Thursday, October 29, 2009

ဗီယက်နမ်မှာ(၅)

(ရှစ်လအရွယ်သားငယ်)


၂၀၀၃ခုနှစ်ကနေ၂၀၀၅ခုနှစ်အတွင်း ဗီယက်နမ်မှာ နေခဲ့ရတဲ့ အချိန်တွေဟာ ကျမအတွက် အပျော်ဆုံးအချိန်တွေ လို့ပြောလို့ရပါတယ်.... ဆွေမျိုးတွေလို ရင်းရင်းနှီးနှီး ဆက်ဆံလို့ရတဲ့ မြန်မာလူမျိုး သူငယ်ချင်းတွေရခဲ့တယ်... အိမ်နီးနားချင်းသူငယ်ချင်းတွေထဲက ပြင်သစ်အမျိုးသမီးတစ်ယောက်၊ဖိလစ်ပိုင်သူတစ်ယောက်နဲ့ ဗီယက်နမ်သူငယ်ချင်းတစ်ယောက် တို့ဟာလဲ သိပ်ကိုခင်စရာကောင်းပါတယ်.... သူငယ်ချင်းတွေစုပြီး နေ့လည်စာထွက်စားကြတိုင်း သမီးလေးကို အိမ်ဖော်နဲ့ မထားရက်တဲ့ အတွက် ကျမသွားလေရာ သမီးလေးပါစမြဲ.... ကျမသူငယ်ချင်းတွေကြားမှာ သမီးလေးကတော့ ပျော်လို့.... တစ်အုပ်လုံးမှာ ခလေးခေါ်လာသူဆိုလို့ ကျမတစ်ယောက်ထဲ ရှိပေမဲ့ နားလည်ပေးကြပါတယ်.... တစ်နေ့တော့ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဂျပန်အမျိုးကမီးက ကျမကိုထုတ်ပြောပါတယ်... အရင်တုန်းက ကျမကိုသွားလေရာ ခလေးတန်းလန်းခေါ်လာလို့ သူ့စိတ်ထဲထူးဆန်းနေမိတယ်တဲ့.... အခုတော့ သူက ကျမလာရင် ခလေးမခေါ်လာမှာတောင်စိုးမိတယ်တဲ့.... အဲဒီနှစ်တွေအတွင်းမှာ ဒီဇင်ဘာလရောက်တိုင်း ရန်ကုန်ကို အလည်ပြန်ကြပါတယ်.... သမီးလေးရဲ့ မွေးနေ့ကို ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ ကျင်းပပေးချင်တာရော.... ဒီဇင်ဘာမှာ ကိုယ့်ရဲ့မိခင်အသင်းတော်မှာဘဲ ဘုရားပြန်ရှိခိုးချင်တာတွေကြောင့် နှစ်တိုင်း တစ်လလောက်တော့ ပြန်လည်ဖြစ်တယ်.... အချိန်တန်လို့ ဗီယက်နမ်ပြန်တော့မယ်ဆိုရင် သမီးလေးက လေဆိပ်မှာ ဘယ်လိုမှ ချော့မရအောင် အသည်းအသန်ငိုတယ်.... နဂိုက သမီးလေးကို မျက်နှာတစ်ချက် အပျက်မခံဘဲ အရိပ်ကြည့်နေခဲ့သူမိခင်တစ်ယောက်အနေနဲ့ ကျမ အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်... သမီးလေးကို အမျိုးမျိုးချော့ရင်း ကျမလဲ မျက်ရည်ကျရပါတယ်.... ဟိုမှာ အပေါင်းအသင်းတွေ ဘယ်လောက်ဘဲ ရှိရှိ... ဘယ်လိုဘဲ ကောင်းကောင်းနေရနေရ... မိဘဆွေမျိုးတွေရဲ့ အေးရိပ်မေတ္တာမျိုးတော့ မရနိုင်ဘူးလေ.... ကိုယ်ပျော်ရာ ကိုယ့်နိုင်ငံမှာ မနေရတဲ့အခါ နေရတဲ့နေရာမှာဘဲ ပျော်အောင်ကြိုးစားနေနေကြရတာဘဲလေ... ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာလို့ ကိုယ့်ကိုကိုယ် ပြန်အားပေးရပါတယ်.... ဗီယက်နမ်လေဆိပ်ကို ပြန်ရောက်တိုင်းလည်း ကျမမှာမျက်ရည်ဝဲရပါတယ်.... ထွက်ခွါလာခဲ့တဲ့ ကိုယ့်နိုင်ငံလေဆိပ်နဲ့ ဘာမှမဆိုင်တဲ့ ကွဲပြားခြားနားမှုတွေအတွက် ဝမ်းနည်းမိတယ်.... လေယာဉ်ပေါ်ကဆင်းတာနဲ့ လေဆိပ်ထဲတန်းရောက်....Immigration ကောင်တာတွေအများကြီးရှိတာကြောင့် အကြာကြီးတန်းစီရပ်စရာမလိုတဲ့ အပြင် ကောင်တာကထွက်တာနဲ့ အောက်ထပ်မှာ ကိုယ့်Luggage