Tuesday, May 21, 2013

မောင်(ယုချစ်ခဲ့သော)



ဒီနေ့ရာသီဥတုက အတော်သာယာနေသည်။ နေမပူမိုးမရွာ အေးချမ်းတဲ့နေ့လည်ခင်းမို့ ကျူရှင်အပြီး အိမ်ကိုလမ်းလျှောက်ပြန်ရတာ အခါတိုင်းနေ့တွေထက် ပိုလို့စိတ်ထဲဘဝင်ကျနေမိသည်။တစ်ယောက်ထဲအေးချမ်းစွာလမ်းလျှောက်လာရင်း မကြာခင်ချစ်ရသော မောင်တို့အိမ်ရှေ့ရောက်တော့မည်မို့ ရင်ခုန်သံတွေမြန်လာသလိုခံစားမိသည်။သူ့အိမ်ရှေ့အုတ်ခုံလေးမှာ ထိုင်စောင့်နေသော မောင့်ကိုမြင်တော့ လျှောက်လက်စယုခြေလှမ်းတွေ ကရင်ခုန်သံစည်းချက်တွေနှင့်အတူ ပိုလို့မြန်ဆန်လာမိသည်။ ယုကိုတွေ့တော့မောင်ကထိုင်နေရာမှထလာပြီး ယုလက်ထဲကကျူရှင်စာအုပ်တွေလှမ်းယူလိုက်သည်။
“ယုပင်ပန်းလာလား… ဟိုရှေ့ကအအေးဆိုင်လေးမှာ တခုခုထိုင်သောက်ကြရအောင်..ပြီးမှယုကိုမောင်အိမ်လိုက်ပို့ပေးမယ်နော်”
“အင်း…မောင့်သဘော”
ကျူရှင်အပြန်တိုင်းမောင်နှင့်အတူထိုင်သောက်နေကျအအေးဆိုင်လေးရဲ့ထောင့်ဝိုင်းလေးမှာနေရာယူပြီး အအေးထိုင်သောက်ရင်းစကားတွေထိုင်ပြောကြသည်…. စကားတွေပြောကြသည်ဆိုသော်လည်း တကယ်တမ်းက ယုကသာပြောပြီး မောင်ကနားထောင်သူဖြစ်သည်…. ယုကကျူရှင်ကသူငယ်ချင်းတွေအကြောင်း အိမ်ကအကြောင်းတွေ တရစပ်ပြောပြနေပေမဲ့ မောင်ကထုံးစံအတိုင်း ယုပြောသမျှကိုငေးမောနားထောင်နေလေ့ရှိသည်…. မောင်ပြောပြီဆိုလျှင်လည်း ယုဆံပင်ရှည်ရှည်ပျော့ပျော့လေးတွေကို သူသိပ်သဘောကျကြောင်း၊ ယုလက်ချောင်းသွယ်သွယ်လေးတွေကချစ်စရာကောင်းကြောင်း၊ ယုလမ်းလျှောက်ပုံလေးတွေက နွဲ့လျစွာ စိတ်ဝင်စားစရာကောင်းကြောင်းနှင့် ယုရဲ့မိန်းမပီသသော အလှအပများအကြောင်းသာဖြစ်သည်… သမီးရီးစားသက်တမ်းတလျှောက်လုံး ယုလက်ကလေးတွေကို ကိုင်ကြည့်ယုံမှအပ ဘာမှအခွင့်အရေးမယူ တောင်းဆိုမှုတွေမရှိသော မောင့်ရဲ့တန်ဘိုးထားမြတ်နိုးမှုတွေအတွက် ယုဝမ်းသာကြည်နူးရပါသည်…
အအေးသောက်လို့ပြီးချိန် စကားတွေလည်းပြောလို့ဝတဲ့အခါ မောင်ကယုကို အခါတိုင်းနေ့တွေလိုဘဲ အိမ်လိုက်ပို့ပေးခဲ့ပါသည်….အခါတိုင်းထက်စကားတွေနဲနေသောမောင့်ကို မောင်နေမကောင်းဘူးလားမေးမိတော့ ကောင်းပါတယ်လို့သာဖြေရင်းမောင်တိတ်ဆိတ်နေခဲ့သည်….
အခါတိုင်းလည်း မောင်ကစကားနဲသူမို့ ယုလည်းဆက်မမေးဖြစ်တော့ဘဲ မောင်နှင့်အတူ ငြိမ်သက်တိတ်ဆိတ်စွာ လမ်းအတူဆက်လျှောက်ရင်း အိမ်နားသို့ရောက်သောအခါ မောင့်ကိုနှုတ်ဆက်လိုက်ပါသည်…
“ယုအိမ်နားရောက်ပြီ…မောင်ပြန်တော့နော်… စနေနေ့ကျူရှင်အပြန်ကျရင်မောင့်အိမ်ရှေ့မှာစောင့်နေနော်”
