Wednesday, December 9, 2009

ခရစ္စမတ်စ်အကြို


အခါတိုင်းတော့ ခရစ္စမတ်သစ်ပင်ကို အစိမ်းရောင်ဘဲသုံးဖြစ်ပါတယ်... ဒီနှစ်တော့ သမီးလေးက ခရမ်းရောင်ဝယ်ပေးဘို့ပူဆာတယ်... ကျမကတော့ ခရစ္စမတ်စ်သစ်ပင်ကို အဲလိုသဘာဝမကျတဲ့ အရောင်ကြီး မလိုချင်ဘူး... ဒါနဲ့ဘဲ သမီးလေးနဲ့ညှိရင်း အဖြူရောင်နဲ့ သဘောတူသွားကြတယ်.... ဒီနှစ်အခါတိုင်းလို အိမ်တောင်သိပ်မရှင်းဖြစ်ဘူး... အရင်နှစ်တွေဆို နိုဝင်ဘာလနောက်ဆုံးပတ်မှာ အိမ်ရှင်းတယ်.... အဝတ်အဟောင်းတွေကို မိဘမဲ့ကျောင်းကိုလှုတယ်.... အားလုံးရှင်းပြီးမှဘဲ ဒီဇင်ဘာလပထမပတ်မှာ ခရစ္စမတ်စ်သစ်ပင်ကို အလှဆင်တယ်.... ဒီနှစ်ခရစ္စမတ်တော့ ရန်ကုန်ပြန်မှာမို့ရော... သိပ်မအားတာရောကြောင့် အိမ်ကောင်းကောင်းမရှင်းဖြစ်ဘူး... အဝတ်ဟောင်းတွေတောင် မသယ်နိုင်လို့ နိုင်သလောက်လေးဘဲသယ်သွားပြီးလှုရတယ်... ငယ်ငယ်တုန်းကတော့ ဒီလိုအချိန်ဆို မောင်နှမတွေ အရမ်းပျော်ကြတဲ့ အချိန်ပေါ့.... ဖေဖေက လုပ်အားခထဲက ၁၀ပုံ၁ပုံ ဖယ်ထားတဲ့ ဆယ်ဖို့တစ်ဖို့ စုဗူးကြီးကိုဖောက်ပြီး ဘုရားကျောင်းက ဆရာတွေကိုလှုဖို့ စာရင်းလုပ်... ရပ်ကွက်ထဲက ခလေးတွေ ဘယ်နှစ်ယောက်ရှိလဲ စာရင်းကောက်ပြီး လက်ဆောင်ဝယ်ဘို့ သိမ်ကြီးဈေးကိုသွားကြတယ်.... ဒီဇင်ဘာလရောက်တိုင်း ကိုယ်တို့မောင်နှမတွေနဲ့ မခေါ်တဲ့ သူငယ်ချင်းတွေက ကိုယ်တို့ကို အတင်းပြန်လိုက်ခေါ်တယ်... ခရစ္စမတ်လက်ဆောင်မရမှာစိုးလို့လေ... ဒါပေမဲ့ ဖေဖေက အိမ်နားက ခလေးတွေအကုန်လုံးကို အတူတူပေးနေကျပါ.... ပြီးတော့ ဘုရားကျောင်းမှာဆိုဘို့ ခရစ္စမတ်စ်သီချင်းတွေ စပြီးလေ့ကျင့်ချိန်ပေါ့... ဖေဖေက ဂစ်တာတီး မေမေနဲ့ ကျမတို့မောင်နှမတွေက သီချင်းဆို... သိပ်ကိုပျော်စရာကောင်းခဲ့တာပေါ့.... အခုတော့ ဒီလိုအချိန်တွေ ပြန်မရနိုင်တော့ဘူး.... ဒီဇင်ဘာဟာလွမ်းဆွတ်စရာတွေအပြည့်နဲ့.....

ဒါပေမဲ့ ဒီနှစ်တော့ အရင်နှစ်တွေလိုမလွမ်းရတော့ဘူး... နောက်တစ်ပတ်ဆိုရန်ကုန်ပြန်တော့မယ်... မိသားစုတွေနဲ့ အတူခရစ္စမတ်စ်ကို ဆင်နွှဲရတော့မယ်... တွေးရင်းပျော်နေတယ်... ဘလော့ဂါသူငယ်ချင်းတွေ ဘလော့လာလည်နေကျ မောင်နှမတွေကို နှုတ်ဆက်လိုက်ပါတယ်နော်.... ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်စ်ဖြစ်ပါစေ.....

