(ပို့စ်အဟောင်းလေးပါ... စာရေးမယ်စဉ်းစားတိုင်း အတွေးထဲမှာဖေဖေဘဲရှိနေတာမို့ရယ်... ဖခင်များနေ့အတွက်ရယ်... ဒီပို့အဟောင်းလေးကို အနည်းငယ်ပြင်ဆင်ဖြည့်စွက်ပြီး ပြန်တင်လိုက်ပါတယ်)
ဟိုတပတ်ကအိမ်ကိုဖုန်းဆက်တော့ဖေဖေနဲ့စကားတွေပြောရင်း... ပြေးတွေ့ချင်စိတ်တွေပေါက်ပြီး.... မတွေ့တာ၃နှစ်ကြာပြီဖြစ်တဲ့ဖေဖေ့ပုံရိပ်ကိုစိတ်ထဲမှာမြင်ယောင်ကြည့်မိတယ်.... အသက်၆၁နှစ်ရှိပြီဖြစ်တဲ့ဖေ့ဖေ့ရဲ့ကျန်းမာရေးကမကောင်းလှဘူး... သားသမီး၆ယောက်ကို လူလားမြောက်အောင်... ပညာတွေတတ်အောင် လူတန်းစေ့နေနိုင်အောင် ကြိုးစားရုန်းကန်ခဲ့ရတဲ့ဖေဖေတယောက် သားသမီးတွေ ပညာစုံကြင်ယာစုံချိန်မှာတော့ ခြေကုန်လက်ပန်းကျပြီး အထီးကျန် နေခဲ့ရပြီ.... ဒီနှစ်ဒီဇင်္ဘာပြန်လာဖို့ကိုကြိုးစားမယ်လို့ဘဲပြောနိုင်တဲ့ ကိုယ့်ကိုကိုယ် တကယ်အားမရဘူး....
ဖေဖေဟာတကယ်တော့ကျမရဲ့Heroပါ... သားသမီးတွေအတွက်အမြဲဂုဏ်ယူချင်တတ်တဲ့ဖေဖေဟာ... အလုပ်ဆင်းလို့အိမ်ပြန်လာရင်တောင်မနားဘဲနဲ့ကျောင်းစာတွေပြန်စစ်တတ်တာ... အင်္ဂလိပ်စကားကိုပြောရဲအောင်လေ့ကျင့်ပေးခဲ့တာတွေ... ကရင်စာတွေကိုသင်ပေးပြီးမောင်နှမတွေအကုန်လုံးကိုစာမေးပွဲစစ်သလိုပြန်စစ်ပြီး.. အတော်ဆုံးသူကိုဆုချခဲ့တာတွေ.... ကျောင်းပိတ်ရက်တိုင်းမှာလက်ရေးလှအောင်လေ့ကျင့်ခိုင်းခဲ့တာတွေကို သတိရမိတိုင်း... ကျမတို့ရဲ့အနာဂါတ်တွေလှပအောင် အပင်ပန်းခံခဲ့တဲ့အဖေ့ကို ကျေးဇူးအရမ်းတင်မိတယ်...
သားသမီးတွေကိုလဲဖေဖေက သူငယ်ချင်းလိုပေါင်းတတ်သေးတယ်.... ဂစ်တာတီးကျွမ်းကျင်တဲ့ ဖေဖေဟာကျမတို့ နှစ်သက်တဲ့ ခေတ်ပေါ်သီချင်းမှန်သမျှကိုတီးခတ်ပေးသေးတာ...(အဲဒီတုန်းကမေဆွိရဲ့ ကိုကို့ကို တို့ မေခလာရဲ့မပြောချင်လို့ကြည့်နေတာကြာပြီသိရဲ့လားတို့ပေါ့)... စနေနေ့တိုင်းမှာလဲနောက်တနေ့ ဘုရားကျောင်းမှာဆိုဘို့ ခရစ်ယာန်ဓမ္မတေးတွေလေ့ကျင့်ပေးခဲ့တာတွေလဲသတိရလွမ်းဆွတ်မိတယ်... Churchမှာဆိုကျမတို့မိသားစုကိုစံပြခရစ်ယာန်အိမ်ထောင်အဖြစ်သတ်မှတ်ထားကြလို့ မိသားစုရှစ်ယောက်လုံး ဘုရားကျောင်းအတူတူသွားကြတိုင်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖေဖေ့ခေါင်းတွေမော့လို့.... အလုပ်ထဲမှာအဆင်မပြေတဲ့အခါ သိပ်ပင်ပန်းလာတဲ့အခါတိုင်း တခွက်တဖလားသောက်ချင်တဲ့ဖေဖေဟာ မေမေ့သဘောကျ အိမ်မှာဘဲခွက်ပုန်းချရတဲ့အခါတိုင်း ကျမရယ်ကျမရဲ့အမရယ်ဟာ ဖေဖေ့ကိုအလွတ်မပေးဘဲ သမီးတို့လဲမြည်းချင်တယ်လို့ပြောတဲ့အခါ ခွက်သေးသေးလေးတွေထဲ အချိုရည်တွေအများကြီးနဲ့ရောပေးပြီး အမြည်းတွေကျွေးတဲ့ဖေဖေတယောက် စိတ်ညစ်ပြေသွားလားမပြေလားတော့မသိ ကျမတို့ညီအမတွေကတော့ အမြည်းလုစားရတာပျော်လို့မဆုံးဘူး... ဖေဖေလခထုတ်တဲ့နေ့တွေဆို အစားအသောက်ကောင်းမက်တဲ့ဖေဖေဟာ မိသားစုကိုအပြင်ခေါ်သွားပြီးစားချင်တာတွေဝယ်ကျွေးတတ်တယ်... အပြင်ဆိုင်တွေမှာဟန်ကောင်းကောင်းနဲ့စားနိုင်ဘို့ ကျမတို့ကို တူကိုင်နည်း၊ဇွန်းခက်ရင်းကိုင်နည်းတွေကိုလဲ ငယ်ငယ်ထဲကသင်ပေးထားခဲ့တယ်... မောင်နှမတွေကြားထဲမှာလူကောင်အသေးဆုံးဖြစ်တဲ့ကျမကိုအရပ်ရှည်အောင် အိမ်မျက်နှာကျက်မှာ ဘားတန်းရိုက်ပြီးခိုခိုင်းခဲ့လို့ အခုကျမအရပ်မရှည်ပေမဲ့ ပုတယ်လို့ခေါ်လို့မရတဲ့၅ပေ၄လက်မဆိုတဲ့အရပ်လေးရှိခဲ့ရတာဖေဖေ့ကျေးဇူးပေါ့... ကျမတို့ညီအမတွေကိုလဲဖေဖေကိုယ်တိုင်ဘဲရေကူးသင်ပေးခဲ့သေးတာ... ကျမ၁၄နှစ်အရွယ်လောက်မှာ ဖေဖေခါးနာပြီး ဆေးရုံတက်ရတယ်.... ဖေဖေဆေးရုံတက်နေချိန်မှာ ခဏခဏချူချာပြီးနေမကောင်းဖြစ်တတ်တဲ့ကျမ ဖေဖေရှိတဲ့ဆေးရုံကို ထုံးစံအတိုင်းနေမကောင်းဖြစ်နေလို့ လိုက်မသွားခဲ့ပေမဲ့ အိမ်ကလူတွေ ဆေးရုံကပြန်လာတဲ့ အခါဖေဖေပြန်ထည့်ပေးလိုက်တဲ့ ကျမအတွက်စားစရာတွေပါလာခဲ့တယ်... သူကိုယ်တိုင်ဆေးရုံပေါ်မှာလဲနေတာတောင် ကျမအတွက် စိုးရိမ်ခဲ့တဲ့ဖေဖေပါ.... ကျမငယ်ငယ်က အပေါင်းအသင်းတွေအရမ်းကိုများတယ်... အဲဒီထဲကမှ ညနေဘက်တွေ အိမ်လာလာလည်တတ်တဲ့ ယောင်္ကျားလေးသူငယ်ချင်းတွေလဲရှိတယ်... တညနေခင်း အဲဒီသူငယ်ချင်းတွေ အိမ်လာလည်နေချိန် အပြင်ကပြန်လာတဲ့ဖေဖေက သူငယ်ချင်းတွေရဲ့ကားကိုတွေ့တဲ့အခါ အိမ်ထဲဝင်မလာဘဲ အပြင်မှာဘဲနေနေခဲ့တယ်... သူငယ်ချင်းတွေပြန်သွားတော့မှ အိမ်ထဲဝင်လာတဲ့ဖေဖေ့ကို ဘာလို့အခုမှဝင်လာတာလဲမေးကြည့်တော့ သူအရက်နဲနဲသောက်လာတာ ကျမသူငယ်ချင်းတွေ အနံ့ရသွားမှာစိုးလို့တဲ့... သားသမီးတွေအတွက် ငဲ့ညှာစဉ်းစားပေးခဲ့တဲ့ဖေဖေပါ....
