Tuesday, November 22, 2011

ဗီယက်နမ်ကိုလာမယ်ဆို


တစ်နေ့က ခလေးတွေကျောင်းသွားချိန် အိမ်လည်နေတုန်း ဆွေမျိုးတွေလိုဖြစ်နေတဲ့ အစ်ကိုတစ်ယောက်ဆီက ဖုန်းလာတယ်…ဟိုချီမင်းကို အလည်လာတဲ့ မြန်မာအမျိုးသမီးတစ်ယောက် ရန်ကုန်ပြန်ဖို့ အသွားဟိုချီမင်းလေဆိပ်မှာ ပြသနာတက်နေတယ်… သူကပိုက်ဆံအိတ်အလုခံရပြီး အဲဒီထဲမှာ ပတ်စပို့ပါသွားလို့ သံရုံးကထုတ်ပေးတဲ့ ယာယီပတ်စပို့နဲ့ ပြန်အထွက်မှာ ပြသနာတက်ခြင်းဖြစ်ပါတယ်… လေယာဉ်က နောက်တစ်နာရီထွက်မှာဖြစ်ပြီး အဲဒီအမျိုးသမီးကတော့ လိုအပ်တဲ့စာရွက်စာတမ်းတချို့အတွက် မြို့လယ်ခေါင်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကိုသွားရမယ်… အဲဒီအစ်ကိုက လုပ်ငန်းခွင်ထဲမှာ ဖြစ်နေတဲ့အတွက် ကျမကို တဆင့်အကူအညီတောင်းခြင်းဖြစ်ပါတယ်… ချက်ချင်းကိုကူညီရမဲ့ကိစ္စဖြစ်နေတော့ ဦးနှောက်ကိုအရေးပေါ်အလုပ်ပေးလိုက်ပြီး အဲဒီအစ်ကိုကိုဘဲ အကူအညီလိုနေတဲ့ အမျိုးသမီးကို ကျမကူညီပါ့မယ်… လေဆိပ်နဲ့ မြို့ထဲကဝေးတာမို့ လေယာဉ်မမှီတော့မှာသေချာတယ်… လေယာဉ်ကိုအရင်ရက်ရွှေ့ခိုင်းထားလိုက်ပါ… ပြီးရင် အဲဒီအမျိုးသမီးရှိတဲ့နေရာကို ကျမသွားတွေ့လိုက်မယ်လို့ ပြောလိုက်ပါတယ်…

ခဏနေတဲ့အထိဘာသံမှမကြားရတာမို့ ကျမခုနကဖုန်းဆက်တဲ့အစ်ကိုဆီကိုဘဲ ဖုန်းပြန်ဆက်ပြီး သွားတွေ့ရမဲ့နေရာရဲ့လိပ်စာကိုတောင်းပါတယ်… ဟိုဘက်ကပေးမဲ့လိပ်စာကို အဲဒီအစ်ကိုကလဲစောင့်နေတုန်းမို့ အဲဒီအမျိုးသမီးရဲ့ဖုန်းနံပါတ်ကိုဘဲ ကျမတောင်းလိုက်ပါတယ်… ပြီးတော့ ဖုန်းဆက်လိုက်တယ်… ဖုန်းထဲမှာ သူပြောပြနေတာတွေကို ကျမနားထဲမှာမရှင်းပါဘူး… သူရောက်နေတဲ့လိပ်စာကိုလဲသူမသိနေဘူး… သူ့ကိုလောလောဆယ်လိုက်ကူညီပေးနေတဲ့ ဗီယက်နမ်ကောင်လေးတစ်ယောက်သူ့နားမှာရှိနေမှန်းသိလိုက်ရတော့ အဲဒီကောင်လေးကိုဘဲ အခုသူရှိနေတဲ့နေရာကို ဖုန်းနဲ့မက်ဆေ့ဂ်ျပို့ပေးခိုင်းရပါတယ်… ၁၀မိနစ်လောက်ကြာတဲ့အထိ မက်ဆေ့ဂ်ျမဝင်လို့ ဖုန်းနောက်တခေါက်ဆက်ပြီး မေးရတယ်… ကောင်လေးဆီက လမ်းနာမည်သိရတော့မှ အဲဒီလမ်းအနီးတဝိုက်က လေယာဉ်လက်မှတ်အေးဂျင့်တွေကိုစဉ်းစားမိပြီး ကျမမှန်းဆမိတဲ့ စူပါမားကတ်ကြီးတခုအောက်မှာရှိတဲ့ အေးဂျင့်လားလို့ဖုန်းနောက်တခါဆက်ပြီးမေးကြည့်မှ ဟုတ်တယ်ဆိုတာနဲ့ ကျမအပြေးအလွှား တက္ကစီငှားပြီးသွားရပါတယ်…

