Thursday, October 2, 2014

ယုံကြည်လွန်းခဲ့သော



ခုတလောမှာအတော်ကိုအလုပ်ရှုတ်နေခဲ့သည်။ သူငယ်ချင်းတွေနှင့်လည်းမတွေ့ဖြစ်ဘဲဖုန်းမက်ဆေ့နှင့်သာ သာကြောင်းမာကြောင်းမေးဖြစ်သည်။ဒီမနက်လည်း ခလေးတွေကိုကျောင်းဝင်ပို့ပြီးတာနှင့် တက်လက်စသင်တန်းအတိုလေးသို့သွားရဦးမည်။ခလေးတွေကျောင်းကအထွက်မှာ ဖုန်းမက်ဆေ့တစ်ခုဝင်လာခဲ့သဖြင့် ဖတ်ကြည့်လိုက်ရာ ဒီနိုင်ငံသူ သူငယ်ချင်းတစ်ယောက်က ကော်ဖီအတူသောက်ကြရအောင်ဟု ဆိုသည်။ ကိုယ်က သင်တန်းမဖျက်ချင်သဖြင့် မနက်ဖြန်မှတွေ့ကြရအောင်ဟု မက်ဆေ့ပြန်ပို့ခဲ့သည်။ ခဏနေတော့သူမကမက်ဆေ့ထပ်ပို့သည်။ ဒီနေ့ဘဲတွေ့ချင်ကြောင်းနှင့် သူ့မှာရင်ဖွင့်စရာပြသနာရှိနေကြောင်း ဖတ်လိုက်ရသောအခါ သင်တန်းပြီးလျှင်ဖုန်းဆက်လိုက်မည်ဟု အကြောင်းပြန်လိုက်သည်။
သင်တန်းသို့ရောက်သောအခါ သင်ခန်းစာထဲကိုမနဲအာရုံစိုက်နေရသည်။ အကြောင်းက သူငယ်ချင်းထံသို့ စိတ်ရောက်နေသောကြောင့်ဖြစ်သည်။ ထိုသူငယ်ချင်းသည် အသားဖြူဖြူ အရပ်အနေတော်နှင့် စိတ်ထားကောင်းလှသူဖြစ်သည်။ သူ့သားသမီးများကိုလည်း မေတ္တာနှင့် ဆုံးမတတ်သူဖြစ်ပြီး အနေအေးသူလည်းဖြစ်သည်။ အနောက်နိုင်ငံတစ်နိုင်ငံရှိတက္ကသိုလ်တစ်ခုမှဘွဲ့ရရှိခဲ့သူဖြစ်ပြီး လူမှုဆက်ဆံရေး ပြေပြစ်သူဖြစ်သည်။ အစဉ်သဖြင့် ပြုံးရွှင်နေလေ့ရှိပြီး သူ့မိသားစုကိစ္စများအား ကျမကိုရင်ဖွင့်လေ့ရှိပြီး တခါတရံ အကြံဥာဏ်တောင်းတတ်သေးသည်။
သူ့မှာဘာပြသနာတွေများရှိနေလဲ စိတ်ပူမိရင်း သင်တန်းပြီးတာနှင့်ဖုန်းလှမ်းဆက်ကာ စားသောက်ဆိုင်တစ်ဆိုင်မှာဆုံကြဘို့ချိန်းလိုက်သည်။ကိုယ်ကဆိုင်သို့အရင်ရောက်နှင့်ပြီး နောက်၅မိနစ်လောက်မှာသူရောက်လာခဲ့သည်။
စားသောက်စရာများမှာအပြီးမှာ ကျမကသာစကားစပြောရပြီး သူကတော့တိတ်ဆိတ်နေခဲ့သည်။
ဘာပြသနာဖြစ်လို့လဲဟုမေးသောအခါ စကားကိုအားယူပြီးသူစပြောလိုက်သည်။
“ငါ့ဆီကိုယောင်္ကျားတစ်ယောက်ဖုန်းဆက်တယ်”
ကျမရုတ်တရက်ကြောင်တောင်တောင်ဖြစ်သွားကာ “ဖုန်းဆက်ပြီးဘာပြောလို့လဲ”ဟုမေးလိုက်သည်။
ထိုမေးခွန်းအဆုံးမှာသူရုတ်တရက်ငိုချလိုက်သောအခါ ကျမဘာလုပ်ရမှန်းမသိဖြစ်သွားကာ သူ့ကိုဘာမှထပ်မမေးတော့ဘဲ သူစကားပြောနိုင်သည်အထိစောင့်ပြီးနားထောင်ဘို့ဆုံးဖြတ်လိုက်ကာ
အိတ်ထဲမှ facial tissueထုတ်ကိုမျက်ရည်သုတ်ဖို့လှမ်းပေးလိုက်သည်။
ခဏအကြာမှသူစကားစပြောတော့သည်။
“အဲဒီလူကငါ့ကိုဖုန်းဆက်ပြီးပြောတာ… ငါ့ယောင်္ကျားဖောက်ပြန်နေတယ်တဲ့”
ကျမရုတ်တရက်အလွန်အမင်းအံ့သြသွားကာ ဘာပြန်ပြောရမှန်းမသိတော့.. သူ့ယောင်္ကျားသည် ရိုးသားအေးဆေးပုံရကာ အလုပ်ကြိုးစားသူဖြစ်သည်။ဇနီးနှင့်သားသမီးများကို လိုလေသေးမရှိ ပြည့်စုံအောင်ထားနိုင်သူဖြစ်သည်။ တစ်လောက ထိုသူဦးစီးလုပ်ကိုင်လျှက်ရှိသောလုပ်ငန်းကို တခြားနိုင်ငံခြားကုမ္ပဏီကြီးတစ်ခုမှ ဝယ်ယူလိုက်ကြောင်းနှင့် သူကတော့ အလုပ်တွေ လက်ဆင့်ကမ်းလွှဲပြောင်းပေးရဖို့နောက်တစ်နှစ်လောက်ဆက်လုပ်နေရဦးမည်ဖြစ်ကြောင်း၊ အလုပ်သစ်ရှာရဦးမှာမို့ စိတ်ပူလျှက်ရှိကြောင်း သူပြောပြခဲ့ဘူးသည်။
“သူကငါ့ကိုဖုန်းဆက်ပြီးပြောတာ...ငါ့ယောင်္ကျားဖောက်ပြန်နေတာသူ့မိန်းမနဲ့တဲ့”
