Monday, September 28, 2009

Virtual world မှာ

Restaurant city
Pet society

Farm town


Farm ville



တနေ့တနေ့Virtual world မှာအချိန်တွေ ကုန်နေတယ်.... ဒါပေမဲ့ကျေနပ်တယ်.... တနေ့တနေ့ ကိုယ့်ဘလော့လေးရယ် Facebook ရယ် အလှည့်ကျလည်ပတ်ရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတယ်.... Facebook ထဲမှာနဲ့ ကိုယ့်ဘလော့လေးမှာ ကိုယ့်ဘဝအမှန်ရှိတယ်.... နာမည်အရင်းနဲ့ ဘလော့နာမည်က အဓိပ္ပါယ် အတူတူဘဲ.... ဘလော့လေးကို ဖွင့်မယ်.... comment လေးတွေ.... c box ကနှုတ်ဆက် စကားလေးတွေနဲ့ ကြည်နူးမှုတွေ အစပြုတယ်.... ပြီးရင် လင့်ထားတဲ့ ဘလော့ list တွေထဲက အသစ်တက်လာသမျှ အကုန်လိုက်လည်တယ်... post မတင်တာ ကြာသွားတဲ့ မောင်နှမတွေကို c box မှာ လိုက်နှုတ်ဆက်တယ်.... post အသစ်တွေ ဖတ်ပြီးရင် ကိုယ် ခံစားနားလည် တဲ့အတိုင်း comment ရေးခဲ့တယ်.... Face book မှာ friend request တွေကို add လုပ်တယ်... friend suggestions ထဲက ကိုယ်သိတဲ့သူတွေကို add လုပ်တယ်.... home page မှာ ပေါ်လာတဲ့ လင့်တွေကို comment ရေးတယ်... ပြီးရင် Farmtown,Farmville,Pet society,restaurant city ဆော့တယ်... Mafia wars တော့ တခါတလေမှ ကလစ်လုပ်တယ်.... ကိုယ့်ဘဝလေး Virtual world မှာငြိမ်းချမ်းတယ်....

Thursday, September 24, 2009

ဗီယက်နမ်မှာ(၂)

