( ပုံကိုGoogleမှယူပါသည်)
ဘဝမှာပျော်ရွှင်စရာများစွာနှင့်ကြုံခဲ့ရဘူးသလို ဝမ်းနည်းစရာများနှင့်လည်းကြုံတွေ့ခဲ့ရဘူးပါသည်။
စိတ်ရှုတ်ထွေးခဲ့ရချိန်မှားရှိသလို စိတ်ကြည်လင်လန်းဆန်းနေခဲ့ချိန်များလည်းရှိခဲ့ဘူးသည်။
ငိုကြွေးခဲ့ရဘူးသလို ရီမောပျော်ရွှင်ခဲ့ချိန်များလည်းရှိခဲ့ဘူးပါသည်။
ဘဝမှာတွေ့ကြုံခံစားခဲ့ရသမျှ ရသပေါင်းစုံက အမှတ်တရများစွာ ရင်ထဲစွဲကျန်ရစ်ခဲ့သည်။
စွဲကျန်ရစ်သမျှ ခံစားမှုရသများစွာကို မှတ်တမ်းတင်လိုသောဆန္ဒတစ်ခုဖြင့် ဘလော့စာမျက်နှာဖွင့်ရေးသားခဲ့သည်မှာ ၅နှစ်ကျော်၆နှစ်နီးပါးပင်ရှိခဲ့ပြီ။
ထိုဘလော့လေးသည် ကျမဘဝ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ထိုဘလော့လေးတွင် ကိုယ်တွေ့ဇာတ်လမ်းများ၊စိတ်ကူးယဉ်ဝထ္တုတိုလေးများ ရေးသားရင်းကုန်ဆုံးခဲ့ရသောအချိန်များကို ကျမတန်ဘိုးထားမိသည်။
အိမ်ထောင်ရှင်မတစ်ယောက်၊ရင်သွေးနှစ်ယောက်၏မိခင်မို့ အားလပ်ချိန်နည်းပါးလှသော်လည်း ရေးခါစနှစ်များမှာ အချိန်ပေးရေးသားခဲ့ဘူးသည်။
ခုတော့တိတ်ဆိတ်လာသောဘလော့ရွာလေးမှာ ကိုယ်တိုင်က မအားလပ်ခြင်းများစွာကို အကြောင်းပြုလျှက် တစ်လ တစ်ပုဒ်တောင်မှန်မှန်မရေးဖြစ်တော့။
ဘယ်လောက်ဘဲ မအားမလပ်လို့မရေးဖြစ်ကြသော်လည်း တစ်နှစ်တစ်ခါ ဘလော့ဒေးရောက်ခါနီးတိုင်းမှာ တစ်ယောက်ယောက်က နှိုးဆော်လေ့ရှိတာတော့
မပျောက်ပျက်သွားခဲ့။
ဒီနှစ်လည်းတီတင့်ကသတိတရတဂ်တာကြောင့် ဘလော့ရွာလေးပြန်လည်စည်ကားလာခြင်းကို ဝမ်းမြောက်မိပါသည်။
ကိုယ်တိုင်းလည်းနှစ်တိုင်းလိုလို အမှတ်တရတစ်ခုခုတော့ရေးဖြစ်နေလေ့ရှိသည်။
ထိုဘလော့ဒေးက ဘလော့ဂါအပေါင်းကိုနိုးထစေသလို ပုံမှန်ပြန်ရေးဖို့အားယူမိသော အမှတ်တရနေ့လေးဖြစ်သည်။
အရေးကြဲသည့်ကိုယ်က ဘလော့ဒေးအမှတ်တရပို့စ်လေးရေးပြီးတိုင်း ဘလော့မှန်မှန်ပြန်ရေးဖြစ်ဖို့ ကိုယ့်ကိုကိုယ် သတိပေးမိနေလေ့ရှိသည်။
အနည်းဆုံးတစ်လတစ်ပုဒ်တော့မှန်မှန်ရေးဖြစ်ဘို့ ဘလော့ဒေးအမှတ်တရအဖြစ်ဆုံးဖြတ်မိပါသည်။
ဒီဘလော့လေးက ကျမအသက်ရှင်နေသရွေ့အသက်ဆက်နေမည်ဖြစ်သည်။
ဘလော့ဒေးအမှတ်တရပို့စ်ကိုလည်း နှစ်တိုင်းရေးဖြစ်နေပါဦးမည်။
ခင်မင်သူဘလော့မိတ်ဆွေအပေါင်းနှင့်တကွ ဘလော့ဖတ်သူမောင်နှမများ ကျန်းမာရွှင်လန်းကြပါစေရန် ဘလော့ဒေးအမှတ်တရ ဆုမွန်ချွေလိုက်ပါသည်။
ချစ်ခင်စွာဖြင့်
Rose of Sharon
Friday, August 29, 2014
ဘလော့ဂ်ဒေးအမှတ်တရ
( ပုံကိုGoogleမှယူပါသည်)
ဘဝမှာပျော်ရွှင်စရာများစွာနှင့်ကြုံခဲ့ရဘူးသလို ဝမ်းနည်းစရာများနှင့်လည်းကြုံတွေ့ခဲ့ရဘူးပါသည်။
စိတ်ရှုတ်ထွေးခဲ့ရချိန်မှားရှိသလို စိတ်ကြည်လင်လန်းဆန်းနေခဲ့ချိန်များလည်းရှိခဲ့ဘူးသည်။
ငိုကြွေးခဲ့ရဘူးသလို ရီမောပျော်ရွှင်ခဲ့ချိန်များလည်းရှိခဲ့ဘူးပါသည်။
ဘဝမှာတွေ့ကြုံခံစားခဲ့ရသမျှ ရသပေါင်းစုံက အမှတ်တရများစွာ ရင်ထဲစွဲကျန်ရစ်ခဲ့သည်။
စွဲကျန်ရစ်သမျှ ခံစားမှုရသများစွာကို မှတ်တမ်းတင်လိုသောဆန္ဒတစ်ခုဖြင့် ဘလော့စာမျက်နှာဖွင့်ရေးသားခဲ့သည်မှာ ၅နှစ်ကျော်၆နှစ်နီးပါးပင်ရှိခဲ့ပြီ။
ထိုဘလော့လေးသည် ကျမဘဝ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ထိုဘလော့လေးတွင် ကိုယ်တွေ့ဇာတ်လမ်းများ၊စိတ်ကူးယဉ်ဝထ္တုတိုလေးများ ရေးသားရင်းကုန်ဆုံးခဲ့ရသောအချိန်များကို ကျမတန်ဘိုးထားမိသည်။
အိမ်ထောင်ရှင်မတစ်ယောက်၊ရင်သွေးနှစ်ယောက်၏မိခင်မို့ အားလပ်ချိန်နည်းပါးလှသော်လည်း ရေးခါစနှစ်များမှာ အချိန်ပေးရေးသားခဲ့ဘူးသည်။
