Sunday, June 17, 2012

သမီးမိုက်ဆုတောင်း


အဖေများနေ့မှာ
ဖုန်းဆက်နှုတ်ဆက်ခွင့်တောင်မရှိတော့တာမို့
သမီးဝမ်းနည်းစွာငိုကြွေးမိတယ်အဖေ…
နောင်တတွေတပွေ့တပိုက်နဲ့
သမီးဆိုးတစ်ယောက်ရဲ့မျက်ရည်တွေကို
အကြင်နာပိုစွာသုတ်ပေးချင်နေမဲ့အဖေ့ကို
သိပ်ကိုလွမ်းဆွတ်နေမိ
သမီးဆိုးခဲ့သမျှတွေခွင့်လွှတ်ပါဖေဖေ
သမီးမိုက်ခဲ့သမျှတွေခွင့်လွှတ်ပါဖေဖေ
မရိုမသေမလေးမစား
ဆန့်ကျင်ပုန်ကန်ခဲ့သမျှတွေ
တောင်းပန်ပါတယ်ဖေဖေ
ဥပေက္ခာပြု
ဂရုမစိုက်ခဲ့မိတာတွေ
တောင်းပန်ပါတယ်ဖေဖေ
ဖြေမဆည်နိုင်နောင်တများနဲ့
သမီးတောင်းဆုချွေ
ကောင်းကင်ဘုံကဖေဖေ
ဘုရားရှင်ရဲ့ရင်ခွင်မှာ
ထာဝစဉ်ငြိမ်းချမ်းနေပါစေ
သမီးချစ်တဲ့အဖေ။

Friday, June 8, 2012

ချက်စားဖြစ်တာလေးများနှင့်ခုတလောများ


ဝက်သားဒုတ်ထိုး


ကြက်တောင်ပံအင်ဒီးယန်းသုတ်



ကြာဇံကြော်



ချက်စားဖြစ်တာလေးတွေပါ... ခုတလော မအားပါဘူး... ခလေးတွေကျောင်းသွားချိန် လုပ်စရာရှိတာတွေလုပ်... ခလေးတွေကျောင်းကပြန်ရောက်ရင် သူတို့တွေအတွက်ဘဲ အချိန်ပေးရတာဆိုတော့ ဘလော့ပေါ်တောင်မရောက်ဖြစ်ဘူး...
ဝက်သားဒုတ်ထိုးနဲ့ကြာဇံကြော်က တစ်ရက်သက်သက် သူငယ်ချင်းတွေကို အိမ်လည်ခေါ်ချက်ကျွေးဖြစ်တာပါ... ကြက်တောင်ပံအင်ဒီးယန်းသုတ်ကတော့ ပထမဆုံးအကြိမ် ကိုယ့်ဟာကိုယ် အိမ်မှာ စမ်းလုပ်စားဖြစ်တာပါ...

အလုပ်တွေရှုတ်နေရခြင်းအကြောင်းရင်းကတော့ ခလေးတွေရဲ့နွေရာသီကျောင်းပိတ်ရက်နီးလာလို့ပါ... ဇူလိုင်နဲ့သြဂုတ်ကျောင်းပိတ်ရက်တွေတိုင်းရန်ကုန်ပြန်လည်နေကျပါ... ခလေးတွေကလည်းရန်ကုန်မှာ တဝမ်းကွဲမောင်နှမစုစုပေါင်း၉ယောက်ကမတိမ်းမယိမ်းတွေမို့ ကျောင်းပိတ်တာနဲ့ကို ပြန်လည်ချင်ကြတော့တာ...ဒါပေမဲ့ဒီနှစ်မှာ သူ့နေရပ်ကိုမပြန်ဖြစ်တာသုံးနှစ်ကျော်ကျော်လောက်ရှိပြီဖြစ်တဲ့ ခလေးတို့အဖေက သူ့နေရပ်ပြန်လည်စရာကိစ္စပေါ်လာတာမို့ အဲဒီအရင်သွားပြီးမှ ရန်ကုန်ကိုအလည်ပြန်ဖို့ဆုံးဖြတ်လိုက်တယ်... ခလေးတွေကတော့ ရန်ကုန်ပြန်ဘို့ရက်နည်းသွားပြီဆိုပြီး စိတ်မကောင်းဖြစ်နေကြလို့ ချော့နေရတယ်....

ဗီဇာအတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေ စောင့်၊ဗီဇာတင်၊လေယာဉ်လက်မှတ်ကိစ္စတွေနဲ့ အလုပ်တွေရှုတ်နေလိုက်တာ ရေးလက်စတန်းလန်းတွေ အဆုံးသတ်တဲ့ဆီကိုမရောက်တော့ဘူး... ခုဗီဇာ၊လေယာဉ်လက်မှတ်ပြီးသွားတဲ့အခါ လက်ဆောင်တွေပေးဘို့ ဈေးဝယ်ထွက်ရပြန်တယ်...ခလေးတွေကျောင်းသွားချိန်ဈေးဝယ်၊ ခလေးတွေပြန်ကြိုပြီးရင် ခလေးတွေနဲ့ဘဲနေနဲ့ ဘလော့ကိုလှည့်မကြည့်အားတော့ဘူး...
အခုခလေးတွေအဖေရဲ့မွေးရပ်မြေမှာ မှန်းထားတာထက် ပိုနေဖြစ်ဖို့အကြောင်းဖန်လာပြန်တော့ ဒီကျောင်းပိတ်ရက် ရန်ကုန်ပြန်မဲ့ကိစ္စကို လက်လျှော့ရတော့မယ်... သမီးလေးကိုနားလည်အောင်ပြောပြလို့ရပေမဲ့ သားလေးကိုတော့ချော့နေရတုန်း... သူကရန်ကုန်ကတဝမ်းကွဲတွေနဲ့အသားကုန်ဆော့ဘို့ အားခဲထားတာ...

ကိုယ်ကိုတိုင်က ရန်ကုန်ဘဲပြန်ချင်ပေမဲ့ အိမ်ထောင်တခုထူထောင်ပြီးတဲ့အခါ ကိုယ့်သဘောကိုယ့်ဆန္ဒတခုတည်းနဲ့မှမဟုတ်တော့တာ... ကိုယ့်အတွက် သူ့အတွက် ငဲ့ညှာစဉ်းစားပေးရသေးတာဆိုတော့ ဒီနှစ်နွေရာသီကျောင်းပိတ်ရက်အတွက် ကိုယ့်ဆန္ဒကို မျိုချထားလိုက်ပါတော့တယ်...

ရန်ကုန်ကိုတော့ဒီဇင်ဘာပြန်လည်ဘို့မှန်းထားပါတယ်... တခြားတနိုင်ငံမှာနေတဲ့အမကလဲ ဒီဇင်ဘာရန်ကုန်ပြန်လည်ဘို့ရှိတော့ မတွေ့တာကြာတဲ့အမနဲ့ဆုံဖြစ်မယ်ဆိုတော့ ရန်ကုန်ခရီးစဉ်နောက်ဆုတ်လိုက်ရကျိုးနပ်ပါတယ်လို့ ကိုယ့်ကိုကိုယ်ဖြေသိမ့်ပါတယ်....

ဘလော့တော့အရေးကျဲနေမယ်ထင်ပါတယ်... အချိန်ရရင်ရသလိုတော့ရေးနေမှာပါ... ဘလော့ပေါ်ကနေရန်ကုန်ကိုဇူလိုင်လအလည်ပြန်လာရင်တွေ့ဘို့ပြောထားတဲ့ ဘလော့အသိုင်းအဝိုင်းက သူငယ်ချင်းတွေကိုတောင်းပန်ပါတယ်... ဒီဇင်ဘာမှဘဲတွေ့ကြတော့မယ်နော်...

ကျမဘလော့ကိုလာလည်သူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ....