…….
မောင့်ဆီကတုန့်ပြန်သံထွက်မလာခဲ့
“မောင်…ယုမေးတာဖြေလေကွာ… မောင်မအားရင်လဲ နောက်နေ့မှတွေ့တာပေါ့”
“အင်း… မောင်ပြန်တော့မယ်နော်”
ပြောပြီးပြီးချင်းမောင်လှည့်ပြန်သွားခဲ့သည်… ယုစိတ်ထဲမောင်ဒီနေ့ဘာများဖြစ်နေပါလိမ့်လို့ အတွေးဝင်မိသည်..
အိမ်ရောက်တဲ့အထိ စိတ်ထဲမတင်မကျနှင့် မောင်တခုခုတော့ဖြစ်နေတယ်လို့ တွေးရင်း စနေနေ့အမြန်ရောက်ပါစေလို့သာ ဆုတောင်းမိသည်….
ယုမျှော်လင့်ထားသောစနေနေ့ရောက်လာခဲ့ပြီ။ ကျူရှင်ပြန်ချိန်တိုင်းချစ်ရသောမောင့်ကိုတွေ့ချင်စိတ်တွေကခါတိုင်းထက်ပိုလို့ပြင်းပြနေခဲ့သည်။အရင်တပတ်စနေနေ့က ခါတိုင်းထက်ထူးခြားစွာတိတ်ဆိတ်နေခဲ့သောမောင့် အခြေအနေမှန်ကိုသိချင်နေခဲ့သည်။မောင်တို့ခြံရှေ့ရောက်တော့ခါတိုင်းလိုမောင်ရှိမနေခဲ့။
ဘာလုပ်ရမှန်းမသိစွာ မောင်တို့ခြံရှေ့မှာ ခဏတာရပ်နေမိခဲ့သည်။ မောင်တို့အိမ်ကလူတွေနှင့်ယုမသိသလို ဘယ်သူ့ကိုမှလဲမမြင်ဖူးခဲ့ပါ။ ခြံရှေ့ကလူခေါ်ခေါင်းလောင်းလေးတီးပြီး မေးလိုက်ဖို့အထိလဲ ယုမှာသတ္တိမရှိ။
ဒီအတိုင်းလမ်းလျှောက်လာရင်း အိမ်ကိုပြန်ရောက်တဲ့အထိ လူနဲ့စိတ်နဲ့ မကပ်ချင်တော့။ မောင့်ကိုတွေ့ချင်စိတ်၊ မောင့်အကြောင်းသိချင်စိတ်တွေသာ ပြင်းပြလျှက် ဘာကိုမှစိတ်ပါလက်ပါမလုပ်ချင်တော့။
တပတ်ပြီးတပတ်ကုန်ဆုံးသွားသော်လည်း မောင်ကတော့ မောင်တို့ခြံရှေ့အုတ်ခုံလေးမှာ ယုကိုထိုင်စောင့်မနေခဲ့။ ယုကသာကျူရှင်ပြီးချိန်တိုင်း မောင်များစောင့်နေမလားဆိုသော မျှော်လင့်ချက်နှင့် မောင်တို့ခြံရှေ့ရောက်ရောက်သွားခဲ့သည်။
တခုသောစနေနေ့ ကျူရှင်ပြန်ချိန်မှာတော့ ယုမျှော်လင့်ထားသောမောင်မဟုတ်ဘဲ မောင်တို့အိမ်ကခြံစောင့်ဟုယူဆရသူတစ်ယောက်ကို ယုတွေ့ခဲ့ရသည်။ ခြံထဲကကားတစင်းထွက်သွားအပြီး ခြံတံခါးပိတ်ရန်ထွက်လာခြင်းဖြစ်သည်။
“ဦးလေး၊ ခဏလေးနေပါဦး၊ မေးစရာရှိလို့ပါ”
ထိုဦးလေးကြီးက သူတခါမှမတွေ့ဘူးသောယုကို အံ့သြစွာကြည့်လျှက်ဘာမေးမလို့လဲခလေးမဟုဆိုကာ
တံခါးမပိတ်သေးဘဲ လှမ်းပြောတာမို့ ယုအားတက်သွားပြီး ဒီအိမ်က သူရိန်ဆိုတဲ့ကောင်လေးနေမကောင်းဘူးလားဟင်၊မတွေ့တာကြာလို့ပါ ဟုမေးမိတော့ ဦးလေးကြီးမျက်နှာပျက်သွားတာယုသတိထားမိသည်။
သူရိန်ဆိုတဲ့ခလေးက သူ့အဖေနဲ့စကားများပြီးအိမ်ကထွက်သွားတာကြာပြီခလေးမရဲ့… ဦးလေးအလုပ်တွေရှိသေးလို့ အိမ်ထဲပြန်ဝင်တော့မယ် ဆိုကာ ခြံထဲပြန်ဝင်သွားခဲ့သည်။
