Saturday, August 1, 2009

မျက်ရည်


တခါတခါ

ဘဝမှာ

လိုတာတွေမရတဲ့အခါ....

တခါတခါ

ဘဝမှာ

လိုတာတွေရတဲ့အခါ....

တခါတခါ

ဘဝမှာ

ကိုယ်ဟာအဖော်မဲ့နေတဲ့အခါ....

တခါတခါ

ဘဝမှာ

ဘော်ဒါဟောင်းတွေနဲ့ပြန်ဆုံတဲ့အခါ....

မျက်ရည်တွေက

ပျော်ရင်ကျတယ်

ကြေကွဲရလဲ

ကျရတာဘဲ

ကိုယ့်ဘဝထဲ

သူလဲ...မရှိမဖြစ်အရေးပါတယ်.....


(ဘာရယ်မဟုတ်ပါဘူး... မအားတာရယ်... ဘလော့လေးကိုလဲပစ်မထားချင်တာရယ်ကြောင့်... ပေါ့ပေါ့ပါးပါးကဗျာလေးဘဲ စပ်လိုက်တာပါ)

Sunday, July 26, 2009

ဖေဖေ(သို့မဟုတ်)ကျမရဲ့HERO




ဟိုတပတ်ကအိမ်ကိုဖုန်းဆက်တော့ဖေဖေနဲ့စကားတွေပြောရင်း... ပြေးတွေ့ချင်စိတ်တွေပေါက်ပြီး.... မတွေ့တာ၃နှစ်ကြာပြီဖြစ်တဲ့ဖေဖေ့ပုံရိပ်ကိုစိတ်ထဲမှာမြင်ယောင်ကြည့်မိတယ်.... အသက်၆၁နှစ်ရှိပြီဖြစ်တဲ့ဖေ့ဖေ့ရဲ့ကျန်းမာရေးကမကောင်းလှဘူး... သားသမီး၆ယောက်ကို လူလားမြောက်အောင်... ပညာတွေတတ်အောင် လူတန်းစေ့နေနိုင်အောင် ကြိုးစားရုန်းကန်ခဲ့ရတဲ့ဖေဖေတယောက် သားသမီးတွေ ပညာစုံကြင်ယာစုံချိန်မှာတော့ ခြေကုန်လက်ပန်းကျပြီး အထီးကျန် နေခဲ့ရပြီ.... ဒီနှစ်ဒီဇင်္ဘာပြန်လာဖို့ကိုကြိုးစားမယ်လို့ဘဲပြောနိုင်တဲ့ ကိုယ့်ကိုကိုယ် တကယ်အားမရဘူး....


ဖေဖေဟာတကယ်တော့ကျမရဲ့Heroပါ... သားသမီးတွေအတွက်အမြဲဂုဏ်ယူချင်တတ်တဲ့ဖေဖေဟာ... အလုပ်ဆင်းလို့အိမ်ပြန်လာရင်တောင်မနားဘဲနဲ့ကျောင်းစာတွေပြန်စစ်တတ်တာ... အင်္ဂလိပ်စကားကိုပြောရဲအောင်လေ့ကျင့်ပေးခဲ့တာတွေ... ကရင်စာတွေကိုသင်ပေးပြီးမောင်နှမတွေအကုန်လုံးကိုစာမေးပွဲစစ်သလိုပြန်စစ်ပြီး.. အတော်ဆုံးသူကိုဆုချခဲ့တာတွေ.... ကျောင်းပိတ်ရက်တိုင်းမှာလက်ရေးလှအောင်လေ့ကျင့်ခိုင်းခဲ့တာတွေကို သတိရမိတိုင်း... ကျမတို့ရဲ့အနာဂါတ်တွေလှပအောင် အပင်ပန်းခံခဲ့တဲ့အဖေ့ကို ကျေးဇူးအရမ်းတင်မိတယ်...