ကျမဖေဖေ့ကြောင့်လူတောတိုး လူဝင်ဆန့်ခဲ့တယ်... ဖေဖေ့ကြောင့်ဘုရားကိုသိခဲ့ရတယ်... ဖေဖေ့ကြောင့်သူများတွေနဲ့တန်းတူဘွဲ့တခုရခဲ့တယ်... ဖေဖေ့ကြောင့်အဆိုးအကောင်းကိုခွဲခြားသိရှိနိုင်တဲ့ဥာဏ်ပညာတွေရရှိခဲ့တယ်... ဖေဖေ့ရဲ့ကျေးဇူးတွေက ချရေးရင်ကုန်နိုင်မှာမဟုတ်ပါဘူး...
ဒါပေမဲ့ကျမဆိုးခဲ့တယ်.... ဖေဖေခွင့်လွှတ်တယ်ဆိုတာသိပေမဲ့တွေးမိတိုင်းနောင်တရမိတယ်... အချစ်ကိုကိုးကွယ်ခဲ့မိတဲ့ကျမ... ဖေဖေ့ခံစားချက်ကိုဥပေက္ခာပြုခဲ့တယ်.... သူသဘောမတူတဲ့သူနဲ့လက်မထပ်စေချင်လို့... ကျမနောင်ရေးအတွက်စိုးရိမ်လို့.... စကားလုံးရင့်ရင့်တွေသုံးပြီးတားခဲ့တဲ့ဖေဖေ့ကိုစိတ်နာ တဇွတ်ထိုးစိတ်နဲ့ မင်္ဂလာပွဲကို ကိုယ့်ဟာကိုယ်စီစဉ်ပြီး ဖေဖေ့ကိုအသိမပေးဘဲကျင်းပနေချိန်မှာ... ကျမဘာလုပ်လုပ်သိနေတဲ့ဖေဖေက သူ့သူငယ်ချင်းတယောက်အိမ်မှာသွားရင်ဖွင့်ပြီးမျက်ရည်တွေကျခဲ့တယ်ဆိုတာ နောက်ကျမှသိခဲ့ရတယ် ကျမ နောင်တတွေရပြီး အချိန်တွေကိုနောက်ပြန်ဆွဲပြီး ပြန်ပြင်ချင်တာတွေပြင်ခွင့်ရချင်လိုက်တာ... တကယ်ဆို ကျမရွေးချယ်မှုမမှားဘူးဆိုတာကိုဖေဖေသိအောင် အချိန်ယူနားချသင့်ခဲ့တာပေါ့... သမီးတွေမင်္ဂလာဆောင်တိုင်း ခရစ်ယာန်ထုံးစံအရ ကိုယ့်သမီးကို သတို့သားလက်ထဲလွဲပြောင်းပေးတဲ့အနေနဲ့ ဧည့်ပရိသတ်တွေအလည်မှာ သတို့သားဆီကို သမီးနဲ့လက်တွဲပြီးလမ်းလျှောက်ခဲ့တဲ့အဖေဟာ ကျမလက်ကိုတွဲပြီးသူသဘောကျတဲ့သူရဲ့လက်ထဲအပ်ဘို့မျှော်လင့်ချက်တွေဆုံးရှုံးခဲ့ရတယ်... ဒါပေမဲ့ခုချိန်မှာကျမရဲ့ခင်ပွန်းနဲ့တွေ့တိုင်း စကားတွေဖောင်ဖွဲ့ပြောတတ်တဲ့ဖေဖေတယောက် ကျမကိုခွင့်လွှတ်တယ်ဆိုတာကျမသိနေပေမဲ့ဒီနောင်တတွေကပျောက်မသွားပါဘူး... ကျမကြောင့်မျက်ရည်ကျခဲ့ရတဲ့ဖေဖေက ကျမငွေလွှဲတာရလို့ကျေးဇူးတင်တယ်ပြောတိုင်း ကျမရင်ထဲမှာ စိတ်မကောင်းဖြစ်မိတယ်... တကယ်ဆိုကျမဘက်က ပေးဆပ်ဘို့အများကြီးလိုအပ်နေသေးတာလေ... အခုဖေဖေ့အကြောင်းရေးရင်းနဲ့ဆုံးဖြတ်ချက်ချလိုက်ပါပြီ... ဒီဇဘာင်္အရောက်ပြန်ခဲ့မယ်ဖေဖေ.... နိုင်ငံရေးအခြေအနေတွေဘယ်လိုရှိရှိ၊ ဘာရောဂါတွေဘယ်လိုဘဲဖြစ်နေဖြစ်နေ သမီးဂရုမစိုက်တော့ပါဘူး... ဖေဖေတွေ့ချင်တဲ့ဖေဖေ့မြေးလေးတွေကိုလက်ဆွဲပြီးသမီးလာခဲ့ပါ့မယ်ဖေဖေ