Thursday, December 3, 2009

ဗီယက်နမ်မှာ(၆)


(ဟိုချီမင်းမြို့လမ်းမတစ်နေရာ........ ဟိုချီမင်းမှာ ကားလမ်းတွေက အဲလိုပိတ်ပါတယ်)

ဆရာဝန်ဆီကနေဒီလိုကြားလိုက်ရတော့ ခဏတော့မှင်သက်မိသွားတယ်…. အဓိကကတော့ လေထုညစ်ညမ်းမှုပေါ့… ကျမသူငယ်ချင်းတစ်ယောက်ရဲ့သားလေးလဲ အဲလိုဖြစ်သေးတယ်… ဒါနဲ့သိပ်မကြာခင် ဟိုချီမင်းမြို့ထဲကနေ မြို့စွန်ဘက်ကိုပြောင်းနေလိုက်တော့ ခလေးက သက်သာသွားတယ်ပြောပါတယ်… ကျမအနေနဲ့ကတော့ လက်ရှိနေတဲ့နေရာက ခင်ပွန်းအလုပ်လုပ်ရာနေရာဆိုတော့ သူများလို အိမ်ပြောင်းနေလို့လဲမဖြစ်ပါဘူး… ရန်ကုန်ပြန်နေရင်ကောာင်းမလား စိတ်ကူးမိပေမဲ့ ခလေးတွေကိုလဲ ဖခင်နဲ့ ခွဲမနေစေချင်ပါဘူး…. ကျမရဲ့ခလေးတွေကို မိခင်မေတ္တာရော ဖခင်မေတ္တာပါ နီးကပ်စွာ နွေးထွေးစွာရရှိစေချင်ပါတယ်…. ဒီတော့ ကာကွယ်ဘို့ဘဲပြင်ဆင်ကြပါတယ်…. လိုအပ်တာတွေမှန်သမျှအိမ်မှာ အဆင်သင့်ရှိနေဖို့ဆောင်ထားတယ်… အရေးပေါ်ကာကွယ်နည်းကို သိသွားပြီဖြစ်တဲ့အပြင် ကာကွယ်စရာပစ္စည်းတွေလဲ ရှိနေပြီမို့ နောက်တခေါက်ဒီလိုမဖြစ်တော့မှာလဲ သေချာသလောက်ရှိနေပြီ… ဆရာဝန်ကလဲ ဖုန်းဆက်ခေါ်တိုင်းလာပါတယ်… ကျမတို့ သိပ်စိုးရိမ်တတ်မှန်းသိတော့ ဘယ်တော့ခေါ်ခေါ်အမြဲအရောက်လာတဲ့အပြင် ချက်ချင်းမလာနိုင်တဲ့ အခါ ဖုန်းထဲကနေလှမ်းမေးပြီး ခလေးကို ဘာဆေးဘယ်လောက်တိုက်ထား… ဘယ်လိုလုပ်ထားဆိုတာမျိုးတွေ ပြောပြပေးပါတယ်…. အဲဒီဆရာဝန်မဟာ ကျမတို့မိသားစုအတွက်တော့ ဘုရားသခင်လွှတ်လိုက်တဲ့ ကောင်းကင်တမန်ပါဘဲ…. အခုနောက်ပိုင်း သားလေးလဲ တော်တော်ကျန်းမာနေပါပြီ်…. အခုတော့လည်ဲး ဗီယက်နမ်မှာနေရတာ တော်တော်နေသားကျနေပါပြီ…. ပျော်ရာမှာ မနေရ တော်ရာမှာ နေရ ဆိုတဲ့ စကားဟာ ကျမအတွက် တော်တော်လေး အဓိပ္ပါယ်ရှိပါတယ်…. တော်ရာမှာနေရင်း ပျော်အောင်ကြိုးစားရတာလည်း ရင့်ကျက်မှုတွေတိုးပွားစေပါတယ်…. အဆင်မပြေတာတွေ ကြုံလာရတဲ့အခါတိုင်း တခါတလေလဲ ဖြစ်တတ်ပါတယ်လေ လို့ လျှော့တွေးလိုက်တာပါဘဲ…. ရိုင်းပျစွာဆက်ဆံခံရတဲ့ အခါလဲ သူတို့ အတွက်ဒါဟာရိုင်းတယ်လို့ မထင်တဲ့ အပြုအမူဖြစ်နေမှာပါလေလို့ ဖော့တွေးပေးလိုက်တယ်…. ရောက်တဲ့ အရပ်မှာ ပျော်အောင်နေတတ်ဘို့ ဘဝတက္ကသိုလ်ကြီးက သင်ကြားပေးလိုက်ပြီ……..
အခုတော့ ကျမတို့ မိသားစုတွေ ဗီယက်နမ်မှာနေရတာ ပျော်နေပါပြီ…….. ဆက်နေရမဲ့ နောက်ပိုင်းကာလများမှာလည်း ပျော်နေမှာသေချာတဲ့ ယုံကြည်ချက်တွေနဲ့ ဗီယက်နမ်မှာကြုံခဲ့ရတဲ့ ကျမရဲ့ အတွေ့အကြုံတွေ အကြောင်း “ဗီယက်နမ်မှာ” ကို နိဂုဏ်းချုပ်လိုက်ပါတယ်…. ဗီယက်နမ်မှာနေနေရဆဲမို့ နောက်ပိုင်းတွေမှာ အကြောင်းအရာအလိုက်ဘဲ ခေါင်းစဉ်တပ်ပြီးရေးသွားပါမယ်…. ကျမရဲ့ “ဗီယက်နမ်မှာ” ကို အပိုင်း၁ကနေ နောက်ဆုံး အပိုင်း၆ အထိ အမြဲ လာရောက် ဖတ်ရှုကြတဲ့ ဘလော့ဂါမောင်နှမများ ဘလော့လည်သူမောင်နှမများ အားလုံးကို အထူးဘဲကျေးဇူးတင်ပါတယ်… အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်……..