ဒီစကားအဆုံးမှာကျမဘုရားတမိကာ သူပြောနေတာဆက်နားထောင်ဖြစ်သည်။
“အဲဒီလူသိတာ၆လလောက်ရှိပြီတဲ့၊သူ့မိန်းမက ငါ့ယောင်္ကျားရဲ့ဝန်ထမ်းလေ၊သူကဖုန်းမက်ဆေ့ကနေမသကာင်္ဖြစ်ရာက စုံစမ်းလိုက်လို့သိရတာတဲ့၊
အဲဒီလူကငါ့ကိုပြောသေးတယ်၊ကိုယ့်ယောင်္ကျားဖောက်ပြန်နေတာ နဲနဲလေးမှမရိပ်မိဘူးလားတဲ့၊
စနေ၊တနင်္ဂနွေနေ့တွေမှာ နယ်ကရုံးခွဲတွေကိုသွားစစ်ရမယ်ပြောပြီးခရီးထွက်ထွက်သွားတာ သူတို့နှစ်ယောက် သက်သက်ချိန်းတွေ့ကြတာ၊ အလုပ်ကိစ္စမဟုတ်ဘူးတဲ့၊အခုအဲဒီယောင်္ကျားက သည်းမခံနိုင်တော့လို့ သူ့မိန်းမနဲ့ကွာရှင်းတော့မယ်တဲ့၊ သူတို့ရဲ့ကွာရှင်းစာချုပ်ကို ငါနဲ့ငါ့ယောင်္ကျးဆီemailပို့တယ်၊ငါ့ယောင်္ကျားကိုအဲဒီလူပြောတာတွေပြောပြတော့ သူဝန်ခံတယ်၊ ဒါပေမဲ့သူတို့ဇာတ်လမ်းအဆုံးသတ်ပြီးတာကြာပြီတဲ့”
သူ့စကားအဆုံးမှာသူထပ်ငိုနေသည်။ကျမသူ့လက်ကိုကိုင်ရင်း အားပေးစကားတွေပြောမိသည်။သူလဲခံစားရသမျှ ကျမကိုမျက်ရည်စက်လက်ဖြင့်ရင်ဖွင့်ကာ ဆိုင်ထဲမှာ အချိန်အတော်ကြာနေဖြစ်ခဲ့ကြသည်။
ကျမသူ့ကိုအားပေးရင်း အကြံဥာဏ်တစ်ချို့ပေးရင်း သူစိတ်ငြိမ်သက်လာပုံရသောအခါ ဆိုင်မှထွက်လာကာလမ်းခွဲနှုတ်ဆက်ရင်းအိမ်ပြန်လာခဲ့သည်။ အိမ်ရောက်တဲ့အခါ ကျမထိန်းထားသမျှ သူငယ်ချင်းအပေါ် သနားစိတ် ကိုယ်ချင်းစာစိတ်များဖြင့် မျက်ရည်ကျငိုမိလေတော့သည်။
ကျမသူငယ်ချင်းက သူ့ယောင်္ကျားအပေါ် သူ့စိတ်နှင့်နှိုင်းယှဉ်ပြီး စိတ်ချယုံကြည်ခဲ့သည်။သူ့ယောင်္ကျားက ထိုအချက်ကိုအခွင့်ကောင်းယူလျှက် အိမ်ထောင်ပြင်ပမှာ လွတ်လပ်စွာဖောက်ပြန်နေခဲ့သည်။
အေးချမ်းလွန်းသောကျမသူငယ်ချင်းခင်မျာ ဘာမှမသိရှာခဲ့၊ တစ်ဖက်အိမ်ထောင်က ယောင်္ကျားကသိသွားပြီး ပြသနာတွေဖြစ်၊ နောက်ဆုံးကွာရှင်းပြီးမှသာ သူမကနောက်ကျစွာသိခဲ့ရသည်။
သားသမီးကိုဦစားပေးချစ်တတ်သောသူမကို ယောင်္ကျားကိုလည်းဂရုစိုက်ပေးဖို့ကျမအကြံပေးခဲ့သည်။ အလုပ်ကိစ္စအတွက် စိတ်ဖိစီးခံနေရချိန်မှာ ဖောက်ပြန်ဘို့တွန်းအားတွေရရှိခဲ့ပုံရကြောင်း၊ ထိုသို့နောက်ထပ်ကြုံလာရလျှင် သူ့ဖိစီးမှုတွေကို နားလည်ခံစားပေးလျှက် အားပေးသင့်ကြောင်း၊ ယောင်္ကျားဆိုတာတခါတလေ ခလေးလိုဘဲ ဇနီးသည်အပေါ်မိခင်တစ်ယောက်လို ပြန်လည်မှီခိုချင်စိတ်ရှိတတ်ကြောင်း ၊ အရင်လိုမျက်စေ့မှိတ်မယုံကြည်နေတော့ဘဲ ဖုန်းမက်ဆေ့တွေ အီးမေးလ်တွေစစ်ဖို့ passwordသိထားသင့်ကြောင်း တတ်သလောက်မှတ်သလောက် အကြံပေးခဲ့ပါသည်။
ထိုသို့သာအကြံပေးမိသည်မှာလည်း သူကသူ့ယောင်္ကျားကိုဘယ်လောက်ချစ်သလည်းဆိုတာကျမကသိနေခြင်းကြာင့်ဖြစ်သည်။ သားသမီးအတွက် ဦးစားပေးတတ်သူမို့လည်း သားသမီးတွေ မိတကွဲ၊ဖတကွဲနေရဘို့အရေးကို သူဆုံးဖြတ်မှာမဟုတ်မှန်းကျမသိနေခဲ့သောကြောင့်ဖြစ်သည်။
ကျမကိုရင်မဖွင့်ခင်ထဲက သူကျနေသောမျက်ရည်တွေမှာ နာကျည်းမှုမပါသော ဝမ်းနည်းခြင်းသက်သက်မျက်ရည်များကြောင့် သူ့ယောင်္ကျားကို သူခွင့်လွှတ်နေပြီးဖြစ်ကြောင်း ကျမခံစားသိရှိနိုင်ခဲ့၍ဖြစ်သည်။
သူ့နေရာမှာကျမဆိုရင်ရောဟုတွေးမိသွားသည်။
အိုး… အဲလိုအဖြစ်မျိုးတွေ အတွေးထဲမှာတောင်မရှိပါရစေနဲ့…….