သားသမီးတွေကိုလဲဖေဖေက သူငယ်ချင်းလိုပေါင်းတတ်သေးတယ်.... ဂစ်တာတီးကျွမ်းကျင်တဲ့ ဖေဖေဟာကျမတို့ နှစ်သက်တဲ့ ခေတ်ပေါ်သီချင်းမှန်သမျှကိုတီးခတ်ပေးသေးတာ...(အဲဒီတုန်းကမေဆွိရဲ့ ကိုကို့ကို တို့ မေခလာရဲ့မပြောချင်လို့ကြည့်နေတာကြာပြီသိရဲ့လားတို့ပေါ့)... စနေနေ့တိုင်းမှာလဲနောက်တနေ့ ဘုရားကျောင်းမှာဆိုဘို့ ခရစ်ယာန်ဓမ္မတေးတွေလေ့ကျင့်ပေးခဲ့တာတွေလဲသတိရလွမ်းဆွတ်မိတယ်... Churchမှာဆိုကျမတို့မိသားစုကိုစံပြခရစ်ယာန်အိမ်ထောင်အဖြစ်သတ်မှတ်ထားကြလို့ မိသားစုရှစ်ယောက်လုံး ဘုရားကျောင်းအတူတူသွားကြတိုင်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖေဖေ့ခေါင်းတွေမော့လို့.... အလုပ်ထဲမှာအဆင်မပြေတဲ့အခါ သိပ်ပင်ပန်းလာတဲ့အခါတိုင်း တခွက်တဖလားသောက်ချင်တဲ့ဖေဖေဟာ မေမေ့သဘောကျ အိမ်မှာဘဲခွက်ပုန်းချရတဲ့အခါတိုင်း ကျမရယ်ကျမရဲ့အမရယ်ဟာ ဖေဖေ့ကိုအလွတ်မပေးဘဲ သမီးတို့လဲမြည်းချင်တယ်လို့ပြောတဲ့အခါ ခွက်သေးသေးလေးတွေထဲ အချိုရည်တွေအများကြီးနဲ့ရောပေးပြီး အမြည်းတွေကျွေးတဲ့ဖေဖေတယောက် စိတ်ညစ်ပြေသွားလားမပြေလားတော့မသိ ကျမတို့ညီအမတွေကတော့ အမြည်းလုစားရတာပျော်လို့မဆုံးဘူး... ဖေဖေလခထုတ်တဲ့နေ့တွေဆို အစားအသောက်ကောင်းမက်တဲ့ဖေဖေဟာ မိသားစုကိုအပြင်ခေါ်သွားပြီးစားချင်တာတွေဝယ်ကျွေးတတ်တယ်... အပြင်ဆိုင်တွေမှာဟန်ကောင်းကောင်းနဲ့စားနိုင်ဘို့ ကျမတို့ကို တူကိုင်နည်း၊ဇွန်းခက်ရင်းကိုင်နည်းတွေကိုလဲ ငယ်ငယ်ထဲကသင်ပေးထားခဲ့တယ်... မောင်နှမတွေကြားထဲမှာလူကောင်အသေးဆုံးဖြစ်တဲ့ကျမကိုအရပ်ရှည်အောင် အိမ်မျက်နှာကျက်မှာ ဘားတန်းရိုက်ပြီးခိုခိုင်းခဲ့လို့ အခုကျမအရပ်မရှည်ပေမဲ့ ပုတယ်လို့ခေါ်လို့မရတဲ့၅ပေ၄လက်မဆိုတဲ့အရပ်လေးရှိခဲ့ရတာဖေဖေ့ကျေးဇူးပေါ့... ကျမတို့ညီအမတွေကိုလဲဖေဖေကိုယ်တိုင်ဘဲရေကူးသင်ပေးခဲ့သေးတာ...


ကျမဖေဖေ့ကြောင့်လူတောတိုး လူဝင်ဆန့်ခဲ့တယ်... ဖေဖေ့ကြောင့်ဘုရားကိုသိခဲ့ရတယ်... ဖေဖေ့ကြောင့်သူများတွေနဲ့တန်းတူဘွဲ့တခုရခဲ့တယ်... ဖေဖေ့ကြောင့်အဆိုးအကောင်းကိုခွဲခြားသိရှိနိုင်တဲ့ဥာဏ်ပညာတွေရရှိခဲ့တယ်... ဖေဖေ့ရဲ့ကျေးဇူးတွေက ချရေးရင်ကုန်နိုင်မှာမဟုတ်ပါဘူး...