အဲဒီရောက်တော့ အထဲမှာ မြန်မာနဲ့တူတဲ့သူရှာကြည့်တာ တစ်ယောက်မှမတွေ့ပါဘူး… ဗီယက်နမ်တွေနဲ့ အင်ဒီးယန်းအမျိုးသမီးတစ်ယောက်ရယ်ဘဲတွေ့တယ်… အဲဒီအင်ဒီးယန်းလို့ကျမ ထင်တဲ့တစ်ယောက်က ကျမကို အသေအချာ လှမ်းကြည့်နေတော့ သူ့နာမည်လှမ်းခေါ်ကြည့်လိုက်တာ ဟုတ်နေတယ်… ဒါနဲ့ဘဲ သူနဲ့စကားခဏထိုင်ပြော၊ အဖြစ်အပျက်တွေမေးမြန်းရတယ်… သူပြောပြတာတွေ ကျမနားထဲဘယ်လိုမှကို မရှင်းဘူး… နောက် သူ့ကိုကူညီပေးနေတဲ့ ဗီယက်နမ်ကောင်လေးက ဝင်ပြောပြတယ်… လေယာဉ်လက်မှတ် ရက်အရင်လာရွှေ့ကြောင်းနဲ့ ပြီးရင် လူဝင်မှုကြီးကြပ်ရေးရုံးကို သွားရမဲ့အကြောင်းပြောတယ်… ဒါနဲ့ဘဲ ကျမလဲအဲဒီရုံးကိုသူတို့နဲ့အတူလိုက်သွားတယ်… ရုံးရောက်တော့ တနာရီခွဲလောက်ရှိနေပေမဲ့ မဖွင့်သေးဘူး… ဗီယက်နမ်ထုံးစံအရ ရုံးတွေမှာ ၁၁နာရီခွဲရင် နေ့လည်စာစားကြပြီး တရေးအိပ်(သို့) အနားယူကြပြီး ၁နာရီခွဲမှာ အလုပ်ပြန်စကြပါတယ်… တချို့ရုံးတွေမှာ ၁၂နာရီနေ့လည်စာစားပြီး ၂နာရီ အလုပ်ပြန်စကြပါတယ်… ကျမမှာ ခလေးတွေကျောင်းသွားကြိုရဦးမှာမို့ ကျမရဲ့လိပ်စာကဒ်ကို ဗီယက်နမ်ကောင်လေးရဲ့လက်ထဲထည့်ခဲ့ပြီး ဒီရုံးကပြန်ရင် ကျမအိမ်ကို အဲဒီအမျိုးသမီးကို လိုက်ပို့ပေးဖို့မှာခဲ့တယ်… ပြီးတော့ အဲဒီအမျိုးသမီးရဲ့ခရီးဆောင်အိတ်တွေနဲ့ ကျမအိမ်ကို အရင်ပြန်နှင့်ပြီး ခလေးတွေကို ကျောင်းသွားကြိုပါတယ်..

ကျမတို့သားအမိတွေနဲ့ သူတို့အိမ်ရောက်ချိန်ရှေ့ဆင့်နောက်ဆင့်ပါဘဲ… အဲဒီတော့မှ ကျမမှာ ဗီယက်နမ်ကောင်လေးကို သေသေချာချာမေးရပါတယ်… ဘာတွေကြောင့်ပြသနာဖြစ်တာလဲ… အခုဘာလိုနေတာလဲ… ဘာတွေလုပ်ပြီးပြီလဲဆိုတာတွေပေါ့… ကာယကံရှင်က မပြောပြနိုင်လို့ ဒီကောင်လေးကိုဘဲမေးရတာပါ… အဲဒီတော့မှ တကယ်တမ်းလိုနေတာက ဗီဇာတဲ့.. ဗီဇာတုံးကို ယာယီပတ်စပို့ထဲမှာထုပြီးမှ ဒီနိုင်ငံက ပြန်ထွက်လို့ရမှာ ဖြစ်တယ်… အဲဒီဗီဇာအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကို လူဝင်မှုကြီးကြပ်ရေးရုံးကိုပေးနိုင်မှဗီဇာထုပေးမှာဖြစ်တယ်… သူ့မှာ တခြားစာရွက်စာတမ်းတွေဖြစ်တဲ့ ပျောက်သွားတဲ့ပတ်စပို့ မိတ္တူ၊ ပျောက်သွားတဲ့အကြောင်း အကြောင်းကြားထားတဲ့ ရဲစခန်းထောက်ခံစာ၊ လေယာဉ်လက်မှတ်မိတ္တူတို့ ရှိပေမဲ့ မြန်မာသံရုံးထောက်ခံစာက မြန်မာလိုရေးထားတော့ အဲဒါကို အင်္ဂလိပ်လိုပြန်ရေးပေးခိုင်းပါတယ်… အဲဒီအင်္ဂလိပ်လိုပြန်ထားတဲ့စာရွက်မှာ မြန်မာသံရုံးတံဆိပ်တုံးပါရမယ်ဆိုတော့ အဲဒါက ပြသနာဖြစ်နေတယ်… မြန်မာသံရုံးက ဟနွိုင်းမှာဆိုတော့ ဆက်သွယ်ရတာလဲ အဆင်မပြေပါဘူး… ပြီးတော့ သံရုံးအနေနဲ့လဲ လုပ်ရိုးလုပ်စဉ်အတိုင်း အကုန်လုပ်ပေးပြီးပြီမို့ နောက်ထပ်ထောက်ခံစာအတွက်က အချိန်နောက်တခုထပ်ပေးရမှာဖြစ်တယ်… ဟိုချီမင်းမှာ Consulate ရုံးရှိပေမဲ့ ဗီယက်နမ်တွေအတွက်ဘဲရည်ရွယ်ဖွင့်ထားခြင်းဖြစ်ပြီး မြန်မာတွေရဲ့ အခွန်ကိစ္စ၊ ပတ်စပို့ကိစ္စအတွက်က ဟနွိုင်းကမြန်မာသံရုံးမှာဘဲ လုပ်ပေးတာပါ… ဒါပေမဲ့ လိုက်ကူညီပေးနေတဲ့ဗီယက်နမ်ကောင်လေးက သူတို့လူမျိုးချင်းတောင်းပန်ပြီး မရရအောင် Consulate တံဆိပ်တုံးနဲ့ ထောက်ခံစာ ရအောင်ယူပေးတဲ့အတွက် အဆင်ပြေခဲ့ပါတယ်.. အဲဒီဗီယက်နမ်ကောင်လေးဟာ အခကြေးငွေမယူဘဲနဲ့ စေတနာနဲ့ ကူညီပေးခြင်းဖြစ်ပါတယ်… စိတ်ထားကောင်းပြီး ကူညီတတ်တဲ့ဗီယက်နမ်လူမျိုးတစ်ယောက်ဖြစ်တဲ့ အဲဒီကောင်လေးကို ကျမကျေးဇူးတင်ကြောင်း လေးစားကြောင်း ပြောတဲ့အခါ သူ့အနေနဲ့ ကူညီရတာ ဝမ်းသာကြောင်း ပြန်ပြောပါတယ်…

