မျက်ရည်စများကိုသုတ်လျှက်
နောက်သို့လှည့်မကြည့်မိအောင် ကြိုးစားရင်း လမ်းကိုလျှောက်နေမိသည်…
ကတ္တရာလမ်းတို့က
မျက်ရည်ပူတွေဝေဝါးနေသော အမြင်မှာ တိမ်လွှာတွေအဖြစ်သို့ ပြောင်းလဲသွားသလိုလို…
ဘယ်ကိုလျှောက်ရမှန်းမသိ
ဆက်လျှောက်နေရင်းက ကော်ဖီဆိုင်တခုမှာထိုင်ရင်း စိတ်တွေတည်ငြိမ်အောင် ကြိုးစားဘို့ဆုံးဖြတ်လိုက်သည်…
လွတ်နေသည့်စားပွဲမှာဝင်ထိုင်ပြီး
စားပွဲထိုးလေးလာပေးသည့်မီနူးထဲက တခုကိုလက်ထောက်ပြမိရင်း စိတ်တွေကို ပြန်လည်စုစည်းဘို့ကြိုးစားသည်…
ကြိုးစားမိကာမှ
မျက်ရည်ပူများက ပါးပြင်ပေါ်သို့အရှိန်အဟုန်ပြင်းစွာလှိမ့်ဆင်းလာကြသည်…
ထိုနေရာကို
ကျမ မသွားခဲ့မိရင် သိပ်ကောင်းမှာ… ခုတော့ မမြင်ချင်ဆုံးသောမြင်ကွင်းတခုကို ကျမမြင်တွေ့ခဲ့ရသည်…
ကျမလေးစားစွာချစ်မြတ်နိုးခဲ့သောချစ်ခင်ပွန်းက ကောင်မလေးငယ်ငယ်တယောက်ကို ရတနာဆိုင်ထဲမှာ
လက်စွပ်လေးစွပ်ပေးနေသည့်မြင်ကွင်းက ထပ်ခါထပ်ခါ ပေါ်လာသည်…
ကျမအပ်ထားတဲ့မင်္ဂလာနှစ်ပတ်လည်စိန်လက်စွပ်နှစ်ကွင်းရွေးရမဲ့နေ့က
ဘာကြောင့်ဒီနေ့ဖြစ်နေခဲ့ပါသလဲ?
တိုက်ဆိုင်တာလား…
တစုံတယောက်က ကျမကိုဒီမြင်ကွင်းမြင်စေချင်လို့ ကြိုတင်စီစဉ်ခဲ့လေသလား…
တကယ်တော့ထိုရတနာဆိုင်ပိုင်ရှင်သည်
ကျမခင်ပွန်း၏သူငယ်ချင်းတစ်ယောက်ဖြစ်သည်…
ကျမရဲ့တချို့သောမွေးနေ့တွေမှာ
ခင်ပွန်းသည်က မွေးနေ့လက်ဆောင်ဝယ်ပေးလေ့ရှိသောဆိုင်ဖြစ်သည်…
ထိုဆိုင်သို့မရောက်ဖြစ်သည်မှာနှစ်အတော်ကြာခဲ့ပြီဖြစ်သည်…
ဒီနှစ်မှ
မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် စိန်လက်စွပ်နှစ်ကွင်း ကိုအပ်ခဲ့သည်… အပ်သည့်နေ့က ဆိုင်ရှင်ရှိမနေဘဲ
ဆိုင်ဝန်ထမ်းလေးနှင့်သာတွေ့ခဲ့ပြီး ဘောင်ချာမှာရေးထားသော ရက်မှာ ကျမထိုဆိုင်သို့ လက်စွပ်ရွေးရန်ရောက်လာခဲ့ခြင်းဖြစ်သည်…
ထိုဆိုင်သည်
ရှော့ပင်းစင်တာကြီင်္းတခု၏မြေညီထပ်တွင်ရှိရာ ကျမထိုဆိုင်ရှေ့သို့မရောက်ခင်မှာပင် ဆိုင်ထဲမှာစုံတွဲတတွဲရှိနေတာ
မြင်နေခဲ့ပြီးဖြစ်သည်…
ဆိုင်ရှေ့အရောက်မှာတော့
ကောင်မလေးကို လက်စွပ်စွပ်ပေးနေသော အမျိုးသား၏ဘေးတိုက်မျက်နှာကိုမြင်လိုက်ရသောအခါ ကျမခြေလှမ်းတွေရပ်တန့်သွားခဲ့သည်…
တကယ်ကဒီအချိန်သူရုံးခန်းမှာရှိနေရမှာ…
ကောင်မလေးက ခြေဖျားလေးထောက်ပြီး
ကျေးဇူးတင်အနမ်းလေးလှမ်းပေးလိုက်ချိန်မှာ မတ်တပ်ရပ်ကြည့်နေမိသော ကျမခြေထောက်များ ညွတ်ခွေသွားတော့သည်…
ကျေးဇူးတင်အနမ်းလေးလှမ်းပေးလိုက်ချိန်မှာ မတ်တပ်ရပ်ကြည့်နေမိသော ကျမခြေထောက်များ ညွတ်ခွေသွားတော့သည်…
လုံခြုံရေးဝန်ထမ်းတစ်ဦး
အနားရောက်လာပြီး ကျမကိုထူမပေးချိန်မှာ ဝိုင်းကြည့်နေကြသော မျက်ဝန်းများကို ရှက်ရွံ့ကာ
ကျမပြေးထွက်လာမိသည်…
ခုတော့ ဆိုင်ထဲမှာ
ထိုင်ငိုနေမိတာ အချိန်အတော်ကြာသွားပြီလားမသိ… ဘယ်အချိန်ကလာချထားမှန်းမသိလိုက်သော ကော်ဖီခွက်တခွက်က
စားပွဲပေါ်မှာငြိမ်သက်စွာ….