ယုကြောင်တောင်တောင်နှင့် ခြံရှေ့မှာ မတ်တပ်ရပ်နေခဲ့မိသည်။ ဒါဆို မောင်ဘယ်ရောက်နေတာလဲ၊ ယုနဲ့မောင်နဲ့ ဘယ်လိုလုပ်ထပ်တွေ့ရတော့မှာလဲ၊ မောင်ယုဆီဘာလို့မဆက်သွယ်တာလဲ၊
အတွေးများစွာခေါင်းထဲမှာရှုတ်ထွေးလျှက်မျက်ရည်များကတားစီးမရစွာ ပါးပြင်ပေါ်ဆင်းသက်လာကြသည်။
ယုမောင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာမောင်သိသားနဲ့ကွယ်… ဘာကြောင့်ဘဲဖြစ်ဖြစ်ယုကိုတော့ တနည်းနည်းနဲ့ဆက်သွယ်ခဲ့သင့်တာပေါ့… မောင့်ကိုမေ့ပစ်လိုက်ရမှာလား… မောင်နဲ့ပြန်တွေ့ရမဲ့အချိန်ကို မျှော်လင့်စောင့်စားနေရမှာလား.. ဘာကိုဆုံးဖြတ်ရမလဲ ယုအဖြေရှာမရ…
………………………………………………………………………………………………………………
မောင့်ကိုလွမ်းဆွတ်တမ်းတရင်း ယုစက်ရုပ်တစ်ရုပ်လိုသာ အသက်ရှင်နေမိတော့သည်.. လုပ်စရာရှိတာတွေကို အချိန်ဇယားတစ်ခုနှင့်လုပ်ရင်း အပြုံးအရယ်မဲ့ကာ ငေးငိုင်နေတတ်သောယုကို သူငယ်ချင်းများက အားမလိုအားမရဖြစ်ကာ မောင့်ကိုမေ့ပစ်လိုက်ဖို့တိုက်တွန်းကြသည်… ယုဘာမှမတုန့်ပြန်ဖြစ်ခဲ့…
တစ်နေ့မှာသူငယ်ချင်းများက စိတ်ပြေလက်ပျောက်သူ့တို့ဈေးဝယ်ထွက်ရာလိုက်ခဲ့ဘို့ အတင်းဆွဲခေါ်ကြတာမို့ ယုသူငယ်ချင်းများနှင့်အတူ ဗိုလ်ချုပ်ဈေးသို့ရောက်ခဲ့သည်… စနေနေ့မို့ လူအများကြီးနှင့် ရှုတ်ယှက်ခတ်နေသောဈေးထဲတွင် ယုခေါင်းတွေနောက်ကျိလာခဲ့သည်။ သူငယ်ချင်းထဲမှနှစ်ယောက်ကလည်း ခေါင်းထဲမှာဖုန်တွေဝင်နေပြီ.. ခေါင်းဝင်လျှော်ကြမလားဟု အဖော်စပ်သောအခါ ယုအလွယ်တကူခေါင်းငြိမ့်ပြရင်း သူတို့နှင့်အတူ ဆံပင်ညှပ်၊ခေါင်းလျှော်၊အလှပြုပြင်သော ဆိုင်လေးထဲသို့လိုက်ဝင်ခဲ့မိသည်… ဆံပင်ညှပ်ဆိုင်ထဲမှာလည်းလူကျနေသဖြင့် ယုအလှည့်ရောက်ဖို့ အကြာကြီးစောင့်နေခဲ့ရသည်။ ဆိုင်ပိုင်ရှင်အန်တီကြီးက ဘာမှဇောတကမတက်ဘဲ ငြိမ်သက်စွာစောင့်ပြီး သူငယ်ချင်းတွေကိုသာ အရင်ဝင်ခိုင်းသောယုကို အားနာလာဟန်ဖြင့် သမီးကခေါင်းလျှော်ရုံဘဲဆိုရင် အန်တီ့မှာ အလုပ်သင်ခလေးတစ်ယောက်တော့အားနေတယ်… သမီးသူနဲ့ဘဲလျှော်မလားဟုမေးသောအခါ ယုခေါင်းသာငြိမ့်ပြလိုက်မိသည်…
အန်တီကြီးက သူသူရေ .. ဒီမှာအလုပ်များနေလို့ တစ်ယောက်ကိုခေါင်းလာလျှော်ပေးပါလားဟုလှမ်းခေါ်သောအခါ ဆိုင်အပေါ်ထပ်ထပ်ခိုးပေါ်က ဖြည်းဖြည်းဆင်းလာသူကို ယုလှမ်းကြည့်မိလိုက်သည်။
“ဟင်”
 အံ့သြခြင်းနှင့်အတူ အသက်ရှုရပ်သွားသလိုခံစားရပြီး ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်….
…………………………………………………………………………………………………………………