Monday, November 30, 2009

ညီမငယ်ရုံလေးအတွက်(မြှုးသျှရီ)

ဒီနေ့မနက် အသစ်တက်လာတဲ့ ညီမငယ် မြုးသျှရီရဲ့ ပို့စ်ကို ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်.... မနေ့ကတင်တဲ့ ပို့စ်လေးကို comment ပေးမရထဲက မနက်ဖြန်မှဘဲ ပေးတော့မယ်လို့ စိတ်ကူးထားခဲ့တာ... ဒီမနက်ကျမှဘဲ တမင်ဖြုတ်ထားလိုက်မှန်းသိရတယ်.... ကျန်းမာရေးမကောင်းတဲ့ ညီမငယ်လေးဟာ ထိခိုက်ခံစားလွယ်သူရယ်လို့ အကဲခတ်မိပြီးသားပါ.... comment တွေမှာ Cbox မှာ ချစ်စရာကောင်းအောင် ခလေးဆန်ဆန် ချွဲချွဲနွဲ့နွဲ့လေး comment ရေး နှုတ်ဆက်တတ်တဲ့ ညီမငယ်လေးကို လူမမြင်ဖူးပေမဲ့ သံယောဇဉ်တွယ်နေမိတာ.... အခုလို ရုံလေးတစ်ယောက် ဘလော့ကိုပါခွဲခွါတော့မယ်ဆိုတော့ အံ့သြမိသလို စိတ်မကောင်းလဲဖြစ်မိတယ်... ဘယ်သူတွေကများ ချစ်စရာကောင်းတဲ့ ရုံလေးကို ဒီလောက်ထိ စိတ်ထိခိုက်အောင် လုပ်လိုက်ကြတာလဲ?
ပြောလိုက်တဲ့သူက ပြောပြီးရင်ပြီးသွားပေမဲ့ ခံလိုက်ရတဲ့သူက တစိမ့်စိမ့်နာကျင်နာကျင်ခံစားနေရမှာ.... ဘာကြောင့်များသူများကိုနစ်နာစေရတာလဲ? အဝေဖန်ခံနိုင်သူ ခေါင်းမာသူတွေအဖို့ (ဥပမာကျမပေါ့)ဘာမှမဖြစ်လောက်ပေမဲ့ ထိခိုက်ခံစားလွယ် ဝမ်းနည်းတတ်သူအဖို့က ခံနိုင်ရည်မရှိဘူးလေ.... ကျမရေးတဲ့ စာတွေအပေါ်မှာလည်း တခါတလေ အမည်မသိဆိုတဲ့နာမည်နဲ့ အပေါ်ယံဖတ်ပြီး ဟော့ရှော့လုပ် ဝေဖန်သွားသူတွေ ရှိပါတယ်.... မြန်မာလိုတောင်မရေးနိုင်ပါဘူး.... E လိုခွပ်သွားတာပါ.... ဒါပေမဲ့ ကျမ မမှုပါဘူး.... comment အားလုံးကို ကျမတန်ဖိုးထားပါတယ်.... ဒီလိုရေးတဲ့သူရှိလာတော့ ကိုယ့်ဘလော့ကိုလာလည်တဲ့ သူတွေမှာ ခင်လို့လာလည်တဲ့ ဘလော့ဂါတွေ စာဖတ်ဝါသနာပါသူတွေအပြင် အပြစ်ရှာပြီး ခနဲ့ဖို့ လာဖတ်သူလဲရှိတတ်တယ်ဆိုတာ သတိထားမိသွားခဲ့ပါတယ်... အဲဒီအတွက် အမည်မသိ ဝေဖန်ခနဲ့သွားသူတွေကို ကျေးဇူးတင်ပါတယ်...