ကအဆင်သင့်ဆွဲယူရုံဘဲ.... Customကောင်တာမှာလဲခဏလေးဘဲ.... အားလုံးအဆင်ကိုပြေလို့.... သူများနိုင်ငံတိုးတက်တာကိုကြည့်ပြီး ကိုယ့်နိုင်ငံရဲ့ဆုတ်ယုတ်မှုအတွက် အရမ်းဘဲ စိတ်မကောင်းဖြစ်မိတယ်... ကျမလိုဘဲ တခြားသူတွေလဲ ဒီလိုဘဲခံစားကြရမယ်လို့ထင်ပါတယ်..... ဒီလိုနဲ့ဘဲ သမီးလေးအသက်နှစ်နှစ်ခွဲအရွယ်မှာ မူကြိုထားဘို့ အချိန်တန်ပြီဆိုပြီး မူကြိုကျောင်းတွေလိုက်စုံစမ်း စိတ်ကြိုက်တွေ့တဲ့ကျောင်းလေးမှာ သမီးလေးကိုမူကြိုစထားပါတယ်....မှတ်မှတ်ရရ ၂၀၀၄ခုနှစ် ဇူလိုင်လမှာပါ... သမီးလေးမူကြိုမှာ နေသားကျသွားတဲ့ ၂၀၀၅ခုနှစ်မှာ နောက်ထပ်ခလေးတစ်ယောက်ထပ်ယူဘို့ ဆုံးဖြတ်လိုက်ပါတယ်... ကိုယ်ဝန်ရပြီးတဲ့အခါ ဟိုချီမင်းက ဆေးရုံကြီးတစ်ခုမှာ ပြင်သစ်ဆရာဝန်တစ်ယောက်နဲ့ ကိုယ်ဝန်အပ်တယ်.... အားဆေးလဲမသောက်ခိုင်း.... လနုကိုယ်ဝန်သွေးဆင်းတာကိုလဲ ဘာကုသမှုမှမပေးနဲ့ လုံးဝစိတ်တိုင်းမကျပါဘူး... ဒါနဲ့ဘဲ မှန်းထားတဲ့ အချိန်ထက်ရန်ကုန်ကိုစောပြန်ခဲ့ရပါတယ်.... ဘာကြောင့်မှန်းမသိ ကျမစိတ်ထဲမှာ မြန်မာဆရာဝန်တွေကိုဘဲ စိတ်တိုင်းကျပါတယ်.... ကျမကြုံခဲ့ရတဲ့ မြန်မာOG နှစ်ယောက်စလုံးဟာ လူနာတွေအပေါ်တကယ်ဘဲနွေးထွေးပါတယ်.... ဟိုချီမင်းမှာတွေ့ခဲ့ရတဲ့ ပြင်သစ်OGနဲ့ဘာမှမဆိုင်ပါဘူး.... ကျမရန်ကုန်ပြန်မွေးရကျိုးနပ်ပါတယ်.... မိသားစုရဲ့ဂရုစိုက်မှုအောက်မှာ ကျမစိတ်တွေအရမ်းချမ်းသာခဲ့ရတယ်....သမီးလေးအတွက်လဲပူစရာမလို... ဝိုင်းကြည့်ပေးတဲ့အမျိုးတွေကြားမှာ သမီးလေးလဲပျော်လို့... ၂၀၀၆ခုနှစ်မတ်လ၂၁ရက်နေ့မနက်မှာ ချစ်စရာကောင်းတဲ့သားလေးကို မွေးဖွားခဲ့ပါတယ်.... သားလေးတစ်လခွဲမှာ ဗီယက်နမ်ကိုပြန်လာခဲ့ပါတယ်.... သားငယ်လေးအလှည့်မှာတော့ အတွေ့အကြုံရှိပြီးသား ဖြစ်သွားပြီမို့ အစစအရာရာအဆင်ပြေပါတယ်.... မိသားစုအလည်ခရီးတွေလဲ ခဏခဏထွက်ဖြစ်တယ်.... နီးနီးနားနား စင်္ကာံပူနိုင်ငံကိုတော့ ပိုသွားဖြစ်တယ်... ဒါပေမဲ့ကျန်းကျန်းမာမာမွေးဖွားခဲ့တဲ့ သားလေးဟာတစ်နှစ်ခွဲအရွယ်မှာ အရေးပေါ်ဆေးရုံတက်ခဲ့ရတယ်...ခြေမကိုင်မိလက်မကိုင်မိနဲ့ တကယ်ကို သောကရောက်ခဲ့ရတယ်.... အသက်ရှုလမ်းကြောင်းကို ဗိုင်းရပ်စ်ဝင်ပြီး အသက်ရှုလမ်းကြောင်းပိတ်တာပါ.... နောက်ပိုင်းလဲခဏခဏဖြစ်နိုင်တာမို့ ဆရာဝန်က အသက်ရှုလမ်းကြောင်းဖွင့်ပေးတဲ့ ရှုဆေးမှုတ်တဲ့စက်လေးဝယ်ခိုင်းပါတယ်... အဲဒါလေးနဲ့နောက်ပိုင်းမှာ အဆင်ပြေသွားပါတယ်... အရေးပေါ်ကြုံလာရင်တောင် အိမ်မှာဘဲ အရင် ကုသပေးထားလို့ရပါတယ်.... ရင်ကျပ်ပန်းနာရောဂါလိုဖြစ်မှာ စိုးရိမ်လို့ ဆရာဝန်ကိုမေးကြည့်ပါတယ်... ကြီးတဲ့ အထိဖြစ်နေမှာလား... ဘယ်အရွယ်လောက်ထိဆက် ဖြစ်နိုင်လဲလို့ ... ဆရာဝန်ရဲ့အဖြေက ဒီမှာခလေး အများစုအဲလိုဘဲဖြစ်ကြတယ်တဲ့ ... ဗီယက်နမ်မှာ မနေတော့ရင် မဖြစ်တော့ဘူးတဲ့
(ဆက်ရန်)

