2011

ဖခင်များနေ့အမှတ်တရ(၁၉၊၀၆၊၂၀၁၁)

ကမ္ဘာပေါ်ကဖခင်များနေ့ကို
ဆင်နွှဲခွင့်မရှိတော့တဲ့ဖခင်တစ်ယောက်
သူကောင်းကင်ရောက်နှင့်သွားခဲ့ပြီ…
ဒီကမ္ဘာမှာသူဖခင်ဖြစ်စဉ်က
သူသိပ်ချစ်ခဲ့ရတဲ့
သူ့ဇနီး၊သားသမီးတွေကို
ကောင်းကင်ထက်ကအဖေ
အပြုံးတွေနဲ့လှမ်းကြည့်နေပါလိမ့်မယ်….
အိမ်ထောင်ရက်သားကျ
ကိုယ်ပိုင်မိသားစုဘဝတွေ
အဆင်ပြေနေနိုင်ဘို့ရုန်းကန်ရင်း
အဖေ့အတွက်ငဲ့မကြည့်နိုင်ခဲ့တဲ့သားသမီးတွေကိုလည်း
ကောင်းကင်ထက်ကအဖေ
နားလည်စွာခွင့်လွှတ်နေပါလိမ့်မယ်….
သူမရှိတော့မှငို
တမ်းတစွာသူ့ကိုလွမ်းဆွတ်နေကြသူတွေကိုလည်း
ကောင်းကင်ထက်ကအဖေ
ကြင်နာစွာငေးကြည့်နေပါလိမ့်မယ်…
အဖေဆိုတဲ့သမီးတို့အဖေ
သားသမီးတွေအတွက်ရုန်းကန်ခဲ့
ချစ်ဇနီးကိုဖေးမကြင်နာခဲ့
မကျန်းမာနေချိန်အထီးကျန်စွာနေထိုင်ခဲ့
အနီးကသားသမီးတွေအတွက်ပူပန်ခဲ့
အဝေးရောက်သားသမီးတွေကိုလွမ်းဆွတ်ခဲ့တဲ့
သိပ်ချစ်စရာကောင်း၊လေးစားစရာကောင်းတဲ့
နာကျင်ခံစားရသမျှတွေလွတ်မြောက်သွားပြီဖြစ်တဲ့အဖေ
ကောင်းကင်ထက်မှာငြိမ်းချမ်းနေပါစေ
သမီးချစ်တဲ့အဖေ……

Sunday, June 12, 2011

ဘာမှန်းမသိတဲ့ပို့စ်

ခုတလော ဘာတွေနဲ့ မအားနေမှန်းကိုမသိ… ကိုယ့်ဘလော့လဲ ဝင်မရတာနဲ့ မဝင်ဖြစ်တာတွေနဲ့ ကိုယ့်ဘလော့တောင် ကိုယ်မရောက်ဖြစ်… သူများဘလော့တွေ လိုက်လည်တော့လဲ ကော်နက်ရှင်မကောင်းချိန်နဲ့တိုးရင် ကော်မန့်ပေးလို့မဝင်…. ဖေ့စ်ဘွတ်လဲ ထိုနည်းလည်းကောင်းဘဲ… ဗီယက်နမ်တွေ မြန်မာ အစိုးရနဲ့ပေါင်းမိသွားကတည်းက တိုက်ဆိုင်တာလားတော့မသိ… အင်တာနက်ကော်နက်ရှင်တွေမကောင်းတော့.. ကောင်းချိန်ကျပြန်တော့လည်း လူမှုရေးဝက်ဘ်ဆိုဒ်တွေက ပိတ်ထားပြန်… ဖေ့ဘွတ်မှာ ကော်မန့်ရေးလဲမဝင် ဝင်ပြီးသားလေး ခဏကြာသွားပြန်ကြည့်မိတော့ စာကြောင်းတွေထပ်နေတာနဲ့ ကိုယ့်ကော်မန့်လေးဝင်တာသေချာအောင် ကလစ်မိလိုက်တာ ဒီလိ ဖြစ်သွားပြန်… အော်… ဘဝများ ရောက်ရာအရပ်မှာ ပျော်အောင်နေနေရသူကို စိတ်အနှောက် အယှက် အမျိုးမျိုးပေးရက်တယ်… :P
တကယ်က ရန်ကုန်ပြန်ဘို့ပြင်ဆင်နေတာတွေရော… ခလေးတွေကျောင်းကပိတ်ခါနီးဆိုတော့ ကျောင်းက လုပ်တဲ့ ပွဲသေး ပွဲကြီး တွေ ခဏခဏ သွားနေရတာရော… ဝယ်လို့ခြမ်းလို့ မပြီးနိုင်သေးတာတွေရော… စုံလို့… ဘာတွေနဲ့ မအားနေတာလည်းမေးရင် တိတိကျကျပြောစရာက သိပ်မရှိ… ဆရာတယောက်ပြောဘူးသလိုဘဲ… အလုပ်မဟုတ်တဲ့ အလုပ်တွေနဲ့ အလုပ်တွေရှုတ်နေကြတယ်ဆိုတာ ဒါမျိုးကိုပြောတာနေမှာ…
အခုလုပ်စရာတွေတော့ သိပ်မကျန်တော့ပါဘူး… လေယာဉ်လက်မှတ်လဲဝယ်ပြီးပြီ… မှီခိုထောက်ခံစာကဒီတပတ်မှ သံရုံးကိုလျှောက်ရမှာ… သံရုံးက ဟနွိုင်းမှာ..စာအသွားအလာနဲ့ ဘာနဲ့ဆို တပတ်လောက်ကြာဦးမှာ…
လေယာဉ်လက်မှတ်ဝယ်တာနောက်ကျသွားတော့ ဇွန်လကုန်ရန်ကုန်ပြန်မဲ့ဟာ ဇူလိုင် ရရက်နေ့မှရတယ်… လေယာဉ်လက်မှတ်ဝယ်မဲ့ပိုက်ဆံက ကျောင်းကခလေးတွေကျောင်းဆက်တက်မယ်ဆိုရင် Deposit 2000$ ကြိုသွင်းထားရမယ်ဆိုတာနဲ့ အဲဒါအရင်သွင်းလိုက်တော့ လက်မှတ်အတွက် နောက်မှပိုက်ဆံထုတ်ပြီးဝယ်ရတာတော့ ကိုယ်လိုချင်တဲ့နေ့မရတော့ဘူး…
တကယ်တော့ ကိုယ့်ဘလော့လေးမှာ ရသမပါတဲ့စာတွေ တခုခုကျန်မနေမဲ့ ဘာမှမဟုတ်တဲ့စာတွေ မရေးချင်ပါဘူး… ဒါကြောင့် တချို့ပို့စ်တွေတောင် ဖျက်ထားလိုက်တာ… အခုက တကယ် ဘာမှန်းမသိတဲ့ ဘာမှမဟုတ်တဲ့အကြောင်းကိုဘဲ ကော်နက်ရှင်လေးကောင်းတုန်း ဘလော့ဝင်လို့ရတုန်းရေးလိုက်တယ်…
စာလာဖတ်တဲ့သူတွေကိုတော့ ဒီပို့စ်မှာ ပေးစရာဘာMessage မှမပါတာကြောင့် အားနာပေမဲ့ အားနာနာနဲ့ ဒီပို့စ်လေးတင်လိုက်ပါတယ်… သူငယ်ချင်းတို့ရေ… ခွင့်လွှတ်ပါနော်…