ဒါပေမဲ့ကျမဆိုးခဲ့တယ်.... ဖေဖေခွင့်လွှတ်တယ်ဆိုတာသိပေမဲ့တွေးမိတိုင်းနောင်တရမိတယ်... အချစ်ကိုကိုးကွယ်ခဲ့မိတဲ့ကျမ... ဖေဖေ့ခံစားချက်ကိုဥပေက္ခာပြုခဲ့တယ်.... သူသဘောမတူတဲ့သူနဲ့လက်မထပ်စေချင်လို့... စကားလုံးရင့်ရင့်တွေသုံးပြီးတားခဲ့တဲ့ဖေဖေ့ကိုစိတ်နာ တဇွတ်ထိုးစိတ်နဲ့ မင်္ဂလာပွဲကို ကိုယ့်ဟာကိုယ်စီစဉ်ပြီး ဖေဖေ့ကိုအသိမပေးဘဲကျင်းပနေချိန်မှာ... ကျမဘာလုပ်လုပ်သိနေတဲ့ဖေဖေက သူ့သူငယ်ချင်းတယောက်အိမ်မှာသွားရင်ဖွင့်ပြီးမျက်ရည်တွေကျခဲ့တယ်ဆိုတာ နောက်ကျမှသိခဲ့ရတယ် ကျမ နောင်တတွေရပြီး အချိန်တွေကိုနောက်ပြန်ဆွဲပြီး ပြန်ပြင်ချင်တာတွေပြင်ခွင့်ရချင်လိုက်တာ... တကယ်ဆို ကျမရွေးချယ်မှုမမှားဘူးဆိုတာကိုဖေဖေသိအောင် အချိန်ယူနားချသင့်ခဲ့တာပေါ့... သမီးတွေမင်္ဂလာဆောင်တိုင်း ခရစ်ယာန်ထုံးစံအရ ကိုယ့်သမီးကို သတို့သားလက်ထဲလွဲပြောင်းပေးတဲ့အနေနဲ့ ဧည့်ပရိသတ်တွေအလည်မှာ သတို့သားဆီကို သမီးနဲ့လက်တွဲပြီးလမ်းလျှောက်ခဲ့တဲ့အဖေဟာ ကျမလက်ကိုတွဲပြီးသူသဘောကျတဲ့သူရဲ့လက်ထဲအပ်ဘို့မျှော်လင့်ချက်တွေဆုံးရှုံးခဲ့ရတယ်... ဒါပေမဲ့ခုချိန်မှာကျမရဲ့ခင်ပွန်းနဲ့တွေ့တိုင်း စကားတွေဖောင်ဖွဲ့ပြောတတ်တဲ့ဖေဖေတယောက် ကျမကိုခွင့်လွှတ်တယ်ဆိုတာကျမသိနေပေမဲ့ဒီနောင်တတွေကပျောက်မသွားပါဘူး... ကျမကြောင့်မျက်ရည်ကျခဲ့ရတဲ့ဖေဖေက ကျမငွေလွှဲတာရလို့ကျေးဇူးတင်တယ်ပြောတိုင်း ကျမရင်ထဲမှာ စိတ်မကောင်းဖြစ်မိတယ်... တကယ်ဆိုကျမဘက်က ပေးဆပ်ဘို့အများကြီးလိုအပ်နေသေးတာလေ... အခုဖေဖေ့အကြောင်းရေးရင်းနဲ့ဆုံးဖြတ်ချက်ချလိုက်ပါပြီ... ဒီဇဘာင်္အရောက်ပြန်ခဲ့မယ်ဖေဖေ.... နိုင်ငံရေးအခြေအနေတွေဘယ်လိုရှိရှိ၊ ဘာရောဂါတွေဘယ်လိုဘဲဖြစ်နေဖြစ်နေ သမီးဂရုမစိုက်တော့ပါဘူး... ဖေဖေတွေ့ချင်တဲ့ဖေဖေ့မြေးလေးတွေကိုလက်ဆွဲပြီးသမီးလာခဲ့ပါ့မယ်ဖေဖေ


ဖေဖေ့ကိုချစ်တဲ့ဖေဖေ့သမီးဆိုး


Thursday, July 23, 2009

ဖူးစာ(သို့မဟုတ်)နံရိုး


ကျမတို့ဆယ်ကျော်သယ်အရွယ်လောက်တုန်းက ညီအမတွေ သူငယ်ချင်းတွေ အားလုံးလိုလို ကိုယ့်ဖူးစာရှင်ဘယ်သူဖြစ်မလဲလို့ အရမ်းသိချင်ပြီး ကြားဖူးသမျှတွေနဲ့စမ်းသပ်ခဲ့ကြတယ်... အများစုကဖူးစာရှင်လို့ပြောကြတယ်... ကျမတို့ခရစ်ယာန်အသိုင်းအဝိုင်းမှာတော့ နံရိုးပိုင်ရှင်လို့ပြောကြပါတယ်...အာဒံအတွက်လက်တွဲဖော်ကိုဘုရားသခင်ကဖန်ဆင်းတော့ အာဒံရဲ့ကိုယ်ထဲကနေနံရိုးတချောင်းကိုထုတ်ပြီး ဧဝကိုဖန်ဆင်းခဲ့လို့ပါ... အိမ်ထောင်ရေးအဆင်မပြေကြရင် ဖူးစာလွဲလို့ သို့မဟုတ် နံရိုးလွဲလို့ ဆိုပြီးပြောကြတာ ကြားဖူးပါတယ်... ဖူးစာရှင်သိချင်လို့စမ်းသပ်ကြသူ သူငယ်ချင်းတချို့က မအိပ်ခင်ကြက်ဥစားပြီးရေမသောက်ဘဲအိပ်တယ်တဲ့... အိပ်မက်ထဲမှာဖူးစာရှင်ကရေလာတိုက်မယ်ဆိုဘဲ... တချို့ကအပင်ပေါ်ကကြွေတဲ့ပန်းကိုမြေမခခင်ကောက်ပြီးခေါင်းအုံးအောက်ထားအိပ်ရင် ဖူးစာရှင်ကိုအိပ်မက်မက်လိမ့်မယ်တဲ့... စမ်းသပ်တဲ့သူငယ်ချင်းတွေအားလုံး အိပ်မက်ထဲမှာတယောက်ယောက်တော့တွေ့ကြတယ်... အပြင်မှာအဲဒီသူနဲ့တကယ်တွေ့ပြီးလက်ထပ်ဖြစ်လားမဖြစ်လားတော့ကျမ မသိပါဘူး... ကျမကတော့ပန်းပွင့်လေးနဲ့စမ်းသပ်ဘူးပါတယ်... ဒါပေမဲ့ဘယ်သူ့ကိုမှအိပ်မက်ထဲမှာမတွေ့ပါဘူး... ဘယ်နှစ်ခါစမ်းသပ်စမ်းသပ် မတွေ့ပါဘူး... တခါတခါစဉ်းစားမိတယ်... သူတို့ကျတွေ့ရပြီးငါ့ကျမှဘာလို့မတွေ့ရပါလိမ့် အပျိုကြီးဖြစ်မှာမို့လို့လားလို့...