Friday, October 23, 2009

ကော်ပြန့်စိမ်း

လက်ဖက်သုပ်နဲ့ရေနွေးကြမ်း
ကော်ပြန့်စိမ်းလိပ်ဖို့ အစာပလာများ

ကော်ပြန့်စိမ်းနှင့်အချဉ်


ကန်ပွန်းချဉ်ရွက်ကြော်၊ပန်းဂေါ်ဖီကြော်၊ပုဇွန်နှင့်အာလူးဟင်း



ကြက်သားဒံပေါက်၊ငါးနီတူခြောက်အစပ်ကြော်၊ငါးရံ့ခြောက်မီးဖုတ်




ပို့စ်အသစ်တင်ဘို့ mood မဝင်ဖြစ်နေပါတယ်... ခလေးတွေကလဲ တလှည့်စီနေမကောင်း.... farmtown မှာ တစ်သန်းတန်အိမ်ဝယ်ဘို့ လုံးပန်းနေရတာနဲ့ တခြားအကြောင်းကြောင်းတွေကြောင့် ဒီတပတ် ပို့စ်မတင်ဖြစ်ပါဘူး...ဒါပေမဲ့ တပတ်ကို အနည်းဆုံး ပို့စ်တစ်ခုတော့ တင်မယ်လို့ ဆုံးဖြတ်ထားတာကြောင့် ဒုတိယ အကြိမ်ဆားချက်လိုက်ပါတယ်... ကော်ပြန့်စိမ်းက သူငယ်ချင်း တစ်ယောက်အိမ်မှာ စုပြီးလုပ်စားဖြစ်တာပါ... ဓာတ်ပုံတွေက လက်ကိုင်ဖုန်းနဲ့ ရိုက်လို့ သိပ်မကောင်းဘူး... နဂိုထဲက ဓာတ်ပုံရိုက်တာလဲ မတော်တော့ သည်းခံပြီး ရှုစားသွားကြပါနော်...
ဘလော့ဂါမောင်နှမများနဲ့ လာလည်သူအားလုံးကိုချစ်တဲ့
rose of sharon