ကောင်လေးတွေကတော့ကြည့်လို့ကောင်းသူ တော်တော်နည်းပါတယ်.... စကားပြောသံတွေက အစ ကိုယ့်နားထဲမှာ ယောင်္ကျားမပီသဘူးလို့ ထင်တယ်... လမ်းလျှောက်တာလဲကြည့်လို့မကောင်း.... အရပ်တွေကလဲပုတာများ... စိတ်တွေကလဲ တိုတတ်လိုက်ကြတာ ... တလောကတီဗွီထဲမှာတော့ အရပ်လေးရှည်ရှည် ရုပ်ကလေးလဲ မဆိုးတဲ့ မင်းသားတစ်ယောက် တွေ့လိုက်တော့ ဟဲ့ ချောတာလေးရှိသားဘဲ လို့မှတ်ချက်လေး ပေးမယ်မကြံသေးဘူး အဲဒီကောင်လေး night club သွားပြီး ကတဲ့အခန်းလဲရောက်ရော နွဲ့လိုက်တာဆိုတာ မိန်းခလေးတောင် ရှုံးမယ်... ဒီတော့ချုံပြောရမယ်ဆိုရင် ဗီယက်နမ်ကောင်လေးတွေက ဗီယက်နမ်မလေးတွေလို ဆွဲဆောင်အား မကောင်းကြပါဘူး... ကောင်မလေးတွေ ဆွဲဆောင်အား ကောင်းလွန်းလို့ ပြိုကွဲသွားကြတဲ့ ရင်းနှီးသူတချို့ရဲ့ အိမ်ထောင်တွေ အကြောင်း နောက်အပိုင်းတွေမှာ ရေးပါအုန်းမယ်... ကိုယ့်အကြောင်းဆက်ရမယ်ဆိုရင်တော့ အဲဒီ ၁၉၉၉ ခုနှစ်မှာ ကျောင်းမပြီးသေးတာကြောင့် ခလေးမယူသေးဘူးလို့ စဉ်းစားထားတယ်... ကျောင်းပြီးသွားပြီး ခင်ပွန်းသည်နဲ့ အချိန်ပြည့် အတူလာနေနိုင်မှ ခလေးယူဘို့ဆုံးဖြတ်လိုက်တယ်... ဒီတော့ အိမ်ထောင်ကျခါစ သိပ်လဲ မရင့်ကျက်သေးချိန်မှာ ခလေးလဲမရှိကြတော့ လင်မယား နှစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ကြနဲ့ပေါ့... အဲဒီတုန်းက မြန်မာ လူမျိုး အသိလဲ တစ်ယောက်မှ မရှိဘဲ နိုင်ငံခြားသား သူငယ်ချင်းတွေနဲ့ဘဲ ပေါင်းနေရတယ်... မြန်မာသံရုံး ကိုဆက်သွယ်ပြီး ရောက်ရှိနေထိုင်ကြောင်း သတင်းပို့ပါတယ်....... ဒါပေမဲ့ သိပ်မကြာခင်မှာဘဲ ခင်ပွန်းသည် တင်းနစ် ရိုက်နေကျ နေရာမှာ တာဝန်ကျနေတဲ့ မန်နေဂျာက မြန်မာရုပ်ပေါက်တယ် ဆိုပြီး မြန်မာလားလို့ မေးတော့ ဟုတ်တယ်လို့ ပြန်ပြောရင်း စကားတွေပြောရင်း ခင်မင်သွားကြရာက မြန်မာသူငယ်ချင်း တစ်ယောက် ပထမဆုံး ရခဲ့ပါတယ်... သူကမှတဆင့် မနန်းစိုးနဲ့ အဆက်အသွယ်ရပြီး မိတ်ဆက် ကြရာကနေ မနန်းစိုးနဲ့လဲ နောက်ပိုင်းမှာ ညီအမတွေလို ခင်မင်သွားခဲ့ပါတယ်... သူကကျမထက် စောရောက်နေတဲ့ အပြင် ဗီယက်နမ်စကားလဲ အနည်းငယ်ပြောတတ်တော့ ကျမအတွက် အတော်လေးအားကိုးရပါတယ်... သူ့ကြောင့်ဘဲ တနင်္ဂနွေမှာ ဘုရားရှိခိုးတဲ့ ဆီလဲရောက်ခဲ့ရတယ်... အခုတော့ သူနဲ့ အဆက်အသွယ်ပြတ်နေပေမဲ့ တခါတခါ သတိရတိုင်း သူ့ကိုကျေးဇူးတင်မိပါတယ်... အဲဒီအချိန်တုန်းက ခင်ပွန်းသည်ရဲ့ အလုပ်က ဟနွိုင်းမှာရော ဟိုချီမင်းမှာပါ တာဝန်ယူရတော့ ကူးလိုက်သန်းလိုက်နဲ့ပါဘဲ... ဟိုချီမင်းမြို့ကတော့ တော်တော်ကျယ်တယ်... မြို့ကြီးသလောက် လူနေလဲ ထူထပ်တယ်... ဗီယက်နမ်တွေရဲ့ ပျမ်းမျှအိမ်အကျယ်ဟာ ၁၀/၄၀ပေ လောက်ဘဲရှိတာမို့ တော်တော်လေးကျဉ်းပါတယ်... ဒါကြောင့် အိမ်အများစုဟာ အနဲဆုံး ၃ထပ်မြင့်တွေ ဆောက်ထားကြပါတယ်... ကျမမျက်စေ့ထဲမှာတော့ စာကလေးအိမ်လေးတွေလိုပါဘဲ... လမ်းတွေကလဲ ကျဉ်းပါတယ်... ၁၉၉၉ခုနှစ်လောက်တုန်းကတော့ ကားလမ်းပေါ်မှာ ဆိုင်ကယ်တွေသာများပြီး ကားတွေကနည်းနေလို့ လမ်းတွေကျဉ်းတာ သိပ်ပြသနာ မဟုတ်ပေမဲ့ အခုအချိန်မှာတော့ လမ်းတွေအရမ်းပိတ်ပါတယ်... လမ်းကျဉ်းကျဉ်းလေးပေါ်မှာ ဆိုင်ကယ်တွေလဲပိတ် ကားတွေကလဲများလာတော့ တခါတခါ မီပွိုင့်ကို ၄ခါ၅ခါလောက် ပြန်မိပါတယ်... သူတို့လူမျိုးတွေက စိတ်ဓာတ်လဲပြင်းထန်ပါတယ်... တခါတခါ လမ်းပေါ်မှာ လမ်းလုကြရင် ဆိုင်ကယ်နှစ်စီးထိပ်တိုက်တိုးပြီး ဘယ်သူမှ တုတ်တုတ်မလှုပ် အလျှော့မပေးကြလို့ ဘေးလူတွေက သူတို့ကို ကွေ့ပတ်ပြီးကျော်သွားရတဲ့ အဖြစ်မျိုးလဲ တွေ့ဘူးပါတယ်... တခါတုန်းက အမေရိက ကလာလည်တဲ့ ကျမရဲ့ အမနဲ့ဈေးဝယ်ထွက်တုန်းကလဲ အရပ်အရှည်ကြီးနဲ့ လူကောင်ကြီးတဲ့ ကျမ အမရဲ့ SIZEကတော်တော်ရှာရခက်ပါတယ်... ဗီယက်နမ်မှာ လူတွေကသေးတော့ အဝတ်အစားတွေ ဖိနပ်တွေက ဆိုက်သေးတွေဘဲများပါတယ်.... ဒီတော့ဘယ်ဆိုင်ဝင်ဝင် သူ့ဆိုက်ရှာမရပါဘူး... သူ့ဆိုက်မေးလိုက်တိုင်း မရှိဘူးလို့ ပြောပြီး ရှာလဲမရှာပေးပါဘူး... ဒိအပြင် သူ့ဆိုက်မရရင် မဝယ်ဘူးဆိုတာသိနေလို့ သူတို့ပစ္စည်းတွေကို ကိုင်တောင်မကိုင်ခိုင်းပါဘူး... စိတ်တိုလွယ်တဲ့ ကျမရဲ့အမက အဲဒီအထိ သည်းခံနေပါသေးတယ်... ဒါပေမဲ့နောက်တဆိုင်ရောက်တဲ့ အခါ သူကြိုက်တဲ့ အကျီင်္ပုံစံလေး လက်ညိုးထိုးပြပြီး ငါ့ဆိုက်ရှိလားလို့ မေးတဲ့အခါ အဲဒီဆိုင်ရှင် အမျိုးသမီးက မရှိဘူးလို့ ပါးစပ်နဲ့တင် မပြောဘဲ ကျမရဲ့ အမ ကို ဆိုင်အပြင်ကို တွန်းထုတ်ပါတယ်... အဲဒီတော့ သူလဲ အရမ်းစိတ်တိုသွားပြီး မရှိရင်မရှိဘူး လို့ပါးစပ်ကပြောပါလား... ဘာလို့ အပြင်ကိုတွန်းထုတ်တာလဲဆိုပြီး ရန်တွေ့ပါလေရော... သူများတွေက ဝိုင်းကြည့်နေတော့ ကျမလဲရှက်တာနဲ့ သူ့ကို အတင်းဆွဲခေါ်ပြီး အိမ်ပြန်လာရပါတယ်... တခြားလူမျိုးတွေရဲ့အမြင်မှာ သူတို့တွေဟာ တော်တော်လေးရိုင်းပါတယ်... ဒါပေမဲ့ သူတို့တွေဟာ ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝကိုနှစ်ပေါင်းများစွာ ကျော်ဖြတ်လာကြရတော့လဲ ဘယ်လိုလုပ်ယဉ်ကျေးနိုင်ပါတော့မလဲ .... တခြားနိုင်ငံတွေ လွတ်လပ်ရေးရပြီး နိုင်ငံသစ်ထူထောင်နေကြချိန်မှာ သူတို့တွေဟာ စစ်ဒါဏ်ခံနေရဆဲလေ... အစာရေစာခေါင်းပါးခြင်း.... ပစ္စည်းဥစ္စာချို့တဲ့ခြင်းနဲ့အတူ... ဗုံးဒါဏ်ကြောင့် ဆိုးရွားစွာ ကျန်းမာရေးတွေ ထိခိုက်ခဲ့ရတယ်....ကျမရဲ့ ဗီယက်နမ်သူ အိမ်ဖော် အမျိုးသမီးကြီး ပြန်ပြောပြတဲ့ သူ့ရဲ့ငယ်ဘဝဟာ အတော် သနားစရာ ကောင်းပါတယ်... အပြင်သွားရင် ဝတ်ဖို့ အဝတ်အစားတောင် တစုံထက် ပိုမရှိခဲ့ဘူးတဲ့....
(ဆက်ရန်)