သူငယ်ငယ်လေးထဲက မိန်းခလေးဖြစ်ချင်စိတ်လေးရှိနေခဲ့တာ… အဖေဖြစ်သူကစည်းကမ်းတင်းကျပ်လွန်းလို့ သာယောင်္ကျားလေးတစ်ယောက်လိုနေလာခဲ့ရပေမဲ့ မိန်းခလေးတစ်ယောက်လိုဘဲနေချင်ခဲ့တာလေ… အဖေလုပ်သူရဲ့စကားကိုနားထောင်ချင်လို့ သူ့စိတ်ကိုချိုးနှိမ်ပြီးနေလာခဲ့ရှာပါတယ်… အန်တီနဲ့ကဆွေမျိုးမကင်းတော့ သားအဖတွေ ကတောက်ကဆက်ဖြစ်တိုင်း သိနေမြင်နေရတာ တော်တော်စိတ်ဆင်းရဲရတာ…အန်တီ့ကိုလဲရင်ဖွင့်ရှာတယ်….သူက ကောင်မလေးချောချောတစ်ယောက်နဲ့တောင်ချစ်သူဖြစ်ခဲ့သေးတယ်တဲ့… ဒါပေမဲ့ ကောင်မလေးနဲ့တွေ့တိုင်း ကောင်မလေးကိုအားကျပြီး မိန်းခလေးလိုနေချင်စိတ်တွေကပိုပြင်းပြလာခဲ့တာနဲ့ ကောင်မလေးနဲ့မတွေ့တော့ဘဲနေခဲ့လိုက်တော့တယ်တဲ့… အဖေမကြိုက်မှန်းသိလို့ မိန်းခလေးအဝတ်အစားအသုံးအဆောင်တွေကို ဖွက်ထားပြီး အဖေမရှိချိန်တွေမှ အခန်းအောင်းပြီးဝတ်ဆင်လေ့ရှိတာကို အဖေမိသွားတဲ့တနေ့ အကြီးအကျယ်ဒေါသတွေထွက်ပြီး အိမ်ပေါ်ကနှင်ချလိုက်တာတဲ့…အဖေဖြစ်သူသာ နူးနူးညံ့ညံ့ကိုင်တွယ်ခဲ့ရင် ဒီလိုဖြစ်လာပါ့မလားလို့ အန်တီတခါတလေတွေးမိတယ်… ခုတော့ ခလေးကိုသနားလို့သာ အန်တီကအလုပ်သင်သဘောမျိုးဆိုင်မှာခေါ်ထားတာ… သူ့အဖေကအန်တီ့ကိုတောင်စကားမပြောတော့ဘူးလေ..
ဆိုင်ရှင်အန်တီကြီးပြောပြသောစကားတွေကို သူငယ်ချင်းတစ်ယောက်ရဲ့ပုခုံးကိုမှီထားရက်ကနေ နားထောင်နေမိသောယုတစ်ယောက် ငြိမ်သက်စွာနားထောင်ရင်း မျက်ရည်တွေကျနေမိသည်။
ယုနဲ့မောင်ရဲ့ဇာတ်လမ်းကတကယ်ကိုပြီးဆုံးသွားခဲ့ပြီ…လှေခါးပေါ်မှနွဲ့လျစွာဖြည်းဖြည်းလေးဆင်းလာသော မောင့်ပုံရိပ်က မျက်ဝန်းထဲကမထွက်… ခြေသည်းနီဆိုးထားတဲ့မောင့်ခြေဖျားလေးကိုမိန်းခလေးတစ်ယောက်ရဲ့ခြေဖျားလေးလို့သာ ယုထင်ခဲ့တာ… ခြေမျက်စိဖုံးအောင်လုံချည်ဝတ်ထားတာလေးနဲ့ညာဘက်ကိုဖုံးဝတ်ထားတာကယုနဲ့အတူတူမို့ သူ့မျက်နှာလေးကိုကြည့်ချင်စိတ်နဲ့မျက်နှာမလွှဲစောင့်ကြည့်မိခဲ့တာ…မောင့်မျက်နှာကိုတွေ့လိုက်ရတဲ့အခါ ဘာဆက်ဖြစ်ခဲ့လဲ ယုမှတ်ကိုမမှတ်မိတော့… သူငယ်ချင်းကပြောတော့ ဆံပင်ညှပ်ဆိုင်ထဲကနေမောင်ထွက်ပြေးသွားတယ်တဲ့…
တကယ်တော့မောင်ထွက်ပြေးသွားခဲ့တာဆံပင်ညှပ်ဆိုင်ထဲကမှမဟုတ်တာ… ယုနှလုံးသားထဲကနေမောင်ထွက်ပြေးသွားခဲ့တာ….
မောင့်ကိုမျှော်လင့်လို့မရတော့ဘူးဆိုတာကို နာကျင်စွာနဲု့လက်ခံလိုက်ပါပြီမောင်…
မောင်ပျော်ပါစေလို့ဆုတောင်းရင်း နောက်ဆုံးအနေနဲ့ မောင်လို့တိုးတိုးလေးခေါ်လိုက်ပါရစေ”မောင်”

