Monday, October 11, 2010

2010



၂၀၁၀ သည်ကျမအတွက် ကောင်းခြင်းများကို မသယ်ဆောင်လာခဲ့ပါ... ကံကိုမယုံသောကြောင့် ကံဆိုးသည်ဟုမသုံးချင်သော်လည်း အလွယ်ပြောရလျှင်တော့ ၂၀၁၀သည် ကျမအတွက် ကံဆိုးသောနှစ်ဖြစ်ပါသည်... ၂၀၀၉ သည် ကျမကို ကောင်းမွန်စွာကြိုဆိုခဲ့ သလို ကောင်းမွန်စွာနှုတ်ဆက်ထွက်ခွာသွားခဲ့ပေမဲ့ ၂၀၁၀ ကတော့ ကျမအပေါ် အလွန်ရက်စက်ခဲ့ပါသည်... ၂၀၀၉ သည် နှစ်ကုန်ခါနီး အထိ ကျမလုပ်ကိုင်သမျှ အရာရာ အဆင်ပြေခဲ့သော်လည်း ၂၀၁၀ သည် နှစ်စ မှစတင်ပြီး မကောင်းခြင်းများကို သယ်ဆောင်လာခဲ့သည်...
ခင်ပွန်းသည်က ဇန္နဝါရီလဆန်းမှာ စိုးရိမ်ရသော အခြေအနေထိ ကျန်းမာရေးဆိုးရွားခဲ့သည်... သူသက်သာလာတော့ ကျမခြေထောက်ခေါက်ချော်လဲပြီး တစ်ပတ်လောက် လမ်းမလျှောက်နိုင်ဖြစ်ခဲ့သည်... ထော့နဲ့နဲ့ နှင့်ပင် ခလေးများကို ကျောင်းကြို ကျောင်းပို့လုပ်ရသည်... ပြီးတော့ ခလေးတွေ တလှည့်စီ ဖျားကြသည်...
အဆိုးရွားဆုံးက ကျေးဇူးရှင်ဖေဖေ ကျမအား ခွဲခွါသွားခဲ့ခြင်းပင်ဖြစ်သည်.... ၂၀၀၉ တုန်းက ရန်ကုန်ပြန်ဖြစ်ခဲ့ပေမဲ့ သားလေးနေမကောင်းဖြစ်တာရယ် အိမ်အရောင်းအဝယ်ကိစ္စတွေရယ်နှင့် အလုပ်တွေ ရှုတ်နေခဲ့သောကြောင့် ဖေဖေ့ဆီကို ဂျူလိုင်လမှာ သက်သက်ပြန်လာလည်မယ်လို့ ကတိပေးခဲ့သော်လည်း မေလ၄ရက်နေ့မှာ ဖေဖေကောင်းကင်ဘုံသို့ ခေါ်တော်မူခြင်းခံရသည်... ဘာနဲ့မှ အစားထိုးမရနိုင်တဲ့ဆုံးရှုံးမှုကို ၂၀၁၀မှာ ကြုံတွေ့ခဲ့ရသည်....
ဖေဖေ့ဈာပနကိစ္စများပြီးလို့ ဗီယက်နမ်ပြန်ရောက်တဲ့ အခါခလေးများကျောင်းမှ ကျောင်းလခတိုးသည့် သတင်းကစောင့်ကြိုနေခဲ့သည်... တစ်နှစ်ခြားတစ်ခါ ကျောင်းလခတိုးသည့်ဒဏ်ကို မခံနိုင်တော့သောကြောင့် ကျောင်းပြောင်းဖို့ဆုံးဖြတ်ပြီး ကျောင်းတွေလိုက်စုံစမ်းရသည်... အားလုံးပြီးလို့နားမယ် ကြံတုန်း ပင်လယ်စာနှင့်မတဲ့သောကျမ ခလေးများပန်းကန်ထဲမှ ဆော်လမွန်ငါးအသားလွှာနှစ်ပြားကို နှမြောလို့ စားမိရာမှ Allergy တွေဖြစ်တာ တော်တော်နှင့်မသက်သာ... သက်သာလာတော့ အနာရွတ်တွေ ကျန်ခဲ့တာမြင်မကောင်း...
တစ်မိသားစုလုံးခဏခဏနေမကောင်းဖြစ်ကြတာ တကယ်စိတ်ညစ်ရပါသည်...အရင်နှစ်တွေက ဒီလောက်တခါမှ မဖြစ်ဖူးဘဲ ဒီနှစ်ထဲကျမှ ဖြစ်ကြတာ တကယ်ကို စိတ်မသက်သာစရာ...
အခုတော့ အောက်တိုဘာလထဲရောက်ပြီမို့ ၂၀၁၀ ကုန်လွန်တော့မှာကို ဝမ်းသာမိသည်... နှစ်လလောက်ဘဲကျန်တော့သည့် အချိန်မှာ အတတ်နိုင်ဆုံး ၂၀၁၀ ကို အကောင်းမြင်ကြည့်ဘို့ကြိုးစားမိပါသည်... ဒီဇင်ဘာမှာ ရန်ကုန်ပြန်ပြီး ၂၀၁၀ကို မိသားစုနှင့်အတူ ပျောရွှင်စွာလက်ပြနှုတ်ဆက်ဘို့ စဉ်းစားထားမိသည်... နောင်တတွေနှင့် ကျန်ရစ်ခဲ့သောမေမေ့ အနားမှာ အားပေးအဖော်ပြုပေးပြီး ဘုရားကျောင်းအတူတက်ဘို့ စိတ်ကူးထားသည်...
သို့သော် ၂၀၁၀ ကကျမကို မျက်နှာသာမပေးချင်ပါ... ဟိုတနေ့ကယောက္ခမဆီမှဖုန်းလာသည်... ဒီဇင်ဘာမှာ ဗီယက်နမ်ကိုလာလည်မည်တဲ့... ကျမမေမေနှင့်ဒီနှစ်ခရစ္စမတ်မှာ အတူတူဘုရားကျောင်းတက်ချင်တဲ့ ဆန္ဒကို အကောင်အထည်မဖော်နိုင်တော့ပါ...
ဒါပေမဲ့ စိတ်တော့မလျှော့ချင်သေးပါဘူး... ဘာလေးများကောင်းတာတွေ ဖြစ်လာဦးမလဲလို့တော့ ကျန်ရှိနေသေးတဲ့ နှစ်လလောက် အချိန်တွေကို မျှော်လင့်ခြင်းတွေ နဲ့ ခရီးဆက်လိုက်ပါဦးမည်...
လာလည်ကြသောသူငယ်ချင်းများအား ကျေးဇူးအထူးတင်လျှက်

