Tuesday, January 15, 2013

ရန်ကုန်ပြန်ရင်စားမဲ့စာရင်း



၂၀၁၂ကုန်လို့ ၂၀၁၃ ဝင်ရင် နှစ်ဟောင်းကိုစမြုံ့ပြန်ပြီး နှစ်သစ်ကိုကြိုဆိုတဲ့ပို့စ်လေးတပုဒ်လောက်ရေးမယ်စိတ်ကူးထားပေမဲ့ စိတ်ကူးသလိုမရေးဖြစ်ပါဘူး…
                               မလေးရှားမှအိမ်ဂျယ်လေး၊မဒမ်သောမတ်စ်တို့နှင့်အမှတ်တရ


ဇန်နဝါရီ၃ရက်နေ့မှာ မလေးရှားကပြန်ရောက်ခဲ့ပါတယ်… ကွာလာလမ်ပူမှာ အသွားသုံးရက် မပြန်ခင်၃ရက် ကျွန်းပေါ်မှာ၆ရက် စုစုပေါင်း၁၂ရက် အလည်သွားခဲ့ပါတယ်… ဧည့်ဝတ်ကျေတဲ့မလေးရှားကဘလော့ဂါမောင်နှမတွေကို ကျေးဇူးအထူးတင်ပါတယ်…
မလေးရှားကပြန်ရောက်ရောက်ခြင်း ဖေဖော်ဝါရီ ရန်ကုန်ပြန်ဘို့ထပ်လှုပ်ရှားရပါတယ်…
အခုတော့ အားလုံးအဆင်သင့်…သွားမဲ့ရက်မှာလေဆိပ်ဆင်းဘို့ဘဲကျန်ပါတော့တယ်…
ဖေဖော်ဝါရီ၂ရက်နေ့ညနေမှာ ရန်ကုန်ကိုရောက်ပါမယ်…
ရန်ကုန်ရောက်ရင်ဘလော့ဂါမောင်နှမတစ်ချို့နဲ့တွေ့ဖြစ်ပါဦးမယ်…
ဖေဖော်ဝါရီ၁၀ရက်နေ့ တီတင့်အိမ်မှာ မုန့်ဟင်းခါးစားရင်း ဘလော့ဂါမောင်နှမတွေ ဆုံကြရမှာကို တွေးပြီးကြိုတင်ပျော်ရွှင်မိပါတယ်….
ရန်ကုန်ပြန်ရင်စားချင်တာတွေအများကြီးမို့ ကြိုတင်စားရင်းလုပ်ထားပါတယ်…
ဖိတ်ကျွေးမဲ့သူတွေတော့ ကျွေးချင်တာကျွေးကြပါစေလေ :D
စာရင်းအရတနေ့ကိုနည်းနည်းစီ ကျန်သွားတာမရှိရလေအောင် စုံအောင်စားမှာပါ….
ကိုယ့်ဟာကိုယ်ဝယ်စားမှာပါ… ဖိတ်ကျွေးမဲ့သူတွေကိုယ့်စာရင်းဖတ်ပြီး စေတနာပျက်သွားမှာစိုးပါတယ်…
စာရင်းလေးကတော့ဒီမှာပါ…
မုန့်လင်မယား
မုန့်ဗိုင်းတောင့်
ဓညင်းသီးအုန်းနို့ဆမ်း
ဇီးသီးလတ်လတ်ဆတ်ဆတ်
ပဲပြုတ်ထမင်းကြော်
ပဲနံပြား
တိုရှည်နဲ့ပဲဟင်း
မန္တလေးမြီးရှည်
ဝက်ဆီဖတ်
ဝက်သားဒုတ်ထိုး
ဝက်ဂေါင်းသုတ်
လှည်းတန်းဈေးအသုတ်စုံ
အကြော်စုံ
ရန်ကင်းစင်တာရှေ့ကဗယာကြော်
ကောင်းကြိုက်ဒံပေါက်
ထမနဲ
ချဉ်ပေါင်ကြော်
ပုဇွန်ဂေါင်းချဉ်ပေါင်အရည်သောက်
ဝက်သားမျှစ်ချဉ်
ဝက်နံရိုးမျှစ်ချဉ်
ဆိတ်ရိုးပဲဟင်း
ငါးဇင်ရိုင်းဆီပြန်
ကြက်တောင်ပံပဲဟင်းရည်သုတ်(ကြည့်မြင်တိုင်ညဈေးရှေ့)
ကြက်အသဲအမြစ်ပဲဟင်းရည်သုတ်
မင်းလမ်းရခိုင်မုန့်တီ
ကျော်ကြားမုန့်ဟင်းခါး
ရွှေပုဇွန်ဖာလူဒါ
ဝိုင်ကေကေအိုကြေးအိုး
စကော့ဈေးဝက်ကြာဇံ
ရန်ကင်းဈေးထမင်းကြော်
ငါးချဉ်သုတ်
ပုဇွန်ချဉ်သုတ်
ငါးသလောက်ပေါင်း
ဓညင်းသီးပြုတ်
ချဉ်ဖတ်စုံ
ငါးပိရည်ကျို
ငါးရံ့ခြောက်ဆီပြန်
ရှမ်းထမင်းချဉ်
မြိတ်ကတ်ကြေးကိုက်
ပုန်းရည်ကြီး
သရက်သီးသနတ်အစိမ်းဖောက်
နေကြာစေ့
မရမ်းပြား
ရှောက်သီးသုတ်၊ကြာဇံဟင်းခါး
မန်ကျည်းသီးထောင်း
ကင်းမုံသီးကြော်
ပဲငပိအစပ်ကြော်
ပုဇွန်ဆီ
ဝက်သားနီချက်
တို့ဟူးသုတ်
သရက်ချဉ်ကြော်
ငါးသလောက်ဥကြော်
စမူဆာသုတ်
ဓညင်းသီးဝက်သားချက်
ကြက်ဗူးသီးကာလသားချက်
ဂွေးသီးငပိချက်
ငါးပိကောင်ကင်
ကော်ပြန့်စိမ်း
ဆေးဘဲဥသုတ်
တကယ်တော့စားချင်တာတွေကျန်ပါသေးတယ်... ပြန်ရမဲ့ရက်က ၁၂ရက်ထဲမို့ ဒီလောက်နဲ့ဘဲရပ်လိုက်ပါတယ်...
ဖိတ်ကျွေးမယ်ဆိုတဲ့သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်... ဒီစာရင်းထဲကနေ ၂မျိုး သုံးမျိုးလောက်ဘဲချက်ကျွေးရင်ရပါတယ်နော် :P .. ကျန်တာတွေတချို့က သွားရင်းလာရင်း ကိုယ့်ဟာကိုယ်ဆိုင်မှာဝယ်စားမှာပါ....