Rose of Sharon

Friday, April 26, 2013

တွေ့ရင်ပြောကြပါ



 
 Ma

 I'm from Singapore.
If you don't mind , i like have a help from you.
Once again I want to confirm that Are you staying @ Vietnam?
Because One of my friend's husband was missing in the sea since 2011 Sept.He is a sailor and his family staying in yangon. Now as per their fortune teller , he might be in Vietnam. The family is truely believed in that cos they don't have confirmed news that whether he was dead or alive.
If you interest to help, please reply to me.
I will give you full detail of him.
If someone who can help this, please give me a contact too.
Thanks a lot for reading this letter until to the end.
Have a nice day!!!!

with love & BR,






ကျမဆီဒီမေးလ်ပို့ထားတာကြာပါပြီ… ဒါပေမဲ့ကျမက ဗေဒင်တွေဘာတွေအယုံအကြည်မရှိသူမို့
ကူညီချင်ပေမဲ့ စိတ်ထဲမှာလက်တွေ့မကျသလိုခံစားရလို့ သူများကိုတဆင့်အကူအညီတောင်းပေးရမှာ ချီတုံချတုံဖြစ်မိပါတယ်…

နောက်တော့ကျမတတ်နိုင်သလောက်ကူညီဖို့ဆုံးဖြတ်မိတာက ခင်ပွန်းသည်အတွက်ပူဆွေးသောကရောက်နေမဲ့ ဇနီးသည်ကို အမျိုးသမီးချင်းကိုယ်ချင်းစာစိတ်၊ ခလေးတွေရဲ့အဖေကိုတမ်းတနေကြမဲ့လိုအပ်ချက်လေးတွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်တခုနဲ့ပါ။

ဒီဓာတ်ပုံထဲကအမျိုးသားဟာ ဗီယက်နမ်မှာရှိနေကြောင်း၊သို့မဟုတ်ဗီယက်နမ်နိုင်ငံကိုထွက်ခွါလာခဲ့ကြောင်း အထောက်အထားတခုခုသာရှိခဲ့ရင် သက်ဆိုင်ရာလူမှုရေးအဖွဲ့အစည်းတခုခုကို အကူအညီတောင်းကြည့်နိုင်ပါတယ်… ခုတော့ ဘာအထောက်အထားမှမရှိတာကြောင့် ဒီပို့စ်လေးရေးပြီးတော့ပဲစာလာဖတ်တဲ့ မောင်နှမတွေကို ဝိုင်းဝန်းကူညီပေးဘို့တောင်းဆိုချင်ပါတယ်….