နောက်တနေ့မှာဗီဇာရပါတယ်… ဒါပေမဲ့ လေယာဉ်ကတနင်္ဂနွေနေ့မှရှိတာမို့ ကျမအိမ်မှာဘဲ သူ့ကို နေခိုင်းပြီး တနင်္ဂနွေနေ့မှ လေဆိပ်ကိုလိုက်ပို့ပေးလိုက်ပါတယ်… လေဆိပ်ရောက်တော့လဲ အင်္ဂလိပ်စကားလည်လည်ဝယ်ဝယ်မပြောနိုင်တဲ့သူ့အတွက် ကျမစိတ်ပူလို့ အပြင်ကနေစောင့်နေခဲ့ပါတယ်…. အဲလိုစောင့်နေတုန်း သူ့သူငယ်ချင်းကိုလေဆိပ်လိုက်ပို့တဲ့ ကျမရဲ့မိတ်တွေတစ်ယောက်နဲ့တိုးတော့ အဆင်ပြေသွားပါတယ်… လေယာဉ်လဲအတူတူဘဲဆိုတော့ အင်္ဂလိပ်စကားရော ဗီယက်နမ်စကားပါပြောနိုင်တဲ့ အဲဒီတစ်ယောက်နဲ့ သူ့ကိုမိတ်ဆက်ပေး၊ အဲဒီသူကိုလဲ ကူညီပေးဖို့ပြောပြီး သူတို့ အထဲဝင်သွားမှ ကျမအိမ်ပြန်ခဲ့ပါတယ်… အိမ်ပြန်ရောက်ပြီး ခဏနေတော့ အဲဒီအမျိုးသမီးဖုန်းဆက်ပါတယ်… အားလုံးအဆင်ပြေကြောင်း ၊ အခုလေယာဉ်ပေါ်တက်တော့မဲ့အကြောင်းပြောရင်း နှုတ်ဆက်ပါတယ်…
သူလဲပျော်ရွှင်စွာ အိမ်ပြန်သွားသလို ကျမလဲ ကြည်နူးခြင်းတွေနဲ့ ကျန်ရစ်ခဲ့ပါတယ်…း))

+++++++++++++++++++++++++++++++++++++++

မိတ်ဆွေသူငယ်ချင်းတွေကိုဝေငှချင်တာကတော့ ဗီယက်နမ်ကိုလာလည်မဲ့သူတွေအနေနဲ့ ရင်းနှီးစွာကူညီမဲ့အသိမိတ်ဆွေမရှိဘူးဆိုရင် ခရီးသွားကုမ္ပဏီတွေနဲ့ဘဲ ချိတ်ဆက်ပြီး အလည်လာကြစေချင်ပါတယ်… ဗီယက်နမ်မှာ ဘာမှမသိထားဘဲ လာလည်မယ်ဆိုရင် ထိုနည်းလည်းကောင်း အဖြစ်မျိုးနဲ့ ကြုံရဘို့များပါတယ်… ခါးပိုက်နှိုက်အရမ်းပေါတယ်…. ပိုက်ဆံအိတ်တွေလုတယ်… အလုခံရတာတွေ့ရင်လည်း ဘေးကလူတွေက မကူညီကြပါဘူး… ဒါကြောင့် နယ်ခံတိုးရစ်စ်ဂိုက်တွေနဲ့ သွားလာတာက လုံခြုံစိတ်ချမှုပေးနိုင်ပါတယ်…
အဲလိုမှမဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့မှ လာချင်တယ်ဆိုရင်တော့ ကိုယ်တည်းတဲ့ အခန်းက safe box ထဲမှာ ပတ်စပို့အပါအဝင် အဖိုးတန်ပစ္စည်းနဲ့ ငွေကြေးတွေကို ထားခဲ့ပါ … သွားလေရာ မယူသွားပါနဲ့… ကိုယ့်အခန်းမှာ မသိမ်းချင်ဘူး၊ သိမ်းစရာ safe box မရှိဘူးဆိုရင် ကိုတည်းတဲ့ နေရာရဲ့ ဧည့်ကြိုကောင်တာမှာအပ်ထားခဲ့ပြီး အပ်ထားခဲ့ကြောင်း အထောက်အထားကိုလည်း သူတို့ဆီက တောင်းထားပါ… လမ်းသွားရင် ကိုယ့်အိတ်ကို လွယ်ရုံလွယ်မထားဘဲ လက်နဲ့လည်း အိတ်ကို ဆုပ်ကိုင်ထားပါ…ဒါမှ လုရင် အလွယ်တကူပါမသွားမှာဖြစ်ပါတယ်… လမ်းလျှောက်နေတုန်းဖုန်းပြောဖြစ်ရင်လည်း ဖုန်းကိုနောက်လက်တဖက်နဲ့အုပ်ထားပြီးပြောရင် အလုခံရဘို့နည်းပါတယ်…
အလုခံရလို့ ပတ်စပို့ပါသွားပြီးဆိုရင်တော့ နီးစပ်ရာရဲစခန်းမှာတိုင်ချက်ဖွင့်ပြီး တိုင်ချက်ဖွင့်ထားကြောင်း ထောက်ခံစာရယူပြီး အဲဒီထောက်ခံစာ နဲ့အတူ ကိုယ်တိုင်ရေး လျှောက်လွှာတစ်စောင်နဲ့ သံရုံးကို ယာယီပတ်စပို့လျှောက်ရပါမယ်… ယာယီပတ်စပို့ရရင် ဗီဇာလျှောက်ပြီး ဗီဇာပါမှ ဗီယက်နမ်နိုင်ငံက ပြန်ထွက်လို့ရမှာဖြစ်ပါကြောင်း ကျမတွေ့ကြုံရသမျှ အတွေ့အကြုံများကို ဝေငှလိုက်ပါတယ်ရှင်…