Tuesday, October 13, 2009

ဗီယက်နမ်မှာ(၄)

(ရ)လ အရွယ်သမီးလေး



၂၀၀၂ခုနှစ် နှစ်လည်ပိုင်း အဲဒီတခေါက်ပြန်လာတဲ့ အချိန်မှာ ဗီယက်နမ်ဟာ တော်တော်တိုးတက်နေပါပြီ... မီတာနဲ့မောင်းတဲ့တက္ကစီတွေလဲ နေရာတိုင်းမှာရနေပြီ.... အိမ်ကနေဖုန်းနဲ့လှမ်းခေါ်ရုံနဲ့ ၅မိနစ်၁၀မိနစ်အတွင်း အိမ်ရှေ့ကိုရောက်လာပါတယ်... လာရတဲ့အတွက်လဲပေးစရာမလိုဘဲ ကိုယ်စဝင်ထိုင်တဲ့ အချိန်ကနေဘဲ မီတာစမှတ်ပါတယ်.... နိုင်ငံတကာ အဆင့်မှီဆေးရုံတွေလဲ ရှိနေပြီ....... ခါးပိုက်နှိုက်တွေ ရှိနေသေးပေမဲ့ အရင်လောက် မများတော့ဘူး..... စူပါမားကတ်တွေလဲ များလာတယ်.... ၁၉၉၉ခုနှစ် ကထက် အများကြီးနေလို့ကောင်းလာတယ်.....
သမီးလေးက ခြောက်လကျော်ရုံလေးရှိသေးတာမို့ ခလေးသုံးပစ္စည်းတွေ ရောက်ပြီးနောက်တစ်ရက်မှာ အမြန်ပြေးဝယ်ရပါတယ်.... ခလေးကူထိန်းပေးမဲ့ ခလေးထိန်းလဲ အမြန်ရှာရပါတယ်... အပြင်သွားတိုင်း ချစ်စရာကောင်းတဲ့ သမီးလေးကို သူများတွေ တောင်းတောင်းချီကြလို့ စိတ်ညစ်ရပါတယ်... ခလေးက နုနယ်တဲ့ အရွယ်မို့ ကိုယ်မရင်းနှီး အကြောင်းမသိတဲ့ သူတွေမှာ ရောဂါတခုခုရှိပြီး သမီးလေးကို ကူးမှာ စိုးရိမ်လို့ပါ.....ဈေးသွားတိုင်းလည်း သမီးလေးပါရင် ဈေးသည်တွေက ခလေးကချစ်စရာကောင်းလိုက်တာဆိုပြီး ဝယ်တာထက် ပိုပြီင်္း အများကြီးအပိုပေးကြပါတယ်.... ရောက်ခါစမှာ သမီးလေးက ပတ်ဝန်းကျင်အပြောင်းအလဲကို လက်မခံချင်ဘူးထင်ရဲ့... မရပ်မနားငိုပါတယ်... မောရင်အိပ်သွားလိုက်... ဗိုက်ဆာရင်အစားစားလိုက် ပြီးရင်ပြန်ငိုလိုက်နဲ့.... သားဦးမို့ အတွေ့အကြုံ မရှိတဲ့ ကျမ တကယ်ကို အရူးတပိုင်း ဖြစ်ခဲ့ရပါတယ်.... ခလေးငိုတိုင်း ဆေးရုံကိုပြေးလွန်းလို့ နောက်ပိုင်းမှာ ဆေးရုံကဆရာဝန်မလေးက သူ့ဖုန်းနံပါတ် ပေးထားပြီး တခုခုဖြစ်ရင် သူ့ဆီ အရင်ဖုန်းဆက်ခိုင်းပြီး ဘာဖြစ်လဲ အရင်မေးပါတယ်...လိုအပ်မှ ဆေးရုံကိုလာခိုင်းပါတယ်.... အဲဒီဆရာဝန်မလေးကို အခုအချိန်ပြန်မတွေ့ရတော့ပေမဲ့ စဉ်းစားမိတိုင်း အရမ်းကျေးဇူးတင်မိပါတယ်.... တကယ့်စေတနာဆရာဝန်မလေးပါ....... သမီးလေးတဖက်နဲ့ ဟိုချီမင်းနဲ့ ဟနွိုင်းကို တလတခါ အမြဲသွားရတယ်... ခလေးရှိလာတဲ့အခါ ဟိုချီမင်းမှာနေရတာ ပိုအဆင်ပြေပါတယ်... ဟနွိုင်းမြို့လေးက အေးချမ်းပေမဲ့ လိုချင်တဲ့ ပစ္စည်း ရှာဝယ်ရတာ အဆင်မပြေသေးပါဘူး(၂၀၀၂ခုနှစ်မှာပါ)..... ဟိုချီမင်းမှာတော့ အဲဒီအချိန်ထဲက နိုင်ငံတကာ အဆင့်မှီ စူပါမားကတ်တွေ ရှိနေပါပြီ.... အဲဒီနှစ်ထဲမှာဘဲ ခင်မင်ခဲ့ရတဲ့ အခုချိန်ထိ ဆွေမျိုးရင်းချာတွေလို ရင်းနှီးသွားခဲ့တဲ့ သီသီ၊ဝါဝါ နဲ့ မအဲတို့ဟာ ကျမအတွက် ဟိုချီမင်းအမှတ်တရတွေပါဘဲ...ရေခြားမြေခြားမှာ ဆုံတွေ့ခဲ့ရပြီး ပြောမနာဆိုမနာ တယောက်ကိုတယောက် ဖေးဖေးမမနဲ့ ခင်မင်ခဲ့ကြရတာတွေကြောင့် သူတို့ကို ကျမဘယ်တော့မှ မမေ့ပါဘူး.... အဲဒီကစလို့ ဟိုချီမင်းမှာ မြန်မာအမျိုးသမီးတွေ တအိမ်အိမ်မှာ အမြဲစုပြီး မြန်မာ အစားအစာ တွေချက်စားကြတာ အစဉ်အလာတခုလိုဖြစ်သွားခဲ့တာပါ......... မြန်မာတိုင်းတော့ မဟုတ်ပါဘူး..... မြန်မာလို့ပြောရမှာ ရှက်တဲ့သူတွေလဲရှိပါတယ်... အဲလိုလူမျိုးတွေကတော့ ကျမတို့လို ကိုယ့်အိတ်ကိုယ်စိုက်ပြီး မြန်မာလိုက်စုတတ်သူတွေကို ရှောင်ပါတယ်.......တခါတုန်းကလဲ ကျမသူငယ်ချင်းတယောက်က ရန်ကုန်မှာမျက်မှန်းတန်းထားသူတယောက်ကို ဟိုချီမင်းတနေရာမှာ တွေ့လိုက်ရလို့ ဝမ်းသာအားရသွားနှုတ်ဆက်တဲ့ အခါ ဘာတွေလာပြောနေတာလဲ...နားမလည်ဘူးလို့ English လိုပြန်ပြောလိုက်တယ်....... နောက်တခါ စားသောက်ဆိုင်တခုမှာ ကျမနဲ့ တခြားမြန်မာ၃ယောက် နေ့လည်စာစားနေတုန်း တခြားဝိုင်းမှာထိုင်နေတဲ့ မြန်မာတယောက်က သူ့ဘေးကလူကို သူမြန်မာဖြစ်ကြောင်း ကျမတို့ကို မပြောပြဘို့မှာကြောင်း နောက်ပိုင်းမှာ ပြန်သိရပါတယ်....... လွန်ခဲ့တဲ့၆လလောက်တုန်းကလဲ ကျမရဲ့ခင်ပွန်းသည်က သူ့ရုံးခန်းကိုအခုလာခဲ့ဘို့ မှာပါတယ်..... ဘာမှန်းမသိ ကမန်းကတန်း ထလိုက်သွားမိတယ်... ဟိုရောက်တော့ သူ့ဆီကို အလုပ်ကိစ္စနဲ့ တခြားCompanyက လာတွေ့တဲ့သူက မြန်မာဖြစ်နေလို့ ကျမနဲ့မိတ်ဆက်ပေးဖို့ပါ.... စကားတွေပြောရင်း ဖုန်းနံပါတ်လဲကြတယ်... နောက်မြန်မာတွေဆုံမဲ့ အစီအစဉ်ရှိရင် လှမ်းဖုန်းဆက်မယ်လို့ ပြောလိုက်တယ်... နောက်တပါတ်မှာ မြန်မာတွေဆုံမဲ့နေရာကို ဖုန်းဆက်ပြောတော့ အဲဒီတယောက် ဖုန်းမကိုင်ပါဘူး.... တခြားတယောက်လာကိုင်ပြီး မရှိဘူးလို့ပြောပါတယ်... လာကိုင်တဲ့သူပြောတာ မြန်မာသံပေါက်တဲ့ Englishစကားသံနဲ့ပါ.... ကျမလဲ အကျိုးအကြောင်းကို English လိုဘဲပြောပြလိုက်ပြီး သူပြန်လာရင် ဖုန်းပြန်ဆက်ခိုင်းဘို့ mesage ထားခဲ့လိုက်တယ်... ခဏနေတော့ ဖုန်းပြန်ခေါ်ပြီး မလာနိုင်ကြောင်းပြောပါတယ်... ကျမလဲနောက်ပိုင်း မဆက်သွယ်တော့ဘဲ ကြံဖန်ပြီးတော့ဘဲ နားလည်ပေးလိုက်ပါတယ်... အဲလိုမြန်မာလို့အသိမခံချင်သူတွေ မြန်မာအသိုင်းအဝိုင်းကို ရှောင်ချင်သူတွေဟာ..... တနေနေရာရာမှာ မြန်မာမို့လို့ ဆိုးဆိုးရွားရွား အနှိမ်ခံခဲ့ရဘူးတာမျိုး ဒါမှမဟုတ် မြန်မာအချင်းချင်းစိတ်နာစရာ တွေကြုံခဲ့ရတာမျိုး တခုခုရှိခဲ့လို့ နေမှာပါလို့ ဖြေတွေးပေးလိုက်ပါတယ်...... အကြောင်းအရာတိုင်းမှာသူ့ reason နဲ့သူတော့ရှိကြတာဘဲလေ.....
(ဆက်ရန်)