ရန်ကုန်ပြန်ဖို့ရင်တွေခုန်လျှက်

Rose of Sharon






Friday, December 21, 2012

သမီးလေး၁၁နှစ်ပြည့်မွေးနေ့(၂၁၊၁၂၊၁၂)



သမီးလေးသည် ကျမရဲ့ကမ္ဘာဖြစ်သည်။
သမီးလေးသည်ကျမရဲ့မျှော်လင့်ခြင်းဖြစ်သည်။
သမီးလေးသည်ကျမအသက်ရှင်သန်ခြင်းအကြောင်းရင်းဖြစ်သည်။
သမီးလေးသည်ကျမကို သည်းခံတတ်ဘို့၊ ခွင့်လွှတ်တတ်ဘို့
ဒေါသတွေချုပ်တည်းတတ်ဘို့၊နားလည်တတ်ဘို့ ပြုပြင်နိုင်ခဲ့သူဖြစ်သည်။
ကျမဘဝ၏ကောင်းခြင်းများအားလုံးသည် သမီးလေးကြောင့်ရရှိခဲ့ခြင်းဖြစ်သည်။
ကျမကသမီးလေးကိုအရိပ်ကြည့်ချစ်၊တစိမ့်စိမ့်ရှုမဝချစ်နေရင်း
တနှစ်ပြီးတနှစ်ကျော်လွန်လာပြီးနောက်
ဒီနှစ်သမီးလေး၁၁နှစ်ပြည့်ခါနီးမှာတော့
စိုးရိမ်ခြင်းတွေအလုံးအရင်းက ကျမရင်ထဲလှိမ့်ဝင်လာခဲ့သည်။
မကြာခင်သမီးလေးဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါ
ဆယ်ကျော်သက်မိဘတွေ ကြုံတွေ့နိုင်မဲ့အရာတွေအတွက်
ကျမအတော်အတန်လေ့လာပြင်ဆင်ပြီးခဲ့ပြီးဖြစ်သည်။
သမီးလေးကိုကျောင်းလိုက်ပို့တိုင်း ကျမကသမီးလေးနှဖူးကိုဖွဖွနမ်းပြီးနှုတ်ဆက်လေ့ရှိသည်။
တနေ့နေ့မှာ မေမေသမီးကိုကျောင်းမှာမနမ်းနဲ့နော်လို့ တောင်းဆိုလာတဲ့အခါ
အင်းပါသမီးလေးရယ်… အိမ်ပြန်ရောက်မှသမီးလေးကိုမေမေတဝကြီးနမ်းပါ့မယ်
ဟုပြန်ပြောပြီး ဝမ်းနည်းစိတ်မဝင်အောင်ထိန်းထားဘို့ ကြိုတင်ပြင်ဆင်ပြီးဖြစ်သည်။
မေမေကဘာသိလို့လဲဆိုတဲ့စကားမျိုး သမီးလေးနှုတ်ကထွက်လာခဲ့ရင်
မေမေသိတာတွေထက် သမီးလေးသိတာတွေကပိုများနေတာကို မေမေဂုဏ်ယူပါတယ်သမီးရယ်
ဒါပေမဲ့အဲလိုစကားမျိုးကိုသူများကြားသွားရင် မေမေ့သမီးလေးကို
သူများတွေကရိုင်းလိုက်တာလို့ပြောကြလိမ့်မယ်…
အဲလိုမပြောမိအောင်ကြိုးစားနော်သမီးလေးဟုချော့မော့ဆုံးမဘို့ စဉ်းစားထားပါသည်။
ကျမသမီးလေးကလိမ္မာပြီး အသိဥာဏ်ကြွယ်သူလေးမို့ ကျမပြင်ဆင်ထားသလောက်
သူဆိုးမည်မဟုတ်တာယုံကြည်ပေမဲ့ ကျမကတော့ အဆိုးအတွက်ရော အကောင်းအတွက်ပါ