ဒါပေမဲ့ ညီမငယ်ရုံလေးဟာ ခလေးဆန်စွာ ချစ်စရာကောင်းပြီး စိတ်ထားဖြူသူလေးပါ... သူကျန်းမာရေးမကောင်းတာရော... ဝမ်းနည်းလွယ်တာ ထိခိုက်ခံစားလွယ်တာ သူ့ကိုချစ်တဲ့ ဘလော့ဂါမောင်နှမတွေ သိကြပါတယ်... သူရေးတဲ့ ဟင်းချက်နည်းလေးတွေဟာ တခါတလေ အဆန်းလေးတွေမို့ သူ့ဘလော့မှာ အသစ်တင်တိုင်း ကျမမှာ အပြေးအလွှား သွားကြည့်ရတာ... အခုတော့ သူဘလော့ကို ပိတ်ပစ်လိုက်တော့မယ်တဲ့ ... comment လဲရေးလို့မရ... Cbox လဲမရှိတော့ပါ.... ညီမငယ်ရုံလေးကို အဲလောက်တောင် စိတ်ဆင်းရဲ စိတ်ထိခိုက်အောင် လုပ်လိုက်တဲ့ သူဘယ်လိုများနေမလဲ? ပျော်နေမှာလား.... ကိုယ့်အမှားကိုသိပြီး တောင်းပန်မှာလားမသိပေမဲ့ ကျမတော့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်... ညီမငယ်ရုံလေးရေ... ပြန်စဉ်းစားပါဦးလားလို့ ဒီပို့စ်လေးကနေ ပြောချင်ပါတယ်.... ညီမငယ်လေး ကို ချစ်တဲ့ ဘလော့ဂါတွေ အများကြီးရှိနေသေးတာ... ညီမငယ်လေးကို အားပေးကြမဲ့ အားပေးကြတဲ့ သူတွေ ရှိနေသေးတာ ညီမလေးသိရင် ညီမလေး ခံစားနေရတဲ့ နာကျင်မှုတွေ လျှော့ပါး ပျောက်ကွယ်သွားပါစေလို့ ရည်ရွယ်ရင်း ဒီပို့စ်လေးကိုရေးလိုက်ပါတယ်...

Friday, November 27, 2009

နားလို့ဝပြီ




ခုတစ်လော ခလေးနှစ်ယောက်က တစ်လှည့်စီ နေမကောင်းဖြစ်ကြတယ်... ရာသီဥတု အကူးအပြောင်းကြောင့်ပါ... ကျောင်းတွေလဲ တစ်ပတ်မှာ တစ်ယောက်တော့ ပျက်ရတာ နှစ်ပတ်ဆက်တိုက်ရှိပြီ... အခုသူတို့နှစ်ယောက်လုံးနေပြန်ကောင်းသွားတော့ ကျမအလှည့်ရောက်ရော.... အသံက လဲဝင်ပြီး စကားကောင်းကောင်းပြောမရ... ဘာလုပ်လုပ်စိတ်တိုင်းမကျဖြစ်နေရတယ်... အဲဒါကြောင့် ခဏနားလိုက်တာပါ... ခုတော့နားလို့ဝသွားပါပြီ... ဘလော့လေးကို ပစ်ထားမိသလိုဖြစ်သွားတဲ့အတွက် လာလည်သွားတဲ့မောင်နှမများကိုတောင်းပန်ပါတယ်.... သတင်းမေးကြတဲ့ မောင်နှမများကိုလည်း ကျေးဇူးအထူးတင်ပါတယ်.... နောက်တစ်ပတ်ဆို ပို့စ်လဲပုံမှန်ပြန်တင်ပါတော့မယ်.... သမီးနဲ့သားလည်း ကျန်းမာပျော်ရွှင်စွာနဲ့ Game Centerတွေ ကျောင်းပိတ်ရက်တိုင်း ပြန်သွားနိုင်တော့မှာပါ... ပုံထဲက Game Centerက Big C စူပါမားကတ် အပေါ်ထပ်မှာဖွင့်ထားတာပါ... သမီးနဲ့သား ခဏခဏ သွားနေကျနေရာလေးပေါ့ (ဆားချက်တယ်ဘဲ သဘောထားကြပါနော်)