Saturday, November 12, 2011

ရောင်စုံလူသားများနှင့်ကမ္ဘာ


ရောင်စုံကမ္ဘာကြီးပေါ်မှာရောင်စုံလူသားများနေထိုင်လျှက်ရှိကြသည်… ကောင်းကင်သည် မိုးရွာပြီးစအချိန်မဟုတ်ဘဲနှင့် တချိန်လုံးသက်တံ့ရောင်စဉ် ဖြာတန်းလျှက်ရှိသည်… အပင်များကလည်းရောင်စုံအပင်များဖြစ်၍ တပင်ထဲမှာပင် ပင်စည်ကအနီရောင် အကိုင်းများကမဲနယ်ရောင် အခက်တွေကအညိုရောင် အရွက်တွေကအပြာရောင် အပွင့်တွေက တပွင့်ထဲမှာတွင် ပွင့်ဖက်တွေကရောင်စုံ အသီးတွေကလည်း တစ်လုံးထဲမှာ အရောင်စုံတွေ့ရသည်…
ရောင်စုံကမ္ဘာပေါ်ရှိလူများ၏မျက်နှာတွေကလည်း အရောင်အမျိုးမျိုးကွဲပြားလျှက်ရှိသည်… ဆံပင်ကတစ်ရောင် ခြေထောက်ကတစ်ရောင် လက်ကအရောင်ကလဲတမျိုး မျက်လုံးအရောင်ကလဲတစ်မျက်နှာထဲမှာတင် တဖက်နှင့်တဖက်အရောင်မတူကြ..
တိရိစ္ဆာန်တွေကလဲကိုယ်လုံးပေါ်မှာရောင်စုံအရောင်များတင်မက မျက်နှာ ခြေ လက် နားရွက် နှာခေါင်းတို့ကလည်း အရောင်ကွဲပြားကြသေးသည်..
ရောင်စုံလူသားများ ရောင်စုံမြေကြီးပေါ်မှာ သွားလာလျှက်ရှိသည်… ရောင်စုံခလေးငယ်များ ရောင်စုံ ရောင်စုံရေမြေပေါ်တွင် ရောင်စုံကစားစရာများနှင့် ဆော့ကစားလျှက်ရှိသည်… ရောင်စုံငှက်လေးများ ရောင်စုံကောင်းကင်ထက်တွင် ပျံသန်းလျှက်ရှိသည်… ရောင်စုံတိရိစ္ဆာန်များ ရောင်စုံအပင်များရှိသော ရောင်စုံသစ်တောထဲတွင် ကျင်လည်လျှက်ရှိသည်… ရောင်စုံကမ္ဘာနှင့် ရောင်စုံသက်ရှိသက်မဲ့များ သဟဇာတဖြစ်နေကြသည်…
တနေ့…. ရောင်စုံလူသားများပုံမှန်ကျင်လည်သက်ရှင်သွားလာနေသောထိုတနေ့တွင် ဝုန်းဆိုသော အသံကြယ်ကြီး မြည်ဟီးလျှက် ရောင်စုံကမ္ဘာကြီး ရုတ်တရက်မှောင်အတိကျသွားလေတော့သည်… ရောင်စုံလူသားများ ဘာဆိုဘာမှမမြင်ရတော့… အော်ဟစ်ငိုယိုသံများ ရုတ်ချည်းဆူညံသွားတော့သည်… ရောင်စုံမိဘများက မိမိတို့၏ရောင်စုံသားသမီးများ၏နာမည်များကိုအော်ခေါ်ပြီး သူတို့ရှိရာသို့လာခိုင်းသောအသံများ… ရောင်စုံသားသမီးများ၏ရောင်စုံမိဘများ၏နာမည်များကိုအော်ခေါ်လျှက်ငိုကြွေးနေသံများဖြင့်ဆူညံနေတော့သည်… ဆူညံနေသောအသံများ… လှုပ်ရှားရုန်းကန်သံများ… ထိခိုက်ပြိုလဲသံများ ဖြင့်ရောင်စုံကမ္ဘာကြီး မှောင်အတိကျပြီး နာရီအတော်ကြာသောအခါ ရုတ်တရက် အလင်းတန်းတခုဖြတ်ခနဲပေါ်လာလျှက် ဆူညံသံများရုတ်ချည်းတိတ်ဆိတ်သွားသည်… ထို့နောက် ရောင်စုံလူသားများ အရာအားလုံးအားပြန်လည်မြင်တွေ့နိုင်လာသည်… ရောင်စုံလူသားများ ပျော်ရွှင်စွာအော်ဟစ်သံများဖြင့် ခေတ္တခဏပြန်လည်ဆူညံသွားပြန်သည်… ဆူညံသံများခဏလေးမှာပင် ပြန်လည်ရပ်တန့်သွားသည်… အဘယ်ကြောင့်ဆိုသော် ရောင်စုံလူသားများရပ်တည်နေသောကမ္ဘာကြီးသည် ရောင်စုံကမ္ဘာကြီးမဟုတ်တော့… ကောင်းကင် နှင့် မြေကြီးသည် အဖြူရောင် ဆွတ်ဆွတ် အဖြူရောင်ကမ္ဘာကြီး အဖြစ်သို့ပြောင်းလဲသွားသည်ကို ရောင်စုံလူသားများ အံ့သြမှင်သက်လျှက် ....
ရောင်စုံလူသားများ ပုံမှန်ပြန်လည် အသက်ရှင်လှုပ်ရှားကြရန် အင်တိုက်အားတိုက် ကြိုးစားကြသော်လည်း ပုံမှန်အခြေအနေသို့ ပြန်မရောက်နိုင်ကြ… မိမိတို့နှင့် အသားကျနေပြီးဖြစ်သော ရောင်စုံကမ္ဘာကြီးကိုသာ တမ်းတလျှက် တိတ်ဆိတ်စွာ… အဖြူရောင်ကမ္ဘာကြီးကတော့ ဖြူဖွေးကြည်လင်လျှက် … ရောင်စုံလူသားများကတော့ ရောင်စုံကမ္ဘာကြီးကိုသာတမ်းတလျှက်…. နောက်ဆုံးတော့ ရောင်စုံလူသားများသည် မိမိတို့နှင့် အသားကျပြီးသောရောင်စုံကမ္ဘာကြီးကို ရှာဖွေရန်၊ ရောင်စုံကမ္ဘာကြီးနှင့် ဆင်တူယိုးမှား အရောင်များရှိသော ကမ္ဘာသစ်တခုအား ရှာဖွေရန် အဖြူရောင် ကမ္ဘာကြီး ပေါ်မှ တရွေ့ရွေ့ထွက်ခွါသွားကြလေတော့သည်…