ဓာတ်ပုံထဲကအမျိုးသားကိုတွေ့မိတဲ့သူများရှိခဲ့ရင်ghostcasper.k@googlemail.com/zclwin.80@gmail.com
သို့အကြောင်းကြားပေးကြပါရန်မေတ္တာရပ်ခံပါတယ်ရှင်။

ချစ်ခင်စွာဖြင့်
Rose of Sharon

Thursday, March 28, 2013

ခုတလော(တဂ်ပို့စ်)


တွေးနေမိတာက...... မမြင်ရတဲ့ဟိုးအဝေးကအနာဂတ်ဆိုတဲ့ရွာလေးတရွာအကြောင်း

ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက..... မသိချင်ယောင်ဆောင်နေလိုက်ရတာတွေ အတော်များနေပြီဆိုတာ

ကျန်းမာရေး...      ဇရာကထောက်လာလေ ကျန်းမာရေးကအနိုင်ကျင့်လေ... ဆေးရုံဆေးခန်းသွားရမှာ ပျင်းပါတယ်ဆိုမှ

ဖတ်ဖြစ်တဲ့စာအုပ်တွေ.....  လက်ဆောင်ရထားတာတွေ

ရောက်ဖြစ်နေတာက..... လမ်းခုလပ်မှာ

နားထောင်ဖြစ်နေတာက.... သူများပြောတဲ့ကိုယ့်အကြောင်းတွေ (ကိုယ့်ကိုကိုယ်ဆင်ခြင်ဘို့)

ရွတ်ဖြစ်နေတဲ့ကဗျာက..... ကဗျာတွေမရွတ်ဖြစ်ဘူးရယ်... ဘုရားသာတမိတာအကြိမ်ကြိမ်... အဲဒါတွေဟာကဗျာများလား

ဖြစ်ချင်နေတာက..... ဖြစ်ချင်တိုင်းဖြစ်လာတာမှမဟုတ်တာ... ဖြစ်ချင်တာတွေဖြစ်လာခွင့်မရှိတဲ့လမ်းကို ရွေးချယ်ခဲ့ပြီမို့ ဖြစ်နေတဲ့ အခြေအနေကိုဘဲ ရောင့်ရဲဘို့ကြိုးစားနေသူ

စားဖြစ်နေတတ်တာက…. စားချင်တာမှန်သမျှ

သနားနေမိတာက….. ဆွေမျိုးအသိုင်းအဝိုင်းနဲ့ဝေးရာမှာနေနေရတဲ့သားနဲ့သမီး

လွမ်းနေမိတာက…. မလွမ်းတတ်အောင်ကြိုးစားနေထိုင်တတ်သူမို့ လွမ်းမနေမိဘူးဘဲဆိုပါတော့

မေ့လျှော့ပစ်နေရတာက…. အများကြီးပါဘဲ… ဘဝဆိုတာအကောင်းအဆိုးဒွန်တွဲနေလေတော့ အဆိုးတွေကိုမေ့ပစ်ချင်နေတာပါဘဲ

ခါးသက်နေမိတာက…. ခုတလောမှာတော့ဘာကိုမှခါးသက်မနေခဲ့

တမ်းတနေမိတာက…. ဟိုးငယ်ဘဝရဲ့မိသားစုပျော်ရွှင်ခဲ့ရတဲ့အချိန်တွေ

ကြိတ်ပြီးချီးကျူးနေမိတာက…. ကိုယ့်ယောင်္ကျား

ကြိတ်ပြီးအထင်သေးနေမိတာက…. ကိုယ့်ကိုကိုယ်

ဆန္ဒမရှိတဲ့နေရာ…. ယောက္ခမအိမ် (ဒါဟာဘယ်တော့မှမပြောင်းလဲမဲ့အဖြေ)

မုန်းတီးနေမိတာက…. ဘာကိုမှမမုန်းပါဘူး… မုန်းလိုက်တာဆိုတဲ့စကားမျိုးကိုတောင်မပြောဖြစ်ဘို့ကြိုးစားပါတယ်

