
(ပုံကိုဂူဂယ်လ်မှယူပါသည်)
အပူအပင်ကင်းတဲ့ခလေးလေးဘဝကို တခါပြန်ပြီးရောက်ချင်သေးတယ်…… အပြစ်မရှိသေးတဲ့ခလေးလေးဘဝကို တခါပြန်ပြီးရောက်ချင်သေးတယ်….”
…………………………………………………………………………………………………………………………..
မကြာမကြာဒီသီချင်းလေးကိုဆိုညည်းမိရင်း အဖေ၊အမေနဲ့မောင်နှမတွေကို အရမ်းလွမ်းတယ်… မောင်နှမခြောက်ယောက် တစ်ယောက်နဲ့တစ်ယောက်အသက်နှစ်နှစ်စီလောက်ဘဲကွာကြတာမို့ ကစားဖော် ကစားဖက်တွေဖြစ်ခဲ့တယ်…. မောင်နှမတွေထဲမှာ အစ်ကိုအကြီးဆုံးတစ်ယောက်ဘဲ ယောင်္ကျားလေးပါတာမို့ အဲဒီအစ်ကိုများ မိန်းခလေးလုပ်ချင်စိတ်ပေါက်သွားမလားလို့ ပတ်ဝန်းကျင်ကစိုးရိမ်ခဲ့ကြသေးတာ.. တကယ်တမ်းမှာ ညီမတွေက အစ်ကိုကြီးဦးဆောင်ဆော့တဲ့ ကစားနည်းတွေကိုဘဲ လိုက်ဆော့ခဲ့ကြတာမို့ ကျမတို့ညီအစ်မတွေဘဲ မိန်းမသိပ်မဆန်သလို ဖြစ်ခဲ့ရတာ…
အစ်ကိုကြီးက အိမ်မှာရှိတာလေးတွေနဲ့ ကစားစရာတွေတီထွင်ပေးတတ်တယ်… ရာဘာဖိနပ်တွေဟောင်းသွားရင် အဝိုင်းလေးတွေရအောင်ဖြတ်၊ သစ်သားအတိုအစတွေ ဝါးချောင်းလေးတွေနဲ့ လက်တွန်းပြီးဆော့လို့ရအောင်လုပ်ပေးတယ်… သူတီထွင်ပေးတာတွေတစ်ပုံကြီးရယ်… ကျမက သိပ်မမှတ်မိတော့တာ… ပုံပြောလဲသိပ်ကောင်းတယ်…ညီမတွေစိတ်ဝင်စားအောင်ပုံပြောပြရင်း မိဘတွေမအားချိန်မှာ ညီမတွေကိုထိန်းခဲ့တာ…
မောင်နှမတွေတရုံးရုံးနဲ့ အိမ်မှာဘဲပျော်တဲ့ကျမဟာ ကျောင်းသွားဘို့ အကြောက်အကန်ငြင်းပြီးငိုခဲ့ရတာ… ဘယ်လိုငိုငို ကျောင်းကိုတော့ရောက်အောင်သွားခဲ့ရတာပါဘဲ… ကျမငိုလွန်းလို့ ကျမထက် နှစ်နှစ်ဘဲကြီးတဲ့အမဟာ ကျမအတန်းမှာလာလာထိုင်ပေးခဲ့တယ်… အဲဒီအရွယ်မှာဘဲ အတန်းထဲမှာ အိမ်ကမုန့်ဘိုးမရတဲ့ ကျမရဲ့အတန်းဖော်တစ်ယောက်ဟာ ကျမဆီကမုန့်ဘိုးတွေကိုညာညာယူတယ်… အဲဒီအမသိတော့ အဲဒီအတန်းဖော်ဆီက ကျမရဲ့မုန့်ဘိုးတွေကိုပြန်တောင်းပေးတယ်… ကျမကိုလဲ နောက်ထပ်အညာမခံရအောင်ဆုံးမခဲ့တယ်… သူငယ်တန်းပြီးလို့ တစ်တန်းရောက်တော့ ကျောင်းတက်တာနေသားကျသွားချိန်မှာ အတန်းပိုင်ဆရာမပြောင်းတယ်… အဲဒီဆရာမက အသားတော်တော်မဲတယ်… ကျမငယ်ငယ်က အသားမဲတဲ့သူဆိုအရမ်းကြောက်တာ… ကျောင်းရောက်တိုင်း ဆရာမမျက်နှာမြင်တာနဲ့အော်အော်ငိုတာ… ထိုင်ချင်တော့လည်းရှေ့ဆုံးတန်းမှာဆိုတော့ ကျမအငိုတိတ်အောင် ဆရာမခင်မျာ သူ့မျက်နှာကို သူ့ဆွဲခြင်းလေးနဲ့ ကာကာထားရှာတာ…
ငယ်ငယ်တုန်းကစာသိပ်တော်ခဲ့ဘူးတယ်… နှစ်တိုင်းဆုပေးပွဲမှာဆုတတ်ယူခဲ့ရတယ်..(ငယ်ငယ်ကပါ)… စာတော်သလောက်အဆော့လဲအရမ်းမက်ခဲ့တယ်… မောင်နှမထဲမှာ အသေးဆုံးအညှပ်ဆုံးကျမက အပြေးကတော့အရမ်းသန်တာ… စိမ်ပြေးတိုင်းဆော့ရင် ကျမကိုတော်တော်နဲ့မမိကြဘူး… ထုတ်ဆီးတိုးရင်လည်း လူကသေးသေးနဲ့ လှစ်ကနဲ လှစ်ကနဲ ပြေးနိုင်တော့ ကိုယ်ပါတဲ့အဖွဲ့ကနိုင်တာများတယ်… အီဆွတ်ခုန်ရင်လဲ ကိုယ်ကအမြဲသူများကိုကူရသေးတာ… အဖွဲ့လိုက်ကစားတိုင်းကိုယ်က ခေါင်းဆောင်…
အိမ်မှာလဲကိုယ်ကအရမ်းအသုံးဝင်တာ… အမေဟင်းချက်ခါနီး တခုခုလိုလို့ပြေးဝယ်ဆို ကိုယ်ဘဲ… အမေက ခြေမြန်တော်လို့ခေါ်ပြီးခိုင်းရင် သဘောတွေကျပြီးပြေးတော့တာ… ငယ်ငယ်က ကျမတို့နေရတဲ့ ဝန်ထမ်းအိမ်ယာဝင်းလေးဟာ သိပ်အေးချမ်းပြီးပျော်စရာကောင်းတယ်… ဝင်းထဲက ပျဉ်ထောင်အိမ်တန်းလျားလေးတွေ ကိုကျော်လာလိုက်ရင် ဘောလုံးကွင်းကြီးရှိတယ်… အဲဒီဘောလုံးကွင်းကြီးရဲ့နောက်မှာကိုယ်တို့နေတဲ့ နှစ်ထပ်တိုက်လိုင်းလေးရှိတယ်… ခြံကလဲ အရှေ့အနောက်အကျယ်ကြီးဆိုတော့ ခြံထဲမှာ စားပင်တွေ ပန်းပင်တွေလဲအများကြီးရှိတယ်… ဒန့်သလွန်ပင်၊ပေါက်ပန်းဖြူပင် တွေက တို့စရာလိုတိုင်း ကိုယ်တက်ခူးပေးနေကျ… ကိုယ်က မိသားစုအတွက် အပင်တက်ရာမှာလဲ အသုံးဝင်ခဲ့သေးတာ… မာလကာပင်ကတော့ ကိုယ်နဲ့တချိန်လုံးရှိနေခဲ့တဲ့ ကိုယ့်ရဲ့အဖော်… တခါတလေ မာလကာပင်ပေါ်မှာ စာကျက်၊ တခါတလေ မျက်စိလေးမှိတ်ပြီးမှိန်းနေခဲ့ရတာ ကို သိပ်သဘောကျတာ….မာလကာသီးတွေကို မြန်မြန်စားလို့ရအောင် ပလတ်စတစ်လေးနဲ့ အုပ်ထားပေးပြီး ကိုယ်ဦးထားမှန်းသိအောင် နာမည်လဲထိုးထားရသေးတာ…..