Monday, September 21, 2009

ဗီယက်နမ်မှာ(၁)

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို ၁၉၉၉ခုနှစ် သြဂုတ်လမှာ ပထမဆုံး အကြိမ် ရောက်ရှိခဲ့တယ်... လျှောင်နောက်ဆံထုံးပါ ခင်ပွန်းသည်နောက်လိုက်လာတယ် ဆိုပေမဲ့ ကျောင်းမပြီးသေးတာကြောင့် အလည်အနေနဲ့ဘဲ အရင်ရောက်ခဲ့တာပါ... မြန်မာပြည်ထက်တိုးတက်ပေမဲ့ အဲဒီအချိန်မှာ စတိုးတက်ခါစမို့ လူတွေရဲ့ အကျင့်စရိုက်တွေကတော့ မကောင်းတာများနေပါသေးတယ်.... လေဆိပ်က လက်ကမ်းစာစောင်တွေမှာ အလစ်သုတ်သမားတွေကို သတိထားဖို့ ကြော်ငြာထားပါတယ်.... တက္ကစီတွေ ကလည်းမီတာစတပ်ခါစမို့ ကားမောင်းသမားတွေဟာ မီတာနဲ့ မောင်းချင်စိတ် သိပ်မရှိကြဘဲ ခရီးသည်တွေကို မီတာပျက်နေတယ်ပြောပြီး သူတို့လိုချင်တဲ့ဈေးတောင်းပါတယ်... ကျမကတော့ နဂိုထဲက မတရားတာ အားမပေးတတ်သူမို့ ကားပေါ်ရောက်တာနဲ့ မီတာခလုတ်ဖွင့်ခိုင်းပါတယ်.... ပျက်နေတယ်ပြောရင် တခြားကားပြောင်းတက်ပါတယ်... ဈေးသွားရင်လဲ အရမ်းသတိထားရပါတယ်.... ပိုက်ဆံအိတ်လေး လက်ထဲကိုင်ထားမိလို့ကတော့ ပါပြီသာမှတ်ပေရော့.... ကျောပိုးအိတ်လေးကို စတိုင်နဲ့လွယ်ပြီး ပဲထုတ်လမ်းသလားမယ် မကြံပါနဲ့ ... အိမ်ပြန်ရောက်ရင် ကျောပိုးအိတ် အကွဲရာဘဲတွေ့ရပြီး အထဲကဟာတွေ ဘာမှ မရှိတော့တာတွေ့ရပါလိမ့်မယ်... လက်ကိုင်အိတ်လေးကိုင်ပြီး လမ်းလျှောက်မိရင်လဲ ဆိုင်ကယ်နဲ့လူတစ်ယောက် ကဆက်ကနဲ ဆွဲလုသွားပါလိမ့်မယ်.... ဒါမျိုးတွေကြောင့် ဗီယက်နမ်ရောက်ပြီး တပတ်အကြာမှာ လူကပုံစံပေးထားသလို နေသားကျသွားပါတယ်.... ကျောပိုးအိတ်လုံးဝ မလွယ်တော့ပါဘူး.... လက်ကိုင်အိတ်ကို ပုခုံးမှာမလွယ် လက်ကလေးဘေးချလဲမကိုင်နိုင်ဘဲ လက်နဲ့ကျစ်နေအောင် ကိုင်ထားပြီး ရင်ဘတ်နားမှာ ကပ်ထားပါတယ်... တက္ကစီထဲဝင်မထိုင်ခင် မီတာနဲ့မောင်းမမောင်း အရင်မေးပါတယ်... လမ်းသွားရင်လဲ တစ်လမ်းသွားလမ်းဆိုပြီး ယုံကြည်လို့မရပါဘူး... ဆိုင်ကယ်တွေက သွားချင်သလိုသွားပါတယ်... ရှေ့တည့်တည့်လဲကြည့်ရတယ်... နောက်ကိုလဲလှည့်လှည့်ကြည့်ရတယ်... ပလက်ဖောင်းတွေပေါ်လဲ တက်မောင်းကြလို့ စိတ်ချလက်ချ လမ်းလျှောက်ထွက်ရတယ်ကို မရှိပါဘူး... ရောက်ခါစမှာ သူတို့နေ့စဉ်စားနေကျအစားတွေကို ခေါက်ဆွဲပြုတ်က လွဲလို့ တခြား ဟင်းလျာတွေကို ဘယ်လိုမှ မစားနိုင်ပါဘူး... ထမင်းဆိုင်တွေက ဟင်းတွေအကုန်လုံးက သကြားတွေနဲ့ နယ်ပြီး ချက်ထားတာဆိုတော့ ချဉ်ငံစပ်မှ အရသာတွေ့တတ်တဲ့ ကျမအတွက် လုံးဝအဆင်မပြေပါဘူး... ရောက်ခါစမှာ ကိုယ်ဝတ်ဖို့ယူလာတဲ့ အဝတ်အစားတွေနဲ့ သူ့ဒေသနဲ့က ဘယ်လိုမှ အံဝင်ခွင်ကျမဖြစ်.... အဲဒီအချိန်တုံးက ရန်ကုန်မှာ ဂျင်းစကတ်အရှည်လေးတွေနဲ့ ဝေါ့ကင်းရှုး လှလှလေးတွေဝတ်တာ ခေတ်စားနေချိန်မို့ ကိုယ့်မှာ ဒါမျိုးတွေဘဲ ပါလာတာ.... ဒါပေမဲ့ သူတို့တွေက လူကို အထူးအဆန်းလို ဝိုင်းကြည့်ကြတာနဲ့ဘဲ သိပ်မဝတ်ရဲတော့ဘဲ သူတို့တွေလို ဂျင်းဘောင်းဘီအရှည်နဲ့ တီရှပ်နဲ့ တွဲဝတ်လိုက်မှဘဲ အကြည့်ခံရတာ သက်သာပါတော့တယ်...ဗီယက်နမ်မလေးတွေက လူကောင်သေးတာများပါတယ်... သူတို့ဘယ်လောက်သေးလဲဆို သူတို့နဲ့ အပြင်အတူတွဲသွားမိရင် ၅ပေ၄လက်မသာရှိတဲ့ ကိုယ့်ရဲ့ သာမန်အရပ်က ခေါင်းတစ်လုံးထွက်နေပါတယ်... ဗီယက်နမ်ကောင်မလေးတွေက ဖြူဖြူသွယ်သွယ်လေးတွေနဲ့လှကြပါတယ်... ဒါပေမဲ့ လမ်းလျှောက်တာတော့မလှကြပါဘူး... လေ့ကျင့်ထားတဲ့ မိုဒယ်မလေးတွေတော့ လမ်းလျှောက်လှကြမှာပေါ့... အများစုကတော့ တော်တော်ကြည့်ရဆိုးတယ်... မွေးကထဲက စက်ဘီးခွစီး ဆိုင်ကယ်ခွစီးနေကြတော့ ဘာမှ မစီးထားလဲ တခုခုကို ခွထားသလို ကွတီးကွတ နဲ့ .... ထိုင်နေကြရင်တော့ ကြည့်လို့ကောင်းသား...
(ဆက်ရန်)