ကြိုတင်ပြင်ဆင်ထားပါသည်။
ကျမအစိုးရိမ်ဆုံးက သမီးလေးငယ်ငယ်ရွယ်ရွယ်နှင့်ချစ်သူထားမိသွားမှာကိုဖြစ်သည်။
ထို့ကြောင့် သမီးလေးကို ဆယ်ကျော်သက်အရွယ်တွင်ကြုံတွေ့တတ်သော စိတ်ခံစားမှုများအကြောင်း
ဖြစ်တတ်သောအမှားများအကြောင်း အချိန်ရတိုင်း ကျမပြောပြနေပါသည်။
မိန်းခလေးများအရွယ်ရောက်ပုံအဆင့်ဆင့်အကြောင်းကိုလည်း ကြိုတင်ပြောပြထားသည့်အပြင်
စာအုပ်များလဲဖတ်ခိုင်းထားပါသည်။
စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်တတ်ဘို့ ဘာသာရေးယုံကြည်မှုကလည်း လိုအပ်သည်ဟု ကျမကခံယူထားရာ
အချိန်မှန်ဘုရားရှိခိုးဘို့၊ဘုရားစာတွေဖတ်ဘို့ သမီးလေးကိုသွန်သင်ထားပါသည်။
ကျမသွန်သင်သည့်အတိုင်းလိုက်လျှောက်ပြီး ဘုရားမှန်မှန်ရှိခိုးလေ့ရှိသည့်သမီးလေးကို မြင်ရသည့်အခါ
ကျမရင်မှာကြည်နူးရပါသည်။
တကယ်တော့ကျမသမီးလေးကို ကျမမျက်စေ့အောက်မှာသာအချိန်ပြည့်ရှိနေစေချင်ပါသည်။
သမီးလေးကို ကြီးမလာစေချင်တော့ဘူး၊ ကြီးလာရင်မေမေ့ကိုခွဲသွားမှာစိုးလို့ဟု
ပြောမိသည့်အခါ သမီးလေးက သမီးကလည်းမကြီးချင်ပါဘူး..မေမေနဲ့ဘဲခလေးလေးလိုနေချင်တာဟု
ပြန်ပြောသည့်အခါ မဖြစ်နိုင်မှန်းသိရက်နှင့် ကျမဝမ်းသာမိပါသည်။
ဘာဘဲဖြစ်ဖြစ် နောက်၅နှစ်လောက်ဆို သမီးလေးက ကျမနှင့်ခွဲပြီး တခြားတနိုင်ငံမှာ တက္ကသိုလ်ပညာရပ်တွေ
ဆည်းပူးရတော့မှာမို့
ကျမ၏ကြိုတင်ပြင်ဆင်မှုများက အလဟသဖြစ်မှာမဟုတ်တာတော့သေချာပါသည်။
အလိမ္မာစာမှာရှိမို့ ဗဟုသုတရမည့်စာအုပ်များ သမီးလေးကိုကျမဝယ်ပေးလေ့ရှိသည်။
စာအုပ်ဆိုင်ရောက်တိုင်း သမီးလေးဖတ်ချင်သည့် ဇာတ်လမ်းတိုစာအုပ်လေးများကို
သမီးလေးစိတ်တိုင်းကျရွေးချယ်စေပြီး ဗဟုသုတနှင့်မှတ်သားစရာစာအုပ်များကိုတော့
ကျမကိုယ်တိုင်ရွေးချယ်ပေးပြီး သမီးလေးကိုဖတ်ခိုင်းလေ့ရှိသည်။
ဒီနှစ်သမီးလေးမွေးနေ့မတိုင်မီ သမီးလေးဘာလိုချင်လဲလို့မေးသည့်အခါ
အဖွင့်အပိတ်လုပ်နိုင်သောလော့ကတ်သီးလေးလိုချင်ကြောင်းပြောသည့်အခါ