ကျမအသက်၂၃နှစ်မှာ ကျမသိပ်ချစ်ရတဲ့သူ ကိုကျမအလုပ်လုပ်တဲ့နေရာမှာ ဆုံစည်းခဲ့ပြီး ၂၅နှစ်ပြည့်ဘို့ ၃လကျော်ကျော်လောက်အလိုမှာလက်ထပ်ခဲ့ပါတယ်... အခုအိမ်ထောင်သက်ဆယ်နှစ်ကျော်မှဒီအကြောင်းပြန်စဉ်းစားမိတော့... ငယ်ငယ်ကဘာကြောင့်အိမ်မက်ထဲမှာသူ့ကိုမတွေ့ခဲ့ရတာလဲဆိုတဲ့အဖြေကို ကိုယ့်ဟာကိုယ်ဘဲပြန်ဖြေမိတော့တယ်... သူနဲ့ကိုယ်နဲ့က တယောက်နဲ့တယောက် ဆုံစည်းနိုင်မယ်မထင်ရတဲ့ တမြေစီကမို့ ဖူးစာရေးနတ်က ကျမရဲ့အိပ်မက်ထဲသူ့ကိုအချိန်မီမပို့ပေးနိုင်ခဲ့ဘူးရယ်လို့လေ....

Saturday, July 18, 2009

မိသားစုအပန်းဖြေခရီး


ခလေးတွေကျောင်းပိတ်တိုင်းကျမတို့မိသားစု အလည်ခရီးထွက်ကြပါတယ်... စကာင်္ပူနဲ့ဘန်ကောက်ကတော့ အမြဲသွားလည်နေကျပေါ့... ဒါပေမဲ့ ဒီနှစ်တော့ swine flu ကြောက်လို့ပြည်တွင်းခရီးဘဲထွက်ဖို့ဆုံးဖြတ်ပြီး မိသားစုအေးအေးချမ်းချမ်းအနားယူနိုင်ဘို့ private beach လေးရှိတဲ့ Anoasis resort ကိုရွေးချယ်ခဲ့ပါတယ်... ဟိုချီမင်းမြို့ကနေအဲဒီနေရာကိုရောက်ဖို့ ကားနဲ့သွားရင် ၁နာရီနဲ့၄၅မိနစ်ဘဲကြာမယ်လို့ မြေပုံအညွှန်းမှာ ရေးထားပေမဲ့ တကယ်တမ်းသွားတဲ့အခါအိမ်ကနေမြို့ပြင်ရောက်တဲ့အထိကိုနာရီဝက်လောက်ကားမောင်းရတော့ စုစုပေါင်း ကြာချိန်က ၂နာရီခွဲလောက်ရှိပါတယ်... ဒီခရီးစဉ်ကကျမအတွက် တကယ့်ကိုအပန်းဖြေခရီးပါဘဲ... ခလေးတွေအတွက်ဟင်းချက်စရာမလိုတဲ့အပြင် သူတို့ကိုအိမ်မှာလို activities တွေတခုပြီးတခုမပျင်းရအောင်စီစဉ်စရာလဲမလိုပါဘူး... ဗိုက်ဆာတယ်ဆိုစားသောက်ဆိုင်ခေါ်သွားလိုက်တယ် ဆော့ချင်တယ်ဆိုခလေးကစားခန်းလေးဆီပို့ပေးတယ်... အဲဒါပြီးရင် သူတို့အဖေနဲ့ရေကူးကြတယ်... ညနေဆိုပင်လယ်ကမ်းခြေမှာခရုထွက်ကောက်ကြတယ်...

