Thursday, February 23, 2012

မြန်မာနိုင်ငံသားရေမျှောဒုက္ခသည်၂ဦးအားဗီယက်နမ်နိုင်ငံဆိုင်ရာမြန်မာသံရုံးအစီအစဉ်ဖြင့်မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခြင်း။





မြန်မာနိုင်ငံပြန်တော့မဲ့အဲဒီကောင်လေး၂ယောက်ကို သံရုံးကတာဝန်ရှိသူတွေလိုက်ပို့ချိန် ကျမလဲသွားရောက်နှုတ်ဆက်ခဲ့ပါတယ်... သူတို့တွေနဲ့လေဆိပ်ထဲမဝင်ခင်စကားတွေပြောဖြစ်တယ်... သူတို့တွေထဲမှာတယောက်က ငါးဖမ်းလှေပေါ်ကပြုတ်ကျတာဖြစ်ပြီး တယောက်ကတော့ သဘောင်္ပေါ်ကနေရန်ဖြစ်ပြီးပင်လယ်ထဲခုန်ချလာတာလို့ပြောပါတယ်... ဗီယက်နမ်နိုင်ငံရေပိုင်နက်အတွင်းသို့ရေမျှောရောက်ရှိလာတဲ့သူတို့ကို ဗီယက်နမ်နိုင်ငံရေခြားစောင့်တပ်က ကယ်တင်ထားပြီး Tien Giang ခရိုင်တွင်တစ်ဦး၊ Camau province တွင်တစ်ဦးတို့ကိုထိန်းသိမ်းထားခဲ့ပါတယ်...ထို့နောက် သက်ဆိုင်ရာProvince တို့မှတာဝန်ရှိသူများကဗီယက်နမ်နိုင်ငံခြားရေးဌာနသို့ဆက်သွယ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံဆိုင်ရာမြန်မာသံရုံး၊ဟနွိုင်းမြို့သို့ ဆက်လက်သတင်းပေးပို့ပါတယ်...
ဟနွိုင်းမြို့ရှိမြန်မာသံရုံးမှတာဝန်ရှိသူများကထိုထိန်းသိမ်းခံရသူများကို မြန်မာနိုင်ငံသားဟုတ်မဟုတ်စိစစ်ခဲ့ပြီး ဟုတ်မှန်ကြောင်းစိစစ်တွေ့ရှိရလို့ အဆိုပါရေမျှောသူက္ခသည်နှစ်ဦးကို ဟနွိုင်းမြို့ရှိမြန်မာသံရုံးနှင့် ဟိုချီမင်းမြို့ရှိကောင်စစ်ဝန်ရုံးတို့မှ တာဝန်ရှိသူများ ပူးပေါင်းပြီး ဒီနေ့မနက်(၂၃၊၀၂၊၂၀၁၂) မှာ ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့မှ မြန်မာနိုင်ငံသို့လေယာဉ်ဖြင့် အဆင်ပြေချောမွေ့စွာပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်...
၁၉ရက်နေ့တုန်းကလည်း ကိုသန်းထိုက်ဆိုသူဒုက္ခသည်တစ်ဦးကို ခုလိုဘဲဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အစီအစဉ်နဲ့ ပြန်ပို့ခဲ့ပါသေးတယ်... ဒီနေ့ပြန်သွားကြတဲ့ဒုက္ခသည်နှစ်ဦးကတော့ ကိုအောင်မင်းနဲ့ ကိုဇော်နိုင်မိုးတို့ဖြစ်ကြပါတယ်...
အဆိုးတွေပြီးဆုံးသွားပြီမို့ အကောင်းတွေဘဲကြုံရတော့မှာပါလို့ အားပေးစကားတွေပြောရင်း ကျမတတ်နိုင်သလောက် လက်ဆောင်သေးသေးလေးတွေ ပေးဖြစ်ခဲ့သလို မြန်မာသံရုံးကလဲ သူတို့တွေအတွက် မုန့်ဘိုး(သို့)အသုံးစရိတ်ဆိုပြီး ငွေသားလက်ဆောင်( US$ )ပေးကမ်းခဲ့ပါသေးတယ်...
အဲလိုဒုက္ခသည်တွေရောက်လာလို့ဆိုပြီး သက်ဆိုင်ရာကသတင်းပေးလို့ ရန်ကုန်ပြန်ပို့ပေးရတာ အယောက်၄၀ကျော်လောက်ရှိခဲ့တယ်လို့ သိရပါတယ်...
အားလုံးကို ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးအစီအစဉ်နဲ့ဘဲ လေယာဉ်နဲ့ပြန်ပို့ပေးခဲ့တယ်လို့သိရပါတယ်...
ဒီနေ့ကတော့ ကျမနဲ့အခါအခွင့်တိုက်ဆိုင်သွားတာမို့ သူတို့တွေနဲ့တွေ့ခွင့်ရပြီး အားပေးစကားတွေပါပြောခွင့်ရခဲ့တာကို ဝမ်းသာမိပါတယ်... အမိမြေကိုပြန်ကြရမဲ့သူတို့တွေလည်း မိသားစုနဲ့ပြန်ဆုံစည်းရတော့မှာမို့ ဘယ်လောက်တောင်ပျော်နေမလဲတွေးရင်း သူတို့အတွက်လည်းဝမ်းသာမိပါတယ်... ရှေ့ဆက်လျှောက်မဲ့သူတို့ဘဝလေးတွေ ငြိမ်းချမ်းပါစေလို့ ကျမရင်ထဲကနေ လှိုက်လှိုက်လှဲလှဲဆုတောင်းပေးလိုက်ပါတယ်...

Sunday, February 19, 2012

လွတ်မြောက်တောင်


(ပုံကို Google မှယူပါသည်)


ဒီတောင်ထိပ်ပေါ်ကို သူရောက်ရှိနေခဲ့သည်မှာ ရက်အတန်ကြာခဲ့ပြီဖြစ်သည်… ယခုထက်ထိထိုတောင်ထိပ်ပေါ်မှ ထွက်ခွါသွားလိုစိတ် သူ့တွင်မရှိသေး…
………………………………………………………………………………………….
ထိုတောင်ထိပ်ပေါ်သို့ သူရောက်ရှိသွားဘို့အတွက် ခက်ခဲစွာဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်… သူ့မှာ အိမ်ထောင်ဖက်နှင့် သားသမီးများ ရှိနေသေးသည်မို့ သူလုပ်ချင်ရာလုပ်ပစ်ဖို့ လွယ်ကူစွာမဆုံးဖြတ်နိုင်ခဲ့… နှစ်အတန်ကြာ စိတ်ဖိစီးမှုများစွာကို အောင့်အည်းသည်းခံလျှက် ထိုနေ့ရက်ရောက်ရှိလာဘို့ကို ရည်မှန်းချက်ပန်းတိုင်တခုအဖြစ် သူနှလုံးသွင်းထားခဲ့သည်….

လုပ်ငန်းခွင်ထဲမှ သူ့ထက်ငါနေရာယူ ပြိုင်ဆိုင်မှုများမှ သူဘေးထွက်ခဲ့ပြီး ကိုယ့်ကိုသတ်မှတ်ပေးထားသော တာဝန်များကိုသာ ကျေပြွန်အောင်သူထမ်းဆောင်ခဲ့သည်… ထိုကဲ့သို့ဘေးထွက်နေရင်းကနေ တိုက်ခိုက်မှုတွေခံရတာမျိုးရှိလာလျှင်လည်း သူအတတ်နိုင်ဆုံးရှောင်ထွက်ခဲ့သည်… ရှောင်ထွက်ရင်းက ကိုယ့်ကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေသူများ ကိုယ်နှင့်ဝေးရာ ပိုမိုကောင်းမွန်သောနေရာများသို့ ရောက်ရှိသွားနိုင်ကြဘို့ ဆုတောင်းပေးနေမိသည်… ကိုယ်ကတော့ဒီကထွက်သွားဘို့မဖြစ်နိုင်တော့သောကြောင့် ဖြစ်သည်… နေရာသစ်တခုသို့ပြောင်းရွှေ့ဘို့ သူမစဉ်းစားတော့ဘဲ သူ့ပန်းတိုင်အောင်မြင်ရေးကိုသာ သူအလေးထားချင်တော့သည်….