သမီးလေးလိုချင်သည့်ပုံကိုရွေးချယ်ခိုင်းပြီး ကျမက ပန်ထိမ်ဆိုင်သို့သွားအပ်ခဲ့သည်။
ပန်းထိမ်ဆိုင်က အမျိုးသမီးက ကျမပြသောပုံကိုကြည့်ပြီး
သမီးလေးလိုချင်သည့်ပုံထဲကအတိုင်းချွတ်စွတ်မရနိုင်ကြောင်းပြောပါသည်။
ကျမကအနီးစပ်ဆုံးတူအောင်လုပ်ပေးဘို့တောင်းဆိုသည့်အခါ သူတို့ကကြိုးစားမည်ဟုပြောပါသည်။
ချိန်းထားသည့်နေ့မှာသွားယူတော့ သူတို့ကြိုးစားပြီးသမီးလေးလိုချင်တာနှင့်
အနီးစပ်ဆုံးလုပ်ပေးသည့်လက်ရာကို ကျမအလွန်နှစ်သက်မိပါသည်။
လော့ကတ်လေး၏နှလုံးသားပုံလေးကို ကျမရဲ့နှလုံးသားအဖြစ်ကျမပုံဖော်မိပြီး
လော့ကတ်လေးပေါ်က God Bless You ဆိုသောစာတမ်းလေးက
သမီးလေးအနားမှာ ကျမမရှိသည့်အချိန်တိုင်း ဘုရားရှင် သမီးလေးကို
ကောင်းကြီးပေးစောင့်ရှောက်နေစေဘို့ ကျမ၏မျှော်လင့်ခြင်း၊ယုံကြည်ခြင်း၊ချစ်မြတ်နိုးခြင်းများစွာနှင့်
ဖွဲ့စည်းထားသောစာတမ်းလေးဖြစ်သည်။
သမီးလေးကိုပေးမဲ့ဒီမွေးနေ့လက်ဆောင်လေးဟာ ကျမအတွက် အလွန်တရာ အဓိပ္ပါယ်ရှိသလို
သမီးလေးကလည်းနှစ်သက်သည့်အတွက် ကျမတို့သားအမိနှစ်ယောက်လုံးကြည်နူးရပါသည်။
ထိုမွေးနေ့လက်ဆောင်လော့ကတ်လေးက သမီးလေး၏နှလုံးသားနှင့်အနီးဆုံးသော
နေရာလေးမှာ အချိန်ပြည့်ရှိနေပါလိမ့်မည်။
သမီးလေးအနားမှာကျမရှိမနေသောအချိန်တိုင်းမှာ ကျမ၏နှလုံးသားပေါ်တွင် ထိုးထွင်းထားသော
God Bless You ဆိုသည့်စာသားလေးအတိုင်း
ဘုရားရှင်ကသမီးလေးကို ကောင်းကြီးပေးကွယ်ကာစောင့်ရှောက်ပါလိမ့်မည်။
အချိန်တိုင်း၊နာရီတိုင်း၊စက္ကန့်တိုင်းမှာ
သမီးလေး ဘေးအန္တရယ်အပေါင်းမှကင်းဝေးနေစေဘို့ ကျမအချိန်ရတိုင်းဆုတောင်းနေပါမည်။
သမီးလေးရဲ့၁၁နှစ်မြောက်မွေးနေ့ကဲ့သို့ နောင်ကျရောက်မဲ့မွေးနေ့ပေါင်းများစွာမှာ
မိသားစုတွေအတူရှိနေနိုင်ဘို့ ကျမဆုတောင်းပါသည်။
သမီးလေးသည် ကျမရဲ့ကမ္ဘာဖြစ်သည်။
သမီးလေးသည်ကျမရဲ့မျှော်လင့်ခြင်းဖြစ်သည်။
သမီးလေးသည်ကျမအသက်ရှင်သန်ခြင်းအကြောင်းရင်းဖြစ်သည်။