Friday, August 29, 2014

ဘလော့ဂ်ဒေးအမှတ်တရ


( ပုံကိုGoogleမှယူပါသည်) ဘဝမှာပျော်ရွှင်စရာများစွာနှင့်ကြုံခဲ့ရဘူးသလို ဝမ်းနည်းစရာများနှင့်လည်းကြုံတွေ့ခဲ့ရဘူးပါသည်။ စိတ်ရှုတ်ထွေးခဲ့ရချိန်မှားရှိသလို စိတ်ကြည်လင်လန်းဆန်းနေခဲ့ချိန်များလည်းရှိခဲ့ဘူးသည်။ ငိုကြွေးခဲ့ရဘူးသလို ရီမောပျော်ရွှင်ခဲ့ချိန်များလည်းရှိခဲ့ဘူးပါသည်။ ဘဝမှာတွေ့ကြုံခံစားခဲ့ရသမျှ ရသပေါင်းစုံက အမှတ်တရများစွာ ရင်ထဲစွဲကျန်ရစ်ခဲ့သည်။ စွဲကျန်ရစ်သမျှ ခံစားမှုရသများစွာကို မှတ်တမ်းတင်လိုသောဆန္ဒတစ်ခုဖြင့် ဘလော့စာမျက်နှာဖွင့်ရေးသားခဲ့သည်မှာ ၅နှစ်ကျော်၆နှစ်နီးပါးပင်ရှိခဲ့ပြီ။ ထိုဘလော့လေးသည် ကျမဘဝ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုဘလော့လေးတွင် ကိုယ်တွေ့ဇာတ်လမ်းများ၊စိတ်ကူးယဉ်ဝထ္တုတိုလေးများ ရေးသားရင်းကုန်ဆုံးခဲ့ရသောအချိန်များကို ကျမတန်ဘိုးထားမိသည်။ အိမ်ထောင်ရှင်မတစ်ယောက်၊ရင်သွေးနှစ်ယောက်၏မိခင်မို့ အားလပ်ချိန်နည်းပါးလှသော်လည်း ရေးခါစနှစ်များမှာ အချိန်ပေးရေးသားခဲ့ဘူးသည်။ ခုတော့တိတ်ဆိတ်လာသောဘလော့ရွာလေးမှာ ကိုယ်တိုင်က မအားလပ်ခြင်းများစွာကို အကြောင်းပြုလျှက် တစ်လ တစ်ပုဒ်တောင်မှန်မှန်မရေးဖြစ်တော့။ ဘယ်လောက်ဘဲ မအားမလပ်လို့မရေးဖြစ်ကြသော်လည်း တစ်နှစ်တစ်ခါ ဘလော့ဒေးရောက်ခါနီးတိုင်းမှာ တစ်ယောက်ယောက်က နှိုးဆော်လေ့ရှိတာတော့ မပျောက်ပျက်သွားခဲ့။ ဒီနှစ်လည်းတီတင့်ကသတိတရတဂ်တာကြောင့် ဘလော့ရွာလေးပြန်လည်စည်ကားလာခြင်းကို ဝမ်းမြောက်မိပါသည်။ ကိုယ်တိုင်းလည်းနှစ်တိုင်းလိုလို အမှတ်တရတစ်ခုခုတော့ရေးဖြစ်နေလေ့ရှိသည်။ ထိုဘလော့ဒေးက ဘလော့ဂါအပေါင်းကိုနိုးထစေသလို ပုံမှန်ပြန်ရေးဖို့အားယူမိသော အမှတ်တရနေ့လေးဖြစ်သည်။ အရေးကြဲသည့်ကိုယ်က ဘလော့ဒေးအမှတ်တရပို့စ်လေးရေးပြီးတိုင်း ဘလော့မှန်မှန်ပြန်ရေးဖြစ်ဖို့ ကိုယ့်ကိုကိုယ် သတိပေးမိနေလေ့ရှိသည်။ အနည်းဆုံးတစ်လတစ်ပုဒ်တော့မှန်မှန်ရေးဖြစ်ဘို့ ဘလော့ဒေးအမှတ်တရအဖြစ်ဆုံးဖြတ်မိပါသည်။ ဒီဘလော့လေးက ကျမအသက်ရှင်နေသရွေ့အသက်ဆက်နေမည်ဖြစ်သည်။ ဘလော့ဒေးအမှတ်တရပို့စ်ကိုလည်း နှစ်တိုင်းရေးဖြစ်နေပါဦးမည်။ ခင်မင်သူဘလော့မိတ်ဆွေအပေါင်းနှင့်တကွ ဘလော့ဖတ်သူမောင်နှမများ ကျန်းမာရွှင်လန်းကြပါစေရန် ဘလော့ဒေးအမှတ်တရ ဆုမွန်ချွေလိုက်ပါသည်။ ချစ်ခင်စွာဖြင့် Rose of Sharon