ခုတော့တိတ်ဆိတ်လာသောဘလော့ရွာလေးမှာ ကိုယ်တိုင်က မအားလပ်ခြင်းများစွာကို အကြောင်းပြုလျှက် တစ်လ တစ်ပုဒ်တောင်မှန်မှန်မရေးဖြစ်တော့။
ဘယ်လောက်ဘဲ မအားမလပ်လို့မရေးဖြစ်ကြသော်လည်း တစ်နှစ်တစ်ခါ ဘလော့ဒေးရောက်ခါနီးတိုင်းမှာ တစ်ယောက်ယောက်က နှိုးဆော်လေ့ရှိတာတော့
မပျောက်ပျက်သွားခဲ့။
ဒီနှစ်လည်းတီတင့်ကသတိတရတဂ်တာကြောင့် ဘလော့ရွာလေးပြန်လည်စည်ကားလာခြင်းကို ဝမ်းမြောက်မိပါသည်။
ကိုယ်တိုင်းလည်းနှစ်တိုင်းလိုလို အမှတ်တရတစ်ခုခုတော့ရေးဖြစ်နေလေ့ရှိသည်။
ထိုဘလော့ဒေးက ဘလော့ဂါအပေါင်းကိုနိုးထစေသလို ပုံမှန်ပြန်ရေးဖို့အားယူမိသော အမှတ်တရနေ့လေးဖြစ်သည်။
အရေးကြဲသည့်ကိုယ်က ဘလော့ဒေးအမှတ်တရပို့စ်လေးရေးပြီးတိုင်း ဘလော့မှန်မှန်ပြန်ရေးဖြစ်ဖို့ ကိုယ့်ကိုကိုယ် သတိပေးမိနေလေ့ရှိသည်။
အနည်းဆုံးတစ်လတစ်ပုဒ်တော့မှန်မှန်ရေးဖြစ်ဘို့ ဘလော့ဒေးအမှတ်တရအဖြစ်ဆုံးဖြတ်မိပါသည်။
ဒီဘလော့လေးက ကျမအသက်ရှင်နေသရွေ့အသက်ဆက်နေမည်ဖြစ်သည်။
ဘလော့ဒေးအမှတ်တရပို့စ်ကိုလည်း နှစ်တိုင်းရေးဖြစ်နေပါဦးမည်။
ခင်မင်သူဘလော့မိတ်ဆွေအပေါင်းနှင့်တကွ ဘလော့ဖတ်သူမောင်နှမများ ကျန်းမာရွှင်လန်းကြပါစေရန် ဘလော့ဒေးအမှတ်တရ ဆုမွန်ချွေလိုက်ပါသည်။
ချစ်ခင်စွာဖြင့်
Rose of Sharon
Saturday, June 21, 2014
ချစ်သူများနှင့်ဘဝစခြင်း
၂၀ရက်၆လပိုင်း၂၀၁၄ခုနှစ်မှာ ကျမဘဝ စ ခဲ့ပြီ...
တကယ်တော့ဒီနေ့လို အသက်၄၀ပြည့်မွေးနေ့ကို တစုံတရာ ပိုမိုထူဲးခားစွာဆင်နွှဲဖို့
စိတ်ကူးခဲ့ဖူးပေမဲ့ တကယ်တမ်းမှာ ခါတိုင်းနှစ်တွေတုန်းကလိုတောင်မဆင်နွှဲဖြစ်...
ဆိုင်ဂုံမြို့မှာနေထိုင်သူ လက်ကျန်သူငယ်ချင်းတွေထဲကတစ်ယောက်က
ရန်ကုန်အလည်ပြန်နေတဲ့အပြင် နောက်တစ်ယောက်က ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင်
အနောက်နိုင်ငံတစ်နိုင်ငံသို့ခရီးထွက်စရာရှိနေပြန်သည်...
မကြာသေးခင်ကမှခင်မင်ခဲ့ရသောမောင်ငယ်တစ်ယောက်နှင့်ညီမငယ်တစ်ယောက်ကလည်း အလုပ်တွေရှူတ်နေခဲ့သည်....
ရန်ကုန်ကခဏအလည်လာသည့်သူငယ်ချင်းကလည်း ဒီနေ့ဘဲပြန်လို့ လေဆိပ်လိုက်ပို့ရသေးတာ...
တခြားသူငယ်ချင်းအိမ်ထောင်ရှင်မများနှင့်လည်း ခလေးတွေကျောင်းပိတ်ကုန်ပြီမို့ အရင်လို မတွေ့ဖြစ်တော့...
ခါတိုင်းနှစ်တွေလိုလည်းဘာမှကြိုတင်မစီစဉ်မိဘဲ ဒီနှစ်မှာအတွေးတွေနဲ့သာ အချိန်တွေကုန်လို့နေခဲ့သည်...
အရင်တုန်းကတော့ အသက်၄၀ပြည့်ချိန်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုနှင့် ရပ်တည်နေနိုင်ရမည်ဟု
ရည်မှန်းခဲ့ဘူးသော်လည်း လက်တွေ့မှာတော့ အိမ်ထောင်ရှင်မတစ်ယောက်အဖြစ်နဲ့သာ...
ခင်ပွန်းသည်လုပ်ငန်းကိုသာ တခါတရံကူညီရင်း
သားသမီးတို့၏ လိုအပ်ချက်များကိုကျေနပ်စွာဖြည့်ဆည်းရင်း အသက်၄၀ပြည့်သွားခဲ့ပြီ...
တနေကုန်အတွေးများစွာဖြင့်အချိန်တွေကုန်လွန်ပြီးနောက်မှာတော့
ခင်ပွန်းသည်၏ ကြိုတင်ပြင်ဆင်မှူများနှင့် ကျမရဲ့၄၀ပြည့်ညနေခင်းလေးက
နွေးထွေးစွာ အသက်ဝင်လာခဲ့သည်...
ညနေစာကိုအတူစားသုံးကြရင်း အပြန်အလှန်စနောက်ကြရင်း
ခင်ပွန်းသည်နှင့်သားသမီးတို့ထံမှလက်ဆောင်များကိုရယူလျှက်ပျော်ရွှင်ကြည်နူးခဲ့ရသည်...
ကျမရဲ့အသက်၄၀ပြည့်မွေးနေ့က ကမ္ဘာပေါ်မှာ ကျမကိုအချစ်နိုင်ဆုံး..
အမြတ်နိုးဆုံး...တန်ဘိုးအထားဆုံး...
ကျမကိုမရှိမဖြစ်လိုအပ်ကြသော
ကျမရဲ့မိသားစုကို ပိုလို့တန်ဘိုးထား မြတ်နိုးစေခဲ့သည်..
