Friday, September 12, 2014

လေးဆယ်နိဒါန်း



အသက်လေးဆယ်ကို၂လကျော်ကျော်စွန်းခဲ့ပြီ…ဟိုးအရင်တုန်းက အသက်လေးဆယ်ကျော်ရင် ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းတစ်ခုနှင့်ရပ်တည်နေနိုင်ရမည်ဟု ရည်မှန်းထားခဲ့ဖူးသော်လည်း  ခုချိန်ထိ အိမ်ထောင်ရှင်မဆိုသော ရာထူးတစ်ခုသာ ကိုယ့်မှာရှိနေခဲ့သည်။ အရာရာ အချိန်ဇယားဆွဲအလုပ်လုပ်ခဲ့သူမို့ ဒီရည်မှန်းချက်ကိုအကောင်အထည်ဖော်ကိုဖော်ရမည်ဟူသော စိတ်ဆုံးဖြတ်ချက်​ကရင်ထဲမှာခိုင်မာနေခဲ့သည်။
အသက်လေးဆယ်ပြည့်ပြီမို့လည်း ထိုစိတ်ဆန္ဒက မေ့ထားလို့မရနိုင်လောက်အောင်နှိုးဆွနေလျှက်ရှိပြီး အကောင်အထည်ဖော်ဖို့ အချိန်သိပ်မရှိတော့သလိုခံစားရသည်။အိမ်ထောင်ရှင်မဘဝမှာ၁၅နှစ်ကျော်ကျေနပ်စွာဖြတ်သန်းခဲ့ပြီးကာမှ ဒီရည်မှန်းချက်ကိုအကောင်အထည်ဖော်ဘို့ရာ ဘယ်ကစရမှန်းမသိ။ မနှစ်ကအချိန်တွေအထိတော့ ကိုယ့်မှာအားလပ်ချိန်ဆိုတာတကယ်ကိုရှားပါးခဲ့သည်။ကိုယ်ပိုင်အချိန်များဖြစ်သော ခလေးတွေကျောင်းသွားချိန်များမှာတောင်ခလေးတွေနှင့်ခင်ပွန်းသည်ရဲ့ လိုအပ်ချက်များကိုသာ ဖြည့်ဆည်းဘို့ကြိုးစားရင်းအချိန်တွေ ကုန်မှန်းမသိကုန်သွားလေ့ရှိသည်။မနှစ်တုန်းကတော့ကိုယ်အတော်လေးကိုအလုပ်ရှုတ်နေခဲ့သည်။
ရန်ကုန်မှာတစ်နေ့ပြန်လည်အခြေချချိန်အဆင်သင့်ဖြစ်နေစေရန်ဆိုသောအတွေးနှင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။ရန်ကုန်နှင့်ဗီယက်နမ်ကို ခလေးတွေကျောင်းပိတ်ရက်ရတိုင်း ကူးချည်သန်းချည်ပြုလျှက် စာချုပ်ပေါင်းများစွာ…ရုံးပေါင်းများစွာနှင့် ရှုတ်ယှက်ခတ်နေခဲ့သည်။ဗီယက်နမ်မှာလည်း အိမ်အပြောင်းအရွှေ့၊ ခလေးတွေကျောင်းအပြောင်းအရွှေ့နှင့် အားလပ်ချိန်ဆိုတာမရှိလောက်အောင် အရင်လိုကွန်ပျူတာရှေ့လဲမထိုင်ဖြစ်တော့။ ဖုန်းအင်တာနက်ကမြည်တဲ့ notificationတွေကိုတောင်ဖွင့်မဖတ်နိုင်ခဲ့လောက်အောင် ကိုယ်ရေးကိုယ်တာကိစ္စများက ကိုယ့်အချိန်တွေကို သိမ်းပိုက်ထားခဲ့သည်။
အခုတော့ ဗီယက်နမ်မှာ အိမ်အသစ်နဲ့နေသားကျနေပြီဖြစ်သလို ခလေးတွေလည်းကျောင်းအသစ်မှာအဆင်ပြေနေပြီ။ ရန်ကုန်မှာလည်း လုပ်စရာတွေပြီးလုပြီးခင်မို့ ခဏခဏပြန်စရာလည်းမလိုအပ်တော့တဲ့အခါ ဒီအတွေးကဝင်လာခဲ့ခြင်းဖြစ်သည်။ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖြစ်ဖို့တော့ကြိုးစားရမည်ဖြစ်သည်။