Thursday, November 19, 2009

ခဏနားမယ်

လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ပါတယ်... အခုတလော မအားပါဘူး... ဒါကြောင့် ဒီတပတ်ကျမ ဘလော့ကနေ ခဏလောက် အနားယူမဲ့ အကြောင်း သူငယ်ချင်းများအားလုံးကို အသိပေးပါတယ်...
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေရှင်...

Wednesday, November 11, 2009

ဆီထမင်းနှင့်အာဗြဲခြောက်ကင်

လက်ဖက်ရည်


ဆီထမင်းနှင့်အာဗြဲခြောက်ကင်

ဗယာကြော်၊ ဝက်သုံးထပ်သားသုတ်


ကော်ပြန့်စိမ်းလိပ်ရန်အစာပလာများ



ကော်ပြန့်စိမ်းနှင့်အချဉ်


တစ်နေ့က မနက်မိုးလင်းအိပ်ယာထချိန် ဆီထမင်းစားချင်စိတ်ပေါက်တာနဲ့ ကောက်ညှင်းဆန်လဲ အဆင်သင့်ရှိလို့ ဆီထမင်းချက်စားဖြစ်တယ်... ရန်ကုန်က လူကြုံပေးလိုက်တဲ့ အာဗြဲခြောက်ကင်လေးနဲ့တွဲစားတာကောင်းမှကောင်း...ပြီးတော့ လက်ဖက်ရည်သောက်ချင်တာနဲ့ Tea Mix ဖျော်သောက်တယ်... ပြင်းပြင်းလေးကြိုက်လို့ နှစ်ထုတ်ကို ရေနွေးတစ်ခွက်စာဘဲထည့်တယ်... နို့ဆီ tea spoon တစ်ဇွန်းလောက်ထည့်လောက်တော့ ကောင်းလိုက်တာ... ရန်ကုန်မှာ ဆိုင်ထိုင်သောက်တဲ့ အရသာနဲ့ အတူတူဘဲ... နေ့ခင်းကျတော့ ဗယာကြော်စားချင်စိတ်ပေါက်လာလို့ ကုလားပဲကို နှစ်နာရီလောက်ရေစိမ်... ပြီးတော့ blender နဲ့ကြိတ် ...ဆားရယ် ဂျင်းနဲ့ကြက်သွန်ဖြူထောင်းထားတာရယ် ထည့်နယ်ပြီး ကြော်ပါတယ်... ထမင်းစားခါနီးကျတော့ ဝက်သားသုံးထပ်သားဟင်းချက်ပြီးသားရှိပေမဲ့ ဒီတိုင်းမစားချင်တော့လို့ အတုံးတွေကို ပါးပါးလှီး... သခွါးသီးပါးပါးလှီး ပြီး ငံပြာရည်၊ပဲမှုန့်၊ဆီချက်၊အချိုမှုန့်၊ငရုတ်သီးစိမ်းတို့နဲ့ရောပြီး သုတ်စားလိုက်တယ်....ကော်ပြန့်စိမ်းကတော့ တလောကသူငယ်ချင်းတွေစုပြီးလုပ်စားတာပါ... မောင်နှမတစ်ချို့တောင်းဆိုလို့လုပ်နည်းလေးရေးပေးမလို့ပါ... ဒီမှာကော်ပြန့်စိမ်းလုပ်တဲ့ အဖတ်တွေကို မုန့်ဟင်းခါးဖတ်ရောင်းတဲ့ဆိုင်မှာ ဝယ်လို့ရပါတယ်...အထဲမှာထည့်တဲ့ အစာတွေက မုန်လာဥနီ၊မုန်လာဥဖြူ၊ပဲပြား၊ဂေါ်ဖီနဲ့ ဝက်သားတွေပါ.... မုန်လာဥနီ၊မုန်လာဥဖြူနဲ့ ဂေါ်ဖီတွေကို ပါးပါးလှီးပြီး တစ်ခုချင်းစီကြော်ရပါတယ်... ပဲပြားကိုတော့ အချပ်လေးတွေရအောင်ကြော်ပြီးမှ ပါးပါးပြန်လှီးပါတယ်... ဝက်သားကိုလဲ ပြုတ်ပြီးမှ ပါးပါးလှီးတာပါ(ဝက်သားမစားရင် ကြက်သားကိုပြုတ်ပြီး အသားနွှင်ထည့်၊သက်သက်လွတ်ဆိုရင် ပဲပြားနဲ့ဘဲပေါ့)... အားလုံးအဆင်သင့်ဖြစ်ရင် တစ်ခုချင်းကြော်ထား လှီးထားတာတွေကို ဇလုံတစ်ခုထဲမှာ အကုန်လုံးရောသွားအောင် ထည့်မွှေပါတယ်.. မွှေလို့ပြီးရင် ကော်ပြန့်စိမ်းလိပ်စားဖို့အဆင်သင့်ဖြစ်ပါပြီ.... ဆလပ်ရွက်၊ကြက်သွန်မိတ်တို့နဲ့ရောစားပါတယ်... အချဉ်က ရန်ကုန်ကသယ်လာတဲ့ငရုတ်ဆီပါ... ငရုတ်ဆီထဲကို ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းထောင်းတာရယ်... သကြားအနဲငယ်၊ဆားအနည်းငယ် နဲ့ မန်ကျည်းသီးအနှစ်အနည်းငယ်ရောထည့်ပြီးဖျော်ပါတယ်... ကော်ပြန့်စိမ်းလုပ်စားရတာ အရမ်းလွယ်ပါတယ်...
လာလည်သူမောင်နှမများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...