ကျမရဲ့ ပျော်ရွှင်မှူ ဝမ်းနည်းမှူတို့ကို ထပ်တူမျှဝေခံစားနိုင်ကြသူ
ထိုသူ၃ယောက်သည် ကျမဘဝမှာအရေးအပါဆုံးသူများဖြစ်သည်...
သူတို့၃ယောက်သည် ကျမအသက်ရှင်ရာအကြောင်းရင်းများဖြစ်သည်...
ကျမဘဝ၏အသက်ရှင်ရပ်တည်မှူကို အဓိပ္ပါယ်ရှိစေသော
ချစ်ခင်ပွန်းနှင့် ချစ်သမီး ချစ်သားတို့အား
ရင်ထဲမှလှိုက်လှဲစွာကျေးဇူးတင်မိပါသည်...
အသက်၄၀ပြည့်မွေးနေ့မှစ၍ အချိန်တိုင်းနာရီတိုင်းစက္ကန့်တိုင်းမှာ
ဘုရားပေးသောထိုမိသားစုလေးအား တန်ဘိုးထားမြတ်နိုးစွာပေးဆပ်အသက်ရှင်သွားပါမည်ဟု
အဓိဌာန်ပြုလျှက်
ချစ်ခင်စွာဖြင့်
Rose of Sharon
ဖုန်းနှင့်ရေးခြင်းမို့်ဖတ်ရတာအဆင်မပြေဖြစ်ခြင်းများအတွက်ကြိုတင်တောင်းပန်အပ်ပါသည်ရှင့်...
Tuesday, May 13, 2014
သမီးလေးသို့လွမ်းချင်း
ခါတိုင်းဒီအချိန်ဟာသမီးလေးကျောင်းသွားချိန်မို့အိမ်မှာကိုယ်တစ်ယောက်တည်း
အိမ်မှုကိစ္စများ… လူမှုရေးကိစ္စများနှင့်အလုပ်ရှုတ်နေကျဖြစ်သည်။
ဒီနေ့ကနေ့ခါတိုင်းနေ့တွေလို
ဘာမှတက်တက်ကြွကြွလုပ်ချင်စိတ်မရှိ။
သမီးလေးဆီသို့သာစိတ်တွေကရောက်နေခဲ့သည်။ကျလုလုမျက်ရည်ကိုအားတင်းထိန်းရင်း
အပြင်ပန်းကကြည့်ရင် စိတ်ဓာတ်ကမာကျောမလိုနှင့် သားသမီးနှင့်ပတ်သက်လျှင်နူးညံ့ပျော့ပြောင်းလွန်းသောနှလုံးသားက
ခုချိန်ထိမရင့်ကျက်သေးသလိုလို။
မနေ့ကတစ်နေ့လုံး
အိမ်မပျော်သွားခင်ထိဂျီကျနေခဲ့သောသမီးလေး၏ချွဲနွဲ့သံကနားထဲကမထွက်သလို နှုတ်ခမ်းလေးစူပြီး
ညည်းညူနေသော သမီးလေး၏ရုပ်သွင်ကမျက်စေ့ထဲကမထွက်။
သမီးလေးကိုအားပေးနေပေမဲ့
ကိုယ်တိုင်က ရေခြားမြေခြားခရီးကိုမလွှတ်ချင်။သို့ပေမဲ့ နောက်လေးငါးနှစ်မှာ တက္ကသိုလ်တက်ရတော့မဲ့သမီးလေးအတွက်
ခုထဲကအလေ့အကျင့်ရအောင် ဒီခရီးကိုလွှတ်သင့်သည်ဆိုသောခင်ပွန်းသည်စကားကလဲမှန်နေတာမို့မငြင်းသာ။
ဒီခရီးကကျောင်းသင်ရိုးညွှန်းတမ်းအရလိုက်နာရမည့်စည်းကမ်းလဲဖြစ်နေသည်မို့
တိကျခိုင်မာသောအကြောင်းပြချက်မရှိဘဲနှင့် ပျက်ကွက်ခွင့်မရှိ။
အတန်းဖော်သူငယ်ချင်းများရော
ဆရာ၊ဆရာမများပါအပါအဝင် အဖွဲ့အစည်းနှင့်သွားသည့်ခရီးဖြစ်သည်မို့ စိတ်မပူရပေမဲ့ ခါတိုင်းနှစ်တွေ
ပြည်တွင်းခရီးမှာတောင် ညတိုင်းကြိတ်ငိုတတ်သည့်သမီးလေးက ဒီခရီးစဉ်မှာလဲ အခန်းဖော်မသိအောင်ကြိတ်ငိုနေဦးမှာကို
အလိုလိုသိနေသည်။
ကျောင်းစာနှင့်တကွအရာရာတွင်ကိုယ့်အားကိုယ်ကိုးပြီး
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသောသမီးလေးက မိသားစုနှင့်ခွဲခွာနေရသော၎ရက်၅ရက်ခရီးစဉ်တိုင်းမှာ
ဘယ်တော့မှစိတ်လှုပ်ရှားတက်ကြွမှုမရှိတတ်ဘဲ ခရီးစဉ်ပျက်အောင်ဆုတောင်းလေ့ရှိသည်။
ညကတော်တော်နှင့်အိပ်မပျော်သောသမီးကို
ငယ်ငယ်တုန်းကလို သီချင်းလေးဆိုရင်းဖက်သိပ်ခဲ့ရသည်။အမေနှင့်အရပ်မတိမ်းမယိမ်းအရွယ်ပေမဲ့
ခလေးလေးလို အယုအယခံရင်း အိပ်ပျော်သွားမှ ကိုယ့်အခန်းကိုယ်ပြန်ရင်း ကိုယ်တိုင်ကအိပ်လို့မရ။
လေဆိပ်ကို၆နာရီခွဲအမီရောက်ရမည်မို့
သမီးလေးကိုမနက်၅နာရီခွဲသွားအနှိုးမှာသူကနိုးနေနှင့်ပြီ။မနက်စာစားပြီးအကျီင်္လဲချိန်ထိ
မသွားချင်ဘူးဟုတတွတ်တွတ်ပြောနေဆဲ။
အဖေရောအမေရောလေဆိပ်လိုက်ပို့တာကိုယ်တို့ဇနီးမောင်နှံသာရှိသည်။အများစုကကျောင်းကစီစဉ်သောကားနှင့်စုရပ်မှာဆုံကြပြီး
လေဆိပ်သို့တစုတဝေးလာကြသည်။
အချို့လေဆိပ်နှင့်နီးနီးနေသော
ကျောင်းသားကျောင်းသူတစ်ချို့ကကိုယ့်အစီအစဉ်နှင့်လာကြသည်။ကိုယ်တို့ကတော့ ကျောင်းနှင့်နီးပြီး