သူတို့အတွက်က အပျော်ခရီး ကျမအတွက်တော့အပန်းဖြေခရီးပေါ့...

အခုတော့အားရပါးရနားလို့ဝသွားပါပြီ... ကျမ မရှိပေမဲ့ကျမဘလော့လေးဆီလာလည်သွားကြတဲ့ ကျမရဲ့ဘလော်ဂါမောင်နှမများကိုအထူးကျေးဇူးတင်ပါတယ်... အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေရှင်...

Thursday, July 9, 2009

Facebook ကောင်းမှု


ကိုးတန်းနှစ်တုန်းကကျမမှာသိပ်ချစ်စရာကောင်းတဲ့သူငယ်ချင်းတစ်ယောက်ရှိခဲ့ဘူးတယ်... ဒါပေမဲ့မိဘတွေရဲ့တားမြစ်ချက်ကြောင့်ကျမနဲ့သူနဲ့ဝေးခဲ့ရတယ်... ကျမတို့နှစ်ယောက်သိပ်ခင်ခဲ့ကြပါတယ်... ၁၉၈၈ခုပညာသင်နှစ်အစပိုင်းဇွန်လနဲ့ဇူလိုင်လဆန်းမှာကျမတို့သူငယ်ချင်းနှစ်ယောက်ခင်မင်ပျော်ရွှင်စွာနဲ့ ကျောင်းတက်ခဲ့ကြပါတယ်... ဒါပေမဲ့ဇူလိုင်ပထမပတ်လားဒုတိယပတ်လားတော့သေချာမမှတ်မိတော့ဘူး ကျမတို့ကျောင်းသားတွေအချင်းချင်းလက်တို့ပြီး ရွှေတိဂုံစေတီမှာဟောပြောပွဲရှိတဲ့အကြောင်း ဘယ်နေ့၊ဘယ်နေရာမှာစုမဲ့အကြောင်းသတင်းတွေတိတ်တိတ်လေးလက်ဆင့်ကမ်းကြပါတယ်... ကျမတို့သူငယ်ချင်းနှစ်ယောက်ကျောင်းပြေးပြီးသွားဖို့ဆုံးဖြတ်လိုက်တယ်... အဲဒီနေ့ရွှေတိဂုံစေတီကိုသွားကြတဲ့ကျမတို့ကျောင်းကအဖွဲ့မှာမိန်းခလေးဆိုလို့ကျမတို့နှစ်ယောက်ဘဲပါပါတယ်... ရွှေတိဂုံစေတီကိုရောက်တော့ကျမသူငယ်ချင်းရဲ့အစ်ကိုနဲ့တိုးလို့သူ့ခမျာပတ်ပြေးရပါသေးတယ်... ကျမတို့နှစ်ယောက်မျက်နှာမှာထောက်လှန်းရေးတွေမမှတ်မိအောင်ပဝါတွေစည်းထားတာတောင်မှ သူ့အစ်ကိုကမှတ်မိတာအံ့ရော... သိပ်မကြာပါဘူးလုံထိန်းတွေရောက်လာတာနဲ့ကျမတို့ထဲကကောင်လေးတွေကကျမတို့ကို အရင်လွတ်အောင်ထွက်ပြေးခိုင်းပါတယ်... အဲဒီနေ့ကအဖမ်းမခံရ၊ဘေးမသီရန်မခဘဲအိမ်ပြန်ရောက်ပါတယ်... (ဖိနပ်တော့ဘယ်ကျွတ်ကျန်နေခဲ့မှန်းမသိပါဘူး)...

နောက်နေ့ကျောင်းရောက်တော့ကျမတို့ရဲ့နာမည်စာရင်းတွေကရုံးခန်းရောက်နေပြီ...