Thursday, May 24, 2012

ကိုယ်အလေးချိန်လျှော့ချခြင်းအားပြန်လည်မျှဝေခြင်း


ပုံကိုGoogleမှယူပါသည်


မနှစ်ကဂျူလိုင်၊သြဂုတ်လတွေမှာ ရန်ကုန်ပြန်လည်ရင်း အရင်တုန်းကရိုက်ထားတဲ့ဓာတ်ပုံဟောင်းတွေ ဗီယက်နမ်ကို ယူလာခဲ့သည်…. ပြန်ရောက်ပြီးအတော်ကြာသည်အထိ သတိမရ… သတိရလို့ထုတ်ကြည့်မိတော့ ကိုရွှေယောင်္ကျားကိုခေါ်ပြမိသောအခါ ဓာတ်ပုံကိုသေသေချာချာကြည့်ပြီး မိန်းမရယ်…အဲဒီတုန်းကလှလိုက်တာတဲ့…. သူကပြောပြီး ပြီးသွားပေမဲ့ ကိုယ့်ရင်ထဲမှာ အဲဒီစကားကတင်ကျန်နေခဲ့သည်… အခုတော့မလှတော့ဘူးဆိုတဲ့သဘောလားစဉ်းစားရင်း ဓာတ်ပုံကိုပြန်ကြည့်မိသည်… မျက်နှာပေါ်မှာဘာမှ သိပ်ထူးထူးခြားခြားပြောင်းလဲတာမရှိ… ပြောင်းလဲတာက ကိုယ်လုံး… ဓာတ်ပုံထဲမှာ ၄၈ကီလိုလောက်ဘဲရှိသည့်ကိုယ်က သတိထားမိချိန်မှာ၆၄ကီလိုဖြစ်နေပြီ….

အဲဒီကစ ကိုယ့်ကိုကိုယ်သတိပေးလိုက်တာက ငါဝိတ်ချမှဖြစ်တော့မယ်လို့… ဝိတ်ချဘို့စဉ်းစားမိတော့ အထူးတလည်ကြိုးစားဖို့တော့မလိုပါ… ဖတ်ထားခဲ့ဖူးသော စာအုပ်များထဲမှ အချက်အလက်တချို့ကို မှတ်မိနေဆဲမို့… မှတ်မိသမျှထဲမှ အစားလျှော့ဖို့ရယ်… အစားလျှော့ရင်းလေ့ကျင့်ခန်းပါတွဲလုပ်ရန်ဖြစ်သည်…. နဂိုကအစားမက်သူမို့ အစားလျှော့ဖို့ခက်မည်ဟု ကိုယ့်ကိုကိုယ်ထင်ထားခဲ့ပေမဲ့ ပိန်ချင်တဲ့စိတ်ကပြင်းပြနေလေတော့ စိတ်ကိုထိန်းနိုင်ခဲ့ပါသည်….ဘယ်လိုပြန်ပိန်သွားလဲဆိုတာလေး shareပေးပါဆိုတဲ့ညီမငယ်သက်မာအတွက် မခက်ခဲတဲ့ကျမရဲ့ဝိတ်ချနည်းလေးကို မျှဝေလိုက်ပါတယ်….

ပထမတစ်ရက်နှစ်ရက်မှာ မနက်စာနှင့်နေ့ခင်းစာကိုဘဲစားပြီး ညစာလုံးဝမစားဖို့ဆုံးဖြတ်ထားခဲ့ပေမဲ့ ညဘက်တွေမှာ ဗိုက်အရမ်းဆာပါတယ်……. နောက်နေ့တွေမှာ ညစာအချိန်ကို လိမ္မော်ရည်သောက်ပြီးဘာမှမစားဘဲနေကြည့်ပါတယ်…… ဗိုက်ဆာတိုင်း လိမ္မော်ရည်ကို ဖန်ခွက်အသေးလေးနှင့်တခွက်သောက်ပါတယ်…. သကြားမပါတဲ့၁၀၀%လိမ္မော်ရည်ဖြစ်ပါတယ်….…..မနက်စာကိုမနက်ကိုးနာရီလောက်မှစားပြီး နေ့လည်စာကိုနေ့ခင်း၂နာရီလောက်မှစားပါတယ်….ညဘက်မှာလိမ္မော်ရည်သောက်ပါတယ်..….လမ်းလျှောက်လေ့ကျင့်ခန်းကို တနေ့တနာရီလုပ်ပါတယ်…… စက်ဖြင့်လျှောက်ခြင်းဖြစ်ပြီး တခါတလေ ကျမနေတဲ့ခြံဝင်းထဲမှာဘဲ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ပါတယ်..…. နှစ်လကျော်ကျော် သုံးလနီးပါးတွင် ၅၈ကီလိုသို့ပြန်ကျသွားခဲ့ပါတယ်…… ကျမအသက်အရွယ်အရ ဓာတ်ပုံထဲကလို၄၈ကီလိုဖြစ်အောင်ထိတော့ ဝိတ်မချချင်ပါ…. ဝပြီးမှအရမ်းပိန်သွားရင် အသားအရည်တွေတွန့်ကုန်မှာစိုးတာမို့ ၅၈ကီလိုဟာ ကျမအရပ်၁၆၃စင်တီမီတာနဲ့ အနေတော်ဘဲလို့ယူဆပြီး ၅၈ကီလိုကနေ ထပ်မတိုးအောင်ဘဲ ထိန်းနေပါတော့တယ်…. အခုကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန်ရပြီးတဲ့အခါမှာ ကျမညစာပြန်စားပါတယ်… ညစာကို အသီးအရွက်တွေဘဲစားပါတယ်… သုတ်စားဖြစ်တာများပါတယ်… မြန်မာလို သုတ်စားဖြစ်တဲ့အခါမျိုးမှာ ဆီချက်မထည့်ဘဲ အကြမ်းသုတ်စားပါတယ်… ဥရောပစတိုင်စားဖြစ်ရင်လဲ သံလွင်ဆီနဲနဲနဲ့ ရှာလကာရည်ပိုထည့်ပြီး သုတ်စားပါတယ်… လမ်းလျှောက်လေ့ကျင့်ခန်းလဲဆက်လုပ်နေပါတယ်…အခုထိတော့ ၅၈ကီလိုကိုထိန်းထားနိုင်တာ ၆လလောက်ရှိပါပြီ… ဒီထက်ဝမလာအောင်ထိန်းနေတုန်းပါဘဲ…