Sunday, May 29, 2011

လတ်တလောစိတ်ဆန္ဒများ

ညီမငယ်လေးအနော်ကတဂ်ထားတယ်…. လက်တလောစိတ်ဆန္ဒများတဲ့…. ရေးမယ်ရေးမယ်နဲ့ အလုပ်တွေမအားတာရော ပျင်းနေတာရောကြောင့် အခုမှရေးဖြစ်တော့တယ်… Sorryအနော်လေးရေ…

တကယ်တော့ကျမမှာ ဖြစ်ချင်တဲ့ဆန္ဒတွေမယ်မယ်ရရမရှိတာ ကြာခဲ့ပြီဘဲ…. ရောက်ရာအရပ်မှာပျော်အောင်နေ နေတတ်ရင်ကျေနပ်စရာပါလို့တွေး အဆင်မပြေတာတွေကြုံလာရင် ဖြစ်တတ်ပါတယ်လေလို့ သဘောထားရင်းနေရာလိုက်တာ… ဆန္ဒဆိုတာ ဘာမှန်းတောင်မသိတော့သလိုပါဘဲ… သားသမီးတွေရဲ့ လုပ်ချင်သမျှ သွားချင်သမျှတွေကိုသာ ဖြည့်ဆည်းပေးရင်း သူတို့ပျော်တာမြင်နေရရင် ရလာတဲ့ပီတိတွေအပေါ်မှာဘဲ ကျေနပ်နေမိတော့တာ…

………………………………………………………………………………………..
1.အစားချင်ဆုံးအစားအစာ…............. မရှိ
2.နေ့တိုင်းစားဖြစ်တဲ့အစား…............. သတ်သတ်မှတ်မှတ်မရှိပါ…ကြုံသလိုပါဘဲ
3.အလိုချင်ဆုံးရေမွှေး…............... မရှိ
4.သုံးဖြစ်နေတဲ့ရေမွှေး….............. ISSEY MIYAKE, TRE’SOR IN LOVE
5.အလိုချင်ဆုံးမွေးနေ့လက်ဆောင်….............. မရှိ
6.အလိုချင်ဆုံးဖုန်း…............... မရှိ
7.သုံးဖြစ်နေတဲ့ဖုန်း…............... NOKIA
8.အရူးသွပ်ဆုံးအရာ…................ မရှိ
9.အနီးစပ်ဆုံးဂီတ….................. ဂစ်တာ
10.အလိုချင်ဆုံးစာအုပ်…................. မရှိ
11.အခုဖတ်ဖြစ်နေတဲ့စာအုပ်…............ မရှိ(ဖတ်စရာစာအုပ်တွေကုန်သွားပြီ..ရန်ကုန်ပြန်မှဝယ်ရမှာ)
12.အကြားချင်ဆုံးစကား................ ရန်ကုန်မှာဘဲပြန်နေကြတော့မယ်
13.အဖြစ်ချင်ဆုံးဆန္ဒ…............. မရှိ
14.အလိုချင်ဆုံးဆု…............... မရှိ
15.အသွားချင်ဆုံးနေရာ…............. အမိမြေ
16.သွားဖြစ်နေတဲ့နေရာတွေ…............. သူငယ်ချင်းတွေအိမ်၊စူပါမားကတ်
17.အကြည့်ချင်ဆုံးရုပ်ရှင်….............. မရှိ
18.အပြောချင်ဆုံးစကား…................ အမှန်အတိုင်းပြောကြပါ..အရှိအရှိအတိုင်းပေါ့
19.အယုံကြည်ဆုံးလူသား…................ ကိုယ့်ကိုကိုယ်
20.မယုံကြည်ဆုံးအရာ….............. လောကမှာမယုံကြည်စရာတွေကများလွန်းလို့ မယုံကြည်ဆုံးအရာရယ်လို့ မရှိ
21.အမုန်းဆုံးအရာ…............... လိမ်ပြောတာ၊လျှောက်ပြောတာ၊မဟုတ်တာတွေကို အတင်းကြီး
ဟုတ်သယောင်ဗြောင်လိမ်တာ