Friday, November 4, 2011

အစားအစာ(၁)



ထမင်းကြော်



ဆော်လမွန်စူရှီ



ကြက်ဥထမင်းကြော်(ကြက်ဥခေါက်ကြော်ထဲမှာထမင်းကြော်ကိုထည့်ပြီးလိပ်ထားတာပါ) နှင့် Sausages



ကြာဇံကြော်



သုံးထပ်သားကင်



ကြက်အသည်းအမြစ် (ဝက်သားမစားတဲ့သူတွေ အချဉ်နဲ့တို့စားဘို့ အခြောက်ချက်ထားတာ)



ဝက်သားဒုတ်ထိုး



အချဉ်ရည်



ဘဲဥ (အချဉ်နဲ့တို့စားဘို့)




လောလောဆယ်စာမရေးဖြစ်လောက်အောင် အလုပ်တွေရှုပ်နေလို့ လာလည်သူတွေကို ချက်စားဖြစ်တာလေးတွေနဲ့ ဧည့်ခံလိုက်ပါတယ်....

Thursday, October 20, 2011

ချစ်သူသိစေ

ရင်ထဲကအကြင်နာတွေကို
မြင်သာအောင်သက်သေပြနေလဲ
တမင်မျက်နှာလွှဲရက်သူ....

ချစ်သူ့ရင်ခွင်မှာ
တွယ်ငင်ကာခိုနားချင်ပေမဲ့
ရှောင်ဖယ်လှည့်ထွက်ရက်သူ....

နာကျင်ဖွယ်စကားတွေဆို
ရှိုက်ငိုအောင်သူနှိပ်စက်
စိမ်းကားစွာထားရစ်ခဲ့သူ....