Thursday, October 8, 2009

သူငယ်ချင်းကောင်းဆိုတာ

(သူငယ်ချင်းတစ်ယောက် email ပို့ပေးတာကို မျှဝေပေးတာပါ)






Friend ( သူငယ်ချင်းကောင်းဆိုတာ)

A - Accepts you as you are.

သင့်ကိုအရှိအတိုင်းလက်ခံသူ

B - Believes in ''you'' .

သင့်ကိုယုံကြည်သူ

C - Calls you just to say ''HI'' .

"နေကောင်းရဲ့လား"ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ

D - Doesn't give up on you.

သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ

E - Envisions the whole of you (even the unfinished parts)

သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအ၀င်)ကို
မှန်းမျှော်ပီတိဖြစ်နေသူ

F - Forgives your mistakes.

သင့်အမှားများကို ခွင့်လွှတ်တတ်သူ

G - Gives unconditionally.

ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတတ်သူ

H - Helps you.

ကူညီဖေးမသူ

I - Invites you over.

နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ

J - Just ''be'' with you.

သင်နှင့်အတူရှိနေတာကို ကျေနပ်သူ

K - Keeps you close at heart.

လှိုက်လှဲပွင့်လင်းစွာ ခင်မင်သူ

L - Loves you for who you are.

ဆင်းရဲ ချမ်းသာမပါသော ချစ်ခြင်းဖြင့်ချစ်ခင်သူ

M - Makes a difference in your life.

သင့်ဘ၀မှာ သူရှိနေသည့်အတွက် အပြောင်းအလဲဖြစ်စေသူ

N - Never judges.

အပြစ်တင်ဝေဖန်ခြင်းမပြုသူ

O - Offer support.

သင့်ဘက်မှ ရပ်တည်ထောက်ခံပေးမည့်သူ

P - Picks you up.

ဝမ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးမည့်သူ

Q - Quiets you fears.

ကြောက်ရွံ့စိတ်ကို ပြေပျောက်စေသူ

R - Raises your spirits.

စိက်ဓာတ်မြှင့်ပေးသူ

S - Says nice things about you.

သင့်ရဲ့ကောင်းကွက်လေးများကိုသာ ရွေးချယ်ပြောသည့်သူ

T - Tells you truth when you need to hear it.

သင့်ကိုယ်ချင်းစာစိတ်ဖြင့်နားထောင်ပါက အမှန်ကိုပြောမည့်သူ

U - Understand you.

သင့်ကိုနားလည်သူ

V - Values you.

သင့်ကိုတန်ဖိုးထားသူ

W - Walks beside you.

သင့်နားမှာ လျှောက်လှမ်းပေးမည့်သူ

X - Xplains thing you don't understand.