(ဖေ့ဘွတ်ကညီမလေးသက်မာရဲ့အမေးကိုဖြေရင်း တခြားသူငယ်ချင်းတွေအတွက်လဲ အသုံးဝင်မလားလို့စိတ်ကူးရင်း ဘလော့ပို့စ်အနေနဲ့ဘဲရေးလိုက်ပါတယ်… )

Saturday, May 19, 2012

"လ"ချစ်သူ




လသာတဲ့ညတွေမှာ

စကားလုံးလှလှတွေထွက်ကျ

ဖွင့်ဟဝန်ခံခဲ့ဘူး

အသက်နဲ့ထပ်တူချစ်ရသူသို့….

လမိုက်တဲ့ညတွေမှာ

ဆွံ့အတဲ့နှလုံးသားနဲ့

နာကျင်စွာခံခက်

ရက်စက်လွန်းသူအတွက်

သွေးပျက်မတက်ကြေကွဲခဲ့ဘူး…

"လ"ကလှည့်စားတယ်လို့

လကိုပြန်လှည့်စားသူများ

လကိုငဲ့ညှာကြပါ

လဟာ “သာ”သင့်ရင်သာ

မိုက်သင့်ရင်မိုက်

သူ့တာဝန်သူထမ်း

မနားတမ်းတာဝန်ကျေခဲ့

အပြစ်မဖို့ကြပါနဲ့

ကိုယ်ဟာ လ ကိုချစ်တဲ့သူ။

Tuesday, May 15, 2012

မမုန်းလိုက်ပါနဲ့


မမုန်းလိုက်ပါနဲ့…. ဘဝမှာ နာကျည်းစရာတွေကြုံလာတဲ့အခါ ဥပေက္ခာ ပြုတတ်ဖို့သာ ကြိုးစားပါ… ဘဝကိုမမုန်းလိုက်ပါနဲ့…. ကိုယ့်ကိုကိုယ် မမုန်းလိုက်ပါနဲ့…. သူများတွေကိုလည်းမမုန်းပါနဲ့…

အခုဖြစ်နေသမျှဟာ ပြီးတော့လည်း ပြီးသွားတာပါဘဲ…. ဒီနေ့ရင်ဆိုင်ရသမျှဟာ မနက်ဖြန်မှာ အတိတ်ဖြစ်သွားမှာ… ကိုယ်မသိလိုက်ဘဲ ပြီးသွားမဲ့ အရာတွေအတွက် စိတ်ဆင်းရဲမနေပါနဲ့….

ဘယ်သူ့ကိုမှ မုန်းဘို့မကြိုးစားပါနဲ့… ဘဝဆိုတာ တိုတိုလေးပါ… ကိုယ့်ကိုမုန်းနေမဲ့သူတွေကို အမုန်းနဲ့မတုန့်ပြန်ပါနဲ့… ကိုယ်ပါလိုက်ပါပူလောင်နေဘို့မှမလိုဘဲ…. အချိန်တန်ရင် မေ့သွားမဲ့ အရာတွေအတွက် စိတ်ထဲမထားပါနဲ့….

အဆင်မပြေတာတွေရှိရင် ခဏလောက်မေ့ထားပြီး အနားယူလိုက်ပါ… ဘာမှမတတ်နိုင်တဲ့အချိန်တွေမှာ ဘာလုပ်ရမှန်းလည်း မသိနေမှတော့ အနားယူလိုက်ခြင်းဟာ ကိုယ်ခန္ဒာအတွက်တော့ အကျိုးရှိမှာပါ…

ဘာအကြောင်းမှမရှိဘဲ သင့်ကိုမုန်းနေတဲ့သူတွေကို တုန့်ပြန်ဘို့ မကြိုးစားပါနဲ့… သင့်ဘဝရဲ့ကျေနပ်ရောင့်ရဲစရာအကြောင်းအရာတွေကို ကျေးဇူးတင်သတိရရင်း ပျော်ရွှင်ကြည်နူးလိုက်ပါ….

ဘယ်သူ့ကိုမှမမုန်းလိုက်ပါနဲ့…

အမုန်းစိတ်ဝင်လာခြင်းကြောင့် ရရှိလာမဲ့အကျိုးအပြစ်ကို မြင်ယောင်ကြည့်လိုက်ပါ… ကောင်းခြင်းတွေရှိမနေမှတော့ မလုပ်သင့်တဲ့အကြောင်းအရာဆိုတာ သေချာနေပြီဘဲ… မမုန်းလိုက်ပါနဲ့…

မုန်းချင်စိတ်စတင်ကိန်းအောင်းလာရင် ပြန်လည်ဆင်ခြင်ကြည့်လိုက်ပါ… သူ့ကြောင့်လား… ကိုယ့်ကြောင့်လား… သူ့ကြောင့်ဆိုရင် ခွင့်လွှတ်ဘို့သာကြိုးစားပါ… သူဟာတချိန်မဟုတ်တချိန် သင့်အနားကထွက်ခွါသွားမှာ သေချာတယ်… ဘဝဆိုတာတိုတိုလေးပါ… ခွင့်လွှတ်နိုင်ဘို့ကြိုးစားပါ… ခွင့်လွှတ်ခြင်းကြောင့် ခံစားရရှိတဲ့ အေးချမ်းမှုဟာ သိပ်ကိုတန်ဘိုးရှိပါတယ်…

ကိုယ့်ကြောင့်ဆိုရင် ကိုယ့်ကိုကိုယ်ပြင်ဆင်ပါ… ချစ်တတ်ဘို့သာ သင်ယူပါ… ချစ်ခြင်းကြောင့်သာ ပျော်ရွှင်မှုကိုခံစားနိုင်ပြီး မုန်းတီးခြင်းဟာ ဘဝကိုခါးသီးစေပါတယ်…

မမုန်းလိုက်ပါနဲ့… အမုန်းတရားက သင့်ထံချဉ်းကပ်လာရင် ချစ်ခြင်းတရားကိုသာ ဖက်တွယ်ထားလိုက်ပါ… တန်ဘိုးမဖြတ်နိုင်တဲ့ စိတ်ချမ်းသာမှုကို သင်ခံစားရပါလိမ့်မယ်…

Wednesday, May 9, 2012

ပြုံးသူ








ဘဝခါးခါးမှာနေသားကျစေဘို့
အပြုံးတုတွေပန်ဆင်ရမှာမျိုး
ကိုယ်မနှစ်သက်ခဲ့သူပါ....

အားယူပြုံးတွေတော့
ကြိုးစားပြုံးပြခဲ့ဘူးရဲ့
ခလေးချော့တဲ့ကိုယ့်အပြုံးမှာ
မေတ္တာတွေမွှေးပျံ့နေခဲ့မယ်
ဝမ်းသာကြည်နူးပြုံးနဲ့
ချစ်သူကိုကြိုဆိုတဲ့အခါ
ရင်ခုန်ခြင်းတွေသံစဉ်ချိုနေခဲ့
ရင်ဘတ်တူသူငယ်ချင်းများနဲ့
စကားတွေဖောင်ဖွဲ့နေချိန်
ကိုယ့်အပြုံးတွေလတ်ဆတ်နေမှာသေချာ
ဘဝမှာအပြုံးတုမရှိခဲ့သူပါ
ကိုယ့်နောက်ကျောဓားစိုက်ထိုးနေသူကိုတောင်
နောက်လှည့်ပြုံးပြခဲ့လေသူ
အဲဒီအပြုံးဟာ
အပြုံးတုမဟုတ်ခဲ့
မဲ့ပြုံးမဟုတ်တဲ့
ကျေနပ်စေလိုတဲ့အားယူပြုံး
တသက်စာပြုံးပြခဲ့ဘူးပါတယ်….