ကျမတို့နှစ်ယောက်ကိုအတန်းရှေ့ခေါ်ထုတ်ပြီးဆရာမရိုက်ပါတယ်... ဒဏ်ပေးခံရတဲ့အပြင်ခွင့်တိုင်စရာမလိုဘဲအိမ်မှာနားလိုက်ရပါတယ်... အိမ်မှာလဲကောင်းကောင်းမနားရပါဘူး... အဖေနဲ့အမေကတလှည့်စီမနားတမ်းဆူပါတယ်... အပြင်လဲပေးမထွက်ပါဘူး... အဖေတို့ငယ်ငယ်တုန်းက စစ်တပ်နဲ့ကရင်တွေနဲ့တိုက်ပွဲဖြစ်ရင် စစ်တပ်ကတွေ့သမျှ ကရင်တွေထောင်ထဲမှာထားပြီးနှိပ်စက်တယ်တဲ့၊အစားလဲမကျွေးဘဲအငတ်ထားတယ်တဲ့.... အဖေတို့မှာဗိုက်ဆာလွန်းလို့ငိုလိုက်ရတာတဲ့ တော်သေးတာပေါ့အဖေကကျမကိုအိမ်ထဲမှာထောင်ချထားပေမဲ့အငတ်မထားလို့... အတိုချုံးရရင်သြဂုတ်လမှာ(၈၊၈၊၈၈)တနိုင်ငံလုံးဆန္ဒပြကြတဲ့အထိ ကျမမှာမလွတ်လပ်ခဲ့ပါဘူး... တဝက်တပြတ်နိုင်ငံရေးစိတ်ဓါတ်လေးနဲ့ကျမ ဘယ်လိုမှမအောင့်နိုင်တော့ဘဲရေချိုးခန်းပြတင်းပေါက်ကခုန်ချပြီး ချီတက်ဆန္ဒပြတဲ့ဆီပြေးပါတော့တယ်... ထင်တဲ့အတိုင်းကျမသူငယ်ချင်းလေးကကျမကိုကြိုလို့ပေါ့.... အဲဒီနေ့ညနေအိမ်ပြန်ရင်ဘယ်တော့မှပြန်မထွက်ရမှန်းသိလို့ကျမသူငယ်ချင်းကသူ့အိမ်လိုက်ခဲ့ဘို့ခေါ်ပါတယ်... ဒီလိုနဲ့ဘဲစိတ်တူကိုယ်တူသူငယ်ချင်းနှစ်ယောက်ပိုလို့ရင်းနှီးခဲ့ရပါတယ်...

ဒါပေမဲ့မကြာပါဘူး... အဆာငတ်ခံဆန္ဒပြနေတုန်းအစာအိမ်ရောဂါရှိတဲ့ကျမရဲ့ကျန်းမာရေးအခြေအနေကြောင့် အိမ်ပြန်ခဲ့ရပါတယ်... အဲဒီတုန်းကကျမသာကျန်းမာရေးကောင်းခဲ့ရင် နိုင်ငံရေးကိုအဆုံးထိလုပ်ခဲ့မိမယ်ထင်ရဲ့... ဒီလိုနဲ့ဘဲကျောင်းတွေအကြာကြီးပိတ်သွားပါတယ်... ကျောင်းတွေပြန်ဖွင့်တော့လဲအစိုးရိမ်ကြီးလွန်းတဲ့ကျမရဲ့မိဘတွေက စိတ်တူကိုယ်တူကျမရဲ့သူငယ်ချင်းလေးကို မပေါင်းရဘူးလို့အမိန့်ထုတ်ပါတယ်.. ကျမလဲမိဘအရိပ်အောက်မှာမှီခိုနေရတော့မကျေမနပ်နဲ့ဘဲမိဘစကားနားထောင်ခဲ့ရပါတယ်... ဆယ်တန်းနှစ်မှာကျမတို့သူငယ်ချင်းနှစ်ယောက်အတန်းကွဲသွားတဲ့နောက်ပိုင်းသိပ်မတွေ့ဖြစ်တော့ပါဘူး... ဒီလိုနဲ့တခါတလေမှဘဲဆုံဖြစ်ကြပါတော့တယ်... နှစ်တွေအတော်ကြာပြီးမှငယ်ငယ်တုန်းကအကြောင်းတွေ ပြန်တွေးဖြစ်တဲ့အခါ အဲဒီသူငယ်ချင်းလေးကိုအရမ်းသတိရမိပါတယ်... မနှစ်ကFacebook မှာသူငယ်ချင်းဟောင်းတွေပြန်ရှာလို့ရတဲ့အကြောင်းသတင်းရလို့ကျမသူ့နာမည်လေးအကွက်ထဲမှာ ထည့်ပြီးရှာတာမတွေ့ပါဘူး... ဒါပေမဲ့လွန်ခဲ့တဲ့နှစ်လလောက်က friend request တစ်ခုရောက်လို့ဖွင့်ကြည့်မိတော့အဲဒီသူငယ်ချင်းလေး ဖြစ်နေလို့ကျမအရမ်းကိုပျော်သွားပြီး ချက်ချင်းဆက်သွယ်လိုက်တဲ့အခါသူလဲဝမ်းသာအားရနဲ့ ကျမတို့နှစ်ယောက်စကားတွေအကြာကြီးပြောကြပါတယ်...

အခု ကျမတို့နှစ်ယောက် အရင်လိုပြန်ဖြစ်နေပါပြီ... ရီကြမောကြ၊တစ်ယောက်အကြောင်းတစ်ယောက်စပ်စုကြနဲ့ပေါ့.... နှစ်ယောက်စလုံးကခလေးနှစ်ယောက်အမေတွေဖြစ်နေပေမဲ့စကားအတူပြောနေကြတဲ့အခါ ဟိုတုန်းက၁၄၊၅နှစ်အရွယ်လေးတွေလိုဘဲနုပျိုလို့....