မိုးတွင်းဆို မောင်နှမတွေ မိုးရွာတာနဲ့ အိမ်ရှေ့ကဘောလုံးကွင်းထဲ ပတ်ပြေးပြီး မိုးရေချိုးခဲ့ကြတာ… တခါတော့ မိုးရေချိုးရင်း ကျမရဲ့အမတစ်ယောက် ငါးရှဉ့်တစ်ကောင်ဖမ်းလာပြီး ငါးရှဉ့်ကြိုက်တတ်တဲ့ အဖေ့ဆီအပြေးအလွှားသွားပို့တယ်… အဖေက သေချာကြည့်ပြီး ဟဲ့အဲဒါငါးရှဉ့်မဟုတ်ဘူး၊ မြွေဆိုပြီးလွှင့်ပစ်လိုက်တော့မှ အမခင်မျာ ကြောက်ပြီးငိုလိုက်တာ တော်တော်နဲ့ မတိတ်ဘူး…
အဖေနဲ့အမေ မအားတာတို့ အပြင်သွားစရာတို့ရှိတိုင်း ကျမတို့မောင်နှမတတွေ ကြီးစဉ်ငယ်လိုက် တစ်ယောက်တစ်လှည့်စောင့်ရှောက်ရင်း အိမ်မှာနေကြရတယ်… တနေ့ အဖေနဲ့အမေမရှိတုန်း ကျမတို့ညီအမတွေချည်း အိမ်မှာကျန်ခဲ့တယ်… အိမ်မှာ ကျမတို့မောင်နှမတွေ အရပ်ရှည်အောင်လို့ အဖေက ဘားတန်းခိုလို့ရအောင် ထုတ်တန်းမှာ လုပ်ပေးထားတယ်… ကျမတို့တွေ တလှည့်စီခိုရင်း အရပ်ရှည်ဘို့ထက် လွှားခနဲ လွှားခနဲ ခုန်ခုန်ပြီးဆော့ကြတယ်… ကျမတို့အလှည့်မှာ အဆင်ပြေပေမဲ့ ကျမအစ်မတစ်ယောက် အလှည့်မှာ လွှားခနဲအခုန် ဘားတန်းကို မခိုမိဘဲ ပြန်ပြုတ်ကျတာ အွတ်ခနဲဘဲ… ပြီးတော့ သူကမလှုပ်တော့ဘူး… ကျမတို့ညီအမတွေ သူသေသွားတာလားတွေးပြီး သူ့အနားလဲမကပ်ရဲကြဘဲ ဒီတိုင်းကြည့်နေကြရင်း သူပြန်လှုပ်လာတော့မှ သူ့အနားသွားရဲကြတော့တယ်… အဲဒီထဲက သူ့ခင်မျာဘားတန်းမခိုဖြစ်တော့ဘူးထင်ရဲ့… မောင်နှမထဲမှာ သူအပုဆုံးဖြစ်သွားတယ်… :D
ကျမရဲ့ခလေးဘဝဟာ သူငယ်ချင်းနဲ့ဆော့ကစားရတာထက် မောင်နှမတွေနဲ့ဆော့ရတာကိုဘဲ ပိုပြီးပျော်မွေ့ခဲ့ပါတယ်… သူငယ်ချင်းတွေက ဆော့ကစားရင် အငြင်းအခုံဖြစ်ရင် မခေါ်ကြတော့ဘူး… မောင်နှမတွေနဲ့က ငြင်းရလဲခဏဘဲ… မောင်နှမတွေတည့်အောင်ဆော့ကြလို့ ဖေဖေ လှမ်းဟန့်လိုက်တာနဲ့ အေးဆေးပြန်ဖြစ်သွားရော…
ငယ်ငယ်ကဘဝကိုတကယ်လွမ်းပါတယ်… ကိုယ်ရွေးတဲ့လမ်းဟာ မောင်နှမတွေနဲ့ဝေးရမဲ့လမ်းမို့ ဝေးနေရပေမဲ့ ကျမရဲ့မောင်နှမတွေကို ကျမအမြဲလွမ်းနေမိတယ်… ငယ်ငယ်တုန်းကလို တစ်အိမ်ထဲ အတူပြန်နေရဖို့မဖြစ်နိုင်တော့တဲ့ဆုကို တခါတလေ တောင့်တမိတယ်… ရန်ကုန်ပြန်တိုင်းလဲ ငယ်ငယ်ကနေခဲ့ဘူးတဲ့ အဲဒီဝန်ထမ်းအိမ်ယာလေးရှေ့ကဖြတ်တိုင်း ငယ်ဘဝကိုပြန်မြင်ယောင်ပြီး မျက်ရည်လည်လွမ်းဆွတ်မိတယ်… ခလေးဘဝရဲ့အရိပ်တွေဟာ ဘယ်တော့မှမေ့ပျောက်မရတဲ့အရာတွေ….အလွမ်းပြေဝင်ကြည့်လို့တောင်မရတော့တဲ့ အဲဒီဝင်းလေးကို အခုထိ အိပ်မက်တွေထဲထည့်မက်နေတုန်း….
(ခုတလောစာရေးရမှာပျင်းနေတုန်း အဲဒီပို့စ်လေးရေးချမိတော့ ရေးချင်တာတွေ အများကြီး ထွက်လာပေမဲ့ အရမ်းရှည်သွားမှာစိုးလို့အကျဉ်းဘဲချုံးလိုက်ရတော့တယ်… )