22.အသောက်ဖြစ်ဆုံးအအေး…............. မရှိ
23.လတ်တလောအထိတွေ့ဆုံးအရာ…............... ကွန့်ပျူတာဂိမ်း
24. မကောင်းတဲ့ကျန်းမာရေး….............. ခေါင်းမူးတာ၊အပူမခံနိုင်တာ
25.အကောင်းဆုံးအဖော်…................. သမီးနဲ့သား
26.လက်ရှိအကြိုက်ဆုံးသီချင်း................. အိမ်ပြန်ချင်တယ်..ဟူး… အနွေးထွေးဆုံးအမေ့အိမ်
27.အကြောက်ဆုံးအလုပ်…............... ရှုတ်ရှုတ်ယှက်ယှက်အလုပ်
28.တန်ဘိုးအထားဆုံးအရာ….............. မိသားစု
29.အကြောက်ဆုံးတိရိစ္ဆာန်…............... မရှိ( အကုန်ကြောက်တာ၊ကြောင်ကလွဲလို့)
30.တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ…............... တွေ့ဖြစ်နေတာမရှိပါ… ဗီယက်နမ်မှာ ဘလော့ရေးဖော်မရှိပါ..
တွေ့ဖူးတဲ့ ဘလော့ဂါတွေတော့ရှိတယ်... သူတို့တော့မသိဘူး..
ကိုယ်ကတော့ တခါတွေ့တာနဲ့တင် အရမ်းကိုခင်သွားတာ

31.အပြင်သွားတိုင်းပါတဲ့ပစ္စည်း…............. အစုံထည့်ထားတဲ့ လက်ကိုင်အိတ်
32.စိတ်အညစ်ဆုံးအချိန်…................. မရှိ
33.အနေချင်ဆုံးနေရာ…................ အမိမြေ
34.ကြားလိုက်မိတဲ့ဟာသလေးတစ်ခု............... တစ်ခုမကဘူး… မဟုတ်တာတွေကို အဟုတ်လုပ်ပြောတာတွေ
ကြားရသမျှ ကိုယ့်အတွက်ဟာသ
35.ပေးချင်တဲ့သတင်းတစ်ခု….............. ရန်ကုန်မှာမီးမှန်နေပြီတဲ့
36.အပျော်ဆုံးဖြစ်မဲ့အချိန်…............... မသိ

…………………………………………………………………………………………………………………………….
ဒါပါဘဲအနော်လေးရေ… ရေးရမှာပျင်းနေတုန်း ပေါ့ပေါ့ပါးပါးလေး တဂ်တာကျေးဇူးပါညီမလေး…