အနောက်နိုင်ငံတွေမှာ အသက်လေးဆယ်မှဘဝစတယ်ဆိုတာကို ကိုယ်ကောင်းကောင်းကြီးလက်ခံလာနိုင်ခဲ့ပြီ။ တကယ်ကို ဘဝစလို့ကောင်းတဲ့ အချိန်အပိုင်းအခြားဖြစ်သည်။ အိမ်ထောင်ရေးမှာ ဇနီးမောင်နှံနှစ်ဦးအကြား အိမ်ထောင်သက်ကြာလာတဲ့အလျှောက် ပိုမိုရင်းနှီးပြီး တစ်ဦးနှင့်တစ်ဦး ပိုမိုနားလည်လာကြသောအချိန်ဖြစ်သလို ခလေးများကလည်း အရင်လို၂၄နာရီ မျက်စေ့ဒေါက်ထောက်ကြည့်နေစရာမလိုတော့တဲ့ အရွယ်တွေရောက်လာခဲ့ပြီ။ သူတို့ရဲ့ကျောင်းသွားချိန်တွေမှာ ကိုယ့်ဘဝကိုစတင်ဘို့ ကိုယ်ပိုင်အချိန်တွေတကယ်ကိုရလာခဲ့ပြီ။
ဘဝဆိုတာ နေတတ်ရင်ကျေနပ်စရာဆိုတာ တကယ်ကိုလက်တွေ့ပါဘဲ။ခလေးတွေကိုအရိပ်တကြည့်ကြည့်ထိန်းကျောင်းနေရချိန်များမှာလည်း ကြည်နူးစွာထိန်းကျောင်းခဲ့ပြီး သူတို့အတွက်သာ၂၄နာရီလုံးအချိန်ပေးလျှက် သူတို့အနားမှာနေရင်း ရင်မှဖြစ်သောထိုခလေးငယ်များ၏ အဆင့်ဆင့်ကြီးထွားလာခြင်းကို ကြည်နူးပီတိများနှင့် တစိမ့်စိမ့်ကြည့်ရင်း ကျေနပ်ဝမ်းမြောက်နေခဲ့ရချိန်တွေကိုခုထိမမေ့။
အခုတော့ သူတို့ကျောင်းသွားနေချိန်တွေမှာ ကိုယ့်ရင်ခွင်ထဲမှာ ထွေးပွေ့ရင်း နို့ချိုတိုက်ကျွေးခဲ့ချိန်များကို တခါတခါလွမ်းဆွတ်နေမိသည်။ သူတို့လေးတွေကျောင်းကပြန်လာတဲ့အခါ လွယ်အိတ်ထဲက စာအုပ်တွေထုတ်ပြီး ကိုယ့်အကူအညီတောင် သိပ်မလိုအပ်တော့ဘဲ အိမ်စာလုပ်နေကြတာကို ဘေးကထိုင်ကြည့်ရင်း ကိုယ့်ဝမ်းထဲမှာအကြာကြီးလွယ်ထားပြီးမှ လူ့လောကထဲသို့ဝင်ရောက်လာကြသော ဒီသေးသေးလေးတွေ ဒီအရွယ်တောင်ရောက်လာပြီကောဟု ကြည်နူးပီတိဖြစ်မိသည်။
သမီးတို့သားတို့က အခုကိုယ့်ဟာကိုယ်ဘာမဆိုလုပ်ကိုင်တတ်နေပြီ၊မာမီ့အကူအညီသိပ်မလိုကြတော့ဘူးဆိုတော့ မာမီအလုပ်လုပ်လို့ရပြီနော်လို့ပြောမိသောအခါ နားလည်တတ်နေပြီဖြစ်သော၁၂နှစ်ကျော်သမီးငယ်က ကျေကျေနပ်နပ်ခွင့်ပြုသလို ၈နှစ်ကျော်သားငယ်က ကျောင်းမှန်မှန်လာကြိုရင်ရတယ် ဟုဆိုကာခွင့်ပြုလိုက်ပြီဖြစ်သည်။ကိုယ့်ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးလေ့ရှိသောခင်ပွန်းကတော့ သဘောတူမှာသေချာတာမို့ ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ဘို့ရာ ကိုယ့်ကြိုးစားမှုနှင့် အချိန်ကာလအတိုင်းအတာတစ်ခုသာလိုအပ်ပါတော့သည်။

ချစ်ခင်စွာဖြင့်
Rose of Sharon