လေဆိပ်နှင့်ဝေးသော်လည်း ပထမဆုံးအကြိမ် ရေခြားမြေခြားသို့ မိသားစုမပါဘဲခရီးထွက်ရမည့်သမီးကို
လေဆိပ်ထိလိုက်ပို့ဘို့ သမီးလေးမတောင်းဆိုခင်ထဲက ဆုံးဖြတ်ထားပြီးသားပြီးသည်။
လေဆိပ်ရောက်တော့ငိုမဲ့မဲ့ဖြစ်နေသောသမီးကိုအားပေးစကားပြောရင်း
ကျောင်းမှလာသောကားကိုအတူစောင့်ပေးနေခဲ့သည်။
ကျောင်းမှလာသောကားကိုအတူစောင့်ပေးနေခဲ့သည်။
ကားပေါ်မှသူငယ်ချင်းများဆင်းလာသောအခါ
သူငယ်ချင်းများနှင့်စကားပြောရင်း သမီးလေးမျက်နှာလေး အနည်းငယ်ပြန်လည်လန်းဆန်းလာတော့မှ
စိတ်သက်သာသလိုခံစားမိသည်။
လေဆိပ်ထဲဝင်ခါနီးနှုတ်ဆက်အနမ်းပေးသည့်အခါ
ဆုတောင်းပေးနော်ဟုသမီးလေးကတိုးတိုးလေးကပ်ပြောရင်းကျမပါးပြင်ကိုသမီးလေးနမ်းလိုက်သည့်အခါ
ကျမအသည်းတွေကြွေတော့မလိုနင့်ခနဲခံစားရသည်။
ခုချိန်မှာသမီးလေးလေယာဉ်ပေါ်ရောက်နေပြီးမကြာခင်
စကာင်္ပူလေဆိပ်သို့ဆိုက်ရောက်တော့မည်ဖြစ်သည်။
ကျမကတော့ခုထဲကလွမ်းဆွတ်နေရပြီဖြစ်သည်။ခင်ပွန်းသည်ပြောသလို
နောင်အနာဂတ်မှာ ရင်ခွင်ထဲကခွဲခွာသွားမည့်အချိန်တွေအတွက် ကျင့်သားရဘို့ ကျမအများကြီး
အားယူရဦးမှာဖြစ်သည်။
ခုတော့ သမီးလေးအစစအရာရာအဆင်ပြေဘို့၊
ဘေးအန္တရယ်အမျိုးမျိုးမှကင်းရှင်းဘို့ ခရီးစဉ်အစအလယ်အဆုံး သမီးလေးကျန်းမာပျော်ရွှင်ဘို့
သတိရတိုင်းဆုတောင်းပေးနေရင်း သမီးလေးဖုန်းအခေါ်ကိုစောင့်မျှော်နေပါသည်။
May God
Bless you darling...
May God be with you every step....
May God be with you every step....
Tuesday, April 8, 2014
ချစ်သူ့မွေးနေ့
ဒီနေ့မနက်သည်ခါတိုင်းမနက်တွေထက်အေးချမ်းနေသယောင်ယောင်…
ဆိုင်ဂုံမြို့ရဲ့နွေအကုန်ကခါတိုင်းနေ့တွေမှာအစွမ်းကုန်ပူပြင်းလွန်းပေမဲ့ ဒီမနက်မှာတော့အေးမြသောမနက်ခင်းလေးကကြည်လင်နေသောစိတ်ကို
ကြည်နူးမှုတွေထပ်တိုးပေးနေပြန်သည်။
ဒီနေ့ခင်ပွန်းသည်မွေးနေ့မှာမှမနေ့ကပူနေသည့်ရာသီဥတုကအေးမြခြင်းသို့ပြောင်းလဲပေးခြင်းလေလားဟု
ကိုယ့်ဘာသာတွေးရင်းပြုံးမိသည်။ တစ်မြို့ထဲရှိနေပါရက်နှင့် အတူမရှိနေနိုင်သောမနက်ခင်းကသူ့အကြောင်းတွေပိုတွေးဘို့ဖြစ်လာခဲ့သည်ထင့်။
ညနေမှအိမ်ပြန်လာမည့်ခင်ပွန်းသည်အတွက်မွေးနေ့လက်ဆောင်အဝယ်ထွက်ဘို့စဉ်းစားထားပေမဲ့
အိမ်မှာမီးလာပြင်မည့်အလုပ်သမားတွေကိုစောင့်ရဦးမည်မို့ သူသာရုတ်တရက်စောပြီးအိမ်ပြန်လာလျှင်
ကိုယ့်မှာသူ့မွေးနေ့အတွက်ဘာမှပြင်ဆင်ထားခြင်းမရှိသည်မို့ အားနာရမည်ဖြစ်သည်။
လက်ရှိအလုပ်တာဝန်တွေလွှဲပြောင်းပြီးမှအိမ်အသစ်မှာမိသားစုနှင့်အချိန်ပြည့်နေနိုင်မည့်သူက
လောလောဆယ်တော့ လုပ်ငန်းရှိရာနေရာမှာနေထိုင်နေရဆဲမို့ မိသားစုနှင့်အချိန်ပြည့်မနေနိုင်။
ဒီနေ့တော့သူ့မွေးနေ့မို့အလုပ်ချိန်ပြီးလျှင်မိသားစုနှင့်အတူညစာထွက်စားဘို့စီစဉ်ပြီးသားဖြစ်သည်။
သားနှင့်သမီးကတော့သူတို့ဖခင်အတွက်မွေးနေ့လက်ဆောင်ပြင်ဆင်ပြီးသားဖြစ်သည်။
ကိုယ့်မှာသာအိမ်အသစ်မှာ
အသားကျဘို့တစ်နေ့တစ်နေ့အိမ်ပြင်ခြင်း၊အိမ်မှုကိစ္စများနှင့်
အချိန်ကုန်လို့ကုန်မှန်းမသိနှင့်
ခုတော့မွေးနေ့လက်ဆောင်တောင်ပြင်ဆင်ချိန်မရသေး။
သူကတော့မိသားစုများအပေါ်တာဝန်ကျေလွန်းသူဖြစ်သည်။
ဇနီးနှင့်သားသမီးများကိုလိုလေသေးမရှိအောင်
အစစအရာရာဖြည့်စွမ်းပေးလေ့ရှိကာလိုတရစေသူဖြစ်သည်။
အိမ်ထောင်သက်တမ်း၁၅နှစ်ချစ်သူသက်တမ်း၂နှစ်…