Tuesday, September 28, 2010

လာလည်သူများအတွက်


ချဉ်ပေါင်ရွက် ရုံးပတီသီး အရည်သောက်


ဘဲဥဆီပြန်ဟင်း



ပုဇွန်ဆီပြန်ဟင်း




အညာငြုပ်သီးထောင်းနှင့် သခွါးသီးတို့စရာ





ကြက်သားသုတ်





အခုတလော မအားပါဘူး... ဒါ့အပြင် တမိသားစုလုံး တလှည့်စီနေမကောင်း ဖြစ်နေကြတော့ ဘာမှရေးဖို့ mood မဝင်ဘူး... ခင်လို့မင်လို့ လာလည်သူများအတွက် ချက်စားဖြစ်တာလေးတွေနဲ့ ဧည့်ခံလိုက်ပါတယ် :)

Wednesday, September 1, 2010

ခလေးများနှင့်ကျောင်းအသစ်


ဒီခေတ်ကြီးထဲမှာ လူလာဖြစ်ကြတဲ့ ခလေးတွေရဲ့ကျောင်းစားရိတ်တွေက မသေးလှဘူး... ဒီပို့စ်လေးရေးတင်တာ ကြွားတာမဟုတ်ပါဘူး... ငြီးတာပါ... ဒီနှစ်ခလေးတွေကျောင်းကိစ္စနဲ့ ပတ်သက်လို့ တော်တော်လေးဦးနှောက်စားရတယ်... မနှစ်က ကျောင်းမပိတ်ခင်လေးတင် ကျောင်းက informations ပေးလာတယ် ... နောက်နှစ်ထပ်တိုးမဲ့ကျောင်းစားရိတ်တွေအကြောင်းပါ... ဒီကျောင်းကတစ်နှစ်ခြားတစ်ခါ ကုန်ဈေးနူန်းတွေတက်ရင် ကျောင်းလခပါ ၂၀% လိုက်တက်တယ်... ခလေးတစ်ယောက်ထဲတုန်းက မသိသာပေမဲ့ ခလေးနှစ်ယောက်လုံးကျောင်းထားရတဲ့အချိန်မှာ အရမ်းကိုသိသာပါတယ်... British Curriculum ကိုသဘောကျလို့ ဒီကျောင်းကိုရွေးချယ်ခဲ့တာဖြစ်ပေမဲ့ အခုလို တစ်နှစ်ခြားတခါ ၂၀% ဈေးတက်တာကိုတော့ သဘောမကျပါဘူး... ဒီCurriculumနဲ့သင်တဲ့ကျောင်းတွေထဲမှာ ဒီကျောင်းဈေးအချိုဆုံး ဖြစ်နေတာမို့ တခြားCirriculum နဲ့ကျောင်းတွေထဲက ဘဲရွေးချယ်ရပါတော့တယ်... အဲဒီတလောက တော်တော်လေးကို အလုပ်ရှုတ်ပါတယ်... ခလေးတွေ ကျောင်းသွားချိန်တွေမှာ internet ထဲမှာ ကျောင်းစာရင်းတွေရှာ လိပ်စာကူးပြီး ကျောင်းတွေလိုက်ကြည့်ပါတယ်... နောက်ဆုံးမှ စိတ်တိုင်းကျမိတဲ့ကျောင်းတခုကိုတွေ့ပါတယ်... အရင်ကျောင်းနဲ့ဈေးသိပ်မကွာပေမဲ့ နောက်သုံးနှစ်အတွင်း ကျောင်းစားရိတ်ထပ်တိုးမတောင်းဘူးလို့ အာမခံတာရယ် ဒုတိယဘာသာစကားအဖြစ် ပြင်သစ်စာကို နေ့တိုင်းစာသင်ချိန်တချိန်သင်တာရယ် ကျောင်းကဖွင့်တာ တစ်နှစ်ဘဲရှိသေးတဲ့ အတွက် ကိုယ့်ခလေးတွေတွေ့ရမဲ့သူငယ်ချင်းတွေဟာလည်း ကျောင်းသားအသစ်တွေဘဲဖြစ်နေမှာမို့ ခလေးတွေရှိုးတိုးရှန်းတန်းဖြစ်မနေရမှာရယ် ဒီလိုအချက်တွေနဲ့ ဒီကျောင်းလေးကိုဘဲရွေးချယ်လိုက်တော့တယ်...
ကျောင်းအသစ်ပြောင်းတာ ၄နှစ်သား သားကလေးအတွက် ဘာမှမထူးခြားပေမဲ့ ရှစ်နှစ်ကျော်သမီးလေးအတွက်က သူငယ်ချင်းအဟောင်းတွေနဲ့ မတွေ့ရတော့မို့ သူ့ခမျာ စိတ်မကောင်းဖြစ်ရှာတယ်... ကျမလဲစိတ်မကောင်းပေမဲ့ သမီးလေးနားလည်အောင် အချိန်ယူရှင်းပြရပါတယ်...
ပထမဆုံးကျောင်းစတက်တဲ့ရက်မှာ ခလေးတွေက ကျောင်းအသစ်မို့ ရင်ခုန်စိတ်လှုပ်ရှားနေကြသလို ကျမလဲ ခလေးတွေ အဆင်ပြေပါ့မလားလို့ စိုးရိမ်စိတ်ပူမိပါတယ်... ဒါပေမဲ့ ကျောင်းသွားကြိုချိန်မှာ သူတို့လေးတွေ လန်းဆန်းပျော်ရွှင်နေကြပါတယ်... သမီးလေးကလဲ ကျောင်းစတက်တဲ့ ပထမဆုံးနေ့မှာတင် သူငယ်ချင်းနှစ်ယောက်ရလို့ ဝမ်းသာနေသလို သားလေးကလဲ သူ့ရဲ့ အတန်းပိုင်ဆရာကို အရမ်းသဘောကျတယ်တဲ့... တော်ပါသေးရဲ့... သူတို့သာဒီကျောင်းမှာ မပျော်ဘူးဆိုရင် ကျောင်းလခကတစ်နှစ်စာပေးထားပြီးသားမို့ ပြောင်းပေးဖို့ မဖြစ်နိုင်တော့တဲ့အတွက် ကျမစိတ်မကောင်းဖြစ်ရဦးမှာ... ခုတော့ သူတို့လေးတွေ ပျော်တယ်ဆိုမှဘဲ ကျမမှာ သက်ပြင်းချနိုင်တော့တယ်... ဒီကျောင်းမှာဘဲ အဆင်ပြေနေပြီး ခလေးတွေ နောက်ထပ် တစ်ခေါက် ကျောင်းမပြောင်းရပါစေနဲ့လို့ဘဲ ဆုတောင်းနေမိတယ်... ခလေးတွေကို သနားလို့ပါ... ပညာကိုငွေနဲ့ဝယ်နေရတဲ့ခေတ်မှာ သားသမီးတိုင်းကို သူများနဲ့တန်းတူထားနိုင်ဘို့ မိဘများအားလုံး အလုပ်အကိုင် အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