Thursday, October 29, 2009

ဗီယက်နမ်မှာ(၅)

(ရှစ်လအရွယ်သားငယ်)


၂၀၀၃ခုနှစ်ကနေ၂၀၀၅ခုနှစ်အတွင်း ဗီယက်နမ်မှာ နေခဲ့ရတဲ့ အချိန်တွေဟာ ကျမအတွက် အပျော်ဆုံးအချိန်တွေ လို့ပြောလို့ရပါတယ်.... ဆွေမျိုးတွေလို ရင်းရင်းနှီးနှီး ဆက်ဆံလို့ရတဲ့ မြန်မာလူမျိုး သူငယ်ချင်းတွေရခဲ့တယ်... အိမ်နီးနားချင်းသူငယ်ချင်းတွေထဲက ပြင်သစ်အမျိုးသမီးတစ်ယောက်၊ဖိလစ်ပိုင်သူတစ်ယောက်နဲ့ ဗီယက်နမ်သူငယ်ချင်းတစ်ယောက် တို့ဟာလဲ သိပ်ကိုခင်စရာကောင်းပါတယ်.... သူငယ်ချင်းတွေစုပြီး နေ့လည်စာထွက်စားကြတိုင်း သမီးလေးကို အိမ်ဖော်နဲ့ မထားရက်တဲ့ အတွက် ကျမသွားလေရာ သမီးလေးပါစမြဲ.... ကျမသူငယ်ချင်းတွေကြားမှာ သမီးလေးကတော့ ပျော်လို့.... တစ်အုပ်လုံးမှာ ခလေးခေါ်လာသူဆိုလို့ ကျမတစ်ယောက်ထဲ ရှိပေမဲ့ နားလည်ပေးကြပါတယ်.... တစ်နေ့တော့ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဂျပန်အမျိုးကမီးက ကျမကိုထုတ်ပြောပါတယ်... အရင်တုန်းက ကျမကိုသွားလေရာ ခလေးတန်းလန်းခေါ်လာလို့ သူ့စိတ်ထဲထူးဆန်းနေမိတယ်တဲ့.... အခုတော့ သူက ကျမလာရင် ခလေးမခေါ်လာမှာတောင်စိုးမိတယ်တဲ့.... အဲဒီနှစ်တွေအတွင်းမှာ ဒီဇင်ဘာလရောက်တိုင်း ရန်ကုန်ကို အလည်ပြန်ကြပါတယ်.... သမီးလေးရဲ့ မွေးနေ့ကို ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ ကျင်းပပေးချင်တာရော.... ဒီဇင်ဘာမှာ ကိုယ့်ရဲ့မိခင်အသင်းတော်မှာဘဲ ဘုရားပြန်ရှိခိုးချင်တာတွေကြောင့် နှစ်တိုင်း တစ်လလောက်တော့ ပြန်လည်ဖြစ်တယ်.... အချိန်တန်လို့ ဗီယက်နမ်ပြန်တော့မယ်ဆိုရင် သမီးလေးက လေဆိပ်မှာ ဘယ်လိုမှ ချော့မရအောင် အသည်းအသန်ငိုတယ်.... နဂိုက သမီးလေးကို မျက်နှာတစ်ချက် အပျက်မခံဘဲ အရိပ်ကြည့်နေခဲ့သူမိခင်တစ်ယောက်အနေနဲ့ ကျမ အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်... သမီးလေးကို