၁၇နှစ်လုံးသူ့ကြောင့်စိတ်ဆင်းရဲမှုများနည်းနည်းမှကိုမခံစားခဲ့ရခြင်းအတွက် ရင်ထဲမှလှိုက်လှဲစွာကျေးဇူးတင်ပါသည်။
အိမ်ထောင်ဦးကာလကြုံတွေ့ရလေ့ရှိသောအဆင်မပြေမှုများကိုလည်း
သူ့ဘက်မှနားလည်ခွင့်လွှတ်ခြင်းများဖြင့် အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ကိုယ့်ဘက်ကလစ်ဟင်းခဲ့ခြင်းများစွာကိုလည်း
အပြစ်မမြင်ဘဲ
နားလည်အောင်သင်ယူစေခဲ့သူဖြစ်သည်။
နှစ်ပေါင်းများစွာကြာအောင်
ဟိုးအရင်ထဲကနွေးထွေးမှုမျိုးကို ခုချိန်ထိရရှိနေခြင်းအတွက် မြတ်နိုးစွာကျေးဇူးတင်ပါသည်။
သူသည်ကိုယ့်အတွက်
ဘုရားပေးသောလက်ဆောင်အစစ်အမှန်ဖြစ်သည်။
မိသားစုအတွက်၊ကိုယ့်အတွက်၊သမီးနှင့်သားအတွက်
မရှိမဖြစ်လိုအပ်သော ထိုလက်ဆောင်မွန်ကိုတန်ဘိုးထားမြတ်နိုးလျှက် ဆုံးရှုံးရမှာကိုလည်း
စိုးရိမ်မိပါသည်။
ထို့အတွက်လည်း
သူ့ကျန်းမာရေးအတွက်အမြဲဆုတောင်းပေးလေ့ရှိသည်။
တည်ကြည်သစ္စာရှိသော၊အစဉ်သဖြင့်မိသားစုရှေ့မှာမားမားမတ်မတ်ရပ်တည်ပေးလေ့ရှိသော၊
အဖက်ဖက်မှလိုလေသေးမရှိအောင်ပံ့ပိုးပေးလေ့ရှိသော
ခင်ပွန်းကောင်း၊ဖခင်ကောင်း ၏၄၄နှစ်မြောက်သောမွေးနေ့မှစ နောင်နှစ်ပေါင်းများစွာတိုင်
ကျန်းမာခြင်းပကတိကိုရရှိလျှက် လိုရာဆန္ဒမှန်သမျှ ပြည့်စုံရပါမည့်အကြောင်း
ထာဝရဘုရားရှင်ထံဆုမွန်ကောင်းတောင်းပန်အပ်ပါသည်။
သမီးနှင့်သားကိုကျောင်းသွားကြိုရင်းအပြန်မှာမွေးနေ့လက်ဆောင်အတူဝင်ဝယ်ကြပြီး
သူပြန်အလာကိုစောင့်ကြိုနေကြပါမည်။
သူလည်းခုချိန်မှာ
အချိန်မှီအိမ်ပြန်လာနိုင်ဘို့ ပြင်ဆင်နေပါလိမ့်မည်။
တကယ်တော့သူ့မွေးနေ့တိုင်းမှာအချိန်ပြည်သူ့အနားရှိနေချင်ပါသည်။
ကိုယ့်ဆန္ဒတွေတွေခုချိန်မှာမပြည့်ဝနိုင်သေးမဲ့
အသက်တွေကြီးလို့
အနားယူချိန်မှာတော့ မွေးနေ့တိုင်းမှာ နှစ်ယောက်အတူအချိန်ပြည့်ရှိနေနိုင်ပါလိမ့်မည်။
ထိုနေ့မျိုးမှာတော့
ကိုယ်တို့ဇနီးမောင်နှံက မိဘအဘိုးအဘွားတွေကိုလာတွေ့မည့်
သမီးသားနှင့်မြေးများကို အိမ်ဝမှာစောင့်ကြိုနေပါလိမ့်မည်။
ထိုနေ့များကိုမျှော်လင့်စောင့်စားရင်း
ဒီနေ့ကျရောက်တဲ့သူ့မွေးနေ့ကို ပျော်ရွှင်ကြည်နူးစွာဖြတ်သန်းလိုက်ပါဦးမည်။
Monday, March 10, 2014
ညီမလေးနှင်းရဲ့ တဂ်ပို့စ်
ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားနဲ့
ကြိုတင်မသိမြင်တဲ့အကြောက်တရား နှစ်ခုစလုံးကတော့ ကြောက်လန့်စရာကောင်းတာတွေချည်းပါဘဲ။
ကိုယ့်အတွက်တော့ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားတွေနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ဘူးသလို
ကြိုတင်မသိမြင်နိုင်ခဲ့တဲ့ အကြောက်တရားတွေနဲ့လဲရင်ဆိုင်ခဲ့ဘူးပါတယ်…
ကြိုတင်ပြင်ဆင်မှုနဲ့ကာကွယ်မှုတွေလုပ်ဆောင်ထားနိုင်ခဲ့ရင်တော့
ကြောက်စရာကောင်းတဲ့အဖြစ်အပျက်မျိုးတွေရင်ဆိုင်ရတဲ့အခါ ကြိုတင်မပြင်ဆင်ထားတာထက်တော့
ခံနိုင်ရည်ပိုရှိစေပါတယ်…
ကိုယ့်အသက်၂၆နှစ်ကျော်ကျော်မှာကိုယ်ဝန်ဆောင်ရတော့
မွေးဖွားတဲ့အခါနာကျင်ခံစားရမှာကိုကြောက်ပြီး ခွဲမွေးဖို့ဆုံးဖြတ်ခဲ့တယ်… ဒါကကြိုတင်မြင်နိုင်တဲ့အကြောက်တရားအတွက်ကြိုတင်ပြင်ဆင်ဆုံးဖြတ်ခဲ့တာပေါ့…
ဒါပေမဲ့တကယ်မွေးရမဲ့ရက်ထက်၃ပတ်စောပြီးညသန်းခေါင်မှာဗိုက်တွေနာတာကကြိုတင်မပြင်ဆင်ထားမိတဲ့၊
ကိုယ်မမြင်နိုင်ခဲ့တဲ့အကြောက်တရားပါဘဲ…
ကိုယ်ပြနေတဲ့ဆရာဝန်ကဆေးရုံကိုအစောကြီးမရောက်လာခင်
သဘာဝအတိုင်းမွေးရတော့မယ်အထင်နဲ့ကြောက်စိတ်တွေဝင်နေခဲ့ရတယ်…