Saturday, June 21, 2014

ချစ်​သူများနှင့်​ဘဝစခြင်း

၂၀ရက်၆လပိုင်း၂၀၁၄ခုနှစ်မှာ ကျမဘဝ စ ခဲ့ပြီ... တကယ်တော့ဒီနေ့လို အသက်၄၀ပြည့်မွေးနေ့ကို တစုံတရာ ပိုမိုထူဲးခားစွာဆင်နွှဲဖို့ စိတ်ကူးခဲ့ဖူးပေမဲ့ တကယ်တမ်းမှာ ခါတိုင်းနှစ်တွေတုန်းကလိုတောင်မဆင်နွှဲဖြစ်... ဆိုင်ဂုံမြို့မှာနေထိုင်သူ လက်ကျန်သူငယ်ချင်းတွေထဲကတစ်ယောက်က ရန်ကုန်အလည်ပြန်နေတဲ့အပြင် နောက်တစ်ယောက်က ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင် အနောက်နိုင်ငံတစ်နိုင်​ငံသို့ခရီးထွက်​စရာရှိ​နေပြန်​သည်​... မကြာ​သေးခင်​ကမှခင်​မင်​ခဲ့ရ​သော​မောင်​ငယ်​တစ်​​ယောက်​နှင့်​ညီမငယ်​တစ်​​ယောက်​ကလည်း အလုပ်​​တွေရှူတ်​​နေခဲ့သည်​.... ရန်​ကုန်​ကခဏအလည်​လာသည့်​သူငယ်​ချင်းကလည်း ဒီ​နေ့ဘဲပြန်​လို့ ​လေဆိပ်​လိုက်​ပို့ရ​သေးတာ... တခြားသူငယ်​ချင်းအိမ်​​ထောင်​ရှင်​မများနှင့်​လည်း ခ​လေး​တွေ​ကျောင်းပိတ်​ကုန်​ပြီမို့ အရင်​လို မ​​တွေ့ဖြစ်​​တော့... ခါတိုင်းနှစ်​​တွေလိုလည်းဘာမှကြိုတင်​မစီစဉ်​မိဘဲ ဒီနှစ်​မှာအ​တွေး​တွေနဲ့သာ အချိန်​​တွေကုန်​လို့​နေခဲ့သည်​... အရင်​တုန်းက​တော့ အသက်​၄၀ပြည့်​ချိန်​မှာ ကိုယ်​ပိုင်​လုပ်​ငန်းတစ်​ခုနှင့်​ ရပ်​တည်​​နေနိုင်​ရမည်​ဟု ရည်​မှန်းခဲ့ဘူး​သော်​လည်း လက်​​တွေ့မှာ​တော့ အိမ်​​ထောင်​ရှင်​မတစ်​​​ယောက်​အဖြစ်နဲ့သာ... ခင်​ပွန်းသည်​လုပ်​ငန်းကိုသာ တခါတရံကူညီရင်း သားသမီးတို့၏ လိုအပ်​ချက်​များကို​ကျေနပ်​စွာဖြည့်​ဆည်းရင်း အသက်​၄၀ပြည့်​သွားခဲ့ပြီ... တ​နေကုန်​အ​တွေးများစွာဖြင့်​အချိန်​​တွေကုန်​လွန်​ပြီး​နောက်​မှာ​တော့ ခင်​ပွန်းသည်​၏  ကြိုတင်​ပြင်​ဆင်​မှူများနှင့်​ ကျမရဲ့၄၀ပြည့်​ည​နေခင်း​လေးက ​နွေး​ထွေးစွာ အသက်​ဝင်​လာခဲ့သည်​... ည​နေစာကိုအတူစားသုံးကြရင်း ​အပြန်​အလှန်​စ​နောက်​ကြရင်း ခင်​ပွန်းသည်​နှင့်​သားသမီးတို့ထံမှလက်​​ဆောင်​များကိုရယူလျှက်​​ပျော်​ရွှင်​ကြည်​နူးခဲ့ရသည်​... ကျမရဲ့အသက်​၄၀ပြည့်​​မွေး​နေ့က ကမ္ဘာ​ပေါ်မှာ ကျမကိုအချစ်​နိုင်​ဆုံး.. အမြတ်​နိုးဆုံး...တန်​ဘိုးအထားဆုံး... ကျမကိုမရှိမဖြစ်​လိုအပ်​ကြ​သော   ကျမရဲ့မိသားစုကို ပိုလို့တန်​ဘိုးထား မြတ်​နိုး​စေခဲ့သည်​.. ကျမရဲ့ ​ပျော်​ရွှင်​မှူ ဝမ်းနည်းမှူတို့ကို ထပ်​တူမျှ​ဝေခံစားနိုင်​ကြသူ ထိုသူ၃​ယောက်​သည်​ ကျမဘဝမှာအ​ရေးအပါဆုံးသူများဖြစ်​သည်​... သူတို့၃​ယောက်​​သည်​ ကျမအသက်​ရှင်​ရာအ​ကြောင်းရင်းများဖြစ်​သည်​... ကျမဘဝ၏အသက်​ရှင်​ရပ်​တည်​မှူကို အဓိပ္ပါယ်​ရှိ​စေ​သော ချစ်​ခင်​ပွန်းနှင့်​ ချစ်​သမီး ချစ်​သားတို့အား ရင်​ထဲမှလှိုက်​လှဲစွာ​ကျေးဇူးတင်​မိပါသည်​...                      အသက်​၄၀ပြည့်​​မွေး​နေ့မှစ၍ အချိန်​တိုင်းနာရီတိုင်းစက္ကန့်​တိုင်းမှာ ဘုရား​ပေး​သောထိုမိသားစု​လေးအား တန်​ဘိုးထားမြတ်​နိုးစွာ​ပေးဆပ်​အသက်​ရှင်​သွားပါမည်​ဟု အဓိဌာန်​ပြုလျှက်​ ချစ်​ခင်​စွာဖြင့်​                                    Rose of Sharon ဖုန်းနှင့်​​ရေးခြင်းမို့်​ဖတ်​ရတာအဆင်​မ​ပြေဖြစ်​ခြင်းများအတွက်​ကြိုတင်​​တောင်းပန်​အပ်​ပါသည်​ရှင့်​...