ကျမရဲ့Bloggerသူငယ်ချင်းတွေလဲငယ်ငယ်တုန်းကသူငယ်ချင်းတွေနဲ့ပြန်လည်ဆုံဆည်းချင်တဲ့ဆန္ဒရှိခဲ့ရင် Facebook ကနေတဆင့်ရှာကြည့်ကြပါလို့အကြံပေးရင်း Facebook အကြောင်းအခမဲ့ကြော်ငြာလိုက်ပါတယ်ရှင်။


Monday, July 6, 2009

Federerနိုင်ပြီ


မနေ့ညကအိပ်ရာဝင်နောက်ကျတယ်...တင်းနစ်ဖိုင်နယ်ကိုပြီးတဲ့အထိကြည့်ချင်တာကိုး...ခင်ပွန်းသည်ကRoddickကိုအားပေးပြီး ကျမကFedererကိုအားပေးပါတယ်...အရင်ပွဲတွေသူရှုံးတုန်းကငိုတဲ့ပုံကိုသတိရပြီး သူမငိုရပါစေနဲ့လို့ဆုတောင်းပေးနေမိတယ်...ပြီးတော့ပွဲတိုင်းမှာအမြဲလိုက်ပါအားပေးတဲ့သူ့ရဲ့လက်တွဲဖော်လေးကိုလဲပျော်ရွှင်စေချင်တယ်... ကိုယ်ဝန်ကြီးနဲ့ဝမ်းမနည်းစေချင်ဘူး... ဒီပွဲရဲ့ရလာဒ်ဟာသူမွေးလာမဲ့ခလေးလေးအတွက်ဘုရားပေးတဲ့ဆုလေး ဖြစ်စေချင်တယ်... ကျမဆုတောင်းပြည့်ပါတယ်... အားကုန်သုံးပြီးကစားတဲ့Roddickကိုသူနိုင်သွားပါတယ်...

Roddick ကစားတာပိုကောင်းနေပေမဲ့ ပုံမှန်အတိုင်းခံစစ်ကနေကစားသွားးတဲ့ Federer ကနောက်ဆုံး ၃ မိနစ်လေးနဲ့ကပ်ပြီးအနိုင်ရရှိသွားပါတယ်... Roddick အတွက်တော့စိတ်မကောင်းပါဘူး... သူတကယ်ကိုအကောင်းဆုံးကစားသွားခဲ့တာပါ... Tennis မှာပူးတွဲဆုပေးတဲ့အစဉ်အလာသာရှိခဲ့ရင်သိပ်ကောင်းမှာဘဲလို့စဉ်းစားမိတယ်.. ရှုံးတဲ့သူကိုသနားလို့..

အခုတော့Federer တစ်ယောက် မနှစ်ကလက်လွှတ်ခဲ့ရတဲ့ World No 1နေရာကိုပြန်လည်ရရှိသွားခဲ့ပါပြီ... ဒါ့အပြင် Sampras ထက် Grand Slam ဆုတစ်ခုအသာနဲ့ Greatest player အဖြစ် သမိုင်းဝင်သွားခဲ့ပါပြီ.. အနာဂတ်မှာFederer တစ်ယောက် သူချစ်တဲ့ဇနီး၊လာခြင်းကောင်းသောသူ့ရင်သွေးလေးနဲ့အတူအောင်မြင်မှုတွေ ဒိထက်တိုးပြီးရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...