တကယ်တမ်းသားအိမ်ကမပွင့်တော့
ခွဲစိတ်ဖို့ဆရာဝန်ကိုစောင့်ရတော့မယ်ဆိုတာသိရတဲ့အခါ ခလေးလေးအထဲမှာအသက်ရှင်နေပါ့မလားလို့စိတ်တွေပူကြောက်လန့်နေခဲ့ရတာပြန်တွေးတိုင်း
အသက်ရှုတွေကျပ်ချင်သလို…
အိမ်မှာခင်ပွန်းသည်မရှိတဲ့အချိန်သူခိုးဝင်တာ…
ကားရပ်ထားတုန်း ကားအခိုးခံရတာတွေကြုံရတဲ့အခါဖြစ်ခဲ့တဲ့ကြောက်စိတ်တွေကလည်းတွေးမိတိုင်းရင်တုန်မိတုန်းရယ်…
နောက်တစ်ခုကကိုယ့်ထက်အရင်ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်လောကထဲကထွက်ခွာသွားမှာကို
အရမ်းကြောက်ပါတယ်…
အဲဒါကသေတစ်နေ့မွေးတစ်နေ့မို့
ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားဖြစ်သလို ဘယ်တော့မှန်းကြိုမသိရဘဲရုတ်တရက်ခွဲခွါသွားမှာမျိုးက ကြိုတင်မသိမြင်နိုင်တဲ့အကြောက်တရားမို့
ကြောက်မိတာချင်းကအတူတူပါဘဲ…
အပေါင်းအသင်းနဲ့ပတ်သက်လာရင်တော့ကြိုတင်မသိမြင်နိုင်တဲ့
နောက်ကျောဓါးထိုးမှုမျိုးကိုပိုကြောက်မိတယ်…
အကြိမ်ကြိမ်ခံခဲ့ရဘူးပေမဲ့ ခုထက်ထိကြောက်နေရတာမို့
ကိုယ့်အတွက်အကြောက်ရဆုံးကအဲလိုအပေါင်းအသင်းမျိုးကိုပါ…
ကိုယ့်အတွက်ဘယ်အရာကိုပိုကြောက်တယ်ဆိုတာ
ကြောက်ရမဲ့အနေအထားပေါ်မှာမူတည်တာမို့ ကြောက်စရာအခြေအနေအတွက် တတ်နိုင်သမျှကြိုတင်ပြင်ဆင်ထားလိုက်တာပါဘဲ…
ကိုယ်တို့တွေရုတ်တရက်သေဆုံးသွားခဲ့ရင်
ကျန်ရစ်ခဲ့မဲ့ခလေးတွေအတွက် စိုးရိမ်ကြောက်လန့်မိခြင်းကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကိုယ်တို့ရဲ့ပိုင်ဆိုင်မှုဘာတွေရှိတယ်ဆိုတာခလေးတွေကိုပြောပြထားတယ်…
ရုတ်တရက်အခြေအနေမျိုးမှာဆက်သွယ်ဘို့ ဆွေမျိုးတစ်ချို့ရဲ့ဖုန်းနံပါတ်တွေသူတို့ဖုန်းထဲမှာထည့်ပေးထားတယ်…
နောက်ကျောဓါးနဲ့အထိုးခံရမှာကြောက်ပေမဲ့
သွေးအေးတဲ့ကိုယ့်ပင်ကိုယ်စိတ်အရ စိတ်ကိုတည်ငြမ်အောင်ထိန်းထားတတ်တာမို့ သိပ်တော့ကြိုတင်ပြင်ဆင်စရာမလိုဘူးလို့ထင်မိပါတယ်..
ချစ်ညီမလေးနှင်းရဲ့တဂ်ပို့စ်လေးကိုအဆုံးသတ်ရမယ်ဆိုရင်
ဘယ်အရာကိုမှပိုမကြောက်မိပါဘူး… ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားကိုကြောက်မိသလို ကြိုတင်မသိနိုင်တဲ့အကြောက်တရားကိုလဲကြောက်တာပါဘဲလို့…..
ချစ်ခင်စွာဖြင့်
Rose Of Sharon
Rose Of Sharon
Wednesday, January 8, 2014
Goodbye 2013... Hello 2014
Galle မြို့၊ သီရိလကာင်္နိုင်ငံ
၂၀၁၃သည်ကိုယ့်အတွက်တော့ခရီးသွားနှစ်ဖြစ်သည်။
သွားလိုက်ရတဲ့ခရီးတွေဆိုတာလေ… ခရီးဆောင်အိတ်ဆိုတာနားရတယ်ကိုမရှိ။ ခလေးတွေကျောင်းပိတ်ရက်ရှိသည်နှင့်ခရီးထွက်ရတော့တာ။
ခရီးတစ်ခုကပြန်လာပြီးသည်နှင့်နောက်ခရီးစဉ်အတွက် လေယာဉ်လက်မှတ်စီစဉ်၊ ဗီဇာတွေလျှောက်ရတာ
လုပ်ရိုးလုပ်စဉ်တစ်ခုလိုတောင်ဖြစ်နေခဲ့ပြီ။
၂၀၁၃နှစ်ဦးမှာမလေးရှားခရီးစဉ်ပြီးတော့ဖေဖော်ဝါရီလအတွက်ရန်ကုန်ပြန်ဖို့ပြင်ဆင်ခဲ့ရသည်။ရန်ကုန်ကပြန်လာပြီးတာနှင့်Aprilနောက်တစ်ခေါက်ပြန်ဖို့စီစဉ်ရပြန်သည်။
Aprilရန်ကုန်ခရီးစဉ်ပြီးတော့တကယ်ကပြင်သစ်သွားဖို့ဖြစ်ပေမဲ့ ရန်ကုန်ကအလုပ်တွေမပြတ်တာမို့ဇွန်လကုန်တာနှင့်ရန်ကုန်တစ်ခေါက်ပြန်ရပြန်သည်။
ရန်ကုန်ကပြန်လာပြီးတော့ ဇူလိုင်မှပြင်သစ်နှင့် အီတလီသွားလည်ဖြစ်သည်။ ကျောင်းတွေပြန်ဖွင့်ပြီးနောက်အောက်တိုဘာကျောင်းပိတ်ရက်တိုမှာလည်း
ရန်ကုန်ပြန်ပြေးရပြန်သည်။
ရန်ကုန်ကပြန်လာပြန်တော့ဒီဇင်ဘာမှာသီရိလကာင်္သွားဘို့ပြင်ဆင်ရပြန်သည်။သီရိလကာင်္မှာဘဲနှစ်ကူးခဲ့ပေမဲ့