ချစ်နေတာက…. ကိုယ့်ဘဝရဲ့ရှင်သန်ခြင်းအကြောင်းရင်းလေးများဖြစ်တဲ့သမီးလေးနဲ့သားလေးကို

စိတ်ပျက်နေမိတာက…. လုပ်စရာတွေအကြွေးတင်နေတာကို

စွဲလန်းနေမိတာက…. ဘာကိုမှခုတလောစွဲလန်းမနေမိသလိုဘဲ

လိုအပ်နေတာက…. ခုတလောဘာမှလဲမလိုအပ်နေသလိုလို

ရောက်နေတဲ့နေရာက… ရောက်နေရတဲ့နေရာမှာ

နက်နက်နဲနဲပြန်စဉ်းစားနေမိတာက… ခုတလောဘာကိုမှလဲနက်နက်နဲနဲမစဉ်းစားဖြစ်(ကိုယ့်အလုပ်နဲ့ကိုယ်ဘာမဟုတ်တာတွေနဲ့မအားနေလို့)

အဲမေးခွန်းတွေကဒါဘဲလား… ဖြေကြည့်လို့တောင်မဝသေးဘူး…ပြီးသွားပြီ :D

Wednesday, March 20, 2013

Happy Birthday Mickey



Happy 7th birthday my lovely son "Mickey".You are growing up now. But it is no matter to me how much has you grown. You are still the same little boy to me who first learned to walk by holding my finger.
You are the most charming gift which I have received from God. Happy Birthday to my son who is my life! 




  မွေးနေ့ရှင်ကျောင်းမသွားခင်




သူငယ်ချင်းများနဲ့အတန်းထဲမှာ


                                 မိသားစုအမှတ်တရမွေးနေ့ညစာ





 အိမ်မှာစားတဲ့မွေးနေ့ကိတ်


Monday, March 4, 2013

၁၄နှစ်မင်္ဂလာ



 
 (ပုံကိုGoogleမှယူပါသည်)


မိဘရဲ့အေးမြငြိမ်းချမ်းတဲ့ရင်ခွင်ကိုစွန့်ခွာပြီး ချစ်သူ့ရင်ခွင်ခိုဝင်ခဲ့တာ ၁၄နှစ်ပြည့်ခဲ့ပြီ…
၁၄နှစ်ဆိုတာ သက်တမ်းလဲမရင့်သေးသလို သိပ်လဲမနုတော့တဲ့သက်တမ်းမို့ ၁၄နှစ်ပြည့်သွားပြီဆိုတဲ့ အသိတစ်ခုနဲ့ ကြည်နူးမိရုံသာ…. ခလေးတွေကျောင်းတက်ရက်မို့ ဘာမှလဲမစီစဉ်ဖြစ်ပေမဲ့ နှစ်ဦးသားသီးသန့် နေ့လည်စာအတူစားဖြစ်ပါမည်….

နှစ်ဦးသဘောတူ ထူထောင်ခဲ့တဲ့ သည်အိမ်ထောင်လေးကို ၁၄နှစ်ကြာမြဲမြံစေခဲ့တာက အချစ်စစ်စစ်တစ်ခုတည်းနဲ့သာ…စိတ်ဆိုးစိတ်ကောက်ကြတဲ့အခါ… ဗိုလ်လုကြတဲ့အခါ ထားပစ်လိုက်ခဲ့ချင်စိတ်တွေ ဖြစ်ခဲ့ဘူးပေမဲ့ တကယ်တမ်းမထားပစ်ရက်ခဲ့တာဟာ အချစ်တစ်ခုတည်းကြောင့်… သူလည်း ကိုယ့်လိုဘဲတွေးမိမှာသေချာသည်… 

ခလေးဘဝကစိတ်ကူးယဉ်ခဲ့တဲ့ နေ့နေ့ညည အချစ်တွေမွှန်းထုံနေတဲ့ အိမ်ထောင်မျိုး တကယ်မရှိဘူးလို့ လက်တွေ့သိလိုက်ရချိန်မှာသံယောဇဉ်နွယ်ကြိုးလေးနှစ်ချောင်းက ကိုယ်တို့နှစ်ယောက်ကို တင်းကြပ်စွာ ပတ်ရစ်ထားခဲ့ပြီ…. ချစ်နေရုံနဲ့မပြီးတဲ့ အိမ်ထောင်သည်ဘဝမှာ အချစ်သာမပါခဲ့ရင်တော့ ကွဲဖြစ်ခဲ့တာကြာပေါ့… ထပ်တူညီသောအချစ်ဖြစ်ဘို့တော့လိုအပ်မည်ထင်ရဲ့….ခုတော့ နှစ်ဦးသားငြင်းကြခုံကြပြီးရင် ကိုယ်ပြောတာလွန်သွားသလား အပြန်အလှန်တွေးရင်း စိတ်ကိုလျှော့ချ နှုတ်ဆိတ်နေလိုက်မိကြတာဟာ အချစ်တစ်ခုတည်းကြောင့်ပေါ့… ခလေးတွေစိတ်ဆင်းရဲရမှာစိုးလို့ ရန်မဖြစ်အောင် နေကြရင်း တစ်ယောက်နဲ့တစ်ယောက် ပိုလို့နားလည်လာခဲ့တာ ကိုယ်တို့နှစ်ယောက်သိပ်ချစ်ခဲ့တဲ့ အချစ်တွေအပေါ်ထပ်တိုးလာတဲ့ အချစ်လေးနှစ်ယောက်ကြောင့်မို့ အိမ်ထောင်ပိုမိုသာယာလာခဲ့တာ…