Tuesday, May 13, 2014

သမီးလေးသို့လွမ်းချင်း



ခါတိုင်းဒီအချိန်ဟာသမီးလေးကျောင်းသွားချိန်မို့အိမ်မှာကိုယ်တစ်ယောက်တည်း အိမ်မှုကိစ္စများ… လူမှုရေးကိစ္စများနှင့်အလုပ်ရှုတ်နေကျဖြစ်သည်။
ဒီနေ့ကနေ့ခါတိုင်းနေ့တွေလို ဘာမှတက်တက်ကြွကြွလုပ်ချင်စိတ်မရှိ။
သမီးလေးဆီသို့သာစိတ်တွေကရောက်နေခဲ့သည်။ကျလုလုမျက်ရည်ကိုအားတင်းထိန်းရင်း အပြင်ပန်းကကြည့်ရင် စိတ်ဓာတ်ကမာကျောမလိုနှင့် သားသမီးနှင့်ပတ်သက်လျှင်နူးညံ့ပျော့ပြောင်းလွန်းသောနှလုံးသားက ခုချိန်ထိမရင့်ကျက်သေးသလိုလို။
မနေ့ကတစ်နေ့လုံး အိမ်မပျော်သွားခင်ထိဂျီကျနေခဲ့သောသမီးလေး၏ချွဲနွဲ့သံကနားထဲကမထွက်သလို နှုတ်ခမ်းလေးစူပြီး ညည်းညူနေသော သမီးလေး၏ရုပ်သွင်ကမျက်စေ့ထဲကမထွက်။
သမီးလေးကိုအားပေးနေပေမဲ့ ကိုယ်တိုင်က ရေခြားမြေခြားခရီးကိုမလွှတ်ချင်။သို့ပေမဲ့ နောက်လေးငါးနှစ်မှာ တက္ကသိုလ်တက်ရတော့မဲ့သမီးလေးအတွက် ခုထဲကအလေ့အကျင့်ရအောင် ဒီခရီးကိုလွှတ်သင့်သည်ဆိုသောခင်ပွန်းသည်စကားကလဲမှန်နေတာမို့မငြင်းသာ။
ဒီခရီးကကျောင်းသင်ရိုးညွှန်းတမ်းအရလိုက်နာရမည့်စည်းကမ်းလဲဖြစ်နေသည်မို့ တိကျခိုင်မာသောအကြောင်းပြချက်မရှိဘဲနှင့် ပျက်ကွက်ခွင့်မရှိ။
အတန်းဖော်သူငယ်ချင်းများရော ဆရာ၊ဆရာမများပါအပါအဝင် အဖွဲ့အစည်းနှင့်သွားသည့်ခရီးဖြစ်သည်မို့ စိတ်မပူရပေမဲ့ ခါတိုင်းနှစ်တွေ ပြည်တွင်းခရီးမှာတောင် ညတိုင်းကြိတ်ငိုတတ်သည့်သမီးလေးက ဒီခရီးစဉ်မှာလဲ အခန်းဖော်မသိအောင်ကြိတ်ငိုနေဦးမှာကို အလိုလိုသိနေသည်။
ကျောင်းစာနှင့်တကွအရာရာတွင်ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသောသမီးလေးက မိသားစုနှင့်ခွဲခွာနေရသော၎ရက်၅ရက်ခရီးစဉ်တိုင်းမှာ ဘယ်တော့မှစိတ်လှုပ်ရှားတက်ကြွမှုမရှိတတ်ဘဲ ခရီးစဉ်ပျက်အောင်ဆုတောင်းလေ့ရှိသည်။
ညကတော်တော်နှင့်အိပ်မပျော်သောသမီးကို ငယ်ငယ်တုန်းကလို သီချင်းလေးဆိုရင်းဖက်သိပ်ခဲ့ရသည်။အမေနှင့်အရပ်မတိမ်းမယိမ်းအရွယ်ပေမဲ့ ခလေးလေးလို အယုအယခံရင်း အိပ်ပျော်သွားမှ ကိုယ့်အခန်းကိုယ်ပြန်ရင်း ကိုယ်တိုင်ကအိပ်လို့မရ။
လေဆိပ်ကို၆နာရီခွဲအမီရောက်ရမည်မို့ သမီးလေးကိုမနက်၅နာရီခွဲသွားအနှိုးမှာသူကနိုးနေနှင့်ပြီ။မနက်စာစားပြီးအကျီင်္လဲချိန်ထိ မသွားချင်ဘူးဟုတတွတ်တွတ်ပြောနေဆဲ။
အဖေရောအမေရောလေဆိပ်လိုက်ပို့တာကိုယ်တို့ဇနီးမောင်နှံသာရှိသည်။အများစုကကျောင်းကစီစဉ်သောကားနှင့်စုရပ်မှာဆုံကြပြီး လေဆိပ်သို့တစုတဝေးလာကြသည်။
အချို့လေဆိပ်နှင့်နီးနီးနေသော ကျောင်းသားကျောင်းသူတစ်ချို့ကကိုယ့်အစီအစဉ်နှင့်လာကြသည်။ကိုယ်တို့ကတော့ ကျောင်းနှင့်နီးပြီး လေဆိပ်နှင့်ဝေးသော်လည်း ပထမဆုံးအကြိမ် ရေခြားမြေခြားသို့ မိသားစုမပါဘဲခရီးထွက်ရမည့်သမီးကို လေဆိပ်ထိလိုက်ပို့ဘို့ သမီးလေးမတောင်းဆိုခင်ထဲက ဆုံးဖြတ်ထားပြီးသားပြီးသည်။
လေဆိပ်ရောက်တော့ငိုမဲ့မဲ့ဖြစ်နေသောသမီးကိုအားပေးစကားပြောရင်း
 ကျောင်းမှလာသောကားကိုအတူစောင့်ပေးနေခဲ့သည်။
ကားပေါ်မှသူငယ်ချင်းများဆင်းလာသောအခါ သူငယ်ချင်းများနှင့်စကားပြောရင်း သမီးလေးမျက်နှာလေး အနည်းငယ်ပြန်လည်လန်းဆန်းလာတော့မှ စိတ်သက်သာသလိုခံစားမိသည်။
လေဆိပ်ထဲဝင်ခါနီးနှုတ်ဆက်အနမ်းပေးသည့်အခါ ဆုတောင်းပေးနော်ဟုသမီးလေးကတိုးတိုးလေးကပ်ပြောရင်းကျမပါးပြင်ကိုသမီးလေးနမ်းလိုက်သည့်အခါ ကျမအသည်းတွေကြွေတော့မလိုနင့်ခနဲခံစားရသည်။
ခုချိန်မှာသမီးလေးလေယာဉ်ပေါ်ရောက်နေပြီးမကြာခင် စကာင်္ပူလေဆိပ်သို့ဆိုက်ရောက်တော့မည်ဖြစ်သည်။
ကျမကတော့ခုထဲကလွမ်းဆွတ်နေရပြီဖြစ်သည်။ခင်ပွန်းသည်ပြောသလို နောင်အနာဂတ်မှာ ရင်ခွင်ထဲကခွဲခွာသွားမည့်အချိန်တွေအတွက် ကျင့်သားရဘို့ ကျမအများကြီး အားယူရဦးမှာဖြစ်သည်။
ခုတော့ သမီးလေးအစစအရာရာအဆင်ပြေဘို့၊ ဘေးအန္တရယ်အမျိုးမျိုးမှကင်းရှင်းဘို့ ခရီးစဉ်အစအလယ်အဆုံး သမီးလေးကျန်းမာပျော်ရွှင်ဘို့ သတိရတိုင်းဆုတောင်းပေးနေရင်း သမီးလေးဖုန်းအခေါ်ကိုစောင့်မျှော်နေပါသည်။
May God Bless you darling...
May God be with you every step....
 