သူ့မှာ သူများအပေါ် ပျက်စီးစေလိုစိတ်မရှိဘဲ သူ့ကိုမတိုက်ခိုက်ကြရုံသာရည်ရွယ်တောင်းမိသောထိုဆုကြောင့် သူ့လုပ်ငန်းခွင်ထဲမှ သူ့ကိုတိုက်ခိုက်ကြသူများ သူဆုတောင်းခဲ့သလို သူ့အနားမှ ရာထူးတိုးပြောင်းရွှေ့သွားကြသောအခါ သူလိပ်ပြာသန့်စွာပြုံးနေနိုင်ခဲ့ပါသည်… သူကတော့ ဒီနေရာ ဒီရာထူးမှာပင် တာဝန်တွေကျေအောင်ထမ်းဆောင်ရင်း သူ့ပန်းတိုင်သို့ရောက်ရှိရေးအတွက် အကွက်ချစီစဉ်လျှက်ရှိနေဆဲ…

သူ့အိမ်မှာ ဘာပစ္စည်းအသစ်ဝယ်မလဲ စိတ်ဝင်စားတတ်သော အိမ်နီးချင်းများကိုလည်း အလုပ်ကပြန်လာချိန်မျက်နှာချင်းဆိုင်တွေ့တိုင်း ကြည်လင်စွာပြုံးပြဘို့ သူကြိုးစားခဲ့သည်… သူ့အိမ်မှာ ကိုယ့်အိမ်မှာထက်သာသော ဇိမ်ခံပစ္စည်းများ ကို လာကြည့်လှည့်ပါဟုဖိတ်ခေါ်တတ်သော တအိမ်ကျော်မှ အိမ်နီးချင်းထံသို့ ပြုံးရွှင်စွာ သွားရောက်လည်ပတ်ပြီး ထိုပစ္စည်းများ သူမဝယ်နိုင်ပါကြောင်း ရိုးသားစွာဝန်ခံခဲ့ရခြင်းအား သူဂုဏ်ယူနိုင်ခဲ့ပါသည်… နောက်နောင်မတွေ့ရတော့မည့်ထိုသူများအပေါ် စိတ်ကောင်းကြည်လင်စွာဖြင့် သူဆက်ဆံနိုင်ခဲ့ခြင်းက ထိုပန်းတိုင်ကြောင့်သာဖြစ်သည်… အရင်ကတော့ ထိုအိမ်နီးချင်းများအပေါ် သူစိတ်ပျက်ခဲ့ခြင်းကို ရိုးသားစွာဝန်ခံလိုပါသည်… အခုတော့ သူ့ပန်တိုင်ရောက်ရှိရေးသာ သူ့အာရုံထဲမှာရှိသောကြောင့် လူအမျိုးမျိုးနှင့်စိတ်အထွေထွေများကို သူအရေးမထားတော့ပါ….
အိမ်ထောင်ဖက်နှင့်သားသမီးများ၏ လိုအပ်ချက်များစွာအတွက် နည်းနည်းမှ မညည်းညူတော့ဘဲ တနေ့ရစေရမည်ဖြစ်ကြောင်း ကတိပေးနိုင်လာသည်…ထိရည်မှန်းချက်ပန်းတိုင် ချမှတ်ပြီးချိန်မှပြီး သူ့စိတ်တွေငြိမ်းချမ်းလာခဲ့ကြောင်း သူသတိထားမိသည်…
ခုတော့သူ့ရည်မှန်းချက်ပြည့်ဝတော့မည်ဖြစ်သည်…သူအနှစ်နှစ်အလလစုဆောင်းခဲ့သော ငွေကြေးဖြင့် လုပ်ငန်းအသေးစားတခု ၊ လုပ်ငန်းလည်ပတ်ရန်အတွက် သူစိတ်ချရသောဝန်ထမ်းများ အရာအားလုံးကို သူ့အိမ်ထောင်ဖက်ထံလွှဲပြောင်းပေးခဲ့ပြီးဖြစ်ပြီး သားသမီးများလည်း ပညာစုံ အလုပ်ကိုယ်စီနှင့်ဖြစ်သောကြောင့် သူ့မှာနောက်ဆံတင်းစရာ ဘာတခုမှမရှိတော့ဟု သဘောထားပြီး ထိုခရီးကိုသူထွက်လာခဲ့တော့သည်…