Tuesday, April 19, 2011

ရက်စက်စွာလှပသော

ရက်ရက်စက်စက်လှတယ်ဆိုတဲ့ အပြောမျိုး ကြားဖူးနေတာတော့ ကြာပါပြီ… ဒါပေမဲ့ ကိုယ့်အလှကိုအသုံးချပြီး သူများမျက်ရည်ကျအာင် လုပ်ရက်ကြသူတွေကို တွေ့ရဖန်များလာတော့ ရက်စက်စွာလှပသူများအကြောင်း စာတစ်ပုဒ်ရေးဖို့ စိတ်ကူးရပြီး ဒီပို့စ်လေးကို ရေးလိုက်ပါတယ်….
…………………………………………………………………………………………..
စန္ဒာကိုကို့နောက်ကို လိုက်ရတော့မည်မို့ အပျော်ကြီးပျော်နေမိသည်… စန္ဒာ့ဘဝမှာ ကိုကို့တစ်ယောက်ထဲကိုသာချစ်ခဲ့ဘူးပြီး ကိုကို့ကို လက်ထပ်ခွင့်ရသည့်အတွက် စန္ဒာ ကိုယ့်ကိုကိုယ် ကံအကောင်းဆုံးသူတစ်ယောက်ကဲ့သို့ ခံစားမိသည်… စန္ဒာသိပ်ချစ်သည့်ကိုကိုနှင့် နှစ်ပေါင်းများစွာ ချစ်သူတွေဖြစ်ခဲ့ကြပြီး ကိုကိုက ဗီယက်နမ်နိုင်ငံသို့ အလုပ်လုပ်ရန်ထွက်သွားခဲ့သည်…. သူငယ်ချင်းများက ဗီယက်နမ်မလေးတွေသိပ်ချောကြောင်း၊ ကိုကို့ကိုလွှတ်မထားသင့်ကြောင်း ဝိုင်းပြောကြသော်လည်း စန္ဒာ ကိုကို့ကို ယုံကြည်သည်… ကိုကို့ကိုစန္ဒာ သဝန်မတိုမိခဲ့… ဒီလိုနဲ့နေလာရင်း ကိုကို ရန်ကုန်သို့ အလည်ပြန်လာသောတစ်နေ့တွင် စန္ဒာ့ထံ လက်ထပ်ခွင့်တောင်းခဲ့သည်… ကိုကို့ကိုသိပ်ချစ်သောစန္ဒာကချက်ချင်းပင် လက်ခံခဲ့ပြီး နှစ်ဘက်မိဘများသဘောတူညီချက်ဖြင့် လက်ထပ်လိုက်ကြသည်… ထို့နောက်စန္ဒာ ကိုကို့နောက်လိုက်ဖို့ စတင်ပြင်ဆင်တော့သည်….
………………………………………………………………
ဗီယက်နမ်ရောက်တော့ ကိုကို့အလုပ်ကပေးသောအိမ်မှာ စန္ဒာတို့ အတူနေရင်း ပျော်ရွှင်ခဲ့ကြသည်… စန္ဒာက ကိုကို့ကို သိပ်ချစ်သလို လေးစားရသူမို့ အစစ အရာရာ ကိုကို့ကိုသာဦးစားပေးရင်း ကိုကို့သဘောကျနေထိုင်ခဲ့သည်… ကိုကို့အလိုကျ ငွေကိုချွေတာသုံး ကိုကို့စကားတွေကို မြေဝယ်မကျနားထောင်ရင်း ကိုကိုသွားခိုင်းသော အလုပ်အင်တာဗျူးများစွာကိုလည်း စန္ဒာသွားခဲ့သည်… ရန်ကုန်မှာထဲက ကုမ္ပဏီတစ်ခုမှာစာရင်းကိုင် လုပ်ဖူးတာမို့ အလုပ်ကတော့မရှား…ဒါပေမဲ့ လစာကနည်းလွန်းတော့ လမ်းစာရိတ်နဲ့တင် ကာမိမှာမဟုတ်… ကိုယ်လိုချင်သည့်လစာရဘို့က နိုင်ငံခြား အသိအမှတ်ပြု အောင်လက်မှတ်တခုလောက်တော့ ရထားဖို့လိုသည်… ဗီယက်နမ်မှာ အဲလိုလက်မှတ်ရဖို့တက်ရမဲ့သင်တန်းက စာရိတ်ကြီးလွန်းသည်… ဒီတော့ ကိုကိုက စန္ဒာ့ကို ရန်ကုန်မှာ ဘဲသင်တန်းပြန်တက်ပြီး အောင်လက်မှတ်ရမှ ဗီယက်နမ်ပြန်လာပြီး အလုပ်ရှာဖို့ပြောသည်…. စန္ဒာ ကကိုကို့စကားကိုမြေဝယ်မကျနားထောင်နေကျမို့ ရန်ကုန်ပြန်ဘို့ချက်ချင်းပင် ပြင်ဆင်တော့သည်….
………………………………………………………………….
စန္ဒာ့ဘက်ကကိုကို့နောက်လိုက်ဖို့ အဆင်သင့်ဖြစ်ခဲ့ပြီ… နိုင်ငံခြားမှာ အလုပ်ရနိုင်မဲ့ အောင်လက်မှတ်တခုလည်းရခဲ့ပြီ… ဒါပေမဲ့ ကိုကိုက စန္ဒာ့ကိုမလာခိုင်းတော့ပါ… စန္ဒာ့ရင်မှာ စတင်ပြီးသံသယဝင်မိပြီ… စုံစမ်းကြည့်တော့ ကိုကို့မှာ ဗီယက်နမ်မချောချောလေးတစ်ယောက်ရှိနေပြီ…ကိုကိုကစန္ဒာ့ကို စကားလက်ခံမပြောတော့… စန္ဒာအမျိုးမျိုး ကြိုးစားသော်လည်း ကိုကို့မှာစန္ဒာ့အပေါ်ချစ်ခဲ့ဘူးတဲ့အချစ်တွေ မရှိတော့မှန်းသာသိလိုက်ရသည်… စန္ဒာနာကျည်းစွာ ကွာရှင်းမယ်ဆိုတော့လည်း ကိုကိုနှင့်က ဘယ်လိုမှ တွေ့ခွင့်မရတော့… စန္ဒာစိတ်နာစွာ လျှော်ကြေးတောင်းတော့လည်း စန္ဒာအောင်လက်မှတ်ရဖို့ သင်တန်းစရိတ်ပေးပြီးသား… သူ့ဘက်ကဘာလျှော်ကြေးမှပေးစရာမလိုဘူးတဲ့….
စန္ဒာကိုကို့ကို သိပ်ချစ်ခဲ့သလို ခုတော့သိပ်ကိုနာကျည်းနေမိပြီ… စန္ဒာလည်း အရည်အချင်းရှိသူတစ်ယောက်မို့ ခုတော့ ဗီယက်နမ်မဟုတ်သောနိုင်ငံတခုမှာ သင့်တင့်သောလစာငွေဖြင့် အလုပ်လုပ်ရင်း မိမိအိမ်ထောင်ရေးကြောင့် စိတ်ဆင်းရဲနေရသော မိဘအိုနှစ်ဦးအား အလုပ်အကျွေးပြုလျှက် ဘဝလမ်းကို ဆက်လက်လျှောက်လှမ်းနေပါသည်…. စန္ဒာ့လို အဖြစ်မျိုးနှင့်မကြုံကြစေဘို့ စန္ဒာနှင့် ရင်းနှီးသော ညီမလေးများအား ကိုယ့်ကိုကိုယ် ဥပမာပေးရင်း ခင်ပွန်းကို အယုံအကြည်မလွန်ကြဘို့ စန္ဒာအမြဲပြောပြဖြစ်နေတော့သည်….
……………………………………………………………….
ဗီယက်နမ်မှာတကယ်ဖြစ်သွားတဲ့ အဖြစ်အပျက်လေးတစ်ခုကို နာမည်နဲ့ အကြောင်းအရာတစ်ချို့လွှဲပြီးရေးထားတာပါ… ဗီယက်နမ်မလေးတွေဟာ အသားအရေလှပ၊ ရုပ်ရည်ချောမောပြီး သူတို့အလှအပကိုလည်း အလေးပေးကြပါတယ်…ဒါပေမဲ့ သူတို့ရဲ့အလှတွေကိုအသုံးချပြီး သူများအိမ်ထောင်တွေကိုဖျက်စီး၊ဖျက်စီးနိုင်ခြင်းကိုလည်း ဂုဏ်ယူနေကြတဲ့အခါ သူတို့ရဲ့အလှအပေါ်မှာမုဒိတာမပွားနိုင်တော့ပါဘူး…( အကုန်လုံးကို မပြောလိုပါဘူး… ရိုးသားတဲ့ဗီယက်နမ်မလေးတွေလည်းရှိပါတယ်…) ကျမဗီယက်နမ်ရောက်ခါစထဲက ဗီယက်နမ်မချောချောလေးတွေကိုယူ မယားကြီးကိုကန်ထုတ်ကြတဲ့ နိုင်ငံခြားသားများစွာကို တွေ့ဖူးခဲ့ပါတယ်… အဲလိုသူများယောကျာင်္းကိုယူနိုင်ပြီး အဲဒီယောင်္ကျားက မယားကြီးကို သူ့နိုင်ငံပြန်ပို့တာတို့၊ မယားကြီးက သည်းမခံနိုင်လို့ အဲဒီယောကျာင်္းကို ကွာပြီး သူ့နိုင်ငံပြန်သွားအောင်လုပ်နိုင်တာတို့ကို သူတို့တွေက ဂုဏ်ယူကြတာ… အဲလိုအဖြစ်မျိုးတွေ ကျမရဲ့အိမ်နီးနားမှာ အမြဲတွေ့နေရတာပါ… ဒါပေမဲ့ ကိုယ့်မြန်မာမလေးကိုယ်တိုင် ဒီအဖြစ်မျိုးနဲ့ကြုံရတဲ့အခါ ကျမသိပ်စိတ်ထိခိုက်ခံစားရပြီး ဝမ်းနည်းမိသလို အဲလိုမိန်းမမျိုးကို စက်ဆုတ်ရွံရှာမိပါတယ်..... ကိုယ့်အလှကိုတန်ဖိုးထားတတ်မယ်ဆိုရင် သူ့တန်ဖိုးနဲ့ညီတဲ့ ယောကျာင်္းတစ်ယောက် အချိန်တန်ရင်ရနိုင်ပါလျှက်နဲ့ … ဘာလို့များသူများအိမ်ထောင်ကိုဖျက်စီးချင်ကြရတာလဲ… အဲဒီခြံခုန်ဖူးတဲ့ယောင်္ကျားကရော… ဒိထက်သာတဲ့သူတစ်ယောက်ထပ်တွေ့ခဲ့ရင် ပါမသွားနိုင်ဖူးလို့ အာမခံနိုင်ပါသလား…. ကျမအတွက်တော့ သူတို့ရဲ့ ရက်စက်တဲ့အလှတွေဟာ ရွံစရာကောင်းတယ်လို့ဘဲမြင်ပါတယ်….
လှပသောမိန်းကလေးများမိမိအလှကို တန်ဖိုးထားပြီး တလွဲအသုံးမချမိစေဘို့ရည်ရွယ်လျှက်......