Thursday, July 2, 2009

ကျောင်းတွေပိတ်တော့မည်


ဒီခလေးလေးနှစ်ယောက်ကကျမသိတ်မြတ်နိုးရတဲ့ကျမရဲ့အဖိုးတန်ရတနာလေးတွေပေါ့....ဘာနဲ့မှကိုမလဲနိုင်ပါဘူးရှင်...သူတို့လေးတွေကြောင့်ကျမရဲ့ဘဝအသက်ရှင်မှုကအဓိပါယ်ရှိနေတာပါ...အပေါ်ကပုံလေးကသူတို့မောင်နှစ်မနှစ်ယောက်အိမ်နောက်ဘက်ခြံထဲမှာဆော့နေတဲ့ပုံပါ...သူတို့နှစ်ယောက်ပျော်နေဖို့ကျမအမြဲကြိုးစားပါတယ်..ကျမငယ်ငယ်တုန်းကတော့ကျမတို့မိဘတွေကကျမတို့ ပျော်အောင်ကြိုးစားအားထုတ်စရာမလိုအပ်ခဲ့ပါဘူး...မောင်နှစ်မခြောက်ယောက်ရှိတဲ့အတွက်အငယ်ကိုအကြီးက တဆင့်စီထိန်းရင်း ကစားနည်းမျိုးစုံမရိုးအောင်ကစားခဲ့ကြတာပါ...ကစားစရာတွေလည်းအထူးတလည်မလိုအပ်ခဲ့ပါဘူး...အစ်ကိုအကြီးဆုံးက တွန်းလှည်းလေးတွေကိုရာဘာဖိနပ်ဟောင်း၊ဝါးလုံး၊သားရေကွင်းတွေနဲ့ တီထွင်တတ်တယ်...အစ်မတစ်ယောက်ကကတ်ထူစာရွက်နဲ့အရုပ်မလေးတွေ အဝတ်တွေလုပ်တတ်တယ်...ကျန်တဲ့အစ်မတစ်ယောက်ကပေါက်ပေါက်ရှာရှာကစားနည်းတွေကိုဦးဆောင်ကစားတတ်ပါတယ်...ကျောင်းပိတ်တဲ့နေ့တွေဆိုကျမတို့ဘယ်တော့မှမပျင်းရပါဘူး...ခုတော့ကျမခလေးတွေလက်ထက်မှာကျမငယ်ငယ်ကလိုမောင်နှစ်မအများကြီးနဲ့မနေရတဲ့အပြင် ဆွေမျိုးတွေနဲ့လဲမတွေ့ရဘဲနိုင်ငံခြားမှာနေ နေရတဲ့အတွက်သူတို့ကိုပျော်အောင်၊သူတို့အရိပ်အခြေကိုတချိန်လုံးစောင့်ကြည့်ပြီး လိုအပ်ချက်မရှိရအောင်အစွမ်းကုန်ကြိုးစားပါတယ်...နောက်ထပ်ခလေးယူဘို့လဲဘယ်လိုမှ မဖြစ်နိုင်ဘူးလေ...စားစရိတ်တတ်နိုင်ပေမဲ့ပညာရေးစရိတ်မတတ်နိုင်လို့ပါ...သူတို့ရဲ့ကျန်းမာရေးကိုလဲအရမ်းဂရုစိုက်ရပါတယ်...ဖုန်းဆက်ခေါ်တိုင်းလာပေးနိုင်တဲ့ ဗီယက်နမ်ဆရာဝန်မတစ်ယောက်နဲ့သိထားလို့တော်သေးရဲ့...ကျောင်းထားတော့လဲစိတ်ထဲတထင့်ထင့်နဲ့ထားရတာပါ...သမီးလေးကိုကျောင်းစ ထားတုန်းကဆိုသားဦးအရူးဆိုတဲ့အတိုင်းကျမမှာအရူးမကြီးလိုပါဘဲ...အတန်းထဲမှာငိုနေတဲ့သမီးလေးကိုအပြင်ကနေချောင်းကြည့်ပြီးအိမ်မပြန်ဘဲထိုင်ငိုနေလို့ ကျောင်းအုပ်ဆရာကြီးနဲ့တခြားအတန်းကဆရာမတွေကျမကို ဝိုင်းချော့ကြရတာကိုသိထားတဲ့ သူငယ်ချင်းတွေဆို ခုထိသတိရတိုင်းပြောပြီးရီနေကြတုန်း...
ကျမလဲအခုမှရှက်ရကောင်းမှန်းသိပြီး သားအလှည့်ကျအဲဒီကျောင်းမှာမထားတော့ပါဘူး..ကျောင်းကကောင်းပါတယ်...ကိုယ့်ဟာကိုယ်ရှက်လို့ပါ..အခုတော့သမီးလေးလဲကျောင်းပျော်၊သားလေးလဲကျောင်းမှာနေသားကျနေပါပြီ...နောက်တပတ်ဆိုခလေးတွေကျောင်းပိတ်ပြီ...နှစ်လလုံးလုံးသူတို့လေးတွေ ကျမမျက်စေ့အောက်မှာဘဲရှိနေမှာမို့ကျမအရမ်းပျော်နေပါတယ်...သူတို့လေးတွေကိုဘယ်နေရာတွေလိုက်ပို့ပေးရမလဲ၊ သူတို့လေးတွေနဲ့ဘယ်လိုဆော့ပေးရမလဲ၊ သူတို့ပျော်အောင်ဘာလုပ်ပေးရမလဲ...စဉ်းစားနေရပါပြီ...သူတို့လေးတွေနဲ့အချိန်ပြည့် နေပေးရတော့မှာမို့ အရင်လိုဘလော့တွေသိပ်မလည်ဖြစ်တော့ရင် ဘလော့မောင်နှစ်မများနားလည်ပေးကြပါနော်...