Tuesday, September 15, 2009

အပျင်းပြေ

ဘယ်နှစ်အိမ်ရှိလဲ...မှန်းကြည့်လို့ရတယ်ဟုတ် .... သွားကြားထိုးတံတချောင်းကို ဒေါင်၅၀၀၀ သတ်မှတ်ပြီး ပွဲပြီးမှ သွားကြားထိုးတံအရေအတွက်နဲ့ ပိုက်ဆံရှင်းပါတယ်


ပြီးခဲ့တဲ့စနေနေ့တုန်းက သမီးလေးကိုပြင်သစ်စာသင်တန်းလိုက်ပို့ရင်း အဲဒီနားမှာနေတဲ့ သူငယ်ချင်းတစ်ယောက် အိမ်ကိုဝင်လည်ဖို့စဉ်းစားလိုက်တယ်... သားနဲ့ရွယ်တူခလေး တစ်ယောက်လဲ သူ့မှာရှိတော့ သားလေးကိုပါခေါ်သွားလိုက်တယ်... သူငယ်ချင်းကလဲ သူ့ယောင်္ကျား ခရီးထွက်မယ် အတော်ဘဲတဲ့... ဟိုချီမင်းက အိမ်ထောင်ရှင်မြန်မာအမျိုးသမီးများရဲ့ထုံးစံအတိုင်း ပွဲတော်ကျင်းပကြမယ်ပေါ့.... အသုတ်စုံလုပ်စားဖို့တိုင်ပင်ကြတယ်.... သူ့အိမ်ရောက်သွားတော့ တံခါးလာဖွင့်တာက သူ့ခင်ပွန်း.... ဟင်...ခရီးထွက်မယ်ဆိုလို့မေးတော့ အချိန်ပြောင်းသွားတာတဲ့ ညနေမှသွားတော့မှာတဲ့... ဒါပေမဲ့ စီစဉ်ပြီးသားဆိုတော့ ပွဲက မပျက်ပါဘူး... ခလေးတွေတဝုန်းဝုန်း စကားသံတညံညံနဲ့ သူ့ခင်ပွန်းခင်မျာ ကွန်ပျုတာနဲ့ အခန်းထဲမှာဘဲ ဝင်နေရှာပါတယ်....