Tuesday, April 8, 2014

ချစ်သူ့မွေးနေ့



 


ဒီနေ့မနက်သည်ခါတိုင်းမနက်တွေထက်အေးချမ်းနေသယောင်ယောင်… ဆိုင်ဂုံမြို့ရဲ့နွေအကုန်ကခါတိုင်းနေ့တွေမှာအစွမ်းကုန်ပူပြင်းလွန်းပေမဲ့ ဒီမနက်မှာတော့အေးမြသောမနက်ခင်းလေးကကြည်လင်နေသောစိတ်ကို ကြည်နူးမှုတွေထပ်တိုးပေးနေပြန်သည်။

ဒီနေ့ခင်ပွန်းသည်မွေးနေ့မှာမှမနေ့ကပူနေသည့်ရာသီဥတုကအေးမြခြင်းသို့ပြောင်းလဲပေးခြင်းလေလားဟု ကိုယ့်ဘာသာတွေးရင်းပြုံးမိသည်။ တစ်မြို့ထဲရှိနေပါရက်နှင့် အတူမရှိနေနိုင်သောမနက်ခင်းကသူ့အကြောင်းတွေပိုတွေးဘို့ဖြစ်လာခဲ့သည်ထင့်။

ညနေမှအိမ်ပြန်လာမည့်ခင်ပွန်းသည်အတွက်မွေးနေ့လက်ဆောင်အဝယ်ထွက်ဘို့စဉ်းစားထားပေမဲ့ အိမ်မှာမီးလာပြင်မည့်အလုပ်သမားတွေကိုစောင့်ရဦးမည်မို့ သူသာရုတ်တရက်စောပြီးအိမ်ပြန်လာလျှင် ကိုယ့်မှာသူ့မွေးနေ့အတွက်ဘာမှပြင်ဆင်ထားခြင်းမရှိသည်မို့ အားနာရမည်ဖြစ်သည်။

လက်ရှိအလုပ်တာဝန်တွေလွှဲပြောင်းပြီးမှအိမ်အသစ်မှာမိသားစုနှင့်အချိန်ပြည့်နေနိုင်မည့်သူက
 လောလောဆယ်တော့ လုပ်ငန်းရှိရာနေရာမှာနေထိုင်နေရဆဲမို့ မိသားစုနှင့်အချိန်ပြည့်မနေနိုင်။
ဒီနေ့တော့သူ့မွေးနေ့မို့အလုပ်ချိန်ပြီးလျှင်မိသားစုနှင့်အတူညစာထွက်စားဘို့စီစဉ်ပြီးသားဖြစ်သည်။