အမျိုးမျိုးချော့ရင်း ကျမလဲ မျက်ရည်ကျရပါတယ်.... ဟိုမှာ အပေါင်းအသင်းတွေ ဘယ်လောက်ဘဲ ရှိရှိ... ဘယ်လိုဘဲ ကောင်းကောင်းနေရနေရ... မိဘဆွေမျိုးတွေရဲ့ အေးရိပ်မေတ္တာမျိုးတော့ မရနိုင်ဘူးလေ.... ကိုယ်ပျော်ရာ ကိုယ့်နိုင်ငံမှာ မနေရတဲ့အခါ နေရတဲ့နေရာမှာဘဲ ပျော်အောင်ကြိုးစားနေနေကြရတာဘဲလေ... ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာလို့ ကိုယ့်ကိုကိုယ် ပြန်အားပေးရပါတယ်.... ဗီယက်နမ်လေဆိပ်ကို ပြန်ရောက်တိုင်းလည်း ကျမမှာမျက်ရည်ဝဲရပါတယ်.... ထွက်ခွါလာခဲ့တဲ့ ကိုယ့်နိုင်ငံလေဆိပ်နဲ့ ဘာမှမဆိုင်တဲ့ ကွဲပြားခြားနားမှုတွေအတွက် ဝမ်းနည်းမိတယ်.... လေယာဉ်ပေါ်ကဆင်းတာနဲ့ လေဆိပ်ထဲတန်းရောက်....Immigration ကောင်တာတွေအများကြီးရှိတာကြောင့် အကြာကြီးတန်းစီရပ်စရာမလိုတဲ့ အပြင် ကောင်တာကထွက်တာနဲ့ အောက်ထပ်မှာ ကိုယ့်Luggage ကအဆင်သင့်ဆွဲယူရုံဘဲ.... Customကောင်တာမှာလဲခဏလေးဘဲ.... အားလုံးအဆင်ကိုပြေလို့.... သူများနိုင်ငံတိုးတက်တာကိုကြည့်ပြီး ကိုယ့်နိုင်ငံရဲ့ဆုတ်ယုတ်မှုအတွက် အရမ်းဘဲ စိတ်မကောင်းဖြစ်မိတယ်... ကျမလိုဘဲ တခြားသူတွေလဲ ဒီလိုဘဲခံစားကြရမယ်လို့ထင်ပါတယ်..... ဒီလိုနဲ့ဘဲ သမီးလေးအသက်နှစ်နှစ်ခွဲအရွယ်မှာ မူကြိုထားဘို့ အချိန်တန်ပြီဆိုပြီး မူကြိုကျောင်းတွေလိုက်စုံစမ်း စိတ်ကြိုက်တွေ့တဲ့ကျောင်းလေးမှာ သမီးလေးကိုမူကြိုစထားပါတယ်....မှတ်မှတ်ရရ ၂၀၀၄ခုနှစ် ဇူလိုင်လမှာပါ... သမီးလေးမူကြိုမှာ နေသားကျသွားတဲ့ ၂၀၀၅ခုနှစ်မှာ နောက်ထပ်ခလေးတစ်ယောက်ထပ်ယူဘို့ ဆုံးဖြတ်လိုက်ပါတယ်... ကိုယ်ဝန်ရပြီးတဲ့အခါ ဟိုချီမင်းက ဆေးရုံကြီးတစ်ခုမှာ ပြင်သစ်ဆရာဝန်တစ်ယောက်နဲ့ ကိုယ်ဝန်အပ်တယ်.... အားဆေးလဲမသောက်ခိုင်း.... လနုကိုယ်ဝန်သွေးဆင်းတာကိုလဲ ဘာကုသမှုမှမပေးနဲ့ လုံးဝစိတ်တိုင်းမကျပါဘူး... ဒါနဲ့ဘဲ မှန်းထားတဲ့ အချိန်ထက်ရန်ကုန်ကိုစောပြန်ခဲ့ရပါတယ်.... ဘာကြောင့်မှန်းမသိ ကျမစိတ်ထဲမှာ မြန်မာဆရာဝန်တွေကိုဘဲ စိတ်တိုင်းကျပါတယ်.... ကျမကြုံခဲ့ရတဲ့ မြန်မာOG နှစ်ယောက်စလုံးဟာ လူနာတွေအပေါ်တကယ်ဘဲနွေးထွေးပါတယ်.... ဟိုချီမင်းမှာတွေ့ခဲ့ရတဲ့ ပြင်သစ်OGနဲ့ဘာမှမဆိုင်ပါဘူး.... ကျမရန်ကုန်ပြန်မွေးရကျိုးနပ်ပါတယ်.... မိသားစုရဲ့ဂရုစိုက်မှုအောက်မှာ ကျမစိတ်တွေအရမ်းချမ်းသာခဲ့ရတယ်....သမီးလေးအတွက်လဲပူစရာမလို... ဝိုင်းကြည့်ပေးတဲ့အမျိုးတွေကြားမှာ သမီးလေးလဲပျော်လို့... ၂၀၀၆ခုနှစ်မတ်လ၂၁ရက်နေ့မနက်မှာ ချစ်စရာကောင်းတဲ့သားလေးကို မွေးဖွားခဲ့ပါတယ်.... သားလေးတစ်လခွဲမှာ ဗီယက်နမ်ကိုပြန်လာခဲ့ပါတယ်.... သားငယ်လေးအလှည့်မှာတော့ အတွေ့အကြုံရှိပြီးသား ဖြစ်သွားပြီမို့ အစစအရာရာအဆင်ပြေပါတယ်.... မိသားစုအလည်ခရီးတွေလဲ ခဏခဏထွက်ဖြစ်တယ်.... နီးနီးနားနား စင်္ကာံပူနိုင်ငံကိုတော့ ပိုသွားဖြစ်တယ်... ဒါပေမဲ့ကျန်းကျန်းမာမာမွေးဖွားခဲ့တဲ့ သားလေးဟာတစ်နှစ်ခွဲအရွယ်မှာ အရေးပေါ်ဆေးရုံတက်ခဲ့ရတယ်...ခြေမကိုင်မိလက်မကိုင်မိနဲ့ တကယ်ကို သောကရောက်ခဲ့ရတယ်.... အသက်ရှုလမ်းကြောင်းကို ဗိုင်းရပ်စ်ဝင်ပြီး အသက်ရှုလမ်းကြောင်းပိတ်တာပါ.... နောက်ပိုင်းလဲခဏခဏဖြစ်နိုင်တာမို့ ဆရာဝန်က အသက်ရှုလမ်းကြောင်းဖွင့်ပေးတဲ့ ရှုဆေးမှုတ်တဲ့စက်လေးဝယ်ခိုင်းပါတယ်... အဲဒါလေးနဲ့နောက်ပိုင်းမှာ အဆင်ပြေသွားပါတယ်... အရေးပေါ်ကြုံလာရင်တောင် အိမ်မှာဘဲ အရင် ကုသပေးထားလို့ရပါတယ်.... ရင်ကျပ်ပန်းနာရောဂါလိုဖြစ်မှာ စိုးရိမ်လို့ ဆရာဝန်ကိုမေးကြည့်ပါတယ်... ကြီးတဲ့ အထိဖြစ်နေမှာလား... ဘယ်အရွယ်လောက်ထိဆက် ဖြစ်နိုင်လဲလို့ ... ဆရာဝန်ရဲ့အဖြေက ဒီမှာခလေး အများစုအဲလိုဘဲဖြစ်ကြတယ်တဲ့ ... ဗီယက်နမ်မှာ မနေတော့ရင် မဖြစ်တော့ဘူးတဲ့
(ဆက်ရန်)