နှလုံးသားတွေကြေမွ
နွမ်းလျကာခွေယိုင်
ယှဉ်ပြိုင်မစိမ်းရက်နိုင်သူမှာ
ချစ်သူလှည့်ပြန်လာနိုး
တိတ်တိတ်မျှော်ကိုးလျှက်
မနက်ဖြန်တိုင်းကိုကျော်ဖြတ်
အသက်ဆက်လို့နေ
ချစ်သူသိစေ။

Tuesday, October 18, 2011

HAPPY BIRTHDAY KO MIN KO NAING


ကျမအလေးစားရဆုံးသော ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၏မွေးနေ့ပေါင်းများစွာကို သူ့ယုံကြည်ချက်ကို အားပေးထောက်ခံကြသော သူချစ်သောသူများ သူ့ကိုချစ်ခင်ကြသောသူများနှင့် နှစ်တိုင်းဆင်နွှဲနိုင်ပါစေ၊ အမြန်ဆုံးလွတ်မြောက်ပြီး လိုရာဆန္ဒများပြည့်ဝနိုင်ပါစေလို့ ဆုတောင်းလျှက်

Friday, October 7, 2011

မတူညီခြင်းညနေခင်း



ပုံကိုgoogleမှယူပါသည်


ချစ်သူထားရစ်ခဲ့သောထိုညနေကို ဘယ်လိုမှမေ့လို့မရ… အချိန်တွေကြာလာပေမဲ့ ရင်ထဲကဒဏ်ရာက ခုထိတိုင် တဆစ်ဆစ်နာကျင်နေဆဲ…
++++++++++++++++++++++++++++++++++
ချစ်သူနှင့်ကိုယ်တွေ့ဆုံခဲ့ကြတာ ဘာမှသိပ်မထူးခြားသော ညနေခင်းတခုမှာဖြစ်သည်… ပါတီပွဲတစ်ခု၏ တစ်ညနေမှာ မိတ်တွေတစ်ဦး၏မိတ်ဆက်ပေးမှုကြောင့် စတင်သိကျွမ်းခဲ့ကြသော ကိုယ်တို့နှစ်ဦးရဲ့ဆုံစည်းမှုက အလွန်တရာရိုးစင်းလွန်းလှသည်… မရိုးစင်းသည်က ကိုယ်တို့နှစ်ဦး၏မျက်ဝန်းများ… မျက်လုံးချင်းဆုံပြုံးပြကြတဲ့အခိုက်အတန့်မှာ မျက်ဝန်းကြည့်တွေကိုပြန်လည်ရုတ်သိမ်းဘို့ သတိမရတော့အောင် အချိန်အတော်ကြာ မျက်လုံးချင်းဆုံ ပြုံးပြဖြစ်နေကြမှန်း နှစ်ဦးလုံး သတိထားမိသွားတော့ နှစ်ယောက်ပြိုင်တူ ရှက်ရီ ရီမိကြသည်… အတူလာသော သူငယ်ချင်းများကိုမေ့ပြီး နှစ်ယောက်အတူ စကားတွေထိုင်ပြောရင်း ရင်ခုန်ကြည်နူးစွာ အချိန်တွေကုန်မှန်းမသိကုန်လွန်သွားခဲ့တဲ့ ထိုညနေခင်းပုံရိပ်လေးက ရင်ထဲမှာ အမှတ်တယ…
ထိုညနေမှအစပြုတွယ်တာမိသော ကိုယ်တို့နှစ်ယောက်ရဲ့သံယောဇဉ်ရစ်တွယ်မှုက ရုန်းထွက်မရနိုင်တော့အောင်ခိုင်မြဲစွာ ငြိတွယ်သွားမိတော့သည်…မတူညီခြင်းတွေအများကြီးရှိနေကြမှန်းသိရက်နှင့် တွယ်တာမိခဲ့ကြသော သံယောဇဉ်နွံထဲက နှစ်ဦးသားရုန်းထွက်မရနိုင်တာတစ်ခုကတော့ တူညီခဲ့သည်…
နှစ်ဘက်အပေါင်းအသင်းများ အားကျရလောက်အောင် သိပ်ချစ်ခဲ့ကြတဲ့ ကိုယ်တို့နှစ်ဦးရဲ့ချစ်သူဘဝက သူငယ်ချင်းများကြားမှာ ပြောစမှတ်ဖြစ်ခဲ့သည်…တွေ့ဖြစ်ကြတဲ့အချိန်တိုင်းမှာ မတူညီကြတဲ့ အကြောင်းအရာတွေကို ရှောင်ဖယ်မေ့ထားရင်း၊ တစ်ယောက်မျက်နှာမညှိုးအောင် တစ်ယောက်ကကြိုးစားရင်း နားလည်စာနာမှုတွေက ကိုယ်တို့အချစ်ကို ပိုမိုခိုင်မြဲစေခဲ့သည်…
အစထဲက အစမပျိုးခဲ့သင့်တဲ့ များစွာသော မတူညီခြင်းတွေ ဘယ်လောက်ဘဲရှိနေပါစေ… ကိုယ်တို့နှစ်ယောက်ရဲ့ချစ်ခြင်းသံယောဇဉ်ကို ဘယ်လိုအရာကမှ မချိုးဖျက်နိုင်ဟု ခိုင်မာစွာယုံကြည်ခဲ့သည်… ထိုယုံကြည်ခြင်းတွေကဘဲ ကိုယ်တို့နှစ်ယောက်ရဲ့ချစ်သက်တမ်းကို အချိန်ကာလအတော်ကြာအောင်ဆွဲဆန့်ထားနိုင်ခဲ့သည်…