Tuesday, August 3, 2010

အသွင်တူ၏မတူ၏


အသွင်တူ၏မတူ၏ ရေးဘို့အတွက် Facebook ကနေတဂ်လာတဲ့ အမသက်ဝေကို ကျေးဇူးတင်ပါတယ်...
ကျမတို့ရဲ့အိမ်ထောင်ရေးခရီးအစမှာ အသွင်မတူတာတွေအတော်များခဲ့ပါတယ်... ဒါပေမဲ့ အချစ်ကိုအုတ်မြစ်ချပြီး တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုမို့ ပြဿနာဖြစ်တိုင်း လမ်းခွဲဘို့မစဉ်းစားဘဲ ဘယ်လိုညှိနှိုင်းရင်အဆင်ပြေမလဲ ဆိုတာမျိုးဘဲ စဉ်းစားပြီး ညှိနှိုင်းဖြေရှင်းခဲ့ကြတာကြောင့် အိမ်ထောင်သက်ဆယ့်တစ်နှစ်ကျော်လာတဲ့အခါ အသွင်တူတာတွေ အတော်များလာခဲ့ပြီ...
သူမကြိုက်တာကိုယ်မလုပ် ကိုယ်မကြိုက်တာသူမလုပ် နေလာကြရင်း နှစ်ဦးသဘောတူမှ ဆုံးဖြတ်ချက်တွေ အတည်ပြုတာ အကျင့်ဖြစ်လာခဲ့ပြီ... တစ်ခုခုလုပ်ဖို့စဉ်းစားတိုင်း သူသဘောတူပါ့မလား အရင်တွေးပြီး သူသဘောတူနိုင်မဲ့ ကိစ္စမျိုးကိုဘဲ ကိုယ်ရွေးချယ်တတ်ခဲ့တော့တယ်... သူ့ဘက်ကလဲ ဒီအတိုင်းဘဲဆိုတော့ နှစ်ယောက်စလုံးရဲ့ စိတ်ဓာတ်တွေ အတွေးအခေါ်နဲ့ အယူအဆတွေက ထပ်တူနီးပါး တူလာကြပြီ... ဒီတော့.. အသွင်မတူတာဆိုလို့ ယောင်္ကျားနဲ့ မိန်းမကွဲပြားခြားနားခြင်းရယ် တစ်ချို့အသေးအဖွဲ ကိစ္စတွေရယ်ဘဲ ရှိတော့တယ်...
ကျမတို့နှစ်ယောက်ကို ကြာလေ ရုပ်တွေတူလာလေလို့ သူများတွေကပြောကြတယ်... မိသားစုတွေအတူတူ အပြင်ထွက်ကြရင်လည်း ရုပ်ချင်းဆင်ကြတယ်နော်လို့ တစ်ချို့ကပြောတယ်... ဓာတ်ပုံတွေထဲမှာလည်း တစ်ယောက်နဲ့တစ်ယောက် တူနေကြတယ်လို့ပြောကြတယ်... ကိုယ့်ဟာကိုယ်တော့ ခုထိတကယ်တူကြတယ်လို့ သိသိသာသာ မမြင်မိသေးပါဘူး... ဒါပေမဲ့ ခလေးတွေက ကိုယ့်နားမှာနေရင်ကိုယ်နဲ့တူနေပြီး သူ့နားမှာနေရင် သူနဲ့တူနေတာတော့ တကယ်ပါ...
ကျမတို့နှစ်ယောက် အပေါင်းအသင်းခင်တွယ်တတ်တာချင်းလဲ တူပါတယ်...ကျမတို့ရဲ့သူငယ်ချင်းတွေက မိုးလင်းမိုးချုပ်အိမ်လာလည်တတ်ကြသလို သူ့သူငယ်ချင်းတွေဟာ ကိုယ့်သူငယ်ချင်းတွေဖြစ်ကုန်ပြီး... ကိုယ့်သူငယ်ချင်းတွေဟာလည်း သူ့သူငယ်ချင်းတွေဖြစ်ကုန်တယ်... အပေါင်းအသင်းတွေနဲ့ စကားပြောနေရရင် ပျော်နေတတ်ကြတာချင်းလည်း တူပါတယ်...
သူများကို ကူညီချင်ကြတာချင်းလည်းတူတယ်... သူများကအကူအညီတောင်းလာရင် မငြင်းချင်ကြတာချင်းလည်းတူတော့ မကူညီနိုင်တဲ့ အကူအညီအတောင်းခံရရင် စိတ်မကောင်းဖြစ် စိတ်ညစ်ကြရတာချင်းလည်းတူပါတယ်... အရင်ကဆို သူငယ်ချင်းတွေကို ပိုက်ဆံတွေချေးထားကြပြီး ပိုက်ဆံပြန်စစ်ကြည့်တော့မှ ဘယ်သူကပိုချေးထားတယ်ဆိုတာ အငြင်းပွါးကြရတယ်... အခုတော့ သူများက ပိုက်ဆံချေးရင် တစ်ယောက်နဲ့တစ်ယောက် အရင်တိုင်ပင်ပြီးမှချေးကြဘို့ သဘောတူထားကြတယ်...
ခလေးတွေအတွက်ဘဝကိုပေးဆပ်ထားကြတာချင်းလည်းတူပါတယ်... သူတို့လေးတွေ ကျမတို့ကို မိဘအဖြစ်ပိုင်ဆိုင်ထားရတာကို ဂုဏ်ယူကျေနပ်နေတာမျိုး ကျမတို့နှစ်ယောက်လုံးလိုချင်တယ်... ကိုယ်ဖြစ်ချင်တာကို အတင်းအကျပ် မတိုက်တွန်းဘဲ နားလည်အောင်ဆုံးမ သွန်သင်ကြပါတယ်... သူတို့ဆန္ဒတွေကိုလည်း ကျမတို့ကဖြည့်ဆည်းပေးဖို့ အမြဲ အဆင်သင့်ရှိနေတယ်... သူတို့ကျန်းမာရေး.. သူတို့ဘဝရှေ့ရေးကို မထိခိုက်စေမဲ့ သူတို့ဆန္ဒမှန်သမျှကို ကျမတို့ လိုက်လျှောဖြည့်ဆည်းပေးကြတယ်... အိမ်လာလည်တဲ့သူငယ်ချင်းတွေက ကိုယ်တို့လင်မယားနှစ်ယောက် ခလေးတွေကို အလိုလိုက်ကြတယ်ဆိုတာ အိမ်နံရံတွေ အိမ်ထဲကပစ္စည်း အသုံးအဆောင်တွေရယ်ကို ကြည့်တာနဲ့တင်သိသွားကြတယ်... ကိုယ်တို့နှစ်ယောက်လုံး ခလေးတွေရဲ့နေ့စဉ်ဘဝ ပျော်ရွှင်မှုကို တန်ဘိုးထား အလေးပေးပြီး ဖြည်းဆည်းပေးကြတယ်...