လူကလဲ စုံသလောက်ရှိတော့ အပျင်းပြေ ဖဲကစားဖို့ ကြိုတင်စီစဉ်ထားတဲ့ အတိုင်းပိုကာဆွဲကြပါတယ်... အပျော်ကစားတာမို့ လောင်းကြေးတော့နဲပါတယ်.... ဗီယက်နမ်ဒေါင် ၅၀၀၀ ပါ... usတဒေါ်လာကို ဗီယက်နမ်ဒေါင် ၁၈၀၀၀ ဝန်းကျင်ရှိပါတယ်.....


အပျော်ကစားတာဆိုပေမဲ့ အရှိန်ကတက်သွားတယ်.... စားပြီးသောက်ပြီးချိန် နေ့လည်တနာရီခွဲလောက်က ပွဲစလိုက်တာ ကျမခင်ပွန်းသည်က dinner အပြင်မှာထွက်စားကြမယ်ဆိုပြီး ဆိုင်ကိုလိုက်လာဘို့ ဖုန်းလှမ်းဆက်တော့မှဘဲ ၆နာရီကျော်ကျော်မှာ ခလေးတွေနဲ့ထပြန်ခဲ့ပါတယ်.... လောင်းကြေးနဲတာတောင် ဒေါင်၅သိန်းခွဲရှုံးပါတယ်... ဒေါ်လာ၃၀ လောက်ရှိမှာပေါ့... ဒါပေမဲ့ တခါတလေ မို့ရှုံးပျော်ပါတယ်...

Wednesday, September 9, 2009

ဆားချက်ခြင်း

ပုဇွန်အသေးလေးတွေ ရလို့ ခြောက်ခြောက်လေးနဲ့စပ်စပ်လေးချက်ထားတာ...
ဒါက ခလေးတွေစားဘို့ Fish fingers ( Fingers fish လို့လဲခေါ်လားမသိဘူး၊ ငါးအချောင်းကြော် လို့လဲ ခေါ်ကြတယ်)

အခုတလော စာရေးဖို့ mood မဝင်ပါဘူး.... စိတ်ထဲမှာမပျော်လို့ပါ... ဆားချက်ဖူးတယ်ရှိအောင် ချက်ကြည့်လိုက်ပါတယ်... ဘလော့လေးကို ပစ်မထားချင်လို့ပါ...