Wednesday, April 13, 2011

Daily dislikes

နှစ်သက်တာတွေ အများကြီး ရေးခဲ့ပြီးပါပြီ... မနှစ်သက်တာတွေ ရေးရမယ်ဆိုတော့လဲ ရေးစရာတွေက စဉ်းစားလိုက်တော့ အများကြီး...( ကိုယ်လဲလေလောကီသားပေမို့ :P )... အကျဉ်းချုံးပြီးတော့ဘဲရေးလိုက်ပါတယ်.... ...........................................................................................................

  • ကိုယ့်တိုင်းပြည်မှာကိုယ်မနေရတာ မကြိုက်ဘူး



  • တက္ကစီစီးရင် ပိုက်ဆံပိုရအောင် ပတ်မောင်းတတ်တဲ့ ဗီယက်နမ်က တက္ကစီမောင်းသူတွေကိုမကြိုက်ဘူး


  • အင်္ဂလိပ်လိုလဲ မပြောနိုင် ကိုယ်က သူတို့စကားနဲ့ပြောတော့လဲ နိုင်ငံခြားသားပြောတဲ့ သူတို့စကားကို အသံဖမ်းနားမလည်ပေးနိုင်တဲ့ အတီးအတ ဗီယက်နမ်တွေကို မကြိုက်ဘူး


  • ဗီယက်နမ်မှာ ယောင်္ကျားတွေကြည့်ချင်စရာ ကောင်မလေးချောချောတွေ အများကြီးရှိပြီး မိန်းမတွေကြည့်ချင်စရာ ကောင်လေးချောချောတွေ တစ်ယောက်မှမရှိတာ မကြိုက်ဘူး