ကိုယ်မထင်မှတ်ထားတဲ့အဖြစ်အပျက်က ကိုယ်မထင်မှတ်ထားတဲ့ညနေခင်းတစ်ခုမှာ ဖြစ်ခဲ့သည်… ထိုမထင်မှတ်ထားခြင်းကို ဖန်တီးသူက ချစ်သူ၏အသိုင်းအဝိုင်းမဟုတ်သလို ကိုယ့်အသိုင်းအဝိုင်းဘက်ကလဲမဟုတ်ဘဲ ချစ်သူကိုယ်တိုင်ဖြစ်နေခြင်းက ကိုယ့်ရင်ကို ပြင်းထန်စွာနာကျင်စေခဲ့သည်…
နှစ်ပေါင်းများစွာ တခါမှမတောင်းဆိုခဲ့ဘူးတဲ့တောင်းဆိုချက်တွေ တပုံတပင်က ထိုညနေခင်းမှာချစ်သူနှင့်အတူလိုက်ပါလာခဲ့သည်… အတူနီးနိုင်ဘို့ဆိုသော စကားတခွန်းက ဖြေရှင်းချက်တစ်ခုဟု ကိုယ်လက်မခံနိုင်ခဲ့…ကိုယ်တို့နီးကြဘို့ဆိုတာ ကိုယ်တို့နှစ်ယောက်၏ချစ်ခြင်း၊ လုံလောက်သောငွေကြေးနှင့် နားလည်မှုဘဲလိုအပ်သည်ဟု နှစ်ပေါင်းများစွာ သဘောတူလာခဲ့ပြီးမှ ရုတ်တရက်ပြောင်းလဲသွားခြင်းကို အဖြေရှာမရခဲ့…ချစ်သူဘဝမှာမလိုအပ်ခဲ့ပေမဲ့ အိမ်ထောင်တစ်ခုတည်ထောင်ဘို့ရန်အတွက် အလေးအနက်စဉ်းစားပြီးတောင်းဆိုခြင်းဖြစ်ကြောင်း ရှင်းပြနေသော ချစ်သူ့မျက်ဝန်းတွေမှာ ချစ်ခြင်းတွေကို အပြေးအလွှားရှာဖွေမိပေမဲ့ မတွေ့ရတော့…
မိန်းကလေးဖြစ်သောကိုယ့်ဘက်က ချစ်သူကို အရှိအတိုင်းလက်ခံနိုင်ရက်နဲ့ ချစ်သူက မတူညီမှုတွေကို တူညီခြင်းသို့ အတင်းအကျပ်ပြောင်းလဲခိုင်းခြင်းကို ကိုယ်ဘယ်နည်းနဲ့မှလက်မခံနိုင်ခဲ့…
ကိုယ့်ဘက်ကမပြောင်းရင် လက်တွဲဘို့မဖြစ်နိုင်ဟု ချစ်သူပြောရက်ခြင်းက ကိုယ့်ရင်ကိုစူးရှစွာနာကျင်စေသည်…သန့်ရှင်းဖြူစင်စွာ၊မြတ်နိုးကြင်နာစွာ၊နားလည်စာနာစွာချစ်တတ်ခဲ့သော ကိုယ့်ချစ်သူသည် သူမဟုတ်တော့…
မတူညီခြင်းတွေရှိနေလျှက်နဲ့ချစ်ခဲ့ကြပြီးမှ ထိုမတူညီခြင်းတွေကြောင့် လမ်းခွဲရတော့မည်ဆိုသည့်အခါ ကိုယ့်ရင်မှာခံစားနိုင်စွမ်းမရှိတော့… ချုံးပွဲချငိုယိုရင်း ချစ်သူကို ကိုယ့်ရှေ့မှ အမြန်ဆုံးထွက်သွားပေးဘို့တောင်းပန်မိသည်….
သွားပါတော့ချစ်သူ၊ထားရစ်ခဲ့ပါတော့… ညနေခင်းခြင်းတူခဲ့ပေမဲ့ ခံစားမှုခြင်းကမတူညီခဲ့သောထိုညနေခင်းများကိုသာ ကိုယ့်အတွက်ထားခဲ့ပေးပါတော့ချစ်သူ…
ညှိယူစရာမလိုတဲ့ နားလည်စွာချစ်မြတ်နိုးခြင်းတွေကိုဘဲ ကိုယ်တန်ဘိုးထားကြည်နူးခဲ့မိတာ… ညနေခင်းတစ်ခုမှာ စတင်ချစ်မြတ်နိုးခဲ့ကြပြီး ညနေခင်းတစ်ခုမှာ နာကျင်စွာလမ်းခွဲခဲ့ရတဲ့ ကိုယ်တို့ရဲ့ချစ်ဇာတ်လမ်းကို အပြီးသတ်ကြပါစို့…ချစ်သူထားရစ်ခဲ့သောထိုညနေကို ဘယ်လိုမှမေ့မရ…အချိန်တွေကြာလာပေမဲ့ရင်ထဲကဒဏ်ရာက ခုထိတိုင်တဆစ်ဆစ်နာကျင်နေဆဲ…
++++++++++++++++++++++++++++++++++
ခုချိန်မှာချစ်သူတစ်ယောက် သူနှင့်တူညီစွာလိုက်ဖက်ညီသူတစ်ဦးနဲ့အတူ အိမ်ထောင်တစ်ခု ထူထောင်နေလောက်ပြီဟုထင်ပါသည်…
ကိုယ်ကတော့ တစ်ယောက်တည်း ပျော်ရွှင်ခြင်းညနေခင်း၊နာကျင်ခြင်းညနေခင်းတို့ကို ယခုထက်တိုင်ရင်မှာသိမ်းဆည်းလျှက်….