ခရီးသွားနှစ်ကဒီနှစ်ထဲထိဆက်ပါလာပြန်သည်။နောက်နှစ်ပတ်နေရန်ကုန်ခဏပြန်ရပါဦးမည်။
၂၀၁၃ကိုခြုံကြည့်ရပါလျှင်
ကိုယ့်အတွက်အလွန်ကောင်းသောနှစ်တစ်နှစ်ဖြစ်ခဲ့ပါသည်။ လုပ်ကိုင်သမျှအောင်မြင်ခဲ့သော ကြံစည်သမျှအထမြောက်ခဲ့သော
စိတ်ကူးများလက်တွေ့ဖြစ်လာခဲ့သောနှစ်တစ်နှစ်မို့ နှစ်ကုန်ခါနီးမှာ ကုန်လွန်သွားမှာစိုးရိမ်မိသောလွမ်းဆွတ်မှုကိုခံစားရပါသည်။
ဒါပေမဲ့ထိုင်လွမ်းနေဖို့အချိန်ကိုယ့်မှာမရှိပါ…
ကိုယ်တောင့်တခဲ့သောပြောင်းလဲမှုများက လက်တွေ့မှာတကယ်ဖြစ်လာခဲ့ပြီမို့ ထိုပြောင်းလဲမှုတွေနှင့်အသားကျဘို့
ကိုယ့်ကိုကိုယ်လေ့ကျင့်ယူရပါဦးမည်။
ဒါကကိုယ့်အတွက်ကိုယ်ရွေးချယ်သောစိန်ခေါ်မှုဖြစ်သည်။
၂၀၁၄ထဲမှာအရေးကြီးသောဆုံးဖြတ်ချက်တစ်ခုကိုချဘို့ရှိသည်။ထိုဆုံးဖြတ်ချက်ကလည်းတကယ့်ကိုကြီးမားသောစိန်ခေါ်မှုဖြစ်နေပြန်သည်။မိသားစု၏လိုအင်မှန်သမျှကိုဖြည့်စွမ်းပေးလေ့ရှိပြီး
မိသားစုကို လိုတရ စေခဲ့သော ခင်ပွန်းသည်၏တောင်းဆိုမှုတစ်ခုကို လိုက်လျှောမည်၊မလိုက်လျှောမည်ကို
တိကျစွာဆုံးဖြတ်ရမည့်နှစ်ဖြစ်သည်။
၂၀၁၃မှာပျော်ခဲ့သလိုမျိုး၂၀၁၄မှာအချိန်တိုင်းပျော်ရပါ့မလားမသေချာပေမဲ့
စိန်ခေါ်မှုများစွာနှင့်စောင့်ကြိုနေသော၂၀၁၄ရဲ့ဂိတ်တံခါးကိုတော့စမ်းတဝါးဝါးနှင့်ဖွင့်ဝင်လာခဲ့ပြီ….
ခြေလှမ်းတိုင်းသေချာနေစေဖို့ ကြိုးစားအားတင်းလျှက် ရဲဝံ့မှုဝတ်ရုံကိုခြုံလွှမ်းကာ မာန်တင်းလျှောက်လှမ်းဝင်ရောက်ခဲ့ပါပြီ... လူ့သဘာဝအရ အကောင်းဆုံးကိုသာလိုချင်တတ်တာမို့ အကောင်းဆုံးတွေကိုသာတောင့်တရင်းနှစ်သစ်ထဲကိုဝင်လာမိခဲ့ပြီ....၂၀၁၄ဟာ ကိုယ့်ကိုကောင်းခြင်းများနဲ့သာကြိုဆိုနေပါနော်....
ခြေလှမ်းတိုင်းသေချာနေစေဖို့ ကြိုးစားအားတင်းလျှက် ရဲဝံ့မှုဝတ်ရုံကိုခြုံလွှမ်းကာ မာန်တင်းလျှောက်လှမ်းဝင်ရောက်ခဲ့ပါပြီ... လူ့သဘာဝအရ အကောင်းဆုံးကိုသာလိုချင်တတ်တာမို့ အကောင်းဆုံးတွေကိုသာတောင့်တရင်းနှစ်သစ်ထဲကိုဝင်လာမိခဲ့ပြီ....၂၀၁၄ဟာ ကိုယ့်ကိုကောင်းခြင်းများနဲ့သာကြိုဆိုနေပါနော်....
၂၀၁၄ကိုအတူတူဝင်ရောက်လာကြတဲ့မိတ်ဆွေများအားလုံး၂၀၁၄မှာကောင်းခြင်းများကိုသာရရှိကြပါစေလို့ဆုတောင်းရင်းနှစ်သစ်ကိုကြိုဆိုလိုက်ပါတယ်….
စာဖတ်သူမောင်နှမများရွှင်လန်းချမ်းမြေ့ကြပါစေ။
ချစ်ခင်စွာဖြင့်
Rose of
Sharon
Wednesday, November 27, 2013
အမှတ်တရများစွာဒီနေရာ
ဒီနေရာလေးကနေတကယ်တမ်းပြောင်းရွှေ့ရတော့မဲ့အချိန်နီးလာတဲ့အခါ ရင်ထဲမှာနှမျောမိသလိုခံစားရသည်။
မလွမ်းတတ်တဲ့ကိုယ်က ဒီနေရာလေးကနေပြောင်းရွှေ့သွားပြီးတဲ့အခါ ရင်ထဲမှာ တသသ သတိရနေမိမလားဆိုတာတော့မသေချာ။
တကယ်တော့ကိုယ်က အသည်းမာသည်ဟုပြောလို့ရသောလူစားမျိုးဖြစ်သည်။ထိုကဲ့သို့သောလူစားမျိုးဖြစ်လာအောင်လည်း
ဘဝအတွေ့အကြုံမျိုးစုံမှ သင်ယူခဲ့ ခြင်းဖြစ်သည်။
ရောက်သည့်အရပ်မှာပျော်အောင်နေတတ်သောကိုယ်က ငယ်သူငယ်ချင်းများကိုလွမ်းဆွတ်မနေတတ်ခဲ့။
ဟိုးငယ်ငယ်၁၀နှစ်သမီးအရွယ်ထဲက အင်းစိန်ကကျမ်းစာကျောင်းမှာခရစ်ယာန်ဘုရားကျောင်းပေါင်းစုံကဘုရားကျောင်းတစ်ကျောင်းမှာတစ်ယောက်ရွေးချယ်လျှက်
တစ်ပတ်တာ campသွင်းပြီး သင်တန်းပေးသည့်ထဲတွင် ကိုယ်တို့ဘုရားကျောင်းမှာကိုယ်အရွေးခံခဲ့ရသည်။
အဲဒီcampမှာ ညဘက်တွေဆို တချို့ခလေးတွေက အိမ်ကိုလွမ်းလို့ငိုတဲ့သူရှိသလို အိပ်ရာပြောင်းလို့အိပ်မရသူတွေရှိခဲ့သည်။ထိုခလေးများထဲတွင်ကိုယ်မပါဝင်ခဲ့ပါ။မိဘများလာလည်လို့ရတဲ့