သားနှင့်သမီးကတော့သူတို့ဖခင်အတွက်မွေးနေ့လက်ဆောင်ပြင်ဆင်ပြီးသားဖြစ်သည်။ ကိုယ့်မှာသာအိမ်အသစ်မှာ
အသားကျဘို့တစ်နေ့တစ်နေ့အိမ်ပြင်ခြင်း၊အိမ်မှုကိစ္စများနှင့်
အချိန်ကုန်လို့ကုန်မှန်းမသိနှင့်
ခုတော့မွေးနေ့လက်ဆောင်တောင်ပြင်ဆင်ချိန်မရသေး။
သူကတော့မိသားစုများအပေါ်တာဝန်ကျေလွန်းသူဖြစ်သည်။
ဇနီးနှင့်သားသမီးများကိုလိုလေသေးမရှိအောင်
အစစအရာရာဖြည့်စွမ်းပေးလေ့ရှိကာလိုတရစေသူဖြစ်သည်။

အိမ်ထောင်သက်တမ်း၁၅နှစ်ချစ်သူသက်တမ်း၂နှစ်… ၁၇နှစ်လုံးသူ့ကြောင့်စိတ်ဆင်းရဲမှုများနည်းနည်းမှကိုမခံစားခဲ့ရခြင်းအတွက် ရင်ထဲမှလှိုက်လှဲစွာကျေးဇူးတင်ပါသည်။
အိမ်ထောင်ဦးကာလကြုံတွေ့ရလေ့ရှိသောအဆင်မပြေမှုများကိုလည်း သူ့ဘက်မှနားလည်ခွင့်လွှတ်ခြင်းများဖြင့် အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ကိုယ့်ဘက်ကလစ်ဟင်းခဲ့ခြင်းများစွာကိုလည်း အပြစ်မမြင်ဘဲ 
နားလည်အောင်သင်ယူစေခဲ့သူဖြစ်သည်။
နှစ်ပေါင်းများစွာကြာအောင် ဟိုးအရင်ထဲကနွေးထွေးမှုမျိုးကို ခုချိန်ထိရရှိနေခြင်းအတွက် မြတ်နိုးစွာကျေးဇူးတင်ပါသည်။

သူသည်ကိုယ့်အတွက် ဘုရားပေးသောလက်ဆောင်အစစ်အမှန်ဖြစ်သည်။
မိသားစုအတွက်၊ကိုယ့်အတွက်၊သမီးနှင့်သားအတွက် မရှိမဖြစ်လိုအပ်သော ထိုလက်ဆောင်မွန်ကိုတန်ဘိုးထားမြတ်နိုးလျှက် ဆုံးရှုံးရမှာကိုလည်း စိုးရိမ်မိပါသည်။
ထို့အတွက်လည်း သူ့ကျန်းမာရေးအတွက်အမြဲဆုတောင်းပေးလေ့ရှိသည်။
တည်ကြည်သစ္စာရှိသော၊အစဉ်သဖြင့်မိသားစုရှေ့မှာမားမားမတ်မတ်ရပ်တည်ပေးလေ့ရှိသော၊
အဖက်ဖက်မှလိုလေသေးမရှိအောင်ပံ့ပိုးပေးလေ့ရှိသော ခင်ပွန်းကောင်း၊ဖခင်ကောင်း ၏၄၄နှစ်မြောက်သောမွေးနေ့မှစ နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာခြင်းပကတိကိုရရှိလျှက် လိုရာဆန္ဒမှန်သမျှ ပြည့်စုံရပါမည့်အကြောင်း
 ထာဝရဘုရားရှင်ထံဆုမွန်ကောင်းတောင်းပန်အပ်ပါသည်။

သမီးနှင့်သားကိုကျောင်းသွားကြိုရင်းအပြန်မှာမွေးနေ့လက်ဆောင်အတူဝင်ဝယ်ကြပြီး
သူပြန်အလာကိုစောင့်ကြိုနေကြပါမည်။
သူလည်းခုချိန်မှာ အချိန်မှီအိမ်ပြန်လာနိုင်ဘို့ ပြင်ဆင်နေပါလိမ့်မည်။

တကယ်တော့သူ့မွေးနေ့တိုင်းမှာအချိန်ပြည်သူ့အနားရှိနေချင်ပါသည်။
ကိုယ့်ဆန္ဒတွေတွေခုချိန်မှာမပြည့်ဝနိုင်သေးမဲ့
အသက်တွေကြီးလို့ အနားယူချိန်မှာတော့ မွေးနေ့တိုင်းမှာ နှစ်ယောက်အတူအချိန်ပြည့်ရှိနေနိုင်ပါလိမ့်မည်။
ထိုနေ့မျိုးမှာတော့ ကိုယ်တို့ဇနီးမောင်နှံက မိဘအဘိုးအဘွားတွေကိုလာတွေ့မည့် 
သမီးသားနှင့်မြေးများကို အိမ်ဝမှာစောင့်ကြိုနေပါလိမ့်မည်။
ထိုနေ့များကိုမျှော်လင့်စောင့်စားရင်း ဒီနေ့ကျရောက်တဲ့သူ့မွေးနေ့ကို ပျော်ရွှင်ကြည်နူးစွာဖြတ်သန်းလိုက်ပါဦးမည်။