အစားအသောက်ခုံမင်ကြတာချင်းလည်းတူတယ်... ဘယ်နေရာ ဘယ်ဒေသရောက်ရောက် အဲဒီဒေသက ရိုးရာအစားအသောက်တွေကိုမြည်းစမ်းကြည့် ကြတာချင်းလည်းတူတယ်... အိမ်မှာဆိုရင်လည်း စိတ်ကူးပေါက်ရင်ပေါက်သလို လုပ်စားရတာမျိုးကိုနှစ်သက်တယ်... ကြိုတင်စီမံပြီး မချက်စားဘဲ စိတ်ကူးထဲပေါ်လာတာကို ရှာစား/လုပ်စား ရတာကြိုက်တယ်... ခလေးတွေကလဲ ကိုယ်တို့လိုဘဲ ရောက်တဲ့နေရာမှာ ရှိတာကို အဆင်ပြေအောင်စားတတ်ကြတယ်...
စကားနိုင်လုတတ်တာချင်းလည်းတူတယ်... ကိုယ်တို့နှစ်ယောက်ထိပ်တိုက်တွေ့ပြီး စကားနိုင်လုဖြစ်ရင် စိတ်မရှည်တော့တဲ့သူက လှည့်ထွက်သွားလိုက်တာပါဘဲ (မပြီးနိုင်တော့လို့လေ) ....
ခလေးတွေမပါဘဲနဲ့ ဘယ်မှမသွားချင်တာလည်းတူကြတယ်... ခလေးတွေခေါ်မလာရဘူးလို့ဖိတ်တဲ့ပါတီမျိုးကို ကိုယ်တို့လင်မယား ဘယ်တော့မှမသွားဘူး...
ခလေးတွေနဲ့သူငယ်ချင်းပေါင်း ပေါင်းကြတာချင်းလည်းတူတယ်... ညနေတိုင်းလိုလိုမှာ အတူတူကစားလို့ရတဲ့ဂိမ်းတွေကို သားနဲ့ကိုယ်ကတစ်ဖွဲ့ သမီးနဲ့အဖေဖြစ်သူက တစ်ဖွဲ့ ကစားကြလေ့ရှိတယ်...
ကိုယ်တို့နှစ်ယောက်လုံး နဂိုထဲက တူနေတာရော နားလည်မှုနဲ့ညှိယူထားတာတွေရောရှိတော့ တော်တော်များများမှာ အသွင်တူနေကြပါတယ်...
အသွင်မတူတဲ့ အသေးအဖွဲလေးတွေကတော့ သွားတိုက်ဆေးတောင့်ကို ကိုယ်ကအောက်ခြေက ညှစ်ယူတတ်ပြီး သူကအပေါ်ပိုင်းကညှစ်ယူလေ့ရှိတယ်... ကိုယ်သွားတိုက်တဲ့ အခါတိုင်းမှာ သူအပေါ်ဘက်က ညှစ်ယူထားလို့ ပုံပျက်နေတဲ့ သွားတိုက်ဆေးကို ပုံကျအောင် အရင်ပြင်ပြီးမှ အောက်ခြေက ပြန်ညှစ်ယူတယ်... ခရီးသွားရင်လဲ ကိုယ်က အဝတ်အစားကို သွားမဲ့ရက် အရေအတွက်နဲ့ တိုက်ပြီးယူတယ်... အားလပ်ရပ်မှာ အဝတ်လျှော်ရတာတွေ မလုပ်ချင်ဘဲ စိတ်လွတ်ကိုယ်လွတ် နားချင်တယ်... သူကတော့ အဝတ်ကို နှစ်စုံသုံးစုံလောက်ဘဲ ယူလာပြီး အဲဒါတွေဘဲ လှည့်ဝတ်တော့ မနေနိုင်တဲ့ကိုယ်က သူ့အဝတ်အစားကို သူမသိအောင် ပိုထည့်သွားရလေ့ရှိတယ်... အစားစားရင်လည်းသူကတီဗွီရှေ့မှာဘဲစားချင်ပြီး ကိုယ်ကတော့ ထမင်းစားပွဲမှာဘဲ ထိုင်စားရတာနှစ်သက်တယ်...
အဲဒီအသေးအဖွဲလေးတွေဟာ အချစ်ဝင်နေရင် အပြစ်မမြင်တတ်တဲ့အရာတွေမို့ အပြစ်တင်ချင်စိတ်ဝင်လာရင် ချစ်စရာကောင်းတဲ့ တခြားအရာလေးတွေနဲ့ ဖြည့်တွေးပေးလိုက်ပါတယ်... အသွင်တူတာရောမတူတာရော ရောနှောနေတဲ့ ကျမတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ဆယ့်တစ်နှစ်ကျော်ခဲ့ပါပြီ...
ကျမရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ခံယူချက်ကတော့ "အိမ်ထောင်ရေးမှာ အချစ်က အရေးပါတယ်" ဆိုတာပါဘဲ... နားလည်မှုကအရေးကြီးတယ်လို့ အများကခံယူထားပေမဲ့ ကျမအတွက်တော့ အချစ်မပါရင် နားမလည်ပေးနိုင်ပါဘူး...