Friday, May 4, 2012

ဖယောင်းတုံးလေးများပုံသွင်းဖြင်း




ဖယောင်းတုံးလေးတွေဟာ ပျော့ပြောင်းနေချိန်မှာ လိုရာပုံသွင်းနိုင်တယ်… ပုံသွင်းသူရဲ့တီထွင်နိုင်မှုနဲ့ စွမ်းရည်ဟာ ပုံသွင်းပြီးသားဖယောင်းတုံးလေးတွေကို ကြည့်ရင်သိနိုင်ပါတယ်…
ကျမတို့မိဘတွေအနေနဲ့ ကျမတို့ရဲ့သားသမီးတွေကို ဖယောင်းတုံးလေးတွေသဖွယ် ဘယ်လိုပြုပြင်ပုံသွင်းတယ်ဆိုတာ မိဘရဲ့ သားသမီးထိန်းကျောင်းမှုစွမ်းရည်ပေါ်မှာမူတည်ပါတယ်…
ကျမငယ်ငယ်က ဖယောင်းတိုင်ထိပ်ကမီးစာကြောင့် အရည်ပျော်ကျလာတဲ့ဖယောင်းစက်လေးတွေကို လက်နဲ့တို့ယူပြီး အလုံးလေးတွေစု ခွက်ပုံလေးတွေ ပန်းပုံလေးတွေ ဖော်ခဲ့ဘူးတယ်… အဲလိုဆော့ရတာ သိပ်ကိုပျော်ခဲ့ပါတယ်….
အိမ်ထောင်မကျခင်ထဲက ကိုယ့်ရဲ့သားသမီးလေးတွေကို လိမ္မာယဉ်ကျေးအောင် သွန်သင်ဆုံးမချင်စိတ်လေး ကျမမှာရှိခဲ့ပါတယ်… ခလေးပြုစုပျိုးထောင်ရေး စာအုပ်တွေကိုနီးစပ်ရာရှာဖတ်ခဲ့ပါတယ်…
ခလေးတွေရလာပြီးတဲ့အခါ စာအုပ်ထဲကအတိုင်း တသွေမတိမ်းလိုက်လုပ်ဖို့ တော်တော်ခက်မှန်းနားလည်လာခဲ့တယ်… ခလေးမှာပါလာတဲ့ ဗီဇစိတ်လေးတွေက တအူတုံဆင်း မောင်နှမချင်းတောင် မတူလေတော့ စာအုပ်ကြီးအတိုင်း သွန်သင်ဘို့ဆိုတာ တကယ်ကိုခက်ပါတယ်…
သားသမီးမကောင်း မိဘခေါင်းဆိုတဲ့စကားကရှိတော့ အဓိကက ကိုယ့်သားသမီးကို လိမ္မာယဉ်ကျေးတဲ့ သားသမီးဘဲဖြစ်စေချင်ပါတယ်…  အဖယုတ်တော့ ကိုယ်အမူအရာ ကြမ်းတမ်းပြီး အမိယုတ်တော့ နှုတ်အမူအရာ ကြမ်းတမ်းတယ် ဆိုတဲ့စကားတွေရှိထားတော့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့စေရန် သွန်သင်ဘို့ မိဘတွေမှာတာဝန်ရှိပါတယ်….
သားသမီးကို အဆိုးအကောင်း မလုပ်သင့်တာလုပ်သင့်တာတွေ သင်ကြားပေးထားတဲ့ မိဘတွေဟာ သူတို့ရဲ့သားသမီးကို လူလည်ခေါင်မှာ အော်ဟစ်ဆုံးမစရာမလိုတော့ပါဘူး…. သင်ထားရဲ့သားနဲ့ နားမထောင်ဘူးဆိုတဲ့ ခလေးအများစုရဲ့ မိဘတွေဟာ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ မိဘမျိုးဖြစ်ဖို့များပါတယ်….