………………………………………………………………………………………………………………………………………

သူထိုတောင်ထိပ်ပေါ်တွင်ထိုင်ရင်း သူ့ကိုယ်သူကျေနပ်နေခဲ့သည်…သူ့မှာပိုင်ဆိုင်သမျှသည် ခုချိန်တွင် မိုးကာတဲလေး၊အိတ်ထဲတွင်ရှိသော ထမင်းခြောက်များနှင့်အဝတ်အနည်းငယ်သာဖြစ်သည်… တောင်အောက်ကစမ်းချောင်းလေးတွင် သူလိုအပ်သမျှသယ်ယူရန် လုံလောက်သောရေရှိသည်… ဘဝတွင် ဘာမှမလိုအပ်သော ထိုခံစားချက်ကို တစိမ့်စိမ့်ခံစားရင်း တောင်ထိပ်ပေါ်တွင် သဘာဝတရားများနှင့် လက်ပွန်းတတီးရှိနေလိုသော သူ၏ရည်မှန်းချက်ပန်းတိုင်ပြည့်ဝခဲ့ခြင်းအတွက် ကြည်နူးပီတိဖြစ်မိသည်…

ဒီတောင်ထိပ်ပေါ်ကို သူရောက်ရှိနေခဲ့သည်မှာ ရက်အတန်ကြာခဲ့ပြီဖြစ်သည်… ယခုထက်ထိထိုတောင်ထိပ်ပေါ်မှ ထွက်ခွါသွားလိုစိတ် သူ့တွင်မရှိသေး….

Thursday, February 2, 2012

ဒို့ငယ်ငယ်တုန်းအရွယ်


(ပုံကိုဂူဂယ်လ်မှယူပါသည်)