သင်နားလည်လာသည်အထိ ရှင်းပြပေးမည့်သူ

Y - Yells when you won't listen.

သူ့စကားကိုနားမထောင်ပါက အော်တတ်သူ

Z - Zaps you back to reality.
သင့်အားအမှန်တရားဘက်သို့ပို့ဆောင်ပေးမည့်သူ

Tuesday, October 6, 2009

ဗီယက်နမ်မှာ(၃)

(ကျမနှင့် Mrs Kim)

ပိုဆိုးတာက သူတို့မိသားစုထဲမှာ လူစဉ်မမီ ဥာဏ်ရည်မမီတဲ့ သူတစ်ယောက်ပါလာတယ်... စစ်ရဲ့ဆိုးမွေပေါ့.... ဗီယက်နမ်မှာ အဲလိုမျိုး Agent Orange Victims တွေတော်တော်များပါတယ်.... အဲလိုမျိုး စာဝတ်နေရေး အဆင်မပြေတဲ့ကြားက ဒီလိုလူ မိသားစုထဲပါလာတဲ့အခါ စိတ်ရောလူရော ပိုပြီးပင်ပန်းကြရပါတယ်...အဲဒီအကြောင်းအကျယ်တဝင့်သိချင်ရင်(http://www.vn-angentorange.org/) မှာကြည့်နိုင်ပါတယ်... ဒါပေမဲ့ သူ(ကျမရဲ့အိမ်ဖော် အမျိုးသမီးကြီးMrs Kim)ကတော့ တခြားသူတွေလောက် မရိုင်းပါဘူး... ဆင်းရဲပေမဲ့ပညာကို မရ ရအောင် ကြိုးစားသင်ယူခဲ့လို့ ဗဟုသုတ လဲကြွယ်ဝပါတယ်.... အင်္ဂလိပ်စကားလည်း ကောင်းကောင်းပြောနိုင်ပါတယ်... အခုတော့ သူ့သားတွေလဲ ပညာတတ်တွေ ဖြစ် အိမ်ထောင်တွေကျကုန်လို့ မြေးတွေထိန်းရတော့မှာမို့ သူအလုပ်မလုပ်တော့ပါဘူး... ကျမဆီတော့ တခါတလေ လာလည်ပါတယ်...(သူ့အကြောင်းရေးရတာက ပေါက်ကရအတွေးများပိုင်ရှင် စည်သူကတောင်းဆိုထားလို့ပါ)