Monday, March 10, 2014

ညီမလေးနှင်းရဲ့ တဂ်ပို့စ်



ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားနဲ့ ကြိုတင်မသိမြင်တဲ့အကြောက်တရား နှစ်ခုစလုံးကတော့   ကြောက်လန့်စရာကောင်းတာတွေချည်းပါဘဲ။
ကိုယ့်အတွက်တော့ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားတွေနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ဘူးသလို ကြိုတင်မသိမြင်နိုင်ခဲ့တဲ့ အကြောက်တရားတွေနဲ့လဲရင်ဆိုင်ခဲ့ဘူးပါတယ်…
ကြိုတင်ပြင်ဆင်မှုနဲ့ကာကွယ်မှုတွေလုပ်ဆောင်ထားနိုင်ခဲ့ရင်တော့ ကြောက်စရာကောင်းတဲ့အဖြစ်အပျက်မျိုးတွေရင်ဆိုင်ရတဲ့အခါ ကြိုတင်မပြင်ဆင်ထားတာထက်တော့ ခံနိုင်ရည်ပိုရှိစေပါတယ်…
ကိုယ့်အသက်၂၆နှစ်ကျော်ကျော်မှာကိုယ်ဝန်ဆောင်ရတော့ မွေးဖွားတဲ့အခါနာကျင်ခံစားရမှာကိုကြောက်ပြီး ခွဲမွေးဖို့ဆုံးဖြတ်ခဲ့တယ်… ဒါကကြိုတင်မြင်နိုင်တဲ့အကြောက်တရားအတွက်ကြိုတင်ပြင်ဆင်ဆုံးဖြတ်ခဲ့တာပေါ့…
ဒါပေမဲ့တကယ်မွေးရမဲ့ရက်ထက်၃ပတ်စောပြီးညသန်းခေါင်မှာဗိုက်တွေနာတာကကြိုတင်မပြင်ဆင်ထားမိတဲ့၊ ကိုယ်မမြင်နိုင်ခဲ့တဲ့အကြောက်တရားပါဘဲ…
ကိုယ်ပြနေတဲ့ဆရာဝန်ကဆေးရုံကိုအစောကြီးမရောက်လာခင် သဘာဝအတိုင်းမွေးရတော့မယ်အထင်နဲ့ကြောက်စိတ်တွေဝင်နေခဲ့ရတယ်…
တကယ်တမ်းသားအိမ်ကမပွင့်တော့ ခွဲစိတ်ဖို့ဆရာဝန်ကိုစောင့်ရတော့မယ်ဆိုတာသိရတဲ့အခါ ခလေးလေးအထဲမှာအသက်ရှင်နေပါ့မလားလို့စိတ်တွေပူကြောက်လန့်နေခဲ့ရတာပြန်တွေးတိုင်း အသက်ရှုတွေကျပ်ချင်သလို…
အိမ်မှာခင်ပွန်းသည်မရှိတဲ့အချိန်သူခိုးဝင်တာ… ကားရပ်ထားတုန်း ကားအခိုးခံရတာတွေကြုံရတဲ့အခါဖြစ်ခဲ့တဲ့ကြောက်စိတ်တွေကလည်းတွေးမိတိုင်းရင်တုန်မိတုန်းရယ်…
နောက်တစ်ခုကကိုယ့်ထက်အရင်ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်လောကထဲကထွက်ခွာသွားမှာကို အရမ်းကြောက်ပါတယ်…
အဲဒါကသေတစ်နေ့မွေးတစ်နေ့မို့ ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားဖြစ်သလို ဘယ်တော့မှန်းကြိုမသိရဘဲရုတ်တရက်ခွဲခွါသွားမှာမျိုးက  ကြိုတင်မသိမြင်နိုင်တဲ့အကြောက်တရားမို့   ကြောက်မိတာချင်းကအတူတူပါဘဲ…
အပေါင်းအသင်းနဲ့ပတ်သက်လာရင်တော့ကြိုတင်မသိမြင်နိုင်တဲ့ နောက်ကျောဓါးထိုးမှုမျိုးကိုပိုကြောက်မိတယ်…
အကြိမ်ကြိမ်ခံခဲ့ရဘူးပေမဲ့ ခုထက်ထိကြောက်နေရတာမို့   ကိုယ့်အတွက်အကြောက်ရဆုံးကအဲလိုအပေါင်းအသင်းမျိုးကိုပါ…
ကိုယ့်အတွက်ဘယ်အရာကိုပိုကြောက်တယ်ဆိုတာ ကြောက်ရမဲ့အနေအထားပေါ်မှာမူတည်တာမို့   ကြောက်စရာအခြေအနေအတွက် တတ်နိုင်သမျှကြိုတင်ပြင်ဆင်ထားလိုက်တာပါဘဲ…
ကိုယ်တို့တွေရုတ်တရက်သေဆုံးသွားခဲ့ရင် ကျန်ရစ်ခဲ့မဲ့ခလေးတွေအတွက် စိုးရိမ်ကြောက်လန့်မိခြင်းကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကိုယ်တို့ရဲ့ပိုင်ဆိုင်မှုဘာတွေရှိတယ်ဆိုတာခလေးတွေကိုပြောပြထားတယ်… ရုတ်တရက်အခြေအနေမျိုးမှာဆက်သွယ်ဘို့ ဆွေမျိုးတစ်ချို့ရဲ့ဖုန်းနံပါတ်တွေသူတို့ဖုန်းထဲမှာထည့်ပေးထားတယ်…
နောက်ကျောဓါးနဲ့အထိုးခံရမှာကြောက်ပေမဲ့ သွေးအေးတဲ့ကိုယ့်ပင်ကိုယ်စိတ်အရ စိတ်ကိုတည်ငြမ်အောင်ထိန်းထားတတ်တာမို့ သိပ်တော့ကြိုတင်ပြင်ဆင်စရာမလိုဘူးလို့ထင်မိပါတယ်..
ချစ်ညီမလေးနှင်းရဲ့တဂ်ပို့စ်လေးကိုအဆုံးသတ်ရမယ်ဆိုရင် ဘယ်အရာကိုမှပိုမကြောက်မိပါဘူး… ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားကိုကြောက်မိသလို ကြိုတင်မသိနိုင်တဲ့အကြောက်တရားကိုလဲကြောက်တာပါဘဲလို့…..
ချစ်ခင်စွာဖြင့်

Rose Of Sharon