အပူအပင်ကင်းတဲ့ခလေးလေးဘဝကို တခါပြန်ပြီးရောက်ချင်သေးတယ်…… အပြစ်မရှိသေးတဲ့ခလေးလေးဘဝကို တခါပြန်ပြီးရောက်ချင်သေးတယ်….”
…………………………………………………………………………………………………………………………..
မကြာမကြာဒီသီချင်းလေးကိုဆိုညည်းမိရင်း အဖေ၊အမေနဲ့မောင်နှမတွေကို အရမ်းလွမ်းတယ်… မောင်နှမခြောက်ယောက် တစ်ယောက်နဲ့တစ်ယောက်အသက်နှစ်နှစ်စီလောက်ဘဲကွာကြတာမို့ ကစားဖော် ကစားဖက်တွေဖြစ်ခဲ့တယ်…. မောင်နှမတွေထဲမှာ အစ်ကိုအကြီးဆုံးတစ်ယောက်ဘဲ ယောင်္ကျားလေးပါတာမို့ အဲဒီအစ်ကိုများ မိန်းခလေးလုပ်ချင်စိတ်ပေါက်သွားမလားလို့ ပတ်ဝန်းကျင်ကစိုးရိမ်ခဲ့ကြသေးတာ.. တကယ်တမ်းမှာ ညီမတွေက အစ်ကိုကြီးဦးဆောင်ဆော့တဲ့ ကစားနည်းတွေကိုဘဲ လိုက်ဆော့ခဲ့ကြတာမို့ ကျမတို့ညီအစ်မတွေဘဲ မိန်းမသိပ်မဆန်သလို ဖြစ်ခဲ့ရတာ…
အစ်ကိုကြီးက အိမ်မှာရှိတာလေးတွေနဲ့ ကစားစရာတွေတီထွင်ပေးတတ်တယ်… ရာဘာဖိနပ်တွေဟောင်းသွားရင် အဝိုင်းလေးတွေရအောင်ဖြတ်၊ သစ်သားအတိုအစတွေ ဝါးချောင်းလေးတွေနဲ့ လက်တွန်းပြီးဆော့လို့ရအောင်လုပ်ပေးတယ်… သူတီထွင်ပေးတာတွေတစ်ပုံကြီးရယ်… ကျမက သိပ်မမှတ်မိတော့တာ… ပုံပြောလဲသိပ်ကောင်းတယ်…ညီမတွေစိတ်ဝင်စားအောင်ပုံပြောပြရင်း မိဘတွေမအားချိန်မှာ ညီမတွေကိုထိန်းခဲ့တာ…
မောင်နှမတွေတရုံးရုံးနဲ့ အိမ်မှာဘဲပျော်တဲ့ကျမဟာ ကျောင်းသွားဘို့ အကြောက်အကန်ငြင်းပြီးငိုခဲ့ရတာ… ဘယ်လိုငိုငို ကျောင်းကိုတော့ရောက်အောင်သွားခဲ့ရတာပါဘဲ… ကျမငိုလွန်းလို့ ကျမထက် နှစ်နှစ်ဘဲကြီးတဲ့အမဟာ ကျမအတန်းမှာလာလာထိုင်ပေးခဲ့တယ်… အဲဒီအရွယ်မှာဘဲ အတန်းထဲမှာ အိမ်ကမုန့်ဘိုးမရတဲ့ ကျမရဲ့အတန်းဖော်တစ်ယောက်ဟာ ကျမဆီကမုန့်ဘိုးတွေကိုညာညာယူတယ်… အဲဒီအမသိတော့ အဲဒီအတန်းဖော်ဆီက ကျမရဲ့မုန့်ဘိုးတွေကိုပြန်တောင်းပေးတယ်… ကျမကိုလဲ နောက်ထပ်အညာမခံရအောင်ဆုံးမခဲ့တယ်… သူငယ်တန်းပြီးလို့ တစ်တန်းရောက်တော့ ကျောင်းတက်တာနေသားကျသွားချိန်မှာ အတန်းပိုင်ဆရာမပြောင်းတယ်… အဲဒီဆရာမက အသားတော်တော်မဲတယ်… ကျမငယ်ငယ်က အသားမဲတဲ့သူဆိုအရမ်းကြောက်တာ… ကျောင်းရောက်တိုင်း ဆရာမမျက်နှာမြင်တာနဲ့အော်အော်ငိုတာ… ထိုင်ချင်တော့လည်းရှေ့ဆုံးတန်းမှာဆိုတော့ ကျမအငိုတိတ်အောင် ဆရာမခင်မျာ သူ့မျက်နှာကို သူ့ဆွဲခြင်းလေးနဲ့ ကာကာထားရှာတာ…