Rose of Sharon



Friday, November 23, 2012

နိုဝဘာင်္အတွေးများ



ဒီလထဲမှာမလေးသွားဘို့ပြင်ဆင်တာတွေ… ဗီယက်နမ်ဗီဇာသက်တမ်းတိုးတာတွေနဲ့ အလုပ်တွေရှုတ်နေခဲ့တယ်… မလေးသွားဘို့ လေယာဉ်လက်မှတ်ဘွတ်ကင်အရင်တင်တယ်… တင်ပြီးတာနဲ့တခါထဲဝယ်… ဟိုတယ်ဘွတ်ကင်တင်…အာလုံးပြီးတော့ ဗီယက်နမ်ဗီဇာသက်တမ်းတိုး…ပတ်စပို့ပြန်ရတော့မှ မလေးရှားဗီဇာတင်… ခုတော့အားလုံးအဆင်သင့်…သွားဘို့ဘဲကျန်တော့တယ်…(မလေးခရီးစဉ်အတွက် ဟိုတယ်ဘွတ်ကင်တွေအကူအညီပေးတဲ့သောမတ်စ်ကိုကျေးဇူးအထူးတင်ပါတယ်)
အားလုံးကြိုတင်ပြင်ဆင်ထားတော့ ခလေးတွေကျောင်းသွားနေတုန်း အချိန်ပိုထွက်လာတာနဲ့ သတင်းတွေဘာတွေဖတ် ၊အင်တာနက်ပြန်ထိုင်ဖြစ်တော့ အိမ်ခြံမြေဘက် စိတ်ဝင်စားမိတယ်… တက်လိုက်တဲ့ဈေးတွေက မယုံနိုင်စရာ… ကိုယ်၂၀၀၉ဒီဇင်ဘာမှာ ရောင်းလိုက်တဲ့အိမ်လေးက ကိုယ်ရခဲ့တဲ့ဈေးထက် ၄ဆလောက်တက်နေပြီ… ဟုတ်မှဟုတ်ရဲ့လား… အဲဒီဈေးတွေတကယ်ရောရှိလို့လား… ရောင်းချင်တဲ့သူက သူလိုချင်တဲ့ဈေးကို ပေါက်ဈေးထက်ပိုပြီးတောင်းနေတာလို့ဘဲထင်မိတယ်… ကွန်ဒိုတွေလဲဈေးတွေတက်… မြို့စွန်ကမြေဈေးတွေကလဲ မကြားဖူးတဲ့ဈေးတွေ…
နိုင်ငံကအခုမှဖွင့်စရှိသေး… လူတွေကလောဘတွေတက်ပြီး မြေဈေးတွေအရမ်းတင်နေတော့ တကယ်နေစရာလိုလို့ ဝယ်မဲ့သူတွေအတွက် မတရားသလိုဘဲ… ကိုယ်က အိမ်နဲ့ခြံလေး ပြန်လိုချင်လို့ ဈေးတွေစုံစမ်းကြည့်တာ ဝယ်ချင်စိတ်ကိုပျောက်ရော…
သိပ်လောဘမတက်ဘဲ တန်ရာတန်ဈေးနဲ့ရောင်းမဲ့သူနဲ့ တိုက်ရိုက်တွေ့ချင်စမ်းပါဘိ… ဝယ်တဲ့အခါလည်း နိုင်ငံခြားမှာ Bank to bank ငွေလွှဲပေးလို့ရရင်သိပ်ကောင်းမှာဘဲ… ကိုယ်လိုချင်တာတွေစဉ်းစားမိမှ အိမ်ဈေးတွေတက်ပစ်လိုက်တဲ့အိမ်ရောင်းမဲ့သူတွေကို အားနာသွားတယ်… သူတို့လဲလိုချင်တာတောင်းဆိုခွင့်ရှိတာဘဲ… ရတာမရတာတော့ ဘယ်တတ်နိုင်မလဲနော်…
စီးပွါးရေးလဲ ကိုယ့်နိုင်ငံမှာပြန်လုပ်ချင်စိတ်ပေါက်မိပါရဲ့… ဒါပေမဲ့ မြန်မာပြည်စီးပွါးရေးလောကနဲ့ ၁၄နှစ်လောက်ကင်းကွာနေလေတော့ အစကပြန်စဘို့ သတ္တိမရှိဘူးဖြစ်နေတယ်… သိပ်ပေါများနေလို့ စီးပွါးရေးလုပ်တဲ့သူတွေကိုမယှဉ်ရဲတာအမှန်ဘဲ… သူတို့မှာ တခုရှုံးသွားလဲ ဘာမှမဖြစ်လောက်တဲ့ ကျောထောက်နောက်ခံတွေရှိပေမဲ့ ကိုယ့်မှာက ကိုယ့်နိုင်ငံကိုယ်ပြန်နေချင်လို့ ရှိတာလေးတွေနဲ့ အရင်းတည်ပြီး စလုပ်ရမှာ… အဲဒါလေးပလုံသွားရင် လို့စဉ်းစားမိပြီး ကြောက်နေတာနဲ့ဘဲ လက်ရှိအနေအထားလေးကနေမလှုပ်ရဲတော့ဘူး…
 ဒီနိုင်ငံမှာအနေကြာလာတော့ တခါတလေငြီးငွေ့မိသေးတယ်…ဒါပေမဲ့ မစွန့်စားရဲသမျှတော့ ဒီတိုင်းနေ နေရဦးမှာပါဘဲ… ကိုယ်ပိုင်အလုပ်လေးတခုခုထလုပ်ချင်စိတ်ပေါက်မိပေမဲ့ ဘာကစလုပ်ရမှန်းမသိ၊ဘယ်သူ့ဆီက အကြံဥာဏ်တောင်းရမှန်းမသိ….
                               ဈေးရောင်းပွဲကမီးအိမ်လေး... (မဝယ်ခဲ့ပါဘူး)