Tuesday, October 4, 2011

ဘလော့ဂါဆိုတာဘာလဲ (Tag post)


ညီမလေးအိမ်ဂျယ်လှိုင်တဂ်ထားတာပါ…နောက်တောင်ကျနေပြီ… ဘလော့ဂါဆိုတာဘာလဲ… အရှေ့ပိုင်းရေးသူတွေကတော်တော်များများရေးပြီးသွားကြပြီဆိုတော့ ကျမမှာရေးစရာအိုင်ဒီယာသိပ်မရှိပါဘူး..ဒါကြောင့်လဲမရေးဖြစ်ဘဲကြာနေတာ… ဘလော့ရေးတဲ့သူက ဘလော့ဂါလို့တော့ အကြမ်းဖျင်းပြောလို့ရတာဘဲ… ကျမကတော့ မအယ်ရေးဘူးသလို ကြောင်ချီးဘလော့ဂါဘဲဖြစ်မှာပါ…. ပို့စ်လဲမှန်မှန်မတင်ဖြစ်၊ ဘလော့တွေလဲ သိပ်မလည်ဖြစ်ပါဘူး…
ဘလော့ဂါတစ်ယောက်က သာမန်လူတစ်ယောက်လိုပါဘဲ… သူကခံစားရတာလေးတွေ စာရေးချလိုက်တာဘဲ ကွာပါတယ်…( ကျမအမြင်မှာပေါ့…)ဒီထဲမှာမှ စာရေးဆရာတွေဘလော့ရေးတာရှိတယ်… ဘလော့ရေးရင်း စာရေးဆရာ ဖြစ်သွားသူတွေရှိတယ်… နှစ်ရှည် ဘလော့ဘဲရေးပြီး ဘလော့မှာပျော်နေသူတွေလဲရှိတယ်… သက်ငယ်ပိုင်းဘလော့ဂါလေးတွေ သိပ်အရေးအသားကောင်းသူ၊ ရေးအားကောင်းသူတွေရှိတယ်… သူတို့အားလုံး ဘလော့ဂါတွေပါဘဲ… ဘလော့ရေးနေတာကိုး…
ဘလော့ရေးစက ကိုယ်မှန်ရင်ပြီးရောဆိုပြီး ကိုယ်ရေးကိုယ်တာတွေကိုလဲ မလျှို့ဝှက်ခဲ့ပါဘူး… လျှို့ဝှက်စရာလို့လဲ မထင်ခဲ့ဘူး… ကိုယ်မဟုတ်တာလုပ်ထားတာဘာမှမရှိဘူးဆိုပြီး ခပ်တည်တည်ပါဘဲ… ဓာတ်ပုံတွေလဲတင်… ကိုယ်ရေးကိုယ်တာတွေလဲရေးမိ… တဂ်ပို့စ်တွေမှာပေါ့…
ခုရေးသက်လေး၃နှစ်နီးပါးရှိလာတော့ ပြန်ဆန်းစစ်မိတဲ့အခါ ကိုယ်ရေးကိုယ်တာဆန်လွန်းတဲ့ တဂ်ပို့စ်တချို့ကို ဒီလစ်လုပ်ပစ်ရပါတယ်… ကိုယ်ဘလော့ရေးတာပတ်ဝန်းကျင်အသိုင်းအဝိုင်းက သိနေပြန်တော့ ကိုယ်ရေးတဲ့စာတချို့က သူတို့ရဲ့အဖြစ်အပျက်တွေလားအထင်မှားခံရတာတွေလည်းရှိလာတယ်… ပါစင်နယ်သိပ်မဆန်အောင်ထိန်းရေးရင်းကကို အထင်မှားခံရပြန်တယ်…
ဒီတော့မှ ကိုဇော်ရေးထားတာလေးက အဓိပ္ပါယ်သိပ်ရှိပါလားလို့ သုံးသပ်မိတယ်…
{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }
ဘလော့ကိုတခါတခါမရေးတော့ချင်လောက်အောင် စိတ်ဓာတ်ကျဘူးတယ်… စီဘောက်ပိတ်ထားရတာလည်းခဏခဏ… ဒါပေမဲ့ ဝါသနာကတားမရတော့လည်း ဒီဘလော့လေးကို သံယောဇဉ်မဖြတ်နိုင်ပါဘူး…

ဘလော့ဂါအများစုဟာ တူညီတဲ့ခံစားမှုတွေရှိတယ်… အရေးကြုံရင်သွေးစည်းတယ်ဆိုတာဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကန့်ကွက်ရေးက သက်သေပါ…

ကိုယ့်ကိုယ်ပိုင်အမြင် ကိုယ့်ကိုယ်ကိုယ်သုံးသပ်ပြီးပြောရရင်တော့ ဘလော့ဂါဆိုတာ ဝါသနာပါလို့ဘလော့ရေးတယ်….စာပေစိစစ်ရေးတင်စရာမလိုတာကိုနှစ်သက်လို့ ဘလော့ရေးတယ်… ရေးချင်တာတွေရေးလို့ရလို့ဘလော့ရေးတယ်… ဘလော့ရေးရခြင်းကိုမြတ်နိုးတွယ်တာသူဖြစ်ပါတယ်
(တဂ်သောညီမငယ်အိမ်ဂျယ်လှိုင်အားကျေးဇူးတင်ပါသည်)