ငယ်ငယ်တုန်းကစာသိပ်တော်ခဲ့ဘူးတယ်… နှစ်တိုင်းဆုပေးပွဲမှာဆုတတ်ယူခဲ့ရတယ်..(ငယ်ငယ်ကပါ)… စာတော်သလောက်အဆော့လဲအရမ်းမက်ခဲ့တယ်… မောင်နှမထဲမှာ အသေးဆုံးအညှပ်ဆုံးကျမက အပြေးကတော့အရမ်းသန်တာ… စိမ်ပြေးတိုင်းဆော့ရင် ကျမကိုတော်တော်နဲ့မမိကြဘူး… ထုတ်ဆီးတိုးရင်လည်း လူကသေးသေးနဲ့ လှစ်ကနဲ လှစ်ကနဲ ပြေးနိုင်တော့ ကိုယ်ပါတဲ့အဖွဲ့ကနိုင်တာများတယ်… အီဆွတ်ခုန်ရင်လဲ ကိုယ်ကအမြဲသူများကိုကူရသေးတာ… အဖွဲ့လိုက်ကစားတိုင်းကိုယ်က ခေါင်းဆောင်…
အိမ်မှာလဲကိုယ်ကအရမ်းအသုံးဝင်တာ… အမေဟင်းချက်ခါနီး တခုခုလိုလို့ပြေးဝယ်ဆို ကိုယ်ဘဲ… အမေက ခြေမြန်တော်လို့ခေါ်ပြီးခိုင်းရင် သဘောတွေကျပြီးပြေးတော့တာ… ငယ်ငယ်က ကျမတို့နေရတဲ့ ဝန်ထမ်းအိမ်ယာဝင်းလေးဟာ သိပ်အေးချမ်းပြီးပျော်စရာကောင်းတယ်… ဝင်းထဲက ပျဉ်ထောင်အိမ်တန်းလျားလေးတွေ ကိုကျော်လာလိုက်ရင် ဘောလုံးကွင်းကြီးရှိတယ်… အဲဒီဘောလုံးကွင်းကြီးရဲ့နောက်မှာကိုယ်တို့နေတဲ့ နှစ်ထပ်တိုက်လိုင်းလေးရှိတယ်… ခြံကလဲ အရှေ့အနောက်အကျယ်ကြီးဆိုတော့ ခြံထဲမှာ စားပင်တွေ ပန်းပင်တွေလဲအများကြီးရှိတယ်… ဒန့်သလွန်ပင်၊ပေါက်ပန်းဖြူပင် တွေက တို့စရာလိုတိုင်း ကိုယ်တက်ခူးပေးနေကျ… ကိုယ်က မိသားစုအတွက် အပင်တက်ရာမှာလဲ အသုံးဝင်ခဲ့သေးတာ… မာလကာပင်ကတော့ ကိုယ်နဲ့တချိန်လုံးရှိနေခဲ့တဲ့ ကိုယ့်ရဲ့အဖော်… တခါတလေ မာလကာပင်ပေါ်မှာ စာကျက်၊ တခါတလေ မျက်စိလေးမှိတ်ပြီးမှိန်းနေခဲ့ရတာ ကို သိပ်သဘောကျတာ….မာလကာသီးတွေကို မြန်မြန်စားလို့ရအောင် ပလတ်စတစ်လေးနဲ့ အုပ်ထားပေးပြီး ကိုယ်ဦးထားမှန်းသိအောင် နာမည်လဲထိုးထားရသေးတာ…..
မိုးတွင်းဆို မောင်နှမတွေ မိုးရွာတာနဲ့ အိမ်ရှေ့ကဘောလုံးကွင်းထဲ ပတ်ပြေးပြီး မိုးရေချိုးခဲ့ကြတာ… တခါတော့ မိုးရေချိုးရင်း ကျမရဲ့အမတစ်ယောက် ငါးရှဉ့်တစ်ကောင်ဖမ်းလာပြီး ငါးရှဉ့်ကြိုက်တတ်တဲ့ အဖေ့ဆီအပြေးအလွှားသွားပို့တယ်… အဖေက သေချာကြည့်ပြီး ဟဲ့အဲဒါငါးရှဉ့်မဟုတ်ဘူး၊ မြွေဆိုပြီးလွှင့်ပစ်လိုက်တော့မှ အမခင်မျာ ကြောက်ပြီးငိုလိုက်တာ တော်တော်နဲ့ မတိတ်ဘူး…