သူကျမကိုတွေ့သွားလား
မတွေ့သွားလား ကျမ မသိလိုက်ပါ…
အိမ်ပြန်ရောက်ရင်
သူ့ကိုဘယ်လိုရင်ဆိုင်ပြီး ဘယ်လိုစကား စပြောရမလဲ ကျမစဉ်းစားမရ…
ငဲ့ညှာစရာ
ကျမတို့ရဲ့တစ်ဦးတည်းသောသမီးလေးသာမရှိခဲ့ရင် ကျမဘာမှစဉ်းစားစရာမလို… ခုတော့ သမီးလေးအတွက်ထည့်စဉ်းစားရမည်…
ကတောက်ကဆဖြစ်ချိန်တိုင်းမှာ
သမီးလေးကိုပေးမသိစေချင်သည့်သူက ဒီကိစ္စမှာလဲ သမီးလေးကို ပိုလို့တောင်အသိပေးချင်မှာမဟုတ်တာသေချာသည်…
ကျမကတော့
အရွယ်ရောက်စပြုပြီဖြစ်သော သမီးလေးအား အရာရာတိုင်ပင်နေကျမို့ ပြောကိုပြောပြမှာဖြစ်သည်…
သို့သော် သမီးလေးကိုတော့ မနာကျင်စေလိုပါ…သမီးလေးက ဒယ်ဒီကဘာလို့ဒီလိုလုပ်တာလဲဟုမေးလာလျှင်
အဖြေရှိအောင် ကျမအရင်စဉ်းစားရပါမည်….
ဒါဆို သူဖောက်ပြန်ရခြင်းအကြောင်းရင်းကို
ကျမက အရင်စဉ်းစားရမည်ဖြစ်သည်… ဘာဖြစ်လို့များပါလိမ့်…
တကယ်ဆိုကျမက
ကျမရဲ့ဘဝတစ်ခုလုံးကို ဒီသမီးနှင့်ဒီခင်ပွန်းအတွက်သာ ပေးဆပ်နေခဲ့သူဖြစ်သည်… ခင်ပွန်းအလိုကျ
မိမိရဲ့အရည်အချင်း အလုပ်အကိုင်တွေကို စွန့်ပစ်ပြီး အိမ်ထောင်ရှင်မအဖြစ် လိုလေသေးမရှိအောင်
ပေးဆပ်နေခဲ့သူဖြစ်သည်… ခင်ပွန်းအတွက် ဇနီးကောင်း သမီးလေးအတွက် မိခင်ကောင်းအဖြစ် ရပ်တည်ရင်းသာ
ဘဝကိုကျေနပ်နေခဲ့သူဖြစ်သည်…
လွန်ခဲ့သောသုံးလေးလခန့်က
သူငယ်ချင်းတစ်ယောက်က ခင်ပွန်းသည်ကိုကောင်မလေးတစ်ယောက်နှင့်တွေ့လိုက်ကြောင်းဖုန်းနဲ့လှမ်းပြောတော့
ကျမနည်းနည်းလေးမှမယုံကြည်ခဲ့…. အခါတိုင်းလည်း အလုပ်သဘောအရ ဧည့်သည်တွေနဲ့ နေ့လည်စာစားတတ်သူမို့
သံသယမဝင်ခဲ့ပါ… ပြောသံတွေကြားရဖန်များလို့ မေးကြည့်တော့ အသိမိတ်ဆွေတွေပါဟုသာပြန်ပြောလျှက်
စကားလမ်းကြောင်းလွှဲသွားခဲ့သည်…
ကျမဘဝမှာ
ခင်ပွန်းနှင့်သမီးကိုသာ အလေးထားသလို သူသည်လည်းဇနီးနှင့်သမီးကိုသာအလေးထားမည်ဟု ကိုယ့်စိတ်နှင့်နှိုင်းကာ
ယုံကြည်ခဲ့မိသည်…
ခုတော့ထိုယုံကြည်ချက်များတဒင်္ဂအတွင်းများ
ပျောက်ပျက်သွားခဲ့လေပြီ… အိမ်ပြန်ရောက်တာနှင့် မျက်နှာချင်းဆိုင်မေးမြန်းပြောဆိုရတော့မည်…
သူ့ဘက်ကပေးမည့်ဆင်ခြေတွေကို သည်းခံနားထောင်ရင်း မယုံကြည်ဖို့ကိုတော့ ကိုယ့်ကိုယ်အထူးသတိပေးစရာမလိုတော့…
သမီးလေးကိုမနာကျင်စေချင်မဲ့
အဖြစ်မှန်တွေကိုတော့ သမီးလေးကိုသိစေချင်ပါသည်… မိသားစုပြသနာကို သမီးလေးက ပတ်ဝန်းကျင်ပြောမှသိရလျှင်
ပိုပြီးနာကျင်ရပါလိမ့်မည်…
သူ့ကိုရင်ဆိုင်ဘို့
တည်ငြိမ်လောက်ပြီဟု ယူဆမိချိန် နာရီကြည့်မိတော့ အချိန်ကြာကြာထိုင်နေမိကြောင်း သတိပြုမိသည်…
ကော်ဖီခွက်ထဲကကော်ဖီရည်များလည်း အတော်ကိုအေးစက်နေခဲ့ပြီ…
ကော်ဖီတန်ဘိုးထက်အနည်းငယ်ပိုမည်ဖြစ်သော
ငွေစက္ကူကို ကော်ဖီခွက်အောက်ထားခဲ့ပြီး ဆိုင်မှထွက်လာခဲ့သည်… ကျန်နေခဲ့သောကော်ဖီရည်များနှင့်ထပ်တူ
ကျမနှလုံးသားက အေးစက်လျှက်
ညီမ ရေ ဆက်ရေးရန်ကောင်းမှဘဲနော် ဆက်ဖတ်ချင်လို့
ReplyDeleteကော်ဖီက အေးစက်နေရာက ခဲတောင်သွားနိုင်ပါတယ်
ReplyDeleteVery good one and keep going on my dear friend !!!!
ReplyDeleteLove your article.
ဆက်ပါဦးဗျို့
ReplyDeleteဖတ်ပြီး အများကြီးခံစားခဲ့ရတယ်
ReplyDeleteစောင့်မျော်လျှက်
ဟုတ်တယ်... ဆက်ပါဦး... ဘာဆက်ဖြစ်မလဲသိချင်နေပြီ....
ReplyDeleteဇာတ်လမ်းအစပိုင်းက အေးစက်နေတဲ့ကော်ဖီတစ်ခွက်နှင့်အတူ စာဖတ်သူတွေစိတ်နှလုံးကိုအပြည့်
ReplyDeleteအဝ ဆွဲဆောင်သွားပါရောလား.....၊ဆက်ပါဦးအစ်မရေ.......မျှော်နေမယ်ဗျိုးးးးးးးးး
ဖတ်လို့ ကောင်းတယ် သူငယ်ချင်း
ReplyDeleteပုံပေါ်လိုက်တာ... ဇတ်လမ်းလေးက အရေးကောင်းတော့ ရုပ်ရှင်တောင် ရိုက်လို့ ရတယ်... ဇတ်လမ်းလေးကို ဆက်ပေးပြီး ရေးရင်ကောင်းမယ်နော်....
ReplyDeleteကွန်မန့် တော့ မပေးဖြစ်တာ ကြာပေမဲ့ .. စာလာလာဖတ်ပြီး ခင်တဲ့...
ကော်မန့်တွေအတွက်ကျေးဇူးတင်ပါတယ်... ဇာတ်သိမ်းကိုခရီးထွက်ပြီးပြန်လာရင် ရေးတင်မှာပါ (ကျမကိုစိုးရိမ်ပြီးလှမ်းမေးကြတဲ့ချစ်သူငယ်ချင်းတွေကြောင့် ဇာတ်သိမ်းရေးဘို့ ဆုံးဖြတ်လိုက်တာပါ)
ReplyDeleteလက်တွေ့ဘဝနဲ့ယှဉ်တဲ့ ဇာတ်ဝင်ခန်းလေးမို့ စိတ်ဝင်စားစရာကောင်းတယ် နော်ဖောရေ။
ReplyDeleteခရီးထွက်ကနေ ပြန်ရောက်တော့မှ ရေးမယ်ဆိုတဲ့ ဇာတ်သိမ်းပိုင်းကိုစောင့်မျှော်နေတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဆက်ရန်လေးမျှော်နေပါတယ် အမရေ...လင့်လေးလဲယူသွားတယ်ရှင့်..:)))
ReplyDeleteခင်လျက်...မိုးနတ်
ခရီးထွက်က ပြန်လာမှ ဆက်မှာလား.. ဖတ်ချင်နေပြီ ..
ReplyDeleteအခန်းဆက်များ ရှိသေးလားလို့....
ReplyDeleteအခုတော့ ဆန့်တငံ့ငံ့ ဖြစ်နေရပြီ...
ဘာများဖြစ်မလဲဆို ဆက်ရန်မျှော်နေမိပြီ..
ခရီးက ပြန်ရောက်နေပြီမဟုတ်လားးး မျှော်နေသည်။
ReplyDeleteအမခင်မင်းဇော်