  • သားသမီးကို လိမ္မာယဉ်ကျေးအောင် မဆုံးမတတ်၊ဗဟုသုတလဲမရှိ၊လေ့လဲမလေ့လာ၊အသိဥာဏ်နည်းတဲ့ ခလေးတွေကျောင်းက မိဘတစ်ချို့ကိုမကြိုက်ဘူး (သူတို့သားသမီးတွေက ကိုယ့်ခလေးတွေကို ဗိုလ်လာလာကျလို့)


  • မနက်၅နာရီထက်စောပြီး အိပ်ရာထရတာကို မကြိုက်ဘူး


  • ခေါင်းခဏခဏမူးတတ်တာကို မကြိုက်ဘူး


  • စကားတွေအပိုလုပ်ပြော၊တကယ်မဟုတ်ဘဲ ကြွားတတ်ကြတဲ့သူတွေကို မကြိုက်ဘူး


  • သူတို့လုပ်တာမှအကောင်းထင်၊သူတို့လုပ်တာတွေလိုက်လုပ်မှ ကောင်းတယ်ထင်တတ်ကြသူတွေကို မကြိုက်ဘူး


  • စားချင်တာတွေမစားရတာမကြိုက်ဘူး


  • ရေးချင်တာတွေရေးချိန်မရတာမကြိုက်ဘူး


  • ဗီယက်နမ်မှာအင်တာနက် လိုင်းတွေမကောင်းတော့တာမကြိုက်ဘူး


  • တနင်္ဂနွေနေ့တွေမှာ တခါတလေ မေ့မေ့ဆီဖုန်းဆက်လို့မရရင် မကြိုက်ဘူး


  • ဆွေမျိုးတွေ တခါတလေ စိတ်အခန့်မသင့်ဖြစ်ကြတာ ကြားရရင် မကြိုက်ဘူး


  • နေအရမ်းပူတာမကြိုက်ဘူး


  • လေအရမ်းတိုက်တာမကြိုက်ဘူး


  • စူနာမီကိုမကြိုက်ဘူး


  • ငလျှင်လှုပ်တာမကြိုက်ဘူး


  • ရာသီဥတုတွေဖောက်ပြန်တာမကြိုက်ဘူး
မကြိုက်ဘူး ....မကြိုက်ဘူး.... မကြိုက်ဘူး.... မကြိုက်ဘူး.... မကြိုက်ဘူး....မကြိုက်ဘူး.... (ခြင် နှင့် ဝက်ဝံလေး တို့အား တဂ်ပါသည်)

Thursday, April 7, 2011

Daily likes

အိပ်ရာနိုးနိုးချင်း ကိုယ့်ရဲ့ဘယ်ဘက်မှာအိပ်နေတဲ့သားလေးနဲ့ ညာဘက်မှာအိပ်နေတဲ့သမီးလေးကို ဖွဖွလေးနမ်းရတာနှစ်သက်တယ်…


အလုပ်သွားခါနီးခင်ပွန်းအတွက်နဲ့ ကျောင်းသွားခါနီးသားနဲ့သမီးအတွက် မနက်စာချက်ပြုတ်ပြင်ဆင်ပေးရတာကိုနှစ်သက်တယ်…


မနက်စောစော ပဲဆီနဲ့နှပ်ထားတဲ့ လက်ဖက်အသားကို ပဲကြော်၊ပုဇွန်ခြောက်၊ထမင်းဖြူတွေနဲ့ နယ်စားပြီး ကော်ဖီပူပူမွှေးမွှေးလေးမှုတ်သောက်ရတာနှစ်သက်တယ်…


သားနဲ့သမီးကို ဘယ်ညာလက်တွဲပြီး ကျောင်းလိုက်ပို့ရတာကို နှစ်သက်တယ်…


ခင်ပွန်းကအလုပ်သွား ခလေးတွေကကျောင်းသွားချိန်မှာ ဘလော့လည် ဖေ့ဘွတ်ဝင် ဂိမ်းတွေဆော့ရတာကိုနှစ်သက်တယ်…


ခလေးတွေကျောင်းသွားနေတုန်း သူတို့ဆော့လက်စ ကွန်ပျူတာဂိမ်းတွေကို level တက်အောင် ကူဆော့ပေးရတာ နှစ်သက်တယ်…


အင်တာနက်ကော်နက်ရှင်မကောင်းတဲ့နေ့တွေမှာ ရှော့ပင်းစန်တာတွေမှာ ဈေးထွက်ဝယ်ရတာကို နှစ်သက်တယ်…