ချစ်သူအားလုံး ပျော်ရွှင် သာယာဖွယ် အိမ်ထောင်များ ထူထောင်နိုင်ကြပါစေလို့ ဆန္ဒပြုလျှက်...
ROSE OF SHARON

Wednesday, June 30, 2010

ရန်ကုန်သို့

ခလေးများကျောင်းပိတ်ရက် ရန်ကုန်သို့ တစ်လ အလည်ပြန်ပါမည်... လာလည်ကြသောချစ်သူငယ်ချင်းများအား နှုတ်ဆက်ခဲ့ပါသည်.... ဘလော့နှင့်ခဏဝေးနေမည် ထင်ပါသည်...

Thursday, June 17, 2010

ံကောင်းကင်ထက်ကဖေဖေ



(ပို့စ်အဟောင်းလေးပါ... စာရေးမယ်စဉ်းစားတိုင်း အတွေးထဲမှာဖေဖေဘဲရှိနေတာမို့ရယ်... ဖခင်များနေ့အတွက်ရယ်... ဒီပို့အဟောင်းလေးကို အနည်းငယ်ပြင်ဆင်ဖြည့်စွက်ပြီး ပြန်တင်လိုက်ပါတယ်)
ဟိုတပတ်ကအိမ်ကိုဖုန်းဆက်တော့ဖေဖေနဲ့စကားတွေပြောရင်း... ပြေးတွေ့ချင်စိတ်တွေပေါက်ပြီး.... မတွေ့တာ၃နှစ်ကြာပြီဖြစ်တဲ့ဖေဖေ့ပုံရိပ်ကိုစိတ်ထဲမှာမြင်ယောင်ကြည့်မိတယ်.... အသက်၆၁နှစ်ရှိပြီဖြစ်တဲ့ဖေ့ဖေ့ရဲ့ကျန်းမာရေးကမကောင်းလှဘူး... သားသမီး၆ယောက်ကို လူလားမြောက်အောင်... ပညာတွေတတ်အောင် လူတန်းစေ့နေနိုင်အောင် ကြိုးစားရုန်းကန်ခဲ့ရတဲ့ဖေဖေတယောက် သားသမီးတွေ ပညာစုံကြင်ယာစုံချိန်မှာတော့ ခြေကုန်လက်ပန်းကျပြီး အထီးကျန် နေခဲ့ရပြီ.... ဒီနှစ်ဒီဇင်္ဘာပြန်လာဖို့ကိုကြိုးစားမယ်လို့ဘဲပြောနိုင်တဲ့ ကိုယ့်ကိုကိုယ် တကယ်အားမရဘူး....
ဖေဖေဟာတကယ်တော့ကျမရဲ့Heroပါ... သားသမီးတွေအတွက်အမြဲဂုဏ်ယူချင်တတ်တဲ့ဖေဖေဟာ... အလုပ်ဆင်းလို့အိမ်ပြန်လာရင်တောင်မနားဘဲနဲ့ကျောင်းစာတွေပြန်စစ်တတ်တာ... အင်္ဂလိပ်စကားကိုပြောရဲအောင်လေ့ကျင့်ပေးခဲ့တာတွေ... ကရင်စာတွေကိုသင်ပေးပြီးမောင်နှမတွေအကုန်လုံးကိုစာမေးပွဲစစ်သလိုပြန်စစ်ပြီး.. အတော်ဆုံးသူကိုဆုချခဲ့တာတွေ.... ကျောင်းပိတ်ရက်တိုင်းမှာလက်ရေးလှအောင်လေ့ကျင့်ခိုင်းခဲ့တာတွေကို သတိရမိတိုင်း... ကျမတို့ရဲ့အနာဂါတ်တွေလှပအောင် အပင်ပန်းခံခဲ့တဲ့အဖေ့ကို ကျေးဇူးအရမ်းတင်မိတယ်...
သားသမီးတွေကိုလဲဖေဖေက သူငယ်ချင်းလိုပေါင်းတတ်သေးတယ်.... ဂစ်တာတီးကျွမ်းကျင်တဲ့ ဖေဖေဟာကျမတို့ နှစ်သက်တဲ့ ခေတ်ပေါ်သီချင်းမှန်သမျှကိုတီးခတ်ပေးသေးတာ...(အဲဒီတုန်းကမေဆွိရဲ့ ကိုကို့ကို တို့ မေခလာရဲ့မပြောချင်လို့ကြည့်နေတာကြာပြီသိရဲ့လားတို့ပေါ့)... စနေနေ့တိုင်းမှာလဲနောက်တနေ့ ဘုရားကျောင်းမှာဆိုဘို့ ခရစ်ယာန်ဓမ္မတေးတွေလေ့ကျင့်ပေးခဲ့တာတွေလဲသတိရလွမ်းဆွတ်မိတယ်... Churchမှာဆိုကျမတို့မိသားစုကိုစံပြခရစ်ယာန်အိမ်ထောင်အဖြစ်သတ်မှတ်ထားကြလို့ မိသားစုရှစ်ယောက်လုံး ဘုရားကျောင်းအတူတူသွားကြတိုင်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖေဖေ့ခေါင်းတွေမော့လို့.... အလုပ်ထဲမှာအဆင်မပြေတဲ့အခါ သိပ်ပင်ပန်းလာတဲ့အခါတိုင်း တခွက်တဖလားသောက်ချင်တဲ့ဖေဖေဟာ မေမေ့သဘောကျ အိမ်မှာဘဲခွက်ပုန်းချရတဲ့အခါတိုင်း ကျမရယ်ကျမရဲ့အမရယ်ဟာ ဖေဖေ့ကိုအလွတ်မပေးဘဲ သမီးတို့လဲမြည်းချင်တယ်လို့ပြောတဲ့အခါ ခွက်သေးသေးလေးတွေထဲ အချိုရည်တွေအများကြီးနဲ့ရောပေးပြီး အမြည်းတွေကျွေးတဲ့ဖေဖေတယောက် စိတ်ညစ်ပြေသွားလားမပြေလားတော့မသိ ကျမတို့ညီအမတွေကတော့ အမြည်းလုစားရတာပျော်လို့မဆုံးဘူး... ဖေဖေလခထုတ်တဲ့နေ့တွေဆို အစားအသောက်ကောင်းမက်တဲ့ဖေဖေဟာ မိသားစုကိုအပြင်ခေါ်သွားပြီးစားချင်တာတွေဝယ်ကျွေးတတ်တယ်... အပြင်ဆိုင်တွေမှာဟန်ကောင်းကောင်းနဲ့စားနိုင်ဘို့ ကျမတို့ကို တူကိုင်နည်း၊ဇွန်းခက်ရင်းကိုင်နည်းတွေကိုလဲ ငယ်ငယ်ထဲကသင်ပေးထားခဲ့တယ်... မောင်နှမတွေကြားထဲမှာလူကောင်အသေးဆုံးဖြစ်တဲ့ကျမကိုအရပ်ရှည်အောင် အိမ်မျက်နှာကျက်မှာ ဘားတန်းရိုက်ပြီးခိုခိုင်းခဲ့လို့ အခုကျမအရပ်မရှည်ပေမဲ့ ပုတယ်လို့ခေါ်လို့မရတဲ့၅ပေ၄လက်မဆိုတဲ့အရပ်လေးရှိခဲ့ရတာဖေဖေ့ကျေးဇူးပေါ့... ကျမတို့ညီအမတွေကိုလဲဖေဖေကိုယ်တိုင်ဘဲရေကူးသင်ပေးခဲ့သေးတာ... ကျမ၁၄နှစ်အရွယ်လောက်မှာ ဖေဖေခါးနာပြီး ဆေးရုံတက်ရတယ်.... ဖေဖေဆေးရုံတက်နေချိန်မှာ ခဏခဏချူချာပြီးနေမကောင်းဖြစ်တတ်တဲ့ကျမ ဖေဖေရှိတဲ့ဆေးရုံကို ထုံးစံအတိုင်းနေမကောင်းဖြစ်နေလို့ လိုက်မသွားခဲ့ပေမဲ့ အိမ်ကလူတွေ ဆေးရုံကပြန်လာတဲ့ အခါဖေဖေပြန်ထည့်ပေးလိုက်တဲ့ ကျမအတွက်စားစရာတွေပါလာခဲ့တယ်... သူကိုယ်တိုင်ဆေးရုံပေါ်မှာလဲနေတာတောင် ကျမအတွက် စိုးရိမ်ခဲ့တဲ့ဖေဖေပါ.... ကျမငယ်ငယ်က အပေါင်းအသင်းတွေအရမ်းကိုများတယ်... အဲဒီထဲကမှ ညနေဘက်တွေ အိမ်လာလာလည်တတ်တဲ့ ယောင်္ကျားလေးသူငယ်ချင်းတွေလဲရှိတယ်... တညနေခင်း အဲဒီသူငယ်ချင်းတွေ အိမ်လာလည်နေချိန် အပြင်ကပြန်လာတဲ့ဖေဖေက သူငယ်ချင်းတွေရဲ့ကားကိုတွေ့တဲ့အခါ အိမ်ထဲဝင်မလာဘဲ အပြင်မှာဘဲနေနေခဲ့တယ်... သူငယ်ချင်းတွေပြန်သွားတော့မှ အိမ်ထဲဝင်လာတဲ့ဖေဖေ့ကို ဘာလို့အခုမှဝင်လာတာလဲမေးကြည့်တော့ သူအရက်နဲနဲသောက်လာတာ ကျမသူငယ်ချင်းတွေ အနံ့ရသွားမှာစိုးလို့တဲ့... သားသမီးတွေအတွက် ငဲ့ညှာစဉ်းစားပေးခဲ့တဲ့ဖေဖေပါ....
ကျမဖေဖေ့ကြောင့်လူတောတိုး လူဝင်ဆန့်ခဲ့တယ်... ဖေဖေ့ကြောင့်ဘုရားကိုသိခဲ့ရတယ်... ဖေဖေ့ကြောင့်သူများတွေနဲ့တန်းတူဘွဲ့တခုရခဲ့တယ်... ဖေဖေ့ကြောင့်အဆိုးအကောင်းကိုခွဲခြားသိရှိနိုင်တဲ့ဥာဏ်ပညာတွေရရှိခဲ့တယ်... ဖေဖေ့ရဲ့ကျေးဇူးတွေက ချရေးရင်ကုန်နိုင်မှာမဟုတ်ပါဘူး...