                                 Turkishအမျိုးသမီးတွေရောင်းတဲ့ဆိုင်

                                 International ladies in Vietnamရဲ့ရံပုံငွေဈေးရောင်းပွဲ

                                 လက်မှုပစ္စည်းမျိုးစုံအရောင်းဆိုင်


နိုဝင်ဘာလထဲမှာ ဒီဇင်ဘာအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ ရံပုံငွေဈေးရောင်းပွဲတွေလဲ အတော်များတယ်…အဲဒီတွေထဲက ဗီယက်နမ်ရောက်နေတဲ့ နိုင်ငံတကာကအမျိုးသမီးတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့လေးရဲ့ဈေးရောင်းပွဲကို သွားဖြစ်ခဲ့တယ်… Turkish အမျိုးသမီးရောင်းတဲ့ မုန့်အချိုနဲ့  ဖိလစ်ပိုင်ကအမျိုးသမီးတစ်ယောက်ရောင်းတဲ့ ခြုံပုဝါလေးတစ်ထည်ဘဲ ဝယ်ဖြစ်လိုက်တယ်… မတွေ့တာကြာတဲ့ မလေးရှားသူ သူငယ်ချင်းနဲ့တွေ့လို့ စကားတွေအကြာကြီး ပြောဖြစ်တယ်…
တခြားနိုင်ငံသူတွေနဲ့စကားပြောဖြစ်တိုင်း ကိုယ့်ကိုကိုယ်မိတ်ဆက်ပြီး မြန်မာနိုင်ငံကပါလို့ ပြောမိတဲ့အခါ သူတို့တွေရဲ့မျက်နှာပေါ်က ဖြတ်ပြေးသွားတဲ့ အရိပ်ပေါ်မှာ အသိအမှတ်ပြုမှုတွေက ဟိုးအရင်နှစ်တွေကထက် ထူးခြားလာတာကို ဂုဏ်ယူဝမ်းသာမိပါတယ်….
မေ့တေ့တေ့ဖြစ်နေတဲ့သမိုင်းကြောင်းတွေထဲက ကိုယ့်နိုင်ငံဂုဏ်တက်စေမဲ့ အကြောင်းအရာတွေကို ရွေးချယ်ပြီး ပြန်နွှေးနေရတယ်… ဘယ်သွားသွားမြန်မာပါလို့ပြောရင်ဝိုင်းမေးကြလွန်းလို့ အခုတော့ ကြိုတင်ပြင်ဆင်ထားရတယ်… မြန်မာနိုင်ငံရဲ့ပြောင်းလဲမှုတွေကို နိုင်ငံတကာကစိတ်ဝင်စားနေကြမှန်း သိရတော့ သတင်းတွေကို အရင်ကထက်ပိုပြီး အလေးအနက်ထားလိုက်ဖတ်ပြီး မှတ်သားရတယ်.. သူများမေးရင်ဖြေနိုင်အောင်လို့…
ကိုယ်လိုချင်နေတဲ့ အပြောင်းအလဲကတော့ နိုင်ငံတကာဘဏ်တွေမှာ တခြားနိုင်ငံသားတွေနဲ့တန်းတူ မြန်မာနိုင်ငံသားတွေ ချွင်းချက်မရှိ အကောင့်ဖွင့်လို့ရ၊ငွေလွှဲလို့ရဖို့ရယ်… နောက်တခုက ဘယ်နိုင်ငံတွေကိုသွားသွား တခြားနိုင်ငံသားတွေလို ဗီဇာလွယ်လွယ်ကူကူရနိုင်ဖို့ပါ….
ရတာမရတာအပထား မျှော်လင့်မိတာပေါ့နော်… မျှော်လင့်ခွင့်လေးရလာနေတာကလဲ မျှော်လင့်ခွင့်တောင်မရှိခဲ့တဲ့အချိန်တွေနဲ့ နှိုင်းစာရင်တော့ ကျေနပ်စရာပါဘဲလေ….
အချိန်ပိုလေးရတုန်း စဉ်းစားမိတာတွေကို ချရေးမိတာပါ… သူများတွေလို ဝထ္တုလေးတွေရေးဘို့ နိဒါန်းတွေပျိုးထားပေမဲ့ mood မဝင်တော့ဆက်ရေးလို့မရဘူး… တွေးမိတာတွေ ရေးချရင်းနဲ့ဘဲ လာလည်ကြတဲ့မိတ်ဆွေတွေကို နှုတ်ဆက်လိုက်ပါတယ်… အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ….