သူငယ်ချင်းတွေနဲ့ချိန်းပြီး နေ့လည်စာထွက်စားရတာကို နှစ်သက်တယ်…


မြန်မာအစားအစာတွေချက်ပြီး သူငယ်ချင်းတွေကို ဖိတ်ကျွေးရတာ နှစ်သက်တယ်…


သူငယ်ချင်းတွေအိမ်သွားလည်ပြီး သူတို့ချက်တာတွေ စားရတာကိုနှစ်သက်တယ်…


သားနဲ့သမီးကို ကျောင်းသွားကြိုရတာကို နှစ်သက်တယ်…


ခလေးတွေကျောင်းကဆရာ ဆရာမတွေနဲ့ ခလေးတွေအကြောင်း ဆွေးနွေးရတာ နှစ်သက်တယ်…


အလုပ်ကပြန်လာတဲ့ခင်ပွန်းကို အပြုံးနဲ့ကြိုဆိုရတာ နှစ်သက်တယ်…


ခင်ပွန်းကို ခလေးတွေရဲ့ တနေ့တာ ကျောင်းကအကြောင်းတွေကို ပြောပြရတာ နှစ်သက်တယ်…


ခင်ပွန်းက လစာထုတ်တဲ့နေ့တိုင်း လစာအပ်တာကို နှစ်သက်တယ်…


အိမ်မှာတခုခု အရေးပေါ်လိုအပ်တိုင်း ခင်ပွန်းက ဆိုင်ကယ်နဲ့ အပြင်ထွက်သွားဝယ်ပေးတတ်တာကို နှစ်သက်တယ်…


ခင်ပွန်းက အပြင်ကပြန်လာတိုင်း စားစရာတခုခု ဝယ်လာပေးတတ်တာကို နှစ်သက်တယ်…


ရုံးပိတ်ရက်တိုင်း ခင်ပွန်းက wet market မှာ ဟင်းချက်စရာတွေ သွားဝယ်ပေးတတ်တာကို နှစ်သက်တယ်…


စနေတနင်္ဂနွေနေ့တွေမှာ မိသားစုအပြင်ထွက်ပြီး ရှော့ပင်ထွက် နေ့လည်စာထွက်စားရတာကို နှစ်သက်တယ်…


အိပ်ရာဝင်ခါနီးတိုင်း ခလေးတွေနဲ့ အတူတူ ဘုရားရှိခိုးရတာကို နှစ်သက်တယ်…


အိပ်ခါနီးတိုင်း ခလေးနှစ်ယောက်ကို ဖွဖွလေးနမ်းပြီး I love you လို့ပြောရတာကိုနှစ်သက်တယ်…



(Kiki, ခြင် နှင့် ဝက်ဝံလေးတို့ကို တဂ်ပါသည်... ရေးပေးကြတော်မူပါ)