Friday, September 4, 2009

အကြိုက်ဆုံးဘလော့များ

ချစ်စရာကောင်းတဲ့ ဝက်ဝံလေးက တဂ်ထားတယ်.... အကြိုက်ဆုံးဘလော့၅ခုနှင့်ဘာကြောင့်ကြိုက်နှစ်သက်ရသလဲဆိုတဲ့ အကြောင်းလေး ....
အကြိုက်ဆုံးလို့ရွေးရမှာ ကျမအတွက် တော်တော်ခက်ပါတယ်... ကျမရဲ့ဘလော့စာမျက်နှာမှာလင့်ထားတဲ့ ဘလော့တွေဟာ ကျမကြိုက်နှစ်သက်လို့ အသစ်တင်တိုင်း သိရအောင် လင့်ထားတာပါ...
အကုန်လုံးက ကိုယ့်ထက်စာရေးကောင်းသူတွေချည်းပါဘဲ....
အမှတ်တရလေးများ၊မေလေး(ဆုံနိုင်ခွင့်)၊ခြေလှမ်းသစ်၊နဒီမိုးညို၊ကိုလူထွေး၊ Craton၊ စိတ်ကူးယဉ်အိမ်မက်၊ Idiotlove၊ ငှက်ကလေးရဲ့စာမျက်နှာ၊ MANORHARY၊ We She Me၊ The world of Moe Thanzin၊ ဆုံစည်းရာ၊ဂျာမုန်းဒန်၊ ရေခဲပြင်မှာပွင့်တဲ့ပန်း၊ Thu Hnin See၊ စူးနွယ်ရဲ့ကမ္ဘာ၊ မျက်မှန်လေး၊ Nine Nine Sanay၊ စန္ဒကူး၊ Nge Naing၊ ရွက်လွှင့်ခြင်း၊ သားကြီး၊ ထမင်းအိုး၊ မြူးသျှရီ၊ My little world၊ Kin Oo May၊ Sonata-Cantata၊ ပန်ဒိုရာ၊ပြည့်စုံ၊ လသာည၊ လေနုအေး၊ သက်ဝေ၊ လူအအိမ်မက်၊ ရင်ခွင်တစ်ခုဖန်ဆင်းခြင်း၊ စုဗူးအိမ်၊ K ၊ Ah-Pauk၊ ကြယ်ကလေး၊ ပေါက်ကရအတွေးအပိုင်းအစများ၊ ဖြူစင်ကြယ်၊ ကျောပိုးအိတ်၊ မီးမီးချစ်၊ အိမ့်ချမ်းမြေ့၊ May Nyane၊ ယုယနွေးထွေးသောဘဝလေးတစ်ခု၊ My Nc Diary၊ မိုးစက်အိမ်၊ Prosper & Peace၊ Evergreen Phyo၊ နုသွဲ့ရဲ့ကမ္ဘာ၊ မေတ္တာရပ်ဝန်းမီးဖိုဆောင်၊ Smoke and Spice၊ ဟိန်းနီ၊ Shinlay၊ အာဇာနည်၊ ကိုမင်းဒင်၊ မိုးသီးဇွန်..... အများကြီးဘဲ... ဒါတောင် မမှတ်မိလို့ ကျန်ခဲ့တာတွေရှိသေးတယ်... ဘယ်လိုလုပ်ရမလဲ?
ကိုယ်ကြိုက်တဲ့ အဲဒီအများကြီးထဲက ၅ခုဘဲရွေးရမှာ တော်တော် ခေါင်းစားပါတယ်... ကဲ ၃၄ခေါက်စဉ်းစားပြီး... အချိန်တွေ အများကြီးပေးပြီးရွေးထုတ်လိုက်ပါတယ်...
We She Me....ကိုယ်ဘလော့မရေးခင်ကထဲက အမြဲသွားလည်ဖြစ်တာပါ... လူမှုရေး၊ ပညာရေး ဗဟုသုတတွေ အများကြီးရလို့ပါ....
MANORHARY.... အရေးအသား အဖွဲ့အနွဲ့ အရမ်းကိုကောင်းလွန်းတယ်... တစ်ချို့စာတွေဆို ၂ခေါက်လောက်ပြန်ဖတ်ရတယ်... သိပ်ကိုအားကျမိလို့ပါ...
Nine Nine Sanay... ဗဟုသုတရတယ်.... ဘာသာပြန်တွေ သဘောကျတယ်... လူမှုရေး စိတ်ဓာတ်ကို ချီးကျုးမိတယ်...
May Nyane.... လေးစားတယ်... အရေးအသားကို သဘောကျတယ်... ဘဝဇာတ်ကြောင်းတွေရေးတာ စိတ်ဝင်စားဘို့ကောင်းတယ်... ပညာလဲရတယ်... အတုယူစရာတွေလဲတွေ့တယ်....
အာဇာနည်.... နိုင်ငံရေးသတင်းတွေ up to date သိရတယ်....
ကိုလူထွေး.... အရေးအသားကောင်းတယ်... ပညာသားပါတယ်.... ရသစုံပေးနိုင်တယ်....
မေလေး.... ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်တတ်နိုင်သလောက် ဒုက္ခရောက်သူကိုကူညီတယ်... စိတ်ဓာတ်လေးဖြူစင်တယ်.... ကိုယ့်ထက်ငယ်ပေမဲ့ တကယ်ကိုလေးစားတယ်....
ကဲ... ငါးခုရွေးရတာနဲလွန်းတယ်... ယုံတယ်ဟုတ်... တော်တော်လေးစိစစ်ပြီးရွေးတာတောင်၇ခုထွက်တယ်....
ဘယ်သူ့ကိုမှဆက်မတဂ်တော့ဘူး... ကိုယ့်လိုဘဲရွေးရခက်နေကြမှာစိုးလို့....