Wednesday, October 31, 2012

Busyအောက်တိုဘာ



ခုတလောတွေမှာ တကယ်ကိုမအားတာ… ဘလော့လေးကိုပစ်ထားရတာ စိတ်တော့မကောင်း…ဒါပေမဲ့ ခလေးနှစ်ယောက် တလှည့်စီနေမကောင်းဖြစ်တဲ့အခါ ဘယ်ဘက်မှလှည့်မကြည့်အားအောင်ကို စိတ်တွေပူပြီး ညတောင်မအိပ်နိုင်အောင်ပါဘဲ… ကိုယ်မှေးခနဲအိပ်ပျော်သွားချိန် သူတို့တွေ အဖျားတက်မှာ တခုခုဖြစ်မှာစိုးရိမ်တာနဲ့ ကောင်းကောင်းမအိပ်ရဲဘူး…
သူတို့နေပြန်ကောင်းပြန်တော့ ကိုယ့်ပတ်စပို့သက်တမ်းတိုးဘို့ပြင်ရပြန်ရော… ဟိုချီမင်းမှာ သံရုံးမရှိတော့ သံရုံးရှိရာ ဟနွိုင်းကိုသွားဘို့ပြင်ဆင်ရတော့တယ်… ကိုယ်သွားမယ်ဆို ကိုယ့်ရဲ့မီးရထားတွဲကြီးကတန်းလန်းတန်းလန်း… ခလေးနှစ်ယောက်ရယ်၊ ရန်ကုန်ကခေါ်လာတဲ့အိမ်အကူရယ် ကိုယ့်အတွက်ရယ်…လေယာဉ်လက်မှတ်ဝယ်၊ဟိုတယ်ဘွတ်ကင်တင်ပြီး ဟနွိုင်းကိုပြေးရပြန်တယ်…
ဟနွိုင်းကသံရုံးမှာမနက်လျှောက်လွှာတင်၊လက်ဗွေနှိပ်ပြီးထားခဲ့၊ညနေသွားပြန်ယူ၊ အစစအရာရာအဆင်ပြေပါတယ်…နောက်နေ့ ဟနွိုင်းမှာတနေကုန်လျှောက်လည်တယ်… နောက်တနေ့မှာဆိုင်ဂုံပြန်ရောက်တယ်…
ဆိုင်ဂုံပြန်ရောက်ချိန်ခလေးတွေကျောင်းပိတ်ထားတုန်းမို့ ခလေးတွေသွားစစ်ဘို့ ရက်ချိန်းယူ၊ဆေးခန်းသွားနဲ့ အဲဒီတပတ်လည်း သူငယ်ချင်းတွေအတွက်အချိန်မပေးနိုင်ခဲ့။
၂၁ရက်နေ့ညနေမှာစိတ်မကောင်းစရာကြုံရတယ်… ကိုယ်တို့နေတဲ့ဝင်းထဲမှာလာနေတဲ့နိုင်ငံခြားသားတစ်ချို့ကကြောင်တွေကို မွေးတတ်ကြတယ်… သူတို့အလုပ်တာဝန်ပြီးဆုံးလို့ သူတို့နိုင်ငံအပြီးပြန်ကြတဲ့အခါ တချို့က မွေးထားတဲ့ကြောင်လေးတွေကို ထားခဲ့တတ်ကြတယ်… ကိုယ်က အဲလိုကျန်ခဲ့တဲ့ကြောင်လေးတွေကိုသနားပြီး ကိုယ့်အိမ်ခြံဝင်းထဲမှာခေါ်ထားလေ့ရှိတယ်… အဲလိုခေါ်ထားရင်းနဲ့ ကိုယ့်ခြံထဲနေမှာနေတဲ့ကြောင်တွေအများကြီးဖြစ်လာတယ်… အဲဒီအများကြီးထဲကနောက်ပေါက်တဲ့ကြောင်လေးတစ်ကောင်ကို ခွေးကိုက်သွားတယ်…ကိုက်တာထက် ကိုယ်တို့တွေ့တဲ့အချိန်မှာ ခွေးနှစ်ကောင်အဲဒီကြောင်လေးကိုဆွဲနေတာ… ကိုယ်တို့လင်မယားခွေးတွေကိုမောင်းထုတ်ပြီးကြောင်လေးကိုလှောင်အိမ်လေးထဲထည့် အစာကျွေးပြီး ဆေးခန်းပို့ဖို့လုပ်တော့ တနင်္ဂနွေပိတ်ရက်မှာဆေးခန်းတွေက ပိတ်တယ်… အင်တာနက်ကနေရှာတော့ ခပ်ဝေးဝေးတနေရာမှာဖွင့်တဲ့ဆေးခန်းတခုရှာတွေ့တာနဲ့ ဆေးခန်းပို့ဖို့အဲဒီကြောင်လေးကို ခေါ်တော့ သူအသက်မရှိတော့ဘူး… ကိုယ့်မျက်စိရှေ့တင်ဖြစ်သွားတာမို့ တော်တော်စိတ်မကောင်းဖြစ်ရတယ်…သမီးလေးဆို နောက်နေ့မနက်ထိငိုတုန်း… ကိုယ်ကတော့ တပတ်လောက်အကြာမှာစိတ်မကောင်းဖြစ်နေသေးပေမဲ့ သူ့ကံဘဲလေလို့ ဖြေတွေးလို့ရသွားတယ်…