Sunday, April 3, 2011

စကာင်္ပူနေသူများသို့

ဒီတစ်ခေါက်ခလေးတွေကျောင်းက ၂၉ ရက် ဧပြီလကနေ ၉ရက် မေလအထိပိတ်တယ်… ဗီယက်နမ်ထဲမှာလဲ beach တွေဘဲသွားနေရတာရိုးလာတာရယ်… သမီးလေးနဲ့သားလေး လိုချင်တာတစ်ချို့ဗီယက်နမ်မှာ ဝယ်မရတာရယ်ကြောင့် စကာင်္ပူသွားလည်ဖို့ဆုံးဖြတ်လိုက်ပါတယ်… ခလေးတွေရဲ့အဖေပါလိုက်နိုင်မယ်ဆိုရင် တစ်ပတ်လောက်နေဘို့စဉ်းစားထားပေမဲ့ သူအလုပ်မအားလို့ မလိုက်နိုင်တော့တာကြောင့် ကျမတို့သားအမိတွေချည်းမို့ ၄ရက်ဘဲနေပါတော့မယ်… အရင်အခေါက်တွေက နေရာတွေစုံအောင်ရောက်ဖူးပြီးသွားပြီမို့ အခုထိတော့ လည်မယ့်နေရာတွေ မစဉ်းစားထားပါဘူး… ခလေးတွေသွားချင်တဲ့နေရာတွေဘဲ လိုက်ပို့ဖြစ်မှာပါ… စကာင်္ပူရောက်တိုင်း နေ့တိုင်းသွားဖြစ်တာက Bugis Junction ပါ… သမီးလေးက အဲဒီအပေါ်ထပ်က ဂိမ်းစင်တာကို သဘောကျတယ်… တခြားမှာ ဒိထက်ကောင်းတဲ့ ကစားကွင်းတွေ ရှိလဲ အဲဒီနေရာကိုဘဲ သူနေ့တိုင်းသွားချင်တာမို့ ဒီတစ်ခေါက်လဲ အဲဒီဘဲနေ့တိုင်းသွားဖြစ်မှာဆိုတော့ ဟိုတယ်ကို အဲဒီနားမှာရှာထားပါတယ်… တခြားနိုင်ငံတွေခရီးထွက်တိုင်း ဟိုတယ်ကို Asiatravel ကနေရှာနေကြမို့ ဒီတခေါက်လဲ သူတို့ဝက်ဘ်ဆိုက်ကနေဘဲရှာပါတယ်… ၄ယောက်တခန်းရဘို့က ဝက်ဆိုဒ်ကနေရှာရတာ ခက်ပါတယ်… လူကြီး၂ယောက်နဲ့ခလေးတစ်ယောက် နေလို့ရတဲ့အခန်းတွေဘဲများတယ်... Bugis Juction နဲ့လဲနီး ၄ယောက်နေလို့ရမဲ့အခန်း ကရမဲ့ရတော့ သိပ်မကောင်းမှန်းသိပေမဲ့ ယူလိုက်ပါတယ်… ကျမက စိတ်မြန်တော့ အရင်တွေ့တဲ့ဟာကိုဘဲ ချက်ချင်းဘွတ်ကင်တင်လိုက်တာ တန်းရသွားတော့ နောင်တ တောင်နဲနဲရလိုက်တယ်… ဒါပေမဲ့ ခလေးတွေကို ပြကြည့်တော့ ကြိုက်ပါတယ် ဆိုတာနဲ့ စိတ်အေးသွားပါတယ်…ပိုက်ဆံလည်း အင်တာနက်ကနေ တခါတည်း အကြေချေရတာမို့ မကြိုက်ကြရင်လည်း ဘာမှမတတ်နိုင်ပါဘူး….
စကာင်္ပူကမရောက်ဖြစ်တာ၃နှစ်လောက်ရှိပြီ…. ငယ်သူငယ်ချင်းတချို့လဲရှိနေတာမို့ သူတို့နဲ့တွေ့ရမှာပျော်နေပါတယ်…ဒီတခေါက်တော့ လူမမြင်ဘူးဘဲ ဘလော့ပေါ်မှာရင်းနှီးနေတဲ့ သူငယ်ချင်းတစ်ချို့နဲ့လဲတွေ့ဖြစ်မှာမို့ အရင်အခေါက်တွေထက် ပိုပျော်ရမှာသေချာတယ်… ကိုယ့်ကိုဆက်သွယ်မဲ့သူတွေကိုဘဲတွေ့ဖြစ်မှာပါ… ကိုယ်ကဘလော့ဂါတွေအားလုံးကိုတွေ့ချင်ပေမဲ့ ကိုယ်ကစတွေ့ဘို့မတောင်းဆိုချင်ပါဘူး… အကြောင်းရင်းကတော့ ကိုယ်ကတွေ့ဘို့တောင်းဆိုမိရင် အငြင်းခံလိုက်ရမှာစိုးရိမ်လို့ပါ (ကျမက ရှက်တတ်တယ်ရှင့်)…. အရင်တုန်းက ဘလော့ပေါ်မှာ ဖေ့ဘွတ်ပေါ်မှာ အစားအသောက်တွေဓာတ်ပုံရိုက်တင်ကြလို့ ကိုယ်ကစားချင်တယ်ပြောဖူးတဲ့အခါ စကာင်္ပူလာလည်ရင် ချက်ကျွေးမယ်လို့ ပြောထားကြဘူးသူတွေ သတိရကြပါစေ.. :P…. မှတ်မှတ်ရရ စကာင်္ပူလာရင်စားချင်တာတွေချက်ကျွေးမယ်ဆိုတဲ့ ဘလော့ဂါခြောက်ယောက်လောက်ရှိပါတယ်…. တွေ့ကြသေးတာပေါ့…. တကယ်ပြောတာဟုတ်မဟုတ်ဆိုတာ သိရတော့မယ်… :P… (တကယ်က ကျမမှာ အိမ်လည်လျှောက်စားဖို့ အချိန်မရှိပါဘူး… လေးရက်အတွင်းမှာ ခလေးတွေသွားချင်တဲ့ ကစားလို့ရတဲ့နေရာတွေဘဲသွားဖြစ်မှာပါ…)
၎ရက်ဆိုတဲ့အချိန်ကတိုတိုလေးဆိုတော့ ခလေးတွေနဲ့ဘယ်နေရာကိုသွားလည်သင့်တယ်ဆိုတာလေးတွေ အကြံပေးကြပါလို့ တောင်းဆိုပါတယ်… အခါတိုင်းက ယောင်္ကျားက ဦဆောင်ပြီး ကိုယ်နဲ့ခလေးတွေက နောက်ကလိုက်ရုံဘဲ… အခုသူမပါတော့ ကိုယ့်ဟာကို စီစဉ်ရမှာ… ( သနားစရာနော်  )
အခုတော့ အရင်ကသွားဖူးပြီးသားနေရာတွေထဲက သူတို့ဘယ်တွေပြန်သွားချင်လဲ မေးနေတုန်းပါဘဲ… Bugis Junction ကတော့နေ့တိုင်းသွားဖြစ်မှာပါ… အပြင်မှာတခါမှမဆုံဖူးပေမဲ့ ဘလော့ပေါ်မှာသိပြီး ဖေ့ဘွတ်ပေါ်မှာ ရင်းနှီးခဲ့ရတဲ့ ဘလော့ဂါသူငယ်ချင်းလေးက လေဆိပ်လာကြိုမယ်ဆိုတော့ အရမ်းကိုဝမ်းသာမိပါတယ်… အရင်အခေါက်တွေကလာတိုင်း လေဆိပ်ကနေ တက္ကဆီစီးပြီးတည်းမဲ့ နေရာကိုသွားနေကျပါ… တကူးတကလာကြိုမဲ့ သူ့ရဲ့ဖော်ရွေခင်မင်မှုကို တကယ်ဘဲတန်ဘိုးထားမိပါတယ်…. ကျမမြင်ဖူးချင်သော ဘလော့ဂါသူငယ်ချင်းများကို အခွင့်ရရင်တွေ့ချင်ပါတယ်… တွေ့ခွင့်မရရင်တောင် ဖုန်းလေးနဲ့တော့နှုတ်ဆက်ချင်ပါတယ်… ကျမရဲ့ မေးလ်ကို ဖုန်းနံပါတ်လေးပို့ပေးမယ်ဆိုရင် ကျမဖုန်းဆက်ပြီးနှုတ်ဆက်ချင်ပါတယ်… (ကျေးဇူးပြု၍ဖုန်းနံပါတ်လေးများမစပါ)
(ဒီလိုဘဲတုံးတိတိနှင့်ပို့စ်ကို အဆုံးသတ်လိုက်ပါသည် :P )