(မနှစ်ကဒီဇင်ဘာမှာ ရန်ကုန်ကို ကျမပြန်ခဲ့ပါတယ်.... ဒါပေမဲ့ ဖေဖေနဲ့ သိပ်မတွေ့ခဲ့ရပါဘူး... ကျန်းမာရေး မကောင်းတော့တဲ့ဖေဖေက ကျမနဲ့ စားသောက်ဆိုင်တွေမလိုက်နိုင်တော့ဘူး... ကျမကလဲ အဲဒီတုန်းက အိမ်အရောင်းအဝယ်ကိစ္စအပြင် သားလေးကနေမကောင်းဖြစ်... အလုပ်တွေရှုပ်နေလို့ ကျမမှန်းထားသလိုဖေဖေ့နားမှာ မနေခဲ့ရပါဘူး... ဒါကြောင့်ဖေဖေ့ကို ဂျူလိုင်လပြန်လာဦးမယ်... အဲဒီကျရင် သမီးဖေဖေ့နားမှာကြာကြာနေမှာနော် လို့ပြောခဲ့တယ်... ဖေဖေကလဲ ကျမဂျူလိုင်လပြန်လာမှာကိုမျှော်နေခဲ့တယ်... ဒါပေမဲ့ မေလ၄ရက်နေ့ ဖေဖေအသက်၆၃နှစ်ပြည့်ဘို့တစ်ရက်အလိုမှာ ကျမတို့ကိုနှုတ်မဆက်ဘဲ ရုတ်တရက်ခွဲခွါသွားခဲ့ပါတယ်.... ဖေဖေကမဆုံးခင်မှာ သူဆေးရုံတက်တာကျမသိလားလို့ ကျမရဲ့အမကိုမေးခဲ့သေးတယ်တဲ့... ပြီးတော့ဆေးရုံမတက်ခင်ကလဲ ကျမသူ့အတွက်ပိုက်ဆံတွေသိပ်ကုန်နေရတယ်လို့ပြောခဲ့သေးတယ်တဲ့... ပြန်စဉ်းစားတိုင်းမျက်ရည်ကျနေရတုန်းပါဘဲ... ဖေဖေမဆုံးခင်မှာဖေဖေသိပ်ချစ်တဲ့မေမေ့ကိုမတွေ့သွားရတာက ကျမကိုပိုပြီးစိတ်မကောင်းဖြစ်စေပါတယ်) သူလိုချင်တဲ့မေမေ့ဆီကအချစ်တွေမရလိုက်ပေမဲ့ ဘုရားရှင်ရဲ့မေတ္တာတော်ရိပ်မှာ ဖေဖေငြိမ်းချမ်းနေမှာကိုမြင်ယောင်ရင်း ....

မမရို့စ်ရယ်
ReplyDeleteစိတ်တကယ်မကောင်းဘူး... ဖတ်ရတာရင်ထဲမှာနင့်သွားတာပဲ... ဒါမျိုးတွေဖတ်ပြီး ကိုယ်တိုင်လဲ မိဘတွေကို အချိန်မပေးလိုက်နိုင်မှာတော်တော်လေးကြောက်မိတယ်...
ဘယ်လိုဆုတောင်းပေးရမှန်လဲမသိဘူး...
ကောင်းကင်ဘုံကနေ မမတို့ကို ခွင့်လွှတ်မှာပါ...
စိတ်မကောင်းဘူးဆိုတာပဲ ပြောနိုင်တော့တယ်
ReplyDeleteစိတ်မကောင်းပါဘူးဗျာ
ReplyDeleteခင်မင်စွာဖြင့်
ရွှေစင်ဦး
စိတ်ဝင်စားစွာ ဖတ်မိတယ်..
ReplyDeletecount your blessing ဆိုသလိုပဲ..ဗမာလို ဆိုရင်တော့..( တခါ ငိုရရင်.. တခါမက ပြုံးခဲ့ဖူးတာလည်း.. မှတ်မိနေမယ် ) ဆိုတဲ့..သီချင်းလိုပါပဲ..