ဒါပေမဲ့ကျမဆိုးခဲ့တယ်.... ဖေဖေခွင့်လွှတ်တယ်ဆိုတာသိပေမဲ့တွေးမိတိုင်းနောင်တရမိတယ်... အချစ်ကိုကိုးကွယ်ခဲ့မိတဲ့ကျမ... ဖေဖေ့ခံစားချက်ကိုဥပေက္ခာပြုခဲ့တယ်.... သူသဘောမတူတဲ့သူနဲ့လက်မထပ်စေချင်လို့... ကျမနောင်ရေးအတွက်စိုးရိမ်လို့.... စကားလုံးရင့်ရင့်တွေသုံးပြီးတားခဲ့တဲ့ဖေဖေ့ကိုစိတ်နာ တဇွတ်ထိုးစိတ်နဲ့ မင်္ဂလာပွဲကို ကိုယ့်ဟာကိုယ်စီစဉ်ပြီး ဖေဖေ့ကိုအသိမပေးဘဲကျင်းပနေချိန်မှာ... ကျမဘာလုပ်လုပ်သိနေတဲ့ဖေဖေက သူ့သူငယ်ချင်းတယောက်အိမ်မှာသွားရင်ဖွင့်ပြီးမျက်ရည်တွေကျခဲ့တယ်ဆိုတာ နောက်ကျမှသိခဲ့ရတယ် ကျမ နောင်တတွေရပြီး အချိန်တွေကိုနောက်ပြန်ဆွဲပြီး ပြန်ပြင်ချင်တာတွေပြင်ခွင့်ရချင်လိုက်တာ... တကယ်ဆို ကျမရွေးချယ်မှုမမှားဘူးဆိုတာကိုဖေဖေသိအောင် အချိန်ယူနားချသင့်ခဲ့တာပေါ့... သမီးတွေမင်္ဂလာဆောင်တိုင်း ခရစ်ယာန်ထုံးစံအရ ကိုယ့်သမီးကို သတို့သားလက်ထဲလွဲပြောင်းပေးတဲ့အနေနဲ့ ဧည့်ပရိသတ်တွေအလည်မှာ သတို့သားဆီကို သမီးနဲ့လက်တွဲပြီးလမ်းလျှောက်ခဲ့တဲ့အဖေဟာ ကျမလက်ကိုတွဲပြီးသူသဘောကျတဲ့သူရဲ့လက်ထဲအပ်ဘို့မျှော်လင့်ချက်တွေဆုံးရှုံးခဲ့ရတယ်... ဒါပေမဲ့ခုချိန်မှာကျမရဲ့ခင်ပွန်းနဲ့တွေ့တိုင်း စကားတွေဖောင်ဖွဲ့ပြောတတ်တဲ့ဖေဖေတယောက် ကျမကိုခွင့်လွှတ်တယ်ဆိုတာကျမသိနေပေမဲ့ဒီနောင်တတွေကပျောက်မသွားပါဘူး... ကျမကြောင့်မျက်ရည်ကျခဲ့ရတဲ့ဖေဖေက ကျမငွေလွှဲတာရလို့ကျေးဇူးတင်တယ်ပြောတိုင်း ကျမရင်ထဲမှာ စိတ်မကောင်းဖြစ်မိတယ်... တကယ်ဆိုကျမဘက်က ပေးဆပ်ဘို့အများကြီးလိုအပ်နေသေးတာလေ... အခုဖေဖေ့အကြောင်းရေးရင်းနဲ့ဆုံးဖြတ်ချက်ချလိုက်ပါပြီ... ဒီဇဘာင်္အရောက်ပြန်ခဲ့မယ်ဖေဖေ.... နိုင်ငံရေးအခြေအနေတွေဘယ်လိုရှိရှိ၊ ဘာရောဂါတွေဘယ်လိုဘဲဖြစ်နေဖြစ်နေ သမီးဂရုမစိုက်တော့ပါဘူး... ဖေဖေတွေ့ချင်တဲ့ဖေဖေ့မြေးလေးတွေကိုလက်ဆွဲပြီးသမီးလာခဲ့ပါ့မယ်ဖေဖေ
(မနှစ်ကဒီဇင်ဘာမှာ ရန်ကုန်ကို ကျမပြန်ခဲ့ပါတယ်.... ဒါပေမဲ့ ဖေဖေနဲ့ သိပ်မတွေ့ခဲ့ရပါဘူး... ကျန်းမာရေး မကောင်းတော့တဲ့ဖေဖေက ကျမနဲ့ စားသောက်ဆိုင်တွေမလိုက်နိုင်တော့ဘူး... ကျမကလဲ အဲဒီတုန်းက အိမ်အရောင်းအဝယ်ကိစ္စအပြင် သားလေးကနေမကောင်းဖြစ်... အလုပ်တွေရှုပ်နေလို့ ကျမမှန်းထားသလိုဖေဖေ့နားမှာ မနေခဲ့ရပါဘူး... ဒါကြောင့်ဖေဖေ့ကို ဂျူလိုင်လပြန်လာဦးမယ်... အဲဒီကျရင် သမီးဖေဖေ့နားမှာကြာကြာနေမှာနော် လို့ပြောခဲ့တယ်... ဖေဖေကလဲ ကျမဂျူလိုင်လပြန်လာမှာကိုမျှော်နေခဲ့တယ်... ဒါပေမဲ့ မေလ၄ရက်နေ့ ဖေဖေအသက်၆၃နှစ်ပြည့်ဘို့တစ်ရက်အလိုမှာ ကျမတို့ကိုနှုတ်မဆက်ဘဲ ရုတ်တရက်ခွဲခွါသွားခဲ့ပါတယ်.... ဖေဖေကမဆုံးခင်မှာ သူဆေးရုံတက်တာကျမသိလားလို့ ကျမရဲ့အမကိုမေးခဲ့သေးတယ်တဲ့... ပြီးတော့ဆေးရုံမတက်ခင်ကလဲ ကျမသူ့အတွက်ပိုက်ဆံတွေသိပ်ကုန်နေရတယ်လို့ပြောခဲ့သေးတယ်တဲ့... ပြန်စဉ်းစားတိုင်းမျက်ရည်ကျနေရတုန်းပါဘဲ... ဖေဖေမဆုံးခင်မှာဖေဖေသိပ်ချစ်တဲ့မေမေ့ကိုမတွေ့သွားရတာက ကျမကိုပိုပြီးစိတ်မကောင်းဖြစ်စေပါတယ်) သူလိုချင်တဲ့မေမေ့ဆီကအချစ်တွေမရလိုက်ပေမဲ့ ဘုရားရှင်ရဲ့မေတ္တာတော်ရိပ်မှာ ဖေဖေငြိမ်းချမ်းနေမှာကိုမြင်ယောင်ရင်း ....