သူတို့လူမျိုးတွေက အင်္ဂလိပ်စကားပြောမှာ အားနည်းပါတယ်... အများအားဖြင့် ဒီမှာနေတဲ့နိုင်ငံခြားသားတွေဟာ သူတို့စကားကို အနည်းဆုံး ဈေးဝယ်ဖို့လောက်တော့ သင်ထားကြရပါတယ်... အင်္ဂလိပ်စကားပြောနိုင်ကြသူတွေရှိပေမဲ့ အများစုက အသံထွက်တော်တော် ညံ့တာမို့ သိပ်နားမလည်ပါဘူး... နေတာကြာသွားမှသာ သူတို့ရဲ့ အင်္ဂလိပ်စာအသံထွက်ကို ဘာပြောရင် ဘာကိုဆိုလိုတယ် ဆိုတာ မှန်းတတ်သွားမှဘဲ အဆင်ပြေပါတယ်... ဥပမာ Saigon Square ဆိုရင် ဆိုင်ဂုံကွဲ လို့အသံထွက်ကြတယ်... Lucky Plaza ဆိုရင် လူကီလာဇာလို့ အသံထွက်တယ်... Village ကိုဗီလာ လို့အသံထွက်တယ်... အဲလိုတွေသိသွားတဲ့အခါ သူတို့စကားမပြောနိုင်ပေမဲ့လဲ အဆင်ပြေသွားပါတယ်.... ကျမကတော့ အဲဒီ၁၉၉၉ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် နှစ်ဦးပိုင်းအထိ ရန်ကုန်နဲ့ ဗီယက်နမ်ကို သွားလိုက်ပြန်လိုက်ပါဘဲ... ဗီယက်နမ်မှာ အကြာကြီးလိုက်မနေနိုင်တာကြောင့် ရန်ကုန်မှာ စီးပွါးရေး တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်ပြီး စားသောက်ဆိုင်တစ်ဆိုင်ဖွင့်လိုက်ပါသေးတယ်... ဒါပေမဲ့ တစ်နှစ်ပါဘဲ.... အကြောင်းကြောင်းကြောင့် ဆက်မလုပ်တော့ဘို့ဆုံးဖြတ်လိုက်တာပါ (အဲဒီအကြောင်းနောက်မှရေးပါမယ်) နောက်ဆုံးနှစ်စာမေးပွဲဖြေရတော့မဲ့၂၀၀၁ခုနှစ်မှာ ခလေးယူတော့မယ်လို့ဆုံးဖြတ်လိုက်ပြီး ခင်ပွန်းသည်နဲ့ အတူ ဗီယက်နမ်မှာ လိုက်နေတယ်...ကိုယ်ဝန်ရှိတယ်လို့ ကိုယ့်ကိုကိုယ် သံသယဝင်တဲ့ အချိန်မှာ ဗီယက်နမ်မှာ ခလေးမွေးရမှာကြောက်မိတယ်... ဒီလိုအချိန်မျိုးမှာ မြန်မာဆရာဝန်နဲ့ဘဲပြချင်တယ်... ဒါပေမဲ့ခင်ပွန်းသည် သဘောမတူမှာစိုးလို့ သူ့ကိုဖွင့်မပြောဘဲ ရန်ကုန်ပြန်ဘို့ ကိုယ့်ဟာကိုယ် စီစဉ်တယ်.... လေယာဉ်လက်မှတ်ဝယ်ပြီးတော့ မပြန်ခင် နှစ်ရက်အလိုမှာ မြန်မာသံရုံးကို အသွား လမ်းမှာ ဆိုင်ကယ်မှောက်တယ်... စိတ်ထဲမှာကိုယ်ဝန်ပျက်သွားရင်ဒုက္ခလို့ တွေးပြီးကြောက်လိုက်တာ... ယောင်္ကျားကို မပြောထားတော့ ကိုယ့်ဟာကိုယ်တိတ်တိတ်လေး လန့်နေမိတယ်.... ရန်ကုန်ရောက်ရောက်ခြင်း test လုပ်တော့ ကိုယ်ဝန်ရှိတာ သေချာသွားတယ်... ဆရာဝန်သွားပြတော့ bleeding ဖြစ်နေတာကို ဆရာဝန်အရင်မပြဘဲ ဒီတိုင်းပြန်ချလာတဲ့ ကိုယ် အဆူခံရတယ်... ဘုရားပေးတဲ့ခလေးမို့ သမီးလေးလူ့လောကထဲရောက်လာရတာ... ကျမရဲ့တဇွတ်ထိုး စိတ်ကို ပထမဆုံးအကြိမ်နောင်တရမိတယ်.... ဆေးထိုးဆေးသောက်နဲ့ ကိုယ်ဝန်မြဲအောင် အိပ်ရာပေါ်မှာ ၂လလောက် နားလိုက်ရတယ်.... ကိုယ်ဝန်တစ်ဖက်နဲ့ နောက်ဆုံးနှစ်စာမေးပွဲကိုလည်း ဖြေဆိုအောင်မြင်ခဲ့ပါတယ်... ကြင်ယာစုံပြီးမှ ပညာစုံခဲ့တာပါ.... ၂၀၀၁ခုနှစ် ဒီဇင်င်္ဘာလ ၂၀ရက် ညသန်းခေါင် မှာကိုယ်ဝန် ၃၇ ပတ်နဲ့ ဗိုက်တွေနာလာတယ်...မနက်၆နာရီလောက်ဆေးရုံကိုရောက်သွားတယ်...သားအိမ်ပွင့်တာ 5cmနဲ့ရပ်သွားပြီး ဆက်မပွင့်တော့လို့ အရေးပေါ် ဗိုက်ခွဲပြီး မနက်၈နာရီ၁၆မိနစ်မှာ ကျမ်းမာ လှပတဲ့ သမီးလေးကို မွေးဖွားခဲ့ပါတယ်.... ကျမအတွက် ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့ ဘုရားပေးတဲ့ဆုလေးပါ.... သမီးလေး ကာကွယ်ဆေးတွေ အကုန်ထိုးပြီးလို့ ၆လောက်ကျော်ကျော်လောက်မှာ ဗီယက်နမ် ကိုပြန်လာကြပါတယ်....


(ဆက်ရန်)