ဘ၀ ဆိုတာ..တိုတိုလေး နော..
ရို့စ်ဖေဖေက သားသမီးတွေအပေါ် မေတ္တာကို အားဖြည့်ရင်း လူလောကရဲ့ သိသင့်သိထိုက်တဲ့ထင်တဲ့ အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးသွားရှာတယ်။ တအားတော်တာပဲနော်။
ReplyDeleteရိုစ်ရဲ့ဖေဖေ..အခုလောက်ဆို ဘုရားရှင်ရဲ့မေတ္တာတော်ရိပ်မှာ အေးချမ်းနေပြီပေါ့။
ရိုစ်နဲ့ထပ်တူ..
လသာည
အစ်မရေ...
ReplyDeleteဒီနှစ် မကုန်ခင် ပြန်ဖြစ်အောင် ပြန်တော့မယ်
ဖတ်ပြီး တကယ်ကို စိတ်ထဲမှာ ထိထိခိုက်ခိုက် ခံစားရပါတယ်...
ReplyDeleteညီမရဲ့ ဖေဖေ အခုချိန်မှာ ဘုရားရှင်ရဲ့မေတ္တာတော်ရိပ်မှာ ငြိမ်းချမ်းနေမှာ သေချာပါတယ်...
ရို့ ဖေဖေ အခုအချိန်မှာ ငြိမ်းအေးစွာရှိနေမှာပါ။
ReplyDeleteမမရေ..မျက်ရည်တွေကျသွားရပြီ။
ReplyDeleteပါးပါးကို အရမ်းသတိရတယ်..။
ညီမ အတွက်လဲ ပါးပါးက ဟီးရိုးပါပဲ..။
လိမ်မာစေချင်လို့ အမြဲ စကားလုံးရင့်ရင့်တွေကို သုံးတဲ့ ပါးပါးနဲ့ အမြဲတမ်းရန်ဖြစ်နေခဲ့တဲ့ အချိန်တွေကို နှမြောမိတယ်..။ နောင်တလည်းရမိတယ်..။ အဖေ အမေတွေအနားမှာ အသက်ရှင်လျှက် ရှိနေချိန်တွေကို တန်ဖိုးထားပါတော့မယ်..။
ရို့စ်ရေ စိတ်ထိခိုက်ရတယ်။
ReplyDeleteမအယ်
touching ...coz same as u..i did promise to my dad.
ReplyDeletei will be back coming December..but my dad cant wait me too..
:(
ဘုရားရှင်ရဲ့မေတ္တာတော်ရိပ်မှာ အမ ဖေဖေငြိမ်းချမ်းနေပါစေ
ReplyDeleteဝမ်းနည်းစွာခံစားမိပါသည်၊
ReplyDeleteခေါင်းကိုက်အောင် ငိုသွားတယ်။ မမကကျေးဇူးဆပ်လိုက်ရပါတယ် စိတ်မကောင်းမဖြစ်နဲ့ နော်။
ReplyDeleteမရိုစ့်ရေ.......
ReplyDeleteဖတ်ရင်း....စိတ်မကောင်းဖြစ်နေမိတယ်ဗျာ......။
ဖြေလို့...မပြေနိုင်တဲ့ အရာတွေထဲမှာ တစ်ခုဖြစ်နေခဲ့မယ်ဆိုတာ......ခံစားမိတယ်......
ခင်မင်တဲ့
ဏီလင်းညို
မရိုစ့်ရေ......
ReplyDelete(ခုနက....ရေးတာ..... မပေါ်လားမသိဗျာ.....)
ဖတ်ရင်း...စိတ်မကောင်းဖြစ်မိရတယ်.....။
ဖြေသာဖို့... ခက်ခဲတဲ့ အရာတစ်ခုဖြစ်နေဆဲမှန်း.....နားလည်ခံစားမိပါတယ်လို့ဗျာ.........။
ခင်မင်တဲ့
ဏီလင်းညို
စိတ်မကောင်းပါဘူးဗျာ... ဖတ်ရင်းနဲ့... ဘ၀တူသမားတွေမို့ ပိုပြီးတော့ နားလည်မိပါတယ်....
ReplyDeleteခင်မင်တဲ့
နေ၀သန်
စိတ်မကောင်းပါဘူးအစ်မရေ ဘာပြောရမှန်းတောင်မသိတော့ပါဘူးဗျာ :(
ReplyDelete