Tuesday, June 8, 2010

ကတိ

တန်ဘိုးကြီးမြတ်တဲ့
ဖေဖေ့ရဲ့ချစ်မေတ္တာတွေ
ဘယ်အခြေအနေရောက်ရောက်
မေ့ပျောက်နိုင်မယ်မထင်.....
မျှော်လင့်တောင့်တခဲ့ရတဲ့
မေမေ့ရဲ့မေတ္တာတရားတွေ
ဒီအချိန်များမှာတောင်
ယောင်မှားစွာကိုယ့်ဘက်မပါခဲ့.....
ဘာဘဲဖြစ်ဖြစ်ပေါ့လေ
ဖေဖေသိပ်ချစ်ခဲ့တဲ့
သူ့ချစ်သူမေမေ့ကို
ဖေဖေချစ်ခဲ့သလိုဘဲ
ထာဝရအမြဲချစ်နေပါ့မယ်.....
ကောင်းကင်ထက်ကဖေဖေတစ်ယောက်
စိတ်သောကမရောက်ရစေဘို့
မျှော်လင့်ခြင်းမဲ့အချစ်များနဲ့
(ဖေဖေသိပ်ချစ်တဲ့မေမေ့ကို)
သမီးချစ်သွားပါ့မယ်ဖေဖေ.....