မိဘတွေသဘောတူမတူထက် ကိုယ်တို့နှစ်ယောက်ချစ်ကြတဲ့ အချစ်တစ်ခုထဲနဲ့ ထူထောင်ခဲ့တဲ့ ဒီအိမ်ထောင်လေး ခိုင်မြဲဘို့ အချစ်ကိုအုတ်မြစ်ချပြီး နားလည်မှု၊စာနာမှု၊ခွင့်လွှတ်သည်းခံမှုတွေတထပ်ပြီးတထပ်ဆင့်လိုက်တဲ့အခါ သာယာပျော်ရွှင်စရာအိမ်ထောင်လေးတည်ဆောက်လာနိုင်ခဲ့ပြီ…
တစ်ယောက်မကြိုက်တာတစ်ယောက်ကမလုပ်တော့ရင် ရန်ဖြစ်စရာအကြောင်းတွေတကယ်ကို မရှိတော့တာလက်တွေ့မို့ အိမ်ထောင်တစ်ခုခိုင်မြဲဘို့ တကယ်လိုအပ်တာ အချစ်စစ်စစ်တစ်ခုထဲသာ….

ခလေးတွေရဲ့နေ့တဓူဝကိစ္စတွေနဲ့ မအားလပ်နေကြတာမို့ အဖိုးကြီးအဖွားကြီးဖြစ်ချိန်မှ ချစ်သူတွေလိုပြန်နေကြရတော့မယ်လို့တွေးမိတိုင်း ကိုင်ဇာရဲ့ရွှေရတုသီချင်းကိုသတိရပြီးနှစ်သက်စွာရီမောမိသည်…
ငယ်ငယ်တုန်းကတော့ သီချင်းအဓိပ္ပါယ်ကိုသေချာနားလည်တာမဟုတ်ဘဲ ဆိုရလွယ်လို့ လိုက်ဆိုမိတဲ့သီချင်းလေးမှာ အဓိပ္ပါယ်တွေအများကြီးပါနေမှန်း သည်အရွယ်မှခံစားနားလည်မိသည်…
အဲဒီရွေရတုနှစ်ပတ်လည်အတူဆင်နွှဲဘို့၃၆နှစ်လိုပါသေးသည်… ထိုအချိန်ထိအိမ်ထောင်ခိုင်မြဲနေစေဘို့ ကျမရင်ထဲက အချစ်စစ်များကိုသာ ကျမအားကိုးပါမည်…. ကျမတို့တစ်ယောက်ကို တစ်ယောက်သိပ်ချစ်ကြကြောင်း ကျမတို့ယုံကြည်ကြသည်….

သိပ်ချစ်နေတဲ့အခါ ချစ်သူမကြိုက်တာဆို ဘာမှမလုပ်ဖြစ်တော့… အချစ်နဲ့အတူပါလာတဲ့ ကြင်နာခြင်း၊မြတ်နိုးခြင်း၊သစ္စာတရားနဲ့ နာလည်ခွင့်လွှတ်ခြင်းတို့ဟာ အချစ်ကိုပိုပြီးလေးနက်စေတာမို့ သည်အိမ်ထောင်လေးခိုင်မြဲနေတော့မှာအသေအချာ….
ကိုယ်တို့အိမ်ထောင်လေးမှာလေးနက်တဲ့ချစ်ခြင်းတရားတွေဖုံးလွှမ်းလျှက် နောင်နှစ်ပေါင်းများစွာထိ အတူရှိနေကြဘို့တောင်းဆုချွေရင်း မင်္ဂလာနှစ်ပတ်လည်နေ့ကို ချစ်သူနှင့်အတူ ဖြတ်သန်းလိုက်ပါဦးမည်...


Rose of Sharon