ခလေးတွေဟာ မြင်လေရာကို အတုခိုးသင်ယူတတ်ကြတာမို့ ပါးစပ်ကနေသင်ကြားရုံနဲ့ မလုံလောက်ပါဘူး… မိဘတွေအနေနဲ့ပါ နည်းပေးလမ်းပြအနေနဲ့ သားသမီးတွေ အတုယူစေချင်တဲ့အရာတွေကို ကိုယ်ကကျင့်ကြံပါမှ ကိုယ့်ခလေးတွေကို လိုရာပုံသွင်းယူနိုင်မှာပါ….
မိဘကဘယ်လိုဘဲနှုတ်နဲ့သွန်သင်ပါစေ… အဲဒီမိဘဟာ တကိုယ်ကောင်းဆန်ရင် ခလေးကလဲတကိုယ်ကောင်းဆန်တာကိုဘဲ အတုယူမှာပါ… မိဘက ဆဲဆိုတတ်ရင် ခလေးကလိုက်ဆဲမှာပါဘဲ… မိဘဟာ ကိုယ့်ဘဝအခြေအနေကို မတင်းတိမ်မရောင့်ရဲဘဲ သူများဘဝအခြေအနေတွေကို အားကျပြီး သူများအပေါ်မနာလိုစိတ်တွေ များတတ်သူဆိုရင် သူ့သားသမီးတွေလည်း သူ့စိတ်ဓာတ်နဲ့ သူ့အမူအကျင့်တွေကိုဘဲ အတူယူဖြစ်ဘို့များပါတယ်… အဲလိုမိဘရဲ့သားသမီးတွေဟာ သူများခလေးကစားနေတဲ့ ပစ္စည်းကိုမှ လိုချင်ပြီး လုယူတတ်တာ၊ဒိထက်ဆိုးလာရင်  ခလေးချင်းဆော့ကစားရင်း အခြေအတင်ဖြစ်ရင် လက်ပါတတ်တာမျိုးအထိ လုပ်တတ်ပါတယ်…
မိဘဟာ သားသမီးကိုရန်မဖြစ်တတ်ဘို့ ဆုံးမပေမဲ့ ရန်လိုတတ်တဲ့မိဘရဲ့သားသမီးဟာ မိဘက တခြားသူနဲ့ဆက်ဆံတဲ့အခါ ရန်လိုနေသရွေ့ ရန်မဖြစ်နဲ့ဆိုတဲ့စကားကိုနားထောင်မှာမဟုတ်ပါဘူး….
ရန်မဖြစ်နဲ့လို့ဆုံးမမဲ့အစား ကိုယ့်သားသမီး သူများကို လုပ်လာရင် ဝမ်းသာဂုဏ်ယူတတ်တဲ့ မိဘမျိုးလဲရှိပါတယ်…. အဲလိုမိဘမျိုးရဲ့သားသမီးတွေဟာ ဘယ်တော့မှာ လူယဉ်ကျေးလေးတွေ ဖြစ်လာနိုင်တော့မှာမဟုတ်ပါဘူး….
သားသမီးကို လိမ်မပြောရဘူးလို့ဆုံးမပေမဲ့ မိဘက လူလည်ခေါင်မှာ မဟုတ်ဘဲနဲ့ အပိုတွေပြော ကြွားဝါတတ်တဲ့ အကျင့်ရှိရင် သားသမီးက မိဘရဲ့လိမ်မပြောရဘူးဆိုတဲ့ ဆုံးမခြင်းကို နာခံဖို့ ရာခိုင်နှုန်းနည်းပါတယ်…
ကျမတို့ရဲ့သားသမီးလေးတွေကို လိမ္မာယဉ်ကျေးတဲ့ သားသမီးများအဖြစ်ဂုဏ်ယူချင်တယ်ဆိုရင် မိဘကိုယ်တိုင်က လိမ္မာယဉ်ကျေးပြရမှာဖြစ်ပါတယ်….
ဖယောင်းတုံးလေးများကို လှပစွာလိုရာပုံဖော်နိုင်သကဲ့သို့ ကျမတို့ရဲ့သားသမီးများ ကျမတို့ရဲ့ ကောင်းသောအမူအကျင့်များကို အတုယူကျင့်သုံးပြီး လူဘုံအလယ်မှာ တင့်တယ်တဲ့လူရည်ချွန် လူရည်မွန်လေးများဖြစ်စေဘို့  မိဘများရဲ့လှပနူးညံ့တဲ့ စိတ်နှလုံးကောင်းများနဲ့ ပုံသွင်းကြပါစို့လားရှင်….