အဖေနဲ့အမေ မအားတာတို့ အပြင်သွားစရာတို့ရှိတိုင်း ကျမတို့မောင်နှမတတွေ ကြီးစဉ်ငယ်လိုက် တစ်ယောက်တစ်လှည့်စောင့်ရှောက်ရင်း အိမ်မှာနေကြရတယ်… တနေ့ အဖေနဲ့အမေမရှိတုန်း ကျမတို့ညီအမတွေချည်း အိမ်မှာကျန်ခဲ့တယ်… အိမ်မှာ ကျမတို့မောင်နှမတွေ အရပ်ရှည်အောင်လို့ အဖေက ဘားတန်းခိုလို့ရအောင် ထုတ်တန်းမှာ လုပ်ပေးထားတယ်… ကျမတို့တွေ တလှည့်စီခိုရင်း အရပ်ရှည်ဘို့ထက် လွှားခနဲ လွှားခနဲ ခုန်ခုန်ပြီးဆော့ကြတယ်… ကျမတို့အလှည့်မှာ အဆင်ပြေပေမဲ့ ကျမအစ်မတစ်ယောက် အလှည့်မှာ လွှားခနဲအခုန် ဘားတန်းကို မခိုမိဘဲ ပြန်ပြုတ်ကျတာ အွတ်ခနဲဘဲ… ပြီးတော့ သူကမလှုပ်တော့ဘူး… ကျမတို့ညီအမတွေ သူသေသွားတာလားတွေးပြီး သူ့အနားလဲမကပ်ရဲကြဘဲ ဒီတိုင်းကြည့်နေကြရင်း သူပြန်လှုပ်လာတော့မှ သူ့အနားသွားရဲကြတော့တယ်… အဲဒီထဲက သူ့ခင်မျာဘားတန်းမခိုဖြစ်တော့ဘူးထင်ရဲ့… မောင်နှမထဲမှာ သူအပုဆုံးဖြစ်သွားတယ်… :D
ကျမရဲ့ခလေးဘဝဟာ သူငယ်ချင်းနဲ့ဆော့ကစားရတာထက် မောင်နှမတွေနဲ့ဆော့ရတာကိုဘဲ ပိုပြီးပျော်မွေ့ခဲ့ပါတယ်… သူငယ်ချင်းတွေက ဆော့ကစားရင် အငြင်းအခုံဖြစ်ရင် မခေါ်ကြတော့ဘူး… မောင်နှမတွေနဲ့က ငြင်းရလဲခဏဘဲ… မောင်နှမတွေတည့်အောင်ဆော့ကြလို့ ဖေဖေ လှမ်းဟန့်လိုက်တာနဲ့ အေးဆေးပြန်ဖြစ်သွားရော…
ငယ်ငယ်ကဘဝကိုတကယ်လွမ်းပါတယ်… ကိုယ်ရွေးတဲ့လမ်းဟာ မောင်နှမတွေနဲ့ဝေးရမဲ့လမ်းမို့ ဝေးနေရပေမဲ့ ကျမရဲ့မောင်နှမတွေကို ကျမအမြဲလွမ်းနေမိတယ်… ငယ်ငယ်တုန်းကလို တစ်အိမ်ထဲ အတူပြန်နေရဖို့မဖြစ်နိုင်တော့တဲ့ဆုကို တခါတလေ တောင့်တမိတယ်… ရန်ကုန်ပြန်တိုင်းလဲ ငယ်ငယ်ကနေခဲ့ဘူးတဲ့ အဲဒီဝန်ထမ်းအိမ်ယာလေးရှေ့ကဖြတ်တိုင်း ငယ်ဘဝကိုပြန်မြင်ယောင်ပြီး မျက်ရည်လည်လွမ်းဆွတ်မိတယ်… ခလေးဘဝရဲ့အရိပ်တွေဟာ ဘယ်တော့မှမေ့ပျောက်မရတဲ့အရာတွေ….အလွမ်းပြေဝင်ကြည့်လို့တောင်မရတော့တဲ့ အဲဒီဝင်းလေးကို အခုထိ အိပ်မက်တွေထဲထည့်မက်နေတုန်း….

(ခုတလောစာရေးရမှာပျင်းနေတုန်း အဲဒီပို့စ်လေးရေးချမိတော့ ရေးချင်တာတွေ အများကြီး ထွက်လာပေမဲ့ အရမ်းရှည်သွားမှာစိုးလို့အကျဉ်းဘဲချုံးလိုက်ရတော့တယ်… )