ခလေးတွေကျောင်းပြန်ဖွင့်တော့ ဒီဇင်ဘာကျောင်းပိတ်ရက်အတွက် အပန်းဖြေခရီးထွက်ဖို့ စီစဉ်ရပြန်ရော…
ခရီးတွေလည်းခလေးတွေကျောင်းပိတ်တိုင်းထွက်နေတော့ သွားစရာနေရာတွေလည်းထပ်နေပြီ…စီစဉ်လို့တော့ပြီးသလောက်ရှိနေပါပြီ….
ဒီတပတ် ကျောင်းမှာ Halloween ပွဲလည်းရှိတော့ costumeရှာဝယ်ရသေးတယ်… ဒီနေ့တော့ အဲဒါတွေဝတ်ပြီးကျောင်းသွားကြလေရဲ့…
မနေ့က ဘလော့ရေးမှခင်ဖြစ်ပေမဲ့ ငယ်ပေါင်းကြီးဖေါ်တွေလို ရင်းနှီးသွားပြီး ချစ်ခင်တွယ်တာရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့မို့ ဖုန်းဆက်နှုတ်ဆက်ဖြစ်ပါတယ်… သူ့အတွက် ဝယ်ထားတဲ့ မွေးနေ့လက်ဆောင်လေးတော့ လူချင်းတွေ့မှပေးတော့မယ်…
ဒီအောက်တိုဘာလထဲမှာ အလုပ်တွေရှုတ်နေလိုက်တာ ခုမှဘလော့ပို့စ်တင်ဖြစ်တယ်…
နောက်လတော့ ရေးလက်စတန်းလန်းလေးတွေ အပြီးသတ်ဖြစ်မလား မသေချာသေး…
ခလေးတွေကြီးလာရင်တော့ တခြားဘလော့ဂါမောင်နှမတွေလို ပုံမှန်ရေးနိုင်မယ်ထင်ရဲ့….
ခုတော့ ဘလော့လေးက ဆန့်ငင်ဆန့်ငင် အသက်ဆက်နေရရှာတယ်…
ပုံမှန်မရေးဖြစ်ပေမဲ့ ဒီဘလော့လေးကို
လာလည်ကြတဲ့မိတ်ဆွေမောင်နှမများကို အထူကျေးဇူးတင်လျှက်




Robin Hood နဲ့ Lady Vampire ကျောင်းသွားခါနီးအိမ်ကအထွက်





ROSE OF SHARON