နေ့ခင်းချိန်တွေမှာ ခလေးတွေကအဆောင်ရှေ့ကခုံတန်းတွေမှာထိုင်ရင်းသူတို့မိဘတွေကိုမျှော်နေတတ်ကြပေမဲ့
ထိုအထဲမှာလည်းကိုယ်မပါဝင်ခဲ့။ အဖေကလာတွေ့တဲ့အခါ ဆရာမတွေကကိုယ့်ကိုလိုက်ရှာပြီး အဖေနှင့်တွေ့ဆုံစေခဲ့ရသည်သာဖြစ်သည်။
ကိုယ်ကတော့ ရောက်တဲ့အရပ်မှာ တွေ့ရတဲ့သူတွေနှင့် ပျော်အောင်နေတတ်သူမို့ မိဘကိုမျှော်နေသည့်ခလေးတစ်ယောက်မဟုတ်ခဲ့။
တစ်ကျောင်းကနေတစ်ကျောင်းပြောင်းတဲ့အခါ အဆင်မပြေဖြစ်တတ်တဲ့ဆယ်ကျော်သက်အရွယ်မှာလည်းကိုယ်က
ကျောင်းအသစ်မှာ နှစ်ဝက်မှပြောင်းရွှေ့လာသူဖြစ်ပေမဲ့ အတန်းဖော်များနှင့်အဆင်ပြေစွာပေါင်းသင်းနိုင်ခဲ့သူဖြစ်သည်။ကျောင်းအဟောင်းမှသူငယ်ချင်းဟောင်းများကိုလည်း
လွမ်းဆွတ်မနေခဲ့။
အိမ်ထောင်ကျလို့ယောင်နောက်ဆံထုံးပါရတဲ့အခါမှာလည်း တစ်ပတ်တစ်ခါမိဘကိုမှန်မှန်ဖုန်းဆက်တတ်တဲ့
တခြားတစ်နိုင်ငံရောက်နေတဲ့အမလို ကိုယ်တာဝန်မကျေနိုင်ခဲ့။ရင်ထဲကသာချစ်နေတတ်လျှက် လူသိအောင်ထုတ်မပြတတ်တာ၊
လက်ရှိအနေအထားကိုသာ အလေးအနက်ထားတတ်သူကိုယ်က မိသားစုအသိုင်းအဝိုင်းမှာ အသည်းမာသူဖြစ်နေပါလိမ့်မည်။
ထိုကဲ့သို့ မလွမ်းတတ်သော ချစ်နေတာကိုထုတ်ဖော်မပြတတ်သောကိုယ်က
ဒီနေရာလေးကို ချစ်ခင်တွယ်တာနေပါလျှက် နှုတ်ကတော့ ထုတ်ဖော်မပြောဖြစ်ခဲ့။ ဒီနေရာလေးမှာနေရတာ
လုံခြုံနွေးထွေးမှုတွေနဲ့ ကျေနပ်စရာဖြစ်ပေမဲ့ ထုတ်ဖော်ချီးကျူးမှုတွေမပြုမိခဲ့။
အိမ်နေရာကျဉ်းကျဉ်းလေးတွေ၊တိုက်ခန်းအဆောက်အဦတွေနဲ့ ဆိုင်ကယ်အိတ်ဇောတွေဖုန်တွေထူထပ်နေတဲ့
ပတ်ဝန်းကျင်ကိုမေ့ထားလို့ရတဲ့ ဒီအိမ်ရာဝင်းလေးဟာ ဒီမြို့ထဲမှာရှားရှားပါးပါးရှိနေခဲ့ပါလျှက်
ကိုယ်ကထူးခြားကျေးဇူးမတင်တတ်ခဲ့။
ဒီနေရာလေးမှာကိုယ်တို့ဇနီးမောင်နှံရဲ့အိမ်ထောင်ဦးအမှတ်တရများစွာရှိသည်။ခလေးတွေမွေးဖွားကြီးပြင်းလာရာနေရာလေးဖြစ်သလို
သူတို့လေးတွေ ဘေးကင်းလုံခြုံစွာ ပြေးလွှားဆော့ကစားခဲ့သော ပြေးလွှားဆော့ကစားနေဆဲဖြစ်သောနေရာလေးဖြစ်သည်။
စနေ၊တနင်္ဂနွေနေ့တွေမှာ သမီးလေး၏သူငယ်ချင်းများလာရောက်လည်ပတ်ချင်လေ့ရှိသောနေရာလေးဖြစ်သည်။
မနက်မိုးလင်းထဲကသူတို့မိဘတွေ စိတ်ချစွာလာထားခဲ့ပြီး ညနေစောင်းမှာလာပြန်ကြိုကြလေ့ရှိသည်။
ထိုနေ့တွေမှာသမီးလေးကသူငယ်ချင်းများနှင့်အတူရေကူးလိုက်
၊ရေကူးကန်ဘေးကစားသောက်ဆိုင်လေးမှာမုန့်တွေဝယ်စားလိုက်နှင့် ပျော်ရွှင်နေလေ့ရှိသည်။
ခင်ပွန်းသည်လူပျိုဘဝထဲကနေလာသောနေရာလေးမို့ သူက နှမျောတမ်းတလွမ်းဆွတ်နေမှာသေချာသလို
သားနှင့်သမီးသည်လည်း အဖေနှင့်ထပ်တူခံစားရပေလိမ့်မည်။
အသည်းမာသည့်ကိုယ်တောင်မှ၁၉၉၉ခုနှစ်ကနေ ခုထိနေထိုင်နေဆဲဒီနေရာလေးကိုမကြာခင်ခွဲခွာရတော့မယ်ဆိုတော့နည်းနည်းလေးလွမ်းတတ်လာသလိုလို။၁၄နှစ်ကျော်ကျော်
လုံခြုံနွေးထွေးစွာ သက်တောင့်သက်သာ နေထိုင်ခဲ့ရသောဒီနေရာလေးကို တမ်းတစွာလွမ်းဆွတ် သတိရမိနေမလားမသေချာပေမဲ့
ခုတော့မပြောင်းခင်ထဲကလွမ်းနေရပြီဖြစ်သည်။
တကယ်တမ်းပြောင်းပြီးလို့ တသသ တမ်းတစွာသတိရမိနေလျှင်လည်း
ဒါလဲနောက်ထပ်တိုးမဲ့ဘဝအတွေ့အကြုံတစ်ခုပေဘဲဟု ကိုယ့်ကိုကိုယ်အားတင်းရမည်သာဖြစ်သည်။
အခုထိတော့ဒီနေရာလေးမှာကိုယ်နေထိုင်နေဆဲဖြစ်သည်။ ယနေ့မှစ
မပြောင်းရွှေ့ခင်အချိန်ထိ ဒီနေရာလေးမှာနေထိုင်ရတဲ့ နေ့ရက်တိုင်းကို ကျေးဇူးတင်စွာတန်ဘိုးထားဖြတ်သန်းပါတော့မည်။
